အပိုင်း၁၆
Viewers 8k

Chapter 16

(ယောင်းမနှင့်အခန်းထဲက လူတစ်ယောက်)


ဝေ့မိသားစု၏ သခင်မလေးက အမည်မသိလူတစ်ယောက်နှင့် ဟိုတယ်ထဲကို သွားခဲ့သည်။ကျာကျာ ဟုခေါ်သော မိန်းကလေးသည် ဘာမှအထွေအထူးမတွေးဘဲ ဓာတ်ပုံရိုက်ရန် သူမ၏ ကင်မရာကို ချက်ချင်း ကောက်ကိုင်လိုက်သည်။


 "ချီးပဲ...ရှောင်ရွှယ်...နင့်ယောင်းမက  တခြားယောက်ျားနဲ့ ဟိုတယ်ခန်းထဲကို တစ်ကယ်သွားခဲ့တာပဲ"


ဝေ့ရွှယ်က ကျာကျာကို တားဟန်ဆောင်လိုက်သည်။


"ဆိုရှယ်မီဒီယာမှာ မတင်သင့်ဘူးနော်... မဟုတ်ရင် အစ်ကိုသိသွားရင် သူမနဲ့ကွာရှင်းလိမ့်မယ်...ငါ့ယောင်းမက မိသားစုကြီးထဲက မဟုတ်ဘူး...ငါ့အစ်ကိုကလွဲလို့ တခြားအားကိုးစရာရှိတာမဟုတ်ဘူး"


စုမုန့် မှာ ဘာနောက်ခံမှမရှိသည်ကိုကြားလျှင် ကျာကျာ ချက်ချင်းဝမ်းသာသွားသည်။ ဝေ့ထင်သာ ဤအကြောင်းကို သိသွားခဲ့ပါက၊ သူမနှင့် ကွာရှင်းမှာ သေချာသည်။ထိုအခါ သူမမှာလည်း အခွင့်အရေးရှိလာမည်ဖြစ်၏။ ဘာမှ မပြောဘူးဟု ကတိပေးခဲ့သော်လည်း သိပ်မကြာခင်မှာ လူမှုကွန်ရက်မှာ ထိုအကြောင်းက ရေပန်းစားသွားခဲ့သည်။သူမ၏အကောင့်သည် ဖော်လိုဝါအများကြီးရှိထားသဖြင့် ချက်ချင်းဆိုသလို ဤသတင်းက ပေါက်ကွဲသွားခဲ့၏။ သို့သော် သတိမထားမိသည့် သာမန်အင်တာနက်သုံးစွဲသူများလည်း ရှိသည်။


စုမုန့် က အိမ်ထောင်ရေးဖောက်ပြန်နေသည်ဟုထင်ကြပြီး CEO ခင်ပွန်းဖြစ်သူနှင့် မပေါင်းချင်ဘဲ ရုပ်ဆိုးသော တခြားယောက်ျားနှင့် တွဲနေသည့်အတွက် အားလုံးက သူမကို ပြစ်တင်ပြောဆိုကြသည်။ ရေးတင်သူ ဘလော့ဂါကိုလည်း သတင်းကြီးကို သိလာသဖြင့် ကံကောင်းသည်ဟုတောင် ပြောကြ၏။


ဤသည်ကို ဝေ့ရွှယ် မြင်လိုက်သည့်အခါ သူမ၏ နှုတ်ခမ်းထောင့်က ကွေးတက်ကာ အပြုံးတစ်ခု ပေါ်လာရ၏။  သူမ စိတ်ရှုပ်ဟန်ဆောင်ပြီး ကျာကျာ ကို အပြစ်တင်လိုက်သေးသည်။


 'စုမုန့်..နင်က အစ်ကို ဝေ့ထင် ကို နှောင့်ယှက်တယ်...နင့်ကိုမောင်းထုတ်ဖို့ ပြဿနာရှာကြည့်ပေမယ့် နင်က ကိုယ့်လမ်းကိုယ် ရှာလိုက်တာပဲ..နင်ငါ့ကို အပြစ်တင်လို့ မရဘူးပေါ့'


ဝေ့မိသားစုမှ သခင်မလေးသည် ရုပ်ဆိုးသော အမျိုးသားတစ်ဦးနှင့် ဖောက်ပြန်ပြီး အတူတူ အခန်းယူခဲ့သည်။ ဤသတင်းက ဆီပူအိုးထဲကို ရေတစ်စက်ထည့်လိုက်သလို ချက်ချင်းပေါက်ကွဲသွားခဲ့လေသည်။


စုမုန့် သည် ဝေ့ထင် ၏မိခင် လီလျန့် ထံမှ ဖုန်းဝင်လာချိန်မှာ သူမ၏ဆရာနှင့်အတူ ဆိုင်သို့ပြန်လာရာ လမ်းမှာဖြစ်သည်။ 


"စုမုန့်..နင် အခုချက်ချင်း ဒီကိုလာခဲ့...အခု၊ အခုပဲ"  


ထိုစကားကိုပြောပြီးနောက် ဖုန်းချလိုက်သဖြင့် စုမုန့် ဘာမှတောင်ပြောချိန်မရလိုက်ပေ။ 


 "ဘာဖြစ်တာလဲ"


လီလျန့် ၏အသံသည် ကျယ်လောင်လွန်းသောကြောင့် ဘေးတွင်ရှိသော ကောရှန်း ပင် ကြားလိုက်ရသည်။  သူက မျက်မှောင်ကြုတ်ပြီး စုမုန့် ကို မကျေမနပ်ဟန်ဖြင့် မေးလိုက်သည်။ ဖုန်းတစ်ဖက်ကလူက သူ့တပည့်ကိုတောင် ဆူဝံ့သဖြင့် ဒေါပွသွားရသည်ကတော့ အမှန်ပင်။ 


 “ဘာမှမဟုတ်ပါဘူး..ဒါပေမယ့် ကျွန်မ ဝေ့မိသားစုဆီ ပြန်သွားရမယ်...ဒီည ပြန်လာနိုင်မလား မသိပေမယ့် မနက်ဖြန်တော့ သေချာပေါက် ပြန်လာမှာပါ"


စုမုန့် လည်း သူ့ယောက္ခမက ဘာကြောင့် ဤမျှ ဒေါသထွက်နေသလဲဟု တွေးမိသည်။ ယောက္ခမဖြစ်သူကို ယခုတလော မတွေ့ဖြစ်ခဲ့ပေ။ 

 

"ဆရာ မင်းနဲ့လိုက်ဖို့လိုသလား"


ဘေးမှာရှိသည့် ဟုန်စစ် က စုမုန့် ကိုပြောလိုက်သည်။


“သူမ စကားပြောတဲ့ ပုံစံကိုကြည့်ရတာ ညီမကို တစ်ခုခု လုပ်မယ့်ပုံပဲ...သူဌေးကိုပါ ခေါ်သွားလိုက်ပါလား"


စုမုန့် ငြင်းလိုက်သည်။ 


"တစ်ကယ်ကို မလိုအပ်ပါဘူး...အစ်ကိုဟုန် ဆရာ့ကို ကျေးဇူးပြုပြီး ကူညီပေးပါ...ညီမ မကြာခင် ပြန်လာခဲ့မယ်"


ဝေ့မိသားစု၏ နေအိမ်ဟောင်းတွင်။


လီလျန့် သည် မူလက မာဂျောင်းကစားနေစဉ် ဝေ့ရွှယ် သည်  အထိတ်တလန့်ဖြစ်ကာ အပြင်မှ ရုတ်တရက် ပြေးဝင်လာခဲ့သည်။ထို့နောက် သူမကို စုမုန့် ဖောက်ပြန်မှုအကြောင်း ပို့စ်တင်ထားသည်ကို အရူးတစ်ပိုင်းလာပြောခဲ့လေသည်။ သူမ ဒေါသအလွန်ထွက်ပြီး နားထဲကနေ မီးခိုးထွက်လုမတတ်ဖြစ်နေရ၏။ သူမ၏မျက်နှာသည် နီရဲနေပြီး မာဂျောင်းသူငယ်ချင်းများက အတင်းကစားဖို့ခေါ်နေသည်ကိုပင် လျစ်လျူရှု၍ စုမုန့် အားဖုန်းခေါ်ဖို့ လှည့်ထွက်သွားလိုက်သည်။ ထို့နောက် သူမသည် ရေပန်းစားနေသော ရှာဖွေမှုများကို ဖယ်ရှားရန်အတွက် ပိုက်ဆံသုံးကာ ဖျောက်ဖျက်ဖို့ ဝေ့ရွှယ်ကို ပြောလိုက်၏။


စုမုန့် ၏ ပို့စ်မှာ ထိပ်တန်းရှာဖွေမှု သုံးခုထဲအထိ ပါလာခဲ့သည်။ သူမလို ချမ်းသာသည့် အမျိုးသမီးများသည် အများအားဖြင့် အားနေကြသည်။ မာဂျောင်းကစားခြင်းမှလွဲ၍ တခြားလုပ်စရာဆိုပါက၊အချင်းချင်း အတင်းအဖျင်းပြောခြင်းပင် ဖြစ်သည်။  ယခုလည်း သူမ၏ သူငယ်ချင်းများမှာ အိမ်ပြန်သွားပါက ဤသတင်းကို ဝမ်းသာလုံးဆို့မတတ် ရယ်မောပြောဆိုနေကြမည်မှာ သေချာ၏။   


စုမုန့် ရောက်ရှိလာသောအခါ လီလျန့်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ဒေါသတကြီး မျက်နှာထားဖြင့် သူမကို စောင့်ကြည့်နေသည်။သူမ ဘေးမှာ ဝေ့ရွှယ်က နာခံသည့်သဘောမျိုးနှင့် ရှိ၏။


 "စုမုန့် နင် ဘယ်လိုမျိုး လုပ်လိုက်တာလဲ..နင်က တခြားယောက်ျားနဲ့ ဖောက်ပြန်ပြီး ဟိုတယ်ကိုတောင် သွားရဲတယ်ပေါ့”  


စုမုန့် ရောက်လာသည်ကိုမြင်မြင်ချင်း လီလျန့် သည် ပြောပြောဆိုဆို ပါးထရိုက်လိုက်သည်။အားပါပါဖြင့် ရိုက်ခြင်းဖြစ်၍ စုမုန့် ၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းရဲတွတ်လာသည်။


စုမုန့် အရိုက်ခံရသည်ကို ဝေ့ရွှယ် မြင်သောအခါ လီလျန့် အား အမြန်ဟန်ဆောင်ပြီး တားလိုက်သေးသည်။သို့သော် လီလျန့်ကို ဆွဲသော သူမလက်က အားမပါ၍ သိပ်မထိရောက်လှဘဲ ကိုင်ရုံသာကိုင်ထား၏။သို့သော်လည်း သူမ၏နှုတ်ကမူ အတင်းဟန်ဆောင်စကားများကိုသာ လူကြားကောင်းအောင် ပြောနေခြင်းပင်။   


“အမေ...ယောင်းမမှားတာရှိရင် ဆဲလို့ဆိုလို့ရပါတယ်.. သူမကိုမထိပါနဲ့...အစ်ကိုက ယောင်းမကို ရိုက်နှက်တာတွေ့ရင် ဒေါသထွက်လိမ့်မယ်"


 "သူက စိတ်ဆိုးမယ်ဟုတ်လား"  


လီလျန့်သည် ယခုအချိန်တွင် ဂုဏ်သရေရှိ မြင့်မြတ်သော မိန်းမတစ်ယောက်လို မဟုတ်တော့ဘဲ အရူးမကြီးလို စုမုန့် ကို လက်ညှိုးထိုးပြပြီး


"နင့်အစ်ကိုက ဒီလိုမျိုး မိန်းမစုတ်ကို ကြိုက်မှာလား...သူသိရင်လည်း သူမကို ရိုက်မှာပဲ"


ထို့နောက် စုမုန့် ၏မျက်နှာဆီသို့ လက်ရွယ်လိုက်ပြီး ထပ်ရိုက်ဟန်ပြင်လိုက်သည်။ မထင်မှတ်ဘဲ၊ ဤတစ်ကြိမ်တွင် သူမ ဖြစ်ချင်သလိုမဖြစ်ရတော့ပေ။ အကြောင်းမှာ သူမ လက်ကို မြှောက်လိုက်သည်နှင့် စုမုန့် က အတင်းလက်ကိုပြန်ဆွဲကိုင်လိုက်၍ အသံနက်ကြီးဖြင့် ပြောလိုက်၏။


 “တော်တော့...အသက်ကြီးတယ်ဆိုပြီး အန်တီလုပ်ချင်တာကို လုပ်ခွင့်ပေးမယ်လို့ မထင်နဲ့"


(ကွာရှင်းပြတ်စဲခြင်း)


လီလျန့် က စုမုန့် ကို ကြည့်လိုက်ပြီး ဝေ့ရွှယ် ကိုပြောလိုက်သည်။


 "နင်မြင်လား..ဒါနင့်ရဲ့ ယောင်းမလေ…နင်က သူ့အကြောင်း ကောင်းတာလေးတွေချည်း နေ့တိုင်းပြောနေပေမယ့် သူ့ကို ကြည့်ဦး...သူက ကွယ်ရာမှာဖောက်ပြန်နေတယ်...စကားပြောတာကလည်း ရိုင်းလိုက်တာ… အဲဒါဘယ်လိုလဲ..."  


မိခင်ဖြစ်သူ၏ မျက်လုံးထဲမှ ဒေါသ အငွေ့အသက်တွေ ရှိနေသည်ကို မြင်လိုက်ရလျှင် ဝေ့ရွှယ် ခံစားချက်တွေကို စုစည်းလိုက်ပြီး စုမုန့် ရှေ့သို့ ပြေးသွားကာ လီလျန့်၏လက်ကို ပြန်ပင့်ကိုင်ထားပေးလိုက်၏။ ထို့နောက် သူမသည် စုမုန့် ကို တောင်းပန်ဟန်ဆောင်သည်။


"တောင်းပန်ပါတယ် ယောင်းမလေး...  အားလုံးက ရှောင်ရွှယ်ရဲ့ အပြစ်ပါ...  အမေက ဒေါသအရမ်းကြီးတယ်...‌နင်စိတ်ဆိုးရင် ငါ့ကိုရိုက်”


စုမုန့် သည် ဝေ့ရွှယ် ကို ခဏလောက် စိုက်ကြည့်ပြီးနောက် တစ်ခွန်းချင်းသေချာပြောသည်။ 


“ကောင်းပြီလေ"


ထို့နောက် ဝေ့ရွှယ် ၏ ထိတ်လန့်သော အကြည့်ကိုဂရုမစိုက်ဘဲ လက်ကို အမြန် မြှောက်ပြီး ဝေ့ရွှယ်၏ ပါးတည့်တည့်ရိုက်ပစ်လိုက်၏။ အားကအလွန်ပြင်းသဖြင့် ဝေ့ရွှယ် မျက်နှာက ချက်ချင်း ရောင်ကိုင်းလာသည်။


 "ဟမ်"


ဝေ့ရွှယ်သည် သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အမြဲတမ်းနူးညံ့သိမ်မွေ့သော အပြုံးကိုသာပြုံးတတ်သည့် စုမုန့် က သူမကို တစ်ကယ်ရိုက်မည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် တစ်ကယ်အရိုက်ခံရသောအခါ သူမ ထိတ်လန့်သွားရသည်။


 "စုမုန့် နင်က အတင့်ရဲလှချည်လား"


ဝေ့ရွှယ် အရိုက်ခံရသည်ကိုမြင်လျှင် လီလျန့် ချက်ချင်းပေါက်ကွဲသွားကာ သမီးဖြစ်သူမျက်နှာကိုကြည့်ဖို့ အနားကို အမြန်သွားကာ စုမုန့်အား အော်ပြောလိုက်သည်။


 "ကြွက်စုတ်...နင့်လို ချွေးမမျိုး ရှိသေးတယ်လား" 


 ဤတစ်ကြိမ်တွင် ဝေ့ရွှယ်သည် ဟန်ဆောင်ခြင်းမဟုတ်ဘဲ အမှန်တစ်ကယ် နာကျင်ဝမ်းနည်းစွာ ငိုကြွေးနေလေသည်။ သူမ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာသည့်ကြားမှပင် လီလျန့် ကို နှစ်သိမ့်လိုက်သည်။


 "ရှောင်ရွှယ် အဆင်ပြေပါတယ် အမေ… ယောင်းမကို အပြစ်မတင်ပါနဲ့...သူ ထပ်ပြီး အမေ့ကိုရိုက်မှာစိုးလို့ သမီး ဝင်ခံပေးလိုက်တာပါ"


သူမသည် အပေါ်ယံတွင် အားနည်းဟန်ဆောင်ထားသော်လည်း သူမ၏ စိတ်ထဲတွင် စုမုန့်၏ ဘိုးဘေး ဆယ့်ရှစ်မျိုးဆက်အထိ ဆဲဆိုကျိန်စာတိုက်နေပြီဖြစ်သည်။ လီလျန့် အမြင်ကြည်စေရန် ဟန်ဆောင်‌နေရခြင်းသာ မဟုတ်ပါက၊ သူမ စုမုန့်ကို အပိုင်းပိုင်းဖြတ်မိပေလိမ့်မည်။ သူမ မျက်လုံးထဲတွင် ဒေါသကို ဖုံးကွယ်ပြီး အပြစ်ကင်းစင်သော အဖြူရောင် ယုန်ငယ်လေး၏ အကြည့်ကို တမင်သက်သက် ပေါ်အောင်လုပ်လိုက်၏။ယခုဤကိစ္စကို အပြီးပြတ်စေဖို့ နည်းလမ်းကို သူမ တွေးရမည်ဖြစ်သည်။


 "နင်ကများ ငါ့သမီးကို ပါးရိုက်ရဲတယ်လား…နင့်အပေါ် ကောင်းပေးခဲ့တဲ့ ရှောင်ရွှယ် ကျေးဇူးကို နင်တစ်ကယ် တန်ဖိုးမထားတာပဲ…နင် လုပ်လိုက်တဲ့ကိစ္စက   ဝေ့မိသားစုအပေါ်  ဘယ်လောက်ကြီးကြီးမားမား သက်ရောက်မှုရှိမယ်ဆိုတာ နင်သိလား... ဝေ့ထင် အပေါ်မှာလည်း သက်ရောက်မှု ဘယ်လောက်ရှိမယ်ဆိုတာ နင်သိလား...နင်က တစ်ကယ့်ကိုအရိုင်းအစိုင်းမ..."


 လီလျန့်သည် ဒေါသအလွန်ထွက်ကာ မျက်နှာနီရဲ၍ ဆွေ့ဆွေ့ခုန်နေတော့သည်။


 "ကျွန်မက ဘာလုပ်လိုက်လို့လဲ"  


စုမုန့် သူမ လက်ဖဝါးကိုသူ ဖြန့်လိုက်သည်။  


“ကျွန်မလည်း အရိုက်ခံရတာပဲ...ဒါကြောင့် ကျွန်မက ရိုက်လိုက်တာ... အခုအချိန်မှာမျှတသွားပြီလေ”


"နင့်ကိုယ်နင် ကြည့်စမ်း...ဝေ့မိသားစုက နင့်ကို လုံးဝမကျေနပ်တော့ဘူး...ငါ့သားကို နင်နဲ့ လက်ထပ်ဖို့ ငါဘာလို့များခွင့်ပြုမိခဲ့တာလဲ"


ဝေ့ရွှယ် က လီလျန့် ကို နှစ်သိမ့်လေသည်။


 "အမေ၊ စိတ်မဆိုးပါနဲ့...ယောင်းမက  အဲ့ဒီလိုလူ မဟုတ်ပါဘူး...သမီးတို့အားလုံးက မိသားစုပါ…တစ်ခုခုဖြစ်ရင် အတူတူဖြေရှင်းရမယ်...မဟုတ်ရင် သူတို့ ကွာရှင်းသွားရင် ဘယ်လိုလုပ်မလဲ"


ဝေ့ရွှယ် သည် ရန်ပွဲကို ဖျန်ဖြေရန် ကြိုးစားနေပုံရသော်လည်း တစ်ကယ်တမ်းတွင် မီးထဲသို့ လောင်စာထည့်နေခြင်းဖြစ်သဖြင့် စုမုန့် က လှောင်ပြောင်ပြောဆိုလိုက်ခြင်းဖြစ်သည်။


ထိုအခါ ဒေါသပိုထွက်လာသော လီလျန့်က စားပွဲကို လက်ဖြင့် ဆောင့်ရိုက်လိုက်ပြီး “ဒါဆို နင်တို့ ကွာရှင်းလိုက်ကြစမ်း... ပိုမြန်လေ ပိုကောင်းလေပဲ...  ငါတို့ဝေ့မိသားစုက နင့်လိုမိန်းမမျိုးနဲ့မတန်ဘူး"


“ကောင်းပြီလေ” 


စုမုန့် သည် ကွာရှင်းပြတ်စဲမည် ဆိုသော ကိစ္စကိုကြားသောအခါ စိတ်မဆိုးရုံသာမကဘဲ ပြုံး၍လည်းသဘောတူခဲ့သည်။


 "ငါ့ကိုလိမ်ဖို့မကြိုးစားနဲ့…ဒီကိစ္စက မပြီးသေးဘူး…” 


လီလျန့် ထပ်ပြီးဆူဖို့ကြံလိုက်သော်လည်း စုမုန့်၏ သဘောတူသောစကားကြောင့် တစ်ဝက်တစ်ပျက်မှာတင်ရပ်တန့်သွားခဲ့ရသည်။ ထို့နောက် သူမ မျက်မှောင်ကြုတ်ကာ စုမုန့် အား မယုံကြည်ဟန်ဖြင့် မေးလိုက်၏။


 "နင်ဘာပြောလိုက်တာလဲ...နင်က ကွာရှင်းဖို့ သဘောတူသလား"


 "ဟုတ်တယ်...ကျွန်မ ဝေ့ထင် နဲ့ကွာရှင်းဖို့ သဘောတူပါတယ်"


 "တစ်ကယ်လား" 


လီလျန့် နှင့် ဝေ့ရွှယ် တို့က တစ်ပြိုင်တည်း မေးလိုက်ကြသည်။သို့သော်၊ လီလျန့်၏ လေသံက အနည်းငယ် ပျော့ နေကာ ဝေ့ရွှယ်၏ လေသံက အားတက်နေဟန်ဖြစ်သည်။


"နင်ကွာရှင်းဖို့ သဘောတူတယ်ဆိုရင်တောင်မှ ပြဿနာကို အရင်ဖန်တီးခဲ့တာ နင်ပဲလေ...ငါတို့မိသားစုဆီက ပိုက်ဆံယူဖို့ မစဉ်းစားနဲ့"


“ကျွန်မကလည်း ကွာရှင်းတာကိုပဲလိုချင်တာပါ... အန်တီတို့ မိသားစုဆီက ဘာတစ်ပြားတစ်ချပ်မှမယူချင်ဘူး..ကျွန်မက ကွာရှင်းချင်နေတာကြာပြီ...အန်တီ့သားက အတင်းအချိန်ဆွဲထားလို့" 


စုမုန့် သည် လီလျန့် ၏ မျက်လုံးများကို ကြည့်ကာ စကားတစ်ခွန်းချင်းပြောလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဝေ့မိသားစုနှင့် ပတ်သတ်သမျှအရာအားလုံးသည် သူမဘဝအတွက် အလွန်ကံမကောင်းကြောင်း သိထားသဖြင့် သူမကို ရွံရှာစေသည်။


စုမုန့် ၏ စကားသည် အလွန် ပြတ်သားသည်။ သူမ လိမ်နေပုံမပေါ်သော်လည်း လီလျန့် စိတ်ထဲမှာ မယုံကြည်နိုင်ဖြစ်နေသည်။ 


သူမ ဘာကြားလိုက်တာလဲ…


ဝေ့မိသားစုသည် စီးပွားရေးလုပ်ငန်းကြီးတစ်ခုရှိကာ မြို့တော်ရှိ ထိပ်တန်းချမ်းသာသော မိသားစုနှစ်စုအနက်မှ တစ်စုဖြစ်သည်။ထို့ကြောင့်‌ ဝေ့ထင်နှင့် လက်ထပ်ချင်သော ချမ်းသာသည့် မိန်းကလေးများ မရေမတွက်နိုင်အောင် ရှိသည်။ 


ဒါကို သူက ဝေ့ထင်နဲ့  ကွာရှင်းချင်နေတာကြာပြီတဲ့လား...


သူမ နားကြားမှားသလားဟုပင် သံသယဖြစ်မိသည်။


 "စုမုန့် နင်က ငါ့အစ်ကိုကို တစ်ကယ်ကွာရှင်းမှာလား"  


ဝေ့ရွှယ် ဝမ်းသာသွားကာ စုမုန့်ကို ယောင်းမဟုတောင် မခေါ်တော့ဘဲ အမောတကောမေးလိုက်၏။ 


 “ကွာရှင်းတယ်ဆိုတာ နောက်စရာမဟုတ်ဘူး...ငါက မကွာချင်ဘဲနဲ့ ကွာရှင်းမယ်လို့ ပြောစရာလား"


 "ဝေ့ရွှယ် မြန်မြန်ထပြီး ဝေ့ထင် ကိုဖုန်းဆက်လိုက်စမ်း...အခု ချက်ချင်းပြန်လာပြီး ကွာရှင်းစာချုပ်ကို ပြင်ဆင်ဖို့ ပြောလိုက်”  


လီလျန့်သည် စုမုန့် စကားမတည်မှာစိုး၍ အမြန်ပင် ဝေ့ရွှယ်ကို ခိုင်းလိုက်၏။


 “ဟုတ်” 


ဖုန်းကိုကိုင်ထားသည့် ဝေ့ရွှယ်၏ လက်က အနည်းငယ်တုန်ယင်နေကာ သူမ၏ နှုတ်ခမ်းတို့က ပြုံးယောင်သမ်းနေ၏။  ယခုတော့ သူမ ပါးအရိုက်ခံရသည်က တန်သွားပေပြီ။နောက်ဆုံး သူမ စောင့်မျှော်ခဲ့ရသည့် အစ်ကိုဝေ့ထင်တို့ လင်မယား ကွာရှင်းကြပေတော့မည်။



xxxxxxx