အပိုင်း၁၇
Viewers 6k

Chapter 17


Loveis Tomato:

After being reborn , I tortured the Vicious Sister in law


“ ကွာရှင်းစာချုပ်ကို ပြင်ဆင်ထားလိုက်ပါ ... ကျွန်မပစ္စည်းတွေကို သွားသိမ်းလိုက်ဦးမယ် ” 


 သူမမှာ ကွာရှင်းစာချုပ်ရှိနေပြီဖြစ်၍ စိတ်ပျက်စရာကောင်းတဲ့လူတွေကိုကြည့်ပြီး ဒီမှာနေဖို့ သူမအတွက် မလိုအပ်တော့ပေ။ သူမ စာချုပ်ကိုလက်မှတ်မထိုးခင် သူမ၏ပစ္စည်းများကို သိမ်းဆည်းရဦးမည်။ အဲ့ဒီနောက်တွင်တော့ သူမ လွတ်လပ်သွားလိမ့်မည်။


လီလျန့်သည် သူမ၏ပစ္စည်းများကို သွားသိမ်းဆည်းမည်ဟု ကြားကြားချင်းပင် သူမက စုမုန့်အား သတိပေးလိုက်သည်။ 


“ နင် ဘာတစ်ခုမှမယူဘဲ ထွက်သွားမှာလို့ ပြောခဲ့တာမဟုတ်ဘူးလား ... နင် တခြားဘာလိုချင်သေးလို့လဲ ”


စုမုန့်သည် ကူကယ်ရာမဲ့နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။


“ ဒါက ကျွန်မရှေ့ရေးအတွက် အရေးပါတဲ့အရာတွေမို့လို့ပါ...ရှင် လိုချင်ရင်လည်း ... ကျွန်မ ရှင့်ကိုပေးလို့ရတယ်”


“ မလိုအပ်ဘူး... ရှောင်ရွှယ်,သူမကို စောင့်ကြည့်ထား ”


လီလျန့်သည် စုမုန့်နှင့်ပတ်သက်ပြီး စိုးရိမ်နေဆဲပင်ဖြစ်သည်။ သူမ အရေးကြီးတဲ့အရာတစ်ခုခုကို စုမုန့် ယူသွားမည်စိုးသောကြောင့် ဝေ့ရွှယ်အား စောင့်ကြည့်ခိုင်းထားခြင်းဖြစ်ပေသည်။


ဝေ့ရွှယ်သည် မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်လိုက်၏။ စုမုန့်ကို ရိုက်နှက်ပစ်ချင်သော ဒေါသစိတ်ကိုထိန်းချူပ်လိုက်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။


 “ သွားမယ် ... စုမုန့် ၊ ငါ နင့်ကိုလိုက်ပို့ပေးမယ် ”


စုမုန့်သည် လိုလိုလားလားပင် သဘောတူလိုက်၏။ 


“ ကောင်းပြီလေ ”


“ ငါလည်း နင့်ကိုပေးစရာရှိနေတာနဲ့ အတော်ပဲ ”


အခြားတဖက်တွင်


ဝေ့ထင်သည် စာရွက်စာတမ်းများအား အတည်ပြုနေသည်။ ဖုကျဲသည် ဆိုဖာပေါ်တွင် ထိုင်နေရင်း ပို့စ်များအား လှန်လှောကြည့်နေသည်။ရုတ်တရက် သူ့မျက်စိရှေ့တွင် စာတစ်စောင် ဝင်လာခဲ့သည်။ သူ၏တပည့်များအား စည်းကမ်းတင်းကြပ်ထားသော်လည်း မတတ်သာဘဲ အော်ပြောလိုက်သည်။


“ ခွေးကောင် ... မင်းက ကြာကူလီကောင်ပဲ ”


ဝေ့ထင် “....”


“ မင်း ဒီမှာမနေချင်ရင် ထွက်သွားလိုက်တော့.... စုမုန့် ,မင်းကို ကလပ်မှာ ရှာနေတာလေ ... မင်းကတော့ ဒီကိုလာပြီးပုန်းနေတယ် ” 


ဖုကျဲရဲ့ အော်သံကိုကြားပြီး ဝေ့ထင်သည် သူ့အား ခေါင်းမထောင်နိုင်အောင် ဆူငေါက်ပစ်လိုက်သည်။


သို့ပေမဲ့ ဖုကျဲသည် အဆူခံရပေမဲ့လည်း ဂရုမစိုက်ပေ။ ထို့နောက်တွင်အံ့ဩမှင်သက်နေသည့် မျက်နှာထားဖြင့် ဝေ့ထင်အား ဖုန်းကိုပေးလိုက်သည်။ 


“ ကလပ်မှာ ရှောင်ဝမ် ရှိတယ် ... သူက ယုံကြည်လို့ရတယ် ...သူ ငါ့ဆီ ကိစ္စတွေအားလုံးပြီးသွားပြီလို့ ပြောတယ်... စုမုန့်လည်း ထွက်သွားပြီတဲ့ ... ဒါပေမဲ့ နောက်ထပ်အရေးကြီးတဲ့ပြဿနာတစ်ခုကျန်သေးတယ် ... မင်း နားထောင်ချင်လား”


‌“ ပြောလေ ” 


 ဝေ့ထင် စိတ်မကြည်ပေ။ သူ၏မျက်လုံးများအား ပင့်တင်လိုက်ပြီး ဖုကျဲအားကြည့်လိုက်၏။သူ့အကြည့်ကား ဖုကျဲတစ်ယောက်ကတုန်ကယင်ဖြစ်ရလောက်သည်အထိ ရေခဲတမျှအေးစက်နေသည့်ဓားတစ်လက်လိုပင် ဖြစ်နေသည်။


ဖုကျဲသည် ဝေ့ထင်အား ဖုန်းပေးလိုက်ကာ ပြောလိုက်သည်။ 


“ စုမုန့်နဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေတဲ့ပုံပဲကွ ... ကြည့်လိုက် ”


ဝေ့ထင်သည် စုမုန့်အကြောင်းကြားသည့်အချိန်တွင် ခေါင်းထောင်ပြီးကြည့်လ်ိုက်သည်။ထိုပို့စ်ကို သူမြင်သည့်အချိန်တွင် သူ့အမူအယာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ သူသည် ‌ဖုကျဲ၏ဖုန်းအား ဆတ်ခနဲဆွဲယူလိုက်သည်။


သူသည် တင်းမာနေသောမျက်နှာထားဖြင့် ဓာတ်ပုံကိုကြည့်နေသည်။ ထိုပုံကား ဟိုတယ်ဝင်ပေါက်မှာရပ်နေကြသော စုမုန့်နှင့် သူစိမ်းအမျိုးသားတစ်ယောက်၏ ပုံပင်ဖြစ်သည်။စာထဲတွင် သူတို့နှစ်ဦးသည် အခန်းတစ်ခန်းထဲတွင် နှစ်ယောက်အတူတူရှိနေကြခြင်းပင်ဖြစ်သည်ဟု ‌ဆိုသည်။


စုမုန့် !


ဝေ့ထင်သည် ဖုန်းအား တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည်။သူ၏လက်ပေါ်ကသွေးကြောများ ထောင်လာသည်အထိ ဖုန်းအားဆုပ်ကိုင်ထားသည်။

သူ၏မျက်လုံးများမှာ ဒေါသမီးလောင်ကျွမ်းနေပြီး ဖုကျဲမှာအရမ်းကြောက်လန့်နေခဲ့ရသည်။ သူ၏ဖုန်းမှာ နောက်ဆုံးပေါ်မော်ဒယ်လ်မြင့်ဖုန်းဖြစ်ပေသည်။


“ မင်း အရမ်းဒေါသထွက်မနေပါနဲ့ကွာ... ဓာတ်ပုံလေးတစ်ပုံကြည့်ရုံနဲ့သူမ မင်းအပေါ်ဖောက်ပြန်နေတယ်လို့လည်း ပြောလို့မရဘူးလေ ”


ဖုကျဲက သူ့အား သတိပေးလိုက်သည်။ ဝေ့ထင်၏စိတ်သည် စုမုန့်နှင့်ပတ်သက်လာလျှင် အချိန်မရွေးအလွယ်တကူပြောင်းလဲတတ်သည်ကို

သူသိပြီးဖြစ်သည်။ သူက ထပ်ပြောလိုက်သည်။


 “ ပြီးတော့... အဲ့ဒီလူက သာမန်ပါပဲကွာ... မင်းလောက်တောင် ကြည့်မကောင်းဘူး... သူမမှာ မင်းလို ပြီးပြည့်စုံတဲ့သူမျိုးရှိနေတာပဲ...မင်းလောက်တောင်မသာတဲ့လူကို ဘယ်လိုလုပ်ပြီး သူမ‌ရွေးချယ်မှာလဲ ကွ ”


“ သူမ မဖောက်ပြန်ဘူး ”


ဝေ့ထင်က ခေါင်းကိုဖြည်းညင်းစွာ ငြိမ့်လိုက်သည်။ သူ၏မျက်လုံးများသည် အေးစက်နေဆဲပင်ဖြစ်သော်လည်း အသံကား ပို၍ညင်သာလာပြီး ပြတ်ပြတ်သားသားပြောလိုက်ခြင်းဖြစ်၏။


ဖုကျဲ ခေါင်းရှုပ်သွားသည်။


“ ဟမ် ... မင်း ဘာလို့အရမ်းသေချာနေရတာလဲကွ ”


ဝေ့ထင်သည် ဖုန်းကို ဖုကျဲအား ပစ်ပေးလိုက်ကာ အသံနက်ကြီးဖြင့်ပြောလိုက်သည်။


 “ အလိုလိုသိတာလေကွာ ”


ဖုကျဲ “....”


“ ငါ မင်းကို မြှောက်ပင့်ပြောလိုက်လို့ မင်း ဒီလိုတွေးမိသွားတာကို ငါမသိဘူးလို့ မထင်လိုက်နဲ့‌နော်”


ဒါပေမဲ့ သူသည် အသံကျယ်ကျယ်ဖြင့်မပြောရဲခဲ့ပေ။


ထိုအချိန်တွင် ဝေ့ထင်၏ဖုန်းသည် မြည်လာခဲ့၏။ ဖုန်းဆက်သူကားလီလျန့် ဖြစ်သည်။ ဖုန်းထဲမှ ‌ဒေါသထွက်နေသောအသံကို သူကြားလိုက်သည့်အချိန်တွင် ဖုန်းကိုကောက်ကိုင်လိုက်သည်။ 


“ ဝေ့ထင်... ကွာရှင်းမယ့်စာချုပ်စာတမ်းတွေကို ယူပြီး မြန်မြန်ပြန်လာခဲ့တော့... နောက်ကိုထပ်ပြီး မင်းမိန်းမနဲ့ ပတ်သက်စရာမလိုတော့ဘူး ”


ဝေ့ထင်က အသံနက်ဖြင့်အော်ပြောလိုက်သည်။


“ ကျွန်တော် စုမုန့်ကို ကွာရှင်းမပေးနိုင်ဘူး ”


ထိုစကားကို ကြားကြားချင်း လီလျန့် သည် အသံကျယ်ဖြင့် အော်ဟစ်ပြောလိုက်သည်။


 “ မကွာရှင်းဘူးဟုတ်လား ...မင်းရဲ့ဇနီးကောင်းလေးက ဘာတွေလုပ်နေလဲဆိုတာရော သိရဲ့လား..သူမ နောက်ယောက်ျားတစ်ယောက်တွေ့နေပြီ... ဝေ့ထင် , မင်းအတွေးကို ငါဂရုမစိုက်ဘူး... ဘာပဲဖြစ်ဖြစ်လက်ထပ်ထားတာကို ဒီမှာပဲ အဆုံးသတ်ရမယ်... စုမုန့်လည်း သဘောတူလိုက်ပြီ... သူမ စာချုပ်မှာလည်း လက်မှတ်ထိုးပြီးပြီ ... အခုအားလုံးပြီးသွားပြီ ”


“ စုမုန့် နောက်ယောက်ျားတစ်ယောက်နဲ့ တွေ့နေတာမဟုတ်ဘူး ... အဲ့ဒီပို့စ်က အထင်မှားနေတာပါ... သူမ တချိန်လုံးအလုပ်လုပ်နေတာ... တစ်ယောက်ယောက်က အကွက်ချပြီး အထင်လွဲအောင်လို့ ဓာတ်ပုံကိုဖြန့်လိုက်တာ ... ကျွန်တော်တို့ကြားကကိစ္စကို အမေ ဝင်မပါနဲ့... ကျွန်တော်ကိုယ်တိုင် ဖြေရှင်းနိုင်တယ်”


ဘာတွေဖြစ်နေလဲဆိတာကိုပင် ဝေ့ထင်မသိတော့ပေ။ စုမုန့်အား သူ၏အမေက အပြစ်တင်ပြောဆိုနေသည့်အချိန်တွင် သူသည် အလိုအလျောက် စုမုန့်ကို ကာကွယ်ပေးချင်လာခဲ့သည်။ သူမက သူ၏ဇနီးမယားပင်ဖြစ်သည်။

ဒီလိုအပြစ်တင်ဝေဖန်ခံနေရသည့်အချိန်တွင် သူမသည် သူ့အား ပို၍ပင်လိုအပ်နေမည်ဖြစ်သည်။


ဖုကျဲသည် ဝေ့ထင်တစ်ယောက် စုမုန့်ကိုကာကွယ်ပေးနေသည်ကို ကြည့်ပြီးသဘောတူကြောင်း လက်မထောင်ပြလိုက်လေသည်။လီလျန့်က ဆက်၍ပြောလိုက်သည်။


“ မင်း ဒီနေ့ ပြန်လာသည်ဖြစ်စေ၊ ပြန်မလာသည်ဖြစ်စေ.... စုမုန့်က သူမရဲ့အထုပ်အပိုးတွေကို သိမ်းဆည်းပြီး မကြာခင်ပဲ ဝေ့မိသားစုကနေ ထွက်သွားတော့မှာ... ဘာပဲဖြစ်ဖြစ် ငါ သူမကို ထပ်ပြီးတော့ ဝေ့အိမ်တော်ကို ‌ပြန်ဝင်ခွင့်မပေးနိုင်ဘူး ”


ထိုကဲ့သို့ပြောပြီးနောက်တွင် သူမသည် ချက်ချင်းပင် ဖုန်းချပစ်လိုက်လေသည်။ဝေ့ထင်သည် မျက်မှောင်ကြုံ့လာပြီး သူ၏လက်ထောက်အားလှမ်းခေါ်လိုက်သည် ။ 


“ နာမည်ကြီးသတင်းစာရင်းထဲကနေ ပို့စ်ကို ဖျက်ချပစ်လိုက်... ပြီးတော့ ဘယ်သူတင်လိုက်တာလဲဆိုတာပါ စုံစမ်းလိုက် ”


“ ဟုတ်ကဲ့ ”


ထို့နောက်တွင် ဝေ့ထင်သည် ချက်ချင်းပင် ဝေ့အိမ်တော်သို့ ထွက်ခွာသွားလေ၏။စုမုန့်နှင့် ဝေ့ရွှယ်တို့သည် ဝေ့ထင်၏အိမ်သို့အတူတူပြန်လာခဲ့ကြသည်။ တ‌စ်မနက်ကုန်ပြီး ညနေရောက်နေပြီဖြစ်သည်။


နေဝင်ပြီး ညနေဆည်းဆာသည် ကောင်းကင်တစ်ခုလုံးကို အနီရောင်ဖြင့်ချယ်မှုန်းထားသည်။ ထိုအရာသည် ပန်းချီကားတစ်ချပ်လိုပင် လှပနေ၏။ စုမုန့်သည် အိမ်ထဲကိုဝင်ဖို့ အလျင်စလိုဖြစ်မနေခဲ့ပေ။ သူမသည် မဝင်ခင် သူမ၏ဖုန်းကိုထုတ်လိုက်ကာ ရဲစခန်းသို့ဖုန်းဆက်လိုက်လေ၏။ ဝေ့ရွှယ်၏အရှေ့တွင်ပဲ သူမက တဲ့တိုးပြောလိုက်သည်။ 


“ ရဲဘော်တို့ရှင့်... ကျွန်မ ပြစ်မှုတစ်ခုတိုင်ကြားချင်လို့ပါ...တစ်ယောက်ယောက်က မဟုတ်မမှန်သတင်းတွေဖြန့်နေလို့ပါရှင်... ”


ရဲစခန်းသို့ ဖုန်းဆက်ပြီးနောက်တွင် စုမုန့်သည် ဝေ့ရွှယ်၏လက်ကိုကိုင်ကာသူမအား စိုးရိမ်တကြီးဖြင့်တောင်းပန်လိုက်သည်။ 


“ ရှောင်ရွှယ်ရေ... ငါ တကယ်တောင်းပန်ပါတယ်နော်... စိတ်ဖောက်ပြန်နေတဲ့လူတစ်ယောက်က ငါ့သတင်းကိုဖြန့်လိုက်တာလားမသိဘူး... ငါလည်း ရုတ်တရက် အန်တီ့ဆီကနေ အရိုက်ခံလိုက်ရလို့ ငါအမှားလုပ်မိသွားတာပါ ...

ငါ နင့်ရဲ့စေတနာတွေကို နားမလည်ခဲ့ဘူး... ငါ ဒေါသထွက်ပြီး နင့်ကိုနာကျင်အောင်လုပ်မိခဲ့တယ်... နင် ငါ့ကိုစိတ်မဆိုးဘူးမလားဟင်... နင်ကငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါပဲဟာ ”


နံဘေးတွင် အိမ်အကူသည် စားပွဲအားသန့်ရှင်းနေရင်းဖြင့် အလုပ်ရှုပ်နေသည်။ စုမုန့်၏ စကားတွေကိုနားထောင်ရင်း ဝေ့ရွှယ်သည် သူမအား ကျိန်ဆဲနေလေ၏။ တုံးအသည့်မိန်းမဟု ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။သူမသည် ဆိုလိုရင်းကို မသိခဲ့ပေ။

ဝေ့ရွှယ် တောင်းဆိုနေသည့်အချိန်တွင် သူမသည် ဝေ့ရွှယ်အားအမှန်တကယ်ပဲရိုက်ခဲ့သည်။ အသိဉာဏ်မရှိသည့်မိန်းမအားအကျိုးသင့်အကြောင်းသင့်ပြောပြဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့ပေမဲ့ ကံကောင်းစွာဖြင့် သူမ တုံးအနေခဲ့သည့်အတွက် ဝေ့ရွှယ်ကြောင့်ပင် သူမ အောင်မြင်စွာဖြင့် ကွာရှင်းနိုင်ခဲ့ပေသည်။


သူမသည် ကျိန်ဆဲနေခဲ့ပြီး အပြင်ပန်းမှာတော့ မပြခဲ့ပေ။


သူမသည် ဝေ့မိသားစု၏သမီးအရင်းမဟုတ်‌သည့်အတွက် အမွေဆက်ခံသူအဖြစ် ခြယ်လှယ်လို့လည်းမရခဲ့‌ပေ။ ထို့ကြောင့် ဝေ့ထင်အမေ၏ ဦးစားပေးမှုကိုအရယူကာ အနိုင်ယူပြလေသည်။ အစေခံ၏ရှေ့တွင်တောင်မှ သူမသည် အမြဲတမ်းကောင်းချင်ယောင်ဆောင်နေလေ၏။သူမသည် နီမြန်းနေသောမျက်လုံးများဖြင့် သိမ်မွေ့ညင်သာစွာပြောလိုက်သည်။ 


“ ရပါတယ် စုမုန့်ရယ်... နင် ငါ့ကို ရိုက်လို့ ငါအပြစ်မတင်ပါဘူး...ဘာပဲဖြစ်ဖြစ် နင်လည်း တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာမှမဟုတ်တာ...ဒါပေမဲ့ နင် ရိုက်လိုက်တဲ့နေရာက အခုချိန်ထိ နာနေတုန်းပဲ... ခုနက နင်အရမ်းကြောက်စရာကောင်းတာပဲ...ငါ လန့်သွားတာပဲ ”


စားပွဲကိုသုတ်နေသော အိမ်အကူ၏လက်များသည် ရပ်တန့်သွား၏။သူမ ဘာကြားလိုက်တာလဲ။

စုမုန့်က တကယ်ပဲ သခင်မလေးကိုရိုက်လိုက်တာလား ။ သခင်မလေးက တကယ်ကိုစိတ်ထားနူးညံ့တဲ့မိန်းကလေးလေ။


သူမ၏မျက်လုံးများဖြင့် စုမုန့်အားခိုးကြည့်နေခဲ့သည်။ ထိုအကြောင်းကို ဝေ့ရွှယ်ကသိနေခဲ့ပြီး သူမသည် ကြိတ်ပျော်နေခဲ့၏။ 


“ စုမုန့် ... ဝေ့မိသားစုက လူအားလုံး နင့်ကို မုန်းနေစေချင်တယ် ”


စုမုန့်သည် သူမ၏အခန်းကိုပြန်ပြီးတနေ့က သူမအတွက်ဝယ်ပေးထားသော နိမိတ်မကောင်းသည့်ပစ္စည်းအားထုတ်လိုက်သည်။ အပေါ်ယံမှအမဲကွက်အား သုတ်ပြီးပြီဖြစ်သောကြောင့် နဂိုမူလပုံစံပြန်ပေါ်လာသည်။ ထိုအရာသည် အလွန့်အလွန်တောက်ပြောင်ပြီး အပြစ်အနာအဆာတစ်ခုတောင်မပါသော ကြည်လင်တောက်ပနေသည့်ကျောက်စိမ်းလေးဖြစ်သည်။ ထိုကျောက်ပေါ်တွင် နားလည်ရန်ခက်ခဲသော မထင်မရှားသင်္ကေတများကို ထွင်းထုထားသည်။


စုမုန့်သည် ထိုအရာအား အသာအယာလက်ဖြင့်ကုတ်ခြစ်ကြည့်လိုက်သည်။သူမသည် နှမြောတသကြီးစွာဖြင့် လက်ထဲကကျောက်စိမ်းအားကြည့်ပြီးပြောလိုက်သည်။ 


“ ငါ ဘာလုပ်သင့်လဲ ... ဝေ့မိသားစုကနေ ဘာတစ်ခုမှမယူပါဘူးလို့ ငါ သူတို့ကို ကတိပေးခဲ့တာလေ... ဒါပေမဲ့ ဒီကျောက်စိမ်းက ဝေ့ထင် ငါ့ကိုလက်ဆောင်ပေးထားတဲ့ ကြမ္မာကျောက်ပဲ...ငါ လွှင့်မပစ်ရဲလောက်အောင် ဒီကျောက်က အရမ်းဈေးကြီးလွန်းတယ်... ငါ ဘာလုပ်ရမလဲ ... ငါ သူ့ကို အရမ်းချစ်တယ် ... သူ့ကို ပျော်ရွှင်နေစေချင်တယ်... ဒါပေမဲ့ သူကြိုက်တဲ့သူကို ငါမသိတာက နှမြောစရာပဲ... မဟုတ်ရင် ဒီကျောက်ကို အဲ့ဒီမိန်းကလေးကို ပေးပြီးတော့ ဘဝတလျှောက်လုံး သူတို့ကို ပျော်ရွှင်စွာ‌ နေသွားစေချင်တယ် ... 


ဝေ့ထင်ပေးခဲ့‌သည်ဟူသော စကားကို

ကြားကြားချင်းပင် ဝေ့ရွှယ်သည် ချက်ချင်းရောက်လာခဲ့၏။ စုမုန့်၏လက်ထဲက ပစ္စည်းကို သူမမြင်သွားသည့်အချိန်တွင် သူမ၏မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက်သွားခဲ့သည်။


သူမသည် စုမုန့်အား မေးလိုက်သည်။


“ စုမုန့်ရေ... ဒီကျောက်စိမ်းလေးက အရမ်းလှတာပဲ ... နင် ငါ့ကိုပြကြည့်လို့ရမလားဟင် ”


စုမုန့်သည် ရက်ရက်ရောရောဖြင့် သူမအားပေးလိုက်သည်။ ဝေ့ရွှယ်သည် ယူလိုက်ပြီး သူမလက်ထဲတွင်ရှိသော ကျောက်စိမ်းအားပွတ်သပ်ကြည့်နေသည်။


သူမသည် သမီးအရင်းမဟုတ်ရင်တောင် လီလျန့်သည် သူမအားသဲသဲလှုပ်ချစ်၏။ သူမသည် ဘယ်တော့မှ ပိုက်ဆံပြတ်သည်မရှိပေ။ သူမတွင် ဈေးကြီးသော ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းအမျိုးအစားအစုံအလင်ရှိသည်။ သို့သော်လည်း သူမလက်ထဲတွင်ရှိသော ‌ကျောက်စိမ်းသည် သူမဆီက တခြားအရာများနှင့်မတူ‌ပေ။


ဤကျောက်သည် ကြည်စင်လင်းလက်နေပြီး ပန်းထိမ်လက်ရာကလည်း ‌သေသပ်ချောမွတ်နေသည်။

ကျောက်အား အနည်းငယ်တီးခေါက်ကြည့်သောအခါ ငွေခေါင်းလောင်းလေးကဲ့သို့ သာယာနာပျော်ဖွယ်အသံရှိသည်။ ‌အရေးအကြီးဆုံးအချက်ကား ဝေ့ရွှယ်က ကျောက်စိမ်းကို ကိုင်ကြည့်လိုက်သည့်အချိန်တွင် ကျောက်သည် အနည်းငယ်အရောင်လက်လာသည်။ အချိန်အတော်ကြာကိုင်ထားပြီးနောက်တွင် ကျောက်မှာ အနာအဆာတစ်ခုရှိနေသည်။ကျောက်သည် အေးစက်နေသည်။ပုံမှန်အရဆိုလျှင် ကျောက်သည် အနွေးဓာတ်ရှိနေရမည်။


သို့ပေမဲ့ ထိုကျောက်သည် အစ်ကိုဝေ့ထင် လက်ဆောင်ပေးထားသော ကြမ္မာကျောက်ဖြစ်သည်။ ကျောက်တွင် ဘာတန်ဖိုးမှမရှိလျှင်တောင် သူမ လိုချင်ပေသည်။


သူမသည် စုမုန့်အား စစ်မှန်သောအပြုံးကိုမပြခင် ခဏတာတွေးပြီးပြောလိုက်သည်။ 


“ စုမုန့်... နင် ငါ့အစ်ကိုကို ချစ်တယ်ဆိုတာ ငါသိတယ်... ငါ့နှလုံးသားထဲမှာတော့ နင်ကသာ ငါ့ရဲ့ယောင်းမပါပဲ... ဒါပေမဲ့ နင်က ဒီပစ္စည်းတွေကိုမယူနိုင်ဘူးဆိုမှတော့ ဘာလို့ ငါ့ကိုမသိမ်းခိုင်းထားတာလဲ... အစ်ကိုဝေ့ထင်ရဲ့နှလုံးသားထဲမှာ နင်ရှိတယ်ဆိုတာ ငါယုံကြည်တယ်... အနာဂတ်မှာ နင်တို့ပြန်ပေါင်းဖက်နိုင်မယ့် အခွင့်အရေးရှိခဲ့ရင် ဒါကို ငါ ပြန်ပေးပါ့မယ် ”


စုမုန့်သည် ထိုစကားကိုကြားသည့်အချိန်တွင် ပြုံးလိုက်၏။ ဤအရာသည် သူမလိုချင်ခဲ့သောအရာပင်ဖြစ်သည်။ သူမသည် ဝေ့ရွှယ်အား ထိုအရာကို မမြင်စေချင်ခဲ့ပေ။ သူမ ဘာမှမပြောနိုင်ခဲ့ဘဲ မျက်လုံးများသည် နီရဲလာခဲ့သည်။


“ ဘာပဲဖြစ်ဖြစ် .... ငါလည်း ယူသွားလို့မရဘူးလေ ... ဒါကိုဘယ်သူပဲယူထားယူထား ကိစ္စမရှိပါဘူး... နင် ဒါကို သိမ်းထားချင်လို့လား ”


ဝေ့ရွှယ်သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး 


“ အင်း အင်း... ငါ နင့်ကို ကူညီပေးနိုင်ပါတယ်”


“ ဒါဆို နင် ဒါကိုတော့မှတ်ထားပေးရမယ်... ဒီကျောက်မှာ အယူအဆရှိတယ်...ဒါကို နင့်ရဲ့သွေးနဲ့မထိမိစေနဲ့ မဟုတ်ရင် ဒီကျောက်က နင့်ကို သူ့ရဲ့ပိုင်ရှင်အဖြစ်အသိအမှတ်ပြုလိုက်လိမ့်မယ်” 


 ထိုကဲ့သို့ပြောပြီးနောက်တွင် စုမုန့်သည် သူမ၏အထုပ်အပိုးများအား သွား၍သိမ်းဆည်းနေလိုက်သည်။စုမုန့်သည် ဝေ့ရွှယ်၏စိတ်ရင်းအမှန်အား သိနေပြီးဖြစ်သည်။ သူမသည်ဆန့်ကျင်ဖက်လုပ်လိမ့်မည်။

ထိုကျောက်သည် ပစ္စည်းကောင်းဖြစ်သည်။ ထို့အပြင် ကျောက်သည် ငွေထည်ရည်တွင် စိမ်ထားပြီး အချိန်အတော်ကြာပိုင်ရှင်ရှိနေပြီးသားဖြစ်၏။ သူမသာ ဒီလိုကျောက်အမျိုးအစားရဲ့ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံလိုက်ရလျှင်...


စုမုန့်သည် တွေးရင်းဖြင့် လှောင်ပြုံးပြုံးလိုက်ကာ 


“ ဝေ့ရွှယ်... နင့်အတွက် နေ့ကောင်းရက်မြတ်တွေက မကြာခင်ပဲရောက်လာတော့မှာပါ ”



xxxxxx