အပိုင်း၁၉
Viewers 6k

Chapter 19

( ပြန်ပေးဆွဲသွားခြင်း)


ရှန့်ချိုးသည် စုမုန့်အား ရည်ရွယ်ချက်ရှိရှိရှာခဲ့ခြင်းတော့မဟုတ်ပေ။နောက်ဆုံးတွေ့လိုက်သည်မှာ သူမက အလွန်ယုံကြည့်လွန်း၍ မရသေးသော ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးတစ်ယောက်သာဖြစ်သည်။ထို့ကြောင့် သူမကို ရှာမတွေ့ခင်က ဖုန်းရွှေပညာရှင်နှစ်ဦးထံ သူသွားခဲ့ပြီးဖြစ်သော်လည်း အဆင်မပြေခဲ့သောကြောင့်နောက်ဆုံး သူ့လက်ထောက်က ဖု မိသားစု၏ကလပ်အတွက် စုမုန့် အစီအရင်လုပ်ပေးခဲ့သမျှကို ပြောပြလာသောအခါ ကိုယ်ထင်သလို စာအုပ်တစ်အုပ်အား အဖုံးကြည့်ရုံဖြင့် ဆုံးဖြတ်၍မရသောကြောင့် လက်တွေ့စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။


 စုမုန့်ကမေးသည်.... "ဘယ်လိုဖြစ်တာလဲ..."


ရှန့်ချိုးက.... "ကျွန်တော်တို့နေတဲ့နေရာက ဆောက်လုပ်ရေးလမ်းတစ်ဝက်နားလေးတင်...ဆောက်လက်စကာလအတွင်းမှာပဲ အလုပ်သမားတွေ ခဏခဏ လုံခြုံရေးကြိုးတွေရုတ်တရက် ပျက်ပျက်ကျပြီး ပြုတ်ကျကုန်တာဗျ အစကတော့ မတော်တဆလို့ပဲထင်တာ ဒါမယ့် အဲ့လိုထိခိုက်မှုတွေတအားများလာတယ်  ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ဒီဆောက်လုပ်ရေးက ပြီးနိုင်မှာ မဟုတ်ဘူး... ရပ်လိုက်လို့ကလဲမရဘူး ကုမ္ပဏီက ပိုက်ဆံမရရင် အလုပ်သမားတွေကို လစာပေးနိုင်မှာမဟုတ်ဘူး အကုန်လုံးဒုက္ခရောက်ကုန်မှာဗျ... ဆရာမ ဒီပြဿနာ ဖြေရှင်းဖို့ ကျွန်တော်နဲ့ လိုက်ကြည့်ပေးပါဦး တကယ်ထူးဆန်းနေတယ်  ကျွန်တော်ရှင်းရှင်းလင်းလင်းကို အာရုံရနေတာ  ဘာလို့အဲ့လိုတွေဖြစ်တာလဲ"


စုမုန့်က သူ့ကို နှစ်သိမ့်စကားဆိုလိုက်သည်....  “ဒါက ကာရိုက်တာနဲ့ မဆိုင်ပါဘူး ဒီလိုအကြီးစားပရောဂျက်တစ်ခုအတွက် ဖုန်းရွှေ ကောင်းကောင်းမရှိရင် ထူးဆန်းတာတွေကြုံရတတ်ပါတယ်  ဒီလိုလုပ်ပါလား  ကျွန်မကိုကွင်းထဲခေါ်သွားပြကြည့်..."


 "ကျေးဇူးအများကြီးတင်ပါတယ် ဆရာမရယ်  ကျွန်တော့်ကားက အပြင်မှာ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ..."


 ရှန့်ချိုး က ချက်ချင်းထကာ လျှောက်ထွက်လာသည်။

စုမုန့်ကလည်း ထပြီး ကောရှန်းကို နှုတ်ဆက်ကာ


"အဘိုးကြီး အစ်ကိုဟုန် ကျွန်မ အပြင်သွားလိုက်ဦးမယ်"


 "သွား သွား..." ကောရှန်းက ခေါင်းညိတ်လိုက်သည်။


 "Goodbye  ရှောင်မုန့် ညီမတစ်ခုခုလိုအပ်ရင် အစ်ကိုတို့ကိုဖုန်းဆက်လိုက်" 


 ဟုန်စစ်ကလဲ သူမကို စိုးရိမ်တကြီးမှာကြားနေသည်။


 ထို့နောက် စုမုန့်သည် ရှန့်ချိုး ကားရှိရာသို့ လိုက်သွားလိုက်သည်။ သို့သော် ဆိုင်နှင့်မဝေးသောထောင့်တွင် ကားတစ်စီးမှာ ရှန့်ချိုး၏ကားနောက်သို့ ဖြည်းညှင်းစွာကပ်ပါလာနေသည်ကို သူမ သတိမထားမိလိုက်ပေ။

...


အဆောက်အဦးဧရိယာက အတော်လေးဝေးပြီး ထပ်မံ၍ယာဉ်ကြောပိတ်ဆို့နေသောကြောင့် သူတို့ရောက်သွားရန် တစ်နာရီကျော် ကြာခဲ့သည်။


ထို့နောက် အဆောက်အဦးဧရိယာက အလွန်ကြီးမားကျယ်ပြန့်ကာ အဆောက်အဦးများမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်းအဆက်မပြတ် မတော်တဆမှုများဖြစ်ပွားနေခြင်းကြောင့် အလုပ်သမားများ အားလပ်ရက် ခေတ္တအနားယူနေရသည်။ဧရိယာတစ်ခုလုံးသည် လူသူကင်းမဲ့ အလွန်တိတ်ဆိတ်နေကာကြက်သီးထစရာကောင်းသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။


 ....


အဆောက်အဦးဘေးတွင် စက်ဘီးများရှိနေသည်။စုမုန့်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အနှံ့ စက်ဘီးစီးပြီး လိုက်လံကြည်ရှုနေသည်။ဧရိယာတစ်ခုလုံး ပုံမှန်မဟုတ် ထူးထူးခြားခြားဘာမျှမရှိချေ။ထို့နောက် သူမ သံလိုက်အိမ်မြှောင်ကိုင်ကာ အနီးနားတစ်ဝိုက်ကို လှည့်ကြည့်လိုက်သည်။


 စစ်ကြည့်ပြီးနောက် စက်ဘီးစီးကာ ရှန့်ချိုး ဆီ ပြန်သွားပြီး....


"ဒီပတ်ဝန်းကျင်က တော်တော်အစွန်အဖျားကျတာပဲ....အရင်က ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့လား ဒါမှမဟုတ် အနီးအနားမှာ သင်္ချိုင်းရှိတာလား"


ရှန့်ချိုး အံ့ဩသွားသည်... "ဆရာမ အဲဒါကိုဘယ်လိုလုပ်သိတာလဲ... ဟုတ်တယ် အရင်က ဒီနေရာမှာ သင်္ချိုင်းတစ်ခုရှိတယ်  ကြာတော့ကြာပြီဗျ အုတ်ဂူတွေတော့ အများကြီးမရှိဘူး  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူတို့က မိသားစုတွေကို ပိုက်ဆံပေးမြေဝယ်လိုက်ပြီး အုတ်ဂူ အကုန်လုံး ဖြိုပစ်လိုက်ကြတာ ဒီလောက်ကြာနေပြီဆိုတော့ ခုမှဆိုးကျိုးဖြစ်လာတာ မဖြစ်နိုင်ဘူး မလား"


 "အကုန်လုံးကို ပိုက်ဆံပေးပြီးဖြိုသွားတာ သေချာလား"  


စုမုန့်က ထပ်ပြီး အတည်ပြုလိုက်သည်။


 ရှန့်ချိုးက ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ်  ရှက်ရွံ့စွာဖြင့်... 


"တကယ်တော့ ပိုင်ရှင်မသိရတဲ့အုတ်ဂူတွေရှိလို့တော့  ဘူဒိုဇာနဲ့ ဒီတိုင်းဖြိုချပစ်လိုက်ကြတာ"


စုမုန့်က သက်ပြင်းတစ်ချက်ချကာ ဆက်ပြောသည်။


 "ဒီနေရာက တကယ်ပဲ တိုက်ခန်းဧရိယာ ဆောက်ဖို့ သင့်တော်တဲ့ ဖုန်းရွှေ ရတနာနယ်မြေတစ်ခုဘဲ... ဒါပေမယ့် အဲဒီသင်္ချိုင်းတွေကို စနစ်တကျ ကိုင်တွယ်ဖို့က အဓိကကျတယ် မဟုတ်ရင် ဆက်ဆောက်နေမယ်ဆို မတော်တဆမှုတွေ ဆက်ဖြစ်နေဦးမှာပဲ"


 "အာ့ဆို ဆရာမမှာ အဖြေရှိလားဗျ  ကျွန်တော်ဒီလောက်နဲ့ရပ်လိုက်ရရင် ကုမ္ပဏီက ဒေဝါလီခံရတော့မှာ"


ရှန့်ချိုး ချက်ခြင်းပင် စိုးရိမ်လာသည်။


 စုမုန့်က ခေါင်းညိတ်လိုက်ပြီး...."အင်း နည်းလမ်းတစ်ခုရှိတယ်  အရင်ဆုံး အခင်းဖြစ်ထားတဲ့နေရာကို ပတ်ဝိုင်းဖို့ အဝါရောင်အစအရှည်ကို ပြင်ဆင်ထားလိုက်  ပြီးရင် ပထမထပ်မှာ မီးအိမ်ရှည်ကို ချိတ်ဆွဲပါ  အားလုံးအဆင်သင့်ဖြစ်ရင်ကျွန်မ စည်းတားပေးမယ်"


သူမ ဖြေရှင်းနိုင်သည်ဟုပြောသံကြားတော့ ရှန်းချိုး စိတ်သက်သာရာရသွားကာ အလျင်အမြန်ပင် လိုက်နာတော့သည်။


."ကောင်းပါပြီ  အမြန်ဆုံးပြင်ဆင်လိုက်ပါ့မယ်"


 ..."ဒီနေ့တော့ ဒီလောက်ပဲ အဆင်သင့်ဖြစ်ရင်ကျွန်မ ပြန်လာမယ် ခုအရင်ပြန်လိုက်ဦးမယ်"


 " ကျွန်တော်ပြန်လိုက်ပို့ပေးမယ်" 


ရှန့်ချိုးမှာ လာတုန်းကထက် ပိုမိုတက်ကြွနေကာခြေလှမ်းတွေက မြန်ဆန်လွန်းနေသည်။အပြန်လမ်းတွင် ကားသိပ်မပိတ်သောကြောင့် စုမုန့်က ရှန့်ချိုးအား ဆိုင်အထိ လိုက်မပို့ခိုင်းတော့ဘဲရှေးဟောင်းလမ်းနှင့် အနည်းငယ်အလှမ်းဝေးသောနေရာတွင် ကားပေါ်မှဆင်းလိုက်သည်။ရှန့်ချိုး ၏ ဆောက်လုပ်ရေးဧရိယာကို ဖြေရှင်းရန်အတွက် သူမ အနီရောင်ချည်လုံး ဝယ်ရန်လိုအပ်သည်။


ထိုစဥ် သူမ လမ်းဖြတ်ကူးလာသောအခါ အနက်ရောင်ကားတစ်စီးက ဘေးတွင် ဖြည်းညှင်းစွာ လာရပ်၍ ချက်ခြင်း ထိတ်လန့်သွားပြီး အန္တရာယ်ကြုံတော့မည်ကို အလိုလို ခံစားမိသွားသောကြောင့် ချက်ချင်း ပြေးထွက်သွားသည်။အနီးနားတွင် မည်သူမျှမရှိဘဲ လူပြတ်သောနေရာ ဖြစ်နေကာ အန္တရာယ် ဖြစ်နိုင်ခြေအများဆုံးဖြစ်သည်။


သို့သော် သူမ ခြေတစ်လှမ်းလှမ်းရုံရှိသေး ကားတံခါး အမြန်ဖွင့်သံကြားလိုက်ရသည်။  ထို့နောက် လူနှစ်ယောက် ပြေးထွက်လာပြီး သူမကို လှမ်းဖမ်းလိုက်သည်။


 စုမုန့်က လှည့်ကြည့်လိုက်စဉ် လည်ပင်းနောက်ဘက်မှ စူးရှသောနာကျင်မှုတစ်ခု ခံစားလိုက်ရကာ ချက်ချင်း မေ့လဲသွားတော့သည်။


"မြန်မြန်ခေါ်သွား...." 


သူမကို ပွေ့ထားသူက အဖော်ဖြစ်သူကို ပြောလိုက်သည်။

တစ်ဖက်တွင် အစည်းအဝေးထိုင်နေသော ဝေ့ထင်မှာ ရုတ်တရက် လည်ပင်းနောက်ဘက် စူးစူးရှရှနာကျင်မှုကို ခံစားလိုက်ရသည်။ထို့နောက် လဲကျသွားလေသည်။


(ဝေ့ထင် စိတ်ခုနေသော အန္တရာယ်...)


ဝေ့ထင် သတိရလာသောအခါ ကားထဲတွင် ရောက်နေပြီး လက်ထောက်လေး ကျူးရွှင်းက သူ့အား ဆေးရုံကို လိုက်ပို့နေသည်။


"ဘော့စ်ဝေ နိုးပြီလား ဘယ်လိုနေသေးလဲဗျ ဘယ်နားနေလို့မကောင်းဖြစ်နေလို့ ရုတ်တရက်မူးလဲရတာလဲ...." 


 ကျူးရွှင်းက စိုးရိမ်တကြီးဖြစ်ကာ ဘေးနှစ်ဖက်က ရှုခင်းများ မှုန်ဝါးဝါးသာမြင်ရသည်ထိ ကားကို အမြန်မောင်းနေတော့သည်။ဝေ့ထင်က လက်ထောက်အား...


"ငါ မူးလဲတာဘယ်လောက်ကြာပြီလဲ"


ကျူးရွှင်းက..."ဆယ်မိနစ်ကျော်နေပြီ  ကံကောင်းလို့ ဆေးရုံက ကုမ္ပဏီနဲ့ နီးနေလို့ပေါ့ လူနာတင်ယာဉ်ခေါ်တာထက် ချက်ချင်းကားမောင်းပို့ဖို့ အဆင်ပြေသွားလို့ ဘော့စ်ကို ဆေးရုံလိုက်ပို့နိုင်တာ"


ဝေ့ထင် လှုပ်လှုပ်ရှားရှား ထလိုက်ပြီး လည်ပင်းနောက်ကျောက နာကျင်မှုသည် ချက်ချင်းဆိုသလို သူ့အား ထိတ်လန့်စေပြီး မကောင်းသောအငွေ့သက်တစ်ခုခု စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။

မေ့လဲမသွားခင် အစည်းအဝေးခန်းထဲရှိတုန်းက လည်ပင်းကို ရုတ်တရက် ဓားဖြင့်ထိုးလိုက်သလို ပြင်းပြင်းထန်းထန် နာကျင်မှုကို ခံစားလိုက်ရသည်။


သို့သော်  ဒဏ်ရာက တိုက်ရိုက်ပေါ်မလာဘဲ အလွန်စွာ အံ့သြဖွယ်ကောင်းကာ သေချာပြန်စဥ်းစားကြည့်သောအခါ စုမုန့် ခံစားနေရသော ဝေဒနာကို သူခံစားရကြောင်း သက်သေပြနေခြင်းပင်။မတော်တဆကြောင့် ဒဏ်ရာရခဲ့လျှင် ယခုလိုနေရာအတိအကျ ပြင်းပြင်းထန်ထန် ထိခိုက်ဖို့ မဖြစ်နိုင်ဘဲ တစ်စုံတစ်ယောက်က စုမုန့်အား တမင်သက်သက်ထိုးခဲ့သည်မှာ သူကောင်းကောင်းသိနေသည်။ သူ့လို ယောကျာ်းအရင့်အမာကြီး တစ်ယောက်ပင် မူးမေ့လဲသွားခဲ့လျှင် စုမုန့်၏ အခြေအနေသည် ယခုအချိန်တွင် အလွန်အန္တရာယ်များနေပေမည်။


သူမ ဗီလာကနေ ထွက်သွားသည့်နေ့တွင် အင်တာနက်ပေါ်တင်ထားသော ပို့စ်က သူမအတွက် အန္တရာယ်ဖြစ်စေမည်ကို စိုးရိမ်လွန်း၍ ခေတ်စားနေသော အရာအမှန်သမျှ သေသေချာချာအာရုံတစိုက် ရှာဖွေမှုလုပ်ခဲ့သည်။သို့သော် ပြန်လည်အဖက်ဆယ်၍မရအောင် ကျော်ကြားသွားပြီး တစ်စုံတစ်ဦးသည် သူမအား အမှန်တကယ်သတ်ပစ်မည်ဟု  ခြိမ်းခြောက်လာသည်။


စုမုန့်က ဝေ့မိသားစုမှ ထွက်ခွာ၍ ဆရာဖြစ်သူထံကျိန်းသေသွားမည်ကို သိသောကြောင့် သူမဆရာ၏ဆိုင်အနီးတွင် နှစ်ရက်လောက် အစောင့်များကို လွှတ်ထားကာ စောင့်ကြည့်စေသောကြောင့် အန္တရာယ်ဖြစ်လိုသော လူအုပ်စုပေါင်းများစွာကို ဖယ်ရှားနိုင်ခဲ့သည်။ရဲတပ်ဖွဲ့က ကိစ္စအားလုံး ပြေလည်အောင် ဖြေရှင်းပြီးနောက် ကောလဟာလများလဲ ပျောက်ကွယ်သွားတော့သည်။အရာအားလုံးအဆင်ပြေသွားပြီး ထင်သောကြောင့် အစောင့်များကိုလဲ ဖြုတ်ပစ်လိုက်ပြီး သူ၏ကိစ္စတချို့ကို ဖြေရှင်းပြီးလျှင် စုမုန့်ကို သွားတွေ့မည်တွေးထားကာ အစောင့်များ မရှိတော့သည်နှင့်တစ်ပြိုင်နက် သူမအတွက် တစ်ခုခုဖြစ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။


အတွေးများအားလုံး ဦးနှောက်ထဲတွင် လျှပ်တပြက် အတွင်းရွေ့လျားသွားသည်။ချက်ချင်းပင် စုမုန့်ကို ခေါ်နေပြီး တစ်ချိန်တည်းမှာပဲ ကျုးရွှင်းအား...


"ကားကိုရပ်ပြီး ကုမ္ပဏီကို ပြန်သွားလိုက်" 


...."အာ...ဘော့စ်ဝေ  အခုမှ မူးလဲထားတာ  ဆေးခန်းသွားပြဖို့ မလိုဘူးလား"  


ဝေ့ထင်၏ စိုးရိမ်မှု အနည်းငယ်ပါသော တည်တည်ငြိမ်ငြိမ်လေသံကိုကြားလိုက်ရ၍ ကျူးရွှင်းကြောင်တောင်တောင်ဖြစ်သွားသော်လည်း ကားကို ချက်ချင်းရပ်လိုက်ကာ လှည့်ပြောလိုက်သည်။


သို့သော် ဝေ့ထင် က သူ့မေးခွန်းကို မဖြေ....တစ်ခြားသူ လာခေါ်မည်ကို စောင့်နေပုံရသည်။


"ဝမ်းနည်းပါတယ် မိတ်ဆွေခေါ်ဆိုနေသော ဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်"


 ....


လုံးဝ ဖုန်းခေါ်၍မရတော့ပေ.....ဝေ့ထင် လက်ကိုင်ဖုန်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားကာ မျက်ဝန်းနက်အစုံတွင် လူသတ်ချင်နေသော ဒေါသမီးများဖြင့် ပြည့်နေသည်။


(တစ်ယောက်ယောက်တော့ သူ့လူတွေ သုံးရအောင် စိန်ခေါ်နေတာပဲ....)



 “နည်းပညာဌာနက လူတွေအားလုံး စုခိုင်းလိုက်... ငါတို့လူတွေ ရုပ်သိမ်းလိုက်ကတည်းက ရှေးဟောင်းလမ်းတဝိုက်နား စောင့်ကြည့်ကင်မရာတွေအားလုံး စစ်ကြည့်... စုမုန့်ကိုတွေ့တာနဲ့ သူသွားတဲ့လမ်းကြောင်းကို ငါ့ကိုချက်ချင်းပြော... နောက်ပြီး စုမုန့်ဆဲလ်ဖုန်းကိုလဲ အချိန်တိုင်း ခြေရာခံစောင့်ကြည့်ထား...  ဖုန်းဖွင့်တာနဲ့ ချက်ချင်းရှာပါ.. စုမုန့် ရဲ့ တည်နေရာအတိအကျကို အတည်ပြုပြီးရင် ရဲကို တိုက်ရိုက်ဖုန်းဆက်လိုက်"


.ဝေ့ထင်က အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။


 "သခင်မလေး.... သခင်မလေး ဘာဖြစ်လို့လဲ  တစ်ခုခုများဖြစ်နေတာလား" 


ကျူးရွှင်း စိတ်ရှုပ်သွားသည်။


"ကျွန်တော်တို့လူတွေက မနေ့ကမှ ရုပ်သိမ်းလိုက်တာပါ  ပို့စ်ကိစ္စက မရှင်းသေးဘူးလား...နောက်ပြီး လူ့အသွေးသား ယူမယ်လို့ ခြိမ်းခြောက်တဲ့ အင်တာနက်သုံးသူတွေလည်း ရပ်သွားပါပြီ တခြားဘာဖြစ်နိုင်သေးလဲ  နောက်ထပ် ပြဿနာတစ်ခုခုများရှိနေတာလား”


 "ငါပြောတဲ့အတိုင်းလုပ်ပါ..." 


ဝေ့ထင် ၏ လေသံသည် ချက်ချင်း အေးစက်သွားကာ ကျူးရွှင်း ကို ဓားကဲ့သို့ စူးစူးရဲရဲ မျက်လုံးများဖြင့် လှမ်းကြည့်နေသည်။


"ကောင်းပါပြီ..."  


ကျူးရွှင်း ဘာမျှဆက်မပြောရဲတော့ဘဲ  ကုမ္ပဏီသို့ ကားကို မောင်းလာပြီး ဝေ့ထင် မှာထားသည့်အတိုင် ချက်ချင်း အပြေးအလွှား ဆောင်ရွက်တော့သည်။


ကျူးရွှင်း ထွက်သွားပြီးနောက် ဝေ့ထင်က

ဖုန်းဖွင့်လိုက်ပြီး ထပ်မံရှာကြည့်နေသည်။  ခဏလောက်စဉ်းစားပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်...


နောက်ဆုံး မိနစ်လေးဆယ်ကျော်ကြာသောအခါ စုမုန့် သတင်းအစအနရလာတော့သည်....


"ဘော့စ်ဝေ သခင်မလေးသတင်းတချို့ သိရပြီဗျ"....


"သူဘယ်မှာလဲ...."  


ဝေ့ထင်၏ တည်ငြိမ်နေသော မျက်နှာသည် စိုးရိမ်ပူပန်မှုများ ပြည့်နေသည်။ဘော့စ်ဝေ၏နှလုံးသားထဲတွင် မိန်းမပျိုလေး ရှိနေပုံရသည်။ယခင်က သူမအပေါ် အမြဲအေးစက်စက်သာ ဆက်ဆံသော်လည်း မျက်စိရှေ့ အန္တရာယ်တစ်ခုခုကြုံလာသောအခါ မဖုံးကွယ်နိုင်တော့ဘဲ စိုးရိမ်စပြုလာသည်။


ကျူးရွင်းက...."ရှေးလမ်းအနီးတစ်ဝိုက်မှာရှိတဲ့ ထောက်လှမ်းရေးကင်မရာတွေအားလုံးကို ကျွန်တော်တို့ စစ်ကြည့်တာ သခင်မလေးက မနက်ပိုင်း လူတစ်ယောက်နဲ့ ထွက်သွားပြီး နေ့လည်ပိုင်းလဲ အဲ့လူကပဲ လိုက်ပို့ပေးပါတယ်…”


ကျူးရွှင်း အသံမှာ တဖြည်းဖြည်းတိုးသွားကာ  ပြီးခဲ့သော နှစ်ရက်ကမှ အင်တာနက်ပေါ်တွင် ဝေ့မိသားစု သခင်မလေး အချစ်ရေးသတင်း ပျံ့နှံ့နေပြီး ယနေ့တွင် သူမက ထူးထူးဆန်းဆန်း အမျိုးသားတစ်ဦးနှင့် အပြင်ထွက်သွားလာနေသည့် နောက်ထပ် အဖြစ်အပျက်တစ်ခု ရှိလာသည်။ဝေ့ထင်၏ အေးစက်သထက် အေးစက်လာသော မျက်နှာထားအား ကြောက်ရွံ့စွာ ကြည့်နေမိကာ ရုတ်တရက် သူ ဆွံ့အသွားကာ ဘာမျှမပြောရဲတော့ပေ။


"မြန်မြန်ပြော..." ဝေ့ထင်က သူ့တုံ့ပြန်မှုကို လျစ်လျူရှုပြီး အေးစက်စက်နှင့် စိတ်မရှည်စွာပြောသည်။


"ဟုတ်ကဲ့..."


ကျူးရွှင်း ကပျာကယာဆက်ပြောသည်.။


"သခင်မလေး ပြန်ရောက်တော့ ရှေးဟောင်းလမ်းနဲ့ နီးတဲ့ လမ်းကြားတစ်ခုထိပ်မှာ ဆင်းတယ်... အဲ့လမ်းကြားက ဝင်ပေါက် ထွက်ပေါက်မှာပဲ စောင့်ကြည့်ကင်မရာရှိပြီး

လမ်းလယ်က မျက်ကွယ်နေရာဖြစ်နေတယ်... အထဲမှာ ဈာပနပွဲရုံပဲ ရှိတာ ဒီနေ့တော့ မဖွင့်သေးပါဘူး...သခင်မလေး လမ်းကြားထဲ ဝင်ပြီး ခဏကြာတော့ အနက်ရောင်ကားတစ်စီးလည်း ဝင်လာပါတယ်...နောက်ဆုံး အဲ့ဒီအနက်ရောင်ကားလေးပဲ ထွက်လာတယ်  သခင်မလေး အရိပ်အယောင်လုံးဝမတွေ့ရတော့ပါဘူး...ကျွန်တော့်အထင် အနက်ရောင်ကားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်တယ်"


ကျူးရွှင်းသတင်းစကား ကြားပြီးနောက် ဝေ့ထင် မျက်လုံးများ လေးလံလာသည်။အတတ်နိုင်ဆုံး စိတ်အေးအေးထားကာ....


"လိုင်စင်နံပါတ်ဘယ်လောက်လဲ... ဒီနေ့တစ်နေကုန် ဒီနံပါတ်ပြားနဲ့ကား သွားထားသမျှ နေရာနဲ့လမ်းကြောင်းကို ချက်ချင်းရှာကြည့်... မြန်မြန်သွား....."



xxxxx