Chapter 20
(လွတ်လမ်းမရှိ)
စုမုန့် ဖုန်းက စက်မပိတ်သေးဘဲ ပြန်ပေးဆွဲသူများ ယူသွားပုံရသည်။ကံကောင်းစွာဖြင့် အနက်ရောင်ကားသွားရာလမ်းကြောင်းကို ကျူးက ရှာတွေ့လေသည်။ဝေ့ထင် လူများ ထွက်သွားပြီးနောက် ကားက ချက်ချင်း သူမ နောက်သို့ ခြေရာခံလိုက်လာကြောင်း သိလိုက်ရ၍ အကွက်ကျကျကြိုတင်ပြင်ဆင်ထားသော ပြန်ပေးဆွဲခြင်း သေချာသည်။တစ်ဖက်က ဝေ့ထင်မှာ စုမုန့် အကြောင်း သဲလွန်စရှာရန် အလုပ်များနေချိန် တစ်ဖက်တွင် စုမုန့် မူးလဲနေရာမှ ရီဝေစွာ နိုးလာသည်။
သူမ၏လည်ပင်းမှ နာကျင်မှုဖြင့် မှုန်ကုပ်ကုပ်ထလာကာ ယခုမှ ပြန်ပေးဆွဲခံရလာသော အမှန်တကယ် အမှတ်ရစရာကောင်းစွာ ပြင်းပြင်းထန်ထန်နာကျင်နေသည်။
စုမုန့်က ခေါင်းမော့ကြည့်ပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေသည်။ထိုအချိန်တွင် သူမ ကုတင်ဖြူကြီးပေါ်တွင် လဲလျောင်းနေကာ ဘေးပတ်ပတ်လည်အား အလှဆင်ထားပုံကိုခန့်မှန်းရလျှင် ဤနေရာမှာ ဟိုတယ် ဖြစ်လိမ့်မည်။သို့သော် အခန်းထဲတွင် မည်သူမျှ မရှိပေ။
သူမကို ဘယ်သူက ပြန်ပေးဆွဲလာတာလဲ....
ဝေ့ရွှယ်များလား....ဝေ့ထင် နဲ့ အတူတူနေချင်လို့အရင်ဘဝတုန်းကလိုပဲ သူမကို တိတ်တိတ်လေး လက်စဖျောက်ပစ်နေတာလား....
သို့သော် နောက်ထပ်အတွေးတစ်ခုဝင်လာကာ ထိုသို့ဖြစ်နိုင်ချေမရှိလောက်ပေ။ဝေ့မိသားစုမှ ထွက်လာစဉ် ဝေ့ထင်နှင့် ကွာရှင်းပြတ်စဲလိုက်ပြီး လုံးဝမပတ်သက်တော့ကြောင်းကိုလဲ ဝေ့ရွှယ်နှင့် ပြတ်ပြတ်သားသား ပြောထားပြီးဖြစ်သည်။ယခုလောက် သူမ အတွက် စွန့်စားရဲစရာ အကြောင်းပြချက် မရှိတော့ပေ။
သူ မဟုတ်ရင် ဘယ်သူများ ဖြစ်နိုင်မှာလဲ....
ဘယ်သူပဲဖြစ်ဖြစ် ယခုချိန် အရေးကြီးဆုံးမှာသူမ ကိုယ်သူမ အရင်ဆုံးလွတ်အောင် စဉ်းစားဖို့ပင်။
အိတ်ကပ်ထဲစမ်းကြည့် သောအခါ ဖုန်းမရှိတော့ပေ....နှစ်လုံးစလုံး သိမ်းသွားတာ ဖြစ်မည်။ထို့နောက် ပြတင်းပေါက်ရှိရာဘက်သို့ လျှောက်သွားပြီး အောက်ငုံ့ကြည့်လိုက်သော်လည်း မြေပြင်နှင့် အလွန်ဝေးနေကာ အတော်လေးမြင့်နေ၍ ကြည့်ရုံဖြင့်ပင် ဒူးတုန်လာတော့သည်။
အော်ဟစ် အကူညီတောင်းရန်လည်း အောက်ထပ်တွင် လူအရိပ်အယောင်လုံးဝ မတွေ့ရပေ။ ထို့ပြင် စုမုန့်က ယခု သတိလက်လွတ်အော်ဟစ် အကူအညီတောင်းလျှင် ကြားနိုင် မကြားနိုင် မသေချာကာ အမှန်တကယ်တစ်ယောက်ယောက် ကြားခဲ့လျှင်ပင် အရေးတယူလုပ်လိမ့်မည်ဟု မထင်ပေ။
အကယ်၍ သတိထားမိလျှင်ပင် ရဲကိုသာ ဦးစွာ ဖုန်းဆက် အကူအညီတောင်းနိုင်သောကြောင့် အချိန်ယူရဦးမည် ဖြစ်သည်။ထိုအချိန် ပြန်ပေးဆွဲသူသိသွားလျှင် ဒေါသထွက်လာပါက သူမအား ချက်ချင်းသတ်ပစ်နိုင်သည်။
စုမုန့် အခန်းထဲရှိ အနီးအနားတစ်ဝိုက်လှည့်ကြည့်သောအခါ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန် အသုံးဝင်မည့်ပစ္စည်း တစ်ခုမှ မရှိချေ။ထို့ကြောင့် ပြန်ပေးဆွဲသူက သူမအား အခန်းထဲတွင် တစ်ယောက်တည်း စိတ်ချလက်ချ ထားခဲ့ကာသူမ ဘယ်မှပြေးမလွှတ်တော့ကြောင့် သူတို့ ယုံကြည်ထားပုံရသည် ။
သတိလစ်နေရာမှ ရုတ်တရက် ထလိုက်သောကြောင့် စုမုန့် ခေါင်းအနည်းငယ် မူးဝေနေသေးသည်။ သူမ ခေါင်းကို ငုံ့ထားပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ ထို့နောက် တံခါးကို တိတ်တဆိတ်ဖွင့်ကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။
....
ထင်သည့်အတိုင်းပင် အခန်းအပြင်ဘက်တွင် အရပ်ရှည်ရှည် ဗလတောင့်တောင့် လူသုံးယောက် စောင့်ကြပ်နေပြီး နှစ်ယောက်မှာ ဆိုဖာပေါ်တွင် ထိုင်ကာ မျက်လုံးမှိတ် အနားယူနေကြသည်။အခြား ဆံပင်ရှည်အမျိုးသားတစ်ယောက်ကတော့ ဗီဒီယိုကင်မရာ ဖွင့်ကြည့်နေသည်။
တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။ဗီဒီယိုကင်မရာကြည့်နေသော ဆံရှည်အမျိုးသားက စိတ်မရှည်စွာဖြင့်....
"ငါလူး... သူဘာလို့ ခုထိရောက်မလာသေးတာလဲကွ ရိုက်ကူးရေးစဖို့ မစောင့်နိုင်တော့ဘူး သူလေးကို အရင်စားဖို့ ငါက ဒီမိန်းမနိုးတဲ့ထိ စောင့်နေရမှာလား"
ဇိမ်ခံမှေးနေသည့် အမျိုးသားတစ်ဦးမှ....
"ဘာတွေ လောနေတာလဲ ဘော့စ် ဒီကိုရောက်နေတယ်ဆိုရင်တောင် ငါတို့ဘာမှမလုပ်သေးခင် သူ နိုးတဲ့ထိ စောင့်ရမှာပေါ့ကွ ဘော့စ်ရဲ့ ရည်ရွယ်ချက်က သူ့ညီမကို လက်စားချေဖို့လေ ကဲ...သူ့ကိုစားရတာ ပျော်ဖို့မကောင်းဘူးလား.... မင်းဘာလို့ ဒီလောက်ထိ စိတ်မရှည်ဖြစ်နေရတာလဲ မသိရင် ဒီမိန်းမ လုံးဝမနိုးလာတော့မယ့်အတိုင်း...."
"ငါတို့ သူ့ကို ဘာမှ မလုပ်ပါဘူးကွ အရင်ဆုံးကစားကြည့်တာ ဘာဖြစ်သွားမှာမလို့လဲ...."
ဆံရှည်က မစောင့်နိုင်တော့ပုံရသည်။သူ မတ်တပ်ထရပ်ပြီး စုမုန့် ဆီသို့ လျှောက်လာသည်။
စုမုန့် လန့်သွားပြီး တံခါးကို အမြန်ပိတ်လိုက်သည်။ထို့နောက် ဆိုဖာပေါ်ထိုင်နေသော အမျိုးသားက...
."မင်း အသက်မရှိချင်တော့ရင် ဆက်လုပ်"
ဟူသော အေးစက်စက်ပြောနေသံကို သူမကြားလိုက်ရသည်။ဆံရှည်က ထိုလူပြောသည်ကို ကြောက်ပုံရကာ အော်ဟစ်သောင်းကျန်းပြီး ဆိုဖာပေါ် ပြန်ထိုင်လိုက်တော့သည်။
အပြင်ဘက် စကားသံများအရ စုမုန့် သေချာလေး စဥ်းစားနေသည်။သူတို့ပြောပုံအရ ဘော့စ်ဖြစ်သူက ရောက်မလာသေးဘဲ ထိုလူရောက်လာလျှင် ဒုက္ခရောက်တော့မည်။ ဘယ်လိုအန္တရာယ်မျိုး ကြုံရမလဲဆိုတာတော့ ဆံရှည် အမျိုးသား စကားမှတစ်ဆင့် ရှင်းရှင်းလင်းလင်းခန့်မှန်းကြည့်နိုင်သည်။ထို့ကြောင့် ခေါင်းဆောင် ရောက်မလာခင် သူမ လွတ်မြောက်ဖို့ နည်းလမ်းကို တွေးရမည်။
"လွတ်အောင် ဘယ်လိုလုပ်ရမလဲ...."
နှစ်ယောက်အိပ်ကုတင်ကြီးကို ကြည့်ရင်း အတွေးတစ်ခု ဖျက်ခနဲ ပေါ်လာသည်။တီဗီမှပြသဖူးသော ကိုယ်လွတ်ရုန်းနည်းအတိုင်း သူမက အိပ်ယာခင်းများနှင့် လိုက်ကာများကို ဆွဲဖြဲ၍ စုချည်ကာ ကြိုးအဖြစ်သုံးပြီးနောက် ကိုယ်တိုင် ပြတင်းပေါက်မှ ဖြည်းဖြည်းချင်း ဆင်းသွားမည်။
သို့သော် တကယ်လုပ်ကြည့်သောအခါ တီဗီမှလူများကဲ့သို့ အိပ်ယာခင်းအားလုံးကို လက်ဗလာဖြင့် ဆွဲဖြဲခြင်းမှာ သူမ အတွက် လက်တွေ့တွင် အလွန်ခက်ခဲနေ၍ လုံးဝ ဆွဲနိုင်အားမရှိပေ။သူမက တစ်ခုချင်း ဆွဲဖြဲ၍ စုချည်ထားချင်သော်လည်း အိပ်ရာခင်းတစ်ခုလုံးကိုသာ ချည်ထားလိုက်တော့သည်။
အခန်းထဲတွင် စားပွဲနှင့် ကုလားထိုင်များလဲရှိသည်။ထို့ကြောင့် သူမ ကုလားထိုင်တစ်ခုကို ညင်သာစွာရွှေ့ကာ လိုက်ကာများ ဖြုတ်ရန် ထရပ်လိုက်သည်။ကံကောင်းထောက်မစွာ သူမလက်လှမ်းမှီသည့်နေရာတွင် ချိတ်ထားသောကြောင့် အဆင်ပြေပြေပြီးသွားသည်။
စုမုန့်က ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနေပြီး အိပ်ယာခင်းနှင့် လိုက်ကာကို တွဲချည်ခါနီးတွင် အပြင်မှ နောက်ထပ် အသံတစ်ခုထွက်ပေါ်လာသည်။
သူတို့ပြောနေသော ဘော့စ်ရောက်လာပုံရသည်။
သူမ ဘာမျှမလှုပ်ရှားခင် တံခါးက ရုတ်တရက်ပွင့်သွားသည်။
'သွားပြီ....'
တံခါးပွင့်ပွင့်ချင်း စုမုန့် ရုတ်တရက် အသက်မရှိတော့သလိုခံစားလိုက်ရပြီး ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။
ဝင်လာသူက လက်တစ်ဖက်တွင် အိပ်ယာခင်းနှင့် တစ်ဖက်က လိုက်ကာကို ကိုင်ထား၍ ကြမ်းပြင်ပေါ် ထိုင်ငိုနေသော သူမကိုတွေ့လိုက်ရကာ သူ့အား စူးစူးဝါးဝါး ကြည့်နေသည် ။
စုမုန့် လှုပ်ရှားမှုများအား သူမြင်လိုက်ပြီးနောက် ရှုပ်ပွနေသော အိပ်ယာနှင့် လိုက်ကာဖြုတ်ထားသော ပြတင်းပေါက်ဘက် ကြည့်လိုက်ပြီး သူမ အကြံအစည်အားလုံးကို ချက်ချင်း သဘောပေါက်သွားသည်။
" ထွက်ပြေးဖို့ ကြိုးစားနေတာလား...."
'ဘောစ့်'
ဖြစ်သူက စုမုန့်ကို စိုက်ကြည့်ကာ တိုးတိုးလေးမေးနေသော်လည်း သူ့အသံမှာ ခက်ထန်မှု အချို့ပါနေသည်။
စုမုန့်: "…"
( အသက်ရှင်ရန်နည်းလမ်း....)
သူမ ရှေ့ကလူမှာ အလွန်ပိန်လွန်းသဖြင့် အရိုးများသာရှိတော့သည်။ပုံစံသည် ဝေ့ထင်နှင့် ရွယ်တူလောက်သာရှိသေးပြီး ငယ်ရွယ်သော်လည်း မျက်နှာက ဖြူဖျော့နေသောကြောင့်ဒဏ်ရာတွေ အပြင်းထန်ရလာပြီး ဖျားနေပုံရသည်။လူကသာ ယိုင်တိယိုင်တိုင်ပျော့ညံ့ညံ့ဖြစ်နေသော်လည်း သူ့မျက်နှာမှာ ကောက်ကျစ်သောအကြည့်များစွာ ပြည့်နေသည်။
စုမုန့်က မြင်မြင်ချင်း ထိုလူ၏ ယင်း က အလွန်အားကောင်းနေပြီး ဆန့်ကျင်ဖက်အနေနှင့် ယန်းမှာ အလွန်အားနည်းနေသဖြင့် ကြာကြာ အသက်မရှင်နိုင်တော့သည်ကို တွေးမိသည်။ဤအချက်မှာ သူမအတွက် အသက်ရှင်နိုင်သော အစအနလေးတစ်ခု ဖြစ်နိုင်သည်။
"မစ္စ က တော်တော် သတ္တိကောင်းတာပဲ... နိုးလာတာနဲ့ အရင်ဆုံး ဘယ်လိုလွတ်အောင်ပြေးရမလဲလို့ တွေးနေတာပဲ"
ထိုလူက သူမ ကိုကြည့်ကာ ပုံမှန်ဘာမျှမထူးခြားသလို ပြောလိုက်သည်။စုမုန့်ထွက်ပြေးတာ မမြင်နေသော်လည်း တုန်လှုပ်ခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေသည်။
သို့သော် သူ့နောက်တွင်ရပ်နေသော လူသုံးယောက်ကတော့ ဒေါသမျက်လုံးများဖြင့် စုမုန့်ကို စိုက်ကြည့်နေကြသည်။သူတို့၏ မျက်လုံးများသည် ရမ္မက်ကြီးသော ယုတ်မာမှုအတွေးများဖြင့် ပြည့်နှက်နေသည်။
"ရှင်ဘယ်သူလဲ...ကျွန်မကို ဘာရန်ငြိုးတွေရှိနေလို့လဲ"
စုမုန့် မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ တဖြည်းဖြည်းနောက်ဆုတ်သွားသည်။
"အဟမ်း..."
ထိုလူက စုမုန့် အပြုအမူကို တစ်ခွန်းမျှမပြောဘဲ
ချောင်းဟန့်လိုက်သောအခါ နောက်ကလူများက ချက်ချင်း ကုလားထိုင် အမြန်ယူလာပြီး သူ့အားထိုင်စေသည်။ထို့နောက် သူက အေးဆေးတည်ငြိမ်စွာပြောသည်။
"ငါဘယ်သူလဲဆိုတာ မင်းသေချာပေါက်ဘယ်သိမလဲ ငါတို့မှာ ပြဿနာတွေရှိနေတာ မင်းက သတိမထားမိလို့ပါ အဟမ်း…"
သူဝင်လာကတည်းက အကြိမ်ပေါင်းများစွာ ချောင်းဆိုးနေကာ အလွန်အားနည်းနေသဖြင့် အချိန်မရွေး သေသွားနိုင်ပုံရသည်။
ထို့နောက် အားယူကာ ဆက်၍
"ငါ့ညီမလေးက မင်းကြောင့် ကောလဟာလတွေ အများကြီးကို ခံစားနေရတယ် အခုဆို အိမ်မှာ နေ့တိုင်း ပုန်းအောင်းနေပြီး အိမ်အပြင်တောင် ထွက်ရမှာ အရမ်းကိုကြောက်နေတာ"
တစ်ဖက်တွင် စုမုန့်က ရှုပ်ထွေးနေပြီး...."ရှင့်ညီမဘယ်သူလဲ ကျွန်မ ဘယ်မိန်းကလေးကိုမှ စိတ်ဒုက္ခမပေးဖူးဘူး"
ဤဘဝတွင် ပြန်လည်မွေးဖွားခဲ့ရာ သူမတွင် ဝေ့ရွှယ်မှလွဲ၍ အခြားရန်သူမရှိပေ။သူမ အနေနှင့်အများအားဖြင့် နူးညံ့ဖော်ရွေစွာနေထိုင်ပြီး အခြားသူများကို စပြီး ရန်ရှာကာ အမုန်းပွားစရာအကြောင်းမရှိဟုထင်သောကြောင့် သေချာစဥ်းစားကြည့်သောအခါ လက်တလော ဘယ်မိန်းကလေးနှင့်မျှ မပတ်သက်ဖူး၍ ယခင်ဘဝကလဲ ဝေ့ထင်နောက်ကိုသာ အချိန်ပြည့် တစ်ကောက်ကောက်လိုက်နေပြီး အခြားသူများကိုလည်း စိတ်မဝင်စားခဲ့ပေ။
သူမ အသဲအသန် စဥ်းစားနေတာကိုမြင်တော့ ထိုလူက...."ပြီးခဲ့တဲ့ရက်တုန်းက မင်းရဲကိုဖုန်းခေါ်တယ်မလား"
ရဲကိုဖုန်းခေါ်တယ်…
စုမုန့် ခေါင်းထဲ ပြဿနာတစ်ခုချက်ချင်းဝင်လာပြီး အွန်လိုင်းပေါ်တွင် အင်တာနက်သုံးစွဲသူများက သူမအား သတ်ချင်လောက်အောင် ပြင်းထန်သော ကောလာဟလအချို့ ပျံ့နှံ့ခဲ့သည်။ ဥပဒေအရ မဟုတ်မမှန်သတင်းဖြန့်ထားသော ပို့စ်အောက်တွင် သတ်မှတ်ထားသော Like အရေအတွက် အတိုင်းအတာအထိ ရောက်လာလျှင် ရဲကို တိုင်ကြားနိုင်သည်။ထို့ကြောင့် သူမကိုယ်သူမ ကာကွယ်ရန်အတွက်
ပြဿနာအားဖြေရှင်းပေးရန် ရဲတိုင်ခဲ့သည်။ထို့နောက် သွေးထိုးသူမှ နောက်ဆုံးလျော်ကြေးပေးပြီး တောင်းပန်မှသာ သူမက ကြေးအေးပေးမည်ဖြစ်သည်။
....
"ပို့စ်တင်တဲ့သူက ရှင့်ညီမလား..."
ထိုလူက ခေါင်းညိတ်သည်။
စုမုန့်သည် ထိုလူကို မယုံကြည်နိုင်စွာ ကြောင်ကြည့်နေပြီး ဝေ့ထင်ကဲ့သို့ပင် ဤအမျိုးအသားက ညီမဖြစ်သူအတွက် တရာမျှတမှုတောင်းပြီး လက်စားချေနေတာလား....ကောလာဟလတွေ ဖြေရှင်းဖို့ ရဲတိုင်ပြီး သူ့ညီမကို လူသိရှင်ကြား တောင်းပန်ခိုင်းလို့ သူမကို ပြန်ပေးဆွဲသွားတာလား....
သူမက ပြန်ချေပလိုက်သည်... " ရှင့်ညီမကအကြောင်းပြချက်မရှိ ကျွန်မအကြောင်း မဟုတ်တဲ့သတင်းတွေ အရင်ဖြန့်လို့ လက်တုံ့ပြန်တာလေ လွန်လွန်ကြူးကြူး ဘာမှ မလုပ်ထားဘူး သူ့ကို ရှင်းပြခိုင်းပြီး တောင်းပန်ဖို့ပဲ ပြောခဲ့တာ"
"မင်းဘယ်လိုလုပ်လုပ် ငါဂရုမစိုက်ဘူး မင်းလုပ်လို့ ငါ့ညီမလေး ထိခိုက်တယ်ဆိုတာပဲ ငါသိတယ် ပြောစမ်းပါဦး...မင်းရဲ့ ကောလဟာလတွေကို တကယ်ဖြစ်လာအောင်ပြောင်းလိုက်ရင် ငါ့ညီမလေး အပြစ်မရှိတော့ဘူးမလား"
"တကယ်ဖြစ်အောင် ပြောင်းမယ်...
တကယ်ဖြစ်အောင် ဘယ်လိုလုပ်မှာလဲ..."
စောနက မြင်ခဲ့သော ဆံရှည်ကြီး၏ လက်ထဲမှ ကင်မရာကို သူမ ရုတ်တရက် တွေးမိသည်။
"ရှင်ဘာလုပ်မလို့လဲ...ကျွန်မကိုသတ်ပစ်မလို့လား"
စုမုန့် ကြောက်စိတ်ကြောင့် မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားပြီး အကြံဆိုးတစ်ခုအတွေးထဲ ဝင်လာသည်။သူမက မေးနေရင်း ပြတင်းပေါက်ဘက် မှီ၍ တဖြည်းဖြည်းနောက်ပြန်ဆုတ်ကာ တည်ငြိမ်ဟန်ဖြင့် ထိုလူကို စိုက်ကြည့်ကာ အချိန်ဆွဲရန် ကြိုးစားသည်။
ထိုလူက အေးအေးဆေးဆေးထိုင်နေသော်လည်း သူ့မျက်လုံးများမှာ ယုတ်မာရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ဤလူ ဘာကြောင့် အပြင်းအထန် ဖျားနေပုံရသည့်အကြောင်း နောက်ဆုံး စုမုန့် နားလည်သွားသည်။သူက ရက်စက်လွန်းပြီး ရူးနေကာ အတိတ်တွင် ကြောက်စရာကောင်းသော ပြစ်မှုတစ်ခုခုကျူးလွန်ရဲသူဖြစ်လိမ့်မည်။
ပြတင်းပေါက်ဘက် လှမ်းငုံ့ကြည့်လိုက်ပြီး စောနကထဲက သော့ကို သူမ ဖွင့်ထားပြီဖြစ်၍ နောက်ဆုံးဘာမျှ မတတ်နိုင်တော့လျှင် ပြန်ပေးဆွဲသူများ၏ မညှာမတာနှိပ်စက်ခြင်းခံရတာထက် သေတာက ပိုကောင်းလိမ့်မည်။ထို့ကြောင့်အဆောက်အဦးပေါ်ကနေ သူမ ခုန်ချရဲသည်။
သို့သော် သူမမှာ ယခင်ဘဝတွင်လည်း ပြဿနာများစွာ ကြုံတွေ့ခဲ့ရပြီး ယခုမှ ပြန်လည်မွေးဖွားလာပြီး ကလဲ့စားတောင် မချေရသေးဘဲ ထပ်သေရတော့မည်။တကယ်သေသွားလျှင်နောက်ထပ်တစ်ကြိမ်ပြန်မွေးဖွားလာဖို့ ထိကံမကောင်းနိုင်တော့ပေ။
ထိုလူက စုမုန့် ကြောက်အားလန့်အား ခြေဦးတည့်ရာ တွေးနေသည်ကို ကြိုသိကာ မလှုပ်မရှား ထိုင်နေပြီး နှုတ်ခမ်းထောင့်မှ အသက်မပါသော အပြုံးတစ်ခုလို ကွေးသွားသည်။
သူက လေးကန်စွာဖြင့်..."တိုက်ပေါ်က ခုန်ချဖို့ မစဉ်းစားနဲ့ မင်းသေသွားတာ ငါ့ကိုဘာမှမထိခိုက်ဘူး....အေး မင်းရဲ့ဆရာက ရှေးဟောင်းလမ်းထဲမှာ ရှိနေသေးတယ်ဆိုတာကိုတော့ မမေ့လိုက်နဲ့"
သူမအား ကောရှန်းကို အသုံးချပြီး ခြိမ်းခြောက်လိုက်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်မှာ သေချာသည်။
သေချာတာပေါ့...'ဆရာကြီး' အကြောင်း သူမကြားလိုက်ရုံဖြင့် တိုက်ပေါ်က ခုန်ချဖို့ အတွေးအား ချက်ချင်းဖျောက်လိုက်တော့သည်။
သူမ ဘာဖြစ်ဖြစ် ဂရုမစိုက်သော်လည်း ဆရာ့ကိုတော့ အလွန်အလေးမြတ်ထားသည်။ဆရာကြီးက အသက်ရလာပြီဖြစ်သော်လည်း ယခုချိန်ထိ သူမကို ပြုစုပျိုးထောင်ပြီး ကာကွယ်စောက်ရှောက်ပေးကာ စိတ်ပူနေတုန်းပင်။
ယခင်ဘဝတုန်းက သူမ ဆရာကို ဆုံးရှုံးခဲ့ပြီးပြီ... ယခုဘဝမှာတော့ ဆရာအား ပြဿနာတွေထဲ လုံးဝဆွဲထည့်မည်မဟုတ်ပေ။အကြံစည်အားလုံး အလုပ်ဖြစ်မှာမဟုတ်ဘဲ အတိုက်အခံလုပ်နေခြင်းကလည်း အသုံးဝင်မည်မဟုတ်တော့ပေ။စုမုန့် ချက်ချင်း ကြောက်စိတ်ဖျောက်လိုက်ပြီး အတတ်နိုင်ဆုံး စိတ်အေးအေးထားကာ စကားစလိုက်သည်။
"သဘောတူညီမှုတစ်ခုခု လုပ်ရအောင် ဘယ်လိုလဲ..."
xxxxx