အပိုင်း၂၁
Viewers 6k

Chapter 21

(ကျရှုံးခန်း)


"အိုး..  ဘယ်လို သဘောတူညီချက်မျိုး လိုချင်လဲ"  


စုမုန့် စကားကြောင့် ထိုလူမှာ စိတ်ဝင်စားဟန်ဖြင့် အေးအေးဆေးဆေး ခြေချိတ်လိုက်ကာပြုံးပြုံးလေးကြည့်နေသည်။


စုမုန့် ခေါင်းငုံ့ကာ အချိန်အတော်ကြာစဉ်းစားလိုက်ပြီးနောက်.... "ကျိုးမိသားစုမှာ သားတစ်ယောက်ရှိတယ် တစ်ခါမှ မကြားဖူးဘူး ရှင်က ကျိုးကျာကို ခုလိုတအားစိတ်ပူပြီး ဂရုစိုက်နေပုံအရဆိုအစ်ကိုအရင်းပဲဖြစ်ရမယ် ကျိုးမိသားစု နဲ့ ဝေ့မိသားစုတို့က စီးပွား ပုံစံတူတွေ အများကြီးရှိတယ်ဆိုတော့ အပြိုင်အဆိုင်တော့များမှာပဲ ကျွန်မ သိသလောက် တလောတုန်းက ကျိုး  မိသားစုနဲ့ ဝေ့မိသားစု စျေးပြိုင်တင်သွင်းနေကြတယ်ကြားတယ်"


ခဏရပ်လိုက်ပြီးနောက် သူမကဆက်၍...."ကျွန်မက ဝေ့ထင်ရဲ့ဇနီး ဝေ့အိမ်ရဲ့ သခင်မလေးပါ ကျွန်မ ရှင့်နောက်ကွယ်ကနေကူညီပေးရင် ကျိုးမိသားစု အနိုင်ရဖို့အခွင့်အရေးပိုများနိုင်မယ်"


"အဟွတ် အဟွတ်..." ထိုလူက ချောင်းဆိုးနေပြန်၍ နဂိုဖြူဖျော့ဖျော့မျက်နှာမှာ နီရဲလာသည်။


 ငြိမ်သက်သွားပြီးနောက် ထိုလူက... "ကျိုးမိသားစုနဲ့ ဝေ့မိသားစုရဲ့ စီးပွားရေးကိစ္စတွေကို ငါစိတ်ဝင်စားမယ်လို့ မင်းဘယ်လိုသိလဲ"


စုမုန့်က..."ကျွန်မ မသေချာလို့ ရှင်နဲ့ ဆွေးနွေးတိုင်ပင်နေတာ ဒီကိစ္စက ရှင့်အပေါ်ဘာထိခိုက်မှုမှမရှိဘဲ ကောင်းကောင်းအကျိုးရှိမယ်လို့ထင်တယ်  ကျွန်မကိုလွှတ်ပေးရင် လျှို့ဝှက်သတင်းတွေကို ခိုးပေးမယ် ပြီးတော့ ရှင့်ညီမကျေနပ်တဲ့အထိ ကိုယ်တိုင်တောင်းပန်ပေးမယ် မဟုတ်လဲ တခြား လိုချင်တာရှိရင်လဲ ပြောပြနိုင်တယ် ကျွန်မတတ်နိုင်သရွေ့ အကုန်လုပ်ပေးမယ်"


 ထိုလူက သရော်ပြုံးပြုံးကာ..."မစ္စစုက တော်တော် ဉာဏ်ကောင်းတာပဲ အသက်ရှင်ဖို့အတွက် ကိုယ့်ယောကျာ်းကိုတောင် သစ္စာဖောက်ဖို့ ဝန်မလေးဘူးပဲ"


"တခြားနည်းလမ်း မရှိတော့ဘူးလေ ရှင်ကြိုက်တဲ့သူကိုမေးကြည့်လို့ရတယ် ကျွန်မတို့ ဆက်ဆံရေးက သိပ်ကောင်းတာမဟုတ်ဘူး သူက တခြားတစ်ယောက်ကို ချစ်နေတာမလို့ ကျွန်မ သေသေရှင်ရှင်ဂရုစိုက်မှာမဟုတ်ဘူး ပြီးတော့ မကြာတော့ဘူး ကွာရှင်းဖို့လဲ ပြင်ဆင်နေပြီ အဲ့တော့ ကျွန်မကို ရက်စက်တယ်လို့ ပြောလို့ဘယ်ရပါ့မလဲ"  


စုမုန့် မတတ်သာသည့် ပုံစံဖြင့်ပခုံးတွန့်ကာပြောရင်း တဖြည်းဖြည်းနောက်သို့ မှီကာ ပြတင်းပေါက်အဖျားမှအပေါ်သို့မှီလိုက်သည်။သူမစကားအား ထိုလူ စိတ်ဝင်စားသွားပုံရပြီး...


"သူချစ်တဲ့သူ ဟုတ်လား ဝေ့အိမ်ရဲ့ အကြီးဆုံး သခင်ငယ်က ဘယ်မိန်းကလေးကိုမှ ချစ်တဲ့အကြောင်း တစ်ခါမှ မကြားဖူးပါဘူး မစ္စစုကရော သူချစ်တဲ့သူက ဘယ်သူလဲဆိုတာ သိလား"


သူမ စိတ်ထဲ အလွန်ကျေနပ်သွားကာ ကောင်းလှသည် တတ်နိုင်သမျှ အချိန်ဆွဲထားရမည်။ သူမအချိန်အတော်ကြာပျောက်သွားပြီး ဖုန်းခေါ်၍မရတော့ပါက ဆရာကြီး ချက်ချင်း ရဲကို သေချာပေါက်အကြောင်းအကြားလိမ့်မည်။


 စုမုန့် မျက်လုံးများကို နီရဲလာအောင် ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် နာနာကျည်းကျည်းပြောလိုက်သည်။


"သူချစ်ရတဲ့သူက သူ့ညီမဝေ့ရွှယ်ပဲ.... နှစ်ယောက်လုံးက ကျွန်မ နောက်ကျောကို ဓားနဲ့ထိုးသွားတာ"


ခွမ်း....


ဆံရှည်ယောက်ျားလက်ထဲမှ ကင်မရာ လွှတ်ကျသွားသည်။


ထိုလူ: "…"


သူမက မျက်ရည်များကို သုတ်လိုက်၍ ဆက်ပြီး "အဲ့တုန်းက သူ့ကို ချစ်ခဲ့တဲ့ ကျွန်မကိုယ်ကျွန်မ အရမ်းသနားတယ် သူနဲ့လက်ထပ်ရဖို့ ဆရာကြီးနဲ့ အတိုက်အခံလုပ်ပြီး မတွန့်မဆုတ်ပဲ သံယောဇဥ်တွေဖြတ်ခဲ့တာ လက်ထပ်ပြီးတော့လဲ သူ့အချစ်တွေရဖို့ ချမ်းသာတဲ့မိသားစုရဲ့ ကျင့်ဝတ်တွေကို ကြိုးစားလေ့လာပြီး လိုက်နာခဲ့တာ အချိန်တိုင်းနေ့ရက်တိုင်းက ကျွန်မ နှလုံးသားထဲမှာ သူတစ်ယောက်တည်းပဲနေရာယူထားတာ နောက်ဆုံး ကိုယ်ဝန်သာရသွားတယ် သူက ဝေ့ရွှယ်ကိုပဲ ချစ်နေတုန်း  သူ့ရဲ့မွှန်ထူမှုတွေကြောင့်ဝေ့ရွှယ်က ကျွန်မ ကိုယ်ဝန်ပျက်ကျအောင်လုပ်ခဲ့တာ ကျွန်မကလေးကို သူပဲသတ်တာ ဒါပေမယ့် ဝေ့ရွှယ်ကို ကာကွယ်ပေးပြီး ဝေ့ထင်က ဒီသတင်းကိုဖုံးထားတာ"


 ....


ကလေးအကြောင်းပြောပြီးမှ စုမုန့် မျက်လုံးများ ချက်ချင်းနီရဲလာကာ မျက်ရည်ဝဲလာတော့သည်။သူမ မျက်ရည်ကျမလာအောင်အံကြိတ် ထိန်းကာ သူမ၏ အသံသည် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေတော့သည်။


"ကျွန်မ သူတို့ကို အရမ်းမုန်းပေမယ့် လက်စားချေလို့ မရဘူး ကျွန်မက ဆင်းရဲတယ်လေ  ဒီအထက်တန်းစားလူတွေကို ဘယ်လိုရင်ဆိုင်နိုင်မလဲ ဒါကြောင့် ရှင် ကျွန်မကိုလိုအပ်နေသရွေ့ ဝေ့မိသားစုအပေါ် သက်ရောက်မှုရှိစေမယ့် ဘာမဆို ကူညီပေးပါ့မယ်"


ယခင်ဘဝက သူမ၏ ရင်နင့်ဖွယ် ရင်သွေးလေးအကြောင်း တွေးမိသောကြောင့် ခံစားချက်များသည် ပြိုလဲလုနီးပါးဖြစ်ပုံရသည်။


ထိုလူ၏ စူးရှသော မျက်လုံးများက စုမုန့် ထံ စိုက်ကြည့်နေသည်။သူမ၏ စိတ်ခံစားမှုတွေက တကယ့်အစစ်အမှန်အဖြစ် မြင်နေရပြီး ဟန်ဆောင်နေပုံမပေါ် ထို့အပြင် ဝေ့ထင်နှင့်ကွာရှင်းလိုသောသတင်းသည် လျှို့ဝှက်ချက်မဟုတ်ပေ။  နည်းနည်းပါးပါး စုံစမ်းရုံဖြင့် အလွယ်တကူသိနိုင်သည်။


သို့သော်…


ထိုလူက စုမုန့်အား ခပ်ပေါ့ပေါ့အကြည့်ဖြင့် ကြည့်နေကာ..."ဝေ့ထင်နဲ့ မင်းရဲ့ဆက်ဆံရေးမကောင်းဘူးဆိုရင် မင်းနားမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဘာလို့ အစောင့်အရှောက်တွေလွှတ်ထားမှာလဲ မင်းကိုဒုက္ခပေးချင်နေတဲ့ လူအုပ်စုတွေကိုတောင်မှ ကူညီပြီး ဖယ်ရှားပေးခဲ့တာပဲ"


ယခုတစ်ခါ စုမုန့် အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။ဝေ့ထင်က သူမကို ကာကွယ်ဖို့ အစောင့်တွေလွှတ်ထားတယ် ဟုတ်လား...


သူမက မယုံကြည်နိုင်စွာဖြင့်..." မဖြစ်နိုင်ပါဘူး...  သူက ကျွန်မကို အမြဲတမ်း စိတ်ရှုပ်စရာအမှိုက်လို့ပဲမြင်တာ  သူ့မျက်လုံးထဲမှာ ညီမ ဝေ့ရွှယ်ပဲရှိတာ" 


ထိုလူ လုံးဝ လက်ခံပုံမရဘဲ သူက..."စိတ်မကောင်းပါဘူး ဆရာမစု  မင်းဘဝဇာတ်ကြောင်းက အရမ်းဝမ်းနည်းစရာကောင်းပေမယ့် မင်းရဲ့အပေးအယူကို ငါစိတ်မဝင်စားဘူး"


ထို့နောက် သူ့နောက်မှ လူသုံးယောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စုမုန့်ထံပြန်လှည့်ကာ..."မင်းငါ့စကားကို ကောင်းကောင်းနားထောင်နေသမျှ မင်းဆရာကို ငါဘာမှမလုပ်ဘူး ငါ့ညီမကို မင်းအကြောင်း ကောလဟာလတွေ ဖြန့်နေတယ်လို့ ပြောတဲ့အတွက် ဒီကောလဟာလကို တကယ်ဖြစ်လာအောင် လုပ်ရုံပဲ"


သူက ဆံရှည်အမျိုးသားဖက်သို့..."အဆင်သင့်ဖြစ်ပြီလား..."


ဆံရှည်နှင့် အခြားလူနှစ်ယောက်က ကျေနပ်ဝမ်းသားအားရပုံဖြင့် အဝတ်အစားများကို ချွတ်လိုက်ပြီး စိတ်မရှည်ဟန်ဖြင့်..."စောင့်တောင်မစောင့်နိုင်တော့ဘူးကွာ"


ဆံရှည်ယောက်ျားက ကင်မရာကို ချိန်ညှိပြီး ကုတင်ဆီသို့ ချိန်ရွယ်လိုက်သည်။  ထို့နောက် အခြားလူနှစ်ယောက် ယုတ်မာသောအတွေးများအပြည့်ဖြင့် စုမုန့်ဆီသို့ လျှောက်လာကြသည်။


 သူမ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်... သွားပြီ...ဒီတစ်ခါတော့ သူမတကယ်ဘဝဆုံးတော့မည်...


(ဝေ့ထင်နောက်ကျသွားပြီ...)


စုမုန့် တည်နေရာ ရရချင်း သူမကို တင်ခေါ်သွားသော အနက်ရောင်ကားကို တွေ့လိုက်ရတော့သည်။

ဆံပင်အဝါရောင်နှင့် လက်မောင်းတွင်တက်တူးပါသော အမျိုးသားတစ်ဦးက ကားတံခါးကို မှီ၍ ဆေးလိပ်သောက်နေပြီး အခြားလက်တစ်ဖက်ဖြင့် ဖုန်းပွတ်နေသည်။မျက်နှာပေါ်တွင် အပြုံးများပြည့်နေပြီး စိတ်ကောင်းဝင်နေပုံရသည်။


ဝေ့ထင် ကားပေါ်မှအမြန်ဆင်းလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် သူ့ဆီလျှောက်သွားကာအေးစက်စက်လေသံဖြင့်...."မင်း ခေါ်သွားတဲ့ အမျိုးသမီး ဘယ်မှာလဲ"


"မင်းကဘယ်သူလဲ..."


  ဆံပင်အဝါရောင်လူက ဝေ့ထင်အား တစ်ချက်စွေကြည့်လိုက်ပြီး သူ့မေးခွန်းကို ဂရုမစိုက်ဘဲဖုန်းကိုသာ ဆက်ကြည့်နေသည်။


ဝေ့ထင်က ရှေ့ကနေ ဗိုက်ကို လှမ်းကန်လိုက်သောအခါ  ဆံပင်အဝါရောင် အမျိုးသားက မြေပြင်ပေါ် လဲကျသွားပြီး....


"မင်းခေါ်သွားတဲ့ အမျိုးသမီး ဘယ်မှာလဲလို့ ငါမေးနေတယ် သူအခုဘယ်မှာလဲ"


 "မင်းငါ့ကို ကန်ရဲတယ်ပေါ့...." 


 ဆံပင်အဝါရောင်လူက အကန်ခံလိုက်ရသောကြောင့် ချက်ချင်းပင် ပူထူလာပြီး ဝေ့ထင်အားလက်သီးဖြင့် လှမ်းလွှဲလိုက်သည်။တစ်ချိန်တည်းမှာပင် ကားတံခါးပွင့်လာ၍ လူနှစ်ယောက် ထွက်လာကာ သူတို့လူ အထိုးခံနေရသည်ကို မြင်မြင်ချင်း လက်ထဲမှတုတ်များဖြင့် ပြေးလာကြတော့သည်။


ဝေ့ထင်မှာ တုတ်ရိုက်ချက်များကို ရှောင်လိုက်ပြီး အနားမှ လက်နက်မဲ့ ဆံပင်အဝါရောင် လူကို ကန်ထုတ်လိုက်ပြန်သည်။ထို့နောက် တတိယလူ၏ တုတ်ကို ဖမ်းပြီး နှာခေါင်းတည့်တည့် ထိုးလိုက်သောအခါ ချက်ချင်းသွေးထွက်လာသည်။


နောက်ဆုံး ဝေ့ထင်က သုံးယောက်စလုံးအနိုင်ယူလိုက်ပြီး မြေပေါ်သို့ မှောက်ထားကာ သူတို့ထဲမှ တစ်ယောက်၏ ခေါင်းပေါ်သို့ လှမ်းတက်လိုက်ကာ ဒေါသတကြီးဖြင့်...


"နောက်ဆုံးတစ်ခေါက်ထပ်မေးမယ်  မင်းတို့ခေါ်သွားတဲ့ အမျိုးသမီး ဘယ်မှာလဲ ငါ့ကို မပြောရင် မင်းလက်ကို ဖြတ်ပစ်မယ်"


ပြောလဲပြောနေရင်း ရုတ်တရက် တုတ်၏ အချွန်ဘက်ဖြင့် နင်းခံရသူ လက်တည့်တည့် တွန့်ဆုတ်ခြင်းမရှိ စိုက်ထည့်ပစ်လိုက်လေပြီး တန်းလန်းသာထားလိုက်သည်။ထိုသူမှာလက်ကို ဆုပ်ကိုင်ထားရင်း နာကျင်စွာ အော်ဟစ်ငိုကြွေးနေတော့သည်။


ဤလူမှာ ရက်စက်ကြမ်းကြုတ်သောလူဖြစ်ကြောင်း သဘောပေါက်ကာ ဆံပင်အဝါရောင်အမျိုးသားက ကပျာကယာ ငိုယိုကာ အသက်ချမ်းသာပေးရန်တောင်းဆိုတော့သည်။


"အဲဒီအမျိုးသမီးကို ကျိုးမိသားစုက ခေါ်သွားပါတယ်ဘယ်ကို ခေါ်သွားတယ်ဆိုတာ အတိအကျ မသိပေမယ့် အဲ့မိန်းမနဲ့ အိပ်ကြမယ့် ဗီဒီယိုကို ရိုက်ပြီး ဖြန့်မယ်လို့တော့ နားစွန်နားဖျားကြားခဲ့တယ် ကောလဟာလကို အစစ်ဖြစ်လာအောင်တဲ့ ...တခြားဘာမှမသိပါဘူး အသက်ချမ်းသာပေးပါဗျာ ကျွန်တော်တို့က ခိုင်းတဲ့အတိုင်းလုပ်ပေးရုံပါ"


ထိုစကားကြားလိုက်ရသောအခါ ဝေ့ထင် ရင်ဘတ်တစ်ခုလုံးဗြောင်းဆန်သွားသည်။


"ကျိုးမိသားစုက ကျိုးဖုန်းလား... ကျိုးကျာကြောင့်လား'


ကျိုးဖုန်းသည် ငယ်ငယ်ကတည်းက ကျန်းမာရေးချို့တဲ့သူဖြစ်ပြီး အားနည်းလွန်းသောကြောင့် ကျိုးမိသားစုတွင် မထင်ပေါ်သောတည်ရှိမှုဖြစ်လာခဲ့သည်။သူတို့လို မင်းမျိုးမင်းနွယ်မိသားစုအတွက် ဘာကောင်းကျိုးမှမရှိသူဖြစ်သည်။ သက်ကြီးရွယ်အိုများ၏ အကာအကွယ်နှင့် စောင့်ရှောက်မှုမရှိလျှင် အကျိုးစီးပွား ပြိုင်ဘက်များ၏ သားကောင်များ ဖြစ်လာနိုင်သည်။အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ မည်သူမျှ ဂရုမစိုက်ပေ။

သူက ကျိုးကျာထက် နှစ်နှစ်ကြီး၍ မောင်နှမအရင်းကြီးဖြစ်သော်လည်း အဆင့်အတန်းမှာ အလွန်ကွာခြားလှသည်။တစ်ယောက်က မိသားစုမှ ပစ်ပစ်ခါခါစွန့်ပစ်ခြင်းခံရပြီး နောက်တစ်ယောက်မှာတော့ မင်းသမီးလေးကဲ့သို တယုတယ ပျိုးထောင်ပေးကြလေသည်။


ကံကောင်းသည်မှာ ကျိုးကျာက သူမအစ်ကိုကြီးအား အလွန်ချစ်ခင်တွယ်တာ ရှာပြီး နေရာတကာ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။  သူမ ကာကွယ်မှုမရှိဘဲ ကျိုးဖုန်းသည် ယခုအချိန်အထိ အသက်ရှင်နေနိုင်မည်မဟုတ်ဟု ဆိုနိုင်သည်။ထို့ကြောင့် ကြီးလာသောအခါ ကျိုးကျာမှာ သူ့အတွက် အရာအားလုံးဖြစ်လာပြီး နှလုံးသားထဲတွင် သူမထက် ဘယ်အရာကမှ ပိုအရေးမပါတော့ပေ။သူမကို ထိခိုက်နာကျင်စေသော လူမှန်သမျှကို ရက်ရက်စက်စက် အမြန်ဆုံး ဖျက်ဆီးပစ်နိုင်သည်။


 ....


 "သူတို့အခု ဘယ်သွားလိုက်တာလဲ"


 ဝေ့ထင်မှာ ယခုအချိန်တွင် ဒေါသအပြည့်ဖြင့်ပူလောင်နေပြီး မထိန်းနိုင်တော့ဘဲ မာန်ဖီနေသောခြင်္သေ့တစ်ကောင်အလား ထိုလူ၏ဦးခေါင်းကို ခြေဖဝါးအောက်၌ ပြင်းပြင်းထန်ထန် နင်းလိုက်လေသည်။


ထိုလူမှာ မျက်နှာအနှံ့ သွေးထွက်နေပြီး မျက်ရည်နှာရည် တယိုယိုဖြင့် ကြောက်ရွံ့ငိုယိုကာ တောင်းပန်နေသည်..."အစ်ကိုကြီးရယ်ကျွန်တော်တကယ်မသိလို့ပါ  ကျိုးမိသားစုဆိုတာ ကျွန်တော်တို့လိုကောင်မျိုးတွေက ဘယ်လိုအာခံရဲမှာလဲဗျာ သူတို့အကြောင်း မေးတောင်မမေးရဲပါဘူးဗျာ"


ထိုလူကို သူအတော်ညှာတာပေးနေသလိုများဖြစ်နေပြီလား.... ဝေ့ထင်နှုတ်ခမ်းထက် သရော်ပြုံးလေး ကွေးသွားပြီး မျက်လုံးများကတော့ လူသတ်ရန်ပင် ဝန်လေးပုံမရတော့ပေ....  


"မင်းက ကျိုး မိသားစုကို အာမခံရဲပေမယ့် ဝေ့ မိသားစုကိုတော့ အာခံရဲတယ်ဆိုပါတော့"


ပြောဆိုရင်း ရုတ်တရက်ခြေထောက်အား မြှောက်လိုက်ကာ ထိုလူ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ကန်တော့မည်။ မြင်ကွင်းက လူကို လုံးဝ ထိတ်လန့်စေသည်။

တကယ်တမ်း ဤလူက ဝေ့မိသားစုထဲက ဖြစ်၍ ဝေ့မိသားစုမှာ ကျိုးမိသားစုထက်ပင် သွားရှုပ်မိလျှင် မတွေးရဲစရာကောင်းလောက်အောင် ခက်ထန်ကြသူများဖြစ်သည်။ချက်ချင်းဆိုသလို နောင်တရသွားပြီး ပိုက်ဆံလိမ်လိုက်တာ ကောင်းသောလည်း သူ့အပြစ်ချည်းပင် ယခု သူ မိသားစုနှစ်စုလုံးကို တပြိုင်နက်ထဲ ရန်သွားစမိလေသည်။ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးရင်း နောက်ဆုံးတော့ သူက....


"သူတို့ ဘယ်သွားမှန်း မသိပေမယ့် ကျွန်တော့မှာ ဘော့စ် ဖုန်းနံပါတ်ရှိပါတယ် ပေးပါမယ့် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ချမ်းသာပေးပါ"


နောက်ဆုံးစကားကြားမှ ဝေ့ထင်က ထိုလူကို လွှတ်လိုက်သည်။ထိူလူက ဖုန်းကို တုန်တုန်ယင်ယင်ထုတ်လိုက်ပြီး ဆက်သွယ်ရေးမှတ်တမ်းထဲမှ နံပါတ်တစ်ခုကို သူ့အား ဗလုံးဗထွေးပြောကာ ပြသည်....


"ဒီ…ဒီဟာ...ဘ...ဘ...ဘောစ့်....ဘော့စ်ကြီး" 


ဝေ့ထင် သူ့ဖုန်းကို ဆတ်ခနဲဆွဲယူလိုက်ပြီး ထိုလူပြသော နံပါတ်ကို နှိပ်လိုက်သည်။


ပီပီပီ' အသံကိုကြားသောအခါ သူ ထိတ်လန့်ခြင်းအရိပ်အမြွက်ကို ခံစားလိုက်ရသည်။ ဖုန်းကိုင်ထားသော သူ့လက်မှ သွေးကြောများက ဖောင်းပွနေပြီ။

အချိန်အတော်ကြာအောင် မြည်ပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ဖုန်းကိုင်တော့သည်။

သို့သော်လည်း အခြားတစ်ဘက်မှ ဘာအသံမျှထွက်မလာဘဲ ဖျတ်ခနဲ အသက်ရှူသံကိုသာ ကြားလိုက်ရသည်။


"ကျိုးဖုန်း...စုမုန့်ဘယ်မှာလဲ" 


 ဝေ့ထင် မျက်လုံးများနီရဲနေပြီး သူ့အသံမှာ ကျယ်လောင်စွာဟိန်းထွက်လာတော့သည်။သေချာပေါက် ဝေ့ထင်ဖြစ်နေသည်ကို ကျိုးဖုန်းသိလိုက်ရပြီး ရယ်မောကာ စိတ်ပျက်စရာအသံအက်အက်ဖြင့်....


"ဟာ...ဒါ ဝေ့အိမ်က သခင်ငယ်လေးပဲ....မင်းမိန်းမက မဆိုးဘူးနော်"




xxxx