Chapter 22
(တယ်လီဖုန်းထဲမှာ ထိပ်တိုက်တွေ့ကြခြင်း)
"ငါ မင်းကို သတိပေးမယ်…သူမနဲ့ဝေးဝေးနေ..မင်းအခုဘယ်မှာလဲ...မင်းတစ်ခုခုလိုအပ်ရင် ငါ့ကိုလာတွေ့ပါ.. သူမ ဘာမှမသိဘူး"
ဝေ့ထင် က သူ့အသံကို ထိန်းထားပြီး ဒေါသတကြီးသတိပေးသည်။ သို့သော် သူ၏သတိပေးချက်မှာ ကျိုးဖုန်း ကိုလုံးဝမထိရောက်စေပေ။ကျိုးမိသားစု၏ အင်အားသည် ဝေ့မိသားစုလောက် မကောင်းသော်လည်း အစိုးရ၏ ကျောထောက်နောက်ခံရှိသည်။ တစ်ကယ်သာ ထိပ်တိုက်တွေ့ကြလျှင် ဒုက္ခရောက်သွားနိုင်၏။
ကျိုးဖုန်း နှစ်ကြိမ် ချောင်းဆိုးပြီးနောက်
"ဥက္ကဌဝေ့ က မစ္စစု ကို ကွာရှင်းမှာ မဟုတ်ဘူးလား..မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တော်တော်ဆိုးတယ်လို့ ငါကြားတယ်... အခု မင်း သူမအတွက် ဘာလို့ အရမ်းစိုးရိမ်နေတာလဲ... ငါကြားခဲ့တာတွေက မမှန်ဘူးလား…မင်းတို့ရဲ့ဆက်ဆံရေးက တစ်ကယ်ကောင်းနေဆဲပဲလား…အဟွတ် အဟွတ်"
ကျိုးဖုန်း သည် ဝေ့ထင် စိတ်အနှောင့်အယှက်ဖြစ်စေမည့် အကြောင်းအရာကို တမင်ရှောင်ကာ ပြောခဲ့ခြင်းဖြစ်သည်။ သာမာန်အားဖြင့်ဆိုလျှင် ဝေ့ထင် သေချာပေါက် သတိထားမိနိုင်သည်။ သို့သော် ယခုအချိန်တွင် သူ့နှလုံးသားသည် စုမုန့် နှင့်သာ ပြည့်နှက်နေသည်။ ဖုန်း၏တစ်ဖက်စွန်းမှ အသံက သူ့နားကို လွှမ်းမိုးထားလျက်ရှိ၏။သူ ဤမျှထိ စိတ်မလှုပ်ရှားဖူးပေ။ ယခုတော့ စိတ်ကိုဘယ်လို တည်ငြိမ်အောင်ထားရမှန်းပင် မသိတော့။
ကံကောင်းထောက်မစွာပင်၊သူစိုးရိမ်နေသော်လည်း သူ၏ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်းမှာ အကောင်းအတိုင်း ရှိနေသေးသည်။ သူသည် ကျိုးဖုန် းနှင့် ဖုန်းမပြောမီ ကျိုးဖုန်၏ ဖုန်းနံပါတ်ကို ကျူးရွှင်း ထံသို့ ပေးပို့ထားပြီးဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦး ဖုန်းပြောနေကြချိန်တွင် ကျူးရွှင်းက တည်နေရာကို ရှာဖွေရန် နည်းပညာဌာနကို တောင်းဆိုထားပြီးဖြစ်သည်။
ကျိုးဖုန်းသာ ဖုန်းမချပါက၊ သူ့လိပ်စာကို မပေးလျှင်တောင် ဝေ့ထင် သူ့ကို ရှာတွေ့နိုင်မှာဖြစ်၏။ သို့သော်လည်း ကျိုးဖုန်း၏ စိတ်ကို တည်ငြိမ်အောင်ထားရန် လိုအပ်သည်။သူက တစ်ကယ့်အရူးပင်။ သူသည် ကျိုးမိသားစုတွင် မကြာခဏ အပြင်မထွက်ဘဲ သူနှင့်အဆက်အသွယ်ရှိသူ အလွန်နည်းပါးသော်လည်း၊ မိသားစုကြီး၏ အကြီးဆုံးသားဖြစ်သောကြောင့် ဝေ့ထင် သူ့စရိုက်ကို ကောင်းစွာသိသည်။
"ဒါဆို မင်းက ဘာလိုချင်တာလဲ..သူမက မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး... တခြားတစ်ယောက်ကြောင့် သူမကိုဖမ်းထားတာမဟုတ်လား... ဒါဆို မင်းကို ဒီလောက်ထိ သတ္တရှိလာအောင် ဘယ်သူမြှောက်ပေးလိုက်တာလဲ… ကျိုးကျာ ကလွဲပြီး တခြားတစ်ယောက် မရှိဘူးမလား...ကျိုးမိသားစုရဲ့ သားကြီးက အရမ်းအားနည်းပြီး ဖျားနေတယ်ဆိုတာကို ငါသိတယ်...မင်းကို မိသားစုက လည်း စွန့်ပစ်ထားလို့ ညီမဖြစ်သူကို မှီခိုနေရတယ််လား"
ဝေ့ထင် သည် တစ်နှစ်ပတ်လုံး စီးပွားရေးကိစ္စတွင် ခေါင်းနှစ်ထားသူဖြစ်သည်။ ထို့ကြောင့် သူ ခဏတာ အထိတ်တလန့်ဖြစ်သွားသော်လည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။သူ အထိတ်တလန့်ဖြစ်ပါက၊ ပြဿနာကို မဖြေရှင်းနိုင်ဘဲနေလိမ့်မည်။သူ ယခု လုပ်ရမည့်အရာက ကျိုးဖုန်းနှင့် ညှိနှိုင်းပြီး သူ့တည်နေရာကိုရှာတွေ့ဖို့ စောင့်ရမယ်ဖြစ်သည်။
"ဟီးဟီး ဥက္ကဌဝေ့ ဘာမှ မပြောရဲပါလား...မင်း ငါ့ကို လာစရင် သူမနဲ့ထပ်မတွေ့ရတော့မှာကို မင်းကြောက်တာ မလား"
ကျိုးဖုန်း လေသံက နည်းနည်းမှ မပြောင်းဘဲ တည်ငြိမ်လျက်ရှိ၏။သူတို့ နှစ်ယောက်စလုံး လေသံက အေးဆေးနေခြင်းဖြစ်ကာ အကြောင်းမသိပါက၊မိသားစုချင်း ပုံမှန်ပြောဆိုနေသလိုပင်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် သတိထားကာ ပြောဆိုလျက်ရှိသည်။ဝေ့ထင် သည် မည်ကဲ့သို့ ထိုးနှက်ရန် ကြိုးစားနေပါစေ၊ ကျိုးဖုန်း သည် စကားလမ်းကြောင်းကို တစ်ဖက်သို့ အမြဲပြောင်းလျက်ရှိသည်။ ပြန်မဖြေဘဲလည်း နေသည်။ ဝေ့ထင် ရင်ထဲမှာဗလောင်ဆူနေသော်လည်း သူ့မျက်နှာမှာ ဘာအမူအရာမှ မပြပေ။ပုံမှန်အတိုင်းပင် ပြောနေကျလိုမျိုးပြောနေချိန်တွင် သူသည် ကျူးရွှင်း၏ အဖြေကို စောင့်ဆိုင်းနေခဲ့သည်။
နောက်ဆုံးတွင် နှစ်ယောက်သား မိနစ်အနည်းငယ်ကြာ စကားပြောပြီးနောက် ကျူးရွှင်းက မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။ကျိုးဖုန်း၏ တည်နေရာဖြစ်သည်။
မက်ဆေ့ချ်ပို့လိုက်သည်နှင့်ပင် ကျိုးဖုန်း ရယ်မောလိုက်ပြီး သူ့လေသံမှာ လှောင်ပြောင်သရော်မှုအပြည့်ရှိသည်။
"ဥက္ကဌဝေ့...ငါမင်းနဲ့စကားပြောနေတာကြာပြီ… အခု ငါဘယ်ရောက်နေလဲ မင်းသိသင့်ပြီမဟုတ်လား…မင်းမသိသေးရင် မင်းအပေါ်ထားတဲ့ ငါ့အမြင်ကို ပြောင်းသင့်တယ်…ငါကတော့ မင်းအပေါ်မှာထားတဲ့ ငါ့ရဲ့မျှော်လင့်ချက်တွေကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ငါမျှော်လင့်တယ်... မဟုတ်ရင် ပြိုင်ဘက်က အရမ်းအားနည်းရင် ဘယ်လိုလုပ်ပြီး ကစားပွဲက ပျော်ဖို့ကောင်းမှာလဲ”
ထိုသို့ပြောပြီးနောက် ဝေ့ထင်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ဖုန်းချလိုက်သည်။ တစ်ချိန်တည်းမှာပဲ ကျူးရွှင်း သည်လည်း ကားပေါ်တက်လိုက်သည်။ ဝေ့ထင် တစ်ယောက်တည်း ထွက်သွားသဖြင့် တစ်ခုခုဖြစ်သွားမှာ ကြောက်သည့်အတွက် ဝန်ထမ်းများကို တာဝန်ပေးအပ်ပြီး ဝေ့ထင်နောက်ကို အနီးကပ်လိုက်ခဲ့လေသည်။သို့သော် ဝေ့ထင်သည် အရှိန်ပြင်းစွာ မောင်းနှင်နေသောကြောင့် သူ လိုက်မမီဘဲ ရှိသည်။ကံကောင်းစွာပင် နည်းပညာဌာနသည် ကျိုးဖုန်း၏ တည်နေရာကို သတင်းပို့ခဲ့သည်။ နည်းပညာဌာနမှ တည်နေရာ အစီရင်ခံစာကို ရပြီးနောက်၊ သူသည် ဥက္ကဌဝေ့၏
ကိုယ်ရေးကိုယ်တာ အဆက်အသွယ်အချက်အလက်များ ရရှိထားသူ တစ်ဦးတည်းသာ ဖြစ်သောကြောင့် ဝေ့ထင်ထံ ချက်ချင်း ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ဒီလူတွေကို မင်းနဲ့ထားခဲ့မယ်...ငါက စုမုန့် ကို သွားရှာလိုက်မယ်"
ဝေ့ထင် သည် နောက်ကကားနှင့်အမီလိုက်လာသော ကျူးရွှင်းကိုတွေ့လိုက်လျှင် ဖုန်းနှင့်ထိုသို့ပြော၍ ဆက်လက် မောင်းနှင်သွားခဲ့သည်။သို့နှင့်၊ ကျူးရွှင်းသည် လူမိုက်အချို့ကို စောင့်ကြည့်နေရစ်ခဲ့သည်။သူ့သဘောနှင့်ဘာမှလုပ်၍မရချေ။ဥက္ကဌဝေ့က အမိန့်ပေးသည့်အတွက် ပြောသည့်အတိုင်းပဲ လုပ်နိုင်၏။ မြေပြင်ပေါ်တွင် တုန်လှုပ်နေသော လူဆိုးများကို ကြည့်ရင်း၊သူ ရှေ့သို့ လှမ်းလာပြီး ဆံပင်အဝါရောင်နှင့် လူကိုကန်လိုက်သည်။
“မင်း ဘယ်သူ့ကို သွားရှုပ်တယ်လို့ထင်လဲ.... ငါတို့ဥက္ကဌဝေ့နဲ့ မင်းဘာလို့ရှုပ်နေရတာလဲ…မင်းအသက်ကိုတောင် ပြန်ရနိုင်ပါ့မလား မသိဘူး”
ထိုသို့ပြောပြီးနောက် သူက မြေပြင်ပေါ်ရှိလူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်လိုက်၏။
“ဒါတွေက သခင်မလေးကို ဖမ်းတဲ့သူတွေပဲ...ဥက္ကဌဝေ့က ကျိုးဖုန်းကို သွားရှာတယ်...မင်းတို့တွေ လာပြီး ဒီဟာတွေကို ကြည့်လုပ်လိုက်ကြ…ငါက ဥက္ကဌဝေ့ကို သွားရှာမယ်… မဟုတ်ရင် သူတစ်ယောက်တည်း အဆင်ပြေမှာ မဟုတ်ဘူး"
မြေပြင်မှလူများသည် ကျူးရွှင်း စကားကိုကြားသောအခါ ပို၍ပင် တုန်လှုပ်သွားကြသည်။ သူတို့သည် သနားညှာတာမှုကို တောင်းခံချင်သော်လည်း သူတို့လှုပ်လိုက်သည်နှင့် ကျူးရွှင်း ထံမှ အကန်ခံလိုက်ကြရလေသည်။
(ဝေ့ထင်ကိုလာစ,ခြင်း...)
ကျူးရွှင်း အပြင်းအထန်သတိပေးခဲ့သည်။
“မင်းတို့ အနေအထိုင်ဆင်ခြင်ရင်ကောင်းမယ်…ငါ့မှာ မင်းတို့ဓာတ်ပုံတွေရှိတယ်…မင်းတို့ကို ခေါ်သွားမယ့်သူက ဒီမှာရှိပြီးသား...ထွက်ပြေးရင် အကျိုးဆက်က ဆိုးလိမ့်မယ်နော်... မင်းတို့ရဲ့ အလောင်းကို မင်းတို့မိသားစုကတောင် ရှာမတွေ့ဘဲ ဖြစ်သွားမယ်"
ဝေ့မိသားစုအကြောင်းကို ဗဟုသုတအချို့ရှိသူတိုင်း ဝေ့မိသားစု၏ အခြေအနေကို သိကြပြီး သွားစဖို့ နှိုးဆော်ရန် သတ္တိမရှိကြပေ။ ဤလူဆိုးများသည် အောင်မြင်မှုများစွာမရရှိထားဘဲ သြဇာကြီးမားသူတိုင်းကို အစ်ကိုကြီးဟု ခေါ်ဝေါ်ကြသည့် ကပ်ဖားသမားများဖြစ်၏။ သူတို့သည် ချမ်းသာသောမိသားစုများ၏ စည်းမျဉ်းများကို သိထားကြသည်။ သို့မဟုတ်ပါက သူတို့ ဤမျှကြာရှည်စွာ လုံခြုံနေရန် မဖြစ်နိုင်ပေ။
ဝေ့မိသားစု၏ သခင်မလေးကို ပြန်ပေးဆွဲရခြင်းမှာ စုမုန့်သည် အများအားဖြင့် လူသူကြားထဲတွင် ပေါ်မလာတာကြောင့်ပင်။ ထို့ကြောင့် သူမကို လူတော်တော်များများ မသိကြချေ။ ဝေ့မိသားစု၏ သခင်လေးတွင် ဇနီးတစ်ယောက်ရှိနေသည်ကို တော်တော်များများ မသိကြပေ။
ကျိုးမိသားစုသည် လုပ်ငန်းကြီးကြီးမားမားရှိပြီး ငွေအမြောက်အမြားပေးလိုသောဆန္ဒရှိခဲ့သည်။ ထို့ကြောင့် ယခုဖမ်းဆီးထားသူမှာ မည်သူမည်ဝါဖြစ်သည်ကို သိလိုက်ရသဖြင့် တုန်လှုပ်ဝမ်းနည်းရသည်။ သူတို့သည် အစကတည်းက စုမုန့် အကြောင်းကိုသာ သိခဲ့လျှင် ပိုက်ဆံဘယ်လောက် ပေးပေး၊ သူမအား ဖမ်းဝံ့မည်မဟုတ်ပေ။ ယခုသူတို့ကို ဥက္ကဌဝေ့က ပစ်မှတ်ထားတာကြောင့် ပြေးဖို့တောင် မဝံ့ရဲတော့ပေ။ သူတို့သာ နာခံမှုရှိလျှင် အသက်ကိုတော့ ချမ်းသာပေးနိုင်သေးသည်။ ထွက်ပြေးရန် သတ္တိရှိလျှင် အတင်းလိုက်ရှာ၍ သတ်ကြပေလိမ့်မည်။ ချမ်းသာသည့်မိသားစုကလူတွေက ဥပဒေကို ဂရုမစိုက်ပေ။ သူတို့ ရှာချင်သည့်မည်သူမဆို အကွက်လေးတစ်ကွက် ရွှေ့လိုက်သည်နှင့် သူတို့သတ်ချင်သည့်ဘယ်သူမဆို သေသွားနိုင်၏။
ထို့ကြောင့် ကျူးရွှင်း က ဖုန်းဆက်ပြီးသည်နှင့် ဤလူဆိုးတွေ ထွက်ပြေးသွားမှာကို သူ လုံးဝစိတ်မပူခဲ့ပေ။ထို့နောက် သူ့ကားကို မောင်းပြီး ဝေ့ထင်နောက်ကို ဆက်လိုက်သွားသည်။
ဤနေရာသည် လူခေါင်သောကြောင့် လမ်းပေါ်တွင် ဘယ်သူမှ မရှိသလို၊ ကားတစ်စီးမှပင် အရိပ်အယောင်မတွေ့ရပေ။ထို့ကြောင့် ဝေ့ထင် သည် စုမုန့် ၏ လက်ရှိအခြေအနေအတွက် စိုးရိမ်နေရသည်။ လီဗာအောက်ခြေအထိ ဖိနင်းကာ အရှိန်မြှင့်လိုက်သည်နှင့် ကားက အရှိန်ပြင်းစွာ မောင်းနှင်လာသည်။
ကျူးရွှင်း က သူ့ကို ပို့လ်ိုက်သည့်နေရာက ခြံကြီးတစ်ခုထဲမှာဖြစ်၍ ကျိုးဖုန်း၏ ကိုယ်ပိုင်အိမ်ဖြစ်နိုင်သည်။ထိုခြံထဲကို ရောက်ဖို့ နာရီဝက်လောက်ကြာသည်အထိ မောင်းရ၏။ အိမ်တံခါးကြီးမှာ မပိတ်ထားဘဲ လုံခြုံရေးအစောင့် ဒါဇင်ပေါင်းများစွာက တံခါးနားမှာ ရပ်နေကြသည်။ ဝေ့ထင် ကားမောင်းလာသည်ကိုမြင်သောအခါ သူတို့က တလေးတစား နှုတ်ဆက်ပြီးသွားခွင့်ပေးလိုက်ကြသည်။ ကျိုးဖုန်းက သူလာမည်မှန်း သိသဖြင့် စောင့်နေကြခြင်းပင်။
ဝေ့ထင် ဝင်လာပြီးနောက် လုံခြုံရေးအစောင့်များသည် တာဝန်ပြီးဆုံးသွားပုံရသလိုမျိုး ခြံထဲကို လျှောက်လာပြီးတော့ တံခါးကို ပိတ်လိုက်ကြသည်။ ဝေ့ထင် စုမုန့်ကို စိတ်ပူနေရသဖြင့် နောက်ကြည့်မှန်ကနေ သတိထားမိသော်လည်း သူ ဂရုမစိုက်လိုက်ချေ။ဆိုင်ရှေ့ရှိ လုံခြုံရေးအစောင့်တစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့သည်။ လမ်းသည် ချောမွေ့၍ အတားအဆီးမရှိဘဲ ဟိုတယ်နှင့်တူသော အထပ်မြင့် အဆောက်အအုံတစ်ခုသို့ ရောက်သောအခါ သူကားပေါ်မှ ဆင်းခဲ့သည်။ထိုအခါ လုံခြုံရေးအစောင့်က လမ်းလျှောက်လာပြီး
“သခင်လေးက ရှစ်ထပ်မှာ စောင့်နေတယ်"
ထိုသို့ပြောပြီး ထွက်သွားသည်။
ဝေ့ထင် ဝင်လာသည့်အခါ အနောက်က အနီးကပ်လိုက်လာသော ကျူးရွှင်း လည်း ရောက်လာသည်။သို့သော် အိမ်တံခါးကို ပိတ်ထားသဖြင့် သူ ဝင်၍မရဖြစ်နေသည်။ သူဘယ်လောက်ပဲ ဟွန်းတီးနေပါစေ တုံ့ပြန်မှုမရရှိခဲ့ပေ။ ကံကောင်းစွာ၊ သူ ကြိုတင်စီစဉ်ထားသည့်အတိုင်း သူ့လူများကလည်း အနောက်မှ လိုက်လာပြီဖြစ်၍ တစ်ခုခုဖြစ်လျှင် အလွယ်တကူ ဖြေရှင်းနိုင်မည်ဖြစ်၏။ ဝေ့ထင် ၏ အခြေအနေအရ ကျိုးဖုန်း သည် သူ့အား ဘာမှမလုပ်ဝံ့ကြောင်း ယုံကြည်သည်။ ဝေ့ထင် သည် ဝေ့မိသားစု၏ တစ်ဦးတည်းသောသားဖြစ်သည်။ တစ်ခုခုဖြစ်ခဲ့လျှင် ကျိုးမိသားစုတစ်ခုလုံး ဒုက္ခရောက်သွားနိုင်၏။ထို့ကြောင့် ကျူးရွှင်းသည် ဝေ့ထင် အခေါ်ကိုသာ ကားထဲမှာ တိတ်တဆိတ်စောင့်နေလေသည်။
ဝေ့ထင် ဝင်လာပြီးနောက် ပထမထပ်မှာ ရပ်ထားသည့် ဓာတ်လှေကားကို သူတွေ့လိုက်ရသည်။ သူ ခဏလောက်ရပ်ကြည့်ပြီး စင်္ကြံထဲကို တိုက်ရိုက်ဝင်သွား၏။ ဘေးကင်းမှုကို အာမမခံနိုင်သော မရင်းနှီးသည့်ပတ်ဝန်းကျင်တွင်၊ လှေကားကိုအသုံးပြုခြင်းကသာ ယုံကြည်စိတ်ချရဆုံးနည်းလမ်းဖြစ်သည်။ သူသည် သက်လုံကောင်းသူဖြစ်၍ ရှစ်ထပ်အထိ ရောက်လာသော်လည်း အသက်ရှူအနည်းငယ်မမှန်သည့်မှလွဲ၍ လွန်စွာမောဟိုက်မနေပေ။
ကျိုးဖုန်း သည် ဓာတ်လှေကားနှင့် ဆန့်ကျင်ဘက် အခန်းတံခါးဝတွင် ထိုင်ကာ သူ့ကို စောင့်ဆိုင်းနေသည်။ဝေ့ထင် စင်္ကြံကနေ ထွက်လာသည်ကို မြင်တော့ သူက
“ဥက္ကဌဝေ့က ငါ မျှော်လင့်ထားတဲ့အတိုင်းပါပဲ... မင်း တော်တော်သတိထားတာပဲ... ဒီကို တစ်ယောက်တည်း လာရတာ သိပ်ကိစ္စမရှိဘူး မဟုတ်လား”
"စုမုန့် ဘယ်မှာလဲ"
“မစ္စစုကို မင်းဘယ်လောက် ဂရုစိုက်လဲဆိုတာကြည့်လိုက်တော့ ငါ့ရထားတဲ့ အချက်အလက်တွေက မှန်ကန်ရဲ့လားလို့ ရုတ်တရက် သံသယဖြစ်မိတယ်...မင်းတို့တွေ တစ်ကယ်ပဲ လမ်းခွဲရတော့မှာလား…မစ္စစုက မင်းတို့နှစ်ယောက်ကြားမှာ အချစ်မရှိဘူးလို့ ပြောပြီး မကြာခင် ကွာရှင်းတော့မယ်လို့ ပြောနေပေမယ့် မင်းက သိပ်စိတ်ပူပြနေတော့ ငါလှည့်စားခံရတာလား"
ကျိုးဖုန်း ရယ်မောလိုက်သည်။ သူသည် ဖြည်းညှင်းစွာပြော၍ သူ့ပါးစပ်ထောင့်များက ပြုံးနေသော်လည်း သူ့မျက်လုံးများမှာ အလွန်ရက်စက်ကြမ်းကြုတ်နေသည်။
ဝေ့ထင်က မျက်မှောင်ကြုတ်လိုက်၍ ကျိုးဖုန်း ရှေ့သို့သွားလိုက်ကာ ကြွက်သားတောင့်တင်းသော ယောက်ျားသားနှစ်ဦး အခန်းအပြင်သို့ ထွက်လာခဲ့သည်။ သူတို့ထဲက တစ်ယောက်က တက်တူးထိုးထားပြီး နောက်တစ်ယောက်က ဆေးလိပ်သောက်နေသည်။ထိုသူနှစ်ယောက်က သူနှင့် ကျိုးဖုန်း ကြားတွင် ရပ်နေလိုက်သည်။သူတို့ပုံစံက ကျိုးဖုန်းကို ကာကွယ်လိုပုံရသည်။
"စုမုန့် ဘယ်မှာလဲ… စုမုန့် ကို အခုချက်ချင်းပြန်လွှတ်ပေးရင် နောက်ဆို မင်းတို့ကို ငါတို့မိသားစု တစ်စက်မှ ထိမှာမဟုတ်ဘူးလို့ အာမခံတယ်"
xxxxxxx