အပိုင်း၂၃
Viewers 8k

Chapter 23

(စုမုန့် အသတ်ခံရသည်)


"အဟွတ် အဟွတ်...အဟွတ် အဟွတ်"


ကျိုးဖုန်း ပါးစပ်ကို အုပ်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြန်သည်။  ထို့နောက် ဝေ့ထင် ၏ စကားများကို သူ လုံးဝ ဂရုမစိုက်သလို ပြုံးပြီး


 “ငါ့ခန္ဓာကိုယ်ကို ကြည့်စမ်း…ဒီလိုဖြစ်နေပြီ…ငါ့မှာ အသက်ရှင်ဖို့ ရက်တွေ အများကြီး မကျန်တော့ဘူး...လူတစ်ယောက်သေတယ်ဆိုတာ မီးသီးတစ်လုံးကိုမီးမှိတ်လိုက်သလိုမျိုး မှောင်မဲပြီး သူ့အရင်ဘဝကသူတွေကို သိတော့မှာမဟုတ်ဘူး…အခု ငါက ကျိုးမိသားစု ကိစ္စတွေကို ဂရုစိုက်သေးတယ်လို့ မင်းထင်နေလား... ကိုယ့်အသက်ကိုယ်တောင် ဂရုမစိုက်တော့ဘူး... ငါမသေခင်မှာ ပျော်စရာတစ်ခုခုကို လုပ်နိုင်တယ်ဆိုရင် အနည်းဆုံးတော့ ငါဒီလောက်အကြာကြီး နေလာရတာ အလကားမဖြစ်တော့ဘူးပေါ့"


 “ဥက္ကဌဝေ့ မင်းမိန်းမပြောသလိုမျိုး မင်းတို့ မကွာရှင်းသေးဘူး...သူမက မင်းအတွက် အရမ်းအရေးကြီးတယ်ဆိုတာ သေချာတယ်…အဲဒီတုန်းက အင်တာနက်ပေါ်ပြန့်သွားတာက ကောလဟလဆိုရင် ဒီကိစ္စကို လက်တွေ့အဖြစ် ပြောင်းလဲပြီး အွန်လိုင်းမှာ ယောက်ျားများစွာနဲ့အတူအိပ်ထားတဲ့ မင်းမိန်းမရဲ့ ဗီဒီယိုကို တင်လိုက်ရင် ဘာဖြစ်မယ်လို့ ထင်လဲ"


ကျိုးဖုန်း သည် အမှန်တစ်ကယ်ပင် အရူးတစ်ယောက်ဖြစ်သည်။သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက် တစ်ခုမှ မရှိဘဲ ထမင်းစားပြီးပြီလားဟု သမရိုးကျအမေးတစ်ခုကို မေးနေသလိုမျိုး တည်ငြိမ်အေးဆေးလှ‌ပေ၏။


ဝေ့ထင် ၏ နှလုံးသားမှာတုန်လှုပ်သွားသည်။ ကျိုးဖုန်း ဤမျှ အေးအေးဆေးဆေး ပြောနေပုံကိုထောက်လျှင် သူတစ်ကယ်ပဲ ထိုသို့လုပ်ထားသည်ဟု ဆိုလိုခြင်းဖြစ်၏။ အခန်းတံခါးကို ဖွင့်ထား၍ ဧည့်ခန်းကိုသာ မြင်နိုင်သော်လည်း အိပ်ခန်းကိုမတွေ့ရပေ။ အထဲမှာလည်း ဘာသံမှ မကြားရ။ စုမုန့် ကို သူ တစ်ကယ်သတ်ခဲ့တာ ဖြစ်နိုင်ပါ့မလား..


ဝေ့ထင် သည် အခန်းထဲသို့ ၀င်သွားမည်ပြုစဥ် လူထွားကြီးနှစ်ယောက်က သူ့ကို တားချင်သော်လည်း ကျိုးဖုန်းက ဘာမှမပြောသဖြင့် လမ်းဖွင့်ပေးလိုက်ကြသည်။ဝေ့ထင် အိပ်ခန်းတံခါးကိုဖွင့်ရန် လက်ကိုင်ကို ကိုင်ထားသည့် လက်သည် အနည်းငယ် တုန်ရီနေသည်။ အခန်းကလုံးဝတိတ်ဆိတ်လျက်ရှိ၏။ တံခါးကို မဖွင့်ခင် စက္ကန့်အနည်းငယ်ကြာအောင် သူ တုံ့ဆိုင်းသွားသည်။ အခန်းထဲမှ အခြေအနေကို သူမြင်လိုက်သောအခါ အမြဲတမ်းငြိမ်သက်နေခဲ့သော သူသည် ရုတ်တရက် ခံစားချက်မျိုးစုံက သူ့မျက်နှာပေါ်တွင် လူးလာခေါက်ပြန်နေပြီး သူ့လက်ပေါ်ရှိ သွေးပြန်ကြောများ ဖောင်းပွလာသည်။

 အိပ်ခန်းထဲရှိ နှင်းလိုဖြူလှသော ကုတင်ကြီးပေါ်တွင် သွေးကွက်များ ရှိနေသည်။ အမျိုးသမီးအဝတ်အစားတွေ က စုတ်ပြဲပြီး နေရာအနှံ့ပွနေသဖြင့် တစ်ခန်းလုံး လေးလံထိုင်းမှိုင်းနေသည်။  ရန်ပွဲဖြစ်ထားဟန်တူသော သဲလွန်စတွေ ရှိခဲ့သော်လည်း စုမုန့်သည် လောလောဆယ် ဤနေရာတွင်မရှိ။ ဖရိုဖရဲအခန်းက အလွတ်ဖြစ်နေကာ ကုတင်ခေါင်းရင်းမှာတပ်ဆင်ထားသည့် ဗီဒီယို ကင်မရာတစ်လုံးပဲ ရှိသည်။


ဝေ့ထင် အမြန်လျှောက်သွား၍ ကြည့်သော်လည်း ဗီဒီယိုကင်မရာထဲတွင် ဘာမျှမရှိသည်ကို တွေ့လိုက်ရသည်။ ဗီဒီယိုကို ဖျက်လိုက်ပုံရသည်။ စုမုန့်ဟာ ကျိုးဖုန်းနဲ့တစ်ကယ် ရန်ဖြစ်ခဲ့တာလား...


သူ ထိတ်လန့်နေချိန်တွင် ကျိုးဖုန်း ၏ အသံသည် အပြင်ဘက်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။  


“ဥက္ကဌဝေ့ ငါက နည်းနည်းတော့ ရက်စက်ပေမယ့် လူတွေကို အကြောင်းပြချက်မရှိ ညှဉ်းပန်းနှိပ်စက်တာ မဟုတ်ဘူး…ငါပစ်မှတ်ထားသမျှ လူတွေက ငါ့ကို တစ်နည်းနည်းနဲ့ လာစသူတွေပဲ... မင်းမကွာရှင်းခင်မှာ ဒီလိုအရာမျိုးဖြစ်အောင်လုပ်တာ မကောင်းပေမယ့် ဗီဒီယိုကို အရမ်းအစောကြီးထွက်လာမှာမဟုတ်ဘူးလို့ အာမခံနိုင်ပါတယ်...မစ္စစု နဲ့ ကွာရှင်းပြီးရင် သေချာပေါက် တင်မှာပါ”


ကျိုးဖုန်း ပြောပြီးသည်နှင့် တဟက်ဟက် ရယ်မောခဲ့၏။ ထို့နောက် သူက ဆက်၍ 


"ပြောစမ်း… ငါ သိပ်နားလည်တယ်လို့ မထင်ဘူးလား…ဘယ်လိုပဲ နေနေ မင်းတို့က ကွာရှင်းပြတ်စဲတော့မှာ…သူမ အသက် အန္တရာယ်မရှိသရွေ့ တခြားအရာတွေအတွက် သိပ်စိတ်ပူနေစရာ မလိုဘူးမဟုတ်လား”


ဝေ့ထင် ယခုလို အရှက်ခွဲခံရသည့်အတွက် မျက်နှာမဖော်နိုင်ဖြစ်နေသည်ကို တွေ့ရသည်မှာ အတော်အရသာရှိလှ၍ သူ ဆက်ပြီး ပြောပြန်သည်။


 "ဥက္ကဌဝေ့ စိတ်ဆိုးနေတာလား…ဒါပေမယ့် မင်း ဘာလုပ်နိုင်မှာလဲ... ဒါက ငါ့နယ်မြေ…မင်းဘာသာ ဝင်ချင်တိုင်းဝင်၊ထွက်ချင်တိုင်းထွက်လို့မရဘူး…  မိန်းမတစ်ယောက်အတွက် မင်းက ကိုယ့်ကိုကိုယ် အန္တရာယ်ဖြစ်ဖို့တောင် ဂရုမစိုက်နိုင်တော့ဘူး… ငါတို့မိသားစုအတွက် မင်း မစ္စစုကို စွန့်လွှတ်ပြီး တောင်းပန်လာရင် ငါမင်းကို ပြန်ခွင့်ပြုမယ်"


ကျိုးဖုန်း သည် ဝေ့ထင် ၏ နောက်ကျောကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ ဝေ့ထင် ၏ နောက်ထပ်တုံ့ပြန်မှုကို သိချင်နေသကဲ့သို့ သူ့မေးစေ့ကိုထောက်ကာ တွေးဆနေလိုက်သေး၏။ ဝေ့ထင် သည် အမြဲတမ်း မြင့်မားပြီး ခွန်အားကြီးသူဖြစ်၍ သူ့ဆီမှာ ယခုလိုရှုံးနိမ့်နေရသည်ကို တွေးကြည့်ရုံနှင့် ပျော်သွားရသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်အကြောင်း တွေးမိသည့်အခါ သူ့စိတ်ထဲမှာ ပိုပျော်လာသလို ခံစားရ၏။ သူ၏ အပြုံးကပင် စိတ်ထဲက ဂုဏ်ယူမှုကို မဖုံးကွယ်နိုင်ရှာ‌ေပ။


ဝေ့ထင် ကို အရှက်ရစေရန် ကျိုးဖုန်း သည် ကိုယ်ရံတော်များကိုပင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အကောင်းဆုံး တိုက်ခိုက်ရေးသမား နှစ်ဦးသာ ချန်ထားခဲ့သည်။ ဝေ့ထင် မှာ ကျွမ်းကျင်မှုအချို့ရှိမှန်း သူသိသော်လည်း၊အလွန်ဆုံး သူ့ကိုယ်သူ ကာကွယ်ဖို့သာ တတ်ကျွမ်းထားနိုင်သည်။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသမားနှစ်ယောက်ကို အနိုင်ယူဖို့ မဖြစ်နိုင်တာကြောင့် သူ့ဒေါသက အထိန်းအကွပ်မရှိ  ပေါက်ကွဲနေသည်။


စုမုန့် ဤအခန်းထဲမှာ မရှိသည်ကို မြင်သောအခါ ဝေ့ထင်က လှည့်ပြီး ကျိုးဖုန်းကို ဆက်မေး၏။


 "ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်ကွ...ငါမင်းကိုနောက်ဆုံးတစ်ခုမေးမယ်… စုမုန့် ဘယ်မှာလဲ"


ဝေ့ထင် စိတ်ပူနေသဖြင့် ကျိုးဖုန်း ပို၍တောင် ရယ်လိုက်ပြီး  ပခုံးတွန့်ပြသည်။  


“ဥက္ကဌဝေ့က တစ်ကယ်ကို သဘောထားကြီးသူပဲ...သူ့မိန်းမက ဒီလိုအဖြစ်အပျက်မျိုး ကြုံနေရတာတောင် မကြောက်သေးဘဲ အတင်းလိုက်ရှာချင်နေသလား…ကြည့်ရတာ ပြီးခဲ့တဲ့ ကောလဟာလတွေက ကောလဟာလ မဟုတ်တော့ဘူး ထင်တယ်…အင်းလေ...ဒီမစ္စစုကလည်း တစ်ကယ်ကို ချစ်စရာကောင်းတာကိုး... လက်ရှိအခြေအနေအရ……"


ကျိုးဖုန်း စကားမဆုံးခင်မှာ ဝေ့ထင် ၏ စိတ်ရှည်သည်းခံမှုတို့ ပျောက်ဆုံးနေပြီဖြစ်သည်။ ကျိုးဖုန်း ကို မေးလည်း မဖြစ်နိုင်ကြောင်း သူ သိသဖြင့် စတင် လှုပ်ရှားရလေသည်။


(သူ တစ်ကယ် တိုက်ခဲ့၏...)


 သူသည် သက်တော်စောင့်နှစ်ယောက်ထံ အမြန်လျှောက်သွားပြီး တက်တူးထိုးထားသည့် လူကို ကန်ရန်ခြေထောက်ကို မြှောက်လိုက်သည်။  တက်တူးထိုးထားသူ၏ တုံ့ပြန်မှုက လျင်မြန်လှသည်။ ဝေ့ထင် ကန်ချက်က သူ့ဆီမရောက်ခင် တားဆီးဖို့ အသင့်ဖြစ်နေပြီ။ သူပြင်ဆင်ထားပြီးဖြစ်သော်လည်း ဝေ့ထင်က ဟန်ဆောင်ကန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။   


ဝေ့ထင် သည် ထိုလူက သူ့ကန်ချက်အား ကြိုတင်ပြင်ဆင်ထားသည်ကို မြင်သောအခါ ခြေထောက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို လှည့်ကာ ဆေးလိပ်သောက်နေသူကို လက်သီးနှင့်ထိုးလိုက်၏။ ဝေ့ထင် နှင့် တက်တူးထိုးထားသူတို့ ရန်ဖြစ်ကြတော့မည်ဟု ထိုလူ ထင်နေတာကြောင့် အငိုက်မိကာ သူ့နှာခေါင်းက ဝေ့ထင် လက်သီးနှင့်မိတ်ဆက်သွားရလေသည်။ ထိုဝေဒနာသည် ချက်ချင်းပင် သူ့ဦးနှောက်ထဲသို့ တိုးဝင်လာပြီး အားကနဲ အော်မိသွားလေသည်။


တစ်ဖန် ဝေ့ထင် သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို ထိဖို့ ဟန်ပန်လုပ်ပြန်သည်။ထိုအခါ ဘေးတွင်ရပ်နေသော သူက အတင်းခုန်တက်လာခါ ဝေ့ထင်ကို ‌ကန်ဖို့ ပြင်မည်ပြုစဉ်၊ ဝေ့ထင်သည် သူ့ခန္ဓာကိုယ်ကို လှည့်ကာ တစ်ပတ်လည်ကန်ချက်ဖြင့်ကန်လိုက်သည်။တက်တူးထိုးထားသူမှာ သူ့ခါးကို ထိသွားပြီး ချက်ချင်းဆိုသလို ခွန်အားတွေ ဆုံးရှုံးသွားရ၏။


လူနှစ်ယောက်၏ ပြင်းထန်သော နာကျင်ကိုက်ခဲမှုကို စက္ကန့်အနည်းငယ်ကြာ အခွင့်ကောင်းယူပြီး ဝေ့ထင် နောက်ထပ်တိုက်ကွက်ထုတ်သုံးလိုက်သည်။သို့နှင့်၊ထိုနှစ်ယောက်ကို လှဲသိပ်ဖို့ စက္ကန့်နှစ်ဆယ်သာကြာသည်။


သက်တော်စောင့်နှစ်ယောက်ကို လှဲချပြီးနောက် ဝေ့ထင် သည် ကျိုးဖုန်း ရှေ့သို့ လျှောက်သွားပြီး ကော်လာကို ဆွဲဆုပ်လိုက်သည်။ 


 “မင်း ငါ့ကို ပြောမှာလား မပြောဘူးလား”


သူ့မေးခွန်းက ရှင်းရှင်းလေးပင်။ သူ့မျက်နှာက တည်ငြိမ်နေသော်လည်း ကျိုးဖုန်း သည် သူ၏ ဖုံးကွယ်ထားသော ဒေါသကို ခံစားနိုင်သည်။ ဝေ့ထင် သည် ဤမျှ တိုက်ခိုက်ရာတွင် ထူးချွန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။သူ အထင်မှားနေခြင်းပင်။ ဝေ့ထင် က အမြဲဖုံးကွယ်ထားလေ့ရှိသည်။  သူသည် တိုက်ခိုက်ရာတွင် လွန်စွာ ထူးချွန်သော်လည်း မည်သည့်အခါမှ ထုတ်မပြခဲ့ပေ။


ကျိုးဖုန်း က သူ့လက်ကို မြှောက်လိုက်ပြီး ကော်လာပေါ်တွင် ကိုင်ထားသည့် ဝေ့ထင် လက်ကို ပုတ်လိုက်သည်။ သူ့လေသံက လုံးဝမတုန်လှုပ်ဘဲ  ပြုံးပြီးပြောသည်။


 “ဥက္ကဌဝေ့က တိုက်ခိုက်တာ တစ်ကယ်ကောင်းတာပဲ... မင်းကို ငါလျှော့တွက်ခဲ့မိပြီ…မင်း ဒီလောက်ထိ စိတ်ဆိုးနေဖို့ မလိုပါဘူး…ငါသာ တစ်ကယ်လုပ်ချင်ရင် ကိုယ်ရံတော်နှစ်ယောက်ပဲ ထားထားမှာ  မဟုတ်ဘူး… စိတ်မပူပါနဲ့  မစ္စစု ပြန်ရောက်နေပြီ… မယုံရင် သူမကို ဖုန်းဆက်ပြီး မေးကြည့်လို့ရတယ်"


“အဟွတ် အဟွတ်…”


ကျိုးဖုန်း ၏ ခန္ဓာကိုယ်သည် နဂိုက အားနည်းနေသဖြင့် ယခုလို ‌လည်ပင်ကို အစ်ထားသဖြင့် ပို၍ချောင်းဆိုးနေရသည်။ ဝေ့ထင် သည် ကျိုးဖုန်း ချောင်းဆိုးကာ မျက်နှာကြီးနီရဲ၍ မျက်ရည်များ ပြည့်နှက်နေသည်ကို အပေါ်စီးမှကြည့်ရင်း ကော်လာကို ဖြည်းညှင်းစွာ လွှတ်ချလိုက်၏။


 "မင်းဘယ်လောက်ပဲ ပြောပြော ငါက ဂရုစိုက်မယ်ထင်သလား"  


ဝေ့ထင် နောက်ပြန်ဆုတ်ပြီး သူ့အင်္ကျီထဲက ပစ္စတိုတစ်လက်ကို ထုတ်လိုက်တးရင်း ကျိုးဖုန်း ကို တည်ငြိမ်စွာကြည့်နေသည်။ထို့နောက် သေနတ်ကို မောင်းဆွဲတင်လိုက်ပြီး ကျိုးဖုန်းကို ချိန်ထားလိုက်၏။ထိုအရာကိုမြင်သောအခါ မြေပြင်ပေါ်မှာ လဲလျောင်းနေသည့် သက်တော်စောင့်က အံ့သြသွား၏။ ဝေ့ထင် တစ်ယောက်တည်း လာဝံ့သည်က အံ့ဩစရာ မရှိပေ။ လက်နက်ကြီးပါလာ၍ ဘယ်သူမှ ခေါ်မလာခြင်းပင်။ ဝေ့ထင် လက်ထဲမှာပစ္စတိုသေနတ်ရှိနေ၍ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သက်တော်စောင့်က မြေပြင်မှ အမြန်ထကာ ကျိုးဖုန်း အတွက် အသနားခံပေးလိုက်သည်။


“ဥက္ကဌဝေ့၊ ဥက္ကဌဝေ့...ကျွန်တော်တို့ သခင်လေးကို ချမ်းသာပေးပါ…မစ္စစု ဘာမှမဖြစ်ပါဘူး...သူမကို ဘာမှမလုပ်ပါဘူး... သခင်လေးက သက်သက်နောက်နေတာပါ" 


 သက်တော်စောင့်က ကြောက်ရွံ့စွာ ပြောဆိုနေသော်လည်း ကျိုးဖုန်း ကတော့ တည်ငြိမ်နေကာ  မျက်နှာထားတစ်ချက်မှ မပြောင်းလဲဘဲ 


“နောက်ဆုံးတော့ ဥက္ကဌဝေ့ဟာ ဝေ့မိသားစုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် အုပ်ထိန်းနိုင်ရမလဲဆိုတာ သိပြီ… ဒီနေ့ မင်းရဲ့ ရဲရင့်မှုကို ကြည့်စမ်း... သာမာန်လူတစ်ယောက်နဲ့ ယှဉ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး”


ဝေ့ထင် သည် ကျိုးဖုန်း ကို အေးစက်စွာ စိုက်ကြည့်ပြီး သူ့ကို လျစ်လျူရှုလိုက်ကာ ဖုန်းကို ထုတ်ကာ စုမုန့် ကို ဖုန်းခေါ်ရန် ပြင်လိုက်သည်။ထိုစဉ် သူ ဖုန်းမဆက်ခင် ကျူးရွှင်း ထံမှ ဖုန်းဝင်လာခဲ့သည်။


 “ဥက္ကဌဝေ့ သခင်မလေးရဲ့ ဖုန်းကဖွင့်ထားပါတယ်...သူမအခု ရှေးဟောင်းလမ်းကို ပြန်သွားနေတယ်...ကျွန်တော်တို့ သူမနောက်ကိုလိုက်ဖို့ လူလွှတ်လိုက်ပြီ…သူမ ဒဏ်ရာရသလား၊ ဘာလား သိရအောင် ညီအစ်ကိုတွေကို သူတို့ကိုယ်တိုင် မျက်စိနဲ့မြင်အောင် စောင့်ရမယ်"


 “အင်း” 


သူ တစ်ခွန်းတည်းသာပြန်ဖြေခဲ့သော်လည်း စိတ်သက်သာရာရသွား ကြောင်း ကျိုးဖုန်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။


ကျူးရွှင်း သည် ဝေ့ထင် အား စိုးရိမ်တကြီးဖြင့်


 “ဘော့စ်ရော ဘယ်လိုလဲ..ကျွန်တော်တို့ လာခဲ့ရမလား...ကျွန်‌ေတာ်တို့ လူတွေ ခြံအဝင်ဝမှာရှိတယ်..…အချိန်မရွေး ဝင်လို့ရတယ်"


ဝေ့ထင် သည် ကျိုးဖုန်း ကို စိုက်ကြည့်ကာ “မလိုပါဘူး…ငါလည်း မကြာခင် ထွက်လာတော့မယ်"  


 "ဘယ်လိုလဲ…ငါမလိမ်ဘူး ဟုတ်တယ်မလား… မစ္စစုကို တကယ်ထိခိုက်စေချင်တယ် ဆိုရင် ဒီနေရာကို ခြေရာခံရဖို့တောင်  စောင့်နေမှာ မဟုတ်ဘူး… "


ဝေ့ထင် သက်ပြင်းတစ်ချက်ချသည်ကို ကျိုးဖုန်း မြင်လိုက်ရပြီး သူပါ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး ပစ္စတိုကို လှမ်းကိုင်လိုက်သည်။ ဝေ့ထင် ပစ်မှာမဟုတ်ဘူးဟု သူထင်နေခြင်းပင်။သို့သော်၊ သူ့လက်က ပစ္စတိုကို မထိခင်မှာ ဝေ့ထင် မဆိုင်းမတွဘဲ မောင်းတင်ပြီးသားဖြစ်၍ ခလုတ်ကိုဆွဲလိုက်ရာ  ကျည်ဆန်က သူ့နားရွက်အနီးက ဦးရေပြားကို လျှပ်ထိသွားသဖြင့်  သူ့ဦးနှောက်တစ်ခုလုံး ချက်ချင်း တုန်ခါသွားလေတော့သည်။


ကျိုးဖုန်း သူ့နားကို အုပ်လိုက်သည်။နားထဲမှာ အူကာဘာမှမကြားရတော့သဖြင့် သူ့ဦးနှောက်ထဲကပါ အနည်းငယ် မူးဝေလာရသည်။သူ ဝေ့ထင်ကို အံ့သြစွာကြည့်လိုက်သည်။  ဝေ့ထင် သည် အမှန်တစ်ကယ် လှုပ်ရှားလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။



xxxxxx