အပိုင်း၂၄
Viewers 7k

Chapter 24

(တိုက်ဆိုင်မှုတစ်ခု)


ဝေ့ထင် က သေနတ်နှင့်ပစ်ပြီး ပစ္စတိုကို ချိန်ထားရာမှ ဖယ်လိုက်သည်။ ကျိုးဖုန်း ကို သင်ခန်းစာတစ်ခု သင်ပေးရန်အတွက် တမင်လွဲမှားစွာ ပစ်ပြခဲ့ခြင်းဖြစ်သည်။ နားဖျားလေးသာ အနည်းငယ် ပွန်းပဲ့သွားတာကြောင့် တခြားဘာမှ မစိုးရိမ်ရပေ။ ထို့ကြောင့် သူ ပစ်ပြီးသည်နှင့် စင်္ကြံလမ်းမှ ထွက်လာခဲ့သည်။ ဝေ့ထင် ကို မတားဝံ့ဘဲ ကျိုးဖုန်း သူ့နားရွက်ကို အုပ်ထားစဉ် သက်တော်စောင့်နှစ်ယောက်မှာလည်း ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။


တစ်ဖက်တွင်၊ စုမုန့် သည် ကျိုးဖုန်း ၏ ကားကိုစီးလာသည်။ သက်တော်စောင့် တစ်ယောက်က ကားမောင်းနေပြီး ကျန်တစ်ယောက်က သူ့ဘေးမှာ ထိုင်နေကာ နှစ်ယောက်စလုံး ဘာမှ မပြောကြပေ။ သူမလည်း ပြတင်းပေါက်အပြင်ဘက်ကို တိတ်တဆိတ် လှမ်းကြည့်နေမိသည်။


ကျိုးဖုန်း က သူမ၏ အကြံပြုချက်ကို စိတ်ဝင်စားတာကြောင့် ဤဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်သည်။ ထိုအချိန်က ကျိုးဖုန်း သည် သူမကို အမှန်တစ်ကယ် ညှဉ်းပန်းနှိပ်စက်လိုကြောင်း ခံစားနိုင်သည်။ ကျိုးဖုန်း ၏ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်ကို သူမ သတိရသောအခါ သူမ နှလုံးသားထဲတွင် အကြောက်တရားများ ရစ်ဝဲနေရသည်။  ထိုအချိန်က သူမသည် အကြံပြုချက်များစွာကို ပြုလုပ်ခဲ့သော်လည်း ၎င်းတို့အားလုံးကို ကျိုးဖုန်း က ငြင်းပယ်ခဲ့သည်။ သူ့ကျန်းမာရေးကလွဲ၍ ဘာကိုမှ စိတ်မဝင်စားပေ။သို့သော်၊သူ ငယ်ငယ်လေးကတည်းက ခန္ဓာကိုယ်မှာ အားနည်းနေခဲ့သူဖြစ်၏။ ဆရာဝန်တွေတောင် သူ့ကို မကုသနိုင်ခဲ့သည့်အတွက် သူ့ဘဝကို လက်လျှော့ခဲ့တာတောင် ကြာပေပြီ။ စုမုန့်က သူ့ကိုကူညီနိုင်မှန်း သိရသောအခါ အခွင့်အလမ်းနည်းသည်ဆိုလျှင်တောင် စမ်းကြည့်ချင်မိ၏။


ကျိုးဖုန်း က စုမုန့် ကို လွှတ်ပေးဖို့ ရဲရဲဝံ့ဝံ့ စွန့်စားရသည့် တစ်ကယ့် အကြောင်းအရင်းမှာ သူမသည် ဆရာသမားကို ဂရုစိုက်ခြင်းကြောင့်ပင်။ သူမ၏ဆရာ အသက်ရှင်နေသရွေ့ စုမုန့် သူ့လက်ထဲမှ ထွက်ပြေးဝံ့မည်မဟုတ်ပေ။


ကျိုးဖုန်း ၏ ကျန်းမာရေးအားနည်းခြင်းသည် မွေးရာပါ လုံး၀မဟုတ်ပေ။  သူ့မျက်နှာတစ်ဝိုက်ရှိ ယင်စွမ်းအင်သည် တစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိရှိ ကျိန်စာတိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။  ချိုးဖျက်ရန် ခက်ခဲသော်လည်း သူမ အောင်မြင်နိုင်စွမ်း 90% ရှိသည်ဟု ခံစားမိသည်။ အရင်က ဆရာကြီးပြောဖူးထားသည့်စကားကို သူမ မှတ်မိ၏။  မွေးကင်းစကလေးငယ်တစ်ယောက်အား မွေးသက္ကရာဇ်၊ မွေးဖွားချိန်နှင့် မွေးကင်းစဆံပင်အပြင် လူသေထံမှ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုကိုသုံး၍ ကျိန်စာတိုက်ထားလျှင် ကလေးငယ်၏ ကံကြမ္မာက ပြောင်းပြန်ဖြစ်တတ်သည်။ ယင်များလာပြီး ယန် ဆုတ်ယုတ်လာသောအခါ ယန်၏ သက်တမ်းသည် အလွန်လျော့ကျသွားပြီး ခန္ဓာကိုယ် အခြေအနေမှာ ပိုဆိုးလာနိုင်သည်။


သို့သော်လည်း ကျိုးဖုန်း သည် ကျိုးမိသားစု၏ တစ်ဦးတည်းသောသားဖြစ်သည်။


သူ့ကို ဘယ်သူက ဒီလို ဆက်ဆံမှာလဲ...


သူ့တွင် ညီမလေးတစ်ယောက်သာရှိ၍ မိသားစုပိုင်ဆိုင်မှုအတွက် လုနေစရာလည်း မလိုပေ။ထို့အပြင် ကျိုးမိသားစုတွင် မျိုးဆက်ပေါင်းများစွာ တစ်ဦးတည်းသောသားများ အစဉ်အဆက်ဖြစ်ခဲ့ကြသည်။ထို့ကြောင့် သူ့အဖေမှာလည်း မောင်နှမ မရှိပေ။ 


ဒီလို မိသားစုပတ်ဝန်းကျင်မှာ ဘယ်သူက သူ့ကို ဒုက္ခပေးမှာလဲ…


 "မစ္စစု၊ ကျွန်တော်တို့ သခင်လေးကို ကူညီဖို့ နည်းလမ်းရှိလား" 


စုမုန့် သည် ကားပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သောအခါ သူမဘေးတွင် ထိုင်နေသော သက်တော်စောင့်က ရုတ်တရက် မေးလိုက်သဖြင့် အတွေးစတို့ ကွယ်ပျောက်သွားသည်။ ထိုသူ၏ ကြမ်းတမ်းသော အသံက သူမကို ထိတ်လန့်စေခဲ့သည်။


 "သခင်လေးကျိုးက ဒီလိုမျိုး မွေးလာတာ မဟုတ်ဘူး...အခုမှပဲ သူ့အပြောအဆိုအရ တွေးကြည့်ရသလောက်တော့ တစ်ယောက်ယောက်က သေချာပေါက် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ထားတာ... ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းဖို့ အချိန်လိုပါတယ်…ဒီအခြေအနေက  သူနဲ့ အတူရှိနေခဲ့တာ ကြာပြီဆိုတော့  တစ်ရက် နှစ်ရက်အတွင်း ဖြေရှင်းလို့ ရမယ့် အရာတော့ မဟုတ်ဘူး”


သက်တော်စောင့်က ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း စုမုန့် ကို တောင်းပန်ခဲ့သည်။ 


“ဒါဆိုရင် မစ္စစု သခင်လေး သက်သာအောင် ကူညီပေးနိုင်ရင် ကျွန်တော်တို့အတွက် တစ်ကယ့်ကို ကျေးဇူးရှင်ပါပဲ...‌‌နောက်ဆို မစ္စမှာ  ပြဿနာတစ်ခုခုရှိရင် ကျွန်တော်တို့ကို လာပြောပါ… တစ်ကယ်တော့ သခင်လေးက သနားစရာကောင်းတဲ့လူတစ်ယောက်ပါ…သူ..."


" အဟမ်း အဟမ်း...ကြည့်စမ်း…ရောက်ခါနီးပြီ...မစ္စကို ဘယ်ကို ပို့ရမှာလဲ"


သူ့ဘေးနားက သက်တော်စောင့်က စကားမဆုံးခင်မှာ ကားမောင်းသမားကို နှောင့်ယှက်ကာ ဝင်ပြောလိုက်သည်။သက်တော်စောင့်သည် ရုတ်တရက် တစ်ခုခုကို တွေးနေပုံရပြီး စကားတစ်ခွန်းမှ မပြောဘဲ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။


စုမုန့် သည် ဤမိသားစုကြီးသည် မည်မျှပင် သဟဇာတဖြစ်နေပါစေ၊လျှို့ဝှက်ချက်များ ရှိနေဆဲဖြစ်ကြောင်းလည်း စိတ်ထဲတွင် နားလည်ခဲ့သည်။ သူမစိတ်ထဲမှာ ထိုကိစ္စမျိုးကို သိချင်စိတ်လည်းမဖြစ်မိ‌ပေ။ ကျိုးဖုန်း ကို ကုသပြီး သူမကို ဒုက္ခဖြစ်စေမည့်သူအား ရပ်တန့်နိုင်ပါက သူမအတွက် စိတ်အေးရပေပြီ။


 "ရှေးဟောင်းလမ်းအနားမှာ ကားရပ်လိုက်ပါ"


သူမ ဤနှစ်ယောက်နှင့် ဆက်မနေချင်တော့သဖြင့် အမြန်ဆုံး ကားပေါ်ကနေ ဆင်းလိုက်သည်။


ကျန်ခရီးတစ်လျှောက် ဘယ်သူမှ စကားမပြောဖြစ်ပေ။ စုမုန့် သည် ရှေးဟောင်းလမ်းအနီး ကားပေါ်မှ ဆင်းကာ သက်တော်စောင့်နှစ်ယောက်ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။  ထို့နောက် ရှေးဟောင်းပစ္စည်းဆိုင်ထဲသို့ အမြန်လျှောက်သွားခဲ့သည်။သို့သော်လည်း သိပ်မကြာခင်မှာပဲ အနက်ရောင် ဇိမ်ခံကားတစ်စီး ဖြတ်ကျော်လာပြီး သူမ အနားကို ဖြည်းညှင်းစွာ ရပ်လိုက်သည်။သူမ ‌ဤအနက်ရောင်ကားကို ရိပ်မိသွားခဲ့သဖြင့်အမြန်  ထွက်သွားဖို့ ပြင်လိုက်၏။


သူမ ပြေးထွက်ခါနီးတွင် ကားတံခါးပွင့်လာပြီး သူမနှင့် အလွန်ရင်းနှီးသော မျက်နှာတစ်ခုကို မြင်ရသည်။ ဝေ့ထင် ၏ ကားမောင်းသူ လီပင်း ဖြစ်သည်။


စုမုန့် အဆင်ပြေနေသည်ကိုမြင်လိုက်ရ၍ လီပင်း သက်ပြင်းချပြီး လမ်းတွေ့၍ နှုတ်ဆက်သလိုမျိုး ဟန်ဆောင်လိုက်သည်။  


“တိုက်ဆိုင်လိုက်တာ သခင်မလေး....ဘာလို့ဒီကိုရောက်နေတာလဲ…တစ်နေရာရာ လိုက်ပို့ပေးဖို့ လိုသေးလား"


တစ်ဖက်လူက ကိုယ့်အပေါ် ကောင်းပေးလျှင် ကိုယ်ကစပြီးမရိုင်းစိုင်းသင့်ပေ။ စုမုန့် သည် ဝေ့မိသားစုကို မုန်းတီးသော်လည်း လီပင်းက စကားပြောအလွန်ယဉ်ကျေးသူဖြစ်သည်။ 


 “ကျေးဇူးတင်ပါတယ်... ဒါပေမယ့် မလိုအပ်ပါဘူး...ကျွန်မ မကြာခင်အိမ်ပြန်‌တော့မယ်"


(ဆိုင်သို့ လုံခြုံစွာ ပြန်လာခဲ့သည်...)


စုမုန့် သည် ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်ရောက်သောအခါ ညနေစောင်းနေပြီဖြစ်၍ ကောင်းကင်ယံက တဖြည်းဖြည်း မှောင်လာသည်။သူမ၏ ကျော်ကြားမှုကြောင့် ချမ်းသာကြွယ်ဝသော သူဌေးများစွာသည် ရှေးဟောင်းပစ္စည်းများကို လာကြည့်သလိုလိုဖြင့် သူမနှင့် နီးကပ်လာစေရန် မျှော်လင့်နေကြသည်။သူမ ဝင်လာသောအခါ ကောရှန်း နှင့် ဟုန်စစ် တို့သည် ဧည့်သည်များကို လက်ခံ စကားပြောဆိုနေကြပြီး ရှေးဟောင်းပစ္စည်းများ၏ သမိုင်းကြောင်းကို ရှင်းပြနေသည်။  ဧည့်သည်များက စုမုန့် ကိုတွေ့လျှင် စကားကိုအာရုံမစိုက်ကြတော့ဘဲ သူမကို ဝိုင်းကြည့်ကြ၏။


 “မစ္စစုအကြောင်းတွေ အများကြီးကြားဖူးပါတယ်...‌ တွေ့ရတာ ဝမ်းသာပါတယ်"


 “မစ္စစုက အရမ်းလှရုံတင်မကဘဲ ဖုန်းရွှေ အရမ်း တော်တယ်တဲ့နော်...ကျွန်တော် မစ္စစုနဲ့  သူငယ်ချင်းဖြစ်ချင်ပါတယ်"


 “ဟေး ဟေး ဆရာမ စုကိုတွေ့ဖို့ တန်းစီရမှာလို့ ကြားဖူးတယ်... ဒါပေမယ့် ဒီက ရှေးဟောင်းပစ္စည်းတွေ ကျွန်တော်အများကြီးဝယ်ထားတာမို့ ကျွန်တော်ကို ဦးစားပေးနိုင်မလား”  


ဗိုက်ပူ ထိပ်ပြောင်သည့် အမျိုးသားတစ်ယောက်က စုမုန့် အနားက လူတွေကို ဘေးဖယ်လိုက်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏လက်ကို ဆုပ်ကိုင်ရန် ပြင်လိုက်သည်။


စုမုန့် သည် သူမ မျက်နှာမှာ အပြုံးမပျက်ဘဲ ရှိနေသော်လည်း စိတ်ထဲမှာတော့ အရောမဝင်ချင်သဖြင့် ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားလိုက်သည်။ ထိုအခါ ဗြောင်ငြင်းခံရသော အမျိုးသားက သူမကို မကျေမနပ်ဖြင့် ကြည့်နေလေသည်။ထိုစဉ် လူတစ်ယောက်က ကြားဖြတ်ဝင်လာပြီး သူ၏ ရွှေရောင်မျက်မှန်ကို ချိန်ညှိလိုက်ကာ ထိပ်ပြောင်သူအား အထင်အမြင်သေးစွာဖြင့် 


“ကျွန်တော်တို့လည်း  ရှေးဟောင်းပစ္စည်းတွေ မဝယ်ဘဲနေလို့လားဗျ…ခင်ဗျားက ဘာလို့ မျက်နှာပိုသာချင်နေရတာလဲ…"


 “အေးလေ ဟုတ်တယ်…” 


သူ့ဘေးနားကလူများကပါ ဝင်ပြောကြ၏။


ကောရှန်း သည် အားလုံးကို ထားခဲ့ပြီး ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။ သူတို့တစ်နေကုန် အလုပ်ရှုပ်ရသဖြင့် ကောင်းကောင်းမစားဖြစ်ပေ။သူတို့အားလုံးသည် သူ၏ တပည့်မထံသို့ ရောက်လာကြသည်ဖြစ်၍ သူနှင့်မဆိုင်တာကြောင့် အရင်သွားပြီး ချက်ပြုတ်ထားခြင်းက ပိုကောင်းပေသည်။


ဆရာဖြစ်သူ ထွက်သွားသည်ကို စုမုန့် မြင်လိုက်ရသည်။ယခုမှ သူမက တစ်ကယ့်နာမည်ကြီးသူတစ်ယောက်လိုမျိုး ဖြစ်နေလေတော့၏။ သို့သော်၊သူမ အောင်မြင်ခြင်းက အလှတရားကြောင့် ထင်ရှားပေါ်လွင်ခြင်း မဟုတ်ဘဲ ဖုန်းရွှေ ကြောင့်ပင်။မည်သို့ပင်ဆိုစေ၊ရောက်လာသူတိုင်းက ဧည့်သည်တွေချည်းပင်။သူမ ဝင်ငွေရှာနိုင်သဖြင့် လူများနေရခြင်းကို စိတ်ပျက်နေ၍ မ‌ဖြစ်တော့ပေ။ ထိုသို့စဉ်းစားရင်း သူမ  ဧည့်သည်တွေကို ထိုင်ဖို့ ဖိတ်ခေါ်ကာ ဟန်ဆောင်ပြုံးလိုက်ရတော့သည်။ 


 "အားလုံး ကျေးဇူးပြုပြီး ထိုင်ကြပါ… ဖြည်းဖြည်းချင်း ပြောလို့ရပါတယ်”


ဟုန်စစ် သည် လူတိုင်းအတွက် လက်ဖက်ရည်တစ်ခွက်လုပ်ပြီးနောက် ကောင်တာသို့ပြန်လာကာ ယနေ့ငွေစာရင်းကို စတင်တွက်ချက်သည်။


စုမုန့် သည် ဦးစားပေးအလိုက် လူတိုင်းအား အချိန်စီစဉ်ပေး၍ စရံငွေယူပြီးနောက် အားလုံးကို ပြန်လွှတ်လိုက်သည်။ နောက်ဆုံးဧည့်သည်ထွက်သွားပြီးနောက် သူမ ဆိုင်အဝင်ဝကို လှမ်းကြည့်လိုက်ကာ တံခါးကို အမြန်ပိတ်လိုက်၏။


သူမက နောက်ထပ်ဧည့်သည်များ ရောက်လာမှာကို စိုးရိမ်နေပုံရမှန်း ဟုန်စစ် သိသဖြင့် သူမကို ပြုံးပြီး နှစ်သိမ့်ပေးလိုက်သည်။


 “အဆင်ပြေပါတယ်... အလုပ်ချိန်ကို ဆိုင်အ၀င်ဝမှာ ကပ်ထားတယ်လေ...အခုက သန်းခေါင်ကျော်နေပြီဆိုတော့ ဘယ်သူမှ ထပ်မလာနိုင်တော့ဘူး"


စုမုန့် သည် တစ်ကယ်တမ်းတွင် ကျိုးဖုန်း ပြန်လာမှာကို ကြောက်နေခြင်းပင်။ ဤလူ၏ စိတ်နေစိတ်ထားကို  မှန်းဆ၍မရသောကြောင့် သတိထားခြင်းက ပိုကောင်းသည်။ သူမကိုယ်သူမ ဂရုမစိုက်သော်လည်း ဆရာနှင့် ဟုန်စစ်ကိုပါ ပတ်သက်လာမည်ကို သူမကြောက်မိသည်။


ကျိုးမိသားစုကလည်း အခြေအနေရှိသူများဖြစ်၍ အတော်လေး ဩဇာကြီးသည်ဟုဆိုနိုင်သည်။ယခုလောလောဆယ် အရေးကြီးဆုံးက သူ့ကျန်းမာရေး ပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံး ကူညီဖြေရှင်းပေးဖို့သာ ဖြစ်၏။သူ၏ ကျိန်စာကိုဖျက်ရန်မှာ ဆရာဖြစ်သူပြောစကားအတိုင်းဆိုပါက အခက်တွေ့နိုင်သည်ဟူ၍ ဆိုထားသောကြောင့် တွေးတောချိန်ဆသင့်သည်။


ကောရှန်း သည် မီးဖိုချောင်တွင် ချက်ပြုတ်နေသည်။ စုမုန့်ငယ်ငယ်တုန်းက ဇီဇာကြောင်လွန်းသည်။ ထို့ကြောင့် သူမ ကျန်းမာစွာ ကြီးပြင်းလာစေရန်အတွက် သူကိုယ်တိုင် ဟင်းချက်ကျွမ်းကျင်ဖို့ လေ့ကျင့်ခဲ့ရသည်။သို့ဖြစ်၍၊ စုမုန့် မီးဖိုချောင်ထဲသို့မဝင်မီတွင် မွှေးပျံ့သော ဟင်းနံ့ကို ထောင်းကနဲ ရလိုက်လေသည်။ 


 "ကလေးမ ဒီနေ့ဘယ်လိုလဲ...မင်းနားမလည်တာတစ်ခုခုရှိလား...အခု ပင်ပန်းနေပြီလား...မကြာခင် ဆရာလည်းချက်ပြုတ်ပြီးပါပြီ” 


ကောရှန်း က သူမ ဝင်လာသည်ကိုမြင်သောအခါ စိုးရိမ်စိတ်ဖြင့် မေးသည်။သူမကို စိုးရိမ်စွာမေးနေရင်း ချွေးတလုံးလုံးဖြင့် ချက်ပြုတ်နေသည့် ကောရှန်းကို ကြည့်၍ သူမရင်ထဲဝယ် ပြောမပြတတ်အောင် ခံစားလာရသည်။သူမ ငယ်ငယ်က အဖြစ်အပျက်တွေကို ပြန်တွေးပြီး မျက်ရည်များပင် ရစ်ဝဲလာရသည်။ ကံကောင်းစွာပင် ကောရှန်း သည် အလုပ်များနေ၍ သူမကို လှည့်မကြည့်အားပေ။ သူမမျက်ရည်တွေကို အင်္ကျီလက်စနှင့် အမြန်သုတ်လိုက်ကာ


“ဘာပြဿနာမှ မရှိပါဘူး...ကျွန်မက  ဘယ်သူ့တပည့်မလို့လဲ… ရှန့်ချိုး ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြဿနာ သိပ်မရှိပါဘူး...ကောင်းကောင်းမကိုင်တွယ်ရသေးတဲ့ စွန့်ပစ်ထားတဲ့ သင်္ချိုင်းတွေ ရှိခဲ့တဲ့ နေရာဆိုတော့ သိပ်လည်းမခက်ခဲဘူး"


"ဟုတ်တယ်၊ ဒီလိုမျိုးက တော်တော်ရိုးရှင်းတယ်...ဒါ‌ပေမယ့်လည်း အခုတလော မင်းကို လာရှာတဲ့သူတွေ များလာတယ် ဆိုတော့ နောက်ဆို ဘာမဆို ကြုံတွေ့နိုင်တယ်... မဖြေရှင်းနိုင်ရင် အရမ်းကြီးအရဲမကိုးနဲ့...အခုလောလောဆယ် ငွေလည်း လိုအပ်နေတာမဟုတ်ဘူး…ပြီးတော့ ဆရာလည်းရှိတာပဲ...မင်းက မင်းလုပ်ချင်တာသာ လုပ်ပါ"


ဆရာသည် သူမအား အလွန်အမင်းစိုးရိမ်နေသည်ကို မြင်သောအခါ ယနေ့သူမ ပြန်ပေးဆွဲခံခဲ့ရခြင်းကို ပြောသင့်၊မပြောသင့် တွေးတောနေမိသည်။သို့သော်၊‌ဆရာသာသိပါက သူမကို ကျိန်စာဖြေဖို့ကိစ္စအား သေချာပေါက် ကန့်ကွက်လိမ့်မည်ဖြစ်သည်။




xxxxxxx