အပိုင်း၂၅
Viewers 8k

Chapter 25

(ဆရာ့ကိုအသနားခံတောင်းဆိုရခြင်း)


စုမုန့် အတန်ကြာသည်အထိ မည်သို့ပြောရမည်ကို စဉ်းစား၍ 


"ဆရာ...ကျွန်မ ငယ်ငယ်တုန်းက ပြောတာကို မှတ်မိသေးတယ်... မွေးကင်းစကလေးကို ကျိန်စာတိုက်ပြီး ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုတာ လူသေပစ္စည်းကို သုံးရတာလို့ ပြောဖူးတယ်မလား...ဒါကို ဘယ်လိုဖြေရှင်းကြမလဲ"


ဟင်းချက်နေသည့် ဆရာမှာ သူမ မေးခွန်းကိုကြားလျှင် မီးကိုချက်ချင်းပိတ်လိုက်၍ သူမကို အံ့အားသင့်စွာ လှည့်ကြည့်ကာ 


“ကျိန်စာတိုက်ခံရသူနဲ့ မင်း တွေ့ခဲ့တာလား...အဲဒီလူကို ကျိန်စာ ဖယ်ရှားဖို့ ကူညီချင်တာလား”


ဆရာဖြစ်သူထံမှ ယခုလို  တုံ့ပြန်မှုမျိုးရရန် သူမ မမျှော်လင့်ခဲ့ပေ။ 


 “ဟာဟား...ဟုတ်တယ်၊ အဲဒီလိုမျိုး ကျိန်စာတိုက်ခံရတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်...ကျွန်မ သူ့အတွက် စိတ်မကောင်းဖြစ်ရတယ်...နောက်ပြီး သူက ပိုက်ဆံအများကြီးပေးတယ်၊ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းပေးချင်တယ်”


ကောရှန်း က မစဉ်းစားဘဲ ငြင်းလိုက်၏။  


“မဟုတ်ဘူး... ငါတို့ အဲ့ဒါကို လုပ်စရာမလိုဘူး... ငါတို့က စားဖို့မတတ်နိုင်လောက်အောင် ဆင်းရဲနေတာမဟုတ်ဘူး...အလုပ်အရမ်းကြိုးစားစရာမလိုဘူး"


 “ဆရာ…”


 “မရဘူး...မရဘူးလို့ပြောရင် မရဘူးပဲ"


သူမ ပြန်ပြောရန်ပြင်လိုက်သော်လည်း ကောရှန်း က သူမအား အခွင့်အရေးမပေးခဲ့ဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။


ဖုန်းရွှေပညာရှင် များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှာ တစ်ယောက်ယောက်၏ ဖုန်းရွှေ ကို၊သို့မဟုတ် အဆောက်အဦးများအတွက် ဖုန်းရွှေကိုသာ ကြည့်ပေးရ၏။ သို့သော် ကျိန်စာချိုးဖျက်ရန် လုပ်ဆောင်ခြင်းသည် အလွန်အန္တရာယ်များသည်။  ပြိုင်ဘက်က မိမိထက်နိမ့်ကျသည့် ဖုန်းရွှေပညာရှင်ဆိုလျှင် ဘာမှမဖြစ်နိုင်သော်လည်း ပြိုင်ဘက်က ပိုသာနေမည်ဆိုလျှင် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းနှင့်အတူတူပင်။ 


ထိုကလေးငယ်အား ကောင်းကင်ဘုံကိုပင် အန်တုနိုင်သော ကျိန်စာအား တိုက်ခဲ့မှာ သာမန်မိသားစုကြီးမဟုတ်ပဲ အလွန်နာမည်ကြီးမိသားစုတစ်ခုမှ ဖြစ်ကြောင်း ကောရှန်း မေးစရာပင်မလိုအောင် အတတ်သိလိုက်သည်။ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခ သို့မဟုတ် နာကြည်းမုန်းတီးနေသူများသာ ထိုကဲ့သို့ လုပ်မည်ဖြစ်သည်။


 “မင်းက ဒီအလုပ်ကို အခုမှစဝင်တာ...ကိုယ့်ဟာကိုယ် အသာလေးနေပြီး မရှုပ်သင့်တာကို သွားမရှုပ်နဲ့… မဟုတ်ရင် အရမ်းအန္တရာယ်များလိမ့်မယ်"


ဆရာဖြစ်သူ၏ စကားကိုကြားသော် စုမုန့် စိတ်ထဲမှာ 'ငါက သူ့ကို ပြောပြီးနေပြီလေ…ပြန်ဖျက်ဖို့ နောက်ကျသွားပြီ...ငါသာ မကူညီရင် ငါ့ဘဝက ပိုတောင် သနားစရာ ကောင်းလိမ့်မယ်ထင်တယ်'


သို့သော် သူမ စိတ်ထဲတွင်သာ သတ္တိရှိရှိ ပြောလိုက်မိကာ ဆရာကို မပြောပြဝံ့ပေ။ သူမ အမှန်အတိုင်း မပြောနိုင်သောကြောင့် နောက်ဆုံး ကောရှန်း ၏ လက်မောင်းကို ပွေ့ဖက်ပြီး 


“ဆရာ…ကျွန်မ ဘာဒုက္ခမှ မပေးပါဘူးလို့ ကတိပေးပါတယ်...ကျွန်မက အဲဒီဖောက်သည်ကို ကူညီနေတာလေ…ပြီးတော့ ဒီအလုပ်မျိုးက လျှို့ဝှက်ပြီး လုပ်ရတာမလား..ပြီးတော့  လျှို့ဝှက်ရေးသဘောတူညီချက်ကို ကျွန်မက လက်မှတ် ထိုးပြီးပြီ…ကျွန်မ သူ့ကို ကူညီခဲ့တယ်ဆိုတာကို သူ ဘယ်သူ့ကိုမှ မပြောပါဘူး…ပြီးတော့ ဒါက သူ့ဘဝနဲ့ဆိုင်တဲ့ ကိစ္စပါ… သူ ကျွန်မကို သစ္စာဖောက်ချင်ရင်တောင် သူ့အကျိုးငဲ့ပြီး သစ္စာမဖောက်နိုငိဘူးလေ"


 “မဟုတ်ဘူး”  


ကောရှန်း ၏ ကန့်ကွက်မှုသည် ခိုင်မာဆဲဖြစ်သည်။


"ဆရာက ကျွန်မကို စာသင်ပေးထားတာဆိုတော့ ဆရာ့အလုပ်ကို ခိုးသွားမှာကြောက်နေတာလား… မသင်ပေးချင်ရင် စာအုပ်တွေထဲမှာ ရှာကြည့်မယ်…  ကိုယ့်ဘာသာကိုယ် စာအုပ်ဖတ်ရတာ ပိုတောင် စိတ်မချရဘူးနော်…ကျွန်မ တစ်ခုခုဖြစ်သွားရင် ဆရာ့မှာ ကျွန်မလို  ထက်မြက်ပြီး ချစ်ဖို့ကောင်းတဲ့ တပည့်ရှိတော့မှာ မဟုတ်ဘူး"


 မူလက ကောရှန်း သူမကို တစ်ကယ်မသင်ပေးချင်သော်လည်း စုမုန့် စကားတွေက သူ့ကို ထိတိလန့်စေ၏။ သူ ဂရုမစိုက်ဘဲ သူမအား ပစ်ထားမည်ဆိုလျှင် သူမကိုယ်တိုင် စာအုပ်ဖတ်၍ လျှောက်လုပ်ပါက ပြဿနာက ပိုကြီးသွားနိုင်သည်။


စုမုန့် သည် လူများကို ဆွဲဆောင်ရာတွင် အမြဲကောင်းနေခဲ့သည်။ ကောရှန်း သက်ပြင်းချမိ၏။တပည့်ဖြစ်သူမှာ ကြီးပြင်းလာပြီး ယခုဆို လူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပင် လုပ်တတ်နေပေပြီ။ 


 “အရင်စား... ညစာစားပြီးရင် သင်ပေးမယ်"


ထို့နောက် ကောရှန်း သည် ချက်ပြုတ်ထားသော ဟင်းလျာများကို စုမုန့် ထံ ယူဆောင်လာပြီးနောက် မီးကိုဖွင့်ကာ ဟင်းလျာများကို ဆက်လက်ချက်ပြုတ်သည်။


 "ဟုတ်ကဲ့ဆရာ...ဆရာက အရမ်းတော်တာပဲ"


  စုမုန့် က ပန်းကန်ပြားကို ပြုံးပြုံးလေး ကိုင်လိုက်ပြီး ညစာ စတင်စား‌ေလတော့သည်။ 


ကောရှန်း က သူ့စကားကိုတည်ကြည်၏။ ညစာစားပြီးသောအခါ စုမုန့် အား ဧည့်သည်၏အသေးစိတ်အချက်အလက်များကို ပြောပြခိုင်းသည်။ စုမုန့်က သူ့ကို တစ်ခုပြီးတစ်ခု ပြောပြီးနောက်မှာ ထိုသူ ဘယ်လိုကျိန်စာသင့်ရသလဲဆိုသည်ကို ချက်ချင်းဆုံးဖြတ်လိုက်နိုင်၏။


 "ဒီလူက ဒီလိုရက်စက်တဲ့ကျိန်စာအောက်မှာ ကျနေတာ ဆိုတော့ ဘယ်လိုလူမျိုးလဲ"


ကောရှန်း သက်ပြင်းချလိုက်သည်။  သူ့တပည့်အတွက်တွေးပြီး သူမ တစ်ကယ်ဒုက္ခရောက်မှာကို စိုးရိမ်နေမိသည်။


 'သေချာတာကတော့ သူ့က တော်ရုံလူမဟုတ်ဘူးဆိုတာပဲ...  ဒီကိစ္စကို ကျွန်မ တာဝန်မယူရင် တို့အားလုံး ကိစ္စပြီးသွားမှာ'


စုမုန့် က စိတ်ထဲမှ တွေးပူနေသော်လည်း အပေါ်ယံကမူ ပိုက်ဆံအတွက်ဟုသာ ဟန်ဆောင်နေရသည်။  


"သူ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး...ဘာပဲဖြစ်ဖြစ် ဒါက လုံးဝလုံခြုံပြီး ပိုက်ဆံအများကြီးလည်း ရမှာ..ဒီကိစ္စ ပြီးသွားရင် နောက်ဆိုချမ်းသာရုံတင်မကဘဲ ကျောထောက်နောက်ခံလည်း ရလာမှာပါ”


ဤသည်က အမှန်ပင်။ ကျိုးဖုန်း ၏ ခန္ဓာကိုယ်ကို တစ်ကယ်ကုသပေးနိုင်လျှင် စုမုန့် က သူ့ကျေးဇူးရှင်ဖြစ်လိမ့်မည်ဟု ကတိပေးခဲ့သည်။ ငွေသည် ပြဿနာသေးသေးလေးဖြစ်ပြီး သူသည် စုမုန့်ကို ဆက်လက်ကာကွယ်နေဦးမည်ဖြစ်သည်။ဤသည်မှာ သူမအတွက် အန္တရာယ်များသော်လည်း အမြတ်အစွန်းများသော ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်သည်။


စုမုန့် သည် ရှန့်ချိုး ထံမှ သတင်းကို စောင့်မျှော်ရင်း အိမ်တွင် နှစ်ရက်ကြာ အောင်းနေခဲ့ပြီး ကျိုးဖုန်း ၏ကိစ္စရပ်ကို ဖြေရှင်းရန် ပြင်ဆင်နေသည်။နောက်ဆုံး သူမ ပြီးခါနီးတွင် ရှန့်ချိုးထံမှ ဖုန်းလက်ခံရရှိခဲ့သည်။


(စာရင်း၏အဆုံးသတ်)


 "ဆရာမ ညွှန်ကြားချက်တွေ အတိုင်း အကုန်လုပ်ပြီးပြီ...ဘယ်အချိန် ဆရာမ လာနိုင်မလဲ...ကျွန်တော် လာခေါ်မယ်"


ရှန့်ချိုး သည် ဒေသိယစကားဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။


ရှန့်ချိုး အဆင်သင့်ဖြစ်နေပြီဆို၍ စုမုန့် လျှပ်စစ်စက်ဘီးနှင့် သူမဘာသာသူမ သွားဖို့စီစဉ်ထားသည်။ သို့သော် ဝေးလွန်းသည်ဟု ထင်သောကြောင့် ရှန့်ချိုး ၏ အကြံကို လက်ခံခဲ့သည်။ သုံးရက်မြောက်သောနေ့ နံနက်စောစောတွင် သူမသည် ကျောပိုးအိတ်ကြီးကြီးတစ်လုံးကို ထမ်းကာ ရှန့်ချိုး ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လိုက်သွားခဲ့သည်။


ရှန့်ချိုး သည် အရူးတစ်ယောက်လိုမျိုး ဖြစ်နေသော်လည်း ကိစ္စများကို လုပ်ဆောင်ရာတွင် အလွန်ပင် စေ့စပ်သည်။ စုမုန့် ၏တောင်းဆိုချက်အတိုင်း သူလိုအပ်သမျှကို ပြင်ဆင်ထားပြီး ဘာမှမကျန်သည်အထိ စီစဉ်ထား၏။


စုမုန့် သည် သံလိုက်အိမ်မြှောင်ကို ယူပြီး နံရံတွင် စောစောကဆွဲခဲ့သော အင်းစာရွက်များကို ကပ်ထားလိုက်သည်။ ထို့နောက် သူမသည် ထာဝရမီးအိမ်ဘေးတွင် စားပွဲတစ်ခုခင်းပြီး နံ့သာပေါင်းဆီကို ထွန်းညှိလိုက်သည်။


အားလုံးလုပ်ပြီးသည့်နောက်မှာ ရှန့်ချိုး ထံမှ ဆောက်လုပ်ရေးလုပ်ငန်းခွင်အသေးစိတ်ရေးဆွဲထားသော အဆောက်အဦးပုံစံစာရွက်ကို တောင်းပြီး တည်နေရာသုံးခုကို အမှတ်အသားပြုခဲ့သည်။ ထို့နောက် သူမသည် ရှန့်ချိုး အား


 “အခြေခံပြဿနာကို ဖြေရှင်းပြီးပြီ…ကျန်တာကတော့ ရှင့်အပေါ်မှာပဲ မူတည်တယ်...ဒီသုံးကွက်ကို မြင်လား...အခု ဒီစာရွက်မှာမှတ်ထားတဲ့ နေရာသုံးခုမှာ အသေးစိတ်ပုံစံအရ၊ ဤနေရာသုံးခုမှာ ရှစ်ထောင့်မှန်တစ်ချပ်စီ ကပ်ထား"


 "ဒါပဲလား...နောက်ဆို မတော်တဆမှုတွေ မဖြစ်တော့ဘူးလား"

 

ရှန့်ချိုး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။အရင်က သူခေါ်လာသည့် ဖုန်းရွှေပညာရှင်များသည် ယခုလိုပင်အဆင်ပြေသည်ဟု ပြောခဲ့သော်လည်း ရက်အနည်းငယ်ကြာလျှင် တစ်ခုခုဖြစ်ပြန်၏။ ထို့အပြင် သူသည် ကပေါက်တိကပေါက်ချာ ထူးထူးဆန်းဆန်းများလည်း လုပ်ခဲ့ရသည်။ဥပမာ ဓားပညာကို လေ့ကျင့်ရခြင်း၊ယဇ်ပူ‌ဇော်ခြင်း အစသဖြင့် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ သူ ဘယ်လိုပဲ ကြည့်နေပါစေ၊ စုမုန့် လုပ်ရပ်က အလွန်ရိုးစင်းလှ၏။ သူမသည် တစ်ကယ်ကို အရည်အချင်းရှိမှန်း သိခဲ့သော်လည်း သူသည် အကြိမ်ပေါင်းများစွာ လှည့်စားခံခဲ့ရခြင်းဖြစ်၍ ယခုလည်း သံသယဖြစ်နေဆဲပင်။


စုမုန့် သည် ရှန့်ချိုး ၏ မသေချာသော အမူအရာကို မြင်လိုက်ရပြီး သူမက သူ့ပုခုံးအားပုတ်၍ နှစ်သိမ့်လိုက်၏။ 


“စိတ်မပူပါနဲ့..တကယ်တော့ ဒါက ပြဿနာ ကြီးကြီးမားမားမဟုတ်ပါဘူး...နောက်ဆို နေ့တိုင်း အလုပ်မစခင် အမွှေးတိုင်ငါးချောင်းထွန်း...တစ်ခုခုဖြစ်လာရင် အလုပ်တစ်ရက် နားလိုက်..အမွှေးတိုင်တွေ ကုန်ရင် ပုံမှန်အတိုင်း အလုပ်စလုပ်လို့ရတယ်”


 မီးအိမ်ပတ်ပတ်လည်ရှိ အဝါရောင်အဝတ်ထည်သည် နာကြည်းမုန်းတီးမှုကို လျှော့ချရန်ဖြစ်ပြီး၊ ယင်စွမ်းအင်ကို ချုပ်ငြိမ်းစေကာ နံ့သာတိုင်များသည် အားလုံး ချောမွေ့သလားဆိုသည်ကို စောင့်ကြည့်ရန်ဖြစ်သည်။ဤနေရာသည် တစ်ချိန်က သင်္ချိုင်းကုန်းဖြစ်တာကြောင့် တစ်စုံတစ်ယောက်က သင်္ချိုင်းကို စောင့်ရှောက်ပေးလျှင် သေသူများက သဘောကျကြမည်ဖြစ်သည်။ သင်္ချိုင်းများတွင် တစ်နှစ်ပတ်လုံး ဂါရဝပြုမည့်သူမရှိသောကြောင့် ဝိဉာဉ်များက မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။ ရိုသေလေးစားစွာ ကိုးကွယ်ဆည်းကပ်နေသရွေ့ အရာအားလုံး အဆင်ပြေသွားမှာပင်။


နောက်ဆိုလျှင် သူတို့ အလုပ်ပြန်စဖို့ပဲရှိတော့သည်။ ညဘက်အလုပ်မလုပ်လျှင်  ဘာမှမဖြစ်လာနိုင်တော့ပေ။ အမွှေးတိုင်ကို နေ့တိုင်း မီးထွန်းပြီး ရိုသေကိုင်းရှိုင်းခြင်းသည်လည်း သူတို့အတွက် ကောင်းချီးတစ်ခုဖြစ်ကာ မမျှော်လင့်ထားသော အန္တရာယ်အချို့ကိုလည်း သတိပေးနိုင်သည်။


 “အမွှေးတိုင်မီးထွန်းဖို့ မမေ့နဲ့နော်” 


စုမုန့် သည် ရှန့်ချိုး မေ့သွားမှာကို ကြောက်သောကြောင့် သူ့ကို ထပ်ပြီး သတိပေးလိုက်သည်။


 "ကောင်းပါပြီ....ကျွန်တော် မှတ်ထားလိုက်ပါမယ်"


ရှန့်ချိုး သည် စုမုန့် ၏ စကားကိုကြားပြီးနောက်တွင် ခဏလောက်စဉ်းစားပြီး လေးနက်စွာခေါင်းညိတ်ခဲ့သည်။ အလုပ်ပြီးသွားပြီဖြစ်၍ ကျန်ငွေကို ပေးရမည့်အချိန်ရောက်ပြီဖြစ်၏။


ရှန့်ချိုး က သူ့ဖုန်းကို ထုတ်ပြီး ကျန်ငွေကို စုမုန့် အားပို့ပေးပြီးနောက် သူက သူမအား အပိုငွေအချို့ကို ရက်ရက်ရောရော ပေးခဲ့သည်။ စုမုန့် ကလည်း မဆိုင်းမတွ လက်ခံလိုက်၏။ ပိုက်ဆံကိုလက်မခံပါက၊သူမ ရူးနေခြင်းပင် ဖြစ်လိမ့်မည်။လုပ်စရာရှိတာကို လုပ်ခဲ့ပြီး ပြောစရာရှိသည်ကိုလည်း ရှင်းပြီးပြီဖြစ်သည်။ တစ်ခုခု ပြောဖို့ကျန်နေမှာစိုး၍ သူမ သေသေချာချာစဉ်းစားကြည့်မိ၏။တစ်ခုမှ ပြောဖို့မေ့‌မနေခဲ့၍ သူမ စိတ်သက်သာရာရသွားသည်။ သို့သော်၊ ရှန့်ချိုး မျက်နှာကို သူမပိုကြည့်လေ၊ တစ်ခုခုမှားနေသလိုမျိုး ခံစားရလေလေဖြစ်သည်။ အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ရှန့်ချိုး က နောက်သို့ ခြေတစ်လှမ်းဆုတ်၍ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း 


“ဆရာမက အရမ်းလှတယ်လို့ ကျွန်တော်လည်း ထင်ပေမယ့် ကျွန်တော့်မှာ မိန်းမရှိတယ်..ကျေးဇူးပြုပြီး ကျွန်တော့်ကို မကြွေပါနဲ့"


 သူက လေးနက်သည့်ပုံစံနှင့် ပြောနေကာ လုံးဝ နောက်ပြောင်နေခြင်းမဟုတ်ပေ။ 


စုမုန့်: "...!"


သူမကိုများ များပွေတဲ့ မိန်းကလေးတစ်ယောက်လို့ မြင်နေတာလား...   ဒီလူဘာလို့ ဒီလောက်တောင် ရူးနေရတာလဲ...


ရှန့်ချိုး က သူမကို အပိုငွေအနည်းငယ် ပေးထားသဖြင့် ဖောက်သည်အတွက် သတိပေးချက်လေးတွေပေးဖို့ အကောင်းဆုံးကြိုးစားသင့်သည်ဟု တွေးကာ စိတ်ထားကိုပြင်ကာ အကဲခတ်လိုက်၏။သူ၏မျက်နှာအမူအရာကိုကြည့်ပြီးနောက် သူသည် မကြာသေးမီက စိတ်ပိုင်းဆိုင်ရာပြဿနာအချို့ရှိမှန်း သိလိုက်ရသည်။ စောစောက သူမကို ငြင်းနေပုံထောက်လျှင် သူသည် မိန်းမဖြစ်သူကို အတော်လေးချစ်ပုံရ၏။ ထို့ကြောင့် သူမ ထပ်ပြီးအထင်မလွဲစေရန် စကားကို သေချာရွေးချယ်၍ ပြောဆိုလိုက်သည်။


“ကောင်းပြီ...ရှင့်မျက်နှာက မကောင်းမှန်း ကျွန်မ အခုမှ သတိထားမိတယ်…ရှင့်အိမ်မှာ ပြဿနာတချို့ရှိနိုင်တယ်... တိတိကျကျတော့ မသိပေမယ့် ပိုသတိထားဖို့ပဲ အကြံပေးနိုင်တယ်"


စုမုန့် ၏စကားကိုကြားသောအခါ ရှန့်ချိုး အံ့အားသင့်သွားသည်။  


 “ဆရာမက တစ်ကယ့်ကို တော်တာပဲ...အဲဒါကိုတောင် မြင်နိုင်တယ်... ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က မကြာသေးခင်က ကောင်းကောင်းမလည်ပတ်နိုင်တော့လို့  ကျွန်တော့်မိန်းမက ဒီကိစ္စအတွက် ရန်ရှာနေတယ်"


 “ဆောက်လုပ်ရေး ပြဿနာကြောင့်ပါ… စိတ်မပူပါနဲ့…ကျွန်မ ပြောတဲ့အတိုင်းလုပ်ရင် နောက်ဆို အဆင်ပြေသွားလိမ့်မယ်... တစ်ခုခုရှိလာရင် ကျွန်မကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်..." 


စုမုန့် ၏ ပါးစပ်ထောင့်သည် အနည်းငယ်တွန့်ချိုးသွား၏။ဤကိစ္စက သိပ်ကောင်းမှာမဟုတ်ဘူးဟု သူမ ကြိုတင်ခန့်မှန်းမိသော်လည်း အပြင်လူတစ်ယောက်အနေနှင့် ပြောဖို့ခက်သဖြင့်  သတိသာပေးနိုင်ခဲ့သည်။



xxxxxxx