အပိုင်း၂၆
Viewers 6k

Chapter 26

(လျှို့ဝှက်စွာ ကာကွယ်ပေးခြင်း)


 “ကျေးဇူးအများကြီးတင်ပါတယ် ဆရာမ ...နောက်ဆို ကျွန်တော့်အကူအညီ လိုအပ်ရင် လွတ်လွတ်လပ်လပ် လာတောင်းနိုင်ပါတယ်…ရပါတယ်"  


ယခု စုမုန့် က သူ့ကို မကူညီလျှင် သူတစ်ကယ် ဒေဝါလီခံလိမ့်မည်ဖြစ်၍စိတ်ထဲက ကျေးဇူးတင်နေမိ၏။ ဤနေရာမှ ကိစ္စများ ပြေလည်သွားသောကြောင့် သူ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတော့ သူမမှာ ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ကြီးမားသည့်ကိစ္စတစ်ခု ရှိနေဆဲပင်။ သူမ ဂရုမစိုက်ပါက သူမပတ်ဝန်းကျင်ရှိလူများကို ထိခိုက်စေမည်ဖြစ်သည်။


ထို့နောက် ရှန့်ချိုး သည် စုမုန့် ကို ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်ပို့လိုက်သည်။ စုမုန့် သတိမထားမိသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ရှေးဟောင်းပစ္စည်းဆိုင်အနီးတွင် အနက်ရောင်ကားတစ်စီး ရပ်ထားခြင်းဖြစ်သည်။


"သူဌေး…သခင်မလေးက ရှန့်ချိုး ကို ဖုန်းရွှေ နည်းနဲ့ကူညီပြီး ပြန်လာခဲ့ပါတယ်... ဒါပေမယ့် သူမပြန်ထွက်သွားတယ်... ဒီတစ်ခါတော့ သူမတစ်ယောက်တည်း ထွက်သွားတယ်”  


လီပင်း သည် ကားဒရိုင်ဘာထိုင်ခုံတွင် ထိုင်နေပြီး အကြောင်းကြားရန် တစ်စုံတစ်ဦးကို ခေါ်နေသည်။


 “ကောင်းပြီ…သူမကို စောင့်ကြည့်ပါ…ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိမရှိ သေချာကြည့်"

  

ဝေ့ထင် က ညွှန်ကြားပြီးနောက် ဖုန်းချလိုက်သည်။ဖုကျဲ က သူ့ဘေးမှာ ထိုင်နေ၏။ ဝေ့ထင်က စုမုန့်ကို အလွန်စိုးရိမ်နေသဖြင့် သူ တုန်လှုပ်သွားပြီး ဂိမ်းမကစားတော့ဘဲ ဂိမ်းစက်ကို အောက်ချလိုက်ပြီး


 “ဘာလို့လဲ...အရင်ကဆို မင်း သူမကို သိပ်ဂရုမစိုက်ဖူးမလား...အခု ကွာရှင်းပြတ်စဲတော့မှ သူမကို ဘာလို့ အရမ်းစိတ်ပူနေတာလဲ... မင်းသူမကို မပြတ်နိုင်တာလား"


ဝေ့ထင် က သူ့ကို ဂရုမစိုက်ဘဲ တစ်ချက် ကြည့်လိုက်သည်။ ယခုတစ်ခါတော့ သူ့မျက်နှာက အေးတိအေးစက် ဖြစ်မ‌နေဘဲ စိတ်မရှည်ဟန်ဖြင့် ရှင်းပြလေသည်။


 “သူမကို ကျိုးဖုန်း က ပစ်မှတ်ထားနေတယ်” 


 "ဘယ်သူကလဲ"  


ဤနာမည်သည် ဖုကျဲ နှင့်ရင်းနှီးသည်ဟုထင်ရသော်လည်း သူရုတ်တရက်မမှတ်မိတော့‌ေပ။


 "ကျိုးမိသားစုရဲ့ အကြီးဆုံးသား... ကျိုးကျာ ရဲ့ အစ်ကိုကြီး ကျိုးဖုန်း" 


ဖုကျဲ သည်လည်း ထက်မြက်သူဖြစ်သည်။ ကျိုးကျာ ၏အစ်ကိုဖြစ်သူ ဆိုသောအချက်နှင့် တစ်လောက စုမုန့် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ပေါင်းစပ်လိုက်သောအခါ အကြောင်းတရားနှင့် အကျိုးဆက်ကို ချက်ချင်းရှာဖွေတွေ့ရှိသွားရသည်။ 


 "ကျိုးကျာ ကို သူက လက်စားချေပေးတာလား...ဒီလူက အရူးပဲ…မင်း အရမ်းစိတ်ရှုပ်နေတာ မဆန်းပါဘူး...သူပစ်မှတ်ထားတဲ့ လူဘယ်နှစ်ယောက်လောက် အဆုံးသတ်ကောင်းကြလို့လဲ… ဒါဆို မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"


ဝေ့ထင် မျက်လုံးပြူးပြီး ဘာမှပြန်မပြော။ သူ၏အနက်ရောင် မျက်လုံးများတွင် မည်သည့်ခံစားချက်ကိုမျှ မမြင်နိုင်ပေ။ အချိန်အတော်ကြာပြီးနောက် ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ကာ


 “သူ့မိသားစု ဒါမှဟုတ် သူပိုင်ဆိုင်တာ တစ်ခုခုကို သူ သိပ်ဂရုစိုက်တယ်...အဲ့ဒါ ဘာဖြစ်မလဲ"


 ဖုကျဲသည် ငြိမ်သက်နေသော ဝေ့ထင်ကို ကြည့်ကာ သူ့စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်သည်။သူ့ကြည့်ရသည်မှာ စုမုန့်ကို သေချာပေါက် အကာအကွယ်ပေးမည့်ပုံပင်။အကယ်၍ ကျိုးဖုန်း စည်းကို ဖြတ်ကျော်ဝံ့ပါက ဝေ့ထင်၏ ကလဲ့စားချေမှုသည် ကျိုးဖုန်း ထက် အဆတစ်ရာ ပိုပြင်းထန်မည်မှာ သေချာသည်။ ဝေ့ထင် ၏ လျှပ်စီးထက်မြန်သော နည်းလမ်းများကြောင့် သူ့အကြောင်းကို သိထားသူတို့သည် မနှောင့်ယှက်ရဲကြပေ။သူ့အနေနှင့် ဝေ့ထင် ဘာဆက်လုပ်မည်ဆိုသည်ကို ထိုင်ကြည့်နေရုံပင်။


ထို့ကြောင့် ဖုကျဲ သည် ဆိုဖာပေါ်တွင် ပြန်ထိုင်ကာ အကန့်အသတ်ဖြင့် ထုတ်ထားသော ဂိမ်းစက်ကိုယူကာ ဂိမ်းထဲဆက်ဆော့နေလိုက်သည်။


စုမုန့် သည် ရှန့်ချိုး နှင့် တွေပြီးနောက်တွင် လျှပ်စစ်စက်ဘီးစီးကာ ကျိုးဖုန်း ၏နေအိမ်သို့သွားခဲ့သည်။ ကျိုးဖုန်း သည် ကျိုးမိသားစု၏ အကြီးဆုံးသားဖြစ်သော်လည်း ကျိုးမိသားစုတွင် မနေထိုင်ဘဲ ရှေးဟောင်းလမ်းနှင့် မနီးမဝေးရှိ ဗီလာနယ်မြေတွင် နေထိုင်ခဲ့သည်။ မိနစ်နှစ်ဆယ်ကျော်လောက်စီးပြီးလျှင် ထိုနေရာကို ရောက်လာပြီး ထိုလူနေရပ်ကွက်၏အဝင်ဝတွင် သူမကိုစောင့်နေပြီဖြစ်သည်။ သူမကို လာခေါ်ဖို့ ထွက်လာသူမှာ အသက်လေးဆယ်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်သည်။ သူ့ပုံစံက ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်သည်။


 “မစ္စစု...သခင်လေးက မင်းကိုစောင့်နေတယ်...ကျေးဇူးပြုပြီး ကျွန်တော်နောက်သို့လိုက်ခဲ့ပါ… ဒါပေမယ့် စက်ဘီး…” 


ထိုသူက စုမုန့် ကို ကားပေါ်တက်ဖို့ ဖိတ်ခေါ်ချင်သော်လည်း သူမ စီးထားသည့်လျှပ်စစ်စက်ဘီးကို မြင်လိုက်၍ ဘာပြန်ပြောရမှန်းကို မသိတော့‌ေပ။


စုမုန့် က “ရပါတယ်…ရှင်တို့က ကားနဲ့မောင်းပါ…ကျွန်မက စက်ဘီးစီးလာမယ်...ဒီစက်ဘီးက  အရမ်းမြန်တယ်"


 ဟာသပဲ..ယခင်အဖြစ်အပျက်ပြီးနောက် သူမသည် ကျိုးဖုန်း နှင့် သူ့ပတ်ဝန်းကျင်ရှိ လူများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ(ထရာမာ)များ ရရှိနေပြီဖြစ်သည်။ ကားပေါ်တက်ပြီးရင် သူဘာတွေကြုံရမယ်ဆိုသည်ကို သူမ မသိနိုင်ပေ။ ထို့ကြောင့် သူမ၏ လျှပ်စစ်စက်ဘီးကို စီးသည်က ပိုလုံခြုံသည်။ထိုလူကလည်း တခြားဘာမှ မပြောဘဲ  ခေါင်းညိတ်ပြီး ကားပေါ်တက်လိုက်၏။


စုမုန့် ဆက်မလိုက်လာနိုင်တော့မှာကို သူစိုးရိမ်နေပုံရသည်။ ကားကို ဖြည်းဖြည်းလေးသာမောင်းနေသဖြင့် သူမလည်း အနောက်မှ ဖြည်းဖြည်းချင်းသာ နင်းလာခဲ့သည်။ မျှော်လင့်ထားသလို သူဌေးများနေထိုင်သည့်နေရာဖြစ်၍ အိမ်တိုင်းက ကြီးမားကျယ်ဝန်းပြီး ပတ်ဝန်းကျင်မှာလည်း မဆိုးပေ။ လမ်းလျှောက်မည်ဆိုလျှင် အတော်ကြာနိုင်၏။ 


 မိနစ်အနည်းငယ်ကြာသောအခါ ကားက အိမ်တစ်အိမ်ရှေ့မှာ ရပ်သွားသည်။  ထိုအခါ မျက်လုံးမှိတ်ပြီး အိမ်ရှေ့ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ကျိုးဖုန်းကို စုမုန့် မြင်လိုက်ရသည်။ယနေ့ ရာသီဥတု အလွန်ကောင်းသည်။  ကောင်းကင်က ကြည်လင်နေပြီး နေရောင်သည် အထူးတောက်ပနေ၏။  အပူလှိုင်းများသည် လေထုထဲမှတစ်ဆင့် လူများဆီသို့ တဟုန်ထိုး ပြေးဝင်လာတတ်သည်။


စုမုန့် သည် စကတ်တိုကို ၀တ်ထားသည်။ သစ်ပင်ရိပ်အောက်မှာ လမ်းလျှောက်နေရချိန်မှာတောင် သူမ အတော်ပူနေရလေပြီ။ တစ်ဖက်တွင် ကျိုးဖုန်း သည် ကုတ်အင်္ကျီရှည်နှင့် ဘောင်းဘီရှည်ထူထူကို ၀တ်ထားသည်။ သူသည် နေရောင်အောက်တွင် ထိုင်ကာ ပျော်ရွှင်နေပုံရသည်။သူ့ကို တခြားသူတွေကသာ မြင်လျှင် အံ့သြကြမှာ သေချာသည်။ သို့သော်လည်း ဤအရာသည် သူ၏ လွန်ကဲသော ယင်ဖွဲ့စည်းပုံကြောင့် ဖြစ်ပေါ်လာကြောင်း စုမုန့် သိသည်။


ကျိုးဖုန်း ၏ ခန္ဓာကိုယ်သည် ယန်ကျဆင်းပြီး ယင်တိုးလာခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်က အလွန်အေး နေသည်မို့ နေရောင်ကို သူက အထူးနှစ်သက်နေခြင်းဖြစ်သည်။


(ကျိုးဖုန်း ၏ကျိန်စာကို ဖယ်ရှားခြင်း)


ကျိုးဖုန်း သည် ကားသံကြားလိုက်သောအခါ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ စုမုန့် သည် အနက်ရောင်လျှပ်စစ်စက်ဘီးစီးလာသည်ကိုမြင်သောအခါ သူ့ပါးစပ်ထောင့်မှာ တစ်ချက်လှုပ်ယမ်းသွား၏။ စုမုန့် သည် ဝေ့မိသားစုမှ သခင်မလေး ဖြစ်သည်။ ဤအခိုက်အတန့်ရှိ အနေအထားသည် သူ့အား ဖော်မပြနိုင်သော ထူးဆန်းသည့်ခံစားချက်ကိုပေးသည်။


 အထူးသဖြင့် စုမုန့် သည် စက်ဘီးဘေးတွင် ဂရုတစိုက်ရပ်ကာ ပြုတ်ကျမသွားကြောင်း သေချာပြီးနောက်မှ ကျော်လာသည်ကို မြင်သောအခါ ကျိုးဖုန်း တည်ငြိမ်အောင် ထိန်းမရတော့ပေ။ 


 "မစ္စတာကျိုး…ကျွန်မဒီမှာအကုန်ပြင်ဆင်ပြီးပြီ...စလို့ရပြီလား"


စုမုန့် သည် ကျိုးဖုန်း နှင့် အလွန်အမင်း အဆက်အသွယ်မလုပ်ချင်သောကြောင့် ချက်ချင်းလာရင်းကိစ္စကို တန်းပြောခဲ့သည်။


ကျိုးဖုန်း က သူ့အတွေးတွေကို ငြိမ်သက်စေပြီး ခေါင်းညိတ်ပြလိုက်၏။ 


 " မင်းတစ်ကယ်ဖြေရှင်းနိုင်တာ သေချာလား...ဒါက ငါနဲ့ နှစ်20ကျော်ကြာ အတူရှိလာခဲ့တဲ့ ပြဿနာ"


 "ရှင့်ရဲ့ခန္ဓာကိုယ်က ချက်ချင်းပြန်ကောင်းလာမှာမဟုတ်ပေမယ့် ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို ဖယ်ရှားလိုက်ရင် တဖြည်းဖြည်း ပြန်ကောင်းလာလိမ့်မယ်"  


တစ်ကယ်တမ်းတွင်၊ ကျိန်စာချေဖျက်ပြီးနောက်၊ သူ့ခန္ဓာကိုယ်သည် တစ်လခွဲအတွင်း ပုံမှန်ပြန်ဖြစ်လာနိုင်သော်လည်း စုမုန့် မပြောဝံ့ပေ။တစ်လခွဲအတွင်း ပြန်ကောင်းလာနိုင်သည်ဆိုတာကိုသာလျှင် သူ အတော် စိတ်လှုပ်ရှား၍ရူးသွားနိုင်သည်။ 


 "အထဲမှာ စကားပြောရအောင်"  


ကျိုးဖုန်း သည် အစေခံများ၏ အကူအညီဖြင့် စုမုန့် ကို စကားပြောရန် အိမ်ထဲသို့ဖိတ်ခေါ်ခဲ့သည်။ စုမုန့် သည် သူမ၏ လုံခြုံရေးအတွက် လုံးဝ စိတ်မပူခဲ့ပေ။ ကျိုးဖုန်းက သူမကို ပြန်လွှတ်ပေးခဲ့သည့်အတွက် ဤအချိန်မှာ သူမအား ဘာမှလုပ်မှာမဟုတ်ဘူးဆိုသည်မှာ သေချာလေ၏။ အကယ်၍ သူသာ သူမကို အမှန်တစ်ကယ် မကောင်းကြံလိုလျှင် ထိုစဉ်ကတည်းက ကြံစည်ပစ်၍ရပေသည်။


အိမ်ထဲသို့ဝင်ပြီးနောက် စုမုန့် အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ကျိုးဖုန်းသည် ဇိမ်ခံအိမ်ကြီးတွင် နေထိုင်သော်လည်း အိမ်ကရိုးရှင်းပြီး သပ်ရပ်လှပသည်။ အလှဆင်ခြင်းလည်းမရှိသဖြင့် သူမ မျှော်လင့်ထားသလိုမဟုတ်ပေ။


 “ကြိုက်တဲ့နေရာမှာ ထိုင်ပါ… မင်းက ဒီနေ့ရဲ့ ဧည့်သည်ပဲ...ဘာပဲဖြစ်ဖြစ်  တောင်းစရာရှိရင် အစေခံကို ပြောလို့ရတယ်"


ကျိုးဖုန်း က သူမအား ဆိုဖာပေါ်ထိုင်ခိုင်းပြီး အစေခံတစ်ယောက်ကို လက်ဖက်ရည် လာတည်ခိုင်း၏။


 "ဝိဉာဉ်ချုပ်သော့ကို ယူလာပြီလား"  


စုမုန့် သည် ကျိုးဖုန်း နှင့် အတော်လေးဝေးသော ထိုင်ခုံကို ရွေးချယ်ပြီး ထိုင်လိုက်သည်။ သူမ၏ ကျောပိုးအိတ်ကိုဖွင့်ကာ ပစ္စည်းများထုတ်ယူရင်း မေးသည်။


ကျိုးဖုန်း သည် စုမုန့် ၏ ကျောပိုးအိတ်ကို တစ်ချက်ကြည့်လိုက်သည်။ အထဲမှာ သူနားမလည်နိုင်သော အရာများနှင့် စာရွက်များ ရှုပ်ပွနေလျက်ရှိ၏။ သူ့စိတ်ထဲမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။တစ်ဖက်လူက တောင်းဆိုလာခြင်းဖြစ်သော်လည်း တစ်နေ့မှာ သူ့ကံကြမ္မာကို ဖတ်ရှုနိုင်မည့်သူအား ရှာတွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားဖူး‌ပေ။ထို့နောက် သူက အစေခံကို ဝိဉာဉ်ချုပ်သော့အား ယူလာခိုင်းလိုက်သည်။


 "မင်းဘာလုပ်မလို့လဲ"


စုမုန့် သည် ဝိဥာဥ်ချုပ်သော့ကို ကြည့်လိုက်သည်။ဤသော့ထဲမှာ မြှုပ်ထားသည့် ကျောက်စိမ်းက သင်္ချိုင်းကုန်းက ယူလာခြင်းဖြစ်ပြီး အတော်လေးအားကောင်းသည့် ယင်စွမ်းအင်ရှိသည်။ ထို့အပြင်၊ ဝိဉာဉ်ချုပ်သော့၏အောက်ခြေတွင်၊ အလွန်သေးငယ်သော စကားလုံးများဖြင့်ရေးထားသော စာကြောင်းတစ်ခုရှိသည်။ဆရာဖြစ်သူက သတိ‌ပေးထား၍သာ သူမလည်း သိနေရခြင်းပင်။ သူမသည် ဤအရာကို တိုက်ရိုက်မထိချင်သောကြောင့် လက်ဖြင့် မထိကြည့်ပေ။ထို့နောက် သူမ၏ အိတ်ထဲက အဝါရောင်အင်းစာရွက်ကို ထုတ်ယူပြီး အစေခံအား သော့ကို


အင်းစာရွက်ပေါ်မှာတင်ဖို့ လက်ဟန်ပြလိုက်သညိ။


စုမုန့် ၏သတိထားနေသောအကြည့်ကိုကြည့်ရင်း၊ ကျိုးဖုန်း ရုတ်တရက် စိတ်ဝင်စားလာရသည်။


ဝိဉာဉ်ချုပ်သော့ကို အင်းစာရွက်ဖြင့်ထုပ်၍ စားပွဲပေါ်တင်ပြီးနောက် စုမုန့် သည် အိတ်ထဲမှ အဖြူရောင်ကြွေပန်းကန်ပြားလေးကို ထုတ်ယူလိုက်သည်။ တစ်ဖန် အတန်ငယ်ဟောင်းနွမ်းပြီး အနုပညာလက်ရာမြောက်သော ဓားတစ်လက်ကိုလည်း ယူလိုက်၏။


 “ဒီလိုမေးတာ မကောင်းမှန်း သိပေမယ့် ချောမွေ့အောင် ဆက်လုပ်နိုင်ဖို့တော့ မေးရဦးမယ်... မစ္စတာကျိုးက လူပျိုစစ်စစ်(virgin) လား"


 မေးပြီးနောက် သူမစိတ်ထဲတွင် သူ စိတ်မဆိုးဖို့ ဆုတောင်းနေစဉ် မျက်နှာ  က အနည်းငယ်နီမြန်းသွားသည်။  ဤသခင်လေးကျိုး နားလည်မှုလွဲမည်မဟုတ်ဟု သူမ မျှော်လင့်မိသည်။


ကျိုးဖုန်း သည် သူမ၏မေးခွန်းကိုကြားသောအခါတွင် သူသည် ချက်ချင်းဆိုသလိုပင် အကြိမ်ကြိမ် ချောင်းဆိုးခဲ့သည်။  “အဟွတ် အဟွတ်…”


 အချိန်အတော်ကြာ ချောင်းဆိုးပြီးနောက် နောက်ဆုံးတွင် ပြန်လည်သက်သာလာခဲ့သည်။ 


 "ငါ့ခန္ဓာကိုယ်က အဲ့ဒီလိုပုံ မပေါက်နေဘူးလား...မင်းတို့ ဖုန်းရွှေပညာရှင်တွေက ဘာလို့ ဒီလိုမေးခွန်းမျိုး မေးနေရတာလဲ"


 ဘေးနားက အစေခံများသည် တစ်ဖက်ကိုလှည့်ပြီး ဘာမှ မကြားချင်ယောင်ဆောင်နေကြသည်။


“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဓိကကတော့ ရှင့်ရဲ့အခြေအနေက နည်းနည်းထူးခြားနေလို့ပဲ....ရှင့်ရဲ့ ယင်နဲ့ယန်က သဟဇာတမဖြစ်ဘူး...အဲ့ဒါကို ချေဖျက်ဖို့ virginဆီက သွေးနှစ်စက်လိုတယ်.. နည်းနည်းတော့ ယုံချင်စရာ မကောင်းဘူးနော်...ဒါပေမယ့် ဒါက တစ်ခုတည်းသောနည်းလမ်းပဲ…”


စုမုန့် က တစ်စတစ်စပြောလာသည်နှင့်အမျှ သူမ အသံက အားနည်းလာသည။


သူမရှင်းပြလေလေ ပိုရှုပ်လာလေလေ ဘာကြောင့်ခံစားရတာလဲ...


 "မစ္စတာကျိုး ကျေးဇူးပြုပြီး လက်ကို ဆန့်လိုက်ပါ...သွေးနှစ်စက်ပဲယူပါမယ်"  


စုမုန့် သည် ဓားနှင့် ကြွေပန်းကန်ပြားကို ယူကာ ကျိုးဖုန်းရှေ့သို့ ရောက်ရှိလာသည်။ ကျိုးဖုန်း က မဆိုင်းမတွဘဲ ဘယ်လက်ကို ဆန့်တန်းပြီး သူမ ကြိုက်သလို လုပ်ခွင့်ပေးလိုက်သည်။


သူမသည် ကျိုးဖုန်း ၏လက်ကိုဆွဲကိုင်လိုက်ပြီး သူ့လက်ချောင်းပေါ်ရှိ ဒဏ်ရာကို ဓားသေးသေးလေးဖြင့် ဂရုတစိုက်လှီးဖြတ်လိုက်သည်။ ထို့နောက် သွေးနှစ်စက်ကို ညှစ်ထုတ်လိုက်သည်။


 "ပတ်တီးပတ်ထားဖို့ လိုသလား… ပတ်တီးလိုရင် ယူလာခိုင်းရမယ်ထင်တယ်…"

 

စုမုန့် သည် သူမဘေးနားရှိ အစေခံတစ်ဦးအား ပိတ်စယူခိုင်းဖို့ ဟန်ပြင်လိုက်သည်။



xxxxxx