Chapter 27
(သေခြင်းကိုအစားထိုးခြင်း)
ကျိုးဖုန်း ၏ မျက်နှာမှာ မည်းမှောင်သွားကာ မလိုအပ်ဘူးဟု ကျွန်ကို အချက်ပြပြီး သူ့လက်ကို ပြန်ဆွဲယူလိုက်သည်။ စုမုန့် အပြင်းအထန် ညှစ်ထားရာမှ ရပ်လိုက်သည့်အခါ သွေးထွက်မလာတော့ပေ။အစေခံခမျာလည်း စိတ်ရှုပ်သွားဟန်တူသည်။
ကျိုးဖုန်း ၏သွေးကိုယူပြီးနောက်၊ စုမုန့် သည် ဓားကို သန့်စင်အောင်သုတ်ကာ အရက်ပြန်ဖြင့်သေသေချာချာ ပိုးသတ်လိုက်သည်။
ဤသည်ကိုမြင်သော ကျိုးဖုန်း က “…”
သူက နေမကောင်းလို့ရွံနေတာလား... ဒါမှမဟုတ် သူ့သွေးတွေက ညစ်ပတ်နေတယ်လို့ ဆိုချင်တာလား…
သေသေချာချာ ပိုးသတ်ပြီးနောက် စုမုန့် သည် သူမ လက်ကို တစ်ဖန်ပြန်မြှောက်ကာ လက်ချောင်းပေါ်တွင် သေးငယ်သော ဒဏ်ရာတစ်ခုဖြစ်လာအောင် ခြစ်ရာအနည်းငယ်ပေးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ လက်ဆယ်ချောင်းစလုံး နှလုံးနှင့် ချိတ်ဆက်ထားသဖြင့် အတော်နာကျင်လှ၏။သူမ တစ်ချက်ရှုံ့မဲ့သွားကာ မကြာမီ တည်ငြိမ်မှု ပြန်ရလာသည်။
ကျိုးဖုန်း က သူမကို ပိုက်ဆံအများကြီးပေးပြီး နောက်ပိုင်းမှာ ပေးမည်ဟု ကတိပေးထား၍ ဤနာကျင်မှုက ဘာမှမဖြစ်ချေ။ ပိုက်ဆံသာ အများကြီးပေးပါက နာကျင်မှုကို နှစ်ဆအထိ ခံနိုင်ရည်ရှိသည်။သူမသည် သွေးနှစ်စက်ကို ညှစ်ထုတ်ပြီးနောက် ကြွေပန်းကန်ပြားထဲသို့ သစ်ကြံပိုးခေါက်အနည်းငယ်ထည့်ကာ သွေးနှင့် သစ်ကြံပိုးခေါက်ကို ပေါင်းစပ်လိုက်သည်။
သူမ၏ အပြုအမူကို ကျိုးဖုန်း စူးစူးရဲရဲ စိုက်ကြည့်နေသည်။ ခုနက သူပြောခဲ့တဲ့ စကားတွေက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေခဲ့၏။တစ်ဖန် သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြည်းညှင်းစွာ ဖြစ်ပေါ်လာသည်။
“မင်းရဲ့သွေးကို ဘာလို့သုံးတာလဲ… ဒါအဆင်ပြေလား"
ကျိုးဖုန်း က သူမကို နှိမ့်ချနေသည်ဟု အထင်ရောက်၍ သူမ စိတ်မရှည်ဟန်ဖြင့် ရှင်းပြလိုက်သည်။
"အရည်အချင်းပြည့်မီတဲ့ ဘယ်သူ့သွေးကိုမဆို သုံးလို့ရတယ်...ဒီမှာက အစေခံတွေအားလုံး ယောက်ျားသား တွေ ဖြစ်နေလို့ ကျွန်မ သွေးကိုသုံးလိုက်တာ…ဘာပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပါပဲ”
မျှော်လင့်ထားသလို…
ကျိုးဖုန်း က သူတွေးနေသည့် အတွေးများကို ဆက်လက်ထားရှိပြီး စုမုန့် အား မတူညီသည့် စိတ်ခံစားမှုတွေနှင့် ကြည့်နေခဲ့သည်။
သစ်ကြံပိုးခေါက်နှင့် သွေးတို့ကို ရောနှောပြီးသောအခါ၊ စုမုန့် သည် သန့်ရှင်းသော အဝါရောင်အင်းစာရွက်ကို ထုတ်ကာ အင်းကွက်များဆွဲလိုက်သည်။ သူမသည် လွန်ခဲ့သည့်ရက်အနည်းငယ်က အိမ်တွင် ရိုးရိုးမှင်ဖြင့် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာကြောင့် ပုံဆွဲရာတွင် အလွန်ကျွမ်းကျင်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူမ အင်းစာများ ရေးဆွဲပြီးသွားပြီဖြစ်သည်။ ပုံဆွဲပြီးသောအခါ၊ သူမသည် ဝိဉာဉ်ချုပ်သော့မှ ကျောက်စိမ်းကို ဖယ်ရှားရန် အစေခံအား အကူအညီတောင်းခဲ့သည်။ သူမဆွဲထားသည့် စက္ကူနှင့် ကျောက်စိမ်းကိုထုပ်ပြီး သူမ အိတ်ထဲက လက်တစ်ဖဝါးစာ မကသည့် အမွှေးနံသာကြုတ်လေးကို ထုတ်ယူလိုက်သည်။ တစ်ဖန် အင်းရွက်ဖြင့်ထုပ်ထားသည့်ကျောက်စိမ်းကို အမွှေးနံ့သာကြုတ်ထဲသို့ ထည့်လိုက်သည်။အမွှေးနံ့သာကြုတ်အတွင်း၌ မီးမရှိဘဲ ပြာများသာရှိသည်။ အဖုံးအုပ်ပြီးနောက် သူမသည် ကြုတ်ကလေးကို ကျိုးဖုန်း အား ပေးသည်။
"ဒါပဲလား"
ကျိုးဖုန်း က သံသယနှင့် မေးလာသည်။
"မရသေးဘူး...ဒါကို လုံခြုံတဲ့နေရာမှာထားပါ...ဘယ်သူမှ မထိစေနဲ့... ဒီကြုတ်ထဲက ပြာက ဝိဉာဉ်ရေးအားကောင်းတဲ့ပြာတွေ… ကျောက်စိမ်းတုံးပေါ်က မကောင်းတဲ့အညစ်အကြေးတွေကို သန့်စင်ဖို့သုံးတာ.… ခုနစ်ရက်ပဲ လိုတယ်...ပြိီးရင် ရှင့်ရဲ့ခန္ဓာကိုယ်ကို ဆက်ပြီး မပျက်စီးစေတော့ဘူး”
“ခုနစ်ရက်ကြာရင် ထုပ်ထားတဲ့အင်းစာရွက်ကို မထိနဲ့... ဒီဟာက မကောင်းတာတွေကို ဖယ်ရှားပေးနိုင်တယ်...ဒီ မကောင်းတဲ့ရောင်ဝါတွေက ရှင်နဲ့အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့တာ...ခဏလေးနဲ့ပျောက်သွားမှာမဟုတ်ဘူး... ကျောက်စိမ်းတုံးကို စက္ကူနဲ့ခုနစ်ရက်ကြာ ပတ်ထားလို့ နောက်ထပ် 14ရက်ကြာတဲ့အခါ ရှင့်ရဲ့ခန္ဓာကိုယ်က ပြန်ကောင်းလာလိမ့်မယ်"
စုမုန့် သည် သူမ၏လက်မှ ပြာများကို ပွတ်သပ်ခါချလိုက်သည်။
"ဒါဆို... တစ်နည်းပြောရရင် နှစ်ဆယ့်တစ်ရက်ကြာရင် ငါနေကောင်းလာမယ်ပေါ့..."
ကျိုးဖုန်း က ဆက်မေးသည်။
"နေဦး"
စုမုန့် သည် ကျောက်စိမ်းအားပြုလုပ်ပြီးနောက် လွယ်အိတ်ထဲမှ လက်ဖဝါးအရွယ် လူရုပ်တစ်ခုကို ယူခဲ့သည်။ သူမသည် သွေးနှင့်သစ်ကြံပိုးခေါက် ရောထားသော အရည်ဖြင့် ဝိဉာဉ်ချုပ်သော့ရှိ ကျိုးဖုန်၏ မွေးရက်ကို ရေးလိုက်သည်။ထို့နောက် လူရုပ်ကို အင်းစာရွက်ဖြင့်ပတ်ထားလိုက်၏။တစ်ဖန် ခွက်တစ်ခုထဲကို လူရုပ်ထည့်ကာ အစေခံအား မီးရှို့ခိုင်းသည်။
"ဒါက..."
စုမုန့် သည် လူရုပ်ကို လေးနက်သော အမူအရာဖြင့် မီးရှို့နေသည်ကို မြင်သောအခါ ကျိုးဖုန်း က မတတ်နိုင်ဘဲ မေးလိုက်သည်။ လူရုပ်အားလုံး မီးလောင်လုနီးပါးဖြစ်သွားသည့်အခါ စုမုန့် က
“လူစားထိုးတာ...ရှင့်ရဲ့မွေးသက္ကရာဇ်နဲ့ သွေးကို ယူပြီး လူစားထိုးထားတာ...ဒီ ကျိန်စာအောက်မှာ ရှင့်ကို သေခိုင်းလိုက်တယ်...ဒါမှ ရှင် တစ်ကယ်ဘေးကင်းလိမ့်မယ်"
အားလုံးပြီးသွားပြီဖြစ်၍ စုမုန့် သည် ပစ္စည်းအားလုံးကို သူမ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်ပြီး ထွက်သွားဟန်ပြင်လိုက်သည်။ မမျှော်လင့်ဘဲ ကျိုးဖုန်း သည် သူမအား သွားစေချင်သေးပုံ မရချေ။
"မစ္စစု...မသွားပါနဲဦး"
စုမုန့် သည် ကျိုးဖုန်း ကို ကြည့်သည်။ ပထမဆုံစတွေ့တုန်းကတည်းက သူမတို့မှာ ရန်ငြိုးရန်စမရှိသော်လည်း သူသည် သူမအား နှိပ်စက်ရန်ကြိုးပမ်းခဲ့သူပင်။ သူမ တုန်လှုပ်သွားကာ သတိကြီးကြီးထား၍ မေးလိုက်၏။
"ဘာလဲ...ရှင့်ကို ကူညီဖြေရှင်းပေးပြီးရင် ကျွန်မကို မနှောင့်ယှက်ဘူးလို့ အစကတည်းက မစ္စတာကျိုးက မပြောခဲ့ဘူးလား"
သူမ၏ ထိတ်လန့်တုန်လှုပ်နေသော ပုံစံကိုမြင်ရသောအခါ ကျိုးဖုန်း ရယ်လိုက်မိ၏။
"စိတ်ရှုပ်နေဖို့ မလိုပါဘူး... မင်းအလုပ်ပင်ပန်းနေပြီမို့ ဒီတိုင်း ထမင်းစားဖို့ ဖိတ်ချင်နေတာပါ...ပြီးတော့ မစ္စစုလည်း ဒီကိစ္စအတွက် အများကြီး အားထုတ်ထားတယ်လို့ ထင်တယ်လေ"
"တစ်ကယ်ပါပဲ…ရှင်က ကျွန်မရဲ့အရင်က ဖောက်သည်တွေထက် ပိုခက်တာပဲ"
သူမ၏ ပိုက်ဆံတောင်းချင်နေသောစကားကို ကျိုးဖုန်းကဲ့သို့ လိမ္မာပါးနပ်သူက အဓိပ္ပါယ်ကို သေချာစွာ နားလည်လိမ့်မည်ထင်သည်။
(ဝေ့ရွှယ် ၏ ဗီဒီယို...)
မျှော်လင့်ထားသလိုပင် ကျိုးဖုန်း က ချက်ချင်းနားလည်သဘောပေါက်ပြီး အစေခံကို ဖုန်းယူလာဖို့ လက်ပြလိုက်သည်။
“နောက်21 ရက်မှာ အသက်ဝင်လာမယ်လို့ မစ္စစု ကပြောထားတယ်ဆိုတော့ အခု 200,000 ပေးမယ်... 21 ရက်ပြီးရင် ကျန်တဲ့ 800,000 ကို ပေးပါ့မယ်”
ပမာဏကိုကြားသောအခါ စုမုန့် ခဏလောက် ထိတ်လန့်သွားမိသည်။ ကျိုးဖုန်း သည် ချမ်းသာသောမိသားစု၏ သခင်လေးဖြစ်ထိုက်သည်ဟု သူမ စိတ်ထဲတွင် တွေးမိ၏။အတော်သဘောကောင်းသူပင်။သူ့ကို တစ်ကြိမ်ကူညီဖို့ပေးရုံနှင့် ငွေတစ်သန်းပေးခဲ့သည်။သို့သော် သူမ စဉ်းစားမိသောအခါ အဓိပ္ပါယ်ရှိလှ၏။ ဤသည်က သူ့အသက်ကို ကယ်တင်ခြင်းဟု ယူဆနိုင်၏။ လူတစ်ယောက်၏ တစ်သက်အတွက် ယွမ်တစ်သန်းသည် ထိုက်တန်လှပေ၏။
“ကောင်းပြီ”
စုမုန့် က အဆင်သင့်သဘောတူပြီး ငွေ ယွမ် 200000 ကို လက်ခံခဲ့သည်။
"ဒါပေမယ့် ကျွန်မ မစားတော့ဘူး... တခြားဘာမှလည်း လုပ်စရာ မရှိတော့ဘူးဆိုတော့ ကျွန်မ ထွက်သွားတော့မယ်…တခြားလုပ်စရာတွေ ရှိသေးတယ်"
သူမ ပြောပြီးတော့ လွယ်အိတ်ကို ပြန်လွယ်လိုက်သည်။ယခုတစ်ကြိမ်မှာတော့ ကျိုးဖုန်း က သူမကို မတားဘဲ ဗီလာကနေ ထွက်သွားခွင့်ပြုခဲ့သည်။
"သခင်လေး ဒီအရာတွေကို တစ်ကယ်ယုံသလား...အလုပ်ဖြစ်မှာသေချာလား"
စုမုန့် ဗီလာမှ ထွက်သွားပြီးနောက် ထွားကျိုင်းသော အမျိုးသားတစ်ဦး အခန်းထဲမှ ထွက်လာသည်။ စုမုန့် သာဒီမှာရှိနေရင် သူမ သေချာပေါက် ထိတ်လန့်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် သူမအား ဖမ်းခဲ့သော သက်တော်စောင့်များထဲမှ တစ်ဦးဖြစ်ပြီး တက်တူးထိုးထားသူဖြစ်သည်။ကျိုးဖုန်း က စုမုန့် ထွက်သွားသည့် လမ်းကြောင်းကို ကြည့်လိုက်ရင်း သူ့မျက်လုံးများသည် တစ်စုံတစ်ခုကို တွေးနေသလိုမျိုး ခံစားချက်များ ပြည့်နှက်နေသည်။ သက်တော်စောင့်၏ အမေးကိုအချိန်အတော်ကြာပြီးနောက်မှ ပြန်ဖြေလိုက်သည်။
“အသုံးဝင် မဝင်ကို မကြာခင် ရက်အနည်းငယ်အတွင်းမှာ သိနိုင်မှာပါ… နောက်ဆုံးတော့ ငါ့ခန္ဓာကိုယ်ကို ကုသဖို့ တခြားနည်းလမ်းမရှိဘူးလေ"
စုမုန့် သည် သူမ၏လျှပ်စစ်စက်ဘီးစီးပြီး ဗီလာနယ်မြေမှ အမြန်ထွက်ခွာခဲ့သည်။ သူမ တတ်နိုင်သမျှ မြန်မြန်မောင်းပြီး ရှေးဟောင်းလမ်းကို ပြန်မရောက်မချင်း နောက်ပြန်လှည့်မကြည့်တော့ေပ။ သူမသည် ရင်းနှီးနေသော ပတ်ဝန်းကျင်နှင့် စည်ကားနေသော လမ်းများကို ရောက်မှသာ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။နောက်ကိုတစ်ခါပြန်ကြည့်လိုက်လျှင် သူမနောက်ကို ဘယ်သူမှ မလိုက်လာမှန်း သိလိုက်ရသည်။ ကျိုးဖုန်း က သူမကို ဘာမှ ထပ်မလုပ်တော့ခြင်း ဖြစ်နိုင်၏။
သူမ ရှေးဟောင်းဆိုင်ကို ပြန်ရောက်သည့်အခါ ဆိုင်မှာ ဖောက်သည် များများစားစား မရှိဘဲ ချမ်းသာပြီး မတော်တဆမှု ဖြစ်ဖူးသူတွေသာ ရှိသည်။သူမလည်း အမြန်ဖြေရှင်းပြီးနောက် ဆိုင်က တစ်ဖန် တိတ်ဆိတ်သွားခဲ့သည်။ ဆရာနှင့် ဟုန်စစ်ကို နှုတ်ဆက်ပြီးနောက် သူမ အပေါ်ထပ်သို့ ပြန်တက်သွားသည်။ ပြန်ဆင်းလာလျှင် သူမသည် နောက်ဖောက်သည်များအား ကြည့်ရမည်ဖြစ်သည်။ ထို့အပြင် ယခုသူမသည် ဖုန်းရွှေပညာရှင် ပြိုင်ပွဲအတွက် ပြင်ဆင်နေရသည်။
သူမ အိပ်ခန်းထဲပြန်ဝင်ကာ ဖုန်းကိုထုတ်လိုက်သောအခါ အမည်မသိအီးမေးလ်တစ်စောင်ကို တွေ့ရှိခဲ့သည်။ သူမ စိတ်ဝင်တစား ဖွင့်ကြည့်လိုက်ရာ ဗီဒီယိုတစ်ခုဖြစ်ပြီး ဖွင့်ကြည့်လိုက်သောအခါ သူမ တုန်လှုပ်သွားပြီး ငိုလုမတတ်ဖြစ်ကာ ပါးစပ်ကို အမြန် ဖုံးလိုက်မိသည်။ ဗီဒီယိုထဲက အဓိကဇာတ်ကောင်က ဝေ့ရွှယ် ပင်။သူမသည် အရက်မူးနေခြင်းလား၊ဆေးသုံးထားခြင်းလားမသိ၊ မျက်လုံးကတစ်၀က်သာပွင့်ပြီး စိတ်ရှုပ်နေဟန်ရှိသည်။ သူမကို အပေါ်မှ ယောက်ျားတစ်ယောက်က စီးမိုးထားပြီး သူမ၏ အဝတ်တွေကို ချွတ်လိုက်လေသည်။
ထိုအမျိုးသားသည် ဝေ့ရွှယ် ၏ အဝတ်အစားအားလုံးကို ချွတ်လိုက်ပြီး သူမ၏ အတွင်းခံဘောင်းဘီတစ်ထည်ကိုသာ ကျန်နေချိန်မှာ ဗီဒီယိုသည် ရုတ်တရက် ရပ်သွားသည်။ထို့နောက်မှာ ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိကြပေ။ ဗီဒီယိုအပြင် အခြားစာပိုဒ်တစ်ပိုဒ်လည်း ပါရှိသည်။
“မစ္စစု..ဆုကြေးအနေနဲ့ ဒီလူက မင်းကို လုပ်ထားသလိုမျိုး ပြန်လုပ်ပေးလိုက်တယ်...ဒီဟာကို သိမ်းချင်ရင်သိမ်း၊ဖျက်ချင်ရင်ဖျက် ကြိုက်သလိုလုပ်ပါ…ပြီးတော့ မင်းကြိုက်သလို သုံးလို့ရတယ်…ဒါပေမယ့် အကြံဥာဏ်လေး တစ်ခု ပေးပါရစေ...ရန်သူကို သနားတတ်ရင် ကိုယ့်ကိုကိုယ် ရက်စက်တာပါပဲ...ရန်သူကို ဘယ်လိုတွန်းလှန်ရမှန်း မသိရင်လည်း
ကိုယ့်ကိုကိုယ် ထိခိုက်နစ်နာအောင် လုပ်နေသလိုမျိုး အဖြစ်ဆိုးတတ်တယ်"
စုမုန့် သည် ဗီဒီယိုနှင့် စာပိုဒ်ကို ကြည့်လိုက်ရာ သူမ၏ မျက်နှာက မည်းမှောင်သွားရသည်။ ဝေ့ရွှယ် က သူမကို ဤမျှမုန်းနေမည်ဟု မမျှော်လင့်ထားပေ။ မူလက သူမနှင့် ပြဿနာမရှာချင်ဘဲ အရေးကြီးဆုံးကိစ္စကို အရင်ဖြေရှင်းချင်ခဲ့သည်။ ဝေ့ရွှယ် သည် ဤမျှအထိ ဆိုးညစ်ယုတ်မာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဝေ့ရွှယ်သည် သူမနှင့် ဝေ့ထင် ကွာရှင်းတော့မည်ကို သိသော်လည်း ယခုထိ သူမကို လက်မလွှတ်သေးပေ။
သူမ ထိုစာပိုဒ်ကို ဖျက်လိုက်၍ မှတ်စုထဲတွင် သိမ်းဆည်းပြီး ကူးယူလိုက်သည်။ ဤမျှကောင်းသည့် ဗီဒီယိုကို သူမ မဖျက်ရက်ပေ။တစ်နေ့လိုအပ်လာလိမ့်မည်။
အားလုံးကို ဖြေရှင်းပြီးသွားသောအခါ စုမုန့် ဖုန်းရွှေပြိုင်ပွဲအတွက် စတင်စာရင်းသွင်းဖို့ စီစဉ်ခဲ့သည်။ မှတ်ပုံတင်နည်းကို အွန်လိုင်းမှာ ရှာဖွေထားသော်လည်း ဤမျှအထိတင်းကျပ်မည်ဟု သူမ မမျှော်လင့်ထားပေ။ ပြိုင်ပွဲမှာပါဝင်ရန် နည်းလမ်းနှစ်ခုရှိသည်။ တစ်ခုမှာ ဖိတ်စာ လက်ခံရမှ ပါဝင်ခွင့်ရပြီး နောက်တစ်ခုက ဆရာဖြစ်သူ၏ နောက်ကြောင်းရာဇာဝင်များမှ သူမ ဘယ်လိုဖုန်းရွှေပညာရှင် ဖြစ်လာရသည်အထိ အကုန်ဖြည့်စွက်ရမည်ဖြစ်၏။
စုမုန့် သည် မေးခွန်းများစွာကြောင့် စိတ်ရှုပ်သွားခဲ့သည်။ သူမသည် ပါဝင်ရန် လိုအပ်ချက်များနှင့် တစ်ခုမှ မကိုက်ညီပေ။ ပြိုင်ပွဲတွင် ပါဝင်ရန် အကြံပြုသော ရှေးဟောင်းပစ္စည်းဆိုင်မှ အဘိုးအိုက မှတ်ပုံတင်ရန် လွယ်ကူသည်ဟု ပြောခဲ့သော်လည်း ယခုမူ သူမ အလိမ်ခံရသည်ဟုတောင် မြင်လာမိသည်။ အံ့သြစရာမရှိချေ။ ထိုလူသည် အမျိုးသမီး ဖုန်းရွှေ ပညာရှင်များကို နှိမ့်ချနေသလိုရှိသည်။ သူမအား ပါဝင်နိုင်ရန် စိတ်ရင်းမှန်ဖြင့် အကြံပြုခြင်းမဖြစ်နိုင်ဘဲ လှောင်ပြောင်နေခြင်းဖြစ်နိုင်သည်။ သို့သော် ပထမရပါက ရရှိမည့် များပြားလှသောဆုလာဘ်ကို တွေးကြည့်သောအခါ သူမ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။သေချာပေါက် သူမ နည်းလမ်းတစ်ခု စဉ်းစားရမည်ဖြစ်သည်။
ဘယ်သူ့ကို အကူအညီတောင်းနိုင်မလဲ…
ယခုဆို သူမမှာလည်း အသိမိတ်ဆွေမရှိသေး၍၊အတော်ခက်ပေသည်။အဆက်အသွယ်သာရှိလျှင် တစ်နည်းနည်းဖြင့်အားကိုး၍ရနိုင်၏။ နောက်ဆိုလျှင် သူမသည် ငွေရှာခြင်းအပြင်၊ နောက်ထပ်အဆက်အသွယ်များ ချဲ့ထွင်ဖို့ ကြိုးစားအားထုတ်ရမည် ဖြစ်ပေသည်။
" ကောင်မလေး ဘာလုပ်နေတာလဲ… ဆရာ ဝင်လာလို့ရမလား"
စုမုန့် စိတ်ပူနေချိန်မှာ ကောရှန်းက ရုတ်တရက်လာပြီး တံခါးလာခေါက်သည်။
"ဆရာ... လာ...တံခါးကို သော့ပိတ်မထားဘူး"
ကောရှန်း ဝင်လာသောအခါ စုမုန့် သည် စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ်တွင် မှောက်အိပ်နေသည်ကို တွေ့လိုက်ရသည်။
xxxxx