အပိုင်း၂၈
Viewers 8k

Chapter 28

(ဆရာ၏ ဖိတ်စာ)


 "ဘာဖြစ်လို့လဲ...မင်းကြည့်ရတာ စိတ်မချမ်းမသာ ဖြစ်နေသလိုပဲ"  


စုမုန့် ဘေးမှာထိုင်ရင်း ကောရှန်းသည် တပည့်ဖြစ်သူအတွက် အနည်းငယ်စိုးရိမ်သွားသည်။သူမသည် ဝေ့ထင် အတွက် စိတ်ပူနေပုံရ၏။ယခင်က သူမသည် ဝေ့ထင်ကို ချစ်ခဲ့သည်။ ယခု သူမသည် ရုတ်တရက် ကွာရှင်းပြတ်စဲတော့မည်ဖြစ်သောကြောင့် အပြင်ပန်းတွင် ရယ်မောပျော်ရွှင်နေသော်လည်း သူမစိတ်ထဲမှာ ဝမ်းနည်းနေနိုင်သည်။


 "ဆရာ...ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို နောက်တစ်ဆင့်တက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေးပြီး စိတ်ပူနေမိတယ်"


 "မင်း ဒီလမ်းကို တကယ်ဆက်သွားချင်တာလား...‌နောင်တရဖို့ မဖြစ်နိုင်ရင်တောင်လား"


ကောရှန်း က ခဏငြိမ်သက်ပြီးနောက် မေးလိုက်သည်။


 "ဟုတ်တယ်...အရင်တုန်းကတော့ ခေါင်းတွေဝေဝါးနေခဲ့တယ်...အခု ပန်းတိုင်ကို ရှာတွေ့ပြီ…ပြီးတော့ ဆရာ့ရဲ့ ဝတ်ရုံကို ကျွန်မကို အမွေမပေးချင်ဘူးလား…ကျွန်မက ဆရာ့ရဲ့တစ်ဦးတည်းသောတပည့်လေ...ဆရာ့ရဲ့ဝတ်ရုံကို အမွေခံရမယ်မလား"


စုမုန့် ၏ လေသံက ခိုင်မာတည်ကြည်သည်။


 ‘ငါ့ရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို ဘယ်အရာကမှ မနှောင့်နှေးစေနိုင်ဘူး...ဆရာ ဘဝကို ကောင်းကောင်းနေထိုင်နိုင်စေဖို့အတွက် ငါကြိုးစားရမယ်'


သူမ၏ ပြတ်သားသောအမူအရာကိုကြည့်ရင်း ကောရှန်း မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ငြိမ်သက်သွားပြီးနောက် 


"မင်း ဒီရက်ပိုင်းအတွင်း ဒီအလုပ်ထဲကို တစ်ကယ်ဝင်ချင်နေတာပဲ...ကောင်းပြီ၊ မင်းနားလည်သင့်တဲ့အရာတွေရှိတယ်"


စုမုန့် အမေးကိုပင် နားမထောင်ဘဲ ကောရှန်း ထပြီး အခန်းထဲက ထွက်သွားသည်။ သူပြန်လာသောအခါ ရွှေရောင်အနားသတ်ထားသော ဖိတ်စာတစ်စောင်ကို သူ့လက်ထဲမှာ ကိုင်ထား၏။


 “မင်း အရည်အချင်းပြည့်မီပြီး အသိအမှတ်ပြုခံထားရတဲ့ ဖုန်းရွှေပညာရှင် ဖြစ်ချင်တယ်ဆိုရင်၊ ဖုန်းရွှေပညာရှင်ပြိုင်ပွဲမှာ ပါဝင်ဖို့ လိုတယ်လေ... မင်းအရမ်းစိတ်ပိုင်းဖြတ်ထားတာ ဆိုတော့ ပါဝင်ဖို့ပြင်ဆင်လိုက်ပါလား"  


ထို့နောက် သူမကို ဖိတ်စာတစ်စောင် ပေးလိုက်သည်။


 " ဖုန်းရွှေပညာရှင် ပြိုင်ပွဲဖိတ်စာ...ဆရာ့မှာ တစ်ကယ်ရှိတယ်နော်"

 

သူ့လက်ထဲက ဖိတ်စာတစ်စောင်ကို ကြည့်လိုက်ရင်း စုမုန့် မျက်လုံးများ ပြူးကျယ်သွားသည်။ ဤဖိတ်စာ၏ အကြောင်းအရာသည် အလွန်တန်ဖိုးကြီးကြောင်း သိသာထင်ရှားသည်။ အထက်တန်းစား လူ့အဖွဲ့အစည်းက စီစဉ်သည့် ပြိုင်ပွဲတစ်ခုပင်။


 “သူငယ်ချင်းဟောင်းတစ်ယောက်က ပေးခဲ့ပေမယ့် ငါက အသက်ကြီးနေပြီ ဆိုတော့ ဒီလိုအရာတွေကို စိတ်မဝင်စားတော့ဘူး...ငါ့အင်္ကျီကို အမွေအဖြစ်လိုချင်တယ်လို့ မင်းပြောတယ်မဟုတ်လား...ဒါဆိုရင်တော့ မင်းသွားဖို့ သင့်တော်တယ်...ဒါကို VIP မလို့ ပေးတယ်လို့မှတ်နော်...ဟိုမှာလည်း သီးခြားအခန်းတစ်ခုရှိတယ် ဆိုတော့ယောက်ျားအုပ်စုနဲ့ နေရမှာမဟုတ်လို့စိတ်ရှုပ်စရာ မလိုတော့ဘူး"


 "ဆရာ့သူငယ်ချင်းဟောင်း…ဘယ်သူလဲ"


စုမုန့်က စပ်စုကာမေးလိုက်သည်။ ဤဖိတ်စာမျိုးကို ပေးနိုင်သူ တစ်ယောက်မှာ အဆင့်အတန်းမြင့်ပုံပေါက်သည်။  သို့သော် ဆရာနှင့် ပတ်သက်သော ငွေကြေးအင်အားတောင့်တင်သူ သို့မဟုတ် အဆင့်အတန်းရှိသော မည်သူကိုမျှ သူမ မမြင်ဖူးချေ။


 “ဘာမှမဟုတ်ပါဘူး...အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိခဲ့တာပါ...ဒါပေမယ့် ပြိုင်ပွဲမှာ ပါဖို့ဆိုရင် ကိုယ့်ကိုယ်ကို အားကိုးရမယ်... တခြားသူတွေကို အားမကိုးနဲ့"


သူက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ ဤအကြောင်းအရာကို အလွန်အကျွံ မပြောချင်ပုံရသည်။


 "စိတ်မပူပါနဲ့ ဆရာ မျက်နှာမပျက်စေရဘူးလို့ ကျွန်မသေချာပေါက် အာမခံတယ်"


စုမုန့် ဆက်မမေးတော့တော့‌ေပ။တွေးကြည့်လျှင်လည်း အဓိပ္ပါယ်ရှိလှသည်။ သူမသည် ဆရာဖြစ်သူ၏ သူငယ်ချင်းအားလုံးကို မတွေ့ဆုံခဲ့ရပေ။ ထို့အပြင် တစ်သက်လုံး ရှေးဟောင်းပစ္စည်းများကို ရောင်းချခဲ့သည့် ဆရာဖြစ်သူမှာ အနည်းနှင့်အများ အဆက်အသွယ်ရှိမည်ဖြစ်၏။


 “ဆရာက အရမ်းကြီးကြီးကျယ်နေတာလည်း မဟုတ်ပါဘူး...နောက်ပြီး အသက်ကလည်းကြီးနေပြီ...ဒီမျက်နှာကို ပျက်လည်းဘာမှမဖြစ်တော့ပါဘူး..ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင် မလုပ်ပါနဲ့...  စကားအများကြီးမပြောဘဲ အလေးအနက်ထားပြီး ပြိုင်… ရှုံးရင် လည်း အဆင်ပြေတယ်...အရေးကြီးဆုံးက သက်တောင့်သက်သာနဲ့ ပြိုင်ဖို့..ကိုယ့်ကိုကိုယ် အတင်း ဖိအားမပေးပါနဲ့"


 “ဟုတ်”


ဆရာဖြစ်သူက သူ့အင်္ကျီကို အမွေဆက်ခံနိုင်ဖို့ သူမအား မျှော်လင့်ထားသော်လည်း သူမ ဘဝကို ပင်ပန်းပြီး ဖိစီးမှုတွေ မဖြစ်စေချင်သော ဆရာ့စေတနာကိုလည်း နားလည်၏။သူမကို အကောင်းဆုံး ဆက်ဆံခဲ့သည့် တစ်ဦးတည်းသော သူက ဆရာဖြစ်သူပင်။ နွေးထွေးသည့် ခံစားချက်က သူမ၏ နှလုံးသားအောက်ခြေကနေ ဖြည်းညှင်းစွာ ထွက်လာရသည်။ 


စုမုန့် သည် ဆရာဖြစ်သူကို ကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်စေရန် အစွမ်းကုန်ကြိုးစားမည်ဟု စိတ်ထဲတွင် ကျိန်ဆိုခဲ့သည်။


 "စကားမစပ်..ဒီပစ္စည်းကို မင်းနဲ့အတူ ယူသွားပါ"  


ကောရှန်းက ညွှန်ကြားပြီးသည့်အခါ သူ့အိတ်ကပ်ထဲမှ ငွေလက်ကောက်တစ်ကွင်းကို ထုတ်ယူလိုက်၏။ လက်ကောက်ပေါ်တွင်ပဲပိစပ်အရွယ်လောက်ရှိသည့် ရှေးဟောင်း ကြေးနီမျိုးနှင့် သွန်းထားသည့် ခေါင်းလောင်းလေးတစ်ခု ပါရှိသည်။ လက်ကောက်က အသစ်ဖြစ်သော်လည်း ခေါင်းလောင်းက ဟောင်းနေပုံရကာ ဆေးများပင် ပြယ်သလိုလိုဖြစ်နေ၏။ 


 "ဒါဘာလဲ"  


ကောရှန်း က ဆက်ရှင်းပြမနေပေ။


“မင်းမေးစရာ မလိုဘူး…ထားလိုက်ပါတော့"


စုမုန့် က လက်ကောက်ကို ဝတ်ပြီး ခေါင်းလောင်းလေးအား သေချာကြည့်မိသည်။ ခေါင်းလောင်းကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို သူမ မသိ။ ရွှေနှင့်အနည်းငယ်တူပြီး ကြေးနီနှင့်လည်း တူနေပြန်သည်။ ခေါင်းလောင်းပါ်တွင် သေးငယ်သော ပုံစံငယ်များ ထွင်းထုထား၍ လက်ရာမြောက်သော်လည်း ဘာမှန်း သူမ မသိပေ။ သူမ တစ်ချက်လက်ကိုလှုပ်ကြည့်ကာ ချွင်ကနဲ ခေါင်းလောင်းသံကအသံထွက်လာသည်။ အခြားခေါင်းလောင်းများလောက် ကြည်လင်ပြီး ငြိမ့်ညောင်းမှု မရှိသော်လည်း ကြားရသူလူအများကို သက်တောင့်သက်သာ ဖြစ်စေသည်။ ဤအရာ၏ မူလဇစ်မြစ်ကို သူမ မသိသော်လည်း၊ ဆရာကတော့ သူမကို ဘယ်တော့မှ ဒုက္ခမပေးနိုင်ပေ။သေချာပေါက် ကောင်းသည့်ပစ္စည်းလေးပင် ဖြစ်ရမည်။


(ဝေ့ထင် ၏သတိပေးချက်...)


 ညနေပိုင်းတွင် စုမုန့်၊ ကောရှန်း နှင့် ဟုန်စစ် တို့သည် ညစာစားကြသည်။ထိုစဉ် ဆိုင်အဝင်ဝတွင် ကားတစ်စီးရပ်လိုက်သည်။


 ဆိုင်ပိတ်ချိန်ရောက်နေပြီဖြစ်၍  ဟုန်စစ်သည် အပြင်ဘက်တွင် ဆိုင်းဘုတ်ချိတ်ထားပြီးဖြစ်၍ ဧည့်သည်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ဟုန်စစ်က အပြင်ထွက်ကြည့်ချင်သော်လည်း သူမက တားလိုက်၏။


 “အစ်ကိုဟုန်…ဆရာကြီးနဲ့ ညစာစားနေ...ညီမ သွားကြည့်လို့ရတယ်"  


ထို့နောက် သူမသည် ပြေးထွက်သွားသည်။ ဆိုင်းဘုတ်ကို မမြင်ရအောင်ပင် မျက်စိကန်းနေသူက ဘယ်သူလဲဆိုသည်ကို သူမ မြင်ချင်လှပြီဖြစ်၏။ ဧည့်သည်လာ၍ လာဝယ်လျှင်က ပြဿနာမရှိသော်လည်း ကြည့်ရုံသာကြည့်ပြီး ဘာမှ မဝယ်ဖြစ်လျှင် သူမ ဤလူကို blacklist သွင်းဖို့ စဉ်းစားရပါလိမ့်မည်။ သူမ ကြည့်ဖို့ အပြင်ထွက်လာချိန်မှာ သူမ၏ မိတ်ဟောင်းဆွေဟောင်း ဖြစ်နေလေသည်။


 "ဝေ့ထင်...ရှင်က ဘာလာလုပ်တာလဲ"  


 စိတ်အနှောက်အယှက်ဖြစ်စေသူမှန်း သိလိုက်၍ စုမုန့် ဟန်ပင်မဆောင်နိုင်အောင် တံခါးဘောင်ကိုမှီကာ လက်ပိုက်ထားရင်း သူ့ကို မထီမဲ့မြင်ပြုသလို ကြည့်နေလိုက်လေသည်။


ဝေ့ထင် သည် စုမုန့် ၏ ပုတ်ခတ်ပြောဆိုမှုကို ဂရုမစိုက်ဘဲ သူမရှေ့အထိ တည့်တည့်သွားလိုက်သည်။  


"မင်း ဒီနေ့ ကျိုးဖုန်း ကို သွားတွေ့တာလား"


 "ရှင် ဘယ်လိုသိသလဲ...ရှင်နဲ့ ဘာဆိုင်လို့လဲ"


 ဝေ့ထင်၏ မျက်နှာသည် မည်းမှောင်သွားသည်။  


"ကျိုးဖုန်း က မရိုးသာဘူး...မင်းသူနဲ့ ဝေးဝေးနေတာ ပိုကောင်းမယ်"


ဝေ့ထင် ၏သတိပေးချက်ကိုကြားသောအခါ စုမုန့် ရယ်လိုက်မိသည်။ သူမတွင် ရွေးချယ်ခွင့်ရှိလျှင် ကျိုးဖုန်း လိုလူမျိုကို ပတ်သတ်စရာအကြောင်းမရှိပေ။သို့သော် သူမတို့ တွေ့ဆုံပတ်သတ်ရခြင်းက အရင်းစစ်ကြည့်လိုက်လျှင် ဝေ့ထင် ကြောင့်ပင် ဖြစ်လေသည်။  ဝေ့ရွှယ် သည် ဝေ့ထင် ကို သဘောကျသည်။  ထို့ကြောင့် ကျိုးကျာ နှင့် ကျိုးဖုန်းတို့ကို သူမနှင့်ရန်တိုက်ပေးခဲ့သည်။ သူမ၏ ထက်မြက်မှုကြောင့်သာ မဟုတ်ပါက ထိုအရူး‌လက်ထဲမှ လွတ်မြောက်နိုင်စရာလမ်းမမြင်တော့‌ေပ။ ယခု သူက သူမအား ကျိုးဖုန်းနှင့် ခပ်ခွာခွာလာနေခိုင်းသည်။တစ်ကယ့်ကို ရွံရှာစရာကောင်းပေသည်။ သို့သော်လည်း ကျိုးဖုန်း သည် ထိုအချိန်က သူမအား ပြန်ပေးဆွဲသွားသောအခါ ရှေးဟောင်းပစ္စည်းဆိုင်အနီးတွင် ဝေ့ထင် ၏လူများရှိသည်ဟု ပြောခဲ့သည်ကို သတိရမိသည်။ သူမကို ဝေ့ထင်က စောင့်ကြည့်နေပုံရသည်။ သို့သော် သူနှင့်ကွာရှင်းမည်ဟု သူမ ပြောခဲ့ဖူးသည်။ 


သူမကို လာစောင့်ကြည့်စရာလား...ဒါပေမယ့် သူက သူမကို တစ်ကယ်ကာကွယ်ချင်ခဲ့တာလား...


စုမုန့် ထိုအကြောင်းပြချက်ကို စိတ်ထဲမှနေ၍ ချက်ချင်းငြင်းဆိုလိုက်သည်။မည်သို့ပင်ဖြစ်စေ၊ ဝေ့ထင် က သူမကို ကာကွယ်ဖို့မဖြစ်နိုင်။


 သူမ ဘယ်မှာရှိလဲဆိုတာကို သူတို့သိချင်နေကြတာပဲ ဖြစ်နိုင်တယ်မလား…


 "ကိုယ် မင်းကိုပြောစရာရှိတယ်"  


သူမ  သူ့စကားကို ပြန်မဖြေသောအခါ ဝေ့ထင် မျက်မှောင်ကြုတ်ပြီး သူမ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။


 "မစ္စတာ ဝေ့ ပြောစရာရှိရင် ဒီမှာပြောလို့ရတယ်...လူကိုလည်း လာထိစရာမလိုဘူး...‌ ဝေ့ရွှယ်သိရင် ဒေါသထွက်သွားမှာကို ရှင်မကြောက်ဘူးလား"


စုမုန့် အရှောင်မြန်ပြီး သူ့လက်ထဲမှ အတင်းရုန်းထွက်ကာ ဘေးနားကို ချက်ချင်း ရှောင်ထွက်သွား၏။


"ဝေ့ရွှယ်နဲ့ ဘာဆိုင်လို့လဲ…သူစိတ်ဆိုးသွားမှာကို ကိုယ်က ဘာလို့ကြောက်ရမှာလဲ"  


ဝေ့ထင်က မျက်မှောင်ကြုတ်ကာ မေးသည်။


သူတို့ မောင်နှမနှစ်ယောက်သည် ဤအဆင့်အထိ တိုးတက်နေပြီဖြစ်သော်လည်း ဟန်ဆောင်နေဆဲဖြစ်သည်။ 


သူမက ဒီလောက်ထိ အတယ်လို့များ သူ ထင်နေတာလား...


 "မင်းနဲ့ ကျိုးဖုန်း က တစ်ခုခု သဘောတူထားတယ်ဆိုတာ ကိုယ်သိတယ်...ဒါပေမယ့် မင်းဘာပဲလုပ်လုပ် သူက မင်းကို အနှောင့်အယှက်မပေးနိုင်တော့ဘူး"  


ကျိုးဖုန်း က သူမကို အနိုင်မယူရဲတော့ဘူးဆိုသည်ကို သူ ဆက်မပြောလိုက်ပေ။ သူမကို စိတ်အေးလက်အေးနေ‌‌စေချင်သော်လည်း ကျိုးဖုန်းကို အကြောင်းပြ၍သူမကို သူ့မျက်စိရှေ့မှာ ထားချင်သေးသည်။သူလည်း သူကိုယ်သူ ဘာဖြစ်‌မှန်း မသိတော့။ယခုမှ စုမုန့်အပေါ် ရှိနေသည့် သူ၏ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူမ အန္တရာယ်ရှိနေကြောင်း ကြားလိုက်ရသောအခါတွင် သူ့ရင်ထဲဝယ် နားမလည်နိုင်စွာ ထိတ်လန့်ခဲ့ရသည်။ သို့သော် စုမုန့် သည် သူ၏စိတ်ထားကို သဘောမပေါက်ဘဲ အေးစက်စွာပြောလာသည်။


 "ရှင်နဲ့ဘာမှမဆိုင်ဘူး" 


 "အခက်အခဲတွေ့ရင် ကိုယ့်ကို ပြောလို့ရတယ်"


သူမကို စိုက်ကြည့်ရင်း သူ့မျက်လုံးများတွင် စိတ်ခံစားမှုများ ပြည့်နှက်နေသည်။


 "ရှင့်ကို ပြောတော့ ဘာအသုံးကျမှာလဲ....မထီမဲ့မြင်ပဲ အပြုခံရမယ်မလား"


စုမုန့် က လှောင်ပြောင်လိုက်သည်။ အတိတ်ဘဝက ဝေ့ထင် သူမအပေါ်ထားသည့် သဘောထားအရ သူမသာသူ့ကို သွား‌ပြောပြလိုက်လျှင် သူမအား မကူညီပေးသည့်အပြင် နည်းတောင်နည်းသေးသည်ဟု ပြောမှာဧကန်ပင်။ သူမ ထိုမြင်ကွင်းကို မြင်ယောင်နေပြီဖြစ်သည်။


 "မင်းစိတ်ထဲမှာ ကိုယ်က အဲ့လိုပုံကြီးလား... မင်းဘာမှမပြောဘဲနဲ့ ကိုယ်က မင်းကိုမကူညီဘူးဆိုတာ မင်းဘယ်လိုသိလဲ" 


ဝေ့ထင် ၏ မျက်လုံးများက လေးနက်နေကာ သူ၏နှုတ်ခမ်းလွှာများကလည်း တင်းတင်းစေ့ထားလျက်ရှိသည်။


"ဝေ့ထင် ကျွန်မကိစ္စကို ကျွန်မ ဘာသာဖြေရှင်းနိုင်တယ်...ရှင် အယောင်ဆောင်စိုးရိမ်ပေးစရာ မလိုဘူး...ရှင် ဒီလောက်အားနေရင် ကျွန်မတို့ ကွာရှင်းပြတ်စဲတဲ့ကိစ္စကို အရင်ရှင်းရမယ်…ရှင် ကွာရှင်းစာချုပ်နဲ့ နောက်တစ်ကြိမ်ပြန်လာမယ်လို့ မျှော်လင့်ပါတယ်"  


သူမ ဝေ့ထင် နှင့် ဆက်မရှိချင်တော့၍ ဆိုင်ထဲသို့ ဝင်တော့မည့်အခိုက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်စဉ်တွင် အခြားကားတစ်စီးသည် တံခါးဝတွင် ဖြည်းညှင်းစွာ ရပ်သွားသည်။သူမမျက်ခုံးပင့်လိုက်မိသည်။ ယနေ့ ဆိုင်ပိတ်ခါမှ အတော်လေး လူစည်နေသည်။ သို့သော် ကားပေါ်မှလူက ချက်ချင်းဆင်းမလာ။ 


ဝေ့ထင် သည် ကားကို မြင်ဖူးပုံရသည်။ သူက စုမုန့် ကို စိုက်ကြည့်ပြီး အသံနက်ကြီးနှင့် ပြောလိုက်သည်။


"ကွာရှင်းခွင့် မပေးဘူး"


 "ဘာပြောလိုက်တာလဲ...ထပ်ပြောပါဦး"  


သူမ နားကြားမှားနေသလိုမျိုးပင်။


ဝေ့ထင် ဘာပြောလိုက်တာလဲ…

 သူမကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့လူက ကွာရှင်းမှာမဟုတ်ဘူးလို့ တစ်ကယ်ပြောတာလား...


 "ကိုယ်ကတော့ မင်းကို ကွာရှင်းမှာမဟုတ်ဘူး"  


ဝေ့ထင် သည် သူမကို ကြည့်ကာ စကားတစ်ခွန်းချင်း ပြောလိုက်သဖြင့် သူ့ပုံစံက နောက်ပြောင်နေပုံမပေါ်ချေ။


 လမ်းခွဲမပေးဘူးလား...


သူ့စကားကိုကြားပြီး စုမုန့် ဒေါသထွက်သွားသည်။သူမမှာတော့  ကွာရှင်းဖို့ ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ပြီးပြီဖြစ်သည်။



xxxxxx