Chapter 29
(နင့်အစ်ကိုက ငါ့ကိုလာချော့ပေးဖို့ စောင့်နေတာ)
ထို့အပြင် ဤအိမ်ထောင်ရေးတွင် သူမ၏ ယခင်ဘဝက များစွာခံစားခဲ့ရပြီး တရားခံသည် ဝေ့မိသားစုတွင် မောက်မာစွာ ပြုမူဆဲဖြစ်သည်။ ထို့ကြောင့် ဝေ့မိသားစုဝင်များနှင့်ပတ်သတ်နေရသောအခါ သူမကံမကောင်းသလို ခံစားလိုက်ရသည်။ စုမုန့် ခါးထောက်ကာ ဝေ့ထင်အား စိုက်ကြည့်နေသည်။
"ဝေ့ထင် ရှင် လျှောက်ပြောမနေနဲ့..”
"ဟုတ်တယ်၊ ကျွန်မ ရှင့်ကို ချစ်ခဲ့ဖူးတယ်ဆိုတာ ဝန်ခံတယ်...ရှင့်ကို နှောင့်ယှက်ခဲ့တာလည်း ကျွန်မအပြစ်ပဲ... အချစ်ရေးဆိုတာ အမြဲ အဖြေကနှစ်လမ်းရှိတယ်...ဒါကြောင့် ရှင် ကျွန်မကို မချစ်တဲ့ကိစ္စကို ကျွန်မ အပြစ်မတင်ဘူး"
"ဒါပေမယ့် ရှင့်ကို ကျွန်မ သဘောကျခဲ့ဖူးတာနဲ့ပဲ ရှင်တို့ အဆင်ပြေဖို့ ကျွန်မကို ကာဗာအဖြစ် သုံးလို့မရဘူး...ကျွန်မက သာမန်လူတစ်ယောက်ပါ... ကိုယ့်ဘဝကိုယ် ရှင်သန်ခွင့်ရှိရမယ်...ဘာလို့လဲဆိုတော့ ကိုယ်ပျော်ရွှင်ဖို့ တခြားလူတွေကို ဒုက္ခမပေးသင့်ဘူးမလား"
သူမ၏ စကားများမှ တစ်ခုခုလွဲမှားနေကြောင်း ဝေ့ထင် သတိပြုမိပြီး
"မင်းကို ကာဗာအဖြစ်သုံးတယ် ဆိုတာ ဘာကိုဆိုလိုတာလဲ...ကိုယ်နဲ့အတူရှိနေရင် မင်းက ဒုက္ခရောက်ရတယ်ဆိုကရော ဘာလဲ"
“ရှင်…”
"အစ်ကိုဝေ့ထင်"
စုမုန့် အံကြိတ်ကာ ပြန်ပြောမည်ပြုစဉ် ကားတံခါးဖွင့်ပြီး ဝေ့ရွှယ် ထွက်လာခဲ့သည်။
သူမ ဘာကြောင့် နေရာတကာပါနေတာလဲ...
"စုမုန့်...ငါ့အစ်ကိုက နင့်ကို အနိုင်လာကျင့်တာလား…အစ်ကိုဝေ့ထင်ရေ ညီမ ရောက်လာပြီနော်...စုမုန့်ကို အနိုင်ကျင့်လို့မရဘူး..."
ဝေ့ရွှယ် ၏ မျက်နှာပေါ်တွင် ချိုမြသော အပြုံးတစ်ခု ရှိနေသည်။ သူမသည် စုမုန့် ကို အလွန်စိုးရိမ်နေသလိုမျိုး ပုံဖမ်းထားသည်။ယခုလိုမျိုး စေတနာကောင်းချင်ယောင်ဆောင်ထားပါက၊စုမုန့် ပြန်လည်မမွေးဖွားလာခဲ့လျှင် ထိုမိန်းမ၏ ကျော့ကွင်းမှာ မိသွားနိုင်သည်။
"မင်းဘာလို့ဒီကိုရောက်လာတာလဲ"
ဝေ့ထင်က ဝေ့ရွှယ်ကို ဘာစကားမှ မပြောဘဲ ကြည့်နေသည်။
“အမေက အစ်ကို့ကို ရှာခိုင်းလိုက်တာ...ဖုန်းခေါ်လို့လည်းမရတာနဲ့ ရုံးကိုလည်း သွားသေးတယ်...ဟိုမှာလည်း အစ်ကို့ကို မတွေ့တာနဲ့ ဒီမှာ ရောက်နေပြီလို့ထင်လိုက်တာ"
"အစ်ကိုဝေ့ထင်...တခြားဘာမှ ကိစ္စမရှိဘူးဆိုရင် ပြန်သွားရအောင်…အရမ်းနောက်ကျနေပြီ...စုမုန့်ကို မနှောင့်ယှက်နဲ့"
ထိုသို့ပြောပြီးနောက် ဝေ့ရွှယ်သည် ဝေ့ထင် ဆီသို့ လျှောက်သွားပြီး သူ့လက်မောင်းကို လှမ်းတွဲလိုက်သည်။ဤသည်ကို မြင်သာအခါ စုမုန့် စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက်ပေါ်လာရ၏။ချက်ချင်း သူမသည် ချိုမြိန်သောအပြုံးဖြင့် ဝေ့ထင်၏ နံဘေးသို့အမြန်လျှောက်သွားကာ ဝေ့ရွှယ် ကို အသာအယာ တွန်းထုတ်လိုက်သည်။
"နင့်အစ်ကိုက ငါ့ကိုဘယ်လိုလုပ် အနိုင်ကျင့်မှာလဲ... သူကငါ့ကိုဂရုစိုက်ဖို့ရောက်လာတာပါ...ငါ အလုပ်ရှုပ်နေတယ်ဆိုတာ သူသိတယ်လေ… ဒါကြောင့် ကိစ္စတစ်ခုခုများရှိရင် သူ့ကို လာတွေ့ဖို့ ပြောပြီး ငါ့ကို လာချော့တာဟ...အာယား နင့်အစ်ကိုက ငါ့ကို တစ်ကယ် ဂရုစိုက်တာပဲ"
ထိုအခါ ဝေ့ရွှယ် မျက်နှာပေါ်က အပြုံးက အနည်းငယ် တင်းမာသွားကာ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်သွားပြီးနောက် ခဏတာမျှ ငြိမ်ကျသွားသည်။
“ဟုတ်တယ်…အစ်ကို ဝေ့ထင် က နင့်ကို အရမ်းဂရုစိုက်တယ်...ငါက နင့်ကို အရမ်းခင်လို့ ပြောမိတာပါ…နင်က ငါ့အတွက် အရမ်းအရေးကြီးတယ်မလား"
ဝေ့ရွှယ် သည် သူမ၏ အသံကို နူးညံ့နေအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။
"ဒါပေမယ့် စုမုန့် နင်တစ်ခုခုဖြစ်ခဲ့သလား…ဟုတ်တယ်၊ ဟိုတစ်လောက နင့်ကို ဈေးဝယ်ထွက်ဖို့ ခေါ်တာလေ...နင့်ဖုန်းက ခေါ်လို့မရဘူး...နင် ဘယ်သွားနေတာလဲ"
ဝေ့ရွှယ် ၏မေးခွန်းကိုကြားသောအခါ စုမုန့် မျက်လုံးများကို ကျဉ်းမြောင်းကာ မျက်မှောင်ကြုတ်လိုက်မိ၏။ ဝေ့ရွှယ် က ဝေ့ထင် ကိုရှာဖို့ လာခဲ့တာမဟုတ်ဘဲ ကျိုးဖုန်းက သူမကို ပြန်ပေးဆွဲသွားကြောင်းအား သိရဖို့အတွက် ရောက်လာခြင်းဖြစ်နိုင်သည်။ ကျိုးဖုန်း သည် သူမအား အနိုင်ကျင့်ထားသည့် ဗီဒီယိုကို မပေးခဲ့နိုင်ပေ။ထို့ကြောင့် မစောင့်နိုင်တော့ဘဲ ဝေ့ထင်ကိုအကြောင်းပြ၍ သူမအား လာမေးခြင်းပင်ဖြစ်သည်။
"အဲဒီနေ့က တစ်ခုခု ဖြစ်ခဲ့တာ"
စုမုန့် ခေါင်းကို အနည်းငယ်ငုံ့ကာ ဝမ်းနည်းဟန်ဆောင်ကာ မျက်ရည်များကိုသုတ်ဟန်ဆောင်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း သူမ၏ တုံ့ပြန်မှုကို မြင်လိုက်ရတော့ ဝေ့ရွှယ်မျက်နှာက ဖုံးဖိမရဘဲ ချက်ချင်းပင် ပျော်ရွှင်သွားပုံရသည်။တစ်ဖန် သူမက စိုးရိမ်ဟန်ဆောင်ကာ
“နင် ဘာဖြစ်သွားတာလဲ.. အစ်ကို့ကို ပြောပြလိုက်ပါလား...သူက နင့်ကို ကူညီလိမ့်မယ်"
“ေတာ်ပါ...မပြောနဲ့တော့...အားလုံးက အတိတ်မှာပဲ ရှိပါတယ်”
စုမုန့် က ဝေ့ရွှယ်ကို ဗြောင်ကျကျမပြောချင်၍ ငြင်းလိုက်သည်။ဝေ့ရွှယ် လည်း သိချင်စိတ်ဖြစ်နေသော်ငြား ဆက်မမေးတော့သဖြင့် သူမ ဆက်ပြောလိုက်သည်။
"ဝေ့ရွှယ်..နင့်အစ်ကိုက ငါ့ကို တစ်ကယ်ကောင်းပါတယ်... သူက ငါ့ကို လမ်းမခွဲချင်ဘူးလို့ပဲ ပြောတယ်”
"ဘာ…လမ်းမခွဲချင်ဘူး ဟုတ်လား"
ဝေ့ရွှယ် သည် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာအမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ ထိတ်လန့်လွန်းသောကြောင့် သူမ၏ မျက်နှာအမူအရာကို ထိန်းချုပ်ရန် မေ့သွားခဲ့သည်။
"ဘာလို့လဲ...ငါတို့ မကွာရှင်းဘူးလို့ကြားရတာကို နင်အရမ်းစိတ်ပျက်နေပုံပဲ"
ထိုအခါမှ ဝေ့ရွှယ် သည် မျက်နှာအမူအရာကို အမြန်ပြင်လိုက်ပြီး ပြုံးဟန်ဆောင်ကာ နှုတ်ခမ်းထောင့်များကို ကော့ညွတ်လိုက်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ..နင်တို့ လင်မယား မကွာရှင်းတာ ကောင်းပါတယ်...ငါက နင်တို့ မကွာရှင်းတာကို ပိုတောင်ဝမ်းသာမိသေးတယ်"
"တစ်ကယ်ကို ဝေ့ထင်ရဲ့ညီမလို့မပြောရဘူး...တစ်ကယ် စိတ်ထားကောင်းတာပဲ"
ဝေ့ရွှယ်အား ကိုယ်နေရာကိုယ်သိစေရန် သူမ တမင်တကာပင် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဝေ့ရွှယ်၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားရသည်။
"ဒါဆို စုမုန့် နင်က ဝေ့မိသားစုဆီ ပြန်လာမှာလား"
ဝေ့ရွှယ်သည် လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ အပြုံးမပျက်စေရန် အပြင်းအထန်ကြိုးစား၍ မေးလိုက်သည်။
"ဘယ်ဟုတ်မလဲ...နင့်အစ်ကို ငါ့ကို လာချော့တာကို စောင့်နေတာ...ငါ စိတ်ပြန်ေပြရင်ပြန်လိုက်မယ်"
(ဂရုမစိုက်ဘူး...)
ဝေ့ထင်ကို လာအချော့ခိုင်းနေသည်မှာ အဆိပ်ပြင်းမြွေတွေကို ယဉ်ပါးအောင် လေ့ကျင့်ခြင်းနှင့်တူသည်။ဤသည်က တစ်ကယ့်ကို စိတ်ကူးယဉ်ဆန်လှ၏။
ဝေ့ရွှယ် စုမုန့်ကို စိတ်ထဲမှ ကြိတ်လှောင်မိသည်။ မူလက သူမသည် စုမုန့် အတွက် အနည်းငယ်စိုးရိမ်နေသေးသော်လည်း ယခု စုမုန့် စကားကို ကြားလိုက်ရလျှင် သူမ ချက်ချင်း စိတ်သက်သာရာရသွားသည်။
ဝေ့ထင်က ခေါင်းငုံ့ပြီး အသံမထွက်ဘဲ စုမုန့်ကို ကြည့်လိုက်သည်။ သူ့အကြည့်တွေကနက်နဲပြီး သူဘာတွေတွေးနေသလဲဆိုသည်ကို ဘယ်သူမှမသိနိုင်။သုံးယောက်သား စကားမဆိုဖြစ်ကြ၍ ခဏတာ တိတ်ဆိတ်သွားသည်။ထို့ကြောင့် ဝေ့ရွှယ် တိတ်ဆိတ်ခြင်းကိုအခွင့်ကောင်းယူလိုက်သည်။
“အစ်ကို ဝေ့ထင်...စုမုန့် က ကလေးလိုပါပဲ... သူမကို အပြစ်မတင်ပါနဲ့...အစ်ကို မချော့လည်း ညီမက ဖျောင်းဖြပေးပါ့မယ်"
သူမသည် ရှေ့သို့တိုးလာပြီး စုမုန့် ၏ လက်မောင်းကို တရင်းတနှီး ပွေ့ဖက်၍အခွင့်အရေးယူကာ ဝေ့ထင်နံဘေးမှ ဆွဲထုတ်လိုက်သည်။ သို့သော် စုမုန့် အနားကို ကပ်လာစဉ်တွင် ဝေ့ထင် က ပြောလာသည်။
“မင်းကို ဘယ်လိုချော့စေချင်လဲ”
ဝေ့ရွှယ်: "!"
စုမုန့်: "?"
ထိုစကားများပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝေ့ရွှယ် နှင့် စုမုန့် အံ့အားသင့်သွားသည်။
ဝေ့ထင် ဘာပြောလိုက်တာလဲ...သူ့က ဘယ်လိုဖြစ်လို့ချော့ချင်တာလဲ... ဒါတွေက သူ့ပါးစပ်ကထွက်လာတဲ့စကားတွေလား…
စုမုန့်က တုန်လှုပ်ခြောက်ခြားသောအမူအရာဖြင့် ကြောင်စီစီရပ်နေပြီး ဘာမှမတုံ့ပြန်သည့်အခါ ဝေ့ထင် က မေးသည်။
"မကွာရှင်းဘဲ မင်းအိမ်ကိုပြန်လိုက်လာအောင် ကိုယ်ဘယ်လိုချော့ရမလဲ"
စုမုန့်သည် သူ နောက်ပြောင်နေသည်ဟုထင်မိသော်လည်း သူက အဖြေကိုအတင်းစောင့်မျှော်နေသလိုမျိုး ပြင်းထန်သည့်အကြည့်တွေနှင့် သူမကို စိုက်ကြည့်နေ၏။
ဝေ့ထင် ဒီနေ့ဘာလို့ထူးဆန်းနေတာလဲ…
သူ့ပုံစံက ဆေးမှားသောက်မိသလိုမျိုးပင်။ သူသည် သူမကို နည်းမျိုးစုံဖြင့် အတင်းလိုက်ကပ်နေလေပြီ။သူမ စိတ်အေးအေးထားပြီး သူနှင့်စကားပြောကောင်းချင်သော်လည်း ဝေ့ရွှယ် က ဘေးမှာရှိသဖြင့် ချက်ချင်း စိတ်ဓာတ်ကျသွားမိသည်။
"ဒီလိုမျိုးကိစ္စကို ရှင့်ကို သင်ပေးရမှာလား…ကျွန်မက ရှင့်ကို နည်းပြောပြလိုက်ရင် ရှင့်စိတ်ရင်းမှန်ကို ဘယ်လိုမြင်ရမှာလဲ..."
စုမုန့် သည် အေးစက်စက်ပြောသောအခါ သူက အတင်းစိုက်ကြည့်ကာ ခေါင်းကိုအနည်းငယ်မော့လိုက်သည်။ သူမစကားပြောနေစဉ် သူ၏မျက်နှာအမူအရာကို အာရုံစိုက်ကာ စာင့်ကြည့်ခဲ့သည်။ သူသည် အမြဲတမ်းသူမအပေါ် ကောင်းသူမဟုတ်၍ သူမသာ သူ့ကို ဒေါသထွက်ပြလိုက်လျှင် သူမည်သို့ ကိုင်တွယ်ကာတုံ့ပြန်မည်ဆိုသည်ကို သိချင်မိ၏။သို့သော် သူမ မမျှော်လင့်ထားသည့်အရာမှာ ဝေ့ထင် သည် ဒေါသဖြစ်ရမည့်အစား၊ ဤပြဿနာကို လေးလေးနက်နက် တွေးနေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။
“ပြန်သွားပြီး ဖြည်းဖြည်းချင်း စဉ်းစား...ရှင် ဆုံးဖြတ်ပြီးရင် ကျွန်မကိုလာရှာပါ...ကျွန်မ တစ်ခုတော့ပြောမယ်...ကျွန်မတို့ သဘောတူထားတဲ့အရာတွေက ပြောင်းလဲလို့ မရတော့ဘူး..ရှင်က CEO တစ်ယောက်ပဲ... အနည်းဆုံး ကိုယ့်စကားကိုတော့ တည်ကြည်သင့်တယ်"
စုမုန့် သည် ဝေ့ထင်နှင့် အလွန်အမင်း မပတ်သက်ချင်သော်လည်း ဝေ့ရွှယ် ရှိနေသည့်အတွက် ကွာရှင်းမည်ဆိုသော ကိစ္စမှာ အမှန်ဖြစ်ကြောင့် စောင်းပါးရိပ်ခြည်ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမ အိမ်ထဲသို့ တည့်တည့်ဝင်ကာ တံခါးကို ဂျိမ်းကနဲမြည်အောင်ပိတ်လိုက်သည်။ သူတို့နှစ်ယောက်ကို တစ်ချက်တောင် ပြန်လှည့်မကြည့်တော့ပေ။ ဝေ့ရွှယ် ဆန္ဒအတိုင်း မဖြစ်လာစေရန် သူမ တမင်သက်သက် စိတ်ဆိုးချင်ယောင်ဆောင်၍ ညုတုတု ပြောခဲ့သော်လည်း ဝေ့ထင်သည် ထက်မြက်သောလူဖြစ်သောကြောင့် သူ သေချာပေါက် နားလည်သည်။
သို့သော် ဝေ့ထင်သည် ကွာရှင်းရန် သူ့စိတ်ထဲမှာ တစ်ခါမှ တွေးဖူးသူမဟုတ်ပေ။ စုမုန့်က သူ့ကို လာအချော့ခိုင်းသဖြင့် သူမ ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲဆိုသည်ကိုသာ တွေးနေမိ၏။
စုမုန့်က ဝေ့ထင်အား ပြောလိုက်သည့်စကားကြောင့် ဝေ့ရွှယ်၏ မျက်နှာသည် ငြိမ်သက်နေသော်လည်း သူမ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ စုမုန့်က အတော်လေး ချေမိုးပြနေလေသည်။အစ်ကိုဝေ့ထင်က သူမကို စိတ်ရှည်စွာပြောဆိုဆက်ဆံနေသော်လည်း စုမုန့် ဆိုသည့်ကောင်မစုတ်က တင်းပြနေသည်။
“အစ်ကိုဝေ့ထင် စုမုန့်ကို စိတ်မဆိုးရဘူးနော်...သူမက ဒေါသထွက်တုန်းမို့ပါ. .အစ်ကိုက သူမကို လာချော့စေချင်နေတာ..အဲဒါကို စိတ်ထဲစွဲနေဖို့ မလိုပါဘူး...ညီမ တာဝန်ထားလိုက်"
ဝေ့ရွှယ်သည် ဝေ့ထင် ဘက်သို့ လျှောက်သွားကာ ကိုယ်ချင်းပူးကပ်၍ လက်မောင်းကို ဖက်ထားလိုက်သည်။
ထိုအခါ ဝေ့ထင် မျက်မှောင်ကြုတ်ပြီး ဝေ့ရွှယ်၏ လက်ကိုလျစ်လျူရှုပြီး ခါချ၍ သူ့ကားဆီသို့ လျှောက်သွားသည်။
“ဒီအတွက် မင်း စိတ်ပူနေစရာ မလိုပါဘူး...မင်း ကားပေါ်တက်ပြီး အိမ်ပြန်လိုက်"
ဝေ့ထင် ကားထဲဝင်ထိုင်ကာ ကားတံခါးကို ပိတ်လိုက်သည်။
ဝေ့ထင် က သူမကို ကားပေါ်မတက်စေချင်သဖြင့် ဝေ့ရွှယ် ပြတင်းပေါက်ကို ပုတ်ပြီး
"ဘာလို့လဲ...အရင်တုန်းက သူမနဲ့ အတူတူနေဖို့ ပြောဖူးတယ်မလား...အခု ညီမ စုမုန့်ကို ကောင်းကောင်းသိနေပြီ"
ဝေ့ထင်သည် စုမုန့်ကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သဖြင့် ယခင်ကဆို သမီးယောင်းမနှစ်ဦးကိုသာ လွှတ်ထားလေ့ရှိသည်။
ဒီအချိန်ကျမှ သူမကို ဘာလို့ ဝင်မပါခိုင်းတာလဲ...
သူမ နှလုံးသားထဲမှာ ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ရှိနေပြီဖြစ်သည်။ ဝေ့ထင် က စုမုန့် ကို စိတ်ဝင်စားခဲ့တာလား...မဟုတ်သေး၊ဝေ့ထင် နှင့် စုမုန့် တို့ နီးစပ်ကာ ချစ်နေကြမှာကိုသူမ လုံးဝ ခွင့်မပြုနိုင်ပေ။သို့မဟုတ်ပါက သူမ၏ အတိတ်က ကြိုးစားအားထုတ်မှု အားလုံး အလဟဿဖြစ်သွားလိမ့်ပေမည်။
ထိုစဉ် ဝေ့ထင် ပြတင်းပေါက်မှန်ကို ချလိုက်သည်။
"မင်း စိတ်ပူနေစရာ မလိုဘူး... မင်းအိမ်အရင်ပြန်ပါ"
သူ့မှာ ဝေ့ရွှယ်ကို ရှင်းပြဖို့မလိုအပ်ပေ။ လောလောဆယ် သူ့မှာ လုပ်စရာရှိသဖြင့် အချိန်မဖြုန်းချင်တော့။
“အစ်ကိုက ..…”
ဝေ့ရွှယ် စကားမဆုံးခင် ဝေ့ထင် က ပြတင်းပေါက်ကို ပြန်တင်ထားပြီး လီဗာကိုနင်းပြီး ထွက်သွားသည်။သူမသည် ဝေ့ထင် ထွက်သွားသော လမ်းကြောင်းကို ကြည့်လိုက်ရာ သူမ၏ အကြည့်များသည် ချက်ချင်း မှောင်မည်းသွားခဲ့သည်။
ဝေ့ထင်နှင့် စုမုန့် နှစ်ယောက်တည်းအတူရှိစဉ် သူမ အမြဲဝင်ပါရသည့်အကြောင်းရင်းမှာ သူတို့နှစ်ဦးကြားတွင် မဖြစ်သင့်သည့် တစ်စုံတစ်ခု ဖြစ်သွားမှာကို ကြောက်သောကြောင့်ပင်။ စုမုန့် က ကွာရှင်းတော့မည်ဟု ပြောတုန်းကတောင် သူမ အပြည့်အဝ စိတ်မချနိုင်ခဲ့။မည်သို့ပင်ဖြစ်စေ စုမုန့် ဝေ့မိသားစုထဲကို ဝင်ခွင့်မရစေဖို့ သူမ အစွမ်းအစ ရှိသမျှ အကုန်လုပ်ရပေမည်။
xxxxxxx