အပိုင်း၃၀
Viewers 8k

Chapter 30

(ဇနီးကို ချော့ဖို့နည်းလမ်းများအား တွေးခြင်း)


သူမ၏ အတိတ်က ကြိုးစားအားထုတ်မှုအားလုံးကို တွေးနေမိသည်။ ထိုကြိုးစားအားထုတ်မှု အားလုံးကို နောက်ဆုံးအရေးကြီးသော အခိုက်အတန့်တွင် အလဟဿမဖြစ်စေရအောင် မကြာခင် အစ်ကိုဝေ့ထင်တို့လင်မယား ကွာရှင်းမှဖြစ်မည်။


ဝေ့ထင် သည် ရှေးဟောင်းပစ္စည်းဆိုင်မှ ထွက်သွားပြီးနောက် ကုမ္ပဏီသို့ ချက်ချင်းပြန်သွားခဲ့သည်။သူ အလုပ်ကနေ၍ အပြင်ထွက်လာသည်မှာ နာရီအနည်းငယ်ကြာနေပြီဖြစ်ကာ ညပင်မှောင်လုနီးလေပြီ။ကုမ္ပဏီတွင် တာဝန်ကျ လုံခြုံရေးအစောင့်များမှလွဲ၍ မည်သူမျှမရှိပေ။ သူ့ရုံးခန်းကို ပြန်လာပြီး ကွန်ပျူတာရှေ့မှာ ထိုင်လိုက်သည်။သို့‌သော် အလုပ်မလုပ်ဖြစ်ဘဲ စုမုန့် အား သူပြောခဲ့သည့် စကားတွေနှင့် ဦးနှောက်တစ်ခုလုံးပြည့်နေရ၏။ သူမကို ကောင်းကောင်းမွန်မွန် ချော့ပါက မကွာရှင်းတော့ဘဲ သူနှင့်အတူ ဝေ့မိသားစုဆီမှာ ဆက်နေဦးမည်ဟု ဆိုသည်။


"သူ အရင်က ဘယ်မိန်းမကိုမှ မချော့ဖူးဘူးဆိုတော့ ဘယ်လိုချော့ရမလဲ…"


ဝေ့ထင်၏ မျက်နှာသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ လုပ်ငန်းကိစ္စများကို ကိုင်တွယ်ရန်၊ ကုမ္ပဏီအစီအစဥ်များကို လုပ်ဆောင်ပါက သူ ချွေးတစ်စက်ပင်မထွက်ဘဲ အသာလေး လုပ်ပြနိုင်သည်။ သို့သော် အလုပ်ကိစ္စထက် မိန်းမတစ်ယောက်ကို ချော့ရသည်က အတော်ခက်နေ၏။ သူ ခဏတာ တွေးပြီးနောက် တစ်စုံတစ်ယောက်အကြောင်း စဉ်းစားလိုက်မိသည်။ ထိုလူသည် တစ်နေ့လုံး မိန်းမများနှင့်သာ အချိန်ကုန်နေသူဖြစ်၍ ဤကိစ္စနှင့်ပတ်သတ်၍ အတော်တတ်သိနားလည်နိုင်သည်။ ဤအတွေးနှင့် သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။အချိန်အတော်ကြာအောင် မြည်ပြီးမှ ဖုန်းကို တစ်ဖက်မှကောက်ကိုင်လိုက်ပြီး အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။  


"မင်္ဂလာပါရှင်"


ဝေ့ထင် မျက်မှောင်ကြုတ်ပြီးလေးနက်သော အသံဖြင့် ပြောသည်။


 “ဖုကျဲ ဘယ်မှာလဲ” 


 “ဥက္ကဌဖုက ရေချိုးနေပါတယ်... သူထွက်လာရင် ပြန်ခေါ်ခိုင်းလိုက်မယ်လေ"  


ထိုမိန်းမ၏အသံသည် အလွန်ပျစ်နှစ်ပြီး စွဲမက်ဖွယ်ကောင်းအောင် တမင်လုပ်ပြောနေသလိုရှိသည်။ဖုကျဲ ရေချိုးနေသည်ဆို၍ ဝေ့ထင် ချက်ချင်း သဘောပေါက်သွားသည်။ သူ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဖုကျဲကို အားကိုး၍မဖြစ်မှန်း ရုတ်တရက် ခံစားလိုက်ရသည်။ စုမုန့် သည် ဖုကျဲ ချိန်းတွေ့ခဲ့သည့် မိန်းကလေးများနှင့် ကွဲပြားသည်။ သူမသည် ငွေကြေးကို ဂရုမစိုက်သူဖြစ်၍ ဖုကျဲ နည်းလမ်းဖြင့်လည်း အသုံးမဝင်နိုင်ပေ။


 "ရပါတယ်… မလိုပါဘူး" 


သူ ပြောပြီးသည်နှင့် တစ်ဖက်မှပြန်ဖြေရန် မစောင့်ဘဲ ဖုန်းချလိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက် ကွန်ပျူတာကိုဖွင့်ကာ ဝဘ်စာမျက်နှာပေါ်ရှိ search bar တွင် “ဇနီးကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲ” ဟု ရိုက်ရှာခဲ့သည်။ထို့နောက် enter ခလုတ်ကို နှိပ်လိုက်လျှင် ရာနှင့်ချီသော ဆက်စပ်မေးခွန်းများ ထွက်ပေါ်လာသည်။ ပြီးလျှင် လူကြိုက်အများဆုံး ပို့စ်ကိုရွေးပြီး ကလစ်နှိပ်လိုက်ရာ အဖြေများသည် လှည့်ကွက်များနှင့် ပြည့်နှက်နေရသည်။


 [မိန်းမကို စိတ်ချမ်းသာအောင် လုပ်ရတာများအလွယ်လေး..အရာရာကို ငွေနဲ့ဖြေရှင်းနိုင်တယ်လေ...မင်းတို့မိန်းမတွေကို ယွမ်ငွေသောင်းနဲ့ချီပြီး အကောင့်ထဲလွှဲပေးလိုက်...ပြီးရင် အိတ်တွေဝယ်ပေး၊branded အလှကုန်တွေဝယ်ပေးပေါ့… ဒါဆိုရင် မင်းတို့မိန်းမတွေ မင်းတို့အနားကို ကပ်နေမှာသေချာတယ်... မင်း ဘာပဲလုပ်ထားထား ဒီနည်းလမ်းက အချိန်တိုင်း အဆင်ပြေတယ်]


 [မိန်းမ စိတ်ဆိုးရင် အိတ်ဝယ်ပြီး အကောင်းစားပစ္စည်း တစ်ခုခုဝယ်လိုက်...အရမ်းဈေးကြီးနေတယ်ဆိုလည်း နောက်တော့ ဖြည်းဖြည်းချင်းဆပ်ပေါ့… တစ်ခါတစ်လေကျ သိပ်လည်းအတင်းလိုက်ချော့လို့ မရဘူး...နှစ်ရက်လောက် ပစ်ထားလိုက်ရတယ်]


 [မိန်းမတွေ စိတ်ဆိုးတယ်ဆိုတာ ယောက်ျားက အပြင်မှာ ဖောက်ပြန်နေလို့ပဲ…မိန်းက‌လေးတွေက သိပ်မနာလိုတတ်တာ..….သူတို့ရှေ့မှာဆို တခြားမိန်းမတွေနဲ့ ခပ်ခွာခွာနေရမယ်…မိန်းမလေး တစ်ယောက်ကိုမြင်ရင်တောင်မှ မိန်းမကွယ်ရာရောက်မှ လှုပ်ရှားရတယ်.. သူတို့ရှေ့မှာတော့ အကြွင်းမဲ့သစ္စာစောင့်သိပြရမယ်]


 [မိန်းမတွေကို ရိုးတယ်လို့ မတွေးကြနဲ့...မိန်းမတွေရဲ့ စိတ်ဓာတ်က မှန်းလို့မရဘူး...မနေ့ကဆို ငါ့မိန်းမက ငါ့ကို ဝုန်းဒိုင်းကြဲ ပြဿနာရှာတယ်...ငါလည်း အချိန်အတော်ကြာအောင် တွေးနေပေမယ့် ဘာတွေဖြစ်နေမှန်းကို မသိနိုင်သေးဘူး...သူမကို မေးတော့လည်း  ဘာမှမပြောဘူး...ခုမှပဲ ငါက အိမ်သာထဲကို စာရွက်တစ်ရွက်ပစ်ချလိုက်လို့ စိတ်ဆိုးသွားတာလို့ သိလိုက်ရတယ်]


 [ ဒါတောင် မလုပ်နိုင်ဘူးလား...သူက မင်းရဲ့ဇနီးဖြစ်နေပြီ…မင်း အရိုးရှင်းဆုံးနည်းလမ်းကိုသုံးရမယ်လေ... အိပ်ရာပေါ်မှာ သူမကို အားကြိုးမာန်တက် နေပြလိုက်...နောက်ဆို ပြောစကားနားထောင်လာလိမ့်မယ်]


ထိုမှတ်ချက်များကို ဖတ်ရင်း ဝေ့ထင် စိတ်မကျေမနပ်ဖြစ်သွားသည်။ မည်သို့ပင်ဖြစ်စေ၊ အိမ်ထောင်ရှိ ခင်ပွန်းသည် ဇနီးကို လေးစားမှုအပြည့်ရှိရမည်။ မိန်းမသားတို့ကို အထင်အမြင်‌သေးစွာ ဆက်ဆံ၍မဖြစ်ပေ။လူကြိုက်များသော hot comment များသည် မယုံကြည်ရသဖြင့် သူ အောက်သို့ အမြန်ဆင်းကာ ဆက်ဖတ်ကြည့်ခဲ့သည်။ အောက်ကမှတ်ချက်များတွင် like မများ၊react မများသော်လည်း အထက်ကမှတ်ချက်များထက် ပိုမိုယုံကြည်စိတ်ချပုံရသည်။


[တကယ်တော့ မိန်းမကို ချော့ရတာ ခက်သလိုထင်ရပေမယ့် အရမ်း လွယ်ပါတယ်...အရင်ဆုံး သူမ ဘာလို့ စိတ်ဆိုးနေလဲဆိုတာကို အရင်သိအောင်လုပ်..ပြီးရင် အနာနဲ့ဆေးတည့်အောင်စားရတယ်..မိန်းမကို ချော့ချင်ရင်၊ သူမကို လေးလေးစားစား ဆက်ဆံရမယ်...တစ်ကိုယ်ကောင်းဆန်ပြီး တင်းခံလို့မရဘူး]


 [မိန်းမတွေက အရမ်းအနုအလှ ကြိုက်တယ်...သူတို့က ပိုက်ဆံထက် ကိုယ့်ခင်ပွန်းရဲ့ ရိုးသားစိတ် အချစ်တွေကို ပိုလိုချင်ကြတာ...အရမ်းဈေးကြီးတဲ့ အိတ်တွေ၊အလှကုန်တွေကို အတင်းဝယ်ပြီး 3,4လလောက် ခေါက်ဆွဲခြောက်စားရင်း အကြွေးဆပ်မယ့်အစား မင်းကိုယ်တိုင်လုပ်ထားတဲ့ ပစ္စည်းတစ်ခုခုကို ပေးလိုက်တာ ပိုကောင်းတယ်..မင်းသာ ရိုးရိုးသားသားနေရင် သူမက မင်းကို ခွင့်လွှတ်လိမ့်မယ်]


ဝေ့ထင်သည် မှတ်ချက်များထဲ အာရုံနစ်ဝင်သွားခိုက် သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းခေါ်သူက ဖုကျဲပင်။ 


 "ဘာလို့ ညကြီးမင်းကြီး မအိပ်ဘဲ ဖုန်းဆက်တာလဲ.... ဘာကိစ္စရှိလို့လဲ"  


ဖုကျဲ လေသံက ရွှင်ပျနေသဖြင့် ထိုမိန်းကလေးက သူ့ကို ဘာဆေးကျွေးပြီးဘယ်လိုချော့ထားမှန်းမသိပေ။ သူ့ဘာသာ အင်တာနက်မှာ အဖြေရှာဖို့တွေးထားသည့် ဝေ့ထင်မှာ ဖုကျဲ ဖုန်းပြန်ခေါ်သဖြင့် သူ့ကို တိုက်ရိုက်မေးလိုက်၏။


 “မိန်းမတစ်ယောက်ကို ဘယ်လိုချော့ရမလဲကွာ”


ဝေ့ထင် အသံတိုးတိုးဖြင့် မေးလိုက်လေသည်။


( ဖုကျဲ ထံမှ အကူအညီတောင်းခြင်း...)


ဖုကျဲ နားကြားမှားသလားဟုတွေးကာ ဝေ့ထင်ကို ပြန်ပြောလိုက်သည်။ 


 “ဟေး မင်းက ဘယ်သူလဲ... ဝေ့ထင် ရဲ့ ဖုန်းကို ဘာလို့ ကိုင်ထားတာလဲ... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ…ပြောစမ်း"


ဝေ့ထင် : “…”


မျှော်လင့်ထားသည့်အတိုင်း ဖုကျဲကို အလွန်အားကိုး၍ မရနိုင်ပေ။


 “မင်း သုံးတန်းကတည်းက ရည်းစားထားခဲ့တာပဲ...အခုဆို မင်းမှာ ရည်းစား 18ယောက်ရှိနေပြီ...အို မဟုတ်ဘူး၊ ဒီဟာက အသစ်မဟုတ်လား...ဒါဆို စုစုပေါင်း 19 ယောက်နော်"


သူက ဖုကျဲ၏ အတိတ်ကို တစ်ခွန်းချင်းပြောပြလိုက်ရာ သူ့စကားမဆုံးခင် ဖုကျဲက ကြားဖြတ်၍


 "မပြောနဲ့တော့… မင်း ဝေ့ထင် ဆိုတာ ငါယုံတယ်...မိန်းမကို ဘယ်လိုချော့ရမလဲဆိုတာကို မေးတယ်ဟုတ်လား...ဒါဆိုရင်တော့ မင်းငါ့ကို ရွေးတာမှန်သွားပြီ  ဒါပေမယ့်…”


ဖုကျဲ က ခဏရပ်ပြီး “ဘယ်မိန်းမကများ မင်းလာချော့ချင်ရလောက်အောင် မိမိုက်နေတာလဲ..မင်းမှာ ရည်းစားရှိနေတာလား"


 ဖုကျဲ၏ နှလုံးသားထဲတွင် ဝေ့ထင်သည် ဘာမှမထူးခြားသော လူတစ်ယောက်နှင့်တူသည်။ အများအားဖြင့် အလုပ်ကလွဲ၍ တခြားဘာကိုမှ စိတ်မဝင်စားသူပင်။သူ စိတ်ဝင်စားသည့်မိန်းကလေးဟူ၍လည်း အထူးတလည်မရှိပေ။သူသည် စုမုန့် နှင့်လက်ထပ်ပြီးသည့်တိုင် သူမနှင့် ခပ်ခွာခွာနေခဲ့သည်။ သူတို့နှစ်ဦးသည် လင်မယားဆိုသော်လည်း သူစိမ်းများနှင့် မကွာလှ။ ယနေ့ကျမှ အနောက်ဘက်မှ နေထွက်လုမတတ် မိန်းမတစ်ယောက်ကို ဘယ်လိုချော့ရမလဲဟု လာမေးနေလေသည်။ ထို့ကြောင့် ဝေ့ထင်ကို စိတ်ဝင်စားစေသည့် မိန်းကလေးက ဘယ်သူလဲဆိုသည်ကို သူ သိချင်နေမိ၏။


 "ဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုဘူး"  ဝေ့ထင် က သူ့ကို မဆိုင်းမတွ ငြင်းလိုက်သည်။


ဝေ့ထင် ၏ ငြင်းပယ်ခြင်းကို ခံရသော ဖုကျဲ သည် ဒေါသထွက်ဟန်ဆောင်ကာ ပြောလေသည်။ “မင်းငါ့ကို လက်နက်တစ်ခုများ မှတ်နေလား...  ငါတို့ ညီအကိုတွေဆိုတာရော သတိရသေးလား"


 “အင်း”


ဖုကျဲ: “…”


လူဆိုး...အကျင့်ကောင်းယောင်ပင် မဆောင်နိုင်တော့ပေ။ သူ ခဏလောက်စဉ်းစားပြီး “ငါ ခန့်မှန်းကြည့်မယ်... စုမုန့် မဖြစ်နိုင်ဘူး မလား"


ဝေ့ထင် ဘာမှပြန်မပြောသော်လည်း သူ့အသက်ရှူသံက သိသိသာသာ ပိုလေးနက်လာသဖြင့် ဖုကျဲ တကယ်ပေါက်ကွဲသွားသည်။ 


 “ဖာ့ခ် ဝေ့ထင်… မင်း စုမုန့် နဲ့ကွာရှင်းမှာမဟုတ်ဘူးလား...ဘာလို့လဲ... နောင်တရနေတာလား...သူ့ကို လွှတ်လိုက်ရလို့ အခုမှ အရမ်းယူကြုံမရဖြစ်နေတာလား" 


တစ်ချိန်က စုမုန့် သည် ဝေ့ထင် ကို ကာလအတန်ကြာအောင် အရှက်မဲ့စွာ လိုက်ခဲ့သည်။သို့သော်၊ဝေ့ထင်က သူမကိုရှိသည်ဟုတောင် မအောက်မေ့ပေ။ ယခုတော့ စုမုန့် က ဝေ့ထင် ကို မနှောင့်ယှက်တော့ပေ။ထို့ကြောင့် ဝေ့ထင်လည်း နေမထိထိုင်မသာဖြစ်ကာ သူမကို သွားချော့ရန်ပင်ပြင်နေလေသည်။


"သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လိုက်ကြိုက်တဲ့ဂိမ်းတစ်ခု ကစားနေတာလား... "


အကြင်လင်မယား ဆိုသည့်အတိုင်း သူတို့၏ ဦးနှောက်ပတ်လမ်း(circuit)များသည် အလွန်ထူးခြားသည်။


 "သူမက မင်းကို လက်စားချေဖို့များပြုစားလိုက်တာလား...ဒါမှမဟုတ် မင်းသူမကို ချစ်သွားအောင်ဆိုပြီး ကျိန်စာတိုက်ပြုစားထားတာလား" 


 “တစ်ကယ်ဖြစ်နိုင်တယ်နော်…သူမက ဖုန်းရွှေပညာရှင်လေ...ကံကြမ္မာကိုလည်း ဖတ်နိုင်သလို ကျိန်စာကိုလည်း ဖယ်ရှားနိုင်တယ်လေ...ဝေ့ထင် မင်း အခုနေကောင်းရဲ့လား.မဟုတ်ရင်လည်း စုမုန့် ထက် ပိုတော်တဲ့ ဗေဒင်ဆရာ တစ်ယောက်လောက် ငါ သွားရှာလိုက်မယ်…”


တစ်ဖက်မှ ဝေ့ထင် သည် စကားသိပ်မပြောသော်လည်း ဖုကျဲ သည် အားကိုး၍မရကြောင်း ရိပ်မိသွားသည်။သူ ဤအရူးကောင်ကို အကူအညီမတောင်းသင့်ပေ။


 "မင်းမှာ အဖြေရှိလား" 


လေကြောရှည်နေသည့် ဖုကျဲ ကို သူ အနှောင့်အယှက်ပေးပြီး စိတ်မရှည်စွာ ထပ်မေးလိုက်သည်။


 "အေးပေါ့"


ဝေ့ထင် နားမလည်သည့် အရာဆိုသည်မှာ ရှိခဲလှကာ ယခုဆို သူ့ကိုပင်အကြံဉာဏ်လာတောင်းနေသဖြင့်  ဖုကျဲ အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ဝေ့ထင် စိတ်မရှည်တော့ဘဲ ဖုန်းချမှာကို ကြောက်ပြီး သူ အဖြေကို အမြန်ရှင်းပြလိုက်သည်။


 “မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲ အေးစက်နေပါစေ၊ တူညီတဲ့အရာတစ်ခုတော့ ရှိတယ်…အဲဒါက သူတို့အပေါ် ဂရုစိုက်တတ်တဲ့ ကောင်လေးတွေကို သဘောကျတာပဲ...မင်းက သူမအတွက် ကောင်းကောင်လေး ဂရုစိုက်ပြပြီး ပန်းတွေနဲ့ လက်ဝတ်ရတနာတွေကို ခဏခဏ ပို့ပေးနေလိုက်စမ်း... မတုန်လှုပ်တဲ့ မိန်းမဆိုတာ တစ်ယောက်မှ မရှိဘူး"


 "အဲဒါကြောင့် မင်း သူမရှေ့မှာ သိပ်မအေးစက်မနေသင့်ဘူး... နူးညံ့သိမ်မွေ့ပြီး စာနာတတ်ရမယ်…မင်းသူမကိုအမြဲတမ်းအရှုံးပေးရမယ်.. သူမပျော်ရွှင်စေဖို့ မင်းအကောင်းဆုံးကြိုးစားသင့်တယ်"


 “အရေးကြီးဆုံးအချက်က မိန်းမတွေက အရမ်းစိတ်ခံစားလွယ်တယ်…သူမကို ဘယ်လိုချော့ချော့မရရင် ရိုးရိုးတန်းတန်းဖယောင်းတိုင်မီးထွန်း ညစာလေးကျွေးလည်းရတာပဲ...ဟိုတယ်ဘွတ်ကင်လုပ်ဖို့တော့ မမေ့နဲ့"


 "စုမုန့်ရဲ့ ပင်ကိုယ်စရိုက်က အခုနည်းနည်း ထူးဆန်းနေပေမယ့်၊ သူက မင်းကို အရမ်းကြိုက်ပြီး မင်းအတွက်ဆို ဘယ်သူ့ကိုမဆို ရင်ဆိုင်နိုင်တဲ့သူပါ…မင်း သူ့ကို ချော့ဖို့ သိပ်ခက်မယ် မထင်ဘူး”


“အကြံတစ်ခုပေးမယ်... မိန်းမတွေက အဝတ်အစားတွေလို အများကြီးရှိတယ်ကွာ...အဲ့တော့ အလုပ်မဖြစ်ဘူးဆိုရင် မင်း ပြောလို့ရတယ်...မင်းဆိုရင်လေ စုမုန့်ထက်သာတဲ့ မိန်းမတွေကို အသာလေး ခေါင်းခေါက်ပြီးရွေးနိုင်တယ်ကွ..."


အစပိုင်းတွင် ဖုကျဲ၏ စကားများကို ဝေ့ထင် ပုံမှန်ဟု ယူဆမိသည်။ သူ ဘာမှပြန်မပြောသော်လည်း အာရုံစူးစိုက်စွာ နားထောင်ခဲ့သည်။ သို့သော်၊ဖုကျဲ စကားက တစ်စတစ်စ ပို၍ အမှန်တရားနှင့်သွေဖည်လာလေလေပင်။ထို့ကြောင့်သူ ဘာကိုမှ လေးလေးနက်နက် ထပ်မပြောတော့ဘဲ အသာငြိမ်၍ နားထောင်နေလိုက်၏။


ပြီးလျှင် သူသည် ဖုကျဲ၏ စကားများကို မကြားချင်တော့သောကြောင့် ဖုန်းချလိုက်သည်။ စုမုန့် ပြောသည့်ထဲမှာ မှန်တာတစ်ခုရှိသည်။ ဖုကျဲ ဤအတိုင်းဆက်သွားလျှင် သူ့ခန္ဓာကိုယ်ထဲမှာ ယင်များလာပြီး ယန်ကျဆင်းသွားနိုင်ပေသည်။


ထို့နောက် အင်တာနက်ပေါ်တွင် သူမြင်ဖူးသော မှတ်ချက်များနှင့် ဖုကျဲ ၏ အကြံပြုချက်တို့ကို တွေးရင်း သူ့စိတ်ထဲမှာ တဖြည်းဖြည်း အတွေးတစ်ခုဝင်လာသည်။



xxxx