Chapter 31
(ဇိမ်ခံကားလက်ဆောင်)
စုမုန့် ကတော့ ဝေ့ထင် ဘာလုပ်နေမှန်း မသိပေ။သူမ ညစာစားပြီးသည်နှင့် ရေချိုးပြီး အိပ်ပျော်သွားလေသည်။ မကြာသေးမီက သူမသည် အရေးကြီးသောအရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးဖြစ်၍ ယခုကျန်တာတွေအားလုံးက အော်ဒါအသေးစားလေးများပင်။ ၎င်းတို့ကို ဖြေရှင်းရန်မှာ အလွန်လွယ်ကူပြီး သဘောတူထားသည့်အချိန်ကလည်း လိုနေသေးသည်။ထို့ကြောင့် ဘာမှလုပ်စရာမရှိ၍ သူမ တန်းအိပ်ပျော်သွားခဲ့၏။ မနေ့ညက သူမ အိပ်မက်လည်းမမက်ခဲ့ပေ။ယခုဆို သူမ၏စိတ်သည် အလွန်ကြည်လင်နေရသဖြင့် ငွေကြေးပြဿနာများကို တွက်ချက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။
စုမုန့် သည် သူမ၏ ဘဏ်ကတ်များအားလုံးကို ယူပြီး ၎င်းထဲတို့ရှိငွေများကို တစ်ခုပြီးတစ်ခု စစ်ကြည့်လိုက်သည်။ သူမသည် ဖုန်းရွှေ ပညာနှင့် ကိစ္စရပ်များစွာကို ဖြေရှင်းပေးခဲ့၍ ငွေအမြောက်အမြားရခဲ့သော်လည်း မကြာသေးခင်ကမှ အများကြီးသုံးစွဲခဲ့သည်။သူမသည် ပစ္စည်းများကို ဝယ်ပြီး ကိရိယာများ ဖြည့်ခဲ့ရသည်။ ရှန့်ချိုး က ယွမ်တစ်သောင်းပေးပြီး ကျိုးဖုန်း က စရံငွေ ယွမ် 200000 ပေးခဲ့သည်။ငွေက များနေသည်ထင်ရသော်လည်း သုံး၍မလောက်ပေ။ သူမသည် ဆရာဖြစ်သူအတွက် အိမ်ကြီးကြီးတစ်လုံးဝယ်ပြီး သူ့ကိုပြုစုရဖို့ အိမ်ထိန်းတစ်ယောက်ပါ ခေါ်ထားပေးချင်သည်။ဖြစ်နိုင်လျှင် သူနှင့်လိုက်ဖက်သည့် ဇနီးတစ်ယောက်ရှာပေးချင်၏။ ဆရာ့ကို အကောင်းဆုံးဖြစ်အောင်ထားချင်ပြီး ပျော်ရွှင်စွာနှင့် အသက်ကြီးသည်အထိ နေနိုင်စေဖို့အတွက် သူမတတ်နိုင်သမျှ လုပ်ပေးချင်သည်။ ထို့ကြောင့် သူမ၏အလုပ်ကို ချဲ့ထွင်ရန်နှင့် ငွေရှာရန် ကြိုးစားရန် လိုအပ်နေသေးသည်။
တစ်ဖန် သူမသည် ဖုကျဲ ပေးခဲ့သည့် ရှယ်ယာလွှဲပြောင်းစာချုပ်ကို ထုတ်လိုက်သည်။သူမသည် ဖုကျဲ ၏ ကလပ်ရှိပြဿနာကို ကူညီဖြေရှင်းပေးခဲ့သည့်အချိန်မှစ၍ ကလပ်၏ စီးပွားရေးမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ဤနှစ်ကုန်မှာ သူမအတွက် အမြတ်ဝေစုတွေ အများကြီးရနိုင်ဖွယ်ရှိ၏။ သို့သော်လည်း ဤအပြောင်းအရွှေ့စာချုပ်သည် သူမ၏ကိုယ်ပိုင်လုပ်အားဖြင့် ရရှိခဲ့ခြင်းမဟုတ်။လိမ်လည်လှည့်ဖြား၍ရလာသော မတရားသောငွေများဖြစ်သည်။ သူမသာ ဤငွေကို မှီခိုအားထားနေမည်ဆိုလျှင် သူမ၏ အကျင့်စာရိတ္တကို ထိခိုက်စေမှာ သေချာသည်။ထို့ကြောင့် သူမ နည်းလမ်းတစ်ခု စဉ်းစားလိုက်သည်။ ဆရာဖြစ်သူ၏အမည်ဖြင့် ဆင်းရဲနွမ်းပါးသော တောင်ပေါ်ရွာများသို့ အလှူငွေများ လှူဒါန်းပြီး အရွယ်ရောက်လာသော်လည်း ကျောင်းမတက်နိုင်သော ကလေးငယ်များကို ထောက်ပံ့လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး အင်တာနက်မှ သတင်းများကြောင့် နာမည်ဆိုးနေရာမှ နာမည်ရလိုပါက ဖုန်းရွှေပညာရှင် ပြိုင်ပွဲကိုသာ အားကိုးနိုင်သည်။ ပြိုင်ပွဲတွင် အနိုင်ရရန်အတွက် သူမသည် ပြိုင်ပွဲမစတင်မီကတည်းက ပိုမိုသန်မာလာရန် လိုအပ်သည်။
အစီအစဉ်ဆွဲပြီးနောက် စုမုန့် သည် ဖုန်းကိုထုတ်ကာ ဖုန်းရွှေ ပြဿနာများကို ဆက်လက်ဖြေရှင်းရန် နောက်ဖောက်သည်အား ဖုန်းဆက်ခဲ့သည်။
ဝေ့ထင်နှင့် ဝေ့ရွှယ်တို့ ပေါ်မလာသည်မှာ တစ်ပတ်လောက်ကြာသွားသည်။ထိုညကတည်းက သူတို့သည် စုမုန့် ရှေ့မှာ ဘယ်တော့မှ ပေါ်မလာတော့ေပ။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် လူတွေကို မမြင်ခဲ့ရသဖြင့် သူမလည်း ထူးထူးခြားခြား ပျော်ရွှင်နေခဲ့သည်။သူမ၏ နေ့ရက်များကို အလုပ်နှင့် ဖုန်းရွှေလေ့လာရင်း ကုန်ဆုံးခဲ့ပြီး အလွန်ပြည့်စုံသော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် ပျော်ရွှင်သောအချိန်များသည် အမြဲတိုတောင်းတတ်သည်။
ထိုနေ့နံနက်တွင် စုမုန့် သည် ခါတိုင်းကဲ့သို့ အိပ်နေသည်။ သို့သော် သူမ အိပ်ပျော်နေခိုက် တစ်ယောက်ယောက်က သူမနာမည်အား ခေါ်သံကို ကြားလိုက်ရသည်။ ဆူညံလွန်းသဖြင့် သူမ စိတ်ရှုပ်ရလေသည်။ ခေါင်းကို စောင်နှင့်အုပ်ထားလျှင်တောင် အသုံးမဝင်ပေ။အခန်းနံရံနှင့် စောင်ကိုဖြတ်၍ အော်ခေါ်သံသည် သူမ နားထဲသို့ တိုးဝင်လာသည်။ အဆုံးမှာ သူမ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အိပ်ရာက ထွက်လာနိုင်ခဲ့သည်။နိုးချိန်မဟုတ်ဘဲ အတင်းထလာရသည်အတွက် သူမ ဒေါဖောင်းနေရပြီး အောက်ထပ်သို့ အတင်းဆင်းလာခဲ့သည်။ ဘယ်သူကများ စိတ်အနှောင့်အယှက်ဖြစ်သည်အထိ လှမ်းခေါ်နေရသလဲဆိုသည်ကို သူမ သိချင်နေရလေပြီ။
ကောရှန်း သည် တံခါးနားရှိ လက်တင်ကုလားထိုင်ပေါ်တွင် ကျိုးနေသော ယပ်တောင်ဖြင့် သူ့ကိုယ်သူ အေးအေးဆေးဆေး ယပ်ခတ်ထိုင်နေသည်။
"အဘိုးကြီး...မနက်အစောကြီး ဘယ်သူခေါ်နေတာလဲ"
စုမုန့် မျက်မှောင်ကြုတ်ပြီးမေးလိုက်သည့်အခါ ကောရှန်း က ပြုံးပြီး အဓိပ္ပါယ်ရှိစွာ ပြန်ဖြေလိုက်သည်။
"မင်းဘာသာထွက်သွားပြီး ကြည့်တာ ပိုကောင်းမယ်"
စာရင်းကိုင် ကောင်တာမှာ ရပ်နေသည့် ဟုန်စစ် သည်လည်း ကောရှန်း လိုပင် မျက်နှာထားမျိုးရှိသေးသော်လည်း ဘာမှ ဝင်မပြောပေ။ ဆရာဖြစ်သူ၏ မျက်နှာအမူအရာကိုမြင်သောအခါသူမ ဆိုးရွားသော ခံစားမှုတစ်ခုရပြီး တစ်ခုခုမှားနေပြီ ဆိုသည်ကို ခံစားလိုက်ရသည်။ထို့နောက် သူမသည် ကောရှန်း ကို သံသယဖြင့် ကြည့်ကာ ထွက်လာခဲ့သည်။ တံခါးဝသို့ သူမရောက်သောအခါ၊ သူမ၏ဆရာနှင့် ဟုန်စစ် တို့မှာ အဘယ်ကြောင့် ထိုကဲ့သို့အမူအရာဖြစ်နေသည်ကို နောက်ဆုံးနားလည်သွားသည်။
တံခါးနားမှာ Maybach ကားခြောက်စီး၊ ခုနစ်စီးလောက် ရပ်ထားသည်။ ကားတစ်စင်းစီ၏ဘေးတွင် သက်တော်စောင့်လိုမျိုး အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်တပ်ထားသည့် လူတစ်ယောက်စီ ရပ်နေကြသည်။ သူတို့အားလုံး ကြည့်ကောင်းသော်လည်း ဤမြင်ကွင်းက သူမ ဘယ်လိုပင်ကြည့်နေပါစေ၊နည်းနည်းတော့ အဆင်မပြေသလိုခံစားရ၏။
အထူးသဖြင့် လီပင်း...လီပင်းသည် စျေးထဲတွင် ရောင်းချသည့် လော်စပီကာကြီးကို ကိုင်ဆောင်ထားပြီး သူမ ထွက်လာသည်အထိ"မစ္စစုမုန့်"ဟု ဆက်တိုက်အော်နေလေသည်။ ပတ်ဝန်းကျင်က လူတော်တော်များများမှာ မနီးမဝေးတွင် ရပ်ကြည့်နေကြပြီး တီးတိုးပြောဆိုနေကြ၏။
စုမုန့် သည် စိတ်ရှုပ်သောအမူအရာဖြစ်နေကာ သူမ စကားစမည်ပြုစဉ် လီပင်းက အရင်ပြောသည်။
“မစ္စစုမုန့် နောက်ဆုံးတော့ နိုးလာပြီပဲ...ကျွန်တော်တို့ သခင်လေးက မစ္စကို အဖိတ်ခိုင်းလိုက်ပါတယ်...မစ္စလိုချင်တာမှန်သမျှ ပြင်ဆင်ပြီးပါပြီ”
ထိုအခါ စုမုန့်သည် ဝေ့ထင် ပြင်ဆင်ထားသောအရာမှာ ကွာရှင်းစာချုပ်မှန်း သဘောပေါက်သွား၏။ မဆိုးပါဘူး... သို့သော် ထိုအသေးအမွှားကိစ္စလေးကို သူမဘာသာ လာလျှင်လည်း ရပေသည်။အမြင်ကျဉ်းသော ဝေ့ထင် သည် ထိုသို့ကြီးကြီိးကျယ်ကျယ်လည်း လုပ်တတ်၏။ထို့နောက် သူမ ကားပေါ်တက်ခါနီးမှာ လီပင်း ပြောသံကို ကြားလိုက်ရ၏။
(ပန်းပင်လယ်...)
“အားလုံး ထုတ်လိုက်...အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ငါတို့ထွက်မယ်"
ထို့နောက် လီပင်း လက်ကိုဝှေ့ယမ်းလိုက်လျှင် သူ့နောက်က သက်တော်စောင့်တွေအားလုံး အမိန့်ကို လိုက်နာကြသည်။ ထိုသူများအားလုံးက ကားထဲကိုဖွင့်ကာ ပစ္စည်းအိတ်များကို ထုတ်လိုက်ကြသည်။ စုမုန့် ထိတ်လန့်စွာ ကြည့်နေစဉ်မှာပင် သူတို့သည် ပစ္စည်းအားလုံးကို ရှေးဟောင်းဆိုင်ထဲသို့ ချထားကာ ကားပေါ်သို့ ပြန်တက်ပြီး ကားတံခါးကို ပိတ်လိုက်သည်။သူတို့ လှုပ်ရှားမှုတွေက သပ်သပ်ရပ်ရပ် ဖြစ်နေ၏။
စုမုန့်: “…”
ဒါနဲ့ ဒီလူတွေအားလုံးက လက်ဆောင်တွေပေးဖို့ လာကြတာလား...ကွာရှင်းမှုအတွက် ဒါက လျော်ကြေးလား၊ ဒါမှမဟုတ် ဝေ့ထင် က သူမကို မထီမဲ့မြင်ပြုတဲ့ သဘောလား...
“ဒါတွေအားလုံး ပြန်ယူသွားပါ…ကျွန်မ မလိုချင်ဘူး"
သူမ မြေပြင်ပေါ်တွင် စုပုံထားသော လက်ဆောင်များကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ အလွန်စက်ဆုပ်သွားသလို ခံစားလိုက်ရသည်။ သူမသည် ငွေကို နှစ်သက်သော်လည်း အထူးသဖြင့် ဝေ့ထင် ထံမှ ငွေကို မလိုချင်ပေ။ပြတ်ပြတ်သားသား ဖြစ်ချင်တာကြောင့် သူ့ဆီက ဘာမှ မယူချင်ပေ။အထူးသဖြင့် ဤအရာများသည် အလွန်တန်ဖိုးရှိပုံပေါက်၍ သူမ လက်မခံချင်မိပေ။
"တောင်းပန်ပါတယ် မစ္စ စုမုန့်... ကျွန်တော်တို့က အမိန့်အတိုင်းလုပ်ရတာပါ… ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဒုက္ခရောက်အောင် မလုပ်ပါနဲ့... ဒီလိုအသေးအမွှားလေးတွေကိုတောင် ကောင်းကောင်းမလုပ်နိုင်ရင် ကျွန်တော်တို့အလုပ်တွေပြုတ်ရလိမ့်မယ်”
လီပင်းက သူမကို ကျိုးကြောင်းဆီ လျော်အောင် ရှင်းပြသည်။
"လီပင်း ကျွန်မ ရှင့်ကိုယုံတယ်ထင်လား…ရှင်က ဝေ့ထင် နဲ့ နှစ်အတော်ကြာအောင် နေခဲ့တာ... ဒီလိုအသေးအမွှားလေးကြောင့် ရှင့်ကို သူက အလုပ်ထုတ်မတဲ့လား..."
သူမက လှောင်ပြောင်လိုဟန်ဖြင့် ခနဲ့တဲ့တဲ့ မေးလိုက်သည်။ထိုအခါ လီပင်း က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး သူ့နောက်ကွယ်က သက်တော်စောင့်တွေကို လက်ညှိုးထိုးပြလိုက်ရင်း
“ဟီးဟီး၊ အဲဒါ သူတို့ကိုပြောတာ.. မစ္စစုမုန့်ကျေးဇူးပြုပြီး ကျွန်တော်တို့ ပေးတာကို လက်ခံပေးပါ… ဥက္ကဌဝေ့ ခိုင်းတဲ့အတိုင်း ကျွန်တော်တို့ မလုပ်လို့မရလို့ပါ မစ္စ စုမုန့်..."
စုမုန့် သည် လီပင်းကို ကြည့်လိုက်ရာ အတော်လေး သောကရောက်နေပုံပေါက်သဖြင့် ဆက်ပြီးငြင်းခုန်မနေတော့ပေ။သူမ၏ယခင်ဘဝတွင် လီပင်း သည် သူမကို အကြိမ်အနည်းငယ် ကူညီခဲ့ဖူးသည်။ ဤသည်က သူ့အလုပ်ဟု ပြော၍ရသော်လည်း သူမ ဝမ်းသာမိလေသည်။
“အဘိုးကြီး၊ ကျွန်မ အပြင်ခဏသွားမယ်...မကြာခင်ပြန်လာခဲ့မယ်"
ထို့နောက် သူမ ကောရှန်း ကို လှမ်းနှုတ်ဆက်လိုက်သည်။
“မင်းကို အနိုင်ကျင့်ရင် ဆရာ့ကို ခေါ်လိုက်" ကောရှန်း က လက်ကို ဝှေ့ယမ်းပြီး လွှတ်လိုက်သည်။
"သွားကြရအောင်"
ထို့နောက် သူမသည် အနီးနားက ကားထဲကို ဝင်သွားလိုက်လျှင် သက်တော်စောင့်က တံခါးကိုဖွင့်ပြီး လေးလေးစားစားနှင့် ဦးညွှတ်ကာ သူမ ဝင်ထိုင်ပြီးကာမှ ပိတ်ပေး၏။
အတန်ကြာအောင် မောင်းပြီးနောက် ကားများ၏ ဦးတည်ရာသည် ဝေ့မိသားစု၏ဗီလာနှင့် ဝေ့ထင် ၏ ကုမ္ပဏီမဟုတ်ကြောင်း စုမုန့် သိသွားရသည်။ယခု မောင်းနေသည်က သူမ မသိသော အခြားလမ်းကြောင်းတစ်ခုဖြစ်သည်။ သူတို့နောက်က ကားများမှာလည်း ရှေ့ကားနှင့် အဆက်ပြတ်နေသည်မှာကြာလေပြီ။ ဘယ်အချိန်ကတည်းက ပြတ်ကျန်ခဲ့မှန်းမသိလိုက်ရပေ။ထိုအခါ စုမုန့် တစ်ခုခုမှားနေသလိုမျိုး ခံစားမိပြီး
"ကျွန်မတို့ ဝေ့ထင် ဆီသွားမှာ မဟုတ်ဘူးလား"
လီပင်း က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြီး " အဲဒီကို ရောက်တဲ့အခါ သခင်မလေး သိမှာပါ"
မကြာမီ သူမတို့ ကားသည် တိတ်ဆိတ်သော လမ်းကို ဖြတ်ကာ ပန်းခြံကဲ့သို့သော နေရာကို ရောက်ရှိလာရသည်။ပတ်ဝန်းကျင်သည် သပ်ရပ်နေပြီး သစ်ပင်များကလည်း အရိပ်ရနေသည်။ ကားက မရပ်သေးခင်မှာ ပန်းရနံ့က ကားတံခါးထဲမှတစ်ဆင့် အထဲကို ပျံ့သွားရ၏။
စုမုန့် နှာချေနေရကာ နှာခေါင်းကို လက်ဖမိုးဖြင့်အကြိမ်ကြိမ်ပွတ်သပ်လိုက်သည်။ ဝေ့ထင် သည် ဤနေရာမျိုးကို တမင်ရှာ၍ သူမအား နေမထိထိုင်မသာဖြစ်စေခြင်းပင်။သို့သော်လည်း၊ကွာရှင်းပြီးပါက သူမ ဘဝ လွတ်လပ်တော့မည်ဆိုသည်ကို တွေးကြည့်လျှင် ဤစိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စလေးကို ဖြည့်တွေးပေး၍ရသွား၏။
မကြာမီ လီပင်းက သူမကို ပန်းခြံအဝင်ဝမှာ ထားခဲ့ပြီး ထွက်သွားသဖြင့် ကျန်လမ်းကို တစ်ယောက်တည်း ဆက်လျှောက်ရသည်။ သူမ ဆက်လျှောက်လာသောအခါ ပန်းများ၏ ရနံ့က ပိုပြင်းထန်လာရသဖြင့် သူမ တစ်ချိန်လုံး နှာချေနေရလေသည်။လမ်းသေးသေးလေးနှစ်ခုကို ဖြတ်ကျော်ပြီးနောက် သူမ မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာသည်။ အကြောင်းမှာ ရှေ့တွင် ပန်းပင်လယ်ကြီးဖြစ်လေသည်။ပန်းခင်းကြီးထဲမှာ ရောင်စုံပန်းမျိုးစုံရှိပြီး အတော်လှပေသည်။ ဝေ့ထင် သည် သူ့လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ကာ ပန်းပင်လယ် အလယ်တွင် ရပ်နေသည်။
စုမုန့် သည် အထဲမှာ အဝေးကြီး လိုသေးသဖြင့် လမ်းဆက်မလျှောက်ဝံ့တော့၍ ဖုန်းကို ထုတ်လိုက်ပြီး ဝေ့ထင် အား ဖုန်းခေါ်ပြီး သူမ နေရာကို လာခိုင်းသည်။ သို့သော် သူ့ဖုန်းက ပိတ်ထားခြင်းဖြစ်သည်။ထိုအခါ သူမ သူ့ကို လက်ဝှေ့ယမ်းပြီး ခေါ်လိုက်သည် ။
သို့သော် ဝေ့ထင် ရပ်နေရာသည် ဝေးလွန်းလှသည့်အပြင် သူက တစ်ယောက်ယောက်ကို သီချင်းဖွင့်ခိုင်းထားသောကြောင့် သူမအသံကို လုံးဝမကြားရပေ။ သူ့ကို နှုတ်ဆက်နေသည်ဟုသာ ထင်နေလေ၏။ဝေ့ထင် က ဘာမှပြန်မပြောသဖြင့် သူမ အံကြိတ်ထားရင်း ပါးစပ်နှင့်နှာခေါင်းကို လက်ဖြင့်အုပ်၍ သူ့ဆီ အမြန်ပြေးသွားလိုက်သည်။
တစ်ဖက်တွင် ဝေ့ထင် သည် စုမုန့် က သူရှိရာသို့ ပြေးလာသည်ကို မြင်သောအခါ မျက်ခုံးပင့်လိုက်ပြီး ဖုကျဲကို စိတ်ထဲမှနေ၍ ချီးမွမ်းလိုက်သည်။ ဤအရူးကောင်က တစ်ကယ့်ကို စိတ်ချရသည်။ စုမုန့် သည် သူမအတွက် ပြင်ဆင်ထားသည့် surprise ကို သဘောကျမိပေမည်။
“မင်းကြိုက်လား…”
သူမ သူ့အနားကို ရောက်လာသောအခါ သူမအတွက် ပြင်ဆင်ထားသည့် surprise ကို သဘောကျလားဟု မေးသော်လည်း သူမက သူ့လက်ကို ကိုင်ကာ အပြင်သို့ပြေးထွက်သွားသည်။
စုမုန့် သူ့ကို အတင်းဆွဲခေါ်ရင်း နှာချေလိုက်ပြီး " ဒီကနေမြန်မြန်ထွက်သွားရအောင်ပါ"
xxxxx