အပိုင်း၃၂
Viewers 6k

Chapter 32

(သေလုမျောပါး)


စုမုန့် က ဘာ့ကြောင့် ယခုလိုတုံ့ပြန်ရမှန်း ဝေ့ထင် နားမလည်သော်လည်း သူမနောက်က လိုက်ပြေးနေမိသည်။သူမ သူ့ကို ပန်းခြံအဝင်ဝအထိ လိုက်ပို့သည်။ ပန်းပင်လယ်နှင့် ဝေးကွာပြီး ပန်းရနံ့တွေ မှိန်ဖျော့သွားသည့်အခါ သူ့လက်ကို လွှတ်လိုက်၏။


 "ကျွန်မကိုပေး"  


စုမုန့် သည် နှာခေါင်းကို လက်တစ်ဖက်ဖြင့်အုပ်ကာ ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်၍ တောင်းလိုက်သည်။သူမက ယခုလိုစိတ်အားထက်သန်နေသဖြင့် ဝေ့ထင် နည်းနည်းပျော်သွားသည်။ ဤsurpriseက တစ်ကယ်ကို အသုံးဝင်ပုံရသည်။ သူမကပင် အရင်လာတောင်းနေလေသည်။ထို့ကြောင့် သူ့လက်ထဲမှ စာရွက်စာတမ်းကို ပေးလိုက်ရင်း သူမကို စိုက်ကြည့်နေမိသည့် သူ့မျက်နှာထားက အတော်စိုးရိမ်နေမှန်း သူက်ိုယ်တိုင်ပင် မသိလိုက်ပေ။ 


 ဖိုင်တွဲကိုဖွင့်လိုက်၍ စုမုန့် အကြမ်းဖျင်းကြည့်လိုက်ရာ သူမ ဒေါသတွေ ချက်ချင်းထွက်လာသည်။ ဤသည်မှာ ကွာရှင်းစာချုပ်မဟုတ်ဘဲ အိမ်ပြောင်းစာရွက်စာတမ်းပင်။အိမ်အသစ်၏ ဖိုင်တစ်ချို့လည်းပါသည်။


 "ဝေ့ထင် ရှင် ကျွန်မကို နောက်နေတာလား"  


သူမ ဖိုင်တွဲဖြင့် ဝေ့ထင် အား ပစ်ပေါက်လိုက်ပြီး အံကြိတ်ကာ အော်ဟစ်လိုက်သည်။


 "ဘာလဲ…မင်းမကြိုက်ဘူးလား"


ဝေ့ထင် သည် ဖိုင်တွဲကို ဖမ်းကိုင်လိုက်ပြီး သူမအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမ၏ တုံ့ပြန်မှုသည် သူမျှော်လင့်ထားသည့်အတိုင်းမဟုတ်ပေ။ သူသည် ဤပွဲကို မပြင်ဆင်မီ လူအနည်းငယ်ကို မေးမြန်းခဲ့ရာ မိန်းကလေးများသည် အထူးသဖြင့် ပန်းများနှင့် တန်ဖိုးကြီးလက်ဆောင်များကို တပ်မက်ကြကြောင်း ထိုသူတို့ ဖြေခဲ့သည်။ ဤပန်းပင်လယ်သည် ရှားပါးမျိုးစိတ်ဖြစ်သည်။ နိုင်ငံအသီးသီးမှ လေယာဉ်ဖြင့်မှာယူထားခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ရန် များစွာ ကြိုးပမ်းခဲ့ရသည်။


 "ရှင့်အဘကို သွားကြိုက်ပါလား...ကျွန်မတို့  ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူထားတယ်လေ…ဒါက ဘာကြီးလဲ"


စုမုန့် ဒေါပွပွနှင့်ဆဲဆိုလိုက်သည်။


 “ကွာရှင်းစာချုပ်ကို ဘယ်တုန်းက ပေးမယ်လို့ ပြောသလဲ..ကိုယ်က မင်းကို လက်ဆောင်ပေးဖို့ ခေါ်လာတာ"


ဝေ့ထင် သည် သူမ၏ စကားကြောင့် အံ့သြသွားသည်။ သူမ မကြိုက်လျှင်တောင် ခံနိုင်ရည်ရှိသေးသော်လည်း ဒေါသကြီးနေသည့် သူမကို နားမလည်နိုင်ပေ။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ စုမုန့် က သူ့ကို ချော့စေချင်သည်ဟု ဆို၏။ ထို့ကြောင့် သူ၏ ရိုးသားမှုကို ပြသရန်အတွက် ဤပန်းပင်လယ်ကြီးကို သူကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ပြီး ပြင်ဆင်ဖို့ တစ်ပတ်လောက် အချိန်ယူရသည်။ တစ်ကယ်တမ်းတွင်၊သူမကို မချော့နိုင်ရုံမျှမကဘဲ သူမ ဒေါသကိုလည်း ခံခဲ့ရလေသည်။ 


"လက်ဆောင်ပေးတယ် ဟုတ်လား …ရှင် ကျွန်မကို ငရဲကိုပို့ဖို့ ကြိုးစားနေတာမလား"   


စုမုန့် သည် အံကြိတ်ကာဒေါသတကြီးပြောလေ၏။ 


 “မင်း ဘာကိုဆိုလိုတာလဲ”


"ကျွန်မက ဝတ်မှုန်နဲ့ ဓါတ်မတည့်ဘူးဆိုတာ မသိဘူးလား...ပန်းတွေပြည့်နေတဲ့နေရာကို လာခိုင်းတာ ကျွန်မကို သတ်တာပဲ…ကျွန်မ ရှင့်ကို ကြမ်းကြမ်းတမ်းတမ်းပြောခဲ့လို့ ကျွန်မကို လက်စားချေဖို့ ဒီအထိ ခေါ်လာတာမလား"


"ဒါမှမဟုတ် ကျွန်မက ဝေ့ရွှယ်ကို ရန်ထောင်ပြီးရိုက်ခဲ့လို့ လက်စားချေဖို့ ဒီနည်းလမ်းကို သုံးချင်တာလား...မကျေနပ်တာရှိရင် ပြောပါ...ကျွန်မ ရှင့်ကို အကုန်ရှင်းပြမယ်...ဒါပေမယ့် လူမဆန်တဲ့နည်းနဲ့ လူတစ်ယောက်ကို နှိပ်စက်တာက ရွံစရာကောင်းတယ်…အောက်တန်းကျတယ်"


သူမ စကားပြောနေစဉ်တွင် ပြင်းထန်စွာ နှာချေပြန်သည်။ ထို့နာက် သူမ အင်္ကျီလက်ကိုပင့်တင်လိုက်ရာ လက်မောင်းနှင့်လက်ဖျံပေါ်တွင် အနီရောင်အဖုအပိန့်များ ထနေသည်ကို ‌တွေ့ရလေသည်။


စုမုန့် သည် ဝတ်မှုန်နှင့် ဓာတ်မတည့်သည်ကို မြင်လိုက်ရလျှင် ဝေ့ထင် အနည်းငယ်ရှက်စိတ်ဝင်သွားသည်။ သူက မလုံမလဲနှင့် တောင်းပန်စကားဆိုလိုက်သည်။


 "တောင်းပန်ပါတယ် မင်း ဝတ်မှုန်နဲ့ မတည့်ဘူးဆိုတာ ကိုယ်မသိဘူး…ကိုယ့်မွေးနေ့မှာ မင်း ပန်းတွေ ပေးတုန်းက မင်းလည်း ကြိုက်တယ်ထင်ခဲ့တာပဲ..."


ထိုနေ့က မြင်ကွင်းသည် သူ့စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ စုမုန့် သည် သူ့အတွက် ပန်းများကိုအိမ်တစ်အိမ်လုံးဝေနေအောင် ပြင်ဆင်ထားသော်လည်း သူကတစ်ချက်သာကြည့်၍ လှည့်ထွက်သွားလိုက်သည်။


 "သွားရအောင်..ကိုယ် မင်းကို ဆေးရုံလိုက်ပို့ပေးမယ်"


ဝေ့ထင် က ပြောပြီးတဲ့အခါ စုမုန့် ကို လက်ဆွဲ ခေါ်လိုက်စဉ် စုမုန့် ဝေ့ထင် ၏လက်ကိုရိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။


 "မလိုပါဘူး"


ဝေ့ထင်ကို ပန်းတွေပေးသည့်ကိစ္စကို ပြန်အစဖော်လိုက်သဖြင့် သူမ ဒေါသက ပိုတိုးလာသည်။ ထိုအချိန်က ဝေ့ထင်သည် သူမ၏ နှလုံးသားထဲတွင် တစ်ဦးတည်းသောလူဖြစ်သည်။ သူစိတ်ကျေနပ်စေဖို့အတွက် ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ရသည်။ သူ ပန်းတွေကို ကြိုက်ကြောင်း ဝေ့ရွှယ် ပြောသည့်အခါ သူမ ဓာတ်မတည့်သော်လည်း သူ့အတွက် မွေးနေ့လက်ဆောင်ပြင်ဆင်ပေးထားသည်။ ကံမကောင်းစွာပဲ ဝေ့ထင်က လုံးဝဂရုမစိုက်ခဲ့ပေ။သူ စကားတစ်ခွန်းမှ မပြောဘဲနှင့် ထွက်သွားခဲ့သည်။သူမသည် ဓာတ်မတည့်မှုကြောင့် ဆေးရုံမှာ ရက်အနည်းငယ်ကြာ နေခဲ့ရသည်။ သူမ တစ်ကိုယ်လုံးမှာ အနီကွက်တွေဖုံးလွှမ်းနေပြီး မျက်နှာကလည်း ရောင်ရမ်းနေခဲ့၍ ဘယ်သူ့ကိုမှ မတွေ့ရဲခဲ့‌ေပ။


“ကျွန်မ သိပ်မိုက်မဲခဲ့တယ်..တခြားသူတစ်ယောက်ကို စိတ်ချမ်းသာစေဖို့အတွက် ကျွန်မကိုယ်ကို ဂရုမစိုက်ခဲ့ဘူး...ဆေးရုံတောင် တက်ခဲ့ရတယ်..အတိတ်ဆိုတာက အတိတ်ပါပဲ…   ထပ်ပြောစရာ မလိုဘူး"


စုမုန့် သည် မိမိကိုယ်ကို နှိမ့်ချစွာ ပြုံးလိုက်သည်။


သူမ စကားကိုကြားသောအခါ ဝေ့ထင် သည် အပြစ်ရှိသလိုခံစားရပြီး သူ့မျက်နှာမှာ မည်းမှောင်သွားရသည်။ ခဏကြာသည်အထိ သူ ဘာပြောရမှန်းမသိသေးချေ။


သူ ဘာမှပြန်မပြောသဖြင့် စုမုန့် တစ်ချက် ပြုံးပြီး မျက်နှာထားကို ပုံမှန်ဖြစ်အောင် ပြင်ဆင်လိုက်ကာ လေးနက်သော အသံဖြင့်


 “ကွာရှင်းစာချုပ် ချုပ်ဖို့ ကျွန်မကို ဒီကိုခေါ်လာတာမဟုတ်ဘူးဆိုတော့ ကျွန်မ ထွက်သွားမယ်…နောက်တစ်ခါလည်း မကွာရှင်းဘူးဆိုရင် ဖုန်းဆက်စရာ၊လာတွေ့စရာမလိုဘူး…ဝေ့ရွှယ်ကြောင့် ကျွန်မကို လက်စားချေချင်တယ်ဆို ဒဲ့ပြော..မကောက်ကျစ်နဲ့"


ထိုသို့ပြောပြီးနောက် သူမသည် ဝေ့ထင်ကို လျစ်လျူရှုကာ လမ်းဘေးသို့ လျှောက်သွား၍ တက္ကစီတစ်စီးကို လက်ပြတားလိုက်သည်။


(သေမင်းနိုင်ငံမှ ပြန်ရောက်လာသူ...)


ဝေ့ထင် သည် စုမုန့် ပျောက်ကွယ်သွားသည်အထိ ကြည့်ပြီး လေးလေးနက်နက် တွေးတောနေမိသည်။ ခဏအကြာတွင် သူ့ဖုန်းကိုဖွင့်ပြီး သူ့မွေးနေ့တွင် စုမုန့် ဆေးရုံတက်ရသည့်အကြောင်းမေးရန် ကျူးရွှင်း ထံသို့ မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။ မက်ဆေ့ချ်ပို့ပြီးနောက် လီပင်းအား လှမ်းခေါ်ခဲ့သည်။ လီပင်းသည် အနီးနားရှိ ကားပါကင်တွင် အမိန့်စောင့်နေခြင်းဖြစ်သည်။


 "ဥက္ကဌဝေ့…ဘယ်လိုလဲ...သခင်မလေး အရမ်းအံ့သြသွားရဲ့လား"  


လီပင်း အလွန်စိတ်လှုပ်ရှားနေပုံရသော်လည်း

ဝေ့ထင်က ဘာမှပြန်မပြောဘဲ အေးစက်စက်သာ ဖြစ်နေသည်။ လီပင်း သည် ဝေ့ထင် နောက်ကို နှစ်အတော်ကြာလိုက်ခဲ့သူဖြစ်သဖြင့် သူ့သူဌေး၏ အကြည့်ဓိပ္ပါယ်ကို အပြည့်အဝ နားလည်သည်။ ဆိုလိုသည်မှာ ဝေ့ထင်သည် အလွန်စိတ်မကောင်းဖြစ်နေသောကြောင့် ဘာမှထပ်မပြောလာခြင်းပင်။ ခဏကြာလျှင် ကျူးရွှင်း က ဖုန်းဆက်သည်။


 “ဥက္ကဌဝေ့ အဲဒီနေ့က သခင်မလေးက ဝတ်မှုန်ဓာတ်မတည့်မှုကြောင့် ဆေးရုံတက်နေတာဟုတ်ပါတယ်…သူမကို ကုပေးတဲ့ဆရာဝန်အပြောအရတော့ သခင်မလေး အဲ့ဒီနေ့က အရမ်းအခြေအနေပြင်းထန်ပြီး သူမ ရှော့ခ်တောင်ရသွားတယ်တဲ့...အဲဒီအချိန်က တစ်ဆေးရုံလုံး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပြီး အထူးကုဆရာဝန် တော်တော်များများက သူမကို ကုသပေးခဲ့ပါတယ်"


 "ဒီလောက်အရေးကြီးတဲ့ကိစ္စကို ငါ့ကိုဘာလို့အသိမပေးတာလဲ"  


ဝေ့ထင် မျက်နှာသည် ညိုမှိုင်းနေသည်။


 “ဒါရိုက်တာက ဘော့စ်ကို ဆက်သွယ်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် ဖုန်းက ပိတ်ထားတယ်တဲ့… နောက်တော့ သူက အကြီးဆုံး သခင်မလေးကို ဆက်သွယ်ပြီး ပြောပြခိုင်းတယ်...အကြီးဆုံးသခင်မလေး ကြည့်ရတာ မေ့သွားလို့ မပြောတာဖြစ်နိုင်ပေမယ့် သူမက သခင်မလေးစုမုန့်ကို ပြုစုဖို့ ဆေးရုံကို လာခဲ့တယ်လို့ ဒါရိုက်တာက ပြောပါတယ်"


ဝေ့ထင် သည် ထိုနေ့က အခြေအနေကို ပြန်သတိရမိသည်။ထိုနေ့က စုမုန့်သည် နှင်းဆီပန်းတွေနှင့်တစ်ခန်းလုံး မွှေးနေအောင်ပြင်ဆင်ခဲ့သည်။သူအခန်းတံခါးကိုဖွင့်လိုက်ချိန်မှာနှင်းဆီရနံ့က သူ့နှာခေါင်းထဲကို ထိုးဖောက်ဝင်ရောက်လာသည်။ တခြားပန်းဆိုလျှင် အတော်ကောင်းမည်ဖြစ်သည်။သူက နှင်းဆီနှင့် မတည့်သဖြင့်သူချက်ချင်း အသက်ရှုကြပ်သွားခဲ့၏။ ထို့ကြောင့် သူသည် သူ၏ကိုယ်ပိုင်ဆရာဝန်ထံမှ ဆေးကုသမှုခံယူရန် အိမ်မှအမြန်ထွက်သွားခဲ့သည်။သူ အမြန်ထွက်သွားရခြင်းဖြစ်၍ ဖုန်းမပါလာခဲ့ပေ။ သူပြန်လာသောအခါ သူ့ဖုန်းမှာစက်ပိတ်နေခဲ့ပြီး စုမုန့် ကိုလည်း မတွေ့ခဲ့ရပေ။ထိုအချိန်က စုမုန့် သည် သူ့အား နည်းမျိုးစုံဖြင့် ရန်လိုစွာပြုမူခဲ့သည်။သူမုန်းသမျှ အရာအားလုံးကို သူမ တစ်ခုမကျန်လိုက်လုပ်၏။ သူ့ကို ဒေါသဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေသည်ဟု ထင်မြင်မိ၍ သူမကို လုံးဝဂရုမစိုက်ခဲ့ခြင်းပင်။သူမက သူ့ကို စိတ်ချမ်းသာအောင် လုပ်ခြင်းမဟုတ်ဘဲ တမင်တကာ ခြောက်တွန်းချင်၍ လုပ်သည်ဟုသာ သူ ထင်ခဲ့မိသည်။ တစ်ချိန်က စိတ်ရင်းမှန်ဖြင့်ဆက်ဆံခဲ့သော သူမကို လှည့်စားခဲ့ပုံအားတွေးရင်း ဝေ့ထင် ပထမဆုံးအကြိမ် နောင်တရခဲ့သည်။


သူသည် ငယ်ငယ်ကတည်းက ဘာပဲလုပ်လုပ် ရလဒ်ကို နောင်တမရခဲ့ပေ။ သူက အရာအားလုံးကို လုံးဝသေချာမှလုပ်တတ်သူဖြစ်သည်။ မအောင်မြင်ခဲ့လျှင်တောင် အစကနေပြန်ပြီးလုပ်၏။သို့သော် ယခုအချိန်တွင် သူကိုယ်တိုင်က မှားယွင်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။


ဝေ့ထင်က လီပင်း ကို တားလိုက်သည်။  


"အခု ကုမ္ပဏီကိုမပြန်နဲ့..."


စုမုန့်သည် ရှေးဟောင်းပစ္စည်းဆိုင်နှင့် အနီးဆုံး ဆေးဆိုင်အဝင်ပေါက်သို့ ကားမောင်းသူကို တိုက်ရိုက်မောင်းခိုင်းသည်။ဆေးရုံသည် အနီးနားတွင်ရှိပြီး ဘေးပတ်ပတ်လည်မှာ ဆေးဆိုင်များစွာရှိသည်။ လူတော်တော်များများက ဆရာဝန်နှင့် ပြကြည့်သည့်အခါတိုင် ဈေးကြီလွန်းသဖြင့် ဆက်မပြကြတော့ပေ။ထို့ကြောင့် အနီးနားရှိ ဆေးဆိုင်များတွင် ဆေးဝါးမျိုးစုံရှိသည်။


သူမ ဆေးဝယ်ပြီးနောက် ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြန်လာခဲ့ရာ ဆိုင်ထဲတွင် သူမ မမြင်ချင်ဆုံးသူကို တွေ့လိုက်ရသည်။ကျိုးဖုန်း သည် ကောရှန်း နှင့် ထိုင်ကာ ပြုံးကြည်စွာဖြင့် အတူ လက်ဖက်ရည်သောက်နေသည်။  သူသည် သူမ ပထမဆုံးစတွေ့တုန်းကထက် ပိုကြည့်ကောင်း‌နေကာ သာမာန်လူနှင့် မကွာခြားတော့ပေ။သူမ ပို၍ အံ့သြသွားသည်က သူတစ်ယောက်တည်းဖြစ်ကာ သူ့ကိုယ်ရံတော်များ


အနားတွင်မရှိသလို တံခါးဝတွင်လည်း မည်သူမျှမရှိချေ။


သူမ ပြန်လာသည်ကို ကျိုးဖုန်ကး မြင်လျှင် "မစ္စစု ပြန်လာပြီလား...ဒီနေ့မင်းနဲ့ မတွေ့ရတော့ဘူးလို့တောင် ထင်ခဲ့တာ"


 "ရှင်  ဒီမှာ ဘာလာလုပ်တာလဲ"


စုမုန့် က ကျိုးဖုန်း ကို သတိရှိရှိ မေးလိုက်သည်။


 “မင်းကို ကျေးဇူးတင်ဖို့ ကိုယ်ရောက်လာတာပါ...  မင်းက ကိုယ့်ရဲ့ ကယ်တင်ရှင်ပဲ" 


ကျိုးဖုန်းက နွေးထွေးစွာ ပြုံးလိုက်သဖြင့် သူ့မျက်လုံးထဲမှရန်လိုမှု တစ်ဝက်လောက် လျော့သွားသည်။ သို့သော်လည်း စုမုန့် သည် ဤလူမှာ အလွန်အန္တရာယ်များသည်ဟု ခံစားမိဆဲဖြစ်၍ သူနှင့် ဆက်ဆံလိုခြင်းမရှိပေ။သူမ လှည့်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်ကာ ကျိုးဖုန်းကို လှမ်းပြောသည်။


 “မစ္စတာကျိုး ခဏလောက် ကျွန်မနဲ့လိုက်ခဲ့လို့ရမလား"


ဆိုင်မှာ ဖောက်သည်တွေရှိနေ၍ တချို့ကိစ္စတွေကို ပြောဖို့ခက်နေမိသည်။ အရေးကြီးဆုံးအချက်က ဆရာဖြစ်သူကို မပါစေချင်ပေ။ သူမကို ပြန်ပေးဆွဲသည့်နေ့ကစပြီး ကျိုးဖုန်းက ဘယ်လိုလူလဲဆိုသည်ကို သူမသိပြီးသားပင်။သူ့လိုလူမျိုးနှင့် တတ်နိုင်သမျှ ဝေးဝေးမှာနေကာ ဆရာဖြစ်သူကို ပစ်မှတ်ထားခွင့်မပြုနိုင်။


ကျိုးဖုန်း သည် မမျှော်လင့်ဘဲ စကားနားထောင်ကာ ဘာမှပြန်မပြောဘဲ ထွက်သွား၏။


 "မစ္စတာကျိုး ရှင့်ရဲ့ကျိန်စာပြဿနာကို ဖြေရှင်းပေးမယ်လို့ ကျွန်မ ကတိပေးခဲ့တယ်...အဲ့ဒီပြဿနာက အဆင်ပြေမယ်ဆိုရင် ရှင် ကျွန်မကို နှောင့်ယှက်ခွင့်မရှိဘူး...ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်ကလည်း ကျွန်မကိုပိုက်ဆံပေးပြီးသား...ဒီတော့ ကျွန်မတို့ အချင်းချင်း ဘာမှ ပတ်သတ်စရာမလိုတော့ဘူး"

 

စုမုန့် ကျိုးဖုန်း ကို စိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်ကာ အသံနက်ဖြင့် ပြောလိုက်သည်။



xxxxx