Chapter 33
(သဝန်တိုနေသူ)
ကျိုးဖုန်း သည် စုမုန့် ၏ အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားသည်။အမှန်တော့ သူတို့ ပထမဆုံးတွေ့သည့်အချိန်က သိပ်ကိုအမုန်းတရားများ ကြီးစိုးနေချိန်ဖြစ်သည်။သူမသည် သူ့အပေါ် ဆိုးဆိုးရွားရွား အထင်အမြင်တွေ ထားခဲ့ပုံရပြီး သူ ပြောင်းလဲဖို့ ကြိုးစားဖို့ လိုသည်။
"ကိုယ့်အသက်က ဒီပိုက်ဆံလေးပဲ တန်သလား..ဒီတစ်ခါလာတာက ကျန်တဲ့ 800,000 ကို လာပေးတာ...ပြီးတော့ ကျေးဇူးတင်စကားလာပြောတာ"
စုမုန့် သည် အလွန်အမင်းဝမ်းသာသွားဟန်မပြဘဲ သူမ၏ဖုန်းကိုထုတ်ပြီး ငွေပေးချေရန် ပြင်လိုက်သည်။ ဖုန်းပေးဖို့လက်ကို ဆန့်ထုတ်လိုက်သောအခါ သူမ၏ လက်မောင်းရှိ အနီစက်များ ပေါ်လာသည်။
"ဘာဖြစ်နေတာလဲ...နေမကောင်းဘူးလား"
ကျိုးဖုန်း က ချက်ချင်းဆိုသလို သူမ၏ အင်္ကျီလက်စကို လိပ်တင်ကာမေးလိုက်၏။
“ဓာတ်မတည့်တာပါ...ကျွန်မ မသေပါဘူး...ရှင့်ပိုက်ဆံကို အရင်ပေးရင် ပိုကောင်းမယ်..."
သူမက လက်ကို ပြန်ဆွဲလိုက်သော်လည်း ကျိုးဖုန်း က လက်မလွှတ်သေး။
"မင်း တစ်ကယ်ကွာရှင်းခဲ့တာလား"
ကျိုးဖုန်း သည် သူမကို စိုက်ကြည့်ကာ ရုတ်တရက် ဤမေးခွန်းကို မေးလိုက်သည်။
“ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ...ရှင်နဲ့ဘာမှမဆိုင်ဘူးဟုတ်လား"
သူမ စိတ်တိုကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ကျိုးဖုန်း သည် ပြန်လည်ကောင်းမွန်လာပြီးနောက် ဤမျှလောက် သန်မာလာမည်ဟု သူမ မမျှော်လင့်ထားပေ။ သူမ လုံးဝ အခုထိ ရုန်းမထွက်နိုင်သေးပေ။ ကျိုးဖုန်း ၏ စိတ်နေသဘောထားသည် အမှန်တစ်ကယ်ပင် မှန်းဆ၍မရပေ။ ဝေ့ထင် ထက်ပင် သူက ဆက်ဆံရပိုခက်သည်ဟု သူမ ခံစားမိသည်။
"ကျိုးဖုန်း မင်းဘာလုပ်နေတာလဲ"
နှစ်ယောက်သား ရုန်းကန်နေစဉ်တွင် အသံတိုးတိုးတစ်ခု အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ရင်းနှီးသောအသံကိုကြားပြီး စုမုန့် သည် ခေါင်းထက်တွင် အရိပ်တစ်ခုပေါ်လာသည်ကို ခံစားလိုက်ရသောအခါ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏လက်ကို ကျိုးဖုန်း လက်မှ လွတ်မြောက်ရန် ထိုလူက ကူညီပေးလေ၏။သူမ ခေါင်းကို မော့လိုက်ရာ ဝေ့ထင် ၏မျက်နှာကို မြင်လိုက်ရလျှင် အံ့ဩသွားရသည်။ ဝေ့ထင်သည် သူမ၏ လက်မောင်းကို လွှတ်ပေးပြီးနောက် ကျိုးဖုန်း လက်မောင်းကို အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အခြေအနေကို အခွင့်ကောင်းယူ၍ သူ့ပုခုံးပေါ်လက်တင်လိုက်သည်။ သို့သော်လည်း ကျိုးဖုန်း ၏ ခန္ဓာကိုယ်သည် များစွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ထို့အပြင် သူက ဝေ့ထင် ၏ခွန်အားကို သိပြီးဖြစ်၍ သတိရှိနေပြီးသားပင်။ ထို့ကြောင့် လက်ကိုအတင်းပြန်ရုန်းကာ ဆိုင်ထဲမှ ဆုတ်၍ တံခါးဘောင်တွင် သွားမှီနေလိုက်၏။ ဤအရာများအားလုံးက စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်ခဲ့တာပင်။
စုမုန့် ဘာမှတောင်ပြောချိန်မရလိုက်။ ဝေ့ထင် နှင့် ကျိုးဖုန်း တို့ ပြဿနာများ ဖြေရှင်းပြီးနောက်တွင် သူမ သတိဝင်လာရ၏။
ဝေ့ထင်က သူမကို လက်စားချေဖို့ သူမနောက်ကို လိုက်ဖို့ စီစဉ်နေတာလား...
သူမ အလွန်အကျွံတွေးနေမိတော့သည်။အရင်တုန်းက ဝေ့ထင်သည် သူမအပေါ် မကောင်းခဲ့ပေ။ ယခုတော့ ဝေ့ထင် သည် သူမကို အလွန်အာရုံစိုက်လာသောကြောင့် သူမကို လက်စားချေလိုသည်ဟုသာ တွေးလိုက်မိသည်။
"ရှင် ဒီကို ဘာလာလုပ်တာလဲ"
စုမုန့် ၏ လေသံသည် အေးစက်သွားသည်။ ဝေ့ထင်သည် ကျိုးဖုန်း နောက်သို့အမီလိုက်ရန် ရည်ရွယ်ချက်မရှိသဖြင့် အသာလွှတ်ထားလိုက်သည်။
"မင်းအဖုတွေက ပိုဆိုးလာသလားလို့ လာကြည့်တာ"
ဝေ့ထင် သည် မျက်မှောင်ကြုတ်ထားပြီး ကျိုးဖုန်းကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အန္တရာယ်ရှိသော ရောင်ဝါတစ်ခု ပေါ်လာသော်လည်း စုမုန့်ကို ကြည့်လိုက်သည့်အခါ ကြင်နာရိပ်တို့ စွန်းထင်းလျက်ရှိ၏။ အရင်က စုမုန့် သူ့အပေါ် ဘယ်လောက် နွေးထွေးခဲ့သလဲ ဆိုတာကို တွေးမိသည်။ထိုအချိန်က သူမက စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု သူထင်ခဲ့သော်လည်း ယခုတော့ ထိုအချိန်ကို လွမ်းဆွတ်နေမိသည်။ယခင်က သူမရှိလျှင် အိမ်က နွေးနွေးထွေးထွေးရှိလှသည်။ယခု သူမ ထွက်သွားတော့ ဗီလာက လူသူကင်းမဲ့နေသဖြင့် သူ များသောအားဖြင့် ကုမ္ပဏီမှာသာ ရှိနေတတ်သည်။သူမကို သူနှင့်အတူ ဗီလာကို ပြန်ချင်လားဟု မေးဖို့ ရောက်လာသော်လည်း သူမ၏ အေးစက်စက် အကြည့်ကို မြင်လိုက်လျှင် သူပြောချင်သည့် စကားတွေကို ချက်ချင်း မျိုသိပ်လိုက်သည်။ သူ့ပါးစပ်ထဲက စကားလုံးတွေအားလုံး ပျောက်ရှသွားသည်။
"ကောင်းပါတယ်...ရှင် မြင်တယ်မလား...ကျွန်မအခုထိ အသက်ရှိနေသေးတယ်ဆိုတော့ ရှင် အခုထွက်သွားလို့ရပြီ"
သူမ၏ အေးစက်သော သဘောထားကို မြင်လိုက်ရသဖြင့် သူမသည် သူ့ကို ရန်သူအဖြစ် လုံးဝ သဘောထားမှန်း ရိပ်မိသွားခဲ့သည်။ ထို့နောက် လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ကိုကြည့်သော သူမ၏မျက်လုံးထဲတွင် မုန်းတီးမှုများ ရှိနေမှန်း သတိရမိ၏။ ထို့ကြောင့် သူမ ဘာကြောင့်မုန်းနေမှန်းကို သိချင်လာ၏။ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဝေ့ထင်က
“စုမု့န်...စကားပြောရအောင်”
"ဥက္ကဌဝေ့ စုမုန့်က မင်းနဲ့စကားမပြောချင်ဘူး...မင်းတို့နှစ်ယောက်က ကွာရှင်းတော့မယ်လေ... တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေသင့်တယ်...မင်းတို့ အခုက ရင်းနှီးလွန်းတယ်…မှန်တယ်မဟုတ်လား မုန့်အာ"
ဘေးမှကြည့်နေသော ကျိုးဖုန်း က ပြောလိုက်သည်။ဤတစ်ခါတော့ သူမကို ကျေးဇူးတင်ဖို့ ပြောခြင်းမဟုတ်ဘဲ တခြားအကြောင်းကြောင့် ဝင်ပြောလေသည်။
"မင်းနဲ့ဘာဆိုင်လို့လဲ"
ဝေ့ထင် မျက်မှောင်ကြုတ်၍ ကျိုးဖုန်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှ ဒေါသတွေက ပိုပြင်းထန်လာရ၏။
"ငါလား...မုန့်အာက ငါ့ ကယ်တင်ရှင်လေ...မင်းတို့နှစ်ယောက် လုံးဝကွာရှင်းပြီးတာနဲ့ ငါ့ခန္ဓာကိုယ်ကို သူမကို ပေးမယ်"
ကျိုးဖုန်း ၏ စကားသည် တစ်ဝက်မှန်ပြီး တစ်ဝက်မှားသည်။သူသည်ဝေ့ထင် ကို အနိုင်မယူနိုင်ခဲ့သော်ငြား စုမုန့် အပေါ်ထားသည့် ဝေ့ထင် ၏ သဘောထားကို ကြည့်ပြီး စုမုန့် သည် သူ့နှလုံးသားထဲတွင်ရှိကြောင်း သူသိသည်။
(ကံကြမ္မာက နိဂုံးချုပ်သွားပြီ...)
ထို့အပြင် ကျိုးမိသားစု၏ အကြီးဆုံးသားဖြစ်သူအား တိုက်ခိုက်ဖို့ခြေလှမ်းမစမီ ဝေ့ထင် သည် ကျိုးမိသားစု၏ သြဇာအာဏာကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ထို့ကြောင့်လည်း ကျိုးဖုန်းဘက်က အသာစီးတစ်ခါရသွားခဲ့ခြင်းပင်။ကျိုးဖုန်းသည် စုမုန့် အတွက် သူ့ကိုယ်သူ ပေးအပ်လိုကြောင်းကို ကြားလိုက်ရလျှင် ဝေ့ထင်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ သူသည် စုမုန့် နှင့် မကွာရှင်းသေးဘဲနှင့် ထိုကောင်စုတ်က သူ့ရှေ့တည့်တည့်မှာ လာပြောနေသေး၏။ သူ ပြန်မလုပ်ရဲဘူးလို့ ထင်နေတာလား...
သူ သုန်မှုန်သော မျက်နှာဖြင့် ကျိုးဖုန်းဆီသို့ လျှောက်သွားသည်။ သို့သော် စုမုန့်က သူ့လက်ကို လှမ်းဆွဲလိုက်သောအခါတွင် သူ ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားရသည်။
"ဝေ့ထင်...ရှင် ကွာရှင်းစာချုပ်ကို ပြင်ဆင်ပြီးပြီဆိုရင် အချိန်မရွေးလာနိုင်တယ်…. ဒါပေမယ့် အခု စာချုပ်လည်း မယူလာသေးတဲ့အတွက် ကျွန်မတို့ကြားထဲမှာ ဘာပြောစရာရှိလို့လဲ…ရှင် မြန်မြန်ပြန်သင့်တယ်... မဟုတ်ရင် ရှင့်ရဲ့ညီမ ဝေ့ရွှယ် ရောက်လာလိမ့်မယ်"
စုမုန့် သည် ဝေ့ထင် ၏ဒေါသကို သိသဖြင့် သူ့ကိုတားလိုက်ပြီး မောင်းထုတ်လိုက်သည်။ထိုအခါ ဝေ့ထင် က ကျိုးဖုန်း ကို ကြည့်ပြီး
"သူကကျ ဘာလို့လဲ"
“သူက ကျွန်မတို့ဆိုင်ရဲ့ ဖောက်သည်ပဲ…ကျွန်မတို့မှာ လုပ်စရာရှိတယ်... ရှင်နဲ့မဆိုင်ဘူး"
ကျိုးဖုန်း သည် နောက်ထပ်စကားတစ်ခွန်းရန်စတော့မည်ကို သိသဖြင့် သူမ အရင်ဦးအောင်ပြောလိုက်ခြင်းပင်။ ဤလူနှစ်ယောက်သည် အဘယ်ကြောင့် ရန်သူများလို ဖြစ်နေသည်ကို သူမ မသိသော်လည်း၊ ဤဆိုင်သည် ရှေးဟောင်းပစ္စည်းဆိုင်ဖြစ်သည်။ ဤသခင်လေးနှစ်ယောက်ကို ဆိုင်ထဲမှာ ရန်ဖြစ်ခွင့် မပြုနိုင်ပေ။သို့မဟုတ်လျှင် သူမတို့၏လုပ်ငန်းကို ထိခိုက်နိုင်၏။သို့သော် သူမ၏ စကားများသည် ဝေ့ထင် ကို ပို၍ဒေါသထွက်စေလိမ့်မည်ဟု မမျှော်လင့်ထားပေ။
စုမုန့်သည် သူမကို ပြန်ပေးဆွဲခဲ့သူကို ခုခံကာကွယ်ပေးမည်ဟု ဝေ့ထင် မမျှော်လင့်ထားချေ။သူ၏ ပါးလွှာသော နှုတ်ခမ်းများသည် မျဉ်းဖြောင့်အတိုင်း စေ့ပိတ်နေပြီဖြစ်သည်။ သူ့မျက်လုံးများတွင် ဒေါသရှိနေပုံရသော်လည်း အံ့သြစွာပင် အပြင်သို့မထွက်လာကြပေ။
ကျိုးဖုန်း ကမူ စုမုန့်၏ အကာအကွယ်ကိုတောင် မထောက်ထားဘဲ ဝေ့ထင် ၏ မျက်နှာထားကိုမြင်လျှင် မီးထဲသို့ လောင်စာထည့်လိုက်သည်။
"ဥက္ကဌဝေ့...မုန့်အာက မင်းကို ထွက်သွားစေချင်တယ်...မင်းဘာလို့မထွက်သွားတာလဲ"
"မုန့်အာ...မင်းတို့က ဒီလောက်တောင် ရင်းနှီးနေလို့လား"
စုမုန့်: “…”
ကျိုးဖုန်း ၏ ပင်ကိုယ်စရိုက်က သူတို့ပထမဆုံးစတွေ့စဉ်ကနှင့် အလွန် ကွာခြားလွန်းသည်။ သူက ရန်စောင်သည့်နေရာမှာ တစ်ဖက်ကမ်းခတ်အောင်တတ်၏။ ထိုနေ့က သူမသည် ကျိန်စာများကို ချေဖျက်ရန် ကူညီပေးသောအခါ တစ်စုံတစ်ခု မှားယွင်းသွားပြီး သူ့ကို ပိုဆိုးသွားစေတာလား...
သို့သော် ဤတစ်ကြိမ်မှာတော့ ဝေ့ထင် က ကျိုးဖုန်းကို ဂရုမစိုက်ခဲ့ဘဲ စုမုန့်၏လက်ကို အမြန်ဆွဲကိုင်ပြီး အဝေးကို ခေါ်သွားလိုက်သည်။
“ကိုယ်တို့ကြားထဲမှာ နားလည်မှုလွဲနေတာ ရှိတယ်... စကားပြောဖို့ လိုမယ်ထင်တယ်"
ဝေ့ထင် ၏ မျက်နှာထားက အမူအရာသည် တင်းမာလွန်းလှပြီး သူမကို ငြင်းခွင့်ပင်မပေးတော့။
"ဝေ့ထင် …ကျွန်မကိုလွှတ်"
စုမုန့် ရုန်းကန်သော်လည်း မအောင်မြင်ချေ။
"အဘိုးကြီးကော...လူကြီးမင်းရဲ့တပည့်က ပြန်ပေးဆွဲခံရတော့မယ်... သူမကိုကူညီမှာမဟုတ်ဘူးလား"
ကျိုးဖုန်း ၏ ခန္ဓာကိုယ်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။ ဝေ့ထင် နှင့် ရန်ဖြစ်ရာတွင် သူ့ခွန်အား အားလုံးကို အသုံးချပြီးပြီဖြစ်သည်။ထို့ကြောင့် သူက တခြားတစ်ယောက်ကို စစ်ကူတောင်းနေခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်း၊ စုမုန့် အနိုင်ကျင့်ခံရကြောင်း ကောရှန်း ကြားသောအခါ၊ ကုန်ပစ္စည်းစာရင်းယူနေသော သူသည် သူ့လက်ထဲမှ စာရင်းကိုချပြီး ထအပြေးထွက်သွားသည်။
"ဝေ့ထင်… စုမုန့်ကို လွှတ်"
ကောရှန်း သည် ဝေ့ထင် ၏ ရာထူးအာဏာနှင့် မည်မျှအစွမ်းထက်သည်ကို ဂရုမစိုက်ဘဲ တွန်းဖယ်လိုက်ပြီး စုမုန့် ကို သူ့နောက်မှာထား၍ အကာအကွယ်ပေးလိုက်၏။
ကောရှန်း သည် စုမုန့် ကို အလွန်ဂရုစိုက်သော မိသားစုဝင်တစ်ဦးဖြစ်ကြောင်း ဝေ့ထင် သိသည်။ ကောရှန်း ရောက်လာသောအခါတွင် သူ၏ခွန်အားကို ဖြေလျော့ပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်၏။
ဝေ့မိသားစုတွင် ခံစားခဲ့ရသော ဝမ်းနည်းစရာများကိုတွေးကာ ကောရှန်း က ဝေ့ထင် အား အလွန်ကြင်နာသော အကြည့်ဖြင့် ကြည့်နေလေသည်။
"မစ္စတာဝေ့ ကောင်မလေးက မင်းနဲ့ကွာရှင်းပြီးသွားပြီ... သူမကို ဆက်ပြီး နှောင့်ယှက်နေစရာ မလိုဘူး...သူမက မင်းတို့ဝေ့မိသားစုထဲကနေ အပ်တိုတစ်ချောင်း၊ ချည်မျှင်တစ်ချောင်းကိုတောင်မယူခဲ့ဘူး..သူမကလည်း မင်းနဲ့ မပတ်သက်ချင်ဘူး...ဝေ့မိသားစုက ထွက်သွားပြီးကတည်းက မင်းတို့ နှစ်ယောက်ရဲ့ကံကြမ္မာက ပြီးဆုံးသွားပြီ”
“ငါ ဒီကောင်မလေးကိုပြုစုပျိုးထောင်ခဲ့တယ်...သူမရဲ့ ပင်ကိုယ်စရိုက်ကို ငါ အသိဆုံးပါ..သူမက ဆုံးဖြတ်ချက်ချပြီးပြီသွားရင် ပြန်မပြင်တတ်ဘူး...ဒီတော့ မင်းတို့နှစ်ယောက်က ပြီးသွားပြီလို့ပြောရင်ရပြီ"
“အရင်တုန်းက ငါသူမကို မင်းနဲ့ လက်ထပ်ခွင့်မပေးခဲ့ဘူး...ဒါပေမယ့် သူမက မင်းကိုကြိုက်တယ်... ဘာပဲဖြစ်ဖြစ် သူမက ငါနဲ့ ဆရာတပည့်ဆက်ဆံရေးကို ဖြတ်တောက်လိုက်တာတောင် သူက မင်းနဲ့အတူရှိချင်သေးတယ်...ဒါပေမယ့် မင်းက သူမကို လှည့်တောင်မကြည့်ခဲ့ဘူး... အခုမှတော့ မင်းသိပ်နောက်ကျနေပြီ... မင်းတို့ရဲ့ဝေ့မိသားစုမှာ ကောင်မလေး ဘယ်လောက်တောင် နာကျည်းခဲ့ရမှန်း ငါမသိဘူး...အခုတော့ သူမက မင်းနဲ့အဆက်အသွယ် ဖြတ်မယ်ဆိုတော့ မင်း သူမကို ဒုက္ခပေးနေတာ ရပ်သင့်ပြီ"
ဝေ့ထင် သည် ထိုနေရာတွင် ရပ်လိုက်ပြီး ထိုလူသုံးယောက်ကို ကြည့်လိုက်သည်။ ခံစားချက်မျိုးစုံက သူ့ရင်ထဲမှာ တုန်ယင်နေသည်။ စုမုန့် သည် ကောရှန်း နှင့် နီးစပ်ကြောင်း သူနားလည်သော်လည်း သူမသည် ကျိုးဖုန်း နှင့် အဘယ်ကြောင့် ဤမျှလောက် နီးစပ်နေခြင်းကို မသိပေ။ထို့အပြင်၊ ကျိုးဖုန်း သည် ထိုအချိန်က သူမအား ပြန်ပေးဆွဲခဲ့သည်မှာ ထင်ရှားသော်လည်း သူ့ကို အပြစ်မတင်ခဲ့ပေ။
xxxxx