အပိုင်း၃၄
Viewers 6k

Chapter 34

(သူမကို နားလည်ခြင်း)


 သူနှင့် စုမုန့် တို့သည် ပြတ်ပြတ်သားသား မကွာရှင်းသေးသော်လည်း သူတို့သည် သူစိမ်းများထက်ပင် ပိုစိမ်းသက်လာခဲ့သည်။


ကောရှန်း ပြောထားပြီးသားဖြစ်၍ ဝေ့ထင် စုမုန့် ရှေ့မှာ ဆက်ရှိနေဖို့မတွေးတော့ပေ။သူမကို လေးလေးနက်နက် ကြည့်ပြီး စကားမပြောဘဲ လှည့်ထွက်သွားလိုက်၏။


ဝေ့ထင် ထွက်သွားပြီးမှသာ စုမုန့် သက်ပြင်းချကာ ကျိုးဖုန်း ထံသို့ လျှောက်သွားပြီး ပိုက်ဆံထပ်တောင်းရန် ဖုန်းထုတ်လိုက်သည်။


"မစ္စတာကျိုး ငွေလွှဲလိုက်ပါ..."


 "ဒီအချိန်မှာ မင်းဒီငွေနည်းနည်းလောက်လေးကို တွေးနေတုန်းပဲလား" 


ကျိုးဖုန်း က သူမကို လှောင်ပြောင်နေသလိုရှိသော်လည်း သူ့ဖုန်းကိုထုတ်ပြီး ကျန်ငွေတွေကို စုမုန့် သို့လွှဲပေး၏။


 “ကောင်းပြီ...ကျွန်မက ရှင့်ရဲ့ကျေးဇူးကို တန်ဖိုးထားတယ်... ကျွန်မလည်း ပိုက်ဆံရထားတယ် ဆိုတော့ တခြားဘာမှမရှိရင် အခုထွက်သွားလို့ရပြီ"  


ငွေလက်ခံရရှိပြီးနောက် စုမုန့် က သူ့ကို ထွက်သွားဖို့ အမိန့်ပေးခဲ့သည်။


 “ဥက္ကဌဝေ့က အရမ်း ဒေါသကြီးတာပဲ.. အရင်တုန်းက သူနဲ့ အတူရှိတုန်းက မင်းကို အများကြီး ဒုက္ခမပေးဘူးလား" 


ကျိုးဖုန်း ထွက်သွားဖို့ ရည်ရွယ်ချက် မရှိဘဲ စကားကြော‌ရှည်နေလေသည်။  


 “အရင်တုန်းက သူနဲ့ အတူရှိတုန်းက သူ တစ်ခါမှ ဒေါသထွက်တာ မမြင်ဖူးဘူး..."


သူမသည် တစ်ကြိမ်ပြန်လည်မွေးဖွားလာခဲ့သော်လည်း ဝေ့ထင်က လူကောင်းမဟုတ်သည့်တိုင် သူမ၏ အမြင်တွင် မြင့်မြတ်သော သခင်လေးတစ်ဦးဖြစ်ကြောင်းကို မငြင်းနိုင်ပေ။ သူက ပြေပြစ်ပြီး ဂုဏ်ရှိသည်။ဘယ်လိုကိစ္စပင်ရှိရှိ တည်ငြိမ်စွာပြုမူတတ်သည်။ယနေ့မှ သူ ဒေါသထွက်သည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။အကြာင်းက သူပိုင်သည့်အရာကို အခြားသူများက ပစ်မှတ်ထားခံရသည်ကို မြင်သောအခါတွင် သူ၏ဂုဏ်သိက္ခာကို ချိုးဖောက်သည်ဟု ခံစားမိသောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် သူမသည် ကွာရှင်းပြတ်စဲမှုကို စတင်ခဲ့သူဖြစ်သည်။


စုမုန့်သည် ဝေ့ထင် အကြောင်းကို သိပ်မပြောချင်သဖြင့် သူမ အကြောင်းအရာကို ပြောင်းလဲခဲ့သည်။  


"ရှင့်မှာ တခြားကိစ္စရှိသေးလား"


 "ဝေ့ထင် က မင်းကို ကွာရှင်းရမယ် ဆိုရင် သူရှုံးတာပဲ...ကိုယ်က‌ေတာ့ မင်းက လူကောင်းတစ်ယောက်လို့ ငါထင်တယ်...ဘယ်လိုလဲ…သူနဲ့ကွာရှင်းစာချုပ်လက်မှတ်ထိုးပြီးရင် မင်းကိုယ့်ကိုတွဲဖို့စဉ်းစားမှာလား"


ကျိုးဖုန်း က စုမုန့် ကို ပထမဆုံးအကြိမ် တွေ့စဉ်က သူမသည် ထိုသို့ အန္တရာယ်များသည့် ပတ်ဝန်းကျင်မှာ ဆင်ခြင်တုံတရားနှင့် တွေးခေါ်နိုင်ပြီး သူမ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နိုင်ခဲ့သည်။ ထို့အပြင်၊ သူမသည် သူ့အတွက် ကျိန်စာဖျက်သည့်နေ့တွင် လေးနက်ပြီး အာရုံစူးစိုက်မှုရှိသည်။ထိုအချိန်က… သွေးနှစ်စက်ကလည်း ရှိသေးသည်။


ဝေ့ထင် သည် ဤမျှ ထူးချွန်သော ဇနီးတစ်ဦးရှိထားသော်လည်း သူမကို မည်သို့ မြတ်နိုးရမည်ကို မသိခဲ့ပေ။ဤ သည်မှာ ဘုရားသခင်ပေးသည့် ဆုလာဘ်ကို ဖြုန်းတီးခြင်းပင်။ဝေ့ထင်က သူမကို မချစ်တော့သည့်အတွက် ဤအခွင့်အရေးကို ရယူဖို့ သူ ကြိုးစားရမည်ဖြစ်သည်။


စုမုန့် ပြုံးလိုက်သည်။


 "မစ္စတာကျိုး…ကျွန်မတို့ ဘယ်လိုတွေ့ခဲ့တယ်ဆိုတာ မမေ့နဲ့…ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့ တွဲဖို့ ဖြစ်နိုင်တယ်လို့ ထင်သလား... နောက်ပြီး ကျွန်မ ရှင့်ကို စိတ်မဝင်စားဘူး"


 "ကိုယ်တို့ပထမဆုံးတွေ့တာတော့ သိပ်ပျော်စရာမဟုတ်ပေမယ့် နောက်ဆို မင်းအတွက် ကိုယ်က ဘာမဆို လုပ်ပေးနိုင်တယ်...မင်း ကိုယ်ကို့ ချစ်ကြည့်မယ်ဆိုရင် ကိုယ့်အကြောင်းကို သိလာမှာပါ…  ဘာပဲဖြစ်ဖြစ် ဝေ့ထင်နဲ့ ကွာရှင်းပြီးပြီမို့ ကိုယ်နဲ့တွဲလည်း သိပ်စိတ်ပူနေစရာ မလိုဘူး မဟုတ်လား"


ကျိုးဖုန်း သည် စုမုန့် ဘက်သို့ လျှောက်သွားသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခဲ့ကြသော်လည်း စုမုန့် ကတော့ အလေးအနက်မထားခဲ့ပေ။ 


သို့သော် ရှေးဟောင်းပစ္စည်းဆိုင်နှင့် မနီးမဝေးတွင် ကားရပ်ထားသော ဝေ့ထင်သည် ဆိုင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ကျိုးဖုန်း နှင့် စုမုန့် အတူတူ ရယ်မောစကားပြောနေသည်ကို သူမြင်သောအခါ စတီယာရင်ကို ကိုင်ထားသည့် သူ့လက်မှာ တင်းကျပ်လာသည်။


 "သူမက တခြားတစ်ယောက်ကို ကြိုက်နေလို့ ငါ့ကို ကွာရှင်းချင်နေတာ ဖြစ်နိုင်လား…အဲ့ဒီလူက ကျိုးဖုန်း လား…"


သူစဉ်းစားကြည့်ပြီး ထိုအယူအဆကို ငြင်းဆိုလိုက်သည်။ 


"သူတို့ နှစ်ယောက်ကြားမှာ တစ်ကယ်ပဲ အချစ်ရှိနေခဲ့ရင် ကျိုးဖုန်း က စုမုန့် ကို ဘာကြောင့် ပြန်ပေးဆွဲပြီး ဒီလောက်ထိ လုပ်ရတာလဲ..."


စုမုန့် ကို သူ ထပ်တွေ့ချင်မိသည် ။


ယခုအချိန်က ညစာစားချိန်ရောက်ပြီဖြစ်၍ ဟုန်စစ် က အစားအသောက်တွေ ယူလာသည်။ ကျိုးဖုန်း သည်လည်း ညစာဝယ်စားလိုက်ကာ အပြန်ကျ ရှေးဟောင်းပစ္စည်း နှစ်ခုဝယ်သည်။


စုမုန့် ကတော့ ဂရုမစိုက်ပေ။ကျိုးဖုန်းသည် ပိုက်ဆံသုံးရန် ဆန္ဒရှိနေသူဖြစ်သည်။ သူမအတွက်ကတော့ ဟင်းတစ်ခွက်သာ ကျွေးမွေးခဲ့ရသဖြင့် စိတ်ထဲ အထွေအထူးမတွေးမိပေ။


သူတို့လေးယောက် အတူတူ စားသောက်ရင်း စကားစမြည် ရယ်မောကြသည်။ ဤမြင်ကွင်းက အတော်ပင်နွေးထွေးလှ၏။ သို့သော် ဆိုင်ခန်းအပြင်ဘက်ရှိလူမှာ ဒေါသူပုန်ထနေရလေသည်။


ဝေ့ထင် သည် စုမုန့် ကို စိုက်ကြည့်နေသည်။


ယခုအချိန်တွင် စုမုန့် သည် သူနှင့်တိုက်ရိုက် ထိပ်တိုက်တွေ့နေသည့်အချိန်ကလို ရက်စက်ကြမ်းကြုတ်မှုမျိုးမရှိတော့ပေ။ သူမသည် ထိုစဥ်ကလို အေးစက်စက် ခံစားချက်မျိုး မရှိတော့ပေ။ ယခု သူမသည် အလွန်ညင်သာစွာ စကားစမြည်ပြောနေကာ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုရှိသည်။


ဝေ့ထင် သည် ဤမျှငြိမ်းချမ်း အေးဆေးသော စုမုန့်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။သူသည် သူမနှင့် အတူရှိနေသည်မှာကြာပြီဖြစ်သော်လည်း သူမကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့‌ေပ။ သူသည် စုမုန့်၏ သူ့အပေါ်ထားသော စေတနာနှင့်အချစ်တို့ကို တန်ဖိုးမသိဘဲယူနေခဲ့သူပင်။ 


"စုမုန့် အစစ်အမှန်ကို သူ တစ်ခါမှ မမြင်ဖူးဘူးမလား..."


(ဒီလူက အရမ်းအန္တရာယ်များတယ်...)


"ဝေ့ထင်က မင်းကို တကယ်ဂရုစိုက်နေပုံရတယ်"  


ကျိုးဖုန်း က အပြင်ကိုကြည့်ရင်း ရုတ်တရက်ပြောလိုက်သည်။


 "ဘာ"  


စုမုန့် အံ့သြသွားကာ ကျိုးဖုန်း ကြည့်ရာဘက်ကို လိုက်ကြည့်သော်လည်း တံခါးအပြင်ဘက်တွင် မည်သူမျှမရှိ။သူမ တစ်ခါ ကျိုးဖုန်းကိုကြည့်လိုက်ပြန်သည်။သူက ဘာမှမဖြစ်သလို ဆက်စားနေသဖြင့် သူမ ခေါင်းကို အသာအယာခါယမ်းလိုက်မိ၏။


"ကျိုးဖုန်း စိတ်များမှန်ရဲ့လား မသိဘူး...)


 "မစ္စတာကျိုး... ရှင်က ကျွန်မကိုကျေးဇူးတင်ဖို့ တစ်ကယ်ရောက်လာတာလား"  


ကောရှန်း ထံမှ ထမင်းပန်းကန်ကိုယူပြီး သူမ ကျိုးဖုန်းကိုကြည့်ရင်း မေးသည်။


 “မင်းက တစ်ကယ်ကို ဉာဏ်ကောင်းတာပဲ..သိနေပါလား"


 “ ဖုန်းရွှေပညာရှင် ပြိုင်ပွဲက မကြာခင် စတင်တော့မှာ...ကိုယ်က မင်း ပါချင်လားလို့ လာမေးတာပါ...ပြီးတော့ ဝင်ခွင့်လိုအပ်ချက်တွေက အရမ်းတင်းကျပ်တယ်...သာမန်ဖုန်းရွှေပညာရှင် တွေဆိုရင် ပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူး"  


ကျိုးဖုန်း သည် ဝက်သားပြုတ်တစ်ပိုင်းကို သပ်ရပ်စွာကောက်ကိုင်လိုက်ကာ သူ့ပါးစပ်ထဲကို ထည့်လိုက်သည်။


စုမုန့်: “…”


"ကျွန်မ ကိုယ်တိုင်ပဲ စာရင်းသွင်းဖို့ နည်းလမ်းကို စဉ်းစားချင်တယ်"  


သူမမှာ ဖိတ်စာတစ်စောင် ရှိသည်ဟု မပြောချင်ပေ။အကြောင်းမှာ ကျိုးဖုန်း ကို သူမ မယုံပေ။ထို့အပြင်၊ သူမသည် ကျိုးဖုန်း နှင့် သိပ်မနီးကပ်ချင်ပေ။ သူက ထူးဆန်းပြီးလန့်စရာကောင်းသည့် ခံစားချက်ကို အမြဲပေးတတ်သည်။


 "အဲဒါကောင်းပါတယ်...ဒါပေမယ့် မင်း ကိုယ့်အတွက် လျှို့ဝှက်ထားစေချင်တာ တစ်ခုရှိတယ်…ကိုယ့်ကျန်းမာရေးကောင်းလာတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့" 


ကျိုးဖုန်း နှင့် စုမုန့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ကျိုးဖုန်း မျက်နှာပေါ်မှ ရယ်မြူးရိပ်တို့ပျောက်ဆုံးသွားပြီး သူ့မျက်နှာပေါ်တွင် လေးနက်သော အကြည့်တစ်ခု ရှိနေသည်။သူက အကြောင်းပြချက်ကို အသေးစိတ်မရှင်းပြသော်လည်း စုမုန့် သူဘာကိုဆိုလိုမှန်း ချက်ချင်းနားလည်သည်။


 ချမ်းသာသည့် မိသားစုမှာ လူဖြစ်ရသည်က မလွယ်ကူပေ။သူမကိုယ်သူမ ပြန်တွေးကြည့်ပါက၊ထိုစဉ်က သူမ အိမ်ထောင်ကျခဲ့သော်လည်း အသေဆိုးမျိုးနှင့် ယခင်က သေခဲ့ရသည်။ချမ်းသာသည့်မိသားစုမှာ မွေးဖွားလာခဲ့သူ ကျိုးဖုန်းလိုလူက ငယ်ငယ်လေးကတည်းက သူ မရှင်သန်နိုင်အောင် ကျိန်စာတိုက်ခံရသည်။  အနည်းဆုံးတော့ သူတို့က သူ့ကို ကောင်းကောင်းမနေစေချင်ပေ။


ထို့ကြောင့်လည်း၊ ကျိုးဖုန်း ကိုယ်တိုင်ကိုယ်ကျရောက်လာသည်မှာ အံ့သြစရာမရှိပေ။ ဤသည်မှာ ရှင်းလင်းသော သတိပေးချက်တစ်ခု သူမအား ပြောခြင်းဖြစ်သည်။


 “စိတ်မပူပါနဲ့...ကျွန်မတို့ ဧည့်သည်တွေရဲ့ privacy ကိုကာကွယ်ရမယ့် တာဝန်ရှိတယ်...ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါဘူး” 


သူမ သူ့ကို လေးနက်စွာ ကတိပေးလိုက်သည်။


 ....


ထိုအခါ ကျိုးဖုန်း၏မျက်နှာသည် ပြန်ပြုံးလာပြန်သည်။ နောက်ဆုံး ထမင်းတစ်လုတ်ကို စားပြီးနောက် သူက ပန်းကန်လုံးနှင့် တူများကို ချလိုက်သည်။ 


 “ဒီထမင်းက တကယ်ကောင်းတယ်ဗျာ...ကျွန်တော်  နောက်တစ်ကြိမ် ထပ်စားဖို့ အခွင့်ရေးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်…အဘိုးကော နောက် ကျွန်တော် ခဏခဏလာမယ်ဆိုရင် အဆင်ပြေရဲ့လား…အဘိုးရဲ့ လက်ဖက်ရည်ကတော့ ဘယ်အဖျော်ဆရာမှ မယှဉ်နိုင်ဘူး"


 "အပေးအယူကပြီးသွားပြီလေ...ရှင်က  လာချင်သေးလား" 


 စုမုန့် သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။


 “အင်း...မင်းက မုန့်အာရဲ့ သူငယ်ချင်းဖြစ်သရွေ့ မင်းကို အချိန်မရွေး ကြိုဆိုပါတယ်...မင်း ကြိုက်တဲ့အချိန်တိုင်း လာနိုင်တယ်"  


ကောရှန်း သည် ကျိုးဖုန်း မျက်နှာထားပြောင်းလဲသွားတာကို လျစ်လျူရှုပြီး ပြန်ပြောခဲ့သည်။


“ဒါဆို ကျွန်တော် အားမနာတော့ဘူးနော်"


ကျိုးဖုန်းကလည်း စောစောတုန်းက သူ့မျက်နှာထားပြောင်းသူက သူမဟုတ်သလိုမျိုး တလေးတစားနှင့် ပြန်ဖြေ၏။သူသည် အမှန်ပင် ဒေါသကြီးသူဖြစ်သည်။ အချိန်တိုလေးအတွင်းမှာ သူ့မျက်နှာထားက အကြိမ်အနည်းငယ် ပြောင်းလဲခဲ့သည်။ သူ့မျက်နှာက နီရဲနေပြီး နှလုံးက မခုန်သလိုမျိုး အေးစက်လျက်။အတော်အန္တရာယ်များသူပင်။


ဘယ်သူမှ စကားမပြောတော့၍  လေထုက အနည်းငယ် အဆင်မပြေဖြစ်လာသည်။ ဟုန်စစ် နှင့် ကောရှန်း တို့က ကျိုးဖုန်း ကို မရှိသလိုမျိုး သဘောထားကာ ပုံမှန်အတိုင်း စားသောက်နေကြသည်။ စုမုန့် လည်း ခေါင်းငုံ့ပြီး တိတ်တိတ်လေး စားနေပြီး စိတ်ထဲတွင် ကျိုးဖုန်းနှင့် ဝေးဝေးနေရန် တွေးနေမိသည်။သူ့လိုလူနှင့် တစ်စက်မှ မရင်းနှီးချင်ပေ။


ကံကောင်းစွာပင်၊ နောက်ရက်အနည်းငယ်တွင် ဝေ့ထင် နှင့် ကျိုးဖုန်း တို့ ပြန်မပေါ်လာတော့၍ စုမုန့်  ရက်အနည်းငယ်ကြာ အားလပ်ခဲ့သည်။ ဤရက်အနည်းငယ်အတွင်း သူမသည် ကောရှန်း ထံမှ ဖုန်းရွှေပညာကို လေ့လာရင်း ငွေရှာရန် အလုပ်အော်ဒါများ လက်ခံခဲ့သည်။သူမသည် အခြေခံအချက်များကို တတ်မြောက်လုနီးပါးဖြစ်လာသော်လည်း ကောရှန်း ကြုံခဲ့ရသော ထူးဆန်းသောအရာများစွာကိုပင် လက်မလွှတ်ခဲ့ပေ။ ဆရာ၏ အသိပညာအားလုံးကို အတင်း ညှစ်ထုတ်ကာ ယူရန် သူမ ဆုံးဖြတ်ခဲ့သည်။


သို့ဖြင့်၊ စုမုန့်သည် ဖုန်းရွှေပညာရှင် ပြိုင်ပွဲမစမီ တစ်ရက်အလိုတွင် ရင်းနှီးသောလူတစ်ဦးထံမှ ဖုန်းလက်ခံရရှိခဲ့သည်။  ဖုန်းခေါ်ဆိုသူမှာ ရှန့်ချိုး ဖြစ်သည်။


 "ဆရာမက တကယ်ပဲ ကျွန်တော့်ရဲ့ ကယ်တင်ရှင်ပဲ"


 ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် သူမ ဘာမှပြန်မပြောမီ ရှန့်ချိုး၏ ကျယ်လောင်သောအသံသည် တစ်ဖက်မှ ထွက်ပေါ်လာသည်။


 “ဒီလောက် ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ဘူး..ရှင့်ကိစ္စက ဘာမှမဟုတ်ဘူး... တခြားတစ်ယောက်ဆိုလည်း  ဖြေရှင်းလို့ရတယ်”  


စုမုန့်က သူမ၏ အနီရောင် နှုတ်ခမ်းများကို အနည်းငယ်ဖွင့်ဟ,ကာ နှိမ့်ချစွာ ပြောလိုက်သည်။


 "မဟုတ်ဘူး…မဟုတ်ဘူး... ဆရာမက အရမ်းတော်တယ်...ဒီတခေါက် အကျိုးပြုခံရတဲ့သူက ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူး...ဆရာမကြောင့်၊ အဲဒီမြေကွက်ဟာ အခု ဖုန်းရွှေ ရတနာနယ်မြေဖြစ်နေပါပြီ... ရင်းနှီးမြုပ်နှံသူတွေ ငှားရမ်းထားတဲ့ တခြား ဖုန်းရွှေပညာရှင် တွေကလည်း အတူတူပဲ ပြောကြတယ်...အဲဒီနောက် လူနေတဲ့ နေရာလုပ်လို့ မပြီးခင်မှာ တခြားအစီအစဥ်တွေကို အကောင်အထည်ဖော်ခဲ့တယ်”


 “မြေရဲ့အပူကြောင့် အိမ်တစ်ဝက်ကျော်လောက် ရောင်းပြီးသွားပြီ...ဆရာမက တစ်ကယ် နတ်ဘုရားမပဲ”


ရှန့်ချိုး စိတ်လှုပ်ရှားလွန်း၍ သူ့အသံက တုန်နေ၏။




xxxxxxx