Chapter 35
(ကျေးဇူးသိတတ်မှု)
သူသည် ရင်းနှီးမြုပ်နှံမှုများစွာရရှိခဲ့ပြီး အိမ်များစွာကိုလည်း ရောင်းချနိုင်ခဲ့သည်။ယခုဆို အိမ်မက်ထဲက လန့်နိုးလာလျှင်တောင် ပြုံးနေမိအောင်ပင် ဝင်ငွေအများကြီး ရခဲ့သည်။လက်ရှိတိုးတက်မှုများကြောင့် နောက်ထပ် ရင်းနှီးမြုပ်နှံရန် အချိန်အတော်ကြာမည်မဟုတ်ပေ။
"အရေးကြီးဆုံးက ဘာလဲ သိလား...ဆရာမက ကျွန်တော့်မိန်းမရဲ့အသက်ကို သွယ်ဝိုက်ပြီး ကယ်ခဲ့တာပဲ"
"ကျွန်တော့်ရဲ့ အလုပ်အကိုင်တွေက အဆင်မပြေတဲ့အတွက် မိန်းမက စိတ်ဆိုးပြီး သူ့ရွာကို ပြန်သွားခဲ့တယ်... မကြာသေးခင်က ကျွန်တော် လုပ်ငန်းတွေ အဆင်ပြေလာတော့ သူမကို ချော့လိုက်တော့မှ သူမ ပြန်လာခဲ့တာ...ပြီးေတာ့ ဘာဖြစ်သွားလဲ သိလား"
ရှန့်ချိုး၏ လေသံမှာ စိတ်သက်သာရာ ရသွားပုံရသည်။
စုမုန့် တစ်စုံတစ်ခုကို ယောင်ဝါးဝါးခံစားမိသော်လည်း သူမ မပြောခဲ့ပေ။
"ဘာဖြစ်တာလဲဟင်"
ဖုန်းတစ်ဖက်တွင် ဘုန်းဆိုသည့် အသံတစ်ခုထွက်ပေါ်လာသည်။ ရှန့်ချိုး စိတ်လှုပ်ရှားလွန်း၍ တစ်ခုခုကို ရိုက်ချိုးခဲ့ခြင်းဖြစ်မည်။ထို့နောက် သူက ခြောက်ကပ်စွာ ရယ်မောပြီး
"ကျွန်တော့်မိန်းမက မနက်က အိမ်ကနေ အပြင်ကို ထွက်သွားတာ… နေ့လည်ပိုင်းကျ အိမ်က အလိုလိုပြိုကျသွားတယ်...သူမသာ အိမ်မှာနေလိုက်ရင် သွားပြီ"
စုမုန့် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
"တစ်ကယ်တော့ ဒါက ရှင် ကောင်းတာလုပ်လို့လည်း ပါတယ်..ရှင့်အလုပ်မှာ လိမ်လည်လှည့်ဖြားတာတွေ မလုပ်ဘဲ ရိုးသားလို့ပါ..ဒါပေမယ့် နောက်ဆိုလည်း တတ်နိုင်သလောက် ကောင်းတာတွေ လုပ်ရမယ်...ဒါဆို ကံလည်း ပိုကောင်းလာလိမ့်မယ်”
သူမက ပျော်နေရှာသည့် ရှန့်ချိုးအား ထပ်သတိပေးသည်။
"ဟုတ်ပါတယ်... ဆရာမ၊ စိတ်မပူပါနဲ့...ကျွန်တော့် အမေကလည်း ငယ်ငယ်ကတည်းက ရိုးသားဖို့ သင်ပေးတယ်..., စီးပွားရေးလောကထဲက လူတွေကိုလည်း ကျွန်တော် မဟုတ်တာမလုပ်ဘူး… ဒါတင်မကသေးပါဘူး၊ ပရဟိတအတွက် ရန်ပုံငွေလည်း ထည့်ဝင်ပါ့မယ်"
ရှန့်ချိုး၏ ကျယ်လောင်သောအသံက ရန်ဖြစ်နေသလိုမျိုးဖြစ်နေသော်လည်း စိတ်ကောင်းထား၍ ပြောနေခြင်းသာ။
“ကောင်းပြီ ဆရာမ၊ မနက်ဖြန် ဖုန်းရွှေပညာရှင်ပြိုင်ပွဲကို သွားမှာလား…ဆရာမသာ မပါရင် နှမြောစရာကောင်းတယ်...မှတ်ပုံတင်ကတ်မရှိရင်လည်း ကျွန်တော် ပေးလို့ရတယ်"
ရှန့်ချိုး က သူ့ကိစ္စပြီးသွားပြီးနောက် ပြိုင်ပွဲအကြောင်းကို စပြောလာသည်။
“ရတယ် ကျွန်မမှာ မှတ်ပုံတင်ကတ်ရှိတယ်"
"အဲဒါကောင်းတယ်...မနက်ဖြန် ကျွန်တော်လည်းရှိမယ်...လိုအပ်တာရှိရင် ပြောလို့ရပါတယ်...ကျွန်တော်ဖုန်းဆက်လိုက်မယ်"
ရှန့်ချိုး သည် စုမုန့် ကို အလွန်ကျေးဇူးတင်နေကာ သူမကို နောက်ထပ် ဆက်သွယ်ဖို့ မျှော်လင့်နေဆဲပင်။ထို့ကြောင့် သူမ အကူအညီလိုအပ်ပါက သူ့ကို လာတောင်းစေချင်သည်။
"ကျွန်မက ကြိုပြီး ကျေးဇူးတင်ပါတယ်"
"ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုဘူး...ကဲ မနက်ဖြန်မှတွေ့မယ်"
“ဟုတ်ပါပြီ၊ နှုတ်ဆက်ပါတယ်”
စုမုန့် ဖုန်းကိုချနေစဉ်မှာပင် ရုတ်တရက် မေးခွန်းတစ်ခုကို တွေးလိုက်မိသည်။ ဤသည်မှာ ဖုန်းရွှေပညာရှင် ပြိုင်ပွဲဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ပွဲစဉ်များအား အဆင့်ဆင့်ယှဉ်ပြိုင်ကာ ဖိုင်နယ်မှာသာ ချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်တွေက လူကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်သည်။ ရှန့်ချိုးသည် အလွန်မချမ်းသာသော စီးပွားရေးသမားဟု ယူဆနိုင်သည်။
"မနက်ဖြန် သူက ဘာလို့ သွားမှာလဲ…"
သို့သော် သူမ စိတ်ထဲတွင် မေးခွန်းများရှိနေသော်လည်း ထပ်မေးဖို့ ဖုန်းဆက်ချင်စိတ်မရှိချေ။မနက်ဖြန် သူနှင့် ဆုံသည့်အခါမှ သူ့ကို ထပ်မေးနိုင်၏။
နောက်နေ့မနက်စောစောတွင် စုမုန့် သည် ကြိုတင်ပြင်ဆင်ထားသော ကျောပိုးအိတ်ကို ယူလာပြီး လျှပ်စစ်စက်ဘီးစီး၍ ပြိုင်ပွဲကျင်းပရာနေရာကို သွားလိုက်၏။ပြိုင်ပွဲကျင်းပမည့်နေရာသည် မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုအတွင်းရှိ အဆောက်အဦးငယ်တစ်ခုတွင် ကျင်းပသည်။ သိပ်မဝေးတာကြောင့် နာရီဝက်ကျော်ကျော်လောက် နင်းလိုက်ရသည်။
စုမုန့် ရောက်သွားသောအခါ လူတော်တော်များနေပြီဖြစ်သည်။ အပြင်မှာ ဇိမ်ခံကားတချို့ ရပ်ထားကြသည်။ တက်ရောက်လာသူအားလုံးသည် အလွန် အထက်တန်းဆန်စွာ ၀တ်စားဆင်ယင်ထားကြပြီး လုံခြုံရေးအစောင့် တစ်ဒါဇင်ကျော်က စည်းကမ်းထိန်းသိမ်းထားသည်။ဤနေရာလို ကြီးကျယ်ခမ်းနားသည့် နေရာမှာ လျှပ်စစ်စက်ဘီးစီးသူတစ်ယောက် ရှိလာလိမ့်မည်ဟု ဘယ်သူမှ ထင်မိမှာမဟုတ်ေပ။ သူမသည် သာမန်ပေါ့ပေါ့ပါးပါး ၀တ်စုံကိုသာ ၀တ်ဆင်ထားသဖြင့် အားလုံး၏ မျက်လုံးတွေက သူမဆီမှာသာ ရှိနေကြလေ၏။ထိုမျက်လုံးများထဲတွင် စူးစမ်းလိုမှု၊ အထင်အမြင်သေးမှုတို့သာ ရှိခဲ့သည်။
သို့သော် စုမုန့် လုံးဝ ဂရုမစိုက်။ သူမသည် မကောင်းတာတစ်ခုမှ မလုပ်ခဲ့သဖြင့် ရှက်ရွံ့စရာ ဘာမျှမရှိဟုသာ ယူဆထားသည်။
ခြံထဲကို ဝင်ချင်လျှင် ဖိတ်စာကတ် သို့မဟုတ် မှတ်ပုံတင်ကတ်တစ်ခု ရှိရပေမည်။ အပြင်မှာ တန်းစီနေသူများမှာ ပြိုင်ပွဲမှာ ပါဝင်ဖို့ လာရောက်ကြသည့် ဖုန်းရွှေပညာရှင် များပင်။သူတို့အားလုံ အထဲကိုမဝင်ခင် စာရင်းသွင်းရန်ဖြစ်သည်။ စုမုန့် အတော်လေး နောက်ကျနေပြီဖြစ်၍ စာရင်းသွင်းဖို့ သူမရှေ့မှာ လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် တန်းစီနေကြသည်။ သူမလည်း လျှပ်စစ်စက်ဘီးကို သွားရပ်ထားပြီးနောက် တန်းစီလိုက်သည်။တန်းစီနေသောလူများ အားလုံးမှာ
အမျိုးသားများဖြစ်ကြပြီး သူမတစ်ယောက်တည်း အမျိုးသမီးဖြစ်သောကြောင့် သူမကို အားလုံးက စိတ်ဝင်စားနေကြသည်။
"ဟေ့ ကောင်မလေး မင်း နေရာမှားနေတာလား…ဒါက ဖုန်းရွှေပညာရှင် ပြိုင်ပွဲအတွက် စာရင်းသွင်းရမယ့်နေရာ… ဒီမှာ တန်းစီနေတဲ့လူတွေ အားလုံးက ဖုန်းရွှေပညာရှင် တွေပဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူမ နောက်မှာ တန်းစီရင်း မေးလိုက်သည်။ ရှေ့ကလူတွေကလည်း အသံကြား၍ နောက်ကိုလှည့်ကြည့်လိုက်ကြ၏။
"ကျွန်မလည်း ပြိုင်ပွဲမှာ ပါဝင်ဖို့ပါ"
စုမုန့် ၏ လေသံမှာ ဘာမှအထူးဆန်းသလို ပုံမှန်ဖြစ်သည်။
"မင်းက ပြိုင်ပွဲမှာ ပါဝင်မှာလား...မင်းက အမျိုးသမီးဖုန်းရွှေပညာရှင်လား"
ထိုလူက အနည်းငယ် အံ့သြသွားသည်။
စုမုန့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့"
"ဒါဆို မင်းက ဘယ်ဂိုဏ်းကလဲ…မင်းဘယ်သူဆီကလေ့လာခဲ့တာလဲ"
ဖုန်းရွှေပညာရှင်များသည် လူဦးရေနည်းသော်လည်း တစ်ချို့ဆရာများသည် တသီးတသန့်နေလိုကာ၊ကိန်းကြီးခန်းကြီးနိုင်လှ၍ တခြားပညာရှင်များနှင့် အဆက်အသွယ်မလုပ်တတ်ကြပေ။
( VIP တစ်ဦးဖြစ်သည်...)
ထိုသူသည် စိတ်ထဲကနေ၍ အမျိုးသမီး ဖုန်းရွှေပညာရှင်ကို မထီမဲ့မြင်ပြုရဲ သော်လည်း အပြင်ပန်းကတော့ ထုတ်မပြောရဲပေ။ထို့ကြောင့် သူမ၏ နောက်ကြောင်းကို အရင်မေးခြင်းပင်။
“ကျွန်မက သာမာန်လူတစ်ယောက်ပါ....ဆရာကလည်း သိပ်နာမည်မကြီးသလို ဂိုဏ်းလည်းမရှိပါဘူး”
စုမုန့် မသိချင်ယောင်ဆောင်ပြီး ပြန်ဖြေသည်။သူမ စကားကိုကြားသောအခါ ထိုလူသည် ချက်ချင်းပင် မာနကြီးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းက ဂိုဏ်းမရှိဘဲနဲ့ ပြိုင်ပွဲမှာ လာပြိုင်ရဲသလား...မှတ်ပုံတင်ကတ်ရှိလား..မှတ်ပုံတင်ကတ်မရှိရင် ဝင်လို့မရဘူးဆိုတာကိုရော မင်းသိရဲ့လား…ဒီလိုပြိုင်ပွဲမှာ ဂိုဏ်းမရှိတဲ့ ဖုန်းရွှေပညာရှင်တွေ တစ်ယောက်မှ လာမပြိုင်ကြဘူး"
ယခုတစ်ကြိမ်တွင် ထိုလူ၏စကားကြောင့် တန်းစီနေသော အခြားလူများကလည်း သူမကို အလိုမကျဟန် ဖြစ်လာသည်။
" အမျိုးသမီး ဖုန်းရွှေပညာရှင်တစ်ယောက်က ဘယ်လိုနည်းနဲ့မှ ထက်မြက်လာမှာမဟုတ်ဘူး…မင်းမှာ မှတ်ပုံတင်ကတ် ရှိရင်တော့ ပြိုင်ပွဲကျရင် အဆင့်ဝင်မှာမဟုတ်ဘူး…ပြိုင်ပွဲမစခင် ထွက်သွားတာက ပိုကောင်းပါတယ်… ဒီလိုမှမဟုတ်ရင် လူတွေအများကြီးကြည့်တဲ့အခါကျတော့ မင်းအတွက် ရှက်စရာဖြစ်လိမ့်မယ်”
“ဟုတ်တယ်၊ မိန်းကလေးတစ်ယောက် ဘယ်လိုလုပ် ဖုန်းရွှေပညာရှင် ဖြစ်လာနိုင်မလဲ...လာနောက်နေတာလား"
အားလုံးက သူမကို ဝိုင်းဝန်းပြောနေကြသည်။ သို့သော် စုမုန့် လုံးဝစိတ်မ၀င်စားဘဲ လူအုပ်ကြီးကို အေးစက်စွာ ကြည့်လိုက်သည်။ယခုမေးခွန်းအတွက် သူမ ငြင်းခုံနေ၍လည်း အသုံးမဝင်ပေ။ပြိုင်ပွဲမှာ သူမအစွမ်းကို ကောင်းကောင်းပြပေးလိုက်လျှင် ရပေသည်။
ဖုန်းရွှေပညာရှင်များသည် အများလေးစားကြရသူများပင်။အနည်းဆုံး စီးပွားရေးလုပ်နေသူတိုင်းက သဘောကျနှစ်သက်ကြ၏။ အဆင့်အနိမ့်ဆုံး ဖုန်းရွှေပညာရှင်ကိုတောင် အထင်သေးစွာ မဆက်ဆံကြချေ။ အဆင့်အတန်းမြင့်လေ၊ မျက်နှာသာပိုပေးခံရလေပင်။သူတို့အားလုံးသည် အပြင်ပန်းက ဖော်ရွေပုံပေါက်နေသော်လည်း တစ်ကယ်တမ်းမှာ တစ်ယောက်ကိုတစ်ယောက် ချောက်ချလိုသူများသာ။ဤနည်းအားဖြင့် ပြိုင်ဆိုင်မှု နည်းပါးပြီး သူတို့အတွက် အလွန်အကျိုးရှိမည်ဖြစ်သည်။
မှတ်ပုံတင်ရသည်က မြန်ဆန်သဖြင့် ခဏကြာလျှင် စုမုန့် အလှည့်ရောက်လာသည်။
"ကျေးဇူးပြုပြီး မှတ်ပုံတင်ကတ်ပြပါ"
မှတ်ပုံတင်ကတ် တောင်းခံသူ မိန်းမက အေးစက်စက်ဖြင့်ပြောလေသည်။
“ကောင်းပါပြီ”
စုမုန့် ဆရာပေးထားသည့် ရွှေရောင်ဖိတ်စာကတ်ကို အိတ်ထဲမှ ထုတ်လိုက်သည်။သူမ ဖိတ်စာကတ်ကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်လူများက တိတ်ဆိတ်သွားကြသည်။အားလုံးက သူမကို စိုက်ကြည့်နေကြသည်။မှတ်ပုံတင်ကတ်တောင်းသည့် မိန်းမကတောင် အံ့ဩနေလေသည်။သို့သော် သူမ ခဏတွေဝေပြီးနောက် ချက်ချင်းပြုံးပြကာ ဦးညွှတ်လိုက်၏။
“ထူးထူးခြားခြား ဧည့်သည်ဆိုတော့ မိန်းကလေးက ဖိတ်စာကတ်အတွက် တန်းစီဖို့ မလိုအပ်ပါဘူး...ဒီက လူတစ်ယောက်က မိန်းကလေးကို လာခေါ်ပါလိမ့်မယ်"
ထိုအမျိုးသမီးက စကားပြောပြီးသောအခါ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ချက်ချင်းပင် လူတစ်ယောက် ရောက်လာပြီး စုမုန့်ကို သူနှင့်လိုက်ဖို့ ဖိတ်ခေါ်လိုက်သည်။ထိုအခါ တန်းစီနေသူများ အားလုံး အံ့သြသွားကြသည်။
“သူမက ပြိုင်ပွဲမှာ ပါဝင်ဖို့ တစ်ကယ်အရည်အချင်းရှိတာပဲ...ငါသတိမထားမိဘူး"
“ဖိတ်စာကတ်ရထားတယ်ဆိုတော့ အဆက်အသွယ်လည်းကောင်းကောင်းရှိပုံရတယ်…ဖုန်းရွှေပညာရှင်ဆိုတာက သူမ အပျော်လုပ်နေတာထင်တယ်… ဒါပေမယ့် ထူးဆန်းလိုက်တာ... သူမက ဘာလို့ ဖုန်းရွှေကို ကြိုက်တာလဲ"
"သူမကို ရင်းနှီးနေတယ်လို့မထင်ဘူးလား...အရင်က သူမကို တစ်နေရာရာမှာ မြင်ဖူးပေမယ့် မမှတ်မိဘူး”
စုမုန့်ကို ရှိန်သွားတာကြောင့် နောက်မှလူများက အသံတိုးတိုးဖြင့် ပြောဆိုကြသည်။ယခုတစ်ခါတော့ စုမုန့် မကြားလိုက်ပေ။ ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် သူမကို ဟိုတယ်ရှိ အခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
“မစ္စစု... ဒီနေရာမှာ မင်းအနားယူလို့ရတယ်…တစ်ခုခု လိုအပ်ရင် မေးနိုင်ပါတယ်"
ပြောပြီးသည်နှင့် ထိုသူသည် ရွှေရောင်ကတ်ပြားကိုပေးကာ ထွက်သွားခဲ့သည်။ပြိုင်ပွဲက နောက်နေ့မှစမည်ဖြစ်၍ သူမ ပြိုင်ပွဲ၏ အကြောင်းအရာကို မသိသေးေပ။မည်သို့ပင်ဆိုစေ၊ သူမသည် အခြေခံများကို ကျွမ်းကျင်လုနီးပါးပင်။ထို့ကြောင့် အချိန်ကုန်လွန်စေရန် အပြင်ထွက်လည်နိုင်သည်။
"စုမုန့်…နင်က ဘာလို့ဒီကိုရောက်နေတာလဲ"
စုမုန့် ဟိုတယ်အခန်းထဲမှ အခန်းပြင်သို့ထွက်သွားသည်နှင့် အနောက်မှ တစ်ယောက်ယောက် ခေါ်သံကြားလိုက်ရသည်။သူမ လှည့်ကြည့်လိုက်လျှင် မိန်းကလေးတစ်ယောက်က သူမအား ဒေါသတကြီးကြည့်နေသည်ကို တွေ့လိုက်ရ၏။
"နင်က..." သူမ ထိုကောင်မလေးကို သေသေချာချာကြည့်ပြီးမှ ကျိုးကျာမှန်း ရိပ်မိသွားရ၏။
ကျိုးကျာသည် သူမ၏အမည်ရင်းဖြင့် အွန်လိုင်းတွင် ဖြစ်ပျက်ခဲ့သမျှတို့အား တောင်းပန်ခဲ့သဖြင့် သူမသည် အွန်လိုင်း အကြမ်းဖက်မှုကို ခံစားနေရပြီး တစ်နေ့တာလုံး စိတ်ဓာတ်ကျနေခဲ့သည်ဟု ကျိုးဖုန်းက ပြောဖူးလေသည်။
" ဒါပေမယ့် သူမက ဘာလို့ ဒီနေရာကိုရောက်လာတာလဲ…"
စုမုန့် စိတ်ထဲမှသိချင်မိသော်လည်း ကျိုးကျာနှင့် မဆက်ဆံချင်သဖြင့် လျစ်လျူရှုပြီး ထွက်သွားဖို့ပြင်လိုက်သည်။
"ငါပြောတာ မကြားဘူးလား"
ထိုအခါ ကျိုးကျာ ဒေါသထွက်ပြီး သူမဆီ ပြေးလာသည်။
xxxxx