အပိုင်း ၃၆
Viewers 7k

Chapter 36

(ရန်သူတစ်ဦးနှင့်တွေ့ဖူးသည်...)


 "နင်ဘာဆိုင်လို့လဲ" 


 စုမုန့်က အေးစက်စွာပြောလိုက်သည်။အင်တာနက်မှ တိုက်ခိုက်ခြင်းခံရ၍ ဒေါသထွက်နေသော ကျိုးကျာကြောင့် သူမကိုယ်တိုင်ပင် ကျိုးဖုန်း လက်ထဲသို့ ရောက်လုနီးပါးဖြစ်ခဲ့သည်။


 "ဒါ ငါ့အိမ်ပဲ”


 ကျိုးကျာသည် စုမုန့်ကိုကြည့်ကာ အံကြိတ်၍ပြောလိုက်၏။


 "နင့်အိမ်?"


စုမုန့် သည် သူမအပေါ် ကျိုးကျာက အဘယ်ကြောင့် ရန်လိုမုန်းတီးနေရမှန်း နားမလည်ပေ။သူမအ‌ကြောင်းအား မဟုတ်တရုတ် ကောလဟာလ အရင်ဖြန့်ခဲ့သူမို့ ပြန်ခုခံခဲ့ခြင်းသာ။ထို့အပြင် သူမ၏လုပ်ရပ်ကလည်း အလွန်အကျွံမဟုတ်ပေ။ကျိုးကျာ သူမဆီလာ၍ တောင်းပန်စေချင်ရုံသာ။ယခု ကျိုးကျာ၏ပုံစံက သူမကပဲ သူတို့မိသားတစ်စုလုံးအား သတ်လိုက်သလိုပင်။နှစ်ယောက်သား ရန်ဖြစ်နေကြစဉ် နောက်ထပ် အသံတစ်ခု ကြားလိုက်ရသည်။


 "မင်းလာမယ်လို့ ကိုယ် မမျှော်လင့်ထားဘူး"  


ကျိုးဖုန်း သည် သူ၏ လမ်းလျှောက်တုတ်ဖြင့် ဖြည်းညှင်းစွာ လျှောက်လာသည်။သူ့ပုံစံက အချိန်မရွေး လဲကျနိုင်လောက်အောင်ပင် အားနည်းနေပုံရသည်။


 "အစ်ကို!"  


ကျိုးကျာသည် ကျိုးဖုန်း ရောက်ရှိလာသည်ကိုမြင်ပြီး အပြေးကလေးဖြင့် သူ့လက်မောင်းကို ချစ်ခင်စွာ ဆုပ်ကိုင်ထားလိုက်သည်။


“အစ်ကို ကျန်းမာရေး မကောင်းဘဲနဲ့.... လမ်းနည်းနည်းလျှောက်ဖို့ ဆရာဝန်က ပြောထားတာမလား.. အမေသိရင် စိတ်ပူလိမ့်မယ်"


ကျိုးဖုန်း က သူမကို ပြန်မဖြေဘဲ ကျိုးကျာ လက်ကိုပုတ်ကာ လွှတ်စေလိုက်သည်။ထို့နောက် စုမုန့်ထံသို့ လျှောက်သွားပြီး ချောင်းဆိုးဟန်ဆောင်သည်။ 


 “ဒီကိုလာသူတိုင်းက ဧည့်သည်တွေပါပဲ… သူမအတွက် စိတ်မပူပါနဲ့… ကျေးဇူးပြုပြီး သွားပါ”


ထိုအခါ စုမုန့် သူ့ကို စိုက်ကြည့်ကာ စကားမပြောဘဲ ထွက်သွားသည်။


ကျိုးဖုန်း သည် ဟန်ဆောင် အလွန်ကောင်းပုံရသည်။သူ့ညီမကတောင် သူ နေပြန်ကောင်းလာမှန်း မသိသေး။ထိုနေ့က ဝေ့ထင် အား ရန်စနေသည့် မြင်ကွင်းကို တွေးရင်း သူအတော်ကျန်းမာရေကောင်းနေမှန်း သူမ သိလိုက်သည်။အခန်းထဲက ထွက်ထွက်ချင်း စိတ်အနှောင့်အယှက်ဖြစ်မိတာကြောင့် သူမ ထွက်လည်ဖို့စိတ်မကူးတော့ပေ။မလိုလားအပ်သည့် ပြသနာတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် လှည့်ထွက်ပြီး သူမအခန်းထဲသို့ ပြန်ဝင်ခဲ့၏။ပြိုင်ပွဲဒုတိယနေ့အထိ သူမအခန်းထဲမှ မထွက်ခဲ့ပေ။


ပြိုင်ပွဲနေ့တွင်၊ဖုန်းရွှေပညာရှင်များအားလုံးသည် အိမ်ကြီး၏ဘေးဘက်ရှိ ရင်ပြင်ငယ်လေးတွင် စုဝေးခဲ့ကြသည်။  သူတို့ဘေးမှာ လူချမ်းသာပုဂ္ဂိုလ်များ ထိုင်နေသည်။


စုမုန့် သူတို့ကို လှမ်းကြည့်လိုက်သည်။ထိုနေရာ၌ ထိုင်နေသူများထဲတွင် သူမနှင့်သိသူ အနည်းငယ်ရှိနေသည်။  ရှန့်ချိုး လည်းပါ၏။ ရှန့်ချိုးအပြင် ဝေ့ထင်နှင့် ဝေ့ရွှယ်ပင် ရောက်လာမည်ဟု သူမ မမျှော်လင့်ထားပေ။ ဝေ့ရွှယ်သည် ဝေ့ထင် ဘေးတွင် ထိုင်လျက်ရှိသည်။သူတို့နှစ်ဦးသည် အလွန်ရင်းနှီးစွာ ပြောဆိုနေကြပြီး ဝေ့ရွှယ်သည် ဝေ့ထင် ၏ကုတ်အင်္ကျီကို လွှမ်းထားသည်။


စုမုန့် ကိုမြင်လိုက်ရလျှင် ဝေ့ရွှယ် ထိတ်လန့်သွားကာ လက်ညှိုးထိုးပြပြီး ဝေ့ထင် ကို 


"အစ်ကို ဝေ့ထင်…စုမုန့် ကလည်း ဒီပြိုင်ပွဲမှာ ပါဖို့ ရောက်နေတယ်ထင်တယ်”


 မူလက ဝေ့ထင် သည် ဖုန်းကို ငုံ့ကြည့်နေသော်လည်း ဝေ့ရွှယ် စကားကြောင့်မော့ကြည့်လိုက်သည်။ထိုအခါ စုမုန့် အကြည့်က သူ့ကို ဖြတ်ကျော်သွားပြီး တခြားနေရာကို လှမ်းကြည့်နေသည်ကိုတွေ့ရသည်။တစ်ကယ်တမ်းတွင် စုမုန့်သည် ရှန့်ချိုးကို ကြည့်နေခြင်းသာဖြစ်သည်။


ရှန့်ချိုးသည် စုမုန့်ကို မြင်လိုက်လျှင် သူက လက်ကို အမြန်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။စုမုန့်လည်း သူ့ကို ပြုံးပြလိုက်သည်။


ဝေ့ရွှယ် နှင့် ဝေ့ထင် သည် စုမုန့် ၏ အကြည့်နောက်သို့ လိုက်သွားရာ လူစိမ်းတစ်ယောက်အား နှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။


 “အစ်ကို၊ စုမုန့် က အရမ်းနာမည်ကြီးတယ်နော်...အသိတွေလည်း ရှိနေပါလား…နှုတ်တောင်ဆက်နေကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေပုံရတယ်"


ဝေ့ထင် ၏ မျက်နှာသည် မည်းမှောင်နေပြီဖြစ်သော်လည်း ဝေ့ရွှယ် သတိမထားမိခဲ့ပေ။စုမုန့် ၏ကျော်ကြားမှုအတွက် သူမ စိတ်ထဲက မနာလိုနေဆဲဖြစ်သည်။တစ်ကယ်တမ်းတွင် သူမ ဝေ့ထင်ကို  ရည်ရွယ်ချက်ရှိရှိ စုမုန့် အကြောင်း ပြောခဲ့ခြင်းသာ။ 


"ဘယ်ယောက်ျားက သူ့မိန်းမက တခြားယောက်ျားနဲ့ အရမ်းရင်းနှီးနေတာကို စိတ်ထဲက ဘာမှမဖြစ်ဘဲနေမှာလဲ…"


သူမသည် ဝေ့ထင် က စုမုန့် ကို ပို၍မုန်းတီးစေရန် တမင်တကာ လုပ်နေခြင်းဖြစ်သည်။သို့သော် ဝေ့ထင်က ဘာမှပြန်မပြောဘဲ မှုန်ကုပ်ကုပ်နှင့် စုမုန့် ကိုသာ စိုက်ကြည့်နေသည်။


ဝေ့ထင်က ဘာမှမဖြစ်တာကြောင့် ဝေ့ရွှယ် မစ်ရှင်ကျဆုံးကာ အံကိုတင်းတင်းကြိတ်လိုက်သည်။စုမုန့် ကို သူမ လျှော့တွက်မိကြောင်း သိလိုက်သည်။  ဝေ့ထင်ထံမှ အာရုံစိုက်မှု ရဖို့အတွက် သူမသည် ရှေ့တည့်တည့်မှာလာထိုင်ပြီး မြှူဆွယ်နေမည်ဟု မမျှော်လင့်ထားချေ။


"အစ်ကိုဝေ့ထင် လာမယ်ဆိုတာ သူမသိလို့ ပြိုင်ပွဲဝင်ဖို့ လာခဲ့တာ မဟုတ်လား…ဘယ်လောက်အရှက်မဲ့လိုက်သလဲ…"


အစ်ကိုဖြစ်သူ ဝေ့ထင်ကို သွေးဆောင်ရန်အတွက် သူမသည် အမှန်တစ်ကယ်ပင် ဖုန်းရွှေပညာရှင် ဖြစ်လာခဲ့သည်။မည်သို့ပင်ဆိုစေ၊အစ်ကို့ဝေ့ထင်ကို သူမဘက်ပါဖို့ လုပ်ရမည်၊ဘယ်လိုနည်းနှင့်မှ စုမုန့်လက်ထဲသို့ ထည့်မပေးနိုင်ချေ။


မကြာမီ စုမုန့်သည် သူမ၏ထိုင်ခုံဆီသို့ လျှောက်သွားပြီး‌နောက် ပြိုင်ပွဲစတင်ခဲ့သည်။ဤပြိုင်ပွဲမှာ တရားဝင်ကျင်းပခြင်းဖြစ်က အစီအစဉ်တင်ဆက်သူ အိမ်ရှင်က ယောက်ျားလေး ဖြစ်သည်။ပထမပြိုင်ပွဲမှာ ကျောက်စိမ်းတုံးရွေးချယ်ပွဲဖြစ်၏။


 မြေပြင်ပေါ်တွင် ကျောက်တုံးများတစ်တုံးရှိသည်။ပြိုင်ပွဲ၏ စည်းမျဉ်းသည် ကျောက်တုံးအထဲရှိ ကျောက်စိမ်းကို မည်သူက ရွေးချယ်နိုင်သည်ကို ကြည့်ရှုရမည်ဖြစ်သည်။


ဤမေးခွန်းက ခက်ခဲပြီး ရိုးရှင်းသည်။၎င်းသည် ဖုန်းရွှေပညာရှင်၏ အခြေခံကျွမ်းကျင်မှုကိုစမ်းသပ်ခြင်းဖြစ်သည်။ ကျောက်စိမ်းသည် ယင်စွမ်းအင် ဖြစ်သောကြောင့်၊ အရည်အချင်းပြည့်မီသော ဖုန်းရွှေပညာရှင် ဖြစ်လာရန်၊ ဤကျွမ်းကျင်မှုမျိုးသည် မရှိမဖြစ်လိုအပ်သည်။ဖုန်းရွှေပညာရှင်များသည် အသက်မွေးဝမ်းကြောင်းပြုရန် ကောင်းကင်ကို မှီခိုအားထားကြသည်။ အရည်အချင်းမရှိလျှင် ဘယ်လောက်ပဲ ကြိုးစားလုပ်သော်လည်း၊ အချည်းနှီးဖြစ်မှာသေချာ၏။


ဖုန်းရွှေပညာရှင် များအားလုံးက ကျောက်တုံးတစ်ခုစီယူရန် လိုအပ်သည်။အပိုင်းတစ်ပိုင်းကို ရွေးချယ်ပြီးနောက် ကျွမ်းကျင်ပညာရှင်များက တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ရမည်ဖြစ်သည်။


(မှန်အမျိုးအစား...)


ပြိုင်ပွဲစတင်ကြောင်း အိမ်ရှင်က ကြေညာလိုက်သည်နှင့် အားလုံး ပြေးကြသည်။ကျောက်တုံးအရေအတွက်မှာ အကန့်အသတ်ချက်ရှိတာကြောင့် စောစောသွားလျှင် ပိုကောင်း၏။


 ကျောက်တုံးများကို အသည်းအသန်လုယက်နေကြသည့် လူများကို စုမုန့်ကြည့်နေသည်။သူမ အနောက်မှာ မတ်တပ်ရပ်ပြီး မလှုပ်မရှားနှင့် တိတ်တဆိတ်ကြည့်နေသည်။သူမ ကျောက်တုံးကို မလုရခြင်း အကြောင်းရင်းမှာ အခြားသော ယောက်ျားများနှင့် မယှဉ်နိုင်သောကြောင့် ဖြစ်သည်ဟု ရောက်လာသူတိုင်းက ယူဆကြသည်။ ရှန့်ချိုး လည်း ထိုသို့တွေးပြီး သူမအတွက် စိုးရိမ်မိသည်။ ခဏအကြာတွင် အားလုံးက သူတို့ အရည်အသွေးကောင်းသည်ဟု ထင်မြင်သည့် ကျောက်တုံးများကို ယူကာ မူလနေရာသို့ ပြန်သွားကြသည်။ထိုစဉ် လူချောတစ်ယောက်သည် လက်သီးဆုပ်အရွယ် ကျောက်တုံးကြီးဖြင့် သူမထံသို့ လျှောက်လာကာ 


“အကူအညီလိုသလား”


 "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုအပ်ပါဘူး"  


စုမုန့် ပြုံးပြီး ငြင်းလိုက်ကာ လျှောက်သွားလိုက်၏။


လူတိုင်းက ကျောက်တုံး တော်တော်များများကို ယူသွားသဖြင့် သူမ အတွက်မကျန်သလောက်ဖြစ်နေသည်။ထိုအချိန်မှာ  အိမ်ရှင်က


 “အချိန်ကုန်ခါနီးပြီ.... မရွေးချယ်ရသေးတဲ့ သူငယ်ချင်းတွေ မြန်မြန်လေး လာခဲ့နော်...အချိန်ပြည့်လို့ ကျောက်ခဲကို မယူရင် ရှုံးတယ်လို့ မှတ်ယူရပါမယ်”


စုမုန့် သည် ကျောက်တုံးများကို ငေးကြည့်ရင်း ဘယ်အရာကို ရွေးရမှန်းမသိသလို ကြောင်နေသည်ကို ဝေ့ရွှယ်မြင်လိုက်ရကာ စိတ်ထဲမှာ ကြည်နူးနေသော်လည်း


 “အစ်ကို ဝေ့ထင်…စုမုန့် က ဘယ်ဟာကို ရွေးရမှန်းမသိ ဖြစ်နေပုံရတယ်...သူဘယ်လိုလုပ်ရမှန်းမသိဘဲ  ဘာလို့ ပပြိုင်ပွဲဝင်ပြိုင်ရတာလဲ"


ဝေ့ထင် က ဘာမှပြန်မပြော။ ဝေ့ရွှယ် က ဆက်ပြောသည်။


 “ဟုတ်ပြီ၊ စုမုန့်က ဟိုတစ်ခါ ကလပ်မှာ လုပ်ခဲ့သလိုမျိုး ပညာပြချင်နေတာမျလား...ဒီတစ်ခါ ပြိုင်ပွဲဝင်အားလုံးက ယောက်ျားလေးတွေပဲ..သူမက အရမ်းတော်တာပဲ.အစ်ကိုတော့ဂုဏ်ယူနေမှာပဲ" 


ဝေ့ရွှယ် ပြောနေသည့်စကားများက အစ်ကို ဝေ့ထင်က စုမုန့်ကို တစ်ကယ်ကြိုက်မကြိုက် သူမ သိချင်သဖြင့် စကားနှိုက်နေခြင်းပင်။ဝေ့ထင် သည် စုမုန့်ကို မုန်းတီးနေသရွေ့ သူမ အောင်မြင်သည်။


 အိမ်ရှင်သည် အချိန်မှတ်စက်ကို ဖြတ်ပြနေရာ စက္ကန့်အနည်းငယ်သာ ကျန်တော့သည်။စုမုန့် သည် ခန်းမအတွင်းရှိ အကြီးဆုံးကျောက်ကို ရွေးချယ်ခဲ့ပြီး ထိုကျောက်တုံးသည် သူမ၏ ခါးနားတွင်ရှိနေပြီဖြစ်သည်။သူမက ထိုကျောက်တုံးကို ရွေးထားသည်ကို တွေ့လိုက်ရသဖြင့် ရောက်ရှိလာသူအားလုံးက ပြီးသွားပြီဟု ပြောဆိုကြသည်။သူတို့ရွေးထားသည့် ကျောက်စိမ်းက ဘယ်လောက်ကောင်းမှန်း မသိသော်လည်း အနည်းဆုံးတော့ အပေါ်ယံတွင် ကျောက်စိမ်းရာများကို မှုန်ဝါးဝါး မြင်နိုင်နေသည်။သူမ ရွေးချယ်ခဲ့သော ကျောက်တုံးသည် ကျောက်စိမ်းရောင်သမ်းမနေ ရုံသာမက သက်သက်အဖြူထည်ကြီးသာဖြစ်သည်။ထို့အပြင် ကျောက်တုံးကြီးလေ၊ ကျောက်စိမ်းရှိနိုင်ခြေ နည်းပါးလေဖြစ်သည်။ထိုအထဲမှာ ကျောက်စိမ်း တစ်ကယ်ရှိနေလျှင် တခြားသူများလည်း သေချာပေါက် ခံစားနိုင်မှာဖြစ်သည်။


 ဤကျောက်တုံးကို ရွေးချယ်ခြင်းသည် ပြင်ပလူတစ်ယောက်၏ အပြုအမူဖြစ်သည်။ဤအမျိုးသမီးသည် အပျော်သဘောမျိုး လာပြိုင်နေကြသဖြင့်လူတိုင်းက သူမကို ပြိုင်ပွဲမှ ထုတ်ပစ်ရန် တိတ်တဆိတ် သဘောတူခဲ့ကြသည်။


 "ဘာလို့ ဒီဟာကိုရွေးတာလဲ....ဒီထဲမှာ ကျောက်စိမ်း မပါနိုင်ဘူး..."


စောစောက လူချောသည် လမ်းလျှောက်လာပြီး စုမုန့် ကို ဝမ်းနည်းစိုးရိမ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။ သူမ ဘာမှ မပြောဘဲ နေရာတွင် ငြိမ်သက်စွာရပ်နေပြီး ဝန်ထမ်းများ အကဲဖြတ်ရန် စောင့်နေသည်။ပြိုင်ပွဲတွင် လူဒါဇင်အနည်းငယ်သာရှိ၍ ကျောက်များကို အကဲဖြတ်ရန် ကျွမ်းကျင်သူ ဆယ်ဦးခန့် ရှိနေသည်။ထို့နောက် သူတို့တစ်ဦးစီက ပြိုင်ပွဲဝင်များ၏ ကျောက်တုံးကို တာဝန်ယူပြီး ပွတ်တိုက်ကြရသည်။


စုမုန့် ၏ ကျောက်တုံးမှလွဲ၍ ကျန်ကျောက်များအားလုံးသည် အလွန်သေးငယ်သည်။ ပြိုင်ပွဲဝင်များ ရွေးချယ်ထားသော ကျောက်ခုနစ်လုံးတွင် အရည်အသွေးမြင့် ကျောက်စိမ်းများပါရှိသည်။ကျန်လူများ၏ ကျောက်စိမ်းထဲတွင် အညစ်အကြေးများလွန်းခြင်း၊ သို့မဟုတ် အစိတ်စိတ်အမြွှာမြွှာ ကွဲနေသော ကျောက်စိမ်းအစများ ရှိသဖြင့် သူတို့အားလုံးမှာ အရည်အချင်းမပြည့်မီပေ။


ယခု စုမုန့်၏ ကျောက်တုံးက အကြီးဆုံးမို့ လူတိုင်းဆီမှ အာရုံစိုက်မှုကိုလည်း စွဲဆောင်သွားသည်။


မကြာမီ စက်၏ကျယ်လောင်သောအသံနှင့်အတူ ကျောက်အပြင်ဘက်အလွှာသည် ဖြည်းညှင်းစွာ ခွာထွက်သွားပြီး အတွင်းမှကျောက်စိမ်းများ ပေါ်လွင်လာစေသည်။ ကျောက်စိမ်းမပျက်စီးစေရန်အတွက် လက်ကျန်ကျောက်စရစ်များကို ကျွမ်းကျင်သူကိုယ်တိုင် ခြစ်ထုတ်ရသည်။ အထဲမှာ ကျောက်စိမ်းရှိသော်လည်း အရည်အသွေး အနိမ့်ဆုံးဖြစ်ပြီး တန်ဖိုးနည်းမှန်း လူတိုင်းသိကြသည်။


 "ဒီတစ်ခါတော့ မစ္စစု မှားသွားပုံပဲ"  


အိမ်ရှင်က ဝင်ပြောသည်။ စုမုန့် သည် မိန်းကလေးဖြစ်သဖြင့် သနားစိတ်ပိုနေကာ ဂရုဏာသံဖြင့် ပြောဆိုခြင်းပင်။


မကြာမီ ကျောက်စိမ်းတွေ့သူများ၏ အမည်စာရင်းကို အိမ်ရှင်က ဖတ်ပြခါနီးတွင်၊ စုမုန့် ၏ ကျောက်တုံးကို စောင့်ကြည့်လေ့လာနေသော ကျွမ်းကျင်သူက အိမ်ရှင်အား 


“ခဏစောင့်ပါဦး”


ထို့နောက် သူသည် ကိရိယာများကို ထပ်မံကောက်ယူပြီး ကျောက်စိမ်းမျက်နှာပြင်ပေါ်ရှိ သဲအလွှာကို ညင်သာစွာ ဖယ်ထုတ်လိုက်သည်။ထိုအခါ မမျှော်လင့်ဘဲ အတွင်းထဲမှာ အစိမ်းရင့်ရောင်စိုလက်နေသည့် ကျောက်စိမ်း ပေါ်လာလေသည်။


ကျွမ်းကျင်သူက ကျောက်စိမ်းပေါ်မှာ ဓာတ်မီးကို ထွန်းထားသည်။ထိုအခါ သူ့အနီးနားရှိသူများသည် ဓာတ်မီးရောင်ဖြင့် ကြည်လင်တောက်ပနေသည့် ကျောက်ရည်လဲ့လဲ့ကို တွေ့လိုက်ရသည်။


 "အို...အဲဒါ ဖန်အမျိုးအစားပဲ...ပြီးတော့ ဒါက အရည်အသွေးမြင့် ဖန်အမျိုးအစားပဲ"  


ပညာရှင်တောင် အံ့သြသွားလေသည်။သူတို့သည် ဖုန်းရွှေပညာရှင် ပြိုင်ပွဲတွင် အကြိမ်များစွာ ပါဝင်ခဲ့ပြီး မရေမတွက်နိုင်သော ကျောက်တုံးများကို ခွဲခဲ့သည်။ယခင်က တစ်ခါမှ ဤဖန်အမျိုးအစားကျောက်စိမ်းများကို မမြင်ဖူးခဲ့ပေ။သူတို့ မြင်ဖူးသမျှ ကျောက်စိမ်းတွေထဲမှာ အကောင်းဆုံးဖြစ်သည်။


ဤမြင်ကွင်းကြောင့် အိမ်ရှင်လည်း  တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက


 "မစ္စစုက တစ်ဦးတည်းသော အမျိုးသမီး ဖုန်းရွှေပညာရှင်ပါ...ဒါတင်မကဘူး၊ သူမက တစ်ခုတည်းသော ဖန်အမျိုးအစား ကျောက်စိမ်းကို တွေ့နိုင်ခဲ့တယ်...ဘုရားသခင်ရဲ့ လက်ဆောင်မွန်ပါပဲ"



xxxxx