Ch-31
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၃၁)


နေ့လယ်စာစားပြီးနောက် အိမ်အပြင်ဘက်တွင် မိုးဖွဲဖွဲလေးရွာနေဆဲဖြစ်ကာ ရပ်တန့်ရန် အလားအလာမရှိချေ။ "ကျွန်တော် အဒေါ်ရှဲ့အိမ်ကို သွားလိုက်ဦးမယ်နော်၊ ခင်ဗျားရော?" ရွှီချင်းလည်း ထီးကိုယူကာ ရွာသို့သွားရန်ပြင်ဆင်လိုက်၏။ 


"ဝေ့လောင်အာ့နဲ့ သစ်သားဗီရိုဒီဇိုင်းအကြောင်း ဆွေးနွေးဖို့ရှိတော့ အတူသွားကြမယ်လေ" လီချန်ဖုန်းက သူ့ထီးကိုမဖွင့်တော့ဘဲ ရွှီချင်း၏ထီးအောက်တွင် ပုခုံးချင်းယှဥ်လျက် အတူတူလျှောက်လိုက်သည်။ အဒေါ်ရှဲ့အိမ်အဝရောက်တော့ လီချန်ဖုန်းက တွန့်ဆုတ်စွာဖြင့် သူ့ထီးသူဖွင့်ကာ ရွှီချင်းကို နှုတ်ဆက်လိုက်၏။ 


ရှဲ့မိသားစုက အခုလေးတင် နေ့လည်စာစားပြီးသွားပြီဖြစ်သည်။ ဦးလေးရှဲ့က ရှဲ့ယွီအတွက် မီးဖိုချောင်တွင် ဆေးကျိုနေကာ အဒေါ်ရှဲ့က ရွှီချင်းအတွက် ခြံဝင်းတံခါးကိုလာဖွင့်ပေးသည်။  "မြန်မြန်ဝင်လာခဲ့၊ မင်းအစ်ကိုရှောင်ယွီက ပင်မခန်းမှာရှိနေတယ်!" 


ရွှီချင်းလည်း အဒေါ်ရှဲ့နောက်မှ ပင်မခန်းတွင်းသို့ လိုက်သွားကာ ရှဲ့ယွီက ထိုင်နေတာကို တွေ့လိုက်ရသည်။ ရှဲ့ယွီက တကယ့်ကို သိမ်မွေ့ပြီး ကြော့ရှင်းသူတစ်ယောက်ဆိုတာ ငြင်းလို့မရချေ။ အဒေါ်ရှဲ့နှင့် နှိုင်းယှဉ်ပါက ရှဲ့ယွီမှာ အေးဆေးငြိမ်သက်သည့်ခံစားချက်ကိုရစေသည်။ သူ့ရဲ့နာတာရှည်ရောဂါကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ရှဲ့ယွီမှာ ထူးထူးခြားခြားလှပသည့်အော်ရာကို ပေးစွမ်းနေလျက်။ ရွှီချင်းသည် သူ့မျက်လုံးတွေကို ထပ်မဆေးကြောချင်တော့ဘူးလို့ ခံစားမိသည်။ သူက ချောမောရင့်ကျက်တဲ့သက်ရှိပြယုဂ်လေးပင်။ 


ရှဲ့ယွီက ရွှီချင်းကို မတွေ့ရတာ အတော်လေးကြာခဲ့ပြီ။ ရွှီချင်းမျက်နှာမှာ အဒေါ်ရှဲ့ပြောပြထားသလိုပင် တကယ်ပဲ လုံးလုံးပြန်ကောင်းနေခဲ့ပြီ။ သူက ယခင်လို မှုန်မှိုင်းမနေတော့ဘဲ ပိုလို့တောင်တက်ကြွနေသေးသည်။ 


"အစ်ကိုရှောင်ယွီ နေကောင်းရဲ့လား" ရွှီချင်းသည် ရှဲ့ယွီဘေးမှာထိုင်လိုက်ပြီး နေမကောင်းသည့်လက္ခဏာတစ်ချို့ရှိနေသေးသော်လည်း နှစ်လိုဖွယ်ရှိသည့် သူ့မျက်နှာကို အနီးကပ်အကဲခတ်လိုက်၏။ 


ရှဲ့ယွီလည်း ရွှီချင်းကို အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်ကာ "မင်းကိုကျေးဇူးတင်ပါတယ်နော်။ မင်းယူလာပေးတဲ့ ဂေါ်ဖီချဥ်ကြောင့် စားချင်စိတ်တွေရှိလာရုံမကဘူး၊ ငါ့ခန္ဓာကိုယ်ကလည်း ပိုကောင်းလာသလိုပဲ" သူ့အသံလေးက နားထောင်လို့ အရမ်းကောင်းတာပဲ! 


"မနောက်ဘူးနော်! ကြည့်! ဒီနေ့ဆို ရှောင်ယွီက အိပ်ရာထဲကတောင်ထွက်လာပြီး ငါတို့နဲ့ ထမင်းအတူတူလာစားတာ!" အဒေါ်ရှဲ့၏စိတ်ဝိဥာဥ်မှာ ရှဲ့ယွီပြန်ကောင်းလာသည်နှင့် ပြန်လည်တက်ကြွလာလျက်။ သူ့သားရဲ့ကျန်းမာရေးပိုကောင်းလာသရွေ့ ဘယ်အရာကမှ ကိုင်တွယ်ရတာ မခက်ခဲတော့ဘူး! 


"အဲ့ဒါကဘာမှမဟုတ်ပါဘူးဗျာ။ အစ်ကိုရှောင်ယွီစားချင်နေသရွေ့ နေ့တိုင်းကျွန်တော်ယူလာပေးမှာပေါ့!" ရွှီချင်းရဲ့ စိတ်ထက်သန်တဲ့အမူအရာလေးမှာ အဒေါ်ရှဲ့နှင့် ရှဲ့ယွီတို့ကို ရွှင်မြူးစေသည်။ 


ရှဲ့ယွီက မူလကိုယ်နှင့် အဆက်အဆံသိပ်မရှိသောကြောင့် ယနေ့ကဲ့သို့ ရွှီချင်းနှင့် ထိုင်စကားပြောခဲ့ဖူးခြင်းမရှိပေ။ စကားစမြည်ပြောပြီးနောက် သူတို့နှစ်ဦးဟာ တစ်ယောက်နှင့်တစ်ယောက် ပို၍ပင် သဟဇာတဖြစ်လာခဲ့ပြီး ရှဲ့ယွီရဲ့ဖြူဖျော့ဖျော့မျက်နှာမှာ အနည်းငယ်နီမြန်းနေလျက်။ 


"အကိုရှောင်ယွီ ခင်ဗျားကအရမ်းချောတာပဲဗျာ!" ရွှီချင်းမှာ ရှဲ့ယွီရဲ့မျက်နှာကို ငေးကြည့်ရင်း မချီးမွမ်းဘဲမနေနိုင်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်လုံးတွေထဲမှာတော့ ချောမောတဲ့လူက ချောမောနေတာပါပဲနော်! 


"အာ!" ရှဲ့ယွီသည် ရွှီချင်းက သူ့ကို ဒီလိုမျိုးပြောလာလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ သူနည်းနည်းအံ့သြသွားကာ ရှက်လည်းရှက်သွားရသည်။ နှစ်တွေကြာလာတာနဲ့အမျှ ဘယ်သူကမှ သူ့ကို ဒီလိုတိုက်ရိုက်မချီးကျူးကြတော့ဘူးလေ။ မာဖူကွေ့ သူ့ကိုလိုက်ခဲ့တုန်းကတောင် ဒီလိုတည့်တိုးမချီးကျူးဖူးဘူးပဲ။ 


သို့ပေတည့် မာဖူကွေ့အကြောင်းတွေးမိသွားသည်နှင့် ရှဲ့ယွီရဲ့မျက်နှာပေါ်မှ အပြုံးလည်း မှိန်ဖျော့သွားရသည်။ အကြင်လင်မယားရဲ့ချစ်ခြင်းမေတ္တာတစ်ရက်တာက ရက်တစ်ရာလိုပါပဲ။ အဆုံးမှာတော့ သူတို့က ဒီလောက်နှစ်တွေအများကြီး အတူတူနေလာခဲ့ကြတာပဲလေ၊ ဒါပေမယ့်လည်း အခုတော့... ဟင်း! အဲ့ဒါတွေကလည်း သူ့ခန္ဓာကိုယ်အခြေအနေကြောင့်ပါပဲလေ။ 


အဒေါ်ရှဲ့က ရှဲ့ယွီမျက်နှာအမူအရာကို တွေ့လိုက်သည်နှင့် သူဘာတွေတွေးနေသလဲဆိုတာ သိလိုက်ပြီ။ ထို့ကြောင့် ရွှီချင်းကို မျက်စပစ်လိုက်ကာ "မင်းတို့နှစ်ယောက်စကားပြောလိုက်ကြဦး။ မင်းအဖေဆေးကျိုလို့ပြီးပြီလားလို့ ငါသွားကြည့်လိုက်ဦးမယ်" 


သူတို့ရဲ့သားက စဥ်းစားပေးတတ်ပြီး သားသမီးကျင့်ဝတ်ကိုသိတတ်သူဖြစ်သောကြောင့် သူ့စိတ်ထဲမှာ ခံစားနေရတာတွေကို မိဘတွေစိတ်ပူရမှာစိုး၍ ထုတ်ပြောလေ့မရှိပေ။ သို့ပေမယ့် သူ့ရဲ့အဲ့လိုအပြုအမူကြောင့် ရှဲ့စုံတွဲမှာ ပိုလို့တောင် စိတ်ပူပန်ရသေးသည်။ 


ရွှီချင်းနဲ့ ရှဲ့ယွီတို့ အဆင်ပြေပြေရှိနေကြတာကိုတွေ့၍ အဒေါ်ရှဲ့လည်း စိတ်သက်သာရာရသွားသည်။ ရှဲ့ယွီက ရွှီချင်းနှင့် သူ့မိဘတွေကို မပြောချင်တဲ့စကားတွေ ဖွင့်ပြောနိုင်မယ်လို့ သူမျှော်လင့်ပေ၏။ သူတို့က အသက်အရွယ်လည်း သိပ်မကွာကြသဖြင့် ကောင်းကောင်းဆက်သွယ်နိုင်ကြမှာပဲ။ 


"သူတို့တွေက ခင်ဗျားကို စိတ်ပူနေကြတာပါ။ အစ်ကိုရှောင်ယွီ မြန်မြန်နေကောင်းလာရမယ်နော်။" ရွှီချင်းက သူတွေ့နေရသည်ကို ရှဲ့ယွီအား ညင်ညင်သာသာလေးပြောပြလိုက်သည်။ 


ရှဲ့ယွီရဲ့မျက်လုံးတွေက အနည်းငယ်နီသွားကာ "ငါသိပါတယ်၊ ဒါပေမယ့် ငါကအရမ်းအားနည်းလွန်းလို့ သူတို့ကိုစိတ်ပူစေရတယ်။" ဘာကြောင့်ရယ်မသိ ရွှီချင်းရှေ့မှာ ခုခံတာတွေထပ်မလုပ်ချင်တော့ဘဲ ဖွင့်ပြောပစ်ချင်လာခဲ့သည်။ 


"ဒါတွေအားလုံးက ခင်ဗျားအပြစ်မဟုတ်ဘူးလေ၊ ခင်ဗျားက အရမ်းကြင်နာတတ်လို့။ အဲ့ဒါတွေအားလုံးက နှလုံးသားမည်းနက်ကြတဲ့ မာမိသားစုရဲ့အပြစ်တွေပဲဟာ!" ရွှီချင်းသည် ရှဲ့ယွီလို လူကောင်းတစ်ယောက်ကို ဒီလိုအဓိပ္ပါယ်မရှိတဲ့အကြောင်းပြချက်နှင့် စွန့်ပစ်လိုက်ကြတာကို တွေးရင်း ဒေါသထွက်လာပြန်သည်။ 


"မင်းပြောသလောက်လည်း မကောင်းပါဘူးကွာ!" ရှဲ့ယွီသည် သူ့ကိုယ်စား ရွှီချင်းကဒေါသထွက်ပေးနေတာကို တွေ့လိုက်ရ၍ ဒီကိစ္စဟာ သိပ်ပြီးအရေးမပါတော့သလို ခံစားလိုက်ရ၏။ သူ့ရဲ့ကျန်ဘဝတစ်လျှောက်လုံးမှာ ကလေးမရတော့ဘူးဆိုရင်တောင်မှ သူနဲ့ ကလေးလေးက ရေစက်မပါလို့ပဲပေါ့။ ဤအဖြစ်အပျက်ကြောင့် ခက်ခဲသောအချိန်များတွင် သူ့အနားမှာ ဘယ်သူတွေရှိကြသလဲဆိုတာကို သိရှိနားလည်နိုင်ပြီလေ။ ကံကြမ္မာက သူ့အပေါ် နောက်တစ်လမ်းပေးထားပြီးသားလို့ သူခံစားခဲ့ရသည်။ 


ရွှီချင်းက ရှဲ့ယွီရဲ့မျက်လုံးမှ ဝမ်းနည်း​အားငယ်မှုကို မြင်တွေ့ပြီးနောက် တချို့အရာတွေကို သဘောပေါက်သွားပြီမှန်း သူသိလိုက်သည်။ "ဒီနေ့ နည်းနည်းအေးတယ်နော်၊ ကျွန်တော် အဒေါ်ရှဲ့ကိုသွားရှာပြီး အစ်ကိုသောက်ဖို့ ရေနွေးသွားယူလာခဲ့မယ်။" ရွှီချင်းသည် ရှဲ့ယွီအရှေ့ရှိ ရေမှာအငွေ့မထွက်တော့သည်ကို သတိပြုမိသွားကာ ကိုလူချောအတွက် ချက်ချင်းပင် စေတနာ့ဝန်ထမ်းလုပ်လိုက်၏။  


"ဘာဖြစ်လို့လဲ?" အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့က ရွှီချင်းမီးဖိုချောင်ထဲဝင်လာတာကို တွေ့လိုက်ရတော့ တစ်ခုခုဖြစ်နေပြီလို့ထင်လိုက်ကာ ကမန်းကတန်းမေးလာသည်။ 


ရွှီချင်းက သူ့လက်ကို သာမန်ကာလျှံကာဝှေ့ယမ်းလိုက်ပြီး "ဘာမှမဖြစ်ပါဘူး၊ အစ်ကိုရှောင်ယွီရဲ့ရေက အေးသွားတာကို ကျွန်တော်သတိထားမိလို့လေ၊ ဒါကြောင့် ပူတာလေးနဲ့ လဲပေးဖို့လာခဲ့တာပါ။ အဲ့ဒါဆို သူသောက်ရတာ ပိုအဆင်ပြေမလားလို့လေ။" 


ဦးလေးရှဲ့လည်း ရွှီချင်းလက်ထဲက ခွက်ကိုအမြန်ယူလိုက်ပြီး ကျိုထားပြီးသားရေဖြင့် ပြန်ဖြည့်ပေးလိုက်ကာ "ကျေးဇူးပဲ ရွှီချင်းရေ။ ငါတို့ရဲ့ရှောင်ယွီလေးကို စကားများများပြောပေးပါဦးကွာ။ သူ့စိတ်ထဲမှာပဲ အားလုံးကိုမျိုသိပ်ထားတော့ သိပ်မကောင်းဘူးလေ။" 


ရွှီချင်း ခေါင်းညိတ်ပြကာ ခွက်ကိုကိုင်၍  မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး ရှဲ့စုံတွဲတို့ ကွယ်ရာရောက်မှ ခွက်ထဲသို့ ဝိဥာဥ်စမ်းရေနည်းနည်းထည့်လိုက်သည်။ အားနည်းချူချာတဲ့ကိုလူချောက မျက်စိပဒေသာရှိပေမယ့်လည်း ကျန်းမာပျော်ရွှင်တဲ့ရှဲ့ယွီကို ရွှီချင်းတွေ့ချင်ပါသေးသည်။ 


"ကျေးဇူးပဲနော် ညီလေးချင်း" ရှဲ့ယွီ ခွက်ကိုယူကာ သူ့ကျေးဇူးတင်ကြောင်း​ပြောလိုက်၏။ သူ့ကျန်းမာရေးမှာ သိပ်မကောင်းချေ။ တကယ်ဆို ရွှီချင်းက သူ့အိမ်လာလည်လို့ သူကမှ ရွှီချင်းကို လက်ဖက်ရည်နှင့်ဧည့်ခံပေးရမှာလေ။ သို့ပေမယ့် အဲ့ဒီအစား ဧည့်သည်ကိုတောင် သူ့အတွက် ရေသွားယူခိုင်းလိုက်ရသေးသည်။ 


"ဘာမှမဟုတ်တာ။ နောက်ဆိုလည်း ကျွန်တော်က ခဏခဏလာဦးမှာ။ ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ မထင်ရဘူးနော်။ ဒီနေ့က အေးနေတာပဲ။ အစ်ကို့ခန္ဓာကိုယ်နွေးသွားအောင် ရေနွေးလေးသောက်လိုက်ပါဦး"ဟူ၍ ရွှီချင်းပြောလိုက်သည်။ 


ရှဲ့ယွီက ဖြေးဖြေးချင်း သောက်နေတာကိုတွေ့တော့မှ ရွှီချင်းလည်း စိတ်သက်သာရာရသွား၏။ ရှဲ့ယွီက ဝိဥာဥ်စမ်းရေရောထားတဲ့ရေနွေးသောက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ ပိုကောင်းလာခဲ့သည်။ သန္ဓေသားကိစ္စနဲ့ပတ်သက်ပြီးတော့ စဥ်းစားဖို့လိုသေးသည်ပင်။ ထိုကဏ္ဍတွင် ဝိဥာဥ်စမ်းရေမှာ ရှဲ့ယွီကို အကူအညီဖြစ်နိုင်ပါ့မလားဆိုတာ သူလည်းမသိသေးချေ။ 


"ဒေါက် ဒေါက်! ဒေါက် ဒေါက်!" 


"လာပြီ! လာပြီ!" ဦးလေးရှဲ့က ဧည့်ခန်းအဝမှာရပ်နေတဲ့ ရွှီချင်းကို အထဲဝင်ခိုင်းလိုက်သည်။ သူကိုယ်တိုင်ကတော့ မိုးတဖွဲဖွဲကြားထဲမှာ တံခါးပြေးဖွင့်လိုက်သည်။ တံခါးအပြင်ဘက်ရှိလူမှာ ရှဲ့ယွီနဲ့အသက်တူတူပင်။ သူက ပိန်ပိန်ပါးပါးနှင့် အသားအရေမှာအနည်းငယ်ဝါနေပြီး စဥ်းလဲတဲ့အသွင်အပြင်ရှိသည်။ ဤကမ္ဘာကြီး၏အလှအပစံနှုန်းအရ သူ့ရုပ်ရည်မှာ တကယ့်ကို "ရုပ်ဆိုးတယ်"လို့ သတ်မှတ်နိုင်ပေသည်! သို့ရာတွင် ရွှီချင်းကတော့ သူ့ရဲ့ယခင်ကပုံစံကြောင့် "ရုပ်ဆိုးဆိုး"ဂုဏ်ပုဒ်ရခဲ့သော်လည်း အနှီလူကတော့ မွေးရာပါလေ! ကျစ် ကျစ် ကျစ်! 


"ဒါကျုံးဟွားမဟုတ်လား? ဘယ်တုန်းကပြန်ရောက်တာလဲ။ လာ ဝင်ခဲ့လေ" ဦးလေးရှဲ့က ကျုံးဟွားကို နှုတ်ဆက်လိုက်ကာ ခြံတံခါးဖွင့်ပေးလိုက်၏။ "ဦးလေးရှဲ့ရေ ကျွန်တော်က ရှဲ့ယွီပြန်ရောက်နေတယ်ကြားလို့လေ၊ သူ့ကိုတွေ့ဖို့ အန်းလဲ့ရွာကနေ တကူးတကလာခဲ့တာ!" 


ကျုံးဟွားရဲ့အသံမှာ သူ့နာမည်နဲ့ လိုက်ဖက်လှပေသည်၊ နည်းနည်းလေး...မကောင်းဘူး! သူစကားပြောသည့်အခါ အသံကကြမ်းတမ်းကာ အက်ရှရှဖြစ်နေရာ တစ်ဖက်လူရဲ့နားထဲတွင် အလိုလိုနားမခံသာဖြစ်စေသည်။ သည့်အပြင် သူ့အသံမှာ အမြင့်သံဖြစ်၍ ပိုလို့တောင်မသက်မသာဖြစ်စေ၏။ 


"ဟုတ်တယ် သူပြန်ရောက်နေတာ။ ပင်မခန်းမှာရှိနေတယ်။ ရှောင်ယွီ! ကျုံးဟွားရောက်လာတယ်!" 


ဦးလေးရှဲ့က ထိုလူရဲ့နာမည်ကို အသံကျယ်ကြီးဖြင့် အော်လိုက်သဖြင့် ရွှီချင်းမှာ မနေနိုင်တော့ဘဲ ခပ်တိုးတိုးရယ်သံထွက်လာရင်း "ကျုံ့ဟွား? ပန်းစိုက်ရတာကြိုက်တယ်တဲ့လား" 


(T/N: ကျုံးဟွားရဲ့ နာမည်ကို '钟花´ လို့ စာလုံးပေါင်းတာပါ၊ ခေါင်းလောင်းပန်းလို့ အဓိပ္ပာယ်ရပါတယ်။ Zhōng huā လို့ အသံထွက်တာပေါ့နော်။ ဒါပေမယ့်လို့ ရွှီချင်းလေးက ဒီလိုမျိုး'种花´ Zhòng huā လို့ အသံထွက်လိုက်တာပေါ့။ ပန်းစိုက်ပျိုးတယ်လို့ အဓိပ္ပါယ်ရှိပါတယ်။) 


ရှဲ့ယွီမှာ ကျုံးဟွားရဲ့နာမည်ကို ထိုကဲ့သို့ တစ်ခါမျှပင် မတွေးဖူးခဲ့သောကြောင့် မရယ်မိဘဲမနေနိုင်တော့ပေ။ "ဘာတွေဒီလောက်ရယ်နေတာတုန်း။ မင်းအရမ်းပျော်နေတယ်ပေါ့လေ။ ကျုံးဟွားရေ လာထိုင်လေ။ ငါမင်းအတွက်ရေနွေးသွားယူပေးမယ်" အဒေါ်ရှဲ့က ကျုံးဟွားကို ဧည့်ခန်းဆီလမ်းပြခေါ်လာရင်း ရှဲ့ယွီနှင့် ရွှီချင်းတို့ရယ်သံတွေကိုကြားလိုက်ရ၍ သူ့နှလုံးသားထဲတွင် နွေးထွေးသွားရ၏။ ရွှီချင်းလေးက တကယ့်ကို ပျော်ပျော်နေတတ်တဲ့သူပဲ! ကြည့်စမ်းပါဦး သူ့သားလေးက ဘယ်လောက်တောင်ရယ်နေသလဲဆိုတာ။ 


"ရှဲ့ယွီရေ ငါတို့မတွေ့ရတာ နှစ်အတော်ကြာနေပြီနော်။" ကျုံးဟွားသည် ရယ်မောလိုက်သည်ကြောင့် နှင်းဆီရောင်ပြေးနေတဲ့ ရှဲ့ယွီရဲ့မျက်နှာလေးကို ကြည့်ကာ သူ့စိတ်ထဲတွင် မွန်းကျပ်သလို ခံစားလိုက်ရသည်။ နှစ်တွေကြာပြီးနောက် ရှဲ့ယွီမှာ လက်မထပ်သေးခင်ကလိုမျိုး လှပနေသေးသော်ငြားလည်း သူကိုယ်တိုင်ကတော့ လယ်ကွင်းမှာ အလုပ်လုပ်ရသဖြင့် နေတွေလေတွေထိတွေ့ရပြီး ဤဖျားနာနေသူနှင့်တောင် ယှဉ်မနိုင်ချေ။ 


ရှဲ့ယွီက ရွှီချင်းကို သူ့ဘေးမှာထိုင်ခိုင်းပြီး ကျုံးဟွားကို ယဉ်ယဥ်ကျေးကျေးပြုံးပြကာ "ဟုတ်တယ်၊ လာထိုင်လေ။ သူက ချင်းကောအာပဲ။ မင်း သူ့ကိုလည်း မတွေ့ရတာကြာပြီမလား။" ရှဲ့ယွီသည် ကျုံးဟွားရဲ့ ရွှီချင်းအပေါ်သဘောထားကို မကျေနပ်သဖြင့် သူနဲ့စကားပြောဖို့ရာ စိတ်အားထက်သန်ခြင်းမရှိတော့ပေ။ ရှဲ့ယွီနှင့် အဒေါ်ရှဲ့တို့နှစ်ယောက်လုံးမှာ တစ်ခုတော့တူကြပေသည်။ ထိုအရာမှာ သူတို့ချစ်တဲ့သူတွေဆို ကာကွယ်ပေးတတ်ခြင်းပင်! 


"မင်္ဂလာပါ" ရွှီချင်း သိပ်ဂရုမစိုက်ပေမယ့် ထိုလူကဝင်လာကတည်းက ရှဲ့ယွီကိုသာ အငမ်းမရ စိုက်ကြည့်နေခဲ့သည်။ ဒီလူက ကြည့်လိုက်ရုံနဲ့ ပေါင်းသင်းဖို့မလွယ်မှန်း သိနိုင်ပေသည်။ 


"ငါသူ့ကိုနောက်ဆုံးတွေ့ခဲ့တာ နှစ်တော်တော်ကြာသွားပြီ။ အရင်တုန်းက မျက်နှာတစ်ပြင်လုံး ဝက်ခြံအပြည့်နဲ့လေ! သူ့အကြောင်းက ဒီလောက်ပျံ့နှံ့နေတာ သေချာပေါက် ငါကြားဖူးတာပေါ့!" ကျုံးဟွားသည် ဝက်ခြံဖုတွေမရှိတော့ဘဲ ပြစ်ချက်မရှိတဲ့ ရွှီချင်းရဲ့ နူးနူးညံ့ညံ့မျက်နှာလေးကိုကြည့်ပြီး သူ့နှလုံးသားထဲတွင် မနာလိုမှုများတိုးပွားလာခဲ့သည်။ ရွာမှာ အရုပ်ဆိုးဆုံးလူကတောင် ဒီလိုပြောင်းလဲသွားနိုင်တယ်ဆိုတာကို သူမယုံကြည်နိုင်ဘူး။ ဆိုလိုတာက သူ့ရုပ်ရည်က အဆိုးဆုံးဖြစ်...!! 


"ကျုံးဟွား! မင်းဒီနေ့ဘာကိစ္စရှိလို့ ဒီကိုလာတာလဲ။" ရွှီချင်းကို ရန်စသလိုပြောလာသည့် ကျုံးဟွာရဲ့လေသံကြောင့် ရှဲ့ယွီမှာ ဒေါသထွက်လာကာ ကျုံးဟွားကို လေသံမာမာနဲ့ မေးလိုက်၏။ 


ကျုံးဟွားမှာ သူ့လေသံက နည်းနည်းလွန်သွားမှန်းသဘောပေါက်လိုက်ပေမယ့် ရှဲ့ယွီရဲ့ မကြိုဆိုတဲ့လေသံကို ကြားသောအခါ သူပိုလို့တောင် မကျေမနပ်ဖြစ်သွားသည်။ 


အခုဆို သူတို့အားလုံးက အရွယ်ရောက်ကြပြီးဖြစ်ရာ သူလည်း အိမ်ထောင်ပြုပြီးခဲ့တာ နှစ်တွေကြာခဲ့ပြီ။ သူတို့ငယ်စဥ်တုန်းကလို ရှဲ့ယွီက သူ့ကို ဒီလိုမတူသလိုမတန်သလိုလေသံနှင့် ပြောနေသေးတာလဲ။ 


သို့ပေတည့် သူကြားခဲ့ရသည့်သတင်းကို စဥ်းစားမိလိုက်တော့ ရှဲ့ယွီမှာ သူ့ထက် ပို၍ပင်သနားစရာကောင်းသေးသည်ဟု ခံစားရ၏။ သူ့လေသံမှာလည်း သူတစ်ပါးဒုက္ခရောက်သည်ကို ကျေနပ်အားရဟန်ပါနေလျက်။ 


"မင်းပြောတာကို ကြည့်ဦး။ ငါတို့အားလုံး တစ်ရွာတည်းမှာ အတူတူကြီးပြင်းလာကြတယ်လေ။ မင်းကွာရှင်းပြီး အိမ်ပြန်လာတာကို ငါကြားတာနဲ့ မင်းကိုလာကြည့်တာလေဟ။" 


ရွှီချင်းက ထိုစကားတွေကိုကြားလိုက်သည်နှင့် အနှီ"ပန်းစိုက်သူ"မှာ ကောင်းသောလာခြင်းမဟုတ်မှန်း သိလိုက်ပြီ။ အဲ့ဒီလူက အနာကိုဆားဖြူးဖို့ ရည်ရွယ်ချက်ရှိရှိလာခဲ့တာပဲ! 


Thanks for reading!