Ch-32
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၃၂)


ရှဲ့ယွီတစ်ခုခုမပြောခင်မှာပင် ရွှီချင်းပြောလိုက်သည်မှာ "အစ်ကိုရှဲ့ရေ မိတ်ဆက်ပေးလို့ရမလား? ဒီလူက ကျွန်တော့်ကိုသိပေမယ့် အစ်ကိုသိတဲ့အတိုင်းပဲ ကျွန်တော်ကအပြင်သိပ်မထွက်တော့လေ။ ပြီးတော့ သူက ဒီလောက်'ထူးခြားတဲ့'အသွင်အပြင်ရှိတာကို! ကျွန်တော် အရင်တုန်းက သူ့ကိုမတွေ့ဖူးသလိုပဲ၊ မဟုတ်ရင် ကျွန်တော်လွယ်လွယ်နဲ့ ဘယ်မေ့ပါ့မလဲဗျာ!" 


ရွှီချင်းက 'ထူးခြားတဲ့'ဆိုသောစကားလုံးကို တမင်တကာ အလေးပေးပြောသည်ကို ကျုံးဟွားကြားတော့ သူ့မျက်နှာမှာ အလွန်ရုပ်ဆိုးသွားလျက်။ သူ့ရုပ်ရည်အကြောင်းပြောတဲ့လူတွေကို သူအမုန်းဆုံးပဲ! 


ရှဲ့ယွီလည်း ရွှီချင်းရည်ရွယ်ချက်ကို နားလည်ပေသည်။ ကျုံးဟွားစောစောတုန်းကပြောခဲ့တဲ့စကားတွေ​​ကို သူလည်းမကျေနပ်သော်လည်း မျိုသိပ်၍ ပူးပေါင်းစွာပြောလာခဲ့သည်။ "တကယ်တော့ ကျုံးဟွားနဲ့ငါက အတူတူကြီးပျင်းလာကြတာ၊ ငယ်ငယ်ကတည်းက ကစားဖော်တွေလေ။ ငါတို့က မင်းထက်တော့ နှစ်နည်းနည်းပိုကြီးတယ်ဆိုတော့ မင်းမမှတ်မိတာကို နားလည်ပေးလို့ရပါတယ်ကွာ။" 


ကျုံးဟွားနှင့် ရှဲ့ယွီတို့ကို တစ်နှစ်တည်းမှာပဲ မွေးဖွားခဲ့တာဖြစ်သည်။ ကျုံးဟွားရဲ့ မိဘအိမ်မှာ ရှဲ့မိသားစုအိမ်နှင့် သိပ်မဝေးပေ။ သူတို့နှစ်ဦးစလုံးက ကောဖြစ်သည်ကြောင့် မကြာခဏအတူတူကစားကြ၊ အတူတူလယ်စိုက်ကြသည်။ သို့ရာတွင် သူတို့တွေအသက်ကြီးလာတာနဲ့အမျှ သူတို့ကြားက ကွာဟချက်က ပိုများလာခဲ့သည်။ 


ရှဲ့ယွီဟာ ကျေးလက်ကလေးတစ်ဦးဖြစ်သော်လည်း သူ့အသွင်အပြင်မှာ မြို့ထဲတွင် ကြီးပြင်းလာသော ယဥ်ကျေးသိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိသည့်ကောတွေနှင့် တူလေသည်။ ရွာရှိ လက်မထပ်ရသေးတဲ့ အမျိုးသားများအားလုံးမှာ ရှဲ့ယွီရဲ့အာရုံစိုက်မှုကိုရရှိရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ ရှဲ့ယွီက သူတို့ကိုသာ ရွေးချယ်လိုက်မည်ဆိုပါက လုံးဝကံကောင်းမှုကြီးတစ်ခုလိုပင်။ ထို့ကြောင့် ရှဲ့ယွီအိမ်ထောင်မပြုသေးသည့်နှစ်များတွင် ရှဲ့မိသားစုရဲ့ တံခါးခုံကျိုးသည်အထိ ပိုးပန်းသူတွေများခဲ့ကြသည်။ 


ကျုံးဟွားသည်လည်း ရွာမှာနာမည်ကြီးပင်။ သို့သော် သူကတော့ ဆန့်ကျင်ဘက်ပေါ့လေ။ သူကအသက်ကြီးလာလေလေ ပိုရုပ်ဆိုးလာတာဖြစ်သည်။ သူနဲ့ရှဲ့ယွီတို့ငယ်ငယ်တုန်းက လူကြီးတွေက ရှဲ့ယွီကိုသာ ချီးကျူးလေ့ရှိကြ၏။ ကျုံးဟွားသည် ရှဲ့ယွီနဲ့သာအတူရှိနေလျှင် သူ့အရိပ်အောက်အမြဲရောက်နေရသောကြောင့် ဖြေးဖြေးချင်း ရှဲ့ယွီနဲ့ ခပ်ခွာခွာနေလာတော့သည်။ 


ကျုံးဟွားက သူ့အပေါ် အေးစက်လာသည်ကို ခံစားရ၍ ရှဲ့ယွီလည်း ခဏတာဝမ်းနည်းသွားခဲ့သည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ရဲ့ခင်မင်မှုမှာ မှိန်ဖျော့သွားပေမယ့် အဆုံးသတ်တော့မဟုတ်ခဲ့ပေ။ ရှဲ့ယွီသည် ရုပ်ရည်ချောမောကာ အရည်အချင်းလည်းရှိပြီး နူးညံ့သိမ်မွေ့လေသည်။ လက်မထပ်ရသေးတဲ့အမျိုးသားတွေက လျှို့ဝှက်လေးစားကြသည့်အပြင် ရွာရှိကောအများစုမှာလည်း ရှဲ့ယွီကဲ့သို့ လူတော်တစ်ယောက်နှင့် အချိန်အတူတူဖြုန်းခြင်းဖြင့် သူတို့လည်း တဖြည်းဖြည်း ပိုကောင်းလာမည်ဟု ယုံကြည်သောကြောင့် ရှဲ့ယွီနှင့်ခင်မင်ရင်းနှီးရန် ဆန္ဒရှိခဲ့ကြသည်။ ထို့ကြောင့် ရှဲ့ယွီရဲ့ဘဝမှာ ကျုံးဟွားက မလိုတမာစိတ်ဖြင့် မျှော်လင့်ထားသလိုမျိုး အထီးကျန်ပြီး သနားစရာကောင်းတာမျိုး ဖြစ်မလာခဲ့ချေ။ 


ဆန့်ကျင်ဘက်အနေနဲ့ ကျုံးဟွားက ရှဲ့ယွီနဲ့ အကွာအဝေးထားပြီးမှသာ သူ့မှာ သူငယ်ချင်းအဖြစ် ရှဲ့ယွီတစ်ယောက်သာရှိမှန်းသိလိုက်သည်။ သူရဲ့ဆွဲဆောင်မှုမရှိတဲ့ရုပ်ရည်အပြင် ဒေါသကြီးပြီး လူတွေကို မကြာခဏစိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် မည်သူမျှသူနှင့် မခင်မင်လိုကြချေ။  


သည့်အပြင် ကျုံးဟွားက ရွှီချင်းကို တိတ်တိတ်လေးကျေးဇူးတင်နေခဲ့သည်။ ရွှီချင်းရဲ့ မျက်နှာအခြေအနေတွေကြောင့် လူတွေက သူ့ကို "ရုပ်ဆိုးဆိုးကော"လို့ သတ်မှတ်ကြ၍သာ၊ ကျုံးဟွားမှာ ကြည့်မကောင်းသော်လည်း အနည်းဆုံးတော့ သူ့မျက်နှာပေါ်မှာ ဝက်ခြံတွေမရှိဘူးလေ။ 


သို့ပေတည့် ဒီလိုဆိုရင်တောင်မှ ရှဲ့ယွီနှင့် ကျုံးဟွားတို့ရဲ့ ကံကြမ္မာမှာ လုံးဝမတူကြချေ။ ရှဲ့ယွီကို မြို့ထဲကမိသားစုမှ တင့်တောင်တင့်တယ်လာရောက်တောင်းရမ်းကြသဖြင့် ရွာရှိ လပ်မထပ်ရသေးတဲ့အမျိုးသားတွေမှာ မနာလိုပြီး မကျေမနပ်ဖြစ်ကြရသည်။ သူတို့က ပုန်းနေခဲ့ကြပြီး လျှို့ဝှက်စွာ ငိုခဲ့ရသည်။ ကျုံးဟွားအတွက်တော့ စိတ်မချမ်းမြေ့စရာပင်။ သူ့ကို မည်မျှလာရောက်မတောင်းရမ်းကြပေမယ့်လည်း သူကတော့ ရှဲ့ယွီထက် ပိုကောင်းတဲ့သူနဲ့ အိမ်ထောင်ပြုနိုင်မယ်လို့ သူယုံကြည်ခဲ့လေသည်! 


ထိုကြောင့် ကျုံးဟွားအိမ်ထောင်ပြုရမည့်အရွယ်ရောက်လာတော့ သူ့ရဲ့ပါတနာကိုဆုံးရှုံးခဲ့ရတဲ့ အန်းလဲ့ရွာမှ မုဆိုးဖိုတစ်ဦးနဲ့ တွဲဖက်ခံလိုက်ရတော့သည်။ ကျုံးဟွားမှာ ငိုယိုနေခဲ့ပြီး ပြင်းပြင်းထန်ထန်ခုခံနေခဲ့သည်ကြောင့် မြည်းလှည်းပေါ်ဆွဲတင်ခံရလုနီးနီးပင်။ ထိုမုဆိုးဖိုမှာ ကျုံးဟွားရဲ့ရုပ်ရည်ကို ဂရုမစိုက်ပေ။ သူ့ကလေးတွေကို ဂရုစိုက်ပေးပြီး လယ်အလုပ်မှာ ကူညီပေးနိုင်မယ့်သူကိုသာ လိုချင်တာဖြစ်လေ၏။ သူ့ကိုလက်ထပ်ပြီးနောက်တွင် ကျုံးဟွားက ကလေးသုံးယောက်မွေးခဲ့ပြီး နေ့တိုင်းလည်း လယ်အလုပ်တွေလုပ်ရသည်မို့ ရှိရင်းစွဲအသက်အရွယ်ထက် ပိုအသက်ကြီးပုံပေါ်နေခဲ့သည်။ 


မနေ့က ကျုံးဟွား ကြက်ဥရောင်းဖို့ မြို့ကိုသွားသောအခါ ဟင်းရွက်တွေဝယ်နေစဥ် အမေမာက တစ်ယောက်ယောက်နဲ့ စကားစမြည်ပြောနေတာကို ကြားလိုက်ရတာပင်။ ရှဲ့ယွီက မာမိသားစုနဲ့ကွာရှင်းကာ အိမ်ပြန်သွားပြီလို့ ကြားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ကျုံးဟွားက နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီး နောက်ဆုံးမှာ အသာစီးရသွားသလို ခံစားလိုက်ရ၏။ ကျုံးဟွားက စိတ်ကောင်းဝင်နေသဖြင့် သူ့ကြက်ဥတွေကို စျေးလျှော့ရောင်းကာ ညဘက်မှာလည်း ကောင်းကောင်းအိပ်ပျော်ခဲ့ပေသည်။ နောက်နေ့မနက်စောစောတွင် သူက အန်းလဲ့ရွာမှ မြန်မြန်ပြန်လာကာ ကွာရှင်းပြီးတဲ့နောက် ရှဲ့ယွီဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကို တကူးတကလာကြည့်ခြင်းပင်။ 


သို့ပေတည့် ရှဲ့ယွီနှင့်တွေ့သောအခါ သူမျှော်လင့်ထားသကဲ့သို့ သနားစရာကောင်းပြီး စိတ်ဆင်းရဲသည့်ပုံဖြစ်မနေခဲ့သဖြင့် အံ့သြသွားရသည်။ ရှဲ့ယွီက နေမကောင်းဖြစ်နေသော်လည်း သူ့ရဲ့အပြုအမူနှင့် အော်ရာမှာ လှပတင့်တယ်နေဆဲ။ ရွာရှိ ယခင်က"ရုပ်ဆိုးဆိုးကော"သည်လည်း သူ့မျက်နှာမှာ ကောလဟာလတွေအတိုင်း ပြန်ကောင်းသွားခဲ့ပြီ။ ကျုံးဟွားရဲ့ ရှိုးကောင်းကောင်းကြည့်ချင်တဲ့စိတ်မှာ လုံးလုံးပျက်စီးသွားခဲ့သည်။ 


"ဆိုတော့ ဒီလိုပေါ့လေ! ဒီလို'ထူးခြားတဲ့'ရုပ်ရည်ရှိတဲ့ "အစ်ကိုကြီးကျုံး"လို လူတစ်ယောက်ကို ကျွန်တော်မေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူးလေ!" ရွှီချင်းက အထူးတလည်ပြတ်ပြတ်သားသားဖြင့် "အစ်ကိုကြီးကျုံး" နှင့် "ထူးခြားတဲ့"​ဆိုတဲ့စကားလုံးတွေကို အသားပေးပြောလိုက်ရာ မလိုတမာစိတ်ရှိတဲ့ကျုံးဟွားကို ဆို့နင်သွားစေရန် ရည်ရွယ်ခဲ့တာဖြစ်သည်။ 


ရှဲ့ယွီမှာ ရွှီချင်းရဲ့စကားကို သဘောမတူပေမယ့်လည်း ကျုံးဟွားအမြင်တွင် ရှဲ့ယွီက သူ့ကို တမင်သက်သက်အရှက်ခွဲနေတာပင်! ရွှီချင်းက တမင်တကာ​အရှက်ခွဲခိုင်းနေတာပဲ! 


"မင်း! မင်းတို့ကောင်တွေ!" ကျုံးဟွားရဲ့ရင်ဘတ်မှာ ဒေါသကြောင့် မြင့်ချည်နိမ့်ချည်ဖြစ်လျက်။ "ရှဲ့ယွီ မင်းကများဘာတွေဂုဏ်ယူပြနေတာလဲ! 'ရုပ်ဆိုးဆိုးကော'ရွှီချင်းနဲ့ ပေါင်းပြီး ငါ့ကို အရှက်ခွဲရအောင် မင်းကဘာများကောင်းနေလို့လဲကွ! ဟုတ်တယ်၊ ငါက မင်းလောက် ကြည့်မကောင်းပါဘူး! ငါ့အိမ်ထောင်ရေးကလည်း မင်းထက်နိမ့်ပါတယ်! ဒါပေမယ့် ငါ့မှာ ကလေးသုံးယောက်ရှိတယ်လေ! အနည်းဆုံးတော့ ငါက အမေဖြစ်နိုင်သေးတယ်! မင်းကရော? *ဖေး!" 

(T/N: *တံတွေးထွေးသံပါ) 


ဝိဥာဥ်စမ်းရေသောက်ပြီးနောက် မျက်နှာအရောင်ပြန်ကောင်းလာစပြုသည့် ရှဲ့ယွီရဲ့ မျက်နှာမှာ ဖြူဖျော့သွားရပြီး ကျုံးဟွားရဲ့စကားလုံးတွေက သူ့နှလုံးသားထဲသို့ ကြောက်စရာကောင်းအောင် ထိုးဖောက်သွားခဲ့သည်။ 


"မင်းကိုဘယ်သူပြောတာလဲ? ငါ့ကိုပြောစမ်း!" ကျုံးဟွားအတွက် ရေနွေးကိုင်ရင်းဝင်လာတဲ့ အဒေါ်ရှဲ့က သူ့ရဲ့ကြမ်းတမ်းတဲ့စကားတွေကိုကြားတော့ ခွက်ကို ​စားပွဲပေါ်ဆောင့်ချလိုက်၏။ ထို့နောက် သူကရှေ့တိုးလာကာ ထိတ်လန့်နေတဲ့ ကျုံးဟွာကိုဆွဲလျက် "ငါ့သားက ကောင်းကောင်းနေနေတာ! ငါ့ကလေးအကြောင်းကို ဒီလိုမျိုးပြောနေရအောင် မင်းကဘယ်သူမို့လို့လဲ! သူ့မိဘတွေဖြစ်တဲ့ငါတို့တောင် ငါတို့ရှောင်ယွီလေးကို ဒီလိုမျိုးတွေမပြောဖူးဘူး!" 


မီးဖိုမှာဆေးကျိုနေတဲ့ ဦးလေးရှဲ့က ပင်မခန်းထဲမှာ လှုပ်လှုပ်ရှားရှားအသံတွေကြားပြီး အမြန်ပြေးလာကာ "ဘာဖြစ်ကြတာလဲ။ ဘာတွေဖြစ်နေတာလဲ?!" ဦးလေးရှဲ့သည် သူ့ဇနီးနှင့်သားတို့ရဲ့ မကျေမနပ်ဖြစ်နေတဲ့ အမူအရာနှင့် အဒေါ်ရှဲ့က ကျုံးဟွားကို ကိုင်ထားတာကိုကြည့်လိုက်ကာ ကျုံးဟွားက သူမပြောသင့်သည့်စကားကို ပြောလိုက်မှန်း နှစ်ခါစဥ်းစားစရာမလိုဘဲ သိလိုက်ပြီ! 


"ထွက်သွားတော့!" 


အဒေါ်ရှဲ့မှာ လူကြီးတစ်ယောက်ရဲ့ကျင့်ဝတ်တွေကို ဂရုမစိုက်တော့ဘဲ ကျုံးဟွားလက်ကို အတင်းဆွဲကာ ခြံတံခါးဆီသို့ ဆွဲခေါ်သွားခဲ့သည်။ 


"ခင်ဗျားဘာလုပ်တာလဲ?! ဒါက ဘယ်လိုအပြုအမူမျိုးလဲ! ရှဲ့ယွီကကွာရှင်းခံရပြီး နှင်ထုတ်ခံလိုက်ရတာက အံ့သြစရာမရှိဘူးပဲ! မာမိသားစုက တခြားတစ်ယောက်နဲ့ လက်ထပ်ချင်နေတာ အံ့သြစရာမဟုတ်ဘူးပဲ!" 


"ဘာ!" ထိုစကားများထွက်လာသည်နှင့် လူတိုင်း ထိတ်လန့်သွားကြသည်။ အဒေါ်ရှဲ့ကြောင်အနေတုန်း ကျုံးဟွားက အခွင့်ကောင်းယူကာ သူ့လက်ကိုအတင်းပြန်ဆွဲထုတ်လိုက်၏။ အရမ်းနာတာပဲဟ! 


ရှဲ့ယွီက သူ့ကိုထောက်ပံ့ပေးထားတဲ့ ရွှီချင်းကို တွန်းဖယ်ကာ မိုးဖွဲဖွဲလေးရွာနေဆဲ ခြံဝင်းဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး သူ့လက်ကောက်ဝတ်ကို ပွတ်နေသေးတဲ့ကျုံးဟွားကို ကြည့်လိုက်သည်။ 


"ထပ်ပြောစမ်း၊ မာဖူကွေ့က ဘယ်သူနဲ့ လက်ထပ်မှာလဲ" 


ကျုံးဟွားသည် နာကျင်နေဆဲ လက်ကောက်ဝတ်ကိုပွတ်သပ်ပြီး ရှဲ့ယွီအားဒေါသတကြီးအော်ဟစ်ကာ "ဘာလဲ မင်းမကြားသေးဘူးလား! မနက်ဖြန်ကျရင် မာဖူကွေ့က တခြားကောတစ်ယောက်နဲ့လက်ထပ်တော့မှာလေ! မင်းကတော်တော်လုပ်နိုင်စွမ်းရှိတယ်လို့ ငါထင်ခဲ့ပေမယ့် ကိုယ့်လူကိုယ်တောင် မထိန်းထားနိုင်ဘူးပဲဟ!" 


"အား!! ကယ်ကြပါဦး! လူသတ်နေပါတယ်လို့!!" 


အဒေါ်ရှဲ့သည် ခွေးခြေခုံကိုကောက်ယူပြီး ကျုံးဟွားဆီပစ်လိုက်သဖြင့် ကျုံးဟွားလည်း အထိတ်တလန့်ဖြင့် ခုန်ပေါက်ကာအော်ဟစ်လိုက်၏။ အဒေါ်ရှဲ့က အော်ဟစ်နေတဲ့ကျုံးဟွားကို အပြင်သို့ အတင်းဆွဲထုတ်ကာ ခြံဝင်းတံခါးကို ဆောင့်ပိတ်ချလိုက်သည်။ 


"အစ်ကိုရှောင်ယွီ" 


ရွှီချင်းလည်း ရှဲ့ယွီခေါင်းပေါ်ကို ထီးဆောင်းပေးရင်း ညင်သာစွာခေါ်လိုက်သည်။ ရှဲ့ယွီဆံပင်မှာ မိုးရေကြောင့် စိုရွှဲသွားကာ သူ့အဝတ်အစားလည်း အတော်လေးစိုသွားခဲ့သည်။ ထိုသတင်းကြောင့် သူ့မျက်ဝန်းထဲမှာလည်း နာကျင်ဝမ်းနည်းမှုတို့ပြည့်နှက်နေလျက်။  


မနေ့ကလေးတင် မာဖူကွေ့နှင့် သူကွာရှင်းထားခဲ့တာလေ၊ နောက်တစ်ရက်ကျတော့ သူက တခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုပဲ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ မာမ်သားစုက အားလုံးပြင်ဆင်ခဲ့ပြီးသားပေါ့လေ! ဒီလောက်နှစ်တွေအကြာကြီးမှာ သူက မာဖူကွေ့အတွက် တကယ်ပဲဘာများလဲ! 


"အစ်ကိုရှောင်ယွီ!" 


"ရှောင်ယွီ!" 


"ရှောင်ယွီ!" 


ရှဲ့ယွီရဲ့ခန္ဓာကိုယ်မှာ အကြိမ်နည်းနည်းယိမ်းယိုင်သွားတာကို မြင်လိုက်၍ ရွှီချင်းမှာ တစ်ခုခုမှားနေပြီမှန်း ခံစားလိုက်ရချိန်မှာပင် ရှဲ့ယွီမေ့လဲကျသွားလေ၏! ရွှီချင်းမှာ သူ့ကိုဖမ်းရန် အသည်းအသန်လက်ဆန့်ထုတ်လိုက်ရာ ကိုင်ထားတဲ့ထီးမှာ အောက်ပြုတ်ကျသွားတော့သည်။ 


*** 


အဲ့ဒီလူက ဒီကိုထပ်ရောက်လာပြန်ပြီ။ 


ရှဲ့ယွီ အနည်းငယ်ပွင့်နေသည့် ခြံဝင်းတံခါးမှ ပြီးခဲ့တဲ့လအနည်းငယ်လောက်ကစ၍ သူတို့အိမ်တံခါးနှင့် မနီးမဝေးတစ်နေရာတွင် လာလာထိုင်လေ့ရှိတဲ့ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူကအရပ်ရှည်ပေမယ့် အရမ်းပိန်ပါးသည်။ ထိုလူမှာ လွန်ခဲ့တဲ့လအနည်းငယ်လောက်ထဲက လက်ထပ်ခွင့်လာတောင်းတဲ့သူဖြစ်၏။ သူ့မိသားစုက မြို့ထဲကဖြစ်သည်ကြောင့် ရွာမှာတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ ဤအတောအတွင်း သူ့ကို လက်ထပ်ခွင့်တောင်းရန်အတွက် မြို့တွင်းမှတစ်စုံတစ်ယောက်ကို ဘယ်လိုဆွဲဆောင်ခဲ့သလဲဆိုတာတောင် လျှို့ဝှက်မေးမြန်းခဲ့ကြသည်။ 


ရှဲ့ယွီ ဝင်းတံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး အနည်းငယ်ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ မာဖူကွေ့က လက်ထပ်ဖို့ကမ်းလှမ်းခြင်းမပြုမီတွင် သူနှင့်မတွေ့ဖူးသလို အချင်းချင်းစကားလည်းမပြောဖူးပေ။ လက်ထပ်ခွင့်ကိုလက်မခံခင် သင့်တော်တာလေးအရင်ရှာကြည့်ပြီးမှ လက်ခံဖို့ ရှဲ့ယွီကိုပြောခဲ့သည်မှာ သူ့အမေကိုယ်တိုင်ပင်။ ထို့ကြောင့် လွန်ခဲ့တဲ့လအနည်းငယ်မှာ မာဖူကွေ့က အချိန်ရတိုင်း အိမ်တံခါးနားမှာ လာထိုင်စောင့်နေခဲ့သည်။ ရှဲ့ယွီထွက်လာသည်နှင့် သူကရှေ့တိုးလာပြီး ကူညီပေးတတ်တာကြောင့် ရှဲ့ယွီလည်း စိတ်မသက်မသာဖြစ်ရ၏။ ဒီလိုမျိုးရုတ်တရက် စိတ်အားထက်သန်မှုနဲ့ သူလိုက်လျောညီထွေမဖြစ်နိုင်သေးချေ။ 


အဒေါ်ရှဲ့ ဟင်းရွက်တစ်ခြင်းကိုင်ထားရင်း ထွက်လာရာ သူ့သားက ခြံဝင်းတံခါးကို တင်းတင်းပိတ်လိုက်တာကို တွေ့လိုက်ရသည်။ "ဘာဖြစ်လို့လဲ? အဲ့ဒီလူက ထပ်ရောက်လာလို့လား?" 


ရှဲ့ယွီမှာ အဒေါ်ရှဲ့ရဲ့ ရွှတ်နောက်နောက်လေသံကိုကြားလိုက်ရ၍ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်၏။ ရိုးရိုးသားသားပြောရလျှင် ရှဲ့မိသားစုတွင် တစ်ဦးတည်းသော ကလေးဖြစ်သောကြောင့် လက်ထပ်ပြီးထွက်သွားဖို့ အစီအစဉ်မရှိပေ။ မူလက သူသည် ခင်ပွန်းဖြစ်သူကို သူ့မိသားစုဆီလက်ထပ်ဝင်စေချင်သော်လည်း သူ့မိဘများက သဘောမတူကြချေ။ သူတို့ကမအိုသေးလို့ သူတို့ဘာသာနေနိုင်တယ်လို့ ပြောခဲ့ကြသည်။ ရှဲ့ယွီက အရမ်းတော်တာမို့ ကောင်းမွန်သည့်မိသားစုနဲ့ လက်ထပ်သင့်တာဖြစ်ပြီး သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့နှစ်တွေကို မဖြုန်းတီးသင့်ပေ။

Thanks for reading!