Ch-33
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၃၃)



T/N: အခုက ရှဲ့ယွီရဲ့ အတိတ်အကြောင်းကို ပြန်​ပြောနေတာပါနော်။


"ဒီကလေးက ငါ့ကိုလိုက်ခဲ့တဲ့ မင်းအဖေတုန်းကထက်တောင် ပိုတက်ကြွနေလိုက်တာ" အဒေါ်ရှဲ့က သူ့သားအား လက်ထပ်ခွင့်ကမ်းလှမ်းချက်တွေ ချဥ်းကပ်လာကြသည်ကိုမြင်ပြီး မှတ်ချက်ပြုလေသည်။ ထိုအချိန်က သူနှင့်လောင်ရှဲ့တို့အကြောင်းကို ပြန်တွေးနေမိသည်။ ထိုအချိန်ကာလမှာ ဝေးသထက်ဝေးလာခဲ့ပြီ။ အချိန်က တကယ်ပဲ ဘယ်သူ့ကိုမှ မစောင့်ဘူးပဲ! 


ရှဲ့ယွီက သူ့အမေကို သန့်ရှင်းရေးလုပ်ရန် ကူညီပေးခဲ့ပြီး အတိတ်ကိုတသသလွမ်းဆွတ်နေတဲ့စကားတွေကို ကြားလိုက်ရ၏။ ဘဝရဲ့အခက်အခဲတွေ​​ကြောင့် အိုမင်းလာခဲ့တဲ့ သူ့အမေရဲ့လက်ကိုကြည့်၍ သူ့နှလုံးသားမှာ အနည်းငယ်ချဉ်စူးသွားရလျက်။ သူအိမ်ထောင်ကျပြီးထွက်သွားခဲ့ပါက ရှဲ့မိသားစုထဲမှာ သူ့အဖေနှစ်ယောက်ပဲ ကျန်တော့မှာပေါ့။ သူတို့ကလေးနှင့် ခွဲခွာရတဲ့နာကျင်ခံစားမှုမျိုးကို သူ့မိဘတွေခံစားရမည်ကို သူသည်းမခံနိုင်ချေ။ 


"ရှဲ့မိသားစုအိမ်လား? အိမ်မှာ တစ်ယောက်ယောက်ရှိလားဗျို့။ မင်းရဲ့ခင်ပွန်း တစ်ခုခုဖြစ်သွားလို့!!" 


ရှဲ့အိမ်တံခါးဝဆီ အလျင်စလိုခြေသံတွေ ဖရိုဖရဲဖြင့် ရောက်လာခဲ့သည်။ ဧည့်သည်ရဲ့ စိုးရိမ်ဖွယ်အသံကျယ်ကျယ်မှာ အဒေါ်ရှဲ့နှင့် ရှဲ့ယွီတို့ရဲ့နားထဲ တိုးဝင်လာလျက်။  


"မြန်မြန်! တံခါးမြန်မြန်ဖွင့်!" 


သူ့ခင်ပွန်းတစ်ခုခုဖြစ်သွားတာကိုကြားသည်နှင့် အဒေါ်ရှဲ့က တံခါးကိုဖွင့်ပေးဖို့ ရှဲ့ယွီကို အလျင်စလိုအော်ပြောလိုက်ပေမယ့် အဒေါ်ရှဲ့ကတော့ တုန်ယင်နေခဲ့သည်ပင်! 


"ဦးလေးလျို ကျွန်တော့်အဖေဘာဖြစ်သွားလို့လဲဗျ?" ရှဲ့ယွီက ခြံတံခါးဝတွင် ရွှံ့တွေဖုံးနေတဲ့ဦးလေးလျိုကို ကြည့်လိုက်ပေမယ့် သူ့အဖေကိုမတွေ့သဖြင့် ပို၍ပင်စိုးရိမ်လာခဲ့သည်။ 


"ရွာထိပ်က ဝူမိသားစုအိမ်ကိုပြင်ပေးနေရင်း မတော်တဆချော်လဲပြီး ပြုတ်ကျသွားတာ..." 


အဒေါ်ရှဲ့လည်း သူ့အမြင်အာရုံမှာ မှောင်မည်းသွားရလျက်။ ထိုအဖြစ်အပျက်ကိုကြားသည်နှင့် သူပြေးသွားပြီးရှာချင်ခဲ့သော်လည်း သူ့ဘာသာ မတော်တဆခလုတ်တိုက်လဲသွားကာ မြေပြင်ပေါ်ပြုတ်ကျသွား၍ ဟင်းရွက်ဇလုံလည်းမှောက်ကျသွားခဲ့သည်။ ရှဲ့ယွီမှာ စိုးရိမ်ပူပန်သွားရသလို တုန်လှုပ်သွားရ၏။ သူ့အနောက်မှအသံကိုကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ကာ အဒေါ်ရှဲ့အခြေအနေကို တွေ့လိုက်ရသည်။ သူမြန်မြန်ပြေးကူလိုက်ပေမယ့် အဒေါ်ရှဲ့ကတားလာခဲ့၏။ 


"မြန်မြန်! မင်းအဖေကို သွားကြည့်စမ်း!" 


"အမေ!" 


"မြန်မြန်သွား!" 


ရှဲ့ယွီလည်း ရွေးချယ်စရာမရှိတော့ဘဲ အဒေါ်ရှဲ့ကို အမြန်ထောက်ပံ့ကူပေးခဲ့ပြီး သတင်းလာပို့ပေးသည့် ဦးလေးလျိုနောက် အလျင်စလိုပြေးလိုက်ခဲ့သည်။ 


"မြန်မြန်! ရှေ့ကဖယ်ပေးပါ! ရှဲ့အိမ်ကသားရောက်လာပြီ!" 


ရှဲ့ယွီက ဝူမိသားစုအိမ်သို့ရောက်သည်နှင့် ဝိုင်းဖွဲ့နေတဲ့လူအုပ်ကြီးကို တွေ့လိုက်ရသည်။ တွေးတောင်တွေးစရာမလိုဘဲ အလယ်ဗဟိုမှာ ဘယ်သူရှိလဲဆိုတာကို သူသိလိုက်ပြီ။ သူ့ရဲ့စိုးရိမ်စိတ်တွေကြောင့် ပိုမြန်မြန်ပြေးလာလျက်! 


ရှဲ့ယွီရောက်လာသည်ကိုမြင်ကြ၍ ရွာသားများသည် ဒဏ်ရာရသွားတဲ့ဦးလေးရှဲ့ဆီ သွားဖို့ လမ်းဖယ်ပေးလိုက်ကြ၏။ 


ရှဲ့ယွီမှန်းဆထားသည်နှင့်ဆန့်ကျင်စွာပင် သွေးစီးကြောင်းတို့ရှိမနေချေ။ ဦးလေးရှဲ့က အနည်းငယ်ညစ်ပေနေသော်လည်း သူ့ကိုယ်ပေါ်တွင် သွေးစွန်းပေနေခြင်းမရှိပေ။ ထို့ကြောင့် ရှဲ့ယွီလည်း အနည်းငယ် စိတ်သက်သာရာသွားလျက်။ ဦးလေးရှဲ့က သူ့ကိုပြုံးပြဖို့ကြိုးစားနေသေး၏။ သို့ပေတည့် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျေးလက်သမားတော် ဦးလေးရှဲ့ရဲ့ ညာခြေထောက်ကို အဝတ်ဖြင့်ထုပ်လိုက်တာကို ရှဲ့ယွီတွေ့လိုက်ရတော့ ထိတ်လန့်တုန်လှုပ်သွားရသည်! 


"အဖေ! အဖေရဲ့ခြေထောက်တွေက?!" 


ကျေးလက်သမားတော်က ပြုတ်ကျသည်မှ အရိုးကျိုးသွားသည့် ဦးလေးရှဲ့ရဲ့ ညာခြေထောက်ကို သေသေချာချာစည်းနှောင်ကာ "မင်းရဲ့အဖေက ကံကောင်းတယ်လို့ပြောရမယ်။ ဒီလောက်အမြင့်ကနေပြုတ်ကျတာကို အောက်မှာအခံတစ်ခုခုရှိနေတာ တကယ်ကောင်းသွားတာ။ ဟုတ်ပြီ၊ ငါ ရိုးရိုးလေးပဲ သူ့ခြေထောက်တွေကို စည်းထားပေးတာပဲ။ သေချာစစ်ဆေးဖို့အတွက် မြို့ကို မြန်မြန်ခေါ်သွားတော့။ မဟုတ်ရင် အချိန်နှောင့်နှေးသွားရင် ဒဏ်ရာကပိုဆိုးလာလိမ့်မယ်!" 


ရှဲ့ယွီလည်း ကျေးလက်သမားတော်ကို ကျေးဇူးတင်စကားပြောလိုက်ကာ ရွာသားများရဲ့ အကူအညီဖြင့် အမြင့်မှပြုတ်ကျထား၍ ခေါင်းမူးဝေနေဆဲ ဦးလေးရှဲ့ကို ဝူမိသားစုရဲ့ မြည်းလှည်းပေါ်သို့ မတင်ပေးကြသည်။ ရှဲ့ယွီက အိမ်မှာစောင့်နေတဲ့အဒေါ်ရှဲ့ထံ တစ်ယောက်ယောက်ကို သတင်းစကားပို့ပေးဖို့အကူအညီတောင်းပြီးနောက် မြည်းလှည်းစီးကာ ဦးလေးရှဲ့နှင့်အတူတူ မြို့ထဲပါသွားလေသည်။ 


"ကံကောင်းထောက်မစွာနှင့် တစ်ယောက်ယောက်က ဒီဦးလေးရဲ့ ဒဏ်ရာကို ကောင်းကောင်းကြိုပြီး ဂရုစိုက်ထားလို့ပေါ့၊ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်မှာပဲ။" 


ဦးလေးရှဲ့ရဲ့ ခြေထောက်ကို စစ်ဆေးပေးနေသူမှာ သန်သန်မာမာနှင့် အရပ်ရှည်ရှည်လူငယ်သမားတော်တစ်ယောက်ပင်။ ရှဲ့ယွီက သူ့အသက်ငယ်နေသည်မို့ သူ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို ပထမတော့ မယုံကြည်ခဲ့ပေ။ သို့ရာတွင် သူ့အဖေရဲ့ ခြေထောက်ကို ကျွမ်းကျွမ်းကျင်ကျင်နှင့် မြန်မြန်ဆန်ဆန် နေရာပြန်ချထားတာကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။ 


"စိတ်မပူပါနဲ့၊ ဒီသမားတော်ငယ်လေးက မင်းထက်အသက်မကြီးပေမယ့်လည်း သူ့ရဲ့စကေးတွေက သမားတော်ကြီးလင်းဆီက အမွေရထားတာလေ။ သူကအရမ်းတော်တာနော်! ပြီးခဲ့တဲ့လတုန်းက ငါ့ကလေးအဖျားကြီးတော့ မြို့ထဲက တခြားဆေးခန်းနှစ်ခုသွားခဲ့တာလေ၊ ဒါပေမယ့် သူတို့က ငါတို့လာတာနောက်ကျသွားပြီလို့ပြောကြတယ်! ငါလည်းမယုံဘူးပေါ့! ငါ့ကလေးကို သမားတော်ကြီးလင်းဆီ လာပြတော့ သူ့ကိုကုပေးလိုက်တဲ့သူက သမားတော်လင်းဖန်းလျန်ပဲ!" 


ဦးလေးရှဲ့နှင့် ရှဲ့ယွီတို့ကို လင်းမိသားစုဆေးခန်းဆီ ခေါ်လာခဲ့သူမှာ ဝူမိသားစုအမျိုးသားပင်။ ရှဲ့ယွီရဲ့ သံသယဖြစ်နေတဲ့အမူအရာကို မြင်လိုက်၍ သူဘာကိုစိုးရိမ်နေသလဲဆိုတာကို သူလည်းနားလည်သဖြင့် ပေါ့ပေါ့ပါးပါးရှင်းပြလိုက်လေသည်။ 


လင်းဖန်းလျန်သည် ဦးလေးရှဲ့ရဲ့ ခြေထောက်ကို ဂရုတစိုက်နေရာမှန်ပြန်ထားလိုက်ပြီး ဝူမိသားစုအမျိုးသားရဲ့စကားတွေကို ကြားလိုက်တော့ ခေါင်းမော့ကြည့်လာကာ ရှက်ရွံ့နေတဲ့ရှဲ့ယွီကို တွေ့လိုက်ရသည်။ သူကတောင်းပန်ဟန်အမူအရာဖြင့်ပြောလာခဲ့၏။ "ဒီလူငယ်လေးကို အပြစ်မတင်ပါနဲ့။ ငါ့ရဲ့ဆေးပညာကို တိုးတက်အောင် အများကြီးကြိုးစားသင်ယူဖို့လိုပါသေးတယ်။" 


ရှဲ့ယွီမှာ လင်းဖန်းလျန်က ထောက်ထားညှာတာစွာ အခြေအနေကိုဖြေလျော့ပေးတာကို မြင်သဖြင့် သူ့ခမျာ ပို၍ပင် ရှက်ရွံ့သွားရ၏။ သို့ပေမယ့် သူဘယ်လိုပြန်ပြင်ပြောရမှန်းတော့မသိ​သောကြောင့် လင်းဖန်းလျန်ကို တောင်းပန်သည့်အပြုံးသာ ပြုံးပြနိုင်ခဲ့သည်။ 


"ရှောင်ယွီ! အခြေအနေဘယ်လိုလဲ?!" 


ရှဲ့ယွီ လှည့်ကြည့်လိုက်သည်နှင့် မာဖူကွေ့က ထောက်ပံ့ခေါ်လာတဲ့ အဒေါ်ရှဲ့ကို တွေ့လိုက်ရ၏။ သူတို့မြည်းလှည်းပေါ်မှဆင်းလာပြီး လင်းဆေးခန်းထဲ ဝင်လာခဲ့ကြသည်။ အဒေါ်ရှဲ့မေးလိုက်သည့်အခါမှ လင်းဖန်းလျန်လည်း သူ့စိတ်တည်ငြိမ်မှုကို ချက်ချင်းပြန်ရသွားခဲ့ပြီး ဦးလေးရှဲ့အတွက် ဆေးယူပေးရန် ဆေးဗီရိုဆီလျှောက်သွားပေ၏။ 


"အမေ အားလုံးအဆင်ပြေပါတယ်။ အဖေက ဆေးလိမ်းပြီး ခဏလောက်အနားယူဖို့လိုတယ်လို့ သမားတော်ကပြောတယ်။ အဖေလဲကျသွားခဲ့ပေမယ့် ခေါင်းကိုမထိလိုက်ဘူးဆိုပေမယ့် နည်းနည်းခေါင်းမူးနေသေးလို့။ ခဏလောက် အနားယူပြီးရင် သူနေပြန်ကောင်းလာမှာပါ" 


အဒေါ်ရှဲ့က အိပ်ပျော်နေတဲ့ဦးလေးရှဲ့ဆီသွားကြည့်ဖို့ ရှဲ့ယွီကခေါ်သွားပေးလိုက်သည်။ "ကောင်းလိုက်တာ၊ ကောင်းလိုက်တာ။ အခုတော့အဆင်ပြေသွားပြီပဲ။" အဒေါ်ရှဲ့က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ဦးလေးရှဲ့ရဲ့ မျက်နှာကို ညင်ညင်သာသာလေးထိကြည့်လိုက်သည်။ ဦးလေးရှဲ့သာ ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်သွားခဲ့ပါက သူ့ကမ္ဘာကြီးရော သူ့ဘဝတစ်ခုလုံးပါ ဆုံးရှုံးသွားတော့မလိုပင်။ 


"ကျေးဇူးတင်ပါတယ်" 


ရှဲ့ယွီလည်း သူ့ဘေးနားက မာဖူကွေ့ကို ကျေးဇူးတင်စကားတိုးတိုးလေးပြောလိုက်၏။ လင်းဖန်းလျန်မှာ အရူးမဟုတ်ပေ။ အဒေါ်ရှဲ့နှင့် မာဖူကွေ့တို့ လှည်းပေါ်ကအတူတူဆင်းလာကြသည်ကိုတွေ့လိုက်၍ အဒေါ်ရှဲ့ကိုခေါ်လာပေးတဲ့သူမှာ မာဖူကွေ့ဖြစ်မှန်း သူသိလိုက်သည်။  


"မလိုပါဘူးကွာ။ မင်းရဲ့ကိစ္စ၊ မင်းတို့မိသားစုကိစ္စဖြစ်နေသရွေ့တော့ ငါဆိုတဲ့မာဖူကွေ့နဲ့ဆိုင်တာပဲပေါ့ကွာ။" 


လင်းဖန်းလျန်က ဦးလေးရှဲ့အတွက် ကုသစရိတ်ကို ဝူမိသားစုအမျိုးသားဆီမှ လက်ခံယူလိုက်သည်။ လင်းဖန်းလျန်လည်း မာဖူကွေ့နှင့် ရှဲ့ယွီတို့ အချင်းချင်းရင်းနှီးနေကြတာကို သတိထားမိလိုက်သဖြင့် သူ့နှလုံးသားလေးမှာ တစ်ဒုတ်ဒုတ်ခုန်သွားရ၏။ ဝူမိသားစုအမျိုးသားလည်း လင်းဖန်လျန်က ရှဲ့ယွီဆီကို စိုက်ကြည့်နေတာကိုတွေ့၍ အနားကပ်ကာ အသံတိုးတိုးဖြင့် ပြောပြခဲ့သည်။ "သူက ရှဲ့ကောအာရဲ့စေ့စပ်ထားတဲ့သူလေ!" 


မာဖူကွေ့ရဲ့လက်ထပ်ခွင့်ကမ်းလှမ်းချက်ကို ရှဲ့မိသားစုက လက်မခံရသေးသော်လည်း မာဖူကွေ့ရဲ့အလျော့မပေးတဲ့ဗီဇကြောင့် ရွာသားတွေလည်း ဤမိသားစုနှစ်စုကြားထဲတွင် တစ်ခုခုရှိနေပြီလို့ ယူဆထားလိုက်ကြသည်။ 


"ခင်ပွန်းလောင်းပေါ့လေ?" လင်းဖန်းလျန်လည်း အနည်းငယ်ဝမ်းနည်းသွားရ၏။ သူက ဝူမိသားစုအမျိုးသားဆီ ပြန်အမ်းငွေပေးပြီးနောက် သူ့ရဲ့ဆေးဖက်ဝင်အပင်တွေဆီနောက်တစ်ခါပြန်မနစ်မြှုပ်သွားခင် ရှဲ့မိသားစုပြန်သွားသည်ကို ကြည့်နေခဲ့လျက်။ 


ဦးလေးရှဲ့ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် မာဖူကွေ့မှာ ပို၍ပင် အားတက်သရောအလည်ခဲ့သည်။ အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့ကလည်း မာဖူကွေ့ကို ပို၍စိတ်တိုင်းကျလာကြ၏။ 


ထို့အပြင် ဦးလေးရှဲ့ရဲ့ အခြေအနေမေးမြန်းဖို့ရာ မာဖူကွေ့မိဘတွေကလည်း ရှဲ့မိသားစုအိမ်သို့ မကြာမကြာအလည်ရောက်လာကြလျက်။ ထို့ကြောင့်ပင် ရွာသားတွေကလည်း ရှဲ့နှင့်မာတို့ရဲ့လက်ထပ်ပွဲကို လက်ခံလာခဲ့ကြပြီး မနာလိုသူအနည်းငယ်မှာလည်း လက်မခံနိုင်ကြပေမယ့် ထွေထွေထူးထူးဘာမှမပြောနိုင်ခဲ့ကြချေ။ 


ထိုအချိန်တုန်းက ရှဲ့ယွီသည်လည်း မာဖူကွေ့က လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ခံစားမိခဲ့ပြီး ထို့ထက် ပို၍အရေးကြီးသည်မှာ သူက သူ့မိသားစုအပေါ် ကောင်းကောင်းဆက်ဆံပေသည်။ ဒီလိုနဲ့ပဲ ဦးလေးရှဲ့သက်သာလာပြီးမကြာခင်မှာပင် ရှဲ့ယွီလည်း ခမ်းနားတောက်ပလှသည့် ခန်းဝင်ပစ္စည်းတွေနှင့် မာမိသားစုဆီလက်ထပ်ဝင်ခဲ့တော့သည်။ 


ပထမတစ်နှစ်၌ သူတို့နှစ်ဦးလည်း အတော်လေးအဆင်ပြေပြေနေထိုင်ခဲ့ကြရာ ရှဲ့ယွီရဲ့ ကိုယ်ဝန်လက္ခဏာကို အနီးကပ်စောင့်ကြည့်နေတဲ့ အမေမာမှလွဲရင် အရာအားလုံးမှာ အဆင်ပြေချောမွေ့နေလျက်။ သို့ရာတွင် ဒုတိယနှစ်၊ တတိယနှစ်…ကျော်လွန်လာပြီးနောက် ရှဲ့ယွီမှာ ကိုယ်ဝန်လက္ခဏာမပြခဲ့သဖြင့် မာစုံတွဲမှာ မကျေနပ်ချက်တွေတိုးလာခဲ့သည်။ ကလေးတစ်ယောက်တောင်းဆုပြုဖို့ တောင်ပေါ်ဘုရားကျောင်းကို သွားသည့်အခါတွင် အမေမာက "ကိုယ်ဝန်ရဆေး"အကြောင်း တစ်ယောက်ယောက်ပြောနေတာကို နားစွန်နားဖျားကြားလိုက်၍ သူက အနားကပ်ကာ ဂရုတစိုက်နားထောင်လိုက်ပြီးနောက် အဲ့ဒီလူဆီမှ "ကိုယ်ဝန်ရဆေး"ကို ငွေအနည်းငယ်သုံး၍ ဝယ်ခဲ့လိုက်သည်။ 


ထို့နောက် ထိုရက်အနည်းငယ်အတွင်း ရှဲ့ယွီမှာ အအေးမိသွားသောကြောင့် အမေမာသည် "ကိုယ်ဝန်ရဆေး"ကို ပြင်ဆင်ထားသည့် အအေးမိပျောက်ဆေးထဲသို့ လျှို့ဝှက်စွာ လောင်းချကာ ရှဲ့ယွီအား တစ်စက်မှမကျန်အောင်ခိုင်းလိုက်တော့သည်။ 


ရလဒ်အနေဖြင့် ရှဲ့ယွီ ထိုညတွင် အဖျားကြီးလာပြီး ထိုအချိန်မှစ၍ သူ့ကျန်းမာရေးမှာလည်း ပိုဆိုးလာခဲ့သည်။ သူက အိပ်ရာထဲတွင်ပင်လှဲနေခဲ့ရပြီး တစ်ချိန်လုံးဖျားနာနေခဲ့၏။ အမေမာသည် ရှဲ့ယွီဆီမှ အဖျားကို မာဖူကွေ့ဆီကူးသွားမှာစိုးရိမ်သောကြောင့် သူတို့ကို အတင်းအကျပ်အိပ်ရာခွဲအိပ်ခိုင်းလိုက်သည်။ လက်ထပ်ပြီးသားစုံတွဲအနေဖြင့် ဤအဖြစ်အပျက်မှာ သူတို့ရဲ့ဆက်ဆံရေးကို လေးလံတင်းကျပ်စေခဲ့၏။ 


မနက်ပိုင်း၌ မာဖူကွေ့က ဆိုင်သို့သွားရကာ ညနေပိုင်းမှသာ ပြန်လာရသည်။ တဖြည်းဖြည်းနှင့် သူတို့တွေ့ဆုံရသည့်အချိန်မှာ ပို၍တိုတောင်းလာခဲ့ပြီး သူတို့ရဲ့စကားဝိုင်းမှာလည်း ပို၍ပင် နည်းပါးလာခဲ့လျက်။ ဒီလိုအဖြစ်အပျက်မှာ ရှဲ့ယွီ၏နှလုံးသားလေးကို ပို၍အေးစက်သထက် အေးစက်လာစေခဲ့သည်။ 


*** 


ရှဲ့ယွီလဲကျသွားချိန်မှာ ရွှီချင်းက အမြန်ဖမ်းလိုက်ပေမယ့် မတည်ငြိမ်သဖြင့် နှစ်ယောက်လုံးမြေကြီးပေါ်လဲကျသွားကာ ရွှံ့တွေပေလူးသွားရသည်။ အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့က ရွှီချင်းကို ထဖို့အမြန်ကူညီကြပြီးနောက် သူ့လက်မောင်းထဲ သတိလစ်နေတဲ့ရှဲ့ယွီကို မလိုက်၏။  


"ရှောင်ယွီ! ရှောင်ယွီ!" 


"အစ်ကိုရှောင်ယွီ!" 


"မဖြစ်ဘူး၊ ငါတို့ သူ့ကို ဆရာဝန်ပြဖို့ မြို့ကို ခေါ်သွားရမယ်။ မိန်းမရေ မင်းကပိုက်ဆံသွားယူလိုက်။ ငါမြည်းလှည်းသွားငှားလိုက်မယ်။ ချင်းကောအာက မင်းရဲ့အစ်ကိုရှောင်ယွီကို ကူကြည့်ထားပေးပါဦး!" 


ဦးလေးရှဲ့စီစဉ်ပြီးသည်နှင့် သူတံခါးအပြင်ကို အမြန်ထွက်လိုက်သည်။ 


"ဦးလေးရှဲ့?" လီချန်ဖုန်းက တံခါးခေါက်တော့မည့်အချိန်မှာ မြည်းလှည်းသွားငှားရန် အလျင်လိုနေတဲ့ဦးလေးရှဲ့နှင့် ဝင်တိုးမိသည်။ 


"ချန်ဖုန်းရေ အစ်ကိုရှောင်ယွီ မူးလဲသွားလို့! ဦးလေးရှဲ့က မြည်းလှည်းသွားငှားဖို့လိုနေလို့!" လီချန်ဖုန်းက ရွှီချင်းအသံကိုကြားလိုက်ရ၍ အမြန်ပြေးလာခဲ့ပြီး လူတစ်ယောက်ကို သူ့လက်မောင်းထဲမှာ ပိုက်ထားတဲ့ရွှီချင်းကို တွေ့လိုက်ရ၏။ အဒေါ်ရှဲ့က ပိုက်ဆံနဲ့ထွက်လာသည့်အခါ လီချန်ဖုန်းကိုတွေ့လိုက်ရ၍ "ချန်ဖုန်းရေ မြန်မြန်လုပ်၊ ကူပါဦးကွယ်။ ရှောင်ယွီကိုသယ်ထုတ်ပေးပါဦး။ ငါတို့ မင်းရဲ့ဦးလေးရှဲ့မြည်းလှည်းငှားလာတာကို စောင့်ရမယ်၊ ဒါမှပဲ ချက်ချင်းသွားလို့ရမှာ!" 


လီချန်ဖုန်းမှာ အဒေါ်ရှဲ့ရဲ့ စကားတွေကို ကြားပေမယ့် ချက်ချင်းမလှုပ်ရှားသေးဘဲ သူ့အကြည့်တွေက ရှဲ့ယွီကိုကိုင်ထားတဲ့ ရွှီချင်းဆီ ရောက်သွားလေ၏။ ဒီအခြေအနေက အရေးကြီးနေတာတောင် ဒီလူက သူ့ကိုစကားပြောချင်နေသေးတယ်။ ထို့ကြောင့် ရွှီချင်းလည်း လီချန်ဖုန်းကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ကာ "မြန်မြန်လုပ်!" 


လီချန်ဖုန်းကလည်း အခြေအနေက အရေးတကြီးဖြစ်နေမှန်း နားလည်သည်ဖြစ်၍ အင်တင်တင်ဖြင့် ကွေးညွတ်လိုက်ပေမယ့် ရှဲ့ယွီကိုချီလိုက်မည့်အစား သတိလစ်နေတဲ့ရှဲ့ယွီအား ပင့်မပေးပြီး သူ့ကျောပေါ်တင်ပေးရန် အဒေါ်ရှဲ့နှင့် ရွှီချင်းကို အချက်ပြလိုက်သည်။ ရွှီချင်းနှင့် အဒေါ်ရှဲ့တို့ကို ရှဲ့ယွီအားတည်ငြိမ်အောင် သူတို့လက်တွေဆန့်ထုတ်ဖို့ ညွှန်ကြားလိုက်သည်။ သူကတော့ ခါးကိုအနည်းငယ်ညွှတ်ထားလျက် ရှဲ့ယွီခန္ဓာကိုယ်ကို ပင့်မရန်မလုပ်ခဲ့ချေ။ 


သူ့ဇနီးလေးက သူ့ကိုကူညီခိုင်းဖို့ သဘောတူပေမယ့်လည်း လီချန်ဖုန်းဟာ ရှဲ့ယွီရဲ့ ယခုအခြေအနေမှာ အတော်လေးကိုးရိုးကားယားဖြစ်နေတာကို သိပေသည်။ ဒီလိုမတော်တဆအခြေအနေမျိုးမှာတောင် သူက ရှဲ့ယွီကိုဖက်ထားတာ သို့မဟုတ် ကိုင်ထားတာကို တစ်ယောက်ယောက်က တွေ့သွားခဲ့ပါက အနာဂတ်မှာ အတင်းပြောကြပေဦးမည်ဖြစ်သည်။ ရှဲ့ယွီအတွက်ရော သူတို့ရဲ့ငြိမ်းချမ်းတဲ့အနာဂတ်နေ့ရက်တွေအတွက်ပါ လီချန်ဖုန်းက ဒီလိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။ ဒါက သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပင်။ 


Thanks for reading!