Ch-34
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၃၄)


"မြန်မြန်! မြန်မြန်! မြန်မြန်! လာခဲ့ကြ!" 


လီချန်ဖုန်းနှင့် အခြားသူတွေ ခြံတံခါးမှထွက်ထွက်လာချင်း ဝူအိမ်မှမြည်းလှည်းငှားလာခဲ့သည့် ဦးလေးရှဲ့ကို တွေ့လိုက်ရသည်။ သူတို့လည်း သတိလစ်နေတဲ့ရှဲ့ယွီကို လှည်းပေါ် ဂရုတစိုက်တင်လိုက်ကာ ရွှီချင်းက ရှဲ့ယွီအတွက် ထီးမိုးပေးထားစဥ် အဒေါ်ရှဲ့မှာ အနွေးဓာတ်ရစေရန်အတွက် ရှဲ့ယွီအား သူ့လက်မောင်းထဲ ထွေးပွေ့ထားခဲ့သည်။ 


ဒီနှစ်ရက်အတွင်းမှာ မိုးရွာထားသည်ကြောင့် လမ်းသွားလမ်းလာသိပ်မရှိချေ။ ဦးလေးရှဲ့မှာ အလျင်စလိုမောင်းလာသောကြောင့် မကြာခင်မှာပဲ လင်းဆေးခန်းကို ရောက်သွားခဲ့သည်။ 


"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဦးလေးခြေထောက်ဒဏ်ရာရတုန်းက ဒီဆေးခန်းပဲလာပြခဲ့တာလေ။ အအေးမိတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဒီကိုပဲလာနေကြ။ ယုံကြည်အားကိုးရတယ်!" ဦးလေးရှဲ့က ရှဲ့ယွီအား ကျောပေါ်သယ်ထားရင်း ရှင်းပြလာခဲ့သည်။ 


ရှဲ့ယွီနေမကောင်းဖြစ်နေတာကြာလှပြီဆိုပေမယ့်လည်း သူသောက်နေတဲ့ဆေးတွေကတော့ အမေမာက တော်ရုံတန်ရုံဆေးဆိုင်တွေဆီက ဈေးပေါပေါနဲ့ ဝယ်လာခဲ့တဲ့ဆေးတွေပင်။ သို့ရာတွင် ဒီတစ်ကြိမ် ရှဲ့ယွီအိမ်ပြန်လာသည့်အခါ ဦးလေးရှဲ့က လင်းဆေးခန်းဆီသို့ ဆေးတွေသွားဝယ်ခဲ့သည်။ ဆေးသောက်ပြီးနောက် ရှဲ့ယွီရဲ့ ကျန်းမာရေးမှာ ပို၍တိုးတက်လာခဲ့၏။ သို့သော်လည်း ကျုံးဟွားဆီက ဒီလိုမျိုးရန်စတဲ့စကားတွေကြောင့် အခုလိုဖြစ်သွားရခြင်းပင်! 


"သမားတော်ကြီးလင်းရေ ကျွန်တော့်သားကိုကြည့်ပေးပါဦး!" ဦးလေးရှဲ့နဲ့ တခြားသူတွေက ရှဲ့ယွီအား ဆေးဗီရိုဘေးမှ ထိုင်ခုံပေါ်တင်ထားလိုက်ကာ ကောင်တာသန့်ရှင်းရေးလုပ်နေတဲ့ သမားတော်ကြီးလင်းကို စိုးရိမ်တကြီးခေါ်လိုက်ကြသည်။ 


ဤသမားတော်ကြီးမှာ ရွှီချင်းဆေးပင်တွေရောင်းပေးခဲ့တဲ့ အဖိုးအိုဖြစ်ပြီး သူ့နာမည်အောက်မှာ ရွှီချင်းမျက်နှာမှ ဝက်ခြံတွေ "ပျောက်ကင်း"သွားတာဖြစ်၏။ 


သမားတော်ကြီးလင်းက ရှဲ့ယွီကို စစ်ဆေးပေးရင်း ပြောလိုက်သည်။ "ချီလှုံဆော်သွားလို့ နှလုံးထိသွားတာ၊ ရောဂါဟောင်းကလည်း အပြည့်အဝပြန်မကောင်းသေးဘူး။ နည်းနည်းဒုက္ခပေးပေမယ့်လည်း လေးနက်တဲ့ပြဿနာမဟုတ်တဲ့အတွက် အရမ်းကြီးစိတ်မပူကြပါနဲ့" 


ထို့နောက် သူက ရှဲ့ယွီနှင့် ရွှီချင်းတို့နှစ်ယောက်လုံးရဲ့အဝတ်တွေ မိုးရေစိုနေသည်ကို သတိထားမိလိုက်သည်။ ရွှီချင်းက ရှဲ့ယွီကို လှမ်းဖမ်းဖို့ကြိုးစားပေမယ့် သူပါလဲကျသွား၍ စိုစွတ်သွားရတာပင်။ သမားတော်ကြီးလင်းက သူ့မျက်ခုံးတွေစုကျုံ့လျက် "မင်းတို့လူငယ်လေးနှစ်ယောက်လုံးက အဝတ်စိုတွေနဲ့ဖြစ်နေတာ။ မင်းတို့ရဲ့ကျန်းမာရေးအတွက်မကောင်းဘူးလေ။ တစ်ခုခုလဲဝတ်ဖို့လုပ်လိုက်ပါဦး။" 


"အာ၊ ငါတအားသတိမဲ့နေလိုက်တာ။ ဘာလို့ ဒါကို မစဉ်းစားမိခဲ့ရတာလဲ!" အဒေါ်ရှဲ့က သူ့ခေါင်းသူရိုက်ကာ ဦးလေးရှဲ့ဆီ သူ့ပစ္စည်းတွေအမြန်ပေးလိုက်ပြီး "ချင်းကောအာရေ ဒီမှာနေပြီး သူ့ကိုကြည့်ထားလိုက်နော်။ အဒေါ်တို့ မင်းနဲ့ ရှောင်ယွီအတွက် အဝတ်အစားသွားဝယ်လိုက်မယ်။" ရှဲ့ယွီရဲ့ ကျန်းမာရေးမှာ မကောင်းချေ၊ ရေစိုအဝတ်တွေဝတ်ထားတာ သူ့အတွက်လည်းမကောင်းပေ။ အိမ်ထောင်ပြုထားတာမကြာသေးတဲ့ ရွှီချင်းအတွက်ဆိုလည်း သတင်းကောင်းတစ်ခုခုသာရှိခဲ့ရင် နေမကောင်းဖြစ်လို့မရဘူးလေ! 


"ကောင်းပါပြီ! ကျွန်တော်လည်းလိုက်မယ်လေ။ ခင်ဗျားနဲ့ ဦးလေးရှဲ့တို့က ဒီမှာနေပြီး အစ်ကိုရှဲ့ကိုဂရုစိုက်ပေးလိုက်ကြနော်!" ရွှီချင်းလည်း လေအေးတိုက်သည့်အခါ သူ့အဝတ်စိုတွေကြောင့် ချမ်းအေးသလို ခံစားခဲ့ရသည်။ လီချန်ဖုန်းနှင့် စကားအနည်းငယ်ပြောပြီးနောက် အဒေါ်ရှဲ့နှင့်အတူတူ ဈေးသို့လိုက်သွားခဲ့သည်။ 


"ဖန်းလျန်ရေ! ထွက်လာပြီးကူညီဦး!" အိမ်နောက်ဖေးဆီသို့ အော်ဟစ်လိုက်ပြီးနောက် ဦးလေးရှဲ့က လွန်ခဲ့တဲ့နှစ်တွေက သူ့ခြေထောက်ကို ကုသပေးခဲ့တဲ့ သမားတော်ငယ်လေးထွက်လာတာကို တွေ့လိုက်ရသည်။ နှစ်တွေကြာလာတော့ လင်းဖန်းလျန်မှာ အရပ်လည်းတော်တော်ရှည်လာခဲ့ပြီ။ သူက အသားပိုမည်းသွားသော်လည်း အားအင်ပြည့်ဝနေလျက်။ ရာမန်မှ အရာရှိတွေထက် ပို၍ပင်သြဇာရှိနေပုံပေါက်နေခဲ့သည်။ 


"ချန်ဖုန်းလား? မင်းမိသားစု နေမကောင်းလို့လား?" လင်းဖန်းလျန်ထွက်လာသည်နှင့် တံခါးဝတွင် လီချန်ဖုန်းရပ်နေသည်ကို တွေ့လိုက်ရ၏။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက သူတို့မှာ စစ်တပ်စခန်းရှိအဖွဲ့ငယ်တစ်ခုတွင် ဝေ့လောင်အာ့နှင့် ချန်ချီတို့ပါ အတူတူတာဝန်ကျခဲ့ကြကာ သူတို့အားလုံးက သူငယ်ချင်းကောင်းတွေဖြစ်လာကြလေသည်။ 


လီချန်ဖုန်းလည်း ဤဆေးခန်းကို လင်းဖန်းလျန်မိသားစုရဲ့အပိုင်ဟု မမျှော်လင့်ထားခဲ့ပေ။ လင်းဖန်းလျန်ရဲ့ မိသားစုက စစ်စခန်းမှာ ဆေးပညာလာရောက်လေ့ကျင့်ကြတာကို သူသိပေမယ့်လည်း အများကြီးမမေးခဲ့ချေ။ "မဟုတ်ပါဘူး။ ဦးလေးရှဲ့ရဲ့သားပါ။" 


လင်းဖန်းလျန်မှာ ရှဲ့မျိုးရိုးအမည်ကိုကြားလိုက်သည်နှင့် သူ့နှလုံးသားလေး တုန်ယင်သွားရ၏။ "မတွေ့တာကြာပြီနော် သမားတော်လေး!" ဦးလေးရှဲ့လည်း ရှဲ့ယွီက စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့ သမားတော်ကြီးလင်းပြောတာကိုကြားပြီးတော့ စိတ်သက်သာရာရသွားတာဖြစ်၏။ လွန်ခဲ့တဲ့နှစ်တွေက သူ့ခြေထောက်ကို ကုသပေးခဲ့တဲ့လူကို နှုတ်ဆက်လိုက်သည်။ 


"မတွေ့တာတောင်ကြာပြီပဲ..." 


လင်းဖန်းလျန်က ဆေးခန်းကုတင်ပေါ်တွင် လှဲလျောင်းနေတဲ့ ရှဲ့ယွီကိုကြည့်ကာ ဦးလေးရှဲ့အား ခပ်တိုးတိုးတုံ့ပြန်လိုက်၏။ သို့ပေမယ့် သူ့ကိုနှုတ်ဆက်လာတဲ့ ဦးလေးရှဲ့ကို သို့မဟုတ် လွန်ခဲ့တဲ့ငါးနှစ်က ခဏတာတွေ့ဆုံခဲ့ရတဲ့ ရှဲ့ယွီကို သူဘယ်လိုခေါ်ရမလဲဆိုတာမသိတော့။ 


လင်းဖန်းလျန်သည် ရှဲ့ယွီရဲ့ အခြေအနေကို စိုးရိမ်တကြီးသိချင်နေခဲ့သော်လည်း သူတို့ရဲ့ အထောက်အထားတွေကြောင့် တွန့်ဆုတ်နေလျက် ရှဲ့ယွီရဲ့ သွေးခုန်နှုန်းကို စစ်ဆေးရန် ​ရှေ့မတိုးခဲ့ပေ။ လွန်ခဲ့သောငါးနှစ်က ရှဲ့ယွီမှာ စေ့စပ်ထားသူရှိနေခဲ့ပြီးဖြစ်တာကို သတိရသွားကာ ယခုဆိုရင် အိမ်ထောင်ပြုပြီးတာ နှစ်ပေါင်းများစွာကြာလောက်ရောပေါ့။ 


ရှဲ့ယွီလက်ထပ်ပြီးသားဆိုတဲ့အတွေးကို တွေးမိသွားတော့ လင်းဖန်းလျန်ရဲ့ နှလုံးသားမှာ ခါးသက်မှုအပြည့်ပင်။ မူလက ဒါဟာ ဖြတ်သွားဖြတ်လာဆုံစည်းမှုသာဖြစ်ရုံပဲလို့ သူထင်ခဲ့သော်လည်း ရှဲ့ယွီအား လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း သူ့နှလုံးသားထဲတွင် စွဲလမ်းနေပြီး မမေ့နိုင်ခဲ့ဘူးလို့ မမျှော်လင့်ခဲ့ပေ။ 


"ဒီလူငယ်လေးက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဆေးမှားသောက်မိထားလို့ အခုဆို သူ့နှလုံးကိုတိုက်ခိုက်နေတဲ့ချီတွေဆီကနေ ခံစားနေရတာ။ သူ့ကိုယ်သူ သေသေချာချာ အနားယူပြီး အားဖြည့်ဖို့လိုတယ်။ မဟုတ်ရင်တော့…" သမားတော်ကြီးလင်းက စကားဆက်မပြောတော့ဘဲ ခေါင်းယမ်းလျက်။ ဒီလူငယ်လေးရဲ့ ကျန်းမာရေးက အရမ်းဆိုးနေတာလေ။ အကယ်၍ သေချာသာဂရုမစိုက်ခဲ့ရင် အနာဂတ်မှာ ဖျားနာတာတွေပိုဆိုးလာမှာပဲ။ 


"သမားတော်ကြီးရယ် ကျေးဇူးပြုပြီးတော့ ကျွန်တော့်သားကိုကုပေးပါဗျာ။ ဘယ်လောက်ပဲကုန်ကျပါစေ ကျွန်တော့်သားနေကောင်းသွားသရွေ့တော့ ဘာပဲပေးရပေးရပါ၊ မတုန့်ဆိုင်းပဲ ကျွန်တော့်ဘဝကိုတောင်ပေးနိုင်ပါတယ်ဗျာ!" ဦးလေးရှဲ့က ရှဲ့ယွီအား ကုပေးရန် သမားတော်ကြီးလင်းကို ချက်ချင်းဒူးထောက်တောင်းဆိုလေသည်။ 


"ခင်ဗျားဘာလုပ်တာလဲ! မြန်မြန်ထ! မြန်မြန်ထတော့! ဖန်းလျန်ရေ!" သမားတော်ကြီးလင်းက ဦးလေးရှဲ့ဒူးထောက်နေတာကို အလျင်စလိုရှောင်တိမ်းလျက် သူ့ကိုထစေရန်ကူညီဖို့ ကြိုးစားလိုက်၏။ သို့ရာတွင် ဦးလေးရှဲ့မှာ နွားတစ်ကောင်လို ခေါင်းမာနေသောကြောင့် သူဘယ်လောက်ပဲကြိုးစားနေပါစေ ဆွဲမနိုင်ချေ။ ကူကယ်ရာမဲ့စွာဖြင့် သူလည်း လင်းဖန်းလျန်ကို အကူအညီတောင်းလိုက်ပေသည်။ 


လင်းဖန်းလျန်က ဦးလေးရှဲ့ရဲ့လက်ကို ဆုပ်ကိုင်လျက် သူ့ကို ထစေရန် အားထုတ်လိုက်သည်။ ဦးလေးရှဲ့က နောက်တစ်ကြိမ် ဒူးထောက်ချင်နေတာကိုမြင်တော့ သူကအမြန်ပြောလိုက်၏။ "စိတ်မပူပါနဲ့ဗျာ။ ကျွန်တော့်အဖေက​ ရှဲ့ကောအာသာ ကောင်းကောင်းအနားယူပြီး ဂရုစိုက်လိုက်သရွေ့တော့ ပြန်ကောင်းလာနိုင်ပြီး ဘာပြဿနာမှရှိမှာမဟုတ်ဘူးလို့ ပြောထားတာပဲ။ ဦးလေးအများကြီးစိုးရိမ်စရာမလိုပါဘူးဗျာ။" 


"ဘာဖြစ်ကြတာလဲ?! ငါ့ရဲ့ ရှောင်ယွီလေးတစ်ခုခုဖြစ်လို့လား?!" အဒေါ်ရှဲ့နှင့် အဝတ်အစားလဲပြီးတဲ့ ရွှီချင်းတို့မှာ ဆေးခန်းထဲဝင်လာသည်နှင့် ဦးလေးရှဲ့က သမားတော်ကြီးလင်းနှင့် လူငယ်လေးတစ်ယောက်ရှေ့မှာ ဒူးထောက်ဖို့ကြိုးစားနေတာကို တွေ့လိုက်ရ၏။ ထိုသည်ကိုမြင်တော့ အဒေါ်ရှဲ့လည်း ရှောင်ယွီမှာတစ်ခုခုဖြစ်သွားလို့ပဲဟု တွေးမိသွားခဲ့သည်။ 


"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်၊ မင်းခင်ပွန်းက အစိုးရိမ်လွန်နေရုံပဲ။ မြန်မြန်လုပ်၊ ရှဲ့ကောအာရဲ့အဝတ်စိုတွေကို မင်းခင်ပွန်းကိုပေးပြီး လဲခိုင်းလိုက်။ နောက်ဖေးမှာ ယာယီအခန်းတစ်ခန်းရှိတယ်။ ဖန်းလျန်ရေ အခန်းကိုလိုက်ပြပေးလိုက်၊ ပြီးရင် ရှဲ့ကောအာနိုးလာရင် သောက်လို့ရအောင်လို့ ဆေးတစ်ဖုံသွားကျိုထားလိုက်ဦး။" ဦးလေးရှဲ့နဲ့ပတ်သက်ပြီးတော့ သမားတော်ကြီးလင်းမှာ ဘာမှမလုပ်နိုင်ချေ။ သူထပ်ပြီးဒူးထောက်လာမှာကို ကြောက်နေရတယ်လေ။ 


သမားတော်ကြီးလင်းရဲ့ စကားကို ကြားပြီးနောက် အဒေါ်ရှဲ့နှင့် ရွှီချင်းတို့လည်း ပျော်ရွှင်မှုနှင့် အကူအညီမဲ့မှုတို့ ရောနှောခံစားရလျက်။ နောက်ပိုင်းတွင် သူတို့လည်း ရှဲ့ယွီကို အခန်းထဲသယ်သွားကြကာ ဦးလေးရှဲ့က သူ့အင်္ကျီကိုလဲပေးနေစဥ် လင်းဖန်းလျန်မှာ ဆေးကျိုနေခဲ့ပြီး အဒေါ်ရှဲ့က အပြင်မှာစောင့်နေခဲ့သည်။ 


ရွှီချင်းနှင့် လီချန်ဖုန်းတို့ကတော့ သစ်သားလက်မှုလုပ်ရန်အတွက် လိုအပ်သည့်ကိရိယာတွေကိုဝယ်ရန် စျေးသို့ထွက်လာခဲ့သည်။ လီချန်ဖုန်းက ဝေ့လောင်အာ့နှင့် ဆွေးနွေးပြီးနောက် ဗီရိုလုပ်ဖို့အတွက် ဝယ်ရမည့်ကိရိယာတွေကို ဆုံးဖြတ်ပြီးသားပင်။ 


"အေးနေတယ် မဟုတ်လား? မင်း ဒီလောက်အကြာကြီး အဝတ်စိုတွေဝတ်ထားရတာကို ကိုယ်သတိမထားမိလိုက်တာ ကိုယ့်အပြစ်တွေပါကွာ။" လီချန်ဖုန်းနှင့် ရွှီချင်းတို့ ဆေးခန်းမှထွက်လာသည်နှင့် လီချန်ဖုန်းက ရွှီချင်းကို တောင်းပန်စကားဆိုရန် အစပြုခဲ့၏။ နောက်မှ သမားတော်ကြီးလင်းဆီက ဆေးတစ်ဖုံလောက်တောင်းထားရမှာပဲ။ ရွှီချင်းအအေးမိမှာစိုးလို့ ကြိုပြင်ထားရမှာပေါ့။ 


ရွှီချင်းက သူ့အင်္ကျီအသစ်ကို ဆွဲရင်း ခေါင်းယမ်းလိုက်ပြီး "ခင်ဗျားကို ဘယ်လိုအပြစ်တင်ရမှာတုန်း? အဲ့ဒီအခြေအနေမှာ ဘယ်သူက အဲ့လိုအရာတွေကို သတိထားမိမှာလဲဗျာ။ ဆေးခန်းမှာ သမားတော်ကြီးလင်းက ပြောလိုက်မှပဲ ကျွန်တော် နည်းနည်းချမ်းသလိုခံစားလိုက်ရတာ။" 


လီချန်ဖုန်းက ရွှီချင်းအတွက် ထီးကိုင်ပေးထားပြီး ထီးကို ရွှီချင်းဘက်ဆီ လုံးဝစောင်းထားလုနီးပါးပင်။ မိုးဖွဲဖွဲလေးတွေက လီချန်ဖုန်းပုခုံးပေါ် ကျနေပေမယ့် သူ့မျက်လုံးတွေကတော့ သူ့ဘေးနားရှိလူတစ်ဦးတည်းအတွက်သာရှိသကဲ့သို့ နူးညံ့နွေးထွေးမှုအပြည့်ရှိနေလျက်။ 


"ဟေး ဒါက...!" 


"လီချန်ဖုန်း! လီချန်ဖုန်း! ဒီမှာ!" 


ရွှီချင်းနှင့် လီချန်ဖုန်းလည်း လီချန်ဖုန်းရဲ့ နာမည်ကို တစ်ယောက်ယောက်ခေါ်လိုက်သံကို ရုတ်တရက်ကြားလိုက်ရသည်။ အသံကြားရာကိုလိုက်ကြည့်ရင်း လီချန်ဖုန်းက ထီးလေးကိုင်ထားတဲ့ အရပ်ရှည်ရှည်လူတစ်ယောက်ကို မြင်လိုက်ရသည်။ "ချန်ချီ မင်းက မြို့ထဲဘာလာလုပ်တာလဲ?" 


ချန်ချီလည်း သူ့ထီးကိုလွှဲယမ်းရင်း လီချန်ဖုန်းနှင့် ရွှီချင်းဆီသို့ လျှောက်လာခဲ့သည်။ "ဒါက..." ချန်ချီလည်း လီချန်ဖုန်းဘေးနားမှာ ရပ်နေတဲ့ရွှီချင်းကို မသေချာမရေရာသလိုဖြင့် ကြည့်လိုက်၏။ 


"သူက ငါ့ဇနီးလေးလေ!" မင်္ဂလာပွဲနေ့တွင် ချန်ချီသည် လီချန်ဖုန်းနှင့် ရွှီချင်းတို့ ဂါဝရအတူတူပြုကြသည်ကိုပဲမြင်ကာ ရွှီချင်းမျက်နှာကို မတွေ့ခဲ့ရပေ။ အဲ့ဒီ"ရုပ်ဆိုးဆိုးကော"က သူ့မျက်နှာပြန်ကောင်းသွားပြီလို့ သူသတင်းကြားထားပေမယ့်လည်း ချန်ချီက မယုံကြည်နိုင်သေးချေ။ သူ့အရှေ့မှ သန့်ရှင်းကာ ကြည့်ကောင်းလှတဲ့ ရွှီချင်းကိုမြင်လိုက်ရသောအခါမှ လီချန်ဖုန်းက ကံကောင်းတဲ့သူတစ်ယောက်ဆိုတာကို သူဝန်ခံရပေတော့မှာပေါ့! 


"ဂုဏ်ပြုပါတယ်ကွာ! ဂုဏ်ပြုပါတယ် ညီအစ်ကိုရေ!" ချန်ချီမှာ လီချန်ဖုန်းကို စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုလိုက်သော်လည်း သူ့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်စရာအဖြစ်အပျက်ကို တွေးလိုက်သည်နှင့် မကြွားဝါပဲ မနေနိုင်တော့ပေ။ 


"မင်းတို့မိသားစုရဲ့ ပျော်ရွှင်စရာကောင်းတဲ့ပွဲပြီးသွားတော့ ငါတို့မိသားစုရဲ့ ပျော်ရွှင်စရာပွဲက ရောက်လာတာပဲကွာ!" 


"မင်းကိုယ်လုပ်တော်ယူမလို့လား?" လီချန်ဖုန်းက မျက်နှာသေဖြင့် မေးလိုက်၍ ချန်ချီမှာ သူ့စကားတွေကြောင့် ဆို့နင့်သွားလုနီးနီးပင်။ ရွှီချင်းလည်း မနေနိုင်တော့ဘဲ လီချန်ဖုန်းဘက်လှည့်ကာ ရယ်နေလေ၏။ 


ချန်ချီသည် လီချန်ဖုန်းကို လည်ပင်းညှစ်သတ်ချင်လှသည်။ ဒီကလေးက အခုမှ အိမ်ထောင်ကျခါစမဟုတ်ဘူးဆိုရင် သူ့တတိယခြေထောက်ကို ကန်ပစ်လိုက်မှာ! 


"မင်းဘာတွေပြောနေတာတုန်းကွ! ငါပြောတာက! ငါ့ညီလေးအိမ်ထောင်ပြုတော့မယ်လို့ပြောတာကွ! အဲ့ဒါက ပျော်ရွှင်စရာပွဲမဟုတ်လို့လား!" 


"အာ ဂုဏ်ယူပါတယ်ကွာ! ဘယ်နေ့လဲ? ဘယ်သူ့မိသားစုနဲ့လဲ? ကျွန်တော်တို့လည်းလာပြီး ဂုဏ်ပြုရမှာပေါ့။" ချန်ချီမှာ လီချန်ဖုန်းရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တာကို ရွှီချင်းသိပေသည်။ ထို့ကြောင့် သူ့သူငယ်ချင်းကောင်းရဲ့ ညီလေး လက်ထပ်တော့မယ်ဆိုတော့ သူတို့ သေချာပေါက်သွားရမှာပေါ့။ 


ချန်ချီသည် မျက်နှာသေနှင့် လီချန်ဖုန်းကို စောင်းငဲ့ကြည့်လိုက်သည်။ သူ့လိုစကားမရှိတဲ့သူက ဒီလောက်နှုတ်ရေးကောင်းတဲ့သူတစ်ယောက်ကို လက်ထပ်နိုင်လိုက်တာဟာ ဘယ်လိုလုပ်တအားကံကောင်းနေရတာလဲကွာ! 


"ကြားရတာကျေနပ်ပါတယ်ဗျာ! ရက်ကိုတော့ သန်ဘက်ခါသတ်မှတ်ထားတယ်! သတို့သားကတော့ မြို့မှာပဲ ကုန်စုံဆိုင်ဖွင့်ထားတဲ့ မာမိသားစုက မာဖူကွေ့ပါ။ သူကလူကောင်းတစ်ယောက်ပဲဗျ။ ရှောင်ဟုန့်ကိုရော ကျွန်တော်တို့မိဘတွေကိုလည်း ကောင်းကောင်းဆက်ဆံတယ်လေ။ မဟုတ်ရင် သူတို့အိမ်ထောင်ရေးကို ကျွန်တော်သဘောတူမှာမဟုတ်ဘူး!" 


အကယ်၍ တစ်ယောက်ယောက်ကသာ ငါ့ညီလေးကို လက်ထပ်ချင်ရင် ငါပေးတဲ့ စာမေးပွဲကိုလည်း သူတို့အောင်ရမယ်၊ မဟုတ်ရင်တော့ သဘောတူမှာမဟုတ်ဘူးကွာ! ငါ့ညီလေးက တအားတော်တာလေ၊ သေချာမစိစစ်ဘဲ ဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ! 


"မာမိသားစု! မာဖူကွေ့?!" ရွှီချင်းလည်း ထိုနာမည်ကိုကြားကြားချင်း အထိတ်တလန့်အော်ပြောလိုက်၏။ ဒီနေ့ပဲ ကျုံးဟွားက မာမိသားစုက သန်ဘက်ခါကျရင် မိသားစုဝင်အသစ်တစ်ယောက်ကို ကြိုဆိုတော့မှာလို့ ပြောသွားခဲ့တာလေ၊ ဖြစ်နိုင်တာက... 


လီချန်ဖုန်းလည်း ချန်ဟုန်လက်ထပ်မည့်မိသားစုမှာ ရှဲ့ကောအာနဲ့ ပူပူနွေးနွေးကွာရှင်းထားတဲ့ မာဖူကွေ့ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့! အတွေးတူနေတဲ့ ရွှီချင်းလည်း သိပ်ကျေနပ်ပုံမပေါ်ချေ။ 


"မင်းတို့အမူအရာက ဘယ်လိုဖြစ်တာလဲ?" ချန်ချီသည် မူလကတော့ သူ့ညီလေးအတွက် အခြားသူများကဲ့သို့ပင် လီချန်ဖုန်းနှင့် ရွှီချင်းတို့ကောင်းချီးပေးကြမည့်အမူအရာကို တွေ့ချင်နေခဲ့တာဖြစ်သည်။ သို့သော် သူတို့မျက်နှာတွေက ဘာလို့များ ချီးစားထားရသလိုဖြစ်နေရတာလဲကွာ! 


Thanks for reading!