Ch-35
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၃၅)


"ချန်ဟုန်ရဲ့လက်ထပ်ပွဲအတွက် ခင်ဗျားတို့အိမ်ကို ဘယ်သူလာပြောပေးတာလဲဆိုတာ ကျွန်တော်မေးလို့ရမလား?" 


ရွှီချင်းက မည်သို့သော အမူအရာမျိုးလုပ်ရမည်မှန်းမသိတော့။ အဆုံးမှာတော့ ချန်မိသားစုက ဒီလက်ထပ်ပွဲကို သဘောတူပြီးသားလေ။


အကယ်၍ သူတို့မိသားစုက မာဖူကွေ့နှင့် ရှဲ့ယွီတို့အကြောင်းကို သိထားပြီးသားဖြစ်ပြီး ဒီလက်ထပ်ပွဲကို သဘောတူထားတာဆိုရင်တော့ ရွှီချင်းလည်း ဘာမှပြောနေစရာမလိုတော့ပါဘူး။ 


သို့ပေတည့် ချန်ချီမိသားစုက ဒီအကြောင်းကိုမသိသေးဘဲ ချန်ဟုန်ကို လက်ထပ်ခိုင်းခဲ့တာဆိုပါက ဒီလိုအပြစ်ကင်းပြီး ကောင်းတဲ့ကောလေးတစ်ယောက်က အဲ့လိုမိသားစုထဲ လက်ထပ်ဝင်ခဲ့တာကို သူသည်းမခံနိုင်ပါဘူးနော်! 


"မာမိသားစုကိုယ်စား လာရောက်တောင်းရမ်းပေးတဲ့သူကတော့ ငါတို့ရွာက အဒေါ်ရှပါပဲ။ အာ ငါတို့ရွာက အဒေါ်ရှကိုတော့ မင်းသိမှာမဟုတ်ပေမယ့် ချန်ဖုန်းကသိမှာပေါ့ ဟုတ်တယ်မဟုတ်လား?" ချန်ချီ သူ့ထီးလေးကို ပြန်တည့်လိုက်၏။ သူ့ဇနီးရဲ့ထီးက တကယ်ပဲ အသုံးမဝင်ဘူး။ သူသာကြိုသိခဲ့ပါက သူ့ဇနီးစကားကိုနားထောင်ပြီး တခြားထီးတစ်ချောင်းကို ယူခဲ့ရမှာ! 


လီချန်ဖုန်းက ရွှီချင်းကို ရှင်းပြလာကာ "အဒေါ်ရှက ကျိရှန်းရွာမှာ နာမည်ကောင်းရှိတဲ့ အောင်သွယ်တော်ပါပဲ။ သူအောင်သွယ်ပေးလိုက်တဲ့ ကောလေးတွေက ပျော်ရွှင်ပြီး ကောင်းမွန်တဲ့ဘဝရှိကြတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ကိစ္စကတော့..." လီချန်ဖုန်းက စကားဆက်မပြောတော့။ ရွှီချင်းက ဒီအဒေါ်ရှကိုမသိခံရင်တောင်မှ ဒီလူရဲ့စရိုက်ကို အကြမ်းဖျင်းနားလည်နိုင်ပေသည်။ သူ့လိုမျိုး နာမည်ကောင်းရှိတဲ့အောင်သွယ်တော်တစ်ယောက်က ဒီလိုနာမည်ပျက်စေမည့် လက်ထပ်တင်တောင်းပွဲမျိုးလက်ခံလိုက်တယ်ဆိုကတည်းက ဒီကိစ္စမှာ ပြဿနာတစ်ခုခုရှိရမည်။ 


"ဒီမှာစကားပြောရတာ မသင့်တော်ဘူး။ စကားနည်းနည်းလောက်ပြောဖို့ ထိုင်ဖို့တစ်နေရာရာရှာကြရင်ရော ဘယ်လိုလဲ?" 


ရွှီချင်းက ဘာတွေဖြစ်နေတာလဲဆိုတာကို နားလည်ဖို့ရာ ရိုးရိုးစကားဝိုင်းလေးက မလုံလောက်မှန်း သိပေသည်။ ထို့ကြောင့် စကားကောင်းကောင်းထိုင်ပြောဖို့အတွက် ချန်ချီမှာအချိန်ရှိမရှိကို မေးကြည့်လိုက်တာဖြစ်၏။ 


"ဟုတ်တယ်၊ မင်းမှာတခြားထွေထွေထူးထူးလုပ်စရာမရှိရင် ငါတို့ထိုင်ပြီး စကားပြောကြတာပေါ့။" လီချန်ဖုန်းလည်း ကလေးဘဝကတည်းကစလို့ အိမ်ထောင်ပြုဖို့အရွယ်ရောက်သည်အထိ ချန်ဟုန်ကြီးပျင်းလာတာကို ကြည့်ရှုခဲ့ရတာဖြစ်သည်။ လီချန်ဖုန်းက ချန်ဟုန့်ကို လီရှောင်းအာကဲ့သို့ သူ့ညီလေးတစ်ယောက်လိုသဘောထားခဲ့သည်ပင်။ ရွှီချင်းရော သူကိုယ်တိုင်ကပါ မာမိသားစုရဲ့ စရိုက်ကို သိထားကတည်းက ချန်ဟုန့်ကို ထိုမိသားစုနှင့် အိမ်ထောင်ပြုခိုင်းဖို့ ဒီအတိုင်းခွင့်မပြုနိုင်ချေ။ 


ချန်ချီမှာ ပူပင်​ကြောင့်ကြမဲ့သူဖြစ်ပေမယ့်လည်း ရွှီချင်းနှင့် လီချန်ဖုန်းတို့ရဲ့ အမူအရာနဲ့ လေသံမှာ သူနှင့်အရေးကြီးကိစ္စတစ်ခုခုကို ဆွေးနွေးဖို့ရှိမှန်း သူခံစားနိုင်သေးသည်။ "ကောင်းတာပေါ့၊ ရှေ့နားက လက်ဖက်ရည်ဆိုင်သွားကြတာပေါ့ကွာ။ အဲ့ဒီဆိုင်က စျေးသက်သာသလို သန့်လည်းသန့်တယ်။" 


"သွားကြစို့" 


လီချန်ဖုန်းက ရွှီချင်းရဲ့ ပခုံးတစ်ဝိုက်မှာ သူ့လက်မောင်းတင်ထားလိုက်သောကြောင့် ထီးမှာ နှစ်ယောက်လုံးရဲ့ဦးခေါင်းတွေကို ကာပေးနိုင်သွား၏။ ချန်ချီလည်း သူတို့ရဲ့ထွက်သွားတဲ့ပုံရိပ်ကိုကြည့်ကာ သူတို့နှစ်ယောက်ဟာ လိုက်ဖက်လွန်းလှတယ်လို့ ရုတ်ချည်းခံစားလိုက်ရသည်။ 


"သူဌေးရေ၊ ကျေးဇူးပြုပြီးတော့ လက်ဖက်ရည်ပူပူလေးသုံးခွက်နော်!" 


"ကောင်းပါပြီကွာ၊ ငါ အခုပဲ တစ်အိုးနှပ်ပြီးတာ။ လာကြ၊ မင်းတို့အချိန်ယူပြီး ဖြည်းဖြည်းသောက်!" 


ဒီရက်တွေအတွင်းမှာ မိုးရွာနေတာကြောင့် လူအများစုက အိမ်မှာနေပြီး သူတို့ရဲ့အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနေကြ၏။ ရလဒ်အနေဖြင့် လက်ဖက်ရည်ဆိုင်မှာ လူသိပ်မရှိသဖြင့် စကားကောင်းကောင်းပြောဖို့ သူတို့အတွက်အဆင်ပြေစေခဲ့သည်။ 


ရွှီချင်းသည် လက်နှစ်ဖက်လုံးဖြင့် လက်ဖက်ရည်ပူပူခွက်ကိုကိုင်ကာ သူ့လက်ဖဝါးတွေကို အနည်းငယ်နွေးစေလိုက်ပြီး ချန်ဟုန်ရဲ့ရုတ်ချည်းဖြစ်ပျက်သွားတဲ့ကိစ္စအကြောင်း ချန်ချီပြောတာကို နားထောင်ခဲ့သည်။ 


"တကယ်တော့ ငါတို့စပြောရမယ်ဆိုရင် မင်းက ချင်းကောအာအိမ်ကို လက်ထပ်ဝင်သွားတာက စပြောရမှာ။" ချန်ချီလည်း လက်ဖက်ရည်ကိုတစ်ငုံသောက်လျက် ထီးခေါက်နေတဲ့ လီချန်ဖုန်းကိုညွှန်ပြကာ ပြောလိုက်သည်။ 


"ငါလား?" လီချန်ဖုန်းက အံ့အားသင့်သွားပုံရကာ ဘာကြောင့်များ သူက ဒီကိစ္စမှာပါဝင်ပတ်သက်နေရတာလဲဆိုတာ နားမလည်နိုင်ခဲ့ပေ။ 


"ဟုတ်တာပေါ့ကွ!" ချန်ချီမှာ ပြတ်ပြတ်သားသားပြန်ဖြေလိုက်၏။ ရွှီချင်းက လီချန်ဖုန်းကို တွေးဆဆဖြင့်စိုက်ကြည့်နေသဖြင့် လီချန်ဖုန်းလည်း သူ့နောက်ကျောမှာ စပ်ဖျင်းဖျင်းခံစားလိုက်ရကာ သူက ရွှီချင်းကို ခေါင်းမြန်မြန်ခါပြရင်း ​"ကိုယ်ဘာမှမလုပ်ထားဘူးနော်! ဒီကိစ္စကို ကိုယ်တကယ်မသိရပါဘူးကွာ!" 


ထိုမှသာလျှင် ချန်ချီလည်း သူ့စကားတွေဟာ နားလည်မှုလွဲစေမှန်း သဘောပေါက်သွားခဲ့ပြီး လီချန်ဖုန်းအတွက် အလျင်စလိုဖြေရှင်းပေးလိုက်ကာ "ငါပြောတာက အဲ့လိုမဟုတ်ပါဘူး။ ချန်ဖုန်းက မင်းနဲ့လက်ထပ်ပြီးတဲ့နောက်မှာ ငါ့အမေကလည်း ရှောင်ဟုန်အတွက် သင့်တော်တဲ့လက်တွဲဖော်ကို စရှာတော့တာပဲကွာ။" 


လီချန်ဖုန်းလက်ထပ်ပြီးသွားတာတောင်မှ ချန်ဟုန်က လီချန်ဖုန်းကို မမေ့ပျောက်နိုင်သေးတာကို အမေချန်မြင်သည့်အခါ သူစိတ်မသက်မသာခံစားလိုက်ရ၏။ အကယ်၍ ချန်ဟုန်မှာ လီချန်ဖုန်းရဲ့ ဘဝထဲသို့ ဝင်ရောက်နှောင့်ယှက်ရန် ကြိုးစားခဲ့မည်ဆိုလျှင် မည်သူတစ်ဦးတစ်ယောက်အတွက်မှ ကောင်းမည်မဟုတ်ပေ။ ထို့ကြောင့် အမေချန်သည် သူ့သားနှင့်လိုက်ဖက်မည့် သင့်လျော်တဲ့ လူပျိုတွေရဲ့အခြေအနေအကြောင်းကို သူသိတဲ့ အောင်သွယ်တော်တွေထံမှတစ်ဆင့် စတင်စုံစမ်းတော့သည်။ 


သို့ရာတွင် နောက်ဆုံးမှာတော့ အမေချန်က ချန်ဟုန်နှင့် လိုက်ဖက်မည့်သူ တစ်ယောက်မှရှာမတွေ့ခဲ့ချေ။ ထိုအချိန်တွင် ရွာတွင် "နာမည်ကောင်း"ရှိတဲ့အောင်သွယ်တော် အဒေါ်ရှမှာ လက်ထပ်ခွင့်ကမ်းလှမ်းရန် ရောက်လာခဲ့ပေသည်။ 


*** 


"ဟေး မင်းတို့အားလုံးရှိနေကြတာပဲ။ သတင်းကောင်းပေးဖို့အတွက် ငါဒီကိုရောက်လာတာပါ!" 


ချန်မိသားစုနေ့လည်စာစားပြီး သိပ်မကြာခင်မှာပင် အဒေါ်ရှက သတင်းကောင်းနဲ့အတူ ရောက်လာခဲ့တာဖြစ်သည်။ အမေချန်မှာ ဤသတင်းကိုကြားသည်နှင့် အမြန်တုံ့ပြန်လာလျက် "ဝင်လာပါ။ ဝင်လာပါ! ရှောင်ချီရေ ရေနွေးလေးယူခဲ့ဦး။ ရှောင်ဟုန်က အခန်းထဲပြန်သွားနှင့်တော့။" 


ချန်ချီရဲ့ဇနီးက အဒေါ်ရှရဲ့ "သတင်းကောင်း"ဆိုတဲ့ စကားကိုကြားလိုက်၍ ချက်ချင်းပင် နားလည်သွားသဖြင့် အလျင်စလိုထရပ်ကာ မီးဖိုချောင်ဆီမှ ရေတစ်ခွက်သွားခပ်လာခဲ့၏။ ချန်ဟုန်လည်း သဘာဝအလျောက်ပင် နားလည်လိုက်ပြီး သူ့အခန်းကိုပြန်သွားရန်နှင်ထုတ်လိုက်သည့် အမေချန်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။ 


"ဟေ့ မြန်မြန်ဝင်တော့လေ! ဒီအကြောင်းတွေမင်းနားထောင်ဖို့ မသင့်တော်ဘူး။ အထဲဝင်! အထဲဝင်တော့!" အမေချန်က ချန်ဟုန်အကြည့်တွေကို လျစ်လျူရှုလိုက်ပြီး သူ့အခန်းထဲသို့ ဝင်ရန် တိုက်တွန်းလိုက်သည်။ 


"အမေ…" ချန်ဟုန်က မတ်တပ်ရပ်နေသော်လည်း မလှုပ်ရှားခဲ့ပေ။ သူအခန်းထဲဝင်သွားလိုက်သည်နှင့် မည်သည့်အရာက စောင့်မျှော်နေမည်မှန်း သူမသိနိုင်တော့ချေ။ ထိုနေ့တုန်းက လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို အနောက်ဘက်တံခါးမှထွက်၍ သူသွားကြည့်ချင်နေသောအခါ သူ့အမေက ဒီလိုထူးထူးဆန်းဆန်း သူ့ကိုကြည့်နေခဲ့တာဟာ အံ့သြစရာမရှိတော့ပါဘူး။ 


"ဝင်တော့။ ငါ့စကားကိုနားထောင်လေ!" 


ချန်ဟုန် ကြိမ်ဖန်များစွာ နောက်လှည့်ကြည့်လျက် တွန့်ဆုတ်နေတာကို မြင်တော့ အမေချန်လည်း အလျင်စလိုရှင်းပြလိုက်၏ "သူ ရှက်နေလို့ပါ!" 


အဒေါ်ရှလည်း အကြည့်ပြန်ရုတ်လိုက်ပြီး သဘောတူစွာဖြင့် "ဟုတ်တယ်နော်၊ ဒီကလေးက ရှက်နေတာပဲ!" 


သို့သော်လည်း ချန်ချီသည် သူ့အမေက ဘာကြောင့်များ ချန်ဟုန့်ကို အခန်းထဲအတင်းပြန်လွှတ်ချင်နေပြီး စကားဝိုင်းကိုနားမထောင်စေချင်တာလဲဆိုတာကို နားမလည်နိုင်သေးပေ။ သူမေးတော့မည့်အချိန်မှာပင် ရေနွေးယူပြီးပြန်ထွက်လာတဲ့ သူ့ဇနီးဆီမှ သူ့အင်္ကျီကိုဆွဲလျက် "ပါးစပ်ပိတ်ထား!"ဆိုတဲ့ အကြည့်တစ်ချက်ပေးခံလိုက်ရသဖြင့် ချန်ချီလည်း ချက်ချင်းပင် ဘာမှမပြောတော့ပေ။ 


သို့ပေတည့် တိတ်ဆိတ်နေဆဲ အဖေချန်က သူ့ဆေးပြင်းလိပ်ကို ဖယ်လိုက်ကာ အမေချန်အနားတွင် ခွေးခြေခုံကိုရွှေ့လိုက်ပြီး အဒေါ်ရှစကားကို အတူတူနားထောင်နေခဲ့သည်။ 


"ကျေးဇူးပါ!" အဒေါ်ရှသည် ချန်ချီရဲ့ ဇနီးက ရေနွေးခွက်ကမ်းပေးလာတာကိုယူလိုက်ကာ လာရင်းကိစ္စကိုမပြောခင် ကျေးဇူးတင်မှုကို ဖော်ပြလိုက်၏။ 


"ချန်ဟုန်ကို သူတို့သားအတွက် လက်ထပ်ဖို့ကမ်းလှမ်းချင်လို့ မြို့ကမာမိသားစုကိုယ်စားလာခဲ့တာပါ" 


"မြို့ကလား? မာမိသားစုလား!" 


အမေချန်နှင့် တခြားသူတွေလည်း အံ့သြသွားကြသည်။ မြို့ကလူတစ်ယောက်က လက်ထပ်ခွင့်လာကမ်းလှမ်းမယ်လို့ သူတို့မထင်ထားခဲ့ကြချေ။ ချန်ချီမှာ ထိုစကားတွေကြားသောအခါမှ အဒေါ်ရှက လက်ထပ်ဖို့လာကမ်းလှမ်းမှန်းသိသွားသောကြောင့် အသက်အရွယ်တွေ ဝါကြီးတာတွေ ဘာတွေဂရုမစိုက်နိုင်တော့ဘဲ အဒေါ်ရှအား အရေးကြီးမေးခွန်းတစ်ခုကို တိုက်ရိုက်မေးလိုက်ပေ၏။ 


"အဲ့ဒီမာမိသားစု အခြေအနေကဘယ်လိုလဲ?" 


ရေနွေးခွက်ကိုင်ထားသည့် အဒေါ်ရှရဲ့လက်မှာ အနည်းငယ်တင်းကျပ်သွားကာ "ဟုတ်ပါပြီ။ သူတို့မိသားစုမှာက သားတစ်ယောက်တည်းရှိတာ! သူတို့က မျိုးဆက်ပေါင်းများစွာ ကုန်စုံဆိုင်ကိုလည်း ဖွင့်ထားကြတယ်လေ။ ကုန်စုံဆိုင်ဆိုလို့ အထင်မသေးလိုက်နဲ့နော်။ မြို့ထဲမှာရှိပြီးတော့ အတော်လေးစီးပွားရေးကောင်းကြတယ်!" 


ဤအခြေအနေတွေကြောင့် အဖေချန်နှင့် အမေချန်တို့လည်း အနည်းငယ် ဆွဲဆောင်ခံလိုက်ရ၏။ မြို့ထဲမှာ အိမ်ထောင်ပြုနိုင်ကြတဲ့သူတွေ ရွာမှာသိပ်မများကြပေ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြို့ထဲမှာအိမ်ထောင်ပြုသွားခဲ့တာ ဟိုဘက်ရွာမှာတောင် တစ်ယောက်ပဲရှိခဲ့သည်။ သို့သော်လည်း သူတို့မိသားစုမှာ အတင်းအဖျင်းပြောလေ့မရှိသောကြောင့် မြို့ထဲမှာ အိမ်ထောင်ကျသွားခဲ့သည့်မိသားစုဟာ ဘယ်မိသားစုလဲဆိုတာကို မသိကြချေ။ 


အဒေါ်ရှလည်း လူတွေရဲ့မျက်နှာကို အကဲခတ်တော်လေ၏။ ချန်စုံတွဲရဲ့ အမူအရာကိုကြည့်လိုက်သည်နှင့် ဤကိစ္စအတွက် မျှော်လင့်ချက်ရှိပြီမှန်း သူသိလိုက်ရာ အလျင်စလို ထပ်ပြောလိုက်ကာ "မာမိသားစုမှာ သုံးယောက်တည်းရှိတာလေ။ ချန်ဟုန်သာ အဲ့ဒီမိသားစုထဲလက်ထပ်လိုက်ရင် ခယ်မတွေ ယောက်မတွေရှိမှာမဟုတ်တော့ ရှုပ်ရှုပ်ထွေးထွေးတွေရှိမှာမဟုတ်ဘူးပေါ့။ ဘဝကအေးဆေးနေမှာပဲ!" 


ထိုအချက်ကြောင့် ချန်စုံတွဲမှာ ပို၍ပင်ကျေနပ်နေကြလျက်။ သူတို့က ချန်ဟုန်ကို ရှုပ်ထွေးတဲ့မိသားစုဆီမှာ လက်မထပ်စေချင်ပါဘူး။ အဲ့ဒီလိုမိသားစုတွေနဲ့သာဆိုရင် အနာဂတ်နေ့ရက်တွေက ရိုးရှင်းမည်မဟုတ်ပေ။ 


ချန်ချီရဲ့ဇနီးမှာ မြို့မှတစ်ယောက်ယောက်က လက်ထပ်ခွင့်လာတောင်းမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့နှလုံးသားထဲက ချန်ဟုန်အတွက် ပျော်ရွှင်နေခဲ့ရသည်။ ဤကမ်းလှမ်းချက်မှာ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ၊ မြို့ထဲမှ လူတစ်ယောက်က လာရောက်ကမ်းလှမ်းခဲ့သည်ဖြစ်၍ ဂုဏ်ယူစရာပင်။ 


သို့သော်လည်း ချန်ချီမှာ သဘောမတွေ့ခဲ့ပေ။ သူသည် ချန်ဟုန်က ဒီလိုမျိုးထွက်သွားမှာကို မတွေ့ချင်သည့်အပြင် သူတို့ဟာ ရိုးသားတဲ့လယ်သမားတွေဖြစ်လေသည်။ တစ်ဖက်မှာတော့ မြို့သူမြို့သားများသည် အဆင့်အတန်းပိုမြင့်ကြလေသည်။ သူတို့ရဲ့ညီလေးက ထက်မြက်နေတယ်ဆိုရင်တောင်မှ ချန်ချီကတော့ ဤကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားနေရ၏။ 


"သူတို့နာမည်တွေကဘာလဲ? မြို့မှာနေတဲ့ လူတစ်ချို့နဲ့ ကျွန်တော်သိလို့၊ ကျွန်တော့်အသိတွေလည်း သူတို့ကို သိမယ်ထင်တယ်။ အဲ့ဒီမိသားစုရဲ့ စရိုက်လက္ခဏာကိုလည်း စုံစမ်းကြည့်မလို့ပါ။" ချန်ချီမေးလိုက်ပေ၏။


အဒေါ်ရှ ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားရသော်လည်း ဤကိစ္စသာအောင်မြင်ပြီးမြောက်သွားခဲ့ပါက မာမိသားစုဆီမှ ကတိပေးထားသည့်ဆုလဒ်ကို တွေးလိုက်မိသောအခါ ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ 


"ငါမင်းတို့ကို မဖုန်းကွယ်ထားတော့ပါဘူး။ သူတို့ရဲ့သားက တစ်ခါကွာရှင်းထားပေမယ့် စိတ်မပူပါနဲ့၊ အဲ့ဒီကိစ္စက မာမိသားစုကြောင့်မဟုတ်ပါဘူး။ အရင်လူက ကလေးမမွေးနိုင်ခဲ့လို့ မာမိသားစုရဲ့ မျိုးဆက်အတွက် နှစ်ဦးသဘောတူလမ်းခွဲဖို့သဘောတူခဲ့ကြတာပါ။" 


ဤသို့သောစကားတွေကြားလိုက်ရသဖြင့် ချန်မိသားစုမှာ မသက်မသာဖြစ်သွားကာ သူတို့ရဲ့ အပြုံးလည်း ပျောက်ကွယ်သွားကြသည်။ 


"ကောင်းပါပြီ၊ ငါတို့ စဉ်းစားလိုက်ပါဦးမယ်။ အဒေါ်ရှ ဘာပြောစရာမှမရှိတော့ဘူးဆိုရင် ငါတို့ မင်းကို အနှောက်အယှက်မပေးတော့ဘူး။ နွေဦးကောက်စိုက်ရာသီဆိုတော့ ငါတို့အားလုံးလည်း အလုပ်ရှုပ်နေကြတယ်လေ!" ချန်ချီရဲ့ဇနီးက အမေချန်မှ အချက်ပြလိုက်သည်ကို လက်ခံရရှိပြီးနောက် သူတို့ရဲ့ရည်ရွယ်ချက်ကို ယဉ်ကျေးစွာ​ဖော်ပြလျက် အဒေါ်ရှအားထွက်သွားရန် အချိန်တန်ပြီမှန်း ပြောဆိုခဲ့ပြီးနောက် ခြံတံခါးကို ပိတ်လိုက်တော့သည်။ 


ခြံဝင်းတံခါးပိတ်လိုက်သည်နှင့် အမေချန်လည်း ဒေါသပေါက်ကွဲလျက် "ဘာသဘောလဲဟ။ ကျုပ်တို့ရဲ့ကလေးလေးက ကွာရှင်းထားဖူးတဲ့သူနဲ့ ဘယ်လိုလက်ထပ်နိုင်မှာလဲ!" 


"လယ်ထဲသွားကြတာပေါ့၊ ဆုံးဖြတ်ချက်မချခင်မှာ ငါတို့ သေချာစဉ်းစားရမယ်" အမူအရာမဲ့သောမျက်နှာဖြင့် အဖေချန်က သူ့ပေါက်ပြားကို ကိုင်ကာ အပြင်ထွက်ဖို့ပြင်တော့သည်။ သူလည်း စိတ်မသက်မသာခံစားရလေ၏။ ရှမျိုးရိုးနဲ့လူက သူတို့ကလေးအတွက် အိမ်ထောင်ကျထားပြီးသားလူတစ်ယောက်ကို ဘာလို့များရှာပေးရတာလဲ?


"ခင်ဗျားတို့အရင်သွားနှင့်ကြ။ ချန်ဟုန်ကို ကျုပ်သွားကြည့်လိုက်ဦးမယ်!" အမေချန် ယခုမှပင် ချန်ဟုန်က အခန်းထဲသို့ တုံ့ဆိုင်းစွာဝင်သွားခဲ့သည်ကို သတိရသွားကာ သူဘယ်လိုနေမလဲဆိုတာကို သိချင်သွားခဲ့သည်။ 


"အဲလောက်မရိုးရှင်းပါဘူးလို့ပြောသားပဲ" ချန်ချီမှာ သူ့နောက်ကျောတွင် ခြင်းတောင်းသယ်ရင်း သူ့ဇနီးဆီကို တိုးတိုးလေးရေရွတ်ပြောဆိုနေခဲ့သည်။ "ပါးစပ်ပိတ်ထား! ခင်ဗျားကဂြိုဟ်ဆိုးကောင်ပဲ!" ချန်ချီရဲ့ဇနီးမှာ အဆက်မပြတ်စကားပြောနေဆဲလူကို စိုက်ကြည့်လိုက်၏။ သူတကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်ရကာ ဒီလူက ဒီအကျင့်ဆိုးကို ဘယ်အချိန်မှ ဖျောက်နိုင်မလဲဆိုတာကို သိချင်နေမိပြီ။ 


"ရှောင်ဟုန် မင်းဘာတွေတွေးနေတာလဲ?" အမေချန်က ချန်ဟုန်ရဲ့ အခန်းထဲ ဝင်လာသည်နှင့် ခေါင်းငုံကာ ကုတင်ပေါ်တွင် ထိုင်နေတဲ့ ချန်ဟုန်ကိုတွေ့လိုက်ရသည်။ 


"အမေ…" 


အမေချန်ဝင်လာသည်နှင့် ချန်ဟုန်လည်း ရှင်းပြချက်လိုချင်သဖြင့် အက်ကွဲနေသောလေသံဖြင့် မေးလိုက်၏။ 


"ဘာမှမပြောနဲ့တော့။ မင်းဘာပြောချင်လဲဆိုတာ အမေသိတယ်။ ဒါပေမယ့် မင်းနားလည်ထားရမှာက တခြားတစ်ယောက်အတွက် မင်းခံစားချက်တွေရှိနေတာကို ကာကွယ်ဖို့အတွက် ဒီလိုလုပ်ရုံအပြင် အမေ့မှာရွေးချယ်စရာမရှိဘူးလေ" 


Thanks for reading!