Ch-36
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၃၆)


"ဒါဆို ကျွန်တော်လက်ထပ်ပြီးသွားခဲ့ရင် အဲ့ဒီလူကိုမေ့သွားနိုင်မယ်လို့ အမေတကယ်ပဲအာမခံနိုင်လား?" ချန်ဟုန်ရဲ့ စကားကြောင့် အမေချန်လည်း ကြောင်အသွားရသည်။ 


"မင်း လုံးဝမမေ့နိုင်ဘူးဆိုရင်တောင် မင်းတို့နှစ်ယောက်ကြားမှာ အကွာအဝေးခြားသွားတော့ ဘာပြဿနာမှဖြစ်မလာတော့ဘူးပေါ့!" အမေချန်မှာ အကြောင်းပြချက်ပေးလိုက်သော်လည်း ချန်ဟုန်က ရုတ်ချည်းမတ်တပ်ထရပ်လိုက်ပြီးမှ အမေချန်အား မျက်လုံးရဲရဲဖြင့်ကြည့်ကာ အားတင်းငြင်းခုံလျက် "ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘာမှမရှိခဲ့ဘူး။ အကွာအဝေးအတွက်ကတော့ လုံလောက်နေပြီပဲလို့ အမေမထင်ဘူးလား? အရင်တုန်းကဆို ရွာထဲမှာ လီချန်ဖုန်းကိုတွေ့တဲ့အခါ ကျွန်တော်ဘယ်လိုနေရမှန်းတောင် မသိဘူးဖြစ်နေတာ။ အခုတော့ သူက အခြားတစ်ယောက်နဲ့ အတူတူရှိနေကြတာကို တွေးမိတဲ့အခါ ကျွန်တော် မတည်ငြိမ်နိုင်တော့ဘူး။" 


"အမေစိုးရိမ်နေမိလို့ပါ မင်းသိတယ်မဟုတ်လား​?" ချန်ဟုန်ရဲ့ တုံ့ပြန်မှုကြောင့် အမေချန်မှာ အံ့အားသင့်သွားရသည်။ "စိုးရိမ်တယ်? ဘာကိုစိုးရိမ်နေတာလဲ?" ချန်ဟုန်မှာ ဘာပြောရမှန်းတောင်မသိတော့ချေ။ "ကျွန်တော်က အရှက်မရှိဘဲ တခြားသူကိုတွယ်ကပ်နေမယ်လို့ အမေတကယ်တွေးနေတာလား? ကျွန်တော်က တခြားသူဆီကို ပစ်ဝင်သွားမယ့်သူလား?" 


"အမေ-အမေမှားသွားတာပါ! အတွေးလွန်သွားလို့! အဒေါ်ရှဆီက ကမ်းလှမ်းလာတာကို သဘောမတူထားပါဘူး။ တကယ်တော့ မင်းရဲ့ဆုံးဖြတ်ချက်ပါပဲ။ မင်းရဲ့သဘောတူညီချက်ရမှ ငါတို့က ဆုံးဖြတ်ချက်ချမှာလေ။ မင်းရဲ့အမေ ငါက မင်းအပေါ်မှာ ဒီလောက်နှလုံးသားမဲ့နိုင်မယ်လို့ မင်းတကယ်ထင်နေတာလား?" အမေချန်က သူအလောတကြီးဖြစ်လွန်းသွားတာကို သဘောပေါက်သွားရသည်။ သို့ရာတွင် အရင်က ရွာမှာ ဒီလိုတူညီတဲ့အဖြစ်အပျက်ရှိခဲ့ဖူးတယ်လေ။ 


ချန်ဟုန် သူ့ရဲ့နီရဲနေတဲ့ မျက်လုံးတွေကိုမှိတ်လိုက်ကာ "ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ခဏလောက် ကျွန်တော်တစ်ယောက်တည်းနေချင်လို့" 


အမေချန်က သူ့သားမှာ တကယ်ပဲစကားဆက်မပြောချင်တော့တာကို မြင်လိုက်ရသောကြောင့် ရွေးချယ်စရာမရှိဘဲ သူ့ကို အနားယူခိုင်းလိုက်တော့သည်။ အမေချန် အခန်းထဲမှ ထွက်လာပြီးနောက် တံခါးကိုပိတ်ပေးလိုက်လေသည်။


ချန်ဟုန် ကုတင်ပေါ်တွင်တစ်ယောက်တည်းထိုင်ကာ မျက်နှာကိုလက်ဖြင့်အုပ်ထားလျက် သူ့လက်ချောင်းတွေကြားမှ မျက်ရည်များစီးကျလာခဲ့သည်။ သူက သူ့ကိုမမေ့နိုင်ရုံလေးပဲလေ။ 


အဲ့ဒီနေ့တုန်းက သူက လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို တိတ်တဆိတ်တွေ့ချင်ခဲ့ပြီး သူ့နှလုံးသားကို လွှတ်ချလိုက်ချင်ရုံလေးပါပဲ။ လီချန်ဖုန်းကို ဒီနေရာကနေ ဆန္ဒရှိရှိထွက်ခွာနိုင်အောင်လုပ်ခဲ့တဲ့သူက ဘယ်လိုလူမျိုးလဲဆိုတာကို မြင်ချင်လို့ပါပဲ။ 


ညနေခင်း၌ အမေချန်နှင့် ချန်ဟုန်တို့နှစ်ယောက်ကြားမှ လေထုမှာတင်းမာနေသည်မှလွဲ၍ ကျန်သည့်ချန်မိသားစုဝင်များမှာ ဘာမှထူးထူးခြားခြားမဖြစ်ခဲ့သလိုပင်။ သူတို့ညစာကို အေးဆေးစားခဲ့ကြပြီး ချန်ဟုန်လည်း ချန်ချီရဲ့ဇနီးအား စားပွဲဝိုင်းရှင်းလင်းရာတွင် ကူညီပေးပြီးနောက် ပင်မခန်း၌ ထိုင်နေကြတဲ့ မိသားစုဝင်တွေကိုကြည့်ကာ ပြောလာခဲ့၏။ 


"ဒီနေ့ မြို့က လက်ထပ်ခွင့်လာတောင်းတဲ့ မာမိသားစုကို ကျွန်တော်လက်ထပ်ပါမယ်။" ဤစကားသည် လူတိုင်းကို ထိတ်လန့်ကြောင်အသွားစေလျက်။ 


"မင်းဘာတွေပြောနေတာလဲ?! မာမိသားစုအခြေအနေကို မင်းသိလို့လား? မာမိသားစုက လူတွေအကြောင်း သိလို့လားကွာ?" သူ့စကားတွေကို မချုပ်တည်းထားနိုင်တဲ့လူမှာ ချန်ချီပင်။ ချန်ဟုန် ဒီလိုပြောလာလိမ့်မယ်လို့ သူလုံးဝမမျှော်လင့်ထားခဲ့ဘူး။ 


"ဟုတ်တယ်၊ ဒီနေ့ အမေပြောခဲ့တဲ့စကားကြောင့် ဒီလိုဆုံးဖြတ်ချက်ကိုမချလိုက်ပါနဲ့။ မာမိသားစုက အခြေအနေကောင်းတယ်ဆိုပေမယ့်လည်း သူက တစ်ခါကွာရှင်းပြီးသားလေ!" အမေချန်လည်း နေ့ခင်းတုန်းက သူတို့စကားဝိုင်းကြောင့် ချန်ဟုန်မှာ စိတ်ကောက်ပြီး သူ့ရဲ့ဘဝတစ်သက်တာပျော်ရွှင်မှုကို နောက်ပြောင်လိုက်သည်ဟု ထင်မိသွား၏။  


"မင်းဘာပြောလိုက်တာလဲ?!" 


အဖေချန်မှာ အနှီစကားတွေကိုကြားတော့ သူအရာအားလုံးကို ရှင်းရှင်းလင်းလင်းနားလည်သွားကာ အမေချန်ကို စူးစိုက်ကြည့်လျက် ဖြေရှင်းချက်တောင်းလိုက်၏။ 


ယင်းမှာ လီချန်ဖုန်းနှင့် သူတို့သားလေးအကြောင်းဖြစ်နေသဖြင့် အမေချန်လည်း ဘယ်လိုများထုတ်ပြောနိုင်ပါ့မလဲ! 


အမေချန်ရဲ့ ချီတုံချတုံအမူအရာကြောင့် ချန်ချီနှင့် တခြားသူတွေက ပို၍ပင် စိုးရိမ်လာကြ၏။ ချန်ဟုန်က ဒီလိုစကားတွေပြောရလောက်အောင် အမေချန် ဘယ်လိုစကားတွေ ပြောခဲ့တာဖြစ်နိုင်မလဲ?! 


"အမေပြောတာကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပဲ။" ချန်ဟုန်ရဲ့ တည်ငြိမ်အေးဆေးတဲ့လေသံမှာ သူတို့အား ပို၍ပင် စိတ်ရှုပ်ထွေးသွားစေသည်။ 


"ကွာရှင်းထားတာလေးပဲကို၊ ပြီးတော့ သူကွာရှင်းလိုက်ရတဲ့အကြောင်းရင်းက သူ့အရင်ဇနီးမှာ ကလေးမရနိုင်လို့လေ။ သူက သူတို့မိသားစုထဲမှာ တစ်ဦးတည်းသောသားဆိုတော့ ဒီလိုကွာရှင်းတာမျိုးကို ကျွန်တော်လက်ခံနိုင်ပါတယ်။ အဲ့ဒီကိစ္စကလွဲပြီးတော့ သူတို့မိသားစုအခြေအနေက ကျွန်တော့်အတွက် ကျေနပ်စရာပဲလေ။" 


"ရွာသားတွေ အတင်းပြောမှာကို မကြောက်ဘူးလား?" 


"ကျွန်တော်ဘာလို့ကြောက်ရမှာလဲ? သူက လက်ရှိမှာ အိမ်ထောင်မရှိဘူးလေ၊ ပြီးတော့ ကျွန်တော်ကလည်း လက်မထပ်ရသေးတဲ့လူ၊ ဒါ ရှက်စရာမှ မဟုတ်ပဲ။ ပြီးတော့ ဒါက ကျွန်တော့်ကိစ္စပဲလေ၊ ပေါ့ပေါ့တန်တန်ဆုံးဖြတ်ချက်မချပါဘူး။ ကျွန်တော်ငယ်ငယ်လေးကတည်းက ကိုယ့်ဘာသာဆုံးဖြတ်ချက်ချဖို့ အခွင့်အရေးတွေသိပ်မရှိခဲ့ဘူး၊ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော့်ဘာသာ ဆုံးဖြတ်နိုင်ပါတယ်။" 


ယခုအချိန်တွင် ချန်မိသားစုဝင်အားလုံး ဘာမှမပြောနိုင်ကြတော့ပေ။ ကြည့်ရတာ ချန်ဟုန်က မာမိသားစုကို လက်ထပ်ချင်နေပုံရတာကို၊ ဒီတော့ သူတို့ဘာများပြောနိုင်တော့မှာလဲ?! အစမှအဆုံးစကားမပြောခဲ့သော ချန်ချီရဲ့ဇနီးမှာ မာမိသားစုတွင် ကလေးမရှိသည်ကြောင့် ကွာရှင်းလိုက်ခံရတဲ့အကြောင်းရင်းကို တွေးမိသည့်အခါ သူ့နှလုံးသားမှာ စူးခနဲ နာကျင်ခံစားလိုက်ရ၏။ 


"မင်းဘာပဲပြောပြော ဆုံးဖြတ်ချက်မချခင်မှာ ငါတို့ မာမိသားစုနဲ့တွေ့ဖို့လိုတယ်။ အိမ်ထောင်ပြုတယ်ဆိုတာက ဒီတိုင်းမင်းဘာမင်းဆုံးဖြတ်လိုက်ရုံနဲ့ မပြီးဘူး။ မင်းကိုယ်တိုင်အတွက်ရော၊ ငါတို့ချန်မိသားစုအတွက်ရော၊ မင်းအဖေဖြစ်တဲ့ ငါ့အတွက်ပါ အရေးကြီးတယ်!" အဖေချန်ရဲ့ စကားတွေကို လူတိုင်း အင်တင်တင်ဖြင့် သဘောတူလိုက်ရလေသည်။ 


*** 


ချန်ချီက လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို လက်ဖက်ရည်ပူပူနောက်တစ်ခွက် ထပ်တောင်းလိုက်သည်။ သူ့လည်ချောင်းကိုစိုစွတ်စေပြီးနောက် ဆက်ပြောလာခဲ့သည်။ "နောက်တစ်နေ့မှာ ငါတို့က အဒေါ်ရှဆီကိုတောင် အကြောင်းမပြန်ရသေးခင်မှာပဲ မာမိသားစုသုံးယောက်က လူကိုယ်တိုင် လက်ထပ်တောင်းရမ်းဖို့ ငါတို့အိမ်ကိုရောက်လာကြတယ်။ သူတို့ရဲ့ သဘောထားကြောင့် ငါ့အမေက တော်တော်ကြီးကျေနပ်သွားတာပေါ့။ မာဖူကွေ့ရဲ့ကိုယ်နှုတ်အမူအရာတွေကိုကြည့်ပြီးတော့ မြို့မှာ ကြီးပျင်းလာတဲ့သူက ငါတို့လိုရွာသားတွေထက်စာရင် ပိုတော်ကြတယ်ဆိုတာ တကယ်ပဲကွာ။ သူက စာလည်းဖတ်တတ်တော့ ငါ့အဖေက ပိုတောင်ကျေနပ်သွားရော။ ရှောင်ဟုန်ကလည်း မာဖူကွေ့နဲ့ပတ်သက်ပြီး တော်တော်လေးကျေနပ်နေပုံပဲ။ ငါသူ့ကို ကွာရှင်းတဲ့ကိစ္စအကြောင်းထပ်မေးကြည့်လိုက်သေးတယ်။ ဒီလိုနဲ့ပဲ မင်္ဂလာပွဲက အတည်ပြုဖြစ်သွားတာပဲကွာ။" 


ရွှီချင်းနှင့် လီချန်ဖုန်းတို့က ဒီအကြောင်းတွေကြားပြီးနောက် ဘာပြန်ပြောရမှန်းမသိတော့ချေ။ အဒေါ်ရှ​ရဲ့ စကားတွေကလည်း မမှားခဲ့ပေ။ မာဖူကွေ့ ကွာရှင်းရသည့်အကြောင်းရင်းမှာ အမှန်ပင် ရှဲ့ကောအာမှာ ကိုယ်ဝန်မဆောင်နိုင်၍သာ။ 


သို့ပေတည့် ရှဲ့ယွီရဲ့ကျန်းမာရေးကို ထိခိုက်အောင် အရင်ဆုံးပြဿနာဖန်တီးခဲ့သူမှာ မာမိသားစုပဲလေ။ ထို့အပြင် ရှဲ့ယွီနှင့်လည်း ကွာရှင်းဖို့အကြောင်း ကြိုမဆွေးနွေးခဲ့ဘဲ တိုက်ရိုက်သာအသိပေးခဲ့တာလေ။ ဦးလေးရှဲ့က မာဖူကွေ့ကို ရိုက်နှက်ခဲ့သဖြင့် ယာမန်မှာအလုပ်လုပ်နေတဲ့ မာဖူကွေ့ရဲ့ဝမ်းကွဲကြောင့် သူတို့မှာခြိမ်းခြောက်ခံရလို့သာ၊ ရှဲ့ယွီက မကွာရှင်းချင်ခဲ့ပဲ... ဒါပေမယ့်လည်း... 


"ဒီနေ့ ငါ့မိဘတွေနဲ့ မြို့တက်ပြီး မင်္ဂလာပွဲအတွက် ပစ္စည်းတွေလာဝယ်ကြတာလေ။ ငါလုပ်စရာတွေပြီးသွားတော့ လမ်းလျှောက်ထွက်လာတာ၊ မထင်မှတ်ပဲ မင်းတို့နဲ့တွေ့လိုက်ရတာပဲကွာ။ မင်းတို့နှစ်ယောက် ငါ့ကိုစကားပြောချင်တယ်ဆိုတော့ မာမိသားစုအကြောင်းတစ်ခုခုရှိလို့လား..." 


ရွှီချင်းနှင့် လီချန်ဖုန်းတို့က ရှဲ့ယွီနှင့် မာဖူကွေ့တို့အကြောင်း ချန်ချီကိုပြောပြလိုက်သည်။ သို့သော်လည်း အနာဂတ်မှာ မလိုလားအပ်တဲ့ပြဿနာတွေကို ရှောင်ရှားရန်အလို့ငှာ ရွှီချင်းက ရှဲ့ယွီရဲ့ အထောက်အထားကို မထုတ်ဖော်ဘဲ မာဖူကွေ့ကွာရှင်းလိုက်တဲ့မိသားစုအကြောင်းကို သူတို့ တိုက်တိုက်ဆိုင်ဆိုင်သိသွားခဲ့ရသည်​ကြောင့်သာ ဒီကိစ္စတွေကို ကောင်းကောင်းသိထားတာဖြစ်ကြောင်း ပြောပြလိုက်၏။ 


"အံ့သြစရာမဟုတ်ဘူးပဲ! မာမိသားစုက မင်္ဂလာပွဲကို ဒီလိုစောစောကြီး စီစဥ်လိုက်ကြတာ အံ့သြစရာမဟုတ်တော့ဘူး! သူတို့က ရှောင်ဟုန့်ကို သူတို့မိသားစုထဲ မြန်မြန်ဝင်စေချင်လို့ဆိုပြီး ငါတို့မူလက တွေးနေခဲ့ကြတာ။ ဒါပေမယ့် သူတို့ရဲ့ညစ်ပတ်တဲ့လျှို့ဝှက်ချက်တွေပေါ်ကုန်မှာကြောက်လို့ပေါ့လေ! သူတို့ရဲ့မျက်နှာအစစ်ကိုဖော်ပြရမှာပေါ့ကွာ!" ချန်ချီသည် နားထောင်ပြီးနောက် လက်ဖက်ရည်ပင်မသောက်နိုင်တော့။ သူ ဒီအကြောင်းတွေကို သူ့မိဘတွေဆီ သွားပြောရမယ်။ အရာအားလုံးပြင်ဆင်လို့မပြီးသေးခင်မှာ သူတို့ ဆုံးဖြတ်ချက်အသစ်ချဖို့လိုနေပြီ! 


"နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်။ ငါ ဒီကိစ္စကို မိသားစုနဲ့ ဆွေးနွေးရဦးမယ်။ နောက်မှတွေ့ကြမယ်ကွာ! သွားပြီ!" ချန်ချီက နှုတ်ဆက်စကားဆိုပြီးတဲ့နောက် ထီးတစ်လက်နှင့် လက်ဖက်ရည်ဆိုင်မှ အမြန်ထွက်သွားတော့သည်။ ဒီလိုကိစ္စမျိုးဆိုတာ နှောင့်နှေးလို့မရဘူးလေ! 


"သွားကြစို့၊ ကိုယ်တို့ပြောစရာရှိတာပြောပြီးပြီပဲ။ သူတို့ဘာပဲတွေးတွေး၊ ဘယ်လိုပဲဆုံးဖြတ်ချက်ချချ၊ အဲ့ဒါတွေက ကိုယ်တို့နဲ့မဆိုင်တော့ဘူး။" လီချန်ဖုန်းက ရွှီချင်းလက်ကို ကိုင်ကာ ထီးကိုယူလိုက်၏။ သူတို့ သစ်သားလက်မှုပစ္စည်းကိရိယာတွေ ဝယ်စရာရှိသေးတယ်။ ဝေ့လောင်အာ့ရဲ့ အမှာစာကို ကောင်းမွန်စွာပြုလုပ်ရန် သူတို့ဆွေးနွေးပြီးသားပဲလေ။ သူတို့အစကောင်းပြီး အရည်အသွေးကောင်းကောင်းလက်ရာများကို ထုတ်လုပ်ပြီးသည်နှင့် မည်သူကများ ပရိဘောဂမှာယူဖို့အတွက် တွန့်ဆုတ်နေတော့မှာလဲ?


ပစ္စည်းတွေဝယ်ယူပြီးနောက် ဦးလေးလျိုရဲ့ ဝက်သားဆိုင်နားကို ဖြတ်သွားဖြစ်ခဲ့သည်။ ယခုဆို ဝက်ကလေးအကုန်လုံး ရောင်းကုန်သွားပြီဖြစ်ပြီး ဦးလေးလျိုသည် အခြားအိမ်များမှ ဝက်များကို စတင်ဝယ်ယူကာ ၎င်းတို့ကိုသတ်၍ မြို့မှာစတင်ရောင်းချနေတော့သည်။ 


"ဟေး ဒီစုံတွဲလေးကတော့ မြို့ထဲမှာတခုခုဝယ်​ဖို့လာတာလား? ဒါယူသွားလိုက်၊ သိပ်မများပေမယ့် တစ်နပ်စာတော့လုံလောက်မှာပါ!" ဦးလေးလျိုက နွေးထွေးစွာပင် ရွှီချင်းအား အသားတစ်ပိုင်းလှမ်းပေးသဖြင့် ရွှီချင်းလည်း ထပ်ခါထပ်ခါငြင်းဆိုလျက် "ဦးလေးလျို အဲ့လိုမလုပ်ပါနဲ့ဗျာ။ ချန်ဖုန်းရေ!" 


လီချန်ဖုန်းလည်း အမြန် ရှေ့တိုးလိုက်ပြီး ဦးလေးလျိုရဲ့လက်ကို အဝေးတွန်းဖယ်လိုက်၏။ "ဦးလေးလျိုရေ ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့ဗျာ။ ဒီနေ့မှာ ကျွန်တော်တို့ ဦးလေးရဲ့အသားတွေယူသွားခဲ့ပြီးရင် နောက်ဆို ဝက်သားလာဝယ်ဖို့ ဦးလေးဆိုင်ရှေ့ကို ဖြတ်ရဲတော့မှာမဟုတ်ဘူးနော်။"  


"ဟုတ်တယ် ဦးလေးလျိုရယ်။ ဦးလေးရဲ့ ရေရှည်ဖောက်သည်ကို လိုချင်သေးရင် ဒီလိုလုပ်လို့မရဘူးနော်။ ဦးလေးအရှုံးဖြစ်သွားမှာ!" ရွှီချင်းသည် လီချန်ဖုန်းရဲ့ စကားတွေအတိုင်း နောက်ကလိုက်ပြောခဲ့သည်။ 


ဦးလေးလျိုရဲ့မိသားစုက ဝက်သားရောင်းတယ်ဆိုပေမယ့် သူတို့လည်း အလုပ်ကြိုးစားထားရတာပဲ။ သူတို့နှစ်ယာက်က ဒီလိုမျိုး အခွင့်ကောင်းယူလို့မဖြစ်ဘူး။ 


"ဟားဟား၊ ချန်ဖုန်းရေ၊ မင်း စကားကြွယ်လာတာပဲကွာ။ ကောင်းပါပြီ၊ မင်းတို့ကို အတင်းမယူခိုင်းတော့ပါဘူး။ ဒါပေမယ့် နောက်ဆို ငါ့ဆီကလာဝယ်ရင် လျှော့စျေးပေးမှာပဲဟေ့။ ဒါတော့မငြင်းရဘူးကွာ။" ဦးလေးလျိုသည် လီချန်ဖုန်းနှင့် ရွှီချင်းတို့က တကယ်ပဲမလိုချင်တာကိုတွေ့လိုက်ရသည်ကြောင့် ပြန်ထားလိုက်ပေမယ့်လည်း သူက လျှော့စျေးပေးမည့်အကြောင်း ပြောလာသေးသည်။ 


လီချန်ဖုန်းနှင့် ရွှီချင်းတို့လည်း တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့စွာကြည့်လိုက်ကြ၏။ ဦးလေးလျိုက စိတ်အားထက်သန်လွန်းသဖြင့် ရွှီချင်းလည်း မခုခံနိုင်တော့ဘဲ "အာ ဦးလေးလျိုရေ၊ ဝက်အသည်းကို ဘယ်လိုရောင်းလဲဗျ?" ရွှီချင်းမှာ အသားတုတ်တန်းပေါ်မှာ ချိတ်ထားတဲ့ ဝက်အသည်းကိုကြည့်ရင်း ရုတ်တရက် ဗိုက်ဆာလာသလိုပင်။ ကောင်းကောင်းချက်တတ်ရင်တော့ ဝက်အသည်းက အရသာရှိတယ်လေ။ 


"အဲ့ဒါက ကြေးသုံးပြားစီပဲ။ ဒီဟာကို ကိုင်ရတာမလွယ်ဘူးလေ။ ဒီတော့ လူတွေက သူတို့ရဲ့ကြောင်တွေ၊ ခွေးတွေကိုကျွေးဖို့ ဝယ်ကြတာ။" ဦးလေးလျိုက ရှင်းပြလာခဲ့သည်။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ သားရေကျနေတဲ့အကြည့်တွေကို မြင်လိုက်၍ ပြောလိုက်၏။ "ကျွန်တော်တို့ နှစ်ခုယူမယ်!" သူချက်ချင်းပဲ ပိုက်ဆံထုတ်ကာ ဦးလေးလျိုဆီမှ ဝက်အသည်းနှစ်ခုဝယ်လိုက်သည်။ 


ရွှီချင်း အလျင်စလို ပြန်ပြောလာကာ "ကျွန်တော်တို့အများကြီးမလိုပါဘူး။ တစ်ခုဆို လောက်ပြီ။ နှစ်ခုဆိုကုန်မှာမဟုတ်ဘူးလေ။ ပြီးတော့ အဲ့ဒါတွေက အကြာကြီးထားထားရင်လည်း အရသာကောင်းတော့မှာမဟုတ်ဘူး!" 


"ဟုတပါပြီကွာ၊ ဒါဆိုလည်းတစ်ခုပဲပေါ့။" လီချန်ဖုန်းလည်း ငွေချေကာ ဦးလေးလျိုကို နှုတ်ဆက်ပြီးနောက် သူတို့ဝယ်ခြမ်းထားသည့်ပစ္စည်းအစုံနှင့် လင်းဆေးခန်းဆီပြန်သွားခဲ့ကြသည်။ 


ရှဲ့ယွီမှာနိုးနေပြီဖြစ်ပြီး အဝတ်အစားလဲပြီးသွားကာ လတ်လတ်ဆတ်ဆတ်လေးကျိုထားတဲ့ တရုတ်ဆေးကို သောက်နေခဲ့သည်။ "အစ်ကိုရှောင်ယွီရေ သက်သာရဲ့လားဗျ?" ရွှီချင်းက ဆေးဆိုင်ထဲသို့ဝင်လာစဥ် လီချန်ဖုန်းမှာ မြည်းလှည်းပေါ် ပစ္စည်းတွေနေရာချနေခဲ့သည်။ ရွှီချင်းမှာ ရှဲ့ယွီထိုင်လျက် ဆေးသောက်နေသည်ကို တွေ့လိုက်၍ အလျင်စလိုအနားကပ်လာကာ အခြေအနေမေးမြန်းလိုက်သည်။ 


ရှဲ့ယွီ ဆေးသောက်ပြီးနောက် ရွှီချင်းအား ခေါင်းညိတ်ပြကာ ပြောလိုက်၏။ "ဆေးသောက်ပြီးတာနဲ့ ပိုကောင်းသွားသလိုပဲ။ ငါ့ကို ဒီခေါ်လာပေးလို့ မင်းနဲ့လီချန်ဖုန်းကို ကျေးဇူးတင်တယ်နော်" 


"ကျေးဇူးတင်စရာမလိုပါဘူးဗျာ။ အစ်ကိုအဆင်ပြေဖို့ပဲ။ အစ်ကိုကိုယ်တိုင် ဂရုတစိုက်နဲ့ သေချာအနားယူရင် မကြာခင်မှာပဲ ကျန်းမာရေးပြန်ကောင်းလာမှာလို့ သမားတော်ကြီးလင်းကပြောထားတယ်နော်။" သူထည့်ပေးတဲ့ဝိဥာဥ်စမ်းရေကို သောက်ပါက စိတ်နှလုံးအတွင်းမှ အတားအဆီးတွေကို ကျော်လွှားနိုင်သရွေ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ပြန်ကောင်းလာမှာပင်။ ဝိဥာဥ်စမ်းရေသည် ရှဲ့ယွီရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို တဖြည်းဖြည်းပြန်ကောင်းနိုင်စေပေမယ့် စိတ်ပိုင်းဆိုင်ရာပြဿနာကိုတော့ မကုသပေးနိုင်ချေ။ 


"ဟုတ်တယ်။ မင်းနေကောင်းတာနဲ့ အားလုံးအဆင်ပြေသွားမှာ။" အဒေါ်ရှဲ့က ရွှီချင်းရဲ့စကားကို သဘောတူစွာပင် ထောက်ခံပြောဆိုလျက်။ သူတို့သားရဲ့ ခန္ဓာကိုယ်ကို သေသေချာချာလေးဂရုစိုက်နိုင်သရွေ့တော့ အနှေးနဲ့အမြန် ပြန်ကောင်းလာမယ်လို့ သမားတော်ကြီးလင်း ပြောထားတာပဲ။ 


လင်းဖန်းလျန်က ကန့်လန့်ကာကိုမလျက် ရွှီချင်းနှင့် စကားပြောနေသည့် ရှဲ့ယွီကိုကြည့်လိုက်၏။ ရှဲ့ယွီမှာ ဒီလိုအကြောင်းပြချက်မျိုးကြောင့် ကွာရှင်းလိုက်ရသည်ကို သူမယုံကြည်နိုင်ခဲ့ချေ။ ဒီလောက်ကောင်းတဲ့သူလေးကို သူ့နှလုံးသားထဲက အသည်းအသက်လေးကို မာဖူကွေ့က ဒီလိုနာကျင်ထိခိုက်စေခဲ့တယ်ပေါ့လေ။ ခွင့်မလွှတ်နိုင်စရာပဲကွ!


xxx