ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၃၇)
"နောက်ကျနေပြီဆိုတော့ ပြန်ကြရအောင်" ဦးလေးရှဲ့က ရှဲ့ယွီခန္ဓာကိုယ် အားဖြည့်စေရန် သူ့အတွက် တစ်ခုခုသွားဝယ်နေခဲ့တာဖြစ်သည်။
ရွှီချင်းနှင့် အဒေါ်ရှဲ့တို့က ရှဲ့ယွီကိုထဖို့ ကူညီပေးလိုက်ကာ သူတို့မပြန်ခင် သမားတော်ကြီးလင်းကို ကျေးဇူးတင်လိုက်ကြ၏။
"ခဏလေး!"ဆိုတဲ့အသံကြောင့် သူတို့လှည့်ကြည့်လိုက်ကြတော့ လင်းဖန်းလျန်မှာ အင်္ကျီတစ်ထည်နှင့် သူတို့ဆီလျှောက်လာတာကို တွေ့လိုက်ရကာ "အပြင်မှာအေးနေတာ၊ ခုနတုန်းကလည်း မင်းအင်္ကျီတွေစိုထားတော့ အပြန်လမ်းမှာ ဒါကို ခြုံသွားလိုက်ပါ။"
ရှဲ့ယွီမှာ သူ့အရှေ့က အင်္ကျီကိုကြည့်လျက် တုန့်ဆိုင်းစွာဖြင့် "အဆင်ပြေပါတယ်ဗျ။ လမ်းက သိပ်မဝေးလို့ ကျွန်တော်အဆင်ပြေမှာပါ။ ကျေးဇူးတင်ပါတယ်ဗျာ သမားတော်လင်း"
သို့ပေတည့် လင်းဖန်းလျန်မှာ နောက်မဆုတ်ဘဲ အင်္ကျီကို အဒေါ်ရှဲ့ထံ တိုက်ရိုက်ကမ်းပေးလိုက်ရင်း "ယူသွားနော်။ ကျွန်တော့်နာမည်က လင်းဖန်းလျန်ပါ။ သမားတော်လင်းလို့မခေါ်ပါနဲ့ဗျာ။ လီချန်ဖုန်းနဲ့ ကျွန်တော်ကလည်း ညီအစ်ကိုကောင်းတွေပဲလေ။ တစ်ခုခုလိုရင် ကျွန်တော့်ကို အချိန်မရွေးပြောလို့ရတယ်နော်။"
ထို့နောက် လင်းဖန်းလျန်က ရွှီချင်းကိုလည်း နှုတ်ဆက်ကာ "ချန်ဖုန်းအိမ်ထောင်ပြုလိုက်ပြီလို့ ကြားလိုက်တယ်။ မင်းတို့နှစ်ယောက်လုံးကို ဂုဏ်ပြုပါတယ်နော်။ အချိန်ရရင် အတူတူဆုံကြတာပေါ့ဗျာ။" ရွှီချင်းလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။ ရှဲ့ယွီဆီကြည့်သည့် လင်းဖန်းလျန်ရဲ့အကြည့်မှာ တခြားရည်ရွယ်ချက်တွေပါနေသည်ကို ရွှီချင်းသတိပြုမိလိုက်သဖြင့် အဒေါ်ရှဲ့ကို အင်္ကျီယူထားလိုက်ရန် တိုက်တွန်းလိုက်၏။
ရှဲ့ယွီနှင့် လင်းဖန်းလျန်သာ အတူတူရှိသွားမယ်ဆိုရင် ဆိုးရွားမည်မဟုတ်ချေ။ အနည်းဆုံးတော့ သူတို့အချိန်တိုလေးသာ ပြောဆိုဆက်ဆံခဲ့ကြပေမယ့် ရွှီချင်းသည် လင်းဖန်းလျန်က ယုံကြည်စိတ်ချရသည့်သူဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော်လည်း သူတို့နှစ်ယောက်ကြားက ကံကြမ္မာရှိမရှိအပေါ် မူတည်ပါတယ်လေ။
"ဒါဆို ကျေးဇူးတင်ပါတယ်နော်။ ကျွန်တော်တို့ သွားတော့မယ်။" ရှဲ့ယွီလည်း သူ့ခန္ဓာကိုယ်အကြောင်း သူသိပေသည်။ လင်းဖန်းလျန်မှာ ရည်ရွယ်ချက်ကောင်းတွေရှိနေရင်တောင် သူပေးတာကို ငြင်းလိုက်ရင် မယဉ်ကျေးရာကြလိမ့်မယ်။
"မလိုပါဘူးကွာ။ ဒါလေးပဲ ကျွန်တော်လုပ်ပေးနိုင်တာပါ။" လင်းဖန်းလျန်က ရှဲ့ယွီထွက်သွားတော့မည်ကိုမြင်တော့ အနည်းငယ်မလိုလားသလို ရုတ်ချည်းခံစားလိုက်ရသည်။ သူ့ကို ဘယ်တော့မှပြန်တွေ့ရမလဲဆိုတာကို မသိတော့ပါဘူးကွာ။
လီချန်ဖုန်းက ဦးလေးရှဲ့ကို ပစ္စည်းတွေ လှည်းပေါ်ကူတင်ပေးလိုက်ပြီးမှ ရွှီချင်းကိုရှာဖို့ ဆေးဆိုင်ထဲဝင်လာခဲ့၏။ လီချန်ဖုန်းမှာ သူ့သူငယ်ချင်းကောင်းရဲ့မျက်နှာထားကိုမြင်လိုက်သဖြင့် တိတ်တဆိတ်ရယ်ကာ ရှဲ့ယွီကို စူးစိုက်ကြည့်နေတဲ့ လင်းဖန်းလျန်အနား ချဥ်းကပ်လိုက်ပေသည်။
"မင်းအားတဲ့အခါ ငါတို့အိမ်ကို လာလည်လေ" လင်းဖန်းလျန် မြင်နိုင်အောင်လို့ လီချန်ဖုန်းသည် သူ့လက်ကို ရှဲ့ယွီနှင့် အဒေါ်ရှဲ့တို့ထံ ပါးနပ်စွာ ညွှန်ပြလိုက်ပြီး "ငါတို့က နီးနီးလေးလေ!"
ရွှီချင်းလည်း ပြုံးလျက် ပြောလိုက်၏။ "ဟုတ်တယ် ကျွန်တော်တို့နဲ့ နီးနီးလေးပဲ!" လင်းဖန်းလျန်မှာ သူတို့ဘာကိုဆိုလိုသလဲဆိုတာကို ချက်ချင်းသဘောပေါက်သွားကာ "ကောင်းတာပေါ့ ညီအစ်ကိုရာ! ရက်ပိုင်းအတွင်း မင်းကို ဒုက္ခလာပေးမယ်ကွာ!"
"ဒါဆို ငါတို့ အရင်သွားတော့မယ်။ နှုတ်ဆက်ပါတယ်။" လီချန်ဖုန်းနှင့် ရွှီချင်းတို့လည်း လင်းဖန်းလျန်ကို နှုတ်ဆက်လိုက်တော့သည်။
"သွားတော့! လမ်းမှာသတိထားကြဦး!" ဒီလိုဆင်ခြေနှင့် ရှဲ့ယွီဆီ သွားလည်လို့ရနိုင်တယ်ဆိုတာကို တွေးမိတော့ ခုနတုန်းက လင်းဖန်းလျန်ရဲ့လွမ်းဆွတ်နေမှုမှာ လွင့်ပြယ်သွားကာ အပျော်တွေပြည့်နှက်သွားရလျက် သူရဲ့ စိတ်အခြေအနေမှာ ပြန်မြင့်တက်လာခဲ့၏။
"ဘာဖြစ်လို့လဲ? အဲ့ဒီကောင်ငယ်လေးအပေါ်မှာ မင်းအတွေးတွေရှိနေတာလား?" လင်းဖန်းလျန်ရဲ့ အနောက်ဘက်မှ အသက်ကြီးကြီးအသံထွက်ပေါ်လာခဲ့သည်။
"ဟုတ်တယ်၊ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ကျွန်တော် သူ့ကိုသဘောကျခဲ့တာ။ အဲဒီတုန်းက အခွင့်အရေးမရှိခဲ့လို့။ ဒါပေမယ့် အခုတော့ ကံကြမ္မာကတောင် ကျွန်တော်တို့ပြန်တွေ့ကြဖို့ စီစဥ်ပေးလာပြီဆိုတော့ ဒါက ကျွန်တော့်အတွက် အခွင့်အရေးတစ်ခုပဲမဟုတ်လား?" လင်းဖန်းလျန်သည် ရှဲ့ယွီတို့လှည်းလေး တဖြည်းဖြည်းပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေရင်း သူ့ဘေးမှာ ရပ်နေတဲ့ သမားတော်ကြီးလင်းကို ပြန်ဖြေလိုက်သည်။
"ဟေ! မင်းက ဒီလောက်သေချာဖုံးကွယ်ထားလိမ့်မယ်လို့ ငါမထင်ထားမိဘူး! ဒါဆိုလည်း အဲ့ဒီလူငယ်လေးအတွက် အစိုးရတွဲဖက်မှုမလာခင် မြန်မြန်လေးလုပ်ငန်းစလိုက်တော့လေ။ မဟုတ်ရင် ခက်ခဲသွားကုန်ဦးမယ်နော် ငါ့သားရေ!"
သမားတော်ကြီးလင်းလည်း ရှဲ့ယွီအပေါ်မှာ အမြင်ကောင်းရှိလေသည်။ သူ့ဇနီးက စောစောစီးစီးကွယ်လွန်သွားပြီဖြစ်ရာ သူ့ဆီမှာ ဒီသားတစ်ယောက်တည်းသာရှိတော့သည်။ သူ့ကို အဖေလိုရော အမေလိုပါ ပြုစုပျိုးထောင်ခဲ့ရလေသည်။
နောက်ဆုံးတော့ လင်းဖန်းလျန်မှာ ကြိုက်နှစ်သက်ရတဲ့သူတစ်ယောက်ရှာတွေ့ပြီဖြစ်လို့ သူ့ကို ထောက်ခံပေးရမှာပေါ့။ လူငယ်လေးရဲ့ကျန်းမာရေးအတွက်ကတော့၊ အင်း ကောင်းပါတယ်၊ သူတို့မိသားစုက ဆေးပညာပိုင်းကျွမ်းကျင်ကြတာပဲ။ သူသာ ဒီမိသားစုထဲလက်ထပ်လိုက်သရွေ့တော့ ပြဿနာမရှိပါဘူး!
လီချန်ဖုန်းနှင့် ရွှီချင်းတို့က ဦးလေးရှဲ့တို့ရဲ့ပစ္စည်းများကို ကူသယ်ပေးကာ ရှဲ့ယွီကိုလည်း ကူတွဲပေးပြီးနောက် အဒေါ်ရှဲ့ညစာဖိတ်ကျွေးတာကို ယဥ်ယဥ်ကျေးကျေးငြင်းပယ်လျက် သူတို့နှစ်ဦးသားက ထီးဆောင်းပြီး အိမ်သို့ လမ်းလျှောက်ပြန်ခဲ့ကြသည်။
နောက်ကျနေပြီဖြစ်ပြီး မိုးဖွဲဖွဲလေးရွာနေသေးလျက် "ပြီးခဲ့တဲ့ရက်တွေကတည်းက ဒီမိုးကမရပ်သေးတော့ ကိုယ်တို့လယ်ကွင်းမှာ အလုပ်စလို့မရသေးဘူး။ အဲ့ဒါက ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေတာပဲကွာ။" လီချန်ဖုန်းသည် ရေကျိုနေရင်း သူ့စိတ်ထဲတွင် လယ်ကွင်းရဲ့ကိစ္စအဝဝကို စဥ်းစားနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရာသီဥတုမှာ မှုန်မှိုင်းနေဆဲ။
ရွှီချင်းက ပြောင်းဖူးကိုရေဆေးကာ အိုးထဲတွင် ရေပူဖြည့်လိုက်၏။ အိမ်မှာ ကျိုချက်ရေကုန်သွားကတည်းက သူတို့ များများထပ်လုပ်ထားဖို့လိုပေသည်။ ကျန်တဲ့ရေတွေကို ဂျုံယာဂုချက်ဖို့ သုံးရမှာလေ။ "စိတ်မပူပါနဲ့၊ ခင်ဗျားအလျင်လိုနေရင်တောင်မှ ဒီရာသီဥတုက မပြောင်းလဲသွားပါဘူး။ မြန်မြန်ရေသွားချိုးလိုက်ဦး။"
လီချန်ဖုန်း ရေပုံးဆွဲထားရင်း အလုပ်များနေတဲ့ ရွှီချင်းကိုကြည့်ကာ "ကိုယ်တို့ အတူတူရေချိုးကြရင်ရော?"
"လစ်စမ်း!!"
ယခုဆို ရွှီချင်းက အတူတူရေချိုးကြမယ်ဆိုတဲ့စကားကို နားမထောင်ချင်ပါဘူးနော်။ ပြီးခဲ့တဲ့ အခေါက်က သူ့အတွက် စိတ်မချမ်းမြေ့ဖွယ်အတွေ့အကြုံကိုကြုံခဲ့ရတယ်လေ။ နောက်ဆုံးတော့ သူ့မှာ တိတ်ဆိတ်အေးချမ်းသွားရတာကို၊ ဒါကိုလက်လွှတ်ပစ်လိုက်ဖို့ လုံးဝမဖြစ်နိုင်ဘူးကွ!
ရွှီချင်း မီးဖိုရှေ့မှာထိုင်ပြီး ထင်းအနည်းငယ်ထည့်ကာ အိုးထဲမှရေတွေဆူလာပြီးနောက် နည်းနည်းခပ်လိုက်ပြီး ပြောင်းဖူးတွေအပေါ် လောင်းလိုက်၏။ ထို့နောက် ရေစိမ်ထားသည့် ဝက်အသည်းကို ထုတ်လိုက်ကာ အတုံးသေးသေးလေးတွေအဖြစ် ဂရုတစိုက်လှီးဖြတ်လိုက်ပေသည်။ သူက ဝက်အသည်းယာဂုလုပ်မလို့!
"ခင်ဗျားဆေးကြောလို့ပြီးပြီလား။ ပြီးရင် အိမ်နောက်ဖေးကိုသွားပြီး ကြက်သွန်နီနဲ့ ဂျင်းနည်းနည်းလောက်ယူခဲ့ပေးဦး။ အများကြီးမယူလာနဲ့နော်။ မဖြုန်းတီးရဘူး။" ရွှီချင်းက မီးဖိုချောင်ထဲ ဝင်လာသည့် လီချန်ဖုန်းရဲ့ခြေသံကို ကြားလိုက်သဖြင့် လှည့်မကြည့်တော့ဘဲ ခိုင်းလိုက်လေသည်။
"ကောင်းပါပြီဗျ!" ရွှီချင်းရဲ့လေသံအရ ဒီညတော့ အရသာရှိတဲ့ဟင်းစားရတော့မယ်ဆိုတာကို လီချန်ဖုန်းသိသွားပေသည်။
ပါးပါးလှီးထားတဲ့ဝက်အသည်းတွေကို ဇလုံတစ်ခုထဲသို့ထည့်ကာ ကန်စွန်းဥမှုန့်၊ အရက်အနည်းငယ်နှင့် ဆားအနည်းငယ်ထည့်ကာ ရောသမမွှေလိုက်သည်။
"ဒီမှာ အားလုံးရေဆေးပြီးသား" လီချန်ဖုန်းက ရေဆေးပြီးသား ကြက်သွန်နီနဲ့ ဂျင်းကို ရွှီချင်းဆီပေးလိုက်တော့ ၄င်းတို့ကိုကြည့်ရင်း ကျေနပ်သွားလေသည်။ အမှန်ပါပဲ! ဒီလူက ဒီလိုအသေးစိတ်လေးကအစ ဂရုတစိုက်ရှိတော့ သူ့နှလုံးသားလေးလည်း နွေးထွေးပျော်ရွှင်ရတာပေါ့။
"ဟုတ်ပါပြီဗျာ၊ ခင်ဗျားတော်တယ်!" ရွှီချင်းက ကြက်သွန်နီနှင့် ဂျင်းကို လှီးဖြတ်ပြီး ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။ "နောက်တစ်အိုးကိုလည်း အပူစပေးကြမယ်" အရင်တုန်းက နောက်အိုးတစ်လုံးကို သူတို့မသုံးခဲ့ပေမယ့် အခုတော့ အိမ်မှာ လူနှစ်ယောက်နှင့် ဝက်ကလေးတစ်ကောင်ရှိသဖြင့် အသုံးပြုဖို့ လိုနေပါပြီ။
အိုးပူလာတဲ့အခါ ဝက်ဆီ ၅၀-၆၀%လောက် ပူလာသည်နှင့် ရွှီချင်းက အိုးထဲသို့ ဝက်အသည်းတွေကို ဖြန့်ထည့်လိုက်သည်။ ထို့နောက် သူက တူတစ်စုံသုံး၍ ဝက်အသည်းတွေကို ခွဲပစ်လိုက်ပြီး တစ်ဝက်ကျက်လာသည့်အခါ ဆီစစ်စေရန် ခပ်ထုတ်ပစ်ခါနီးတွင် ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။
"အိုး၊ ငါ့ရဲ့မေ့တတ်တဲ့ဦးနှောက်ကတော့လေ! ဒီမှာက အပေါက်ပါတဲ့ဇွန်းမှ မရှိတာပဲဟာ!" ရွှီချင်းလည်း ရွေးချယ်စရာမရှိပေမယ့် အရင်ဆုံး ဝက်အသည်းတွေကို ပန်းကန်လုံးထဲ ထည့်လိုက်ပြီးမှ ပိုနေတဲ့ဆီတွေကို ခပ်သန့်သန့်ပန်းကန်လုံးသေးထဲ လောင်းထည့်လိုက်၏။ အနားမှာရပ်ကြည့်နေတဲ့ လီချန်ဖုန်းက ရွှီချင်းသူ့ဘာသူပြောနေတာကို ကြားသွားကာ "ဘာအပေါက်ပါတဲ့ဇွန်းလဲ?"
အိုးထဲကပြောင်းဖူးတွေဖောင်းကားလာတော့ ရွှီချင်းက ဝက်အသည်းတွေကိုထည့်လိုက်ရင်း အပေါက်ပါတဲ့ဇွန်းပုံစံကို လီချန်ဖုန်းအား ပုံဖော်ပြောပြလိုက်သည်။ "အဲ့ဒါက အပေါက်သေးသေးလေးတွေပါတဲ့ ဇွန်းကြီးလေ။ ကျွန်တော် ဝက်အသည်းတွေကို ခပ်ထုတ်ချင်တဲ့အခါ အဲ့ဒီအပေါက်ပါတဲ့ဇွန်းကို တိုက်ရိုက်သုံးလို့ရတယ်။ အဲ့လိုဆိုရင် ဝက်အသည်းတွေထဲမှာ ဆီတွေသိပ်မများတော့ဘူးလေ။ ပုံမှန်စားနေကြဇွန်းတွေနဲ့ ဆန့်ကျင်ဘက် အသုံးပြုရတာပါ။"
"ခင်ဗျား အိုးကိုကြည့်ထားပေးဦး။ ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်နော်။" ယနေ့တွင် ရွှီချင်းက မိုးရေထိထားတာဖြစ်လို့ ရေနွေးပူပူလေးနဲ့ ရေချိုးလိုက်ရပါက သက်တောင့်သက်သာရှိသွားမှာပင်။ "ကောင်းပါပြီ၊ သွားတော့လေ။ ဒါပေမယ့် အပြင်ဘက်မှာ အေးလာပြီဆိုတော့ မြန်မြန်လေးချိုးဦး။"
"ကျွန်တော်သိပါတယ်၊ သိပါတယ်လို့။" ခင်ဗျားသာ ကျွန်တော့်ကို လာမနှောင့်ယှက်သရွေ့တော့ မြန်နိုင်သမျှမြန်မြန်ရေချိုးနိုင်ပါတယ်နော်!
ရွှီချင်းရေချိုးပြီး ထွက်လာသည့်အခါ လီချန်ဖုန်းက ဝက်အသည်းယာဂုကို ခပ်ထားနှင့်ပြီး စားပွဲပေါ် တင်လိုက်၏။ အခုတော့ သူတို့လုပ်ထားတဲ့ ဟင်းရွက်ချဥ်ကို သွားယူနေခဲ့သည်။ "မြန်မြန်လာ၊ စားကြစို့။ ဗိုက်တော်တော်ဆာနေပြီ။"
"အင်း၊ အရသာရှိမယ့် အနံ့လေးပဲဗျို့!"
"ဒါပေါ့ ကိုယ့်ဇနီးလေးချက်ထားတာပဲဟာ။ အရသာရှိမှာ သေချာတယ်!" လီချန်ဖုန်းက ရွှီချင်းအရှေ့တွင် ယာဂုတစ်ပန်းကန်ချပေးလိုက်ပြီးနောက် သူ့ပန်းကန်လုံးထဲမှ တစ်လုတ်မြည်းကြည့်လိုက်သည်။ "အင်း မဆိုးဘူး၊ နည်းနည်းပူနေသေးတယ်နော်။ အပူမလောင်အောင် သတိထားဦး!"
ရွှီချင်းက ယာဂုကို သေသေချာချာမှုတ်လိုက်ပြီး "ခင်ဗျားလိုမျိုး ကျွန်တော်က ပါးစပ်ဖွင့်ပြီးတာနဲ့ သောက်ပစ်လိုက်မယ်လို့ ထင်နေတာလား။ ဒါနဲ့ ဝေ့လောင်အာ့က ဘာပြောလဲဟင်?"
လီချန်ဖုန်းက ဟင်းရွက်ချဥ်များနှင့်အတူ ဂျုံယာဂုတစ်ပန်းကန်ကို အမြန်စားပစ်လိုက်ပြီး အခုဆို ဒုတိယပန်းကန်တောင်သောက်နေပြီဖြစ်သည်။ "မနက်ဖြန် ဗီရိုလုပ်ဖို့အတွက် သစ်သားတွေ သူ့အိမ်ကို ကိုယ်သွားပို့ရမှာ။ တံခါးမှာ 'ပျော်ရွှင်မှု'နဲ့ 'ကံကောင်းပါစေ'ဆိုတဲ့ စကားလုံးတွေ ထွင်းပေးလိုက်ရင် အဆင်ပြေပြီ။"
ရွှီချင်းလည်း အံ့သြသွားကာ "ဒီလောက်ရိုးရှင်းတယ်လား?" လီချန်ဖုန်းက ရွှီချင်းပန်းကန်ထဲ ဟင်းရွက်ချဉ်တွေ ထည့်ပေးလိုက်သည်။ "ရွာမှာ လုပ်လေ့လုပ်ထရှိတယ်လေ၊ ကံကောင်းစေဖို့အတွက် ရည်ရွယ်တာပေါ့။"
"ဒါဆို ကျွန်တော်တို့ တခြားအရာတွေရော ထွင်းလို့ရမလား?" ဝေ့လောင်အာ့ရဲ့အကြိုက်အတိုင်းပြုလုပ်ပါက လက်သမားအများစုလုပ်ကြသလိုတူနေရင် တီထွင်ဖန်တီးမှုမရှိဘူးဖြစ်နေမှာလေ!
"ကိုယ်တို့ လုပ်လို့ရပါတယ်။ ဒီဇိုင်းက အဆင်ပြေနေသရွေ့တော့ သစ်သားကလည်း တာရှည်ခံတယ်လေ။" လီချန်ဖုန်းသည် သူ့ဇနီးလေးချက်တာတွေက အရသာရှိကြောင်း သိလိုက်ရပြီ။ သူယာဂုသုံးပန်းကန်တောင် သောက်ပြီးမှသာ ဗိုက်ပြည့်သလို ခံစားလိုက်ရသည်။
"ခင်ဗျား ဗိုက်ပြည့်သွားပြီလား?" ရွှီချင်းမှာ မယုံကြည်နိုင်ချေ။ သူက ပထမပန်းကန်တောင် မကုန်သေးတာကို ဒီလူကတော့ နွားတစ်ကောင်များလားဟ!
လီချန်ဖုန်း သူ့ရဲ့ပန်းကန်အလွတ်နဲ့ တူတွေကို မီးဖိုပေါ်တင်လိုက်ရင်း "ကိုယ်စားပြီးပြီဆိုတော့ ကြက်ပေါက်ကလေးတွေနဲ့ ဝက်ကလေးကို သွားကြည့်လိုက်ဦးမယ်။ မင်းက ဖြည်းဖြည်းစားနော်။"
သူတို့နှစ်ယောက်လုံး ကိုယ်လက်သန့်စင်ပြီး အိပ်ရာပေါ်လဲလျောင်းလိုက်ချိန်တွင် အပြင်မှာ မိုးတွေရွာသွန်းလာပြန်သည်။ ပြတင်းပေါက်မှတစ်ဆင့် မိုးသံတွေနားထောင်နေလိုက်ရင်း ရွှီချင်းက လီချန်ဖုန်းရဲ့ရင်ခွင်ထဲ ပိုတိုးဝင်လိုက်တော့ "အေးလို့လား?"
"မဟုတ်ပါဘူး။ ကျွန်တော့်ဘေးမှာ လူတစ်ယောက်ရှိနေတာက သက်တောင့်သက်သာဖြစ်လို့။" ရွှီချင်းက လီချန်ဖုန်းရဲ့ကိုယ်ပေါ်တွင် စနောက်သလို လှဲလျောင်းလျက် မလှုပ်တော့ပေ။ လီချန်ဖုန်းလည်း သူ့ကို အလိုလိုက်ထားလိုက်လေသည်။
"ခင်ဗျားရိပ်မိတယ်ဟုတ်? လင်းဖန်းလျန်နဲ့ အစ်ကိုရှောင်ယွီတို့က စုံတွဲတွေဖြစ်လာလိမ့်မယ်လို့ ခင်ဗျားထင်လား?" ရွှီချင်းသည် လင်းဖန်းလျန်က ရှဲ့ယွီအပေါ် ကြည့်နေတဲ့အကြည့်ကို ပြန်စဥ်းစားမိလိုက်ကာ လီချန်ဖုန်းနှင့် အတင်းပြောဖို့ မစောင့်နိုင်တော့ပေ။
"ကိုယ်လည်းထင်တာပဲ၊ ဒါပေမယ့် သူတို့နှစ်ယောက်လုံးရဲ့ ဆန္ဒအပေါ်မှာလည်း မူတည်တာပေါ့။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှရမှာလေ။ အနည်းဆုံးတော့ အခုချိန်မှာ ရှဲ့ကောအာက လင်းဖန်းလျန်အတွက် ခံစားချက်မရှိသေးဘူးလို့ ကိုယ်မြင်တယ်။"
"သူတို့နှစ်ယောက်အတူတူရှိသွားကြရင် ကောင်းမယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ပိုကောင်းတယ်လေနော်။" ရွှီချင်းက လီချန်ဖုန်းရဲ့လည်ပင်းမှာ သူ့ခေါင်းလေးကို မြှုပ်ထားရင်း ရံဖန်ရံခါပွတ်နေလျက် ပျော်ရွှင်အေးချမ်းမှုကို ခံစားနေရလေသည်။
လီချန်ဖုန်းက ဂနာမငြိမ်ဖြစ်နေတဲ့ ရွှီချင်းကို ပွေ့ဖက်လိုက်ကာ မလှုပ်တော့ဖို့ ပြောလိုက်၏။ "မဟုတ်ရင်တော့ မနက်ဖြန်မွန်းတည့်လောက်မှ အိပ်ရာထတာနဲ့ အဆုံးသတ်သွားမယ်နော်။" သို့မှသာ ရွှီချင်းလည်း ငြိမ်ကျသွားကာ သိပ်မကြာခင်မှာပင် အိပ်ပျော်သွားတော့သည်။ သူက ဒီနေ့တစ်နေ့လုံး အဒေါ်ရှဲ့တို့မိသားစုရဲ့ ကိစ္စအဝဝနှင့် ပြေးလွှားအလုပ်ရှုပ်နေခဲ့ရသဖြင့် ပင်ပန်းနေပြီလေ။
လီချန်ဖုန်းက ရွှီချင်းပေါ်မှ စောင်ကိုသေချာခြုံပေးလိုက်ပြီး သူ့နှလုံးသားထဲမှာ ဂနာမငြိမ်ဖြစ်နေတာကို တည်ငြိမ်စေလိုက်ရင်း မျက်လုံးများကိုမှိတ်လိုက်တော့သည်။ ခဏကြာတော့ သူလည်း အိပ်ပျော်သွားလေပြီ။
နောက်တစ်နေ့တွင် မိုးရပ်သွားခဲ့ပေမယ့် မနေ့ညက မိုးသည်းထန်စွာရွာထားသောကြောင့် လမ်းမှာ ရွှံ့ဗွက်တွေနှင့် စိုစွတ်နေလေ၏။ လီချန်ဖုန်းနှင့် ရွှီချင်းတို့လည်း အိမ်မှာနေလျက် ဝေ့လောင်အာ့ သစ်သားတွေလာပို့မှာကို စောင့်မျှော်နေလိုက်တော့သည်။
xxx