Ch-38
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၃၈)


"ဘယ်သူမှ ရောက်မလာသေးဘူးလေ။ ခင်ဗျား ဘာလို့ ကိရိယာတန်ဆာပလာတွေကို ကိုင်ထားတာတုန်း?" ရွှီချင်းက ပင်မခန်းတွင်းရှိ စားပွဲပေါ်တွင် ယမန်နေ့က ဝယ်လာခဲ့သည့် ကိရိယာတန်ဆာပလာတွေကို နေရာချနေတဲ့ လီချန်ဖုန်းကို ကြည့်လိုက်ပြီး ပဟေဠိဖြစ်နေခဲ့၏။ ဝေ့လောင်အာ့က သစ်သားတွေကို လာမပို့ရသေးဘူးလေ၊ ဒါပေမယ့် လီချန်ဖုန်းက မစောင့်နိုင်တော့ဘူးလားဟ? 


လီချန်ဖုန်းသည် အပေါက်ပါတဲ့ဇွန်းပြုလုပ်ရန် သင့်တော်တဲ့ သစ်သားအပိုင်းအစကို ရှာတွေ့သွားကာ ကိရိယာတွေကိုသုံး၍ ဇွန်းကြီးတစ်ဇွန်းအဖြစ် အမြန်ပြောင်းသွားတော့သည်။ "မနေ့ညက မင်းပြောခဲ့တဲ့ဇွန်းလုပ်ဖို့အတွက် ဒီအချိန်ကို အသုံးချဖို့ စဥ်းစားလိုက်မိလို့။ မင်းသုံးလို့အဆင်ပြေအောင်ပေါ့ကွာ။" 


ရွှီချင်းလည်း လီချန်ဖုန်းလက်ထဲက သစ်သားကို သတိထားမိလိုက်ကာ "ဒါက ထင်းရှူးသားလား?!" 


လီချန်ဖုန်းက ကျွမ်းကျင်လျင်မြန်စွာလှုပ်ရှားလိုက်ပြီး "ဟုတ်တယ်။ ပရိဘောဂတွေအားလုံးကို ထင်းရှူးသားနဲ့လုပ်နေကြပဲလေ မဟုတ်ဘူးလား?"ဟုပြောလိုက်ရာ ရွှီချင်းအံ့သြသွားရသည်။ "အားလုံးကို ထင်းရှူးသားနဲ့လုပ်တယ်ပေါ့?" 


လီချန်ဖုန်းသည် ရွှီချင်းက အမှန်တကယ်စိတ်ဝင်စားနေမှန်း သတိထားမိတာကြောင့် သူရဲ့အလုပ်ကို ရပ်လိုက်ပြီး သူတို့ထိုင်နေကျထိုင်ခုံလေးတွေနဲ့ အိမ်ပေါ်မှ ထုပ်တန်းကြီးကို ညွှန်ပြလျက် "ကြည့်ကြည့်။ ဒါတွေအားလုံးက ထင်းရှူးသားတွေနဲ့ လုပ်ထားတာပဲလေ မဟုတ်ဘူးလား?" 


ထိုမှသာ ရွှီချင်းက သူအကြာကြီးနေထိုင်ခဲ့သည့် ဤအိမ်ထဲတွင် နေရာတိုင်းကို ထင်ရှူးသားနဲ့လုပ်ထားတာဖြစ်ကြောင်း သဘောပေါက်သွားရ၏။ ရေသယ်တဲ့ သစ်သားစည်ကြီး၊ သူတို့ထိုင်နေကျထိုင်ခုံလေးတွေ၊ အိမ်တံခါးတွေနှင့် ခြံတံခါးကတောင် ထင်းရှူးသားတွေနဲ့ လုပ်ထားတာပဲဟ! 


"ဘုရားရေ! ဒါဆို သစ်သားပရိဘောဂတွေလုပ်ဖို့ အခြားသစ်သားအမျိုးအစားတွေကို ဘယ်သူမှ မသုံးကြဘူးလို့ ဆိုလိုတာလား?" တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်းတွင် ရှေးဟောင်းစတိုင်ပရိဘောဂတွေရဲ့ ရှည်လျားလှတဲ့ ဓလေ့ထုံးစံရှိခဲ့တာလေကွာ! 


လီချန်ဖုန်းက ရယ်မောရင်းနဲ့ ရွှီချင်းရဲ့စိတ်ရှုပ်နေတဲ့မျက်နှာလေးတွေကို ပွတ်ပေးလိုက်ရင်း "အနည်းဆုံးတော့ ကိုယ်မြင်ဖူးသမျှထဲမှာ ပရိဘောဂတွေလုပ်ဖို့ တခြားသစ်သားတွေ ဘယ်သူမှမသုံးဖူးကြသေးဘူး။" ထိုသို့ပြောပြီးနောက် သူခေါင်းကိုငုံ့လျက် ပုံစံပေါ်လုနီးပါးဖြစ်နေတဲ့ အပေါက်ပါတဲ့ဇွန်းကို ဆက်လုပ်နေတော့သည်။ 


ရွှီချင်းက သေချာတဲ့အဖြေတစ်ခုကို ရရှိသွားပြီးနောက် အစပိုင်းမှာတော့ သူထိတ်လန့်သွားခဲ့ရ၏။ ထို့နောက်မှာတော့ သူ့ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတိုဖြင့် တောက်ပနေလုနီးနီးပင်။ အမလေး၊ သူတို့အိမ်အနောက်က တောင်ပေါ်မှာ သစ်ကောင်းကောင်းတွေ အများကြီးရှိနေပြီးတော့ သုံးတဲ့သူမရှိကြဘူးတဲ့! ဒါက စီးပွားရေးအခွင့်အလမ်းကြီးတစ်ခုပဲဟ! 


"လာကြည့်ပါဦး၊ မင်းပြောတဲ့ ပုံစံဟုတ်လားလို့?" 


လီချန်ဖုန်းသည် အပေါက်ပါတဲ့ဇွန်းကို ပြုလုပ်ပြီးသွားခဲ့ပြီး ပိုနေတဲ့သစ်သားမှုန်တွေကို မှုတ်ထုတ်လိုက်ကာ အတွေးထဲနစ်မြောနေသေးတဲ့ ရွှီချင်းကို မေးလိုက်သည်။ 


လီချန်ဖုန်းခေါ်လိုက်သည်ကြောင့် ရွှီချင်းလည်း လက်ရှိကာလကို ပြန်ရောက်လာခဲ့သည်။ သူစိတ်မဆိုးပါဘူးနော်၊ ဆန့်ကျင်ဘက်အနေနဲ့ အခုချိန်မှာ တအားကိုစိတ်ခံစားချက်ကောင်းနေတာပါနော်! လီချန်ဖုန်းလုပ်ထားပေးသည့် ခေတ်နောက်ကျသော အပေါက်ပါတဲ့ဇွန်းကို ယူလိုက်ကာ "ဟေး ကျွန်တော်ဝန်ခံပါတယ်ဗျာ။ ခင်ဗျားက အရမ်းတော်တာပဲ! လူငယ်လေးရေ ခင်ဗျားက ပါရမီရှိတာပဲ!" 


လီချန်ဖုန်းက သူ့ရဲ့ကိရိယာတွေကို ဘေးဖယ်လိုက်ပြီး လက်ဆေးနေရင်း ရွှီချင်းရဲ့တုံ့ပြန်မှုကြောင့် နည်းနည်းအံ့သြသွားရသည်။ "ဒီလိုရိုးရှင်းတဲ့အရာလေးတွေလုပ်တာကို မင်းဘာလို့များအထင်ကြီးနေရတာလဲကွာ။ ကြည့်ရတာ ကိုယ်ဘာပဲလုပ်လုပ် မင်းကြိုက်တယ်ဆိုတော့၊ မင်းအတွက် အများကြီးလုပ်ပေးဖို့အတွက် ထပ်ပြီးတော့လေ့လာသင်ယူဦးမှပဲ!" 


ရွှီချင်းမှာ လီချန်ဖုန်းရဲ့ ရံဖန်ရံခါ စနောက်ကျီစယ်ခြင်းကို လုံးလုံးနေသားကျနေပြီဖြစ်ရာ အရေထူလာခဲ့ပြီ။ "လက်ကိုင်ပေါ်မှာ၊ ဟုတ်တယ်၊ အဲ့ဒီနေရာမှာ အပေါက်သေးသေးလေးဖောက်ပေးပါဦး၊ ဒါမှ ကျွန်တော်ချိတ်ထားလို့ရမှာလေ။" ဤနေရာတွင် သံတွေမရှိဘဲ သစ်သားငုတ်တွေသာရှိ၏။ 


ဤကမ္ဘာကြီးဟာ သယံဇာတတွေပေါများတယ်ဆိုနိုင်ပေမယ့်လည်း ဤနေရာရှိ ခေါင်းဆောင်တွေက ဘယ်သောအခါမှ မစူးစမ်းခဲ့ကြချေ။ မဟုတ်ပါက လူတွေက ထင်းရှူးသားကိုသာ သုံး၍ ပရိဘောဂတွေကို ပြုလုပ်ကြလိမ့်မည်မဟုတ်။ လူတိုင်းရဲ့မျိုးဆက်ပေါင်းများစွာလည်း ထင်းရှူးသားကိုပဲ သုံးကြလိမ့်မည်မဟုတ်ချေ။ ဆန်းသစ်တီထွင်ဥာဏ်မရှိပုံရတယ်။ 


လီချန်ဖုန်းလည်း ရွှီချင်းရဲ့ ညွှန်ကြားချက်အတိုင်း လက်ကိုင်ရဲ့ အစွန်းမှာ အပေါက်တစ်ခုကို ဖောက်လိုက်၏။ ထိုအချိန်တွင် ခြံတံခါးမှ အော်သံကျယ်ကျယ်ကို ကြားလိုက်ရသည်။ "လီချန်ဖုန်းရေ ချင်းကောအာရေ မင်းတို့အိမ်မှာရှိလား။ ဝေ့လောင်အာ့ပါ။ သစ်သားတွေလာပို့တာ!" 


"ကျွန်တော် တံခါးသွားဖွင့်လိုက်မယ်။" 


ခြံဝင်းတံခါးဆီသာဆိုပေမယ့်လည်း မိုးသည်းနေသောကြောင့် ရွှီချင်းက ထီးယူကာ ခြံတံခါးကိုဖွင့်လိုက်တော့ ထီးကိုင်ထားရင်း မတ်တပ်ရပ်နေသည့် အရပ်ရှည်ရှည်နဲ့ ကျားကျားလျားလျားလူတစ်ယောက်ကို တွေ့လိုက်ရသည်။ 


"ဝေ့အာ့ကောရေ မြန်မြန်ဝင်လာခဲ့။ ချန်ဖုန်းကအထဲမှာရှိတယ်။" ဝေ့လောင်အာ့မှာ လီချန်ဖုန်းထက် တစ်နှစ်ပိုကြီးသောကြောင့် ရွှီချင်းလည်း သူ့ကို "အာ့ကော"ဟုခေါ်လိုက်၏။ 

(ဝေ့အာ့ကော = ဒုတိယအစ်ကိုဝေ့)


"ကိစ္စမရှိပါဘူးကွာ၊ မတွေ့ရတာကြာပြီပဲ၊ ဟမ် မင်းရဲ့မျက်နှာက တကယ်ပဲပြန်ကောင်းလာတာပဲ။ ငါ့အမေပြောတုန်းက မယုံခဲ့မိဘူးကွ! ဒါပေမယ့် ကြည့်ကောင်းတယ်ဟေ့! ငါလှည်းပေါ်မှာ သစ်သားတွေတင်လာခဲ့တာ၊ သစ်သားတွေချဖို့ ခြံဝင်းထဲ လှည်းဝင်ဖို့လိုတယ် ချင်းကောအာရေ!" ဝေ့လောင်အာ့ရဲ့ ပင်ကိုစရိုက်မှာ အဒေါ်ဝေ့ကဲ့သို့ပင် - တည့်တိုးဆန်ကာ စိတ်မြန်လက်မြန်ရှိ၏။ သို့ပေမယ့် ဒီလိုလူမျိုးတွေက ရိုးသားပြီး ယုံကြည်ထိုက်ပေသည်။ 


"ဒါဆို လှည်းဝင်လို့ရအောင် ခြံတံခါးနှစ်ဖက်လုံး ကျွန်တော်ဖွင့်လိုက်မယ်ဗျာ။ ချန်ဖုန်းရေ ခင်ဗျားပြီးသွားပြီလား။ ပြီးသွားရင် သစ်သားတွေချဖို့ ဝေ့အာ့ကောကို လာကူပေးပါဦး!" 


"ကိုယ်လာနေပါပြီကွာ!" 


"ဟေ့ ဒီကလေး ဘာတွေလုပ်နေတာတုန်း။ ငါ လှည်းကို အထဲယူလာခဲ့မယ်။ ချင်းကောအာရေ မင်းအိမ်ထဲအရင်ဝင်တော့။ မိုးသည်းနေတော့ မင်းအဝတ်တွေစိုရွှဲကုန်ရင် မကောင်းဘူး။ ချန်ဖုန်းနဲ့ငါ ကိုင်တွယ်နိုင်ပါတယ်ကွာ။" ဝေ့လောင်အာ့က ​ခြံဝင်းတံခါးဆီ ရောက်လာတဲ့ လီချန်ဖုန်းကို နှုတ်ဆက်ပြီးနောက် ဝူမိသားစုဆီမှ ငှားထားတဲ့မြည်းလှည်းကိုယူဖို့ လမ်းဘေးကိုပြန်သွားလိုက်၏။ 


"အထဲဝင်တော့လေ၊ ရေနည်းနည်းကျိုထားပေးပါဦး။ ဒါတွေကို မင်းစိတ်ပူစရာမလိုပါဘူး။" 


"ဟုတ်ပါပြီ ဒါဆို ကျွန်တော်ဝင်တော့မယ်နော်။ ခင်ဗျားလည်း ဂရုစိုက်ဦး။ ခင်ဗျားရဲ့အဝတ်တွေအားလုံး ရေမရွှဲစေနဲ့နော်။ အအေးမမိအောင်လို့ ဂရုစိုက်ရမယ်။" 


ရွှီချင်း မီးဖိုချောင်ထဲသို့သွားကာ အိုးထဲရေထည့်ပြီး မီးမွှေးရန်အလို့ငှာ မီးဖိုရှေ့တွင်ထိုင်ချလိုက်၏။ ထို့နောက် သူက သစ်သားရေပုံးထဲမှ ငါးကြီးကြီးနှစ်ကောင်ကို ယူလိုက်လေသည်။ ငါးတွေကိုတော့ လိုအပ်တဲ့အချိန်သုံးလို့ရအောင်လို့ မနေ့က လီချန်ဖုန်းဖမ်းပေးထားတာဖြစ်၏။ အခုဆို ငါးတွေက အဆင်သင့်ပဲပေါ့! 


"မင်းက ကံကောင်းတဲ့ကောင်ပဲကွ။ မင်းမိန်းမက တော်တယ်မဟုတ်လား?" ဝေ့လောင်အာ့က မြည်းလှည်းကို ခြံထဲသို့ယူလာပြီးနောက် သူနှင့် လီချန်ဖုန်းတို့နှစ်ယောက်သား သစ်သားတွေကို ခြံဝင်းထဲ နေရာချနေရင်း အချင်းချင်းစနောက်နေကြ၏။ 


"ဒါပေါ့ သူကအရမ်းတော်တာလေ။ ဒါနဲ့ မင်းလည်း မကြာခင်အိမ်ထောင်ပြုတော့မှာ မဟုတ်ဘူးလား? ဘယ်နေ့လဲ? ငါတို့လည်း အတူတူလာဂုဏ်ပြုရမှာပေါ့ကွာ!" 


ထိုအကြောင်းကိုပြောလာတော့ ဝေ့လောင်အာ့လည်း အနည်းငယ်သက်ပြင်းချလျက် "မင်းမသိပါဘူးကွာ၊ စစ်တပ်ကပြန်လာတဲ့အမျိုးသားတွေများလွန်းတော့ မင်္ဂလာဆောင်မယ့်ရက်တွေကလည်း တူနေကြတာလေ။ အင်းလေ၊ ငါ့အကြံကတော့ လူနည်းတဲ့ရက်တစ်ရက်ကိုရွေးချင်ပေမယ့် လူနည်းတဲ့ရက်တွေကျတော့လည်း မင်္ဂလာရက်မဟုတ်ပြန်ဘူးကွာ။ ဒီတော့ ငါ့အမေက သူ့မိသားစုနဲ့ လောလောဆယ်ဆွေးနွေးနေကြတုန်း။" 


လီချန်ဖုန်းက ရယ်မောလျက် "ကြည့်ရတာတော့ မင်းရဲ့အနာဂတ်ဇနီးက ရိုးရှင်းတဲ့စရိုက်ရှိပုံဆိုတော့ အနာဂတ်မှာ မင်းဒုက္ခများရတော့မှာပဲကွာ!" 


ဝေ့လောင်အာ့က လီချန်ဖုန်းဆီ လက်သီးတစ်ချက် ပစ်သွင်းလိုက်သော်လည်း လီချန်ဖုန်းက ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။ "မင်း ကောင်းတာလေးတွေပြောလို့မရဘူးလားကွ လူဆိုးကောင်ရဲ့! ​အာ ဒါပေမယ့်လည်း ငါက အဲ့လိုစရိုက်မျိုးကို ကြိုက်တာလေ။ သူနဲ့ငါနဲ့က လိုက်ဖက်တယ်ကွ! လာတော့ ဆက်လုပ်ကြမယ်!" 


လီချန်ဖုန်းက ဝေ့လောင်အာ့ကမ်းပေးတဲ့ သစ်သားကို ယူလိုက်ပြီး သူ့ပုခုံးပေါ် မြဲမြံစွာ တင်ထားလိုက်ရင်း "ဂုဏ်ပြုပါတယ်ကွာ၊ ဂုဏ်ပြုပါတယ်။ မင်းရက်ရွေးပြီးရင် ငါ့ကိုအသိပေးဦး!" 


ရွှီချင်းဘက်မှာတော့ ရေဆူလာတဲ့အခါ ခပ်ထားပြီးဖြစ်သည်။ သူက ခြံဝင်းထဲမှ ဆူညံပွတ်လောရိုက်နေတာကိုကြားလိုက်သဖြင့် သူတို့အလုပ်တွေပြီးခါနီးပြီဆိုတာ သိလိုက်လေပြီ။ 


ရွှီချင်း ပင်မခန်းထဲသို့ ရေပူဇလုံကို သယ်သွားလိုက်ပြီး အလုပ်များနေကြတဲ့ လီချန်ဖုန်းနှင့် ဝေ့လောင်အာ့ကို နှုတ်ဆက်လိုက်၏။ "ဒီဟာက လောလောလတ်လတ် ကျိုထားတဲ့ရေနော်။ ဟိုဘက်ကရေပုံးထဲမှာ ရေပူတွေရှိတယ်။ ခင်ဗျားတို့ပြီးသွားရင် လက်ဆေးပြီး ရေနွေးသောက်ထားလိုက်ကြဦး။ အိုး! ဝေ့အာ့ကောရေ ဒီနေ့ နေ့လည်စာကို ကျွန်တော်တို့အိမ်မှာပဲ စားသွားရမယ်နော်!" 


ဝေ့လောင်အာ့က ဘဝင်ခိုက်နေသည့်အမူအရာဖြင့် လီချန်ဖုန်းဆီ မျက်စိတစ်ဖက်မှိတ်ပြလိုက်ကာ အသံကျယ်ကျယ်ပြန်ဖြေလိုက်၏။ "ကောင်းပါပြီကွာ! ငါက ယဉ်ကျေးတဲ့သူမဟုတ်ပါဘူး! ဟားဟား! ဟုတ်တယ်မဟုတ်လား လီလောင်အာ့ရေ" 


"ဟုတ်တာပေါ့၊ မင်းအရင်သွားနှင့်နော်။ ကိုယ်တို့ပြီးသွားရင် ကိုယ်မင်းကိုလာကူပေးမယ်။"   

ရွှီချင်း သူ့လက်ကိုဝှေ့ယမ်းလိုက်ကာ မီးဖိုချောင်ဆီ လျှောက်သွားရင်း "ကူညီစရာမလိုပါဘူးဗျာ။ စိတ်ပူမနေပါနဲ့။ ခင်ဗျားအလုပ်တွေပြီးသွားတဲ့အခါ ဝေ့အာ့ကောနဲ့ စကားပြောနေလိုက်။ ဒီမှာ ဘာမှစိတ်ပူစရာမလိုဘူး။" 


ရွှီချင်းမီးဖိုချောင်ထဲဝင်သွားသည်နှင့် ဝေ့လောင်အာ့က သူ့လက်ထဲကထီးကို ရွှေ့လိုက်ပြီး လီချန်ဖုန်းဆီ တိုးတိုးလေးပြောလျက် "တစ်ယောက်ယောက်ဆီက ဆရာလုပ်တာခံရတော့ ဘယ်လိုခံစားရလဲ?" 


"အဆင်ပြေပါတယ်။ မင်းကတော့... မင်းမှာဇနီးမရှိသေးတော့ ငါဘာပဲပြောပြော နားလည်မှာမဟုတ်ပါဘူးကွာ!" 


ထိုစကားလုံးတွေမှာ ဝေ့လောင်အာ့ကို ဆို့နင့်သွားစေ၏။ "မင်းရဲ့ သဘောထားကိုကြည့်စမ်း! သိပ်မကြာခင်မှာပဲ ငါ့မှာလည်း ဇနီးရှိလာတော့မှာပါကွ!" 


နေ့လည်စာအတွက် ရွှီချင်းက ငါးပြုတ်ထားကာ နောက်ဆုံးတစ်ခေါက်က ကျန်တဲ့ဆီနည်းနည်းနှင့် ဆားနည်းနည်းရောထားလိုက်၏။ ထို့နောက် ပန်းကန်လုံးကြီးကြီးထဲထည့်ကာ ဟင်းရွက်ချဥ်တစ်ပန်းကန်နှင့်အတူ စားပွဲပြင်ထားလိုက်ကာ "ဝေ့အာ့ကောရေ ဒီနေ့နေ့လည်စာကိုတော့ ဒါလေးပဲလုပ်လိုက်ရတယ်။ နောက်တစ်ခေါက်ကျမှ ခင်ဗျားတို့အတွက် ပိုအရသာရှိတာတစ်ခုခု လုပ်ပေးမယ်ဗျာ!" 


ဝေ့လောင်အာ့လည်း ရွှီချင်းချက်တဲ့ငါးဟင်းက အရမ်းစားကောင်းတယ်လို့ လီချန်ဖုန်းကပြောတာကို ကြားထားရုံရှိသေး၊ အခုတော့ အနံ့နဲ့တင် သားရေကျချင်နေပါပြီ။ "ချင်းကောအာရေ ဘာမဟုတ်တာတွေပြောနေတာလဲကွာ။ ဒီအနံ့ရရုံနဲ့တင် ဒီဟင်းက တအားစားကောင်းမယ်လို့ ငါပြောနိုင်တယ်။ စောစောတုန်းက လီချန်ဖုန်းက ငါးဟင်းဘယ်လောက်ကောင်းကြောင်းကြွားဝါနေသလဲဆိုတာကို မင်းမသိပါဘူး!" 


လီချန်ဖုန်းက ရွှီချင်းရဲ့အကြည့်ကို မခံစားရသလိုပင် အရှက်မရှိစွာ ဆက်ပြောနေသေးသည်။ "ဟုတ်တယ်လေ၊ အမှန်တွေပဲကို!" 


"ဟုတ်ပါပြီဗျာ၊ နည်းနည်းသောက်ကြတာပေါ့ ဝေ့အာ့ကောရေ။ ချန်ဖုန်း လာလေ။ ဒီရာသီဥတုနဲ့ဆို လုပ်စရာလည်းသိပ်မရှိတော့ အတူတူဆုံတုန်းလေး သောက်ကြတာပေါ့။" 


ဝေ့လောင်အာ့က ထိုစကားကိုကြားတဲ့အခါ လီချန်ဖုန်းက ဒီလိုမျိုးလက်သင့်ခံနိုင်စွမ်းရှိတဲ့ဇနီးရလိုက်တာဟာ ကံကောင်းတယ်လို့ ပို၍ခံစားလာရပေ၏။ "ဟုတ်တာပေါ့၊ လီလောင်အာ့ရေ၊ တစ်ခွက် နှစ်ခွက်လောက်သောက်ကြတာပေါ့! ဒါပေမယ့် အများကြီးမသောက်တော့ပါဘူး။ အိမ်ပြန်လို့ အရက်နံ့ရနေရင် နားပူနားဆာလုပ်ခံရလိမ့်မှာ!" 


"ကောင်းပါပြီ၊ ခင်ဗျားတို့အရင်စားကြဦး။ ကျွန်တော် အရက်သွားယူလိုက်ဦးမယ်!" 


မင်္ဂလာပွဲနေ့တုန်းက ကျန်နေသေးတဲ့ အရက်အိုးသေးလေးတစ်အိုးရှိသေးသည်။ အဲ့ဒါကုန်သွားရင်တော့ ရွှီချင်းက သူ့ဘာသူ ဆန်အရက်ကိုလုပ်ကြည့်ချင်သေးသည်။ 


ဤနေရာရှိ အုပ်ချုပ်ရေးအရာရှိတွေက ရပ်သူရွာသားတွေကို ကိုယ်ပိုင်အရက်လုပ်ခွင့်ပေးလား မပေးလား သူလည်းမသေချာပေ။ ရှေးခေတ်တရုတ်ပြည်တွင် ခွင့်ပြုချက်မရှိဘဲ အရက်ချက်လို့မရခဲ့ပေ။ သူ့မှာအချိန်ရှိတဲ့အခါ ဒီအကြောင်းကို စုံစမ်းကြည့်ရမယ်လို့ တွေးထားလိုက်လေသည်။ 


သူတို့က အရက်သောက်ပြီး စကားစမြည်ပြောနေကြချိန်တွင် လင်းဖန်းလျန်က သူ့ပစ္စည်းတွေကို ထုပ်ပိုးနေခဲ့သည်။ 


သမားတော်ကြီးလင်းမှာ လူနာတစ်ယောက်အတွက် ဆေးစပ်ပေးနေဆဲ။ သူတို့ထွက်သွားကြသည်နှင့် နောက်လှည့်ပြီး ကန့်လန့်ကာကိုဆွဲဖွင့်လိုက်တော့ သူ့သားဖြစ်သူမှာ အဝတ်အစားတွေထုပ်ပိုးနေသည်ကို တွေ့လိုက်ရ၏။ 


"မင်း တစ်ယောက်ယောက်ရဲ့ အိမ်မှာ အမြဲတမ်းနေဖို့ စီစဉ်နေတာလား?" သူ့ကလေးက အဲ့ဒီနေရာဆီ တစ်အိမ်လုံးသယ်သွားဖို့ကြိုးစားနေတယ်လို့ ခံစားလိုက်ရပေ၏။ 


လင်းဖန်းလျန်က နောက်ဆုံးတစ်ထည်ကို အိတ်ထဲထိုးထည့်လိုက်ကာ ကြိုးဖြင့်ချည်လိုက်ပြီး "ချင်းကောအာရဲ့အိမ်အနောက်မှာ တောင်ကြီးတစ်လုံးရှိတယ်လို့ ကျွန်တော်ကြားထားတယ်။ အဲ့ဒီမှာ ကျွန်တော် ဆေးပင်ကောင်းကောင်းလေးတွေရမလားလို့ သွားကံစမ်းကြည့်မလို့။" 


သမားတော်ကြီးလင်းက ထိုစကားတွေကိုကြားတော့ ရွှီချင်းက သူ့ဆီလာရောင်းတဲ့ဆေးပင်တွေအကြောင်းကို တွေးမိသွားသည်။ ၎င်းတို့မှာ အရမ်းမရှားပါးသော်လည်း လတ်ဆတ်ပြီး အရည်အသွေးကောင်းလေသည်။ 


"သွားလေ၊ လျှောက်ကြည့်လိုက်ပေါ့။ ငါ့ဆီမှာ ရှောင်ဝမ်ရှိတာပဲ။ စိတ်ပူမနေနဲ့။" ရှောင်ဝမ်ဆိုသည်မှာ ဆေးဆိုင်ရှိ အလုပ်သင်တစ်ယောက်ဖြစ်လေသည်။ အရင်တစ်ခေါက်က ရွှီချင်းကို ကြိုဆိုခဲ့တဲ့ လူငယ်လေးပေါ့။ 


"နေဦး! နေဦး! အလျင်လိုမနေနဲ့ကွ!" သမားတော်ကြီးလင်းမှာ ဆိုင်ထဲက ထွက်သွားတော့မည့် လင်းဖန်းလျန်ကို တွေ့လိုက်တော့ ရုတ်တရက် တစ်ခုခုကို သတိရသွားကာ အမြန်ရပ်ခိုင်းလိုက်ပြီး "ဘာဖြစ်လို့လဲဗျာ?" 


လင်းဖန်းလျန်ရဲ့စိတ်ထဲတွင် ရှဲ့ယွီအကြောင်းသာ ပြည့်နှက်နေခဲ့သည်။ တစ်ညလုံး သူ့ကိုလွမ်းနေခဲ့တာပင်။ "မင်းဘယ်မှာနေမှာလဲ?" 


"လီချန်ဖုန်းနဲ့ ချင်းကောအာတို့အိမ်မှာပေါ့။ ကျွန်တော် အဲ့ကိုသွားမယ်လို့ ပြောထားတယ်မဟုတ်လား?" 


သမားတော်လင်း ဤစကားကိုကြားတော့ လင်းဖန်းလျန်ရဲ့ခေါင်းကို ရိုက်ပစ်ချင်ကာ "သူတို့က ပူပူနွေးနွေးဇနီးမောင်နှံတွေကွ! သူတို့မှာ အခန်းပိုရှိလားမရှိလားဆိုတာထက် သူတို့ကို မနှောင့်ယှက်သင့်ဘူးကွ!" သူနှင့် လင်းဖန်းလျန်အမေတို့ လက်ထပ်ချိန်တုန်းကလည်း သူတို့အိမ်မှာ တစ်ယောက်ယောက်လာနေတဲ့အခါ မုန်းတီးခဲ့ကြ၏။ ညဘက်မှာ သူတို့အသံကျယ်ကျယ်ထွက်လို့မရဘူးလေ။ အဲ့ဒါက အရမ်းစိတ်တိုစရာပဲ! 


လင်းဖန်းလျန်မှာ ရှဲ့ယွီအကြောင်းကို အာရုံစိုက်နေခဲ့သဖြင့် တခြားကိစ္စတွေကို မစဥ်းစားထားပေ။ "ဟုတ်ပါပြီဗျာ။ ဒီနေ့ ကျွန်တော်သွားကြည့်လိုက်ဦးမယ်။ အဆင်မပြေဘူးဆိုရင် ပြန်လာခဲ့မယ်ဗျာ။ သူတို့က ဒီကိုမြည်းလှည်းနဲ့လာကြတာဆိုတော့ ကျွန်တော်လည်း မြည်းလှည်းနဲ့ပဲ သွားလိုက်မယ်လေ။ အဆင်ပြေသွားရင်တော့ ပြန်မလာတော့ဘူးနော်။ အိမ်မှာဂရုစိုက်နေဦးနော်! ကျွန်တော်သွားပြီဗျို့!" 


xxx