ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၃၉)
သမားတော်ကြီးလင်းသည် စိတ်စောနေပုံပေါ်တဲ့ လင်းဖန်းလျန်ကို ကြည့်လိုက်ရင်း စကားထပ်မပြောချင်တော့ပေ။ "သွားတော့၊ သွားတော့" လို့သာ မောင်းထုတ်လိုက်တော့သည်။
ဝေ့လောင်အာ့နှင့် လီချန်ဖုန်းတို့က ကျန်တဲ့အရက်တွေကို ညီတူညီမျှသောက်လိုက်ကြကာ မူးယစ်တဲ့လက္ခဏာတော့မရှိသေးချေ။ ရွှီချင်းက လီချန်ဖုန်းရဲ့ခွက်ကို အနံ့ခံကြည့်လိုက်ပြီး အရက်ပါဝင်မှုပမာဏဟာ အတော်လေးနိမ့်မှန်း အတည်ပြုလိုက်၏။ ငါးဟင်းကို ပျော်ပျော်ကြီးစားသောက်နေတဲ့ ဝေ့လောင်အာ့သည် ရွှီချင်းက အရက်ကို စိတ်ဝင်တစားရှိနေတာကိုမြင်တော့ သူမြည်းကြည့်ချင်နေတယ်လို့ ထင်လိုက်သည်ပင်။ "ချင်းကောအာရေ မင်းစောစောကပြောတာမဟုတ်ဘူးကွာ။ မင်းအတွက် နည်းနည်းချန်ထားပေးမှာပေါ့။"
ညစာစားနေချိန်အတွင်းမှာ ရွှီချင်းက ဝေ့လောင်အာ့နှင့် ခင်မင်သိကျွမ်းလာခဲ့ပြီ။ ထမင်းတစ်နပ်လောက်နှင့် ဝေ့လောင်အာ့က သူ့ကို "ညီလေး"လို့ ခေါ်လိုက်ပြီဖြစ်သည်။ နှစ်လိုဖွယ်ကောင်းတဲ့အခေါ်အဝေါ်လေးပင်။ ရွှီချင်းမှာ ဆွေမျိုးတွေမရှိသဖြင့် အတင်းအဖျင်းတွေကို မမှုချေ။ သည့်အပြင် လီချန်ဖုန်းနှင့် ဝေ့လောင်အာ့တို့က သူငယ်ချင်းကောင်းတွေဖြစ်ကြသည်မို့ သူ့ကို "ညီလေး"လို့ခေါ်တာက ဝေ့လောင်အာ့အတွက်တော့ သာမန်ပဲလေ။
ရွှီချင်းလည်း အရက်ခွက်ကို စားပွဲပေါ်ပြန်ထားလိုက်ကာ သူ့ကို စူးစမ်းကြည့်ရှုနေတဲ့ လီချန်ဖုန်းဆီ ပြန်တွန်းပေးလိုက်ရင်း ဝေ့လောင်အာ့ကို ခေါင်းယမ်းပြလိုက်ပြီး "မဟုတ်ပါဘူးဗျာ။ အနံ့ပြင်းလား မပြင်းလား၊ ဘယ်လိုမျိုးအနံ့ရှိလဲ သိချင်ရုံလေးပါ။"
ဝေ့လောင်အာ့က သူ့ပေါင်သူရိုက်ကာ ဝါးလုံးကွဲရယ်လေသည်။ "ဒီအရက်က သိပ်မပြင်းဘူး။ စိတ်ကျေနပ်စေဖို့သက်သက် ရေနဲ့ရောစပ်ထားတာလေ!" လီချန်ဖုန်းလည်း ထောက်ခံစွာ ခေါင်းညိတ်လျက်။
"ရေနဲ့ရောထားတာလား? ခင်ဗျားဘယ်လိုသိတာလဲ? ဒါဆို လူတွေက ဘာလို့ဝယ်သောက်နေကြသေးတာတုန်း?" ရွှီချင်းလည်း မေးလိုက်လေသည်။
လီချန်ဖုန်းက ပြန်ဖြေလာသည်။ "ဘာလို့လဲဆိုတော့ လူတွေက အခွန်ဆောင်ပြီး ဂျုံ၊ဆန်စပါးတွေဝယ်ပြီးတဲ့အခါ စားဖို့တောင် မတတ်နိုင်ကြတော့ဘူးလေ။ ဒီတော့ အရက်ချက်ဖို့အတွက် သူတို့ဘာတွေများသုံးနိုင်ကြတော့မှာလဲ။ ဒီစျေးမှာရောင်းတဲ့အရက်က ရေနဲ့ရောစပ်ထားတာတောင်မှ လက်ခံနိုင်လောက်တဲ့အရည်အသွေးရှိတယ်။ ဝေ့လောင်အာ့ပြောသလိုပဲ စမ်းသောက်ကြည့်ကြည့်လေ။" ရွှီချင်းက ထပ်မေးတော့မယ့်အချိန်မှာပင် ရင်းနှီးလှတဲ့အသံတစ်သံက သူတို့ရဲ့စကားဝိုင်းကို ကြားဖြတ်နှောင့်ယှက်လာခဲ့သည်။
ရွှီချင်းတို့အဖွဲ့လှည့်ကြည့်လိုက်တော့ ပင်မခန်းရဲ့ တံစက်မြိတ်အောက်မှာ မတ်တပ်ရပ်နေတဲ့ လင်းဖန်းလျန်ကို တွေ့လိုက်ရ၏။ သူက အထုပ်အပိုးများစွာသယ်ထားပြီး လက်ထဲမှာလည်း စားစရာတွေကိုင်ထားရင်း သူ့မျက်နှာပေါ်မှာ အပြုံးဆင်မြန်းထားလျက် နှုတ်ဆက်လာခဲ့သည်။ "မြည်းလှည်းမောင်းတဲ့ ဦးလေးလီက ငါ့ကိုလမ်းပြပေးလိုက်တာလေ။ နေ့လည်စာအတွက် အချိန်မှီလာခဲ့တာ။ ခြံဝင်းတံခါးကလည်း ပွင့်နေလို့၊ ဝေ့အာ့ကောအသံကြားလိုက်ရတော့ ဒီတိုင်းဝင်လာခဲ့လိုက်တာပါ။ ကျူးကျော်ဝင်လာခဲ့မိလို့ တောင်းပန်ပါတယ်ဗျာ။"
ရွှီချင်းသည် လင်းဖန်းလျန်က ချက်ချင်းရောက်ချလာတော့ အတော်လေးအံ့သြသွားရ၏။ လီချန်ဖုန်းလည်း အံ့အားသင့်သွားသော်လည်း ထုတ်မပြခဲ့ချေ။ ဒီကလေးက အကြာကြီးမစောင့်နိုင်တော့ဘူးဆိုတာ သူသိသားပဲ။
ဝေ့လောင်အာ့သည်လည်း လင်းဖန်းလျန်ရောက်လာမယ်လို့ လုံးဝမထင်ထားခဲ့ချေ။ စစ်မှုထမ်းဆောင်ခဲ့တုန်းက သူ၊ လင်းဖန်းလျန်၊ လီချန်ဖုန်းနဲ့ ချန်ချီတို့က ရဲဘော်ရဲဘက်ကောင်းတွေပင်။ "မင်း ဒီကိုဘာလို့ရောက်လာတာလဲ?"
လင်းဖန်းလျန်သည် သူဝယ်လာတဲ့စားစရာတွေကို ရွှီချင်းထံ ကမ်းပေးလိုက်ကာ ထမင်းစားပွဲဝိုင်းမှာ ခပ်တည်တည်ဖြင့် ထိုင်ချလိုက်ပြီး ဝေ့လောင်အာ့ရဲ့ပန်းကန်ကို စိတ်ဝင်တစားဖြင့် ကြည့်နေရင်း "ခင်ဗျားဘာတွေလာကြည့်နေတာတုန်း။ အခုဆို ချင်းကောအာက ငါ့ရဲ့ညီလေးပဲလေ! သူတို့မင်္ဂလာပွဲကို ဂုဏ်ပြုဖို့ရောက်လာတာပေါ့။"
ရွှီချင်းက မီးဖိုချောင်ဆီသွားကာ ပန်းကန်အနည်းငယ်ထဲသို့ လင်းဖန်းလျန်ယူလာတဲ့ဟင်းတွေကို ထည့်လိုက်ပြီး စားပွဲပေါ်မှာ နေရာချလိုက်၏။ "ဟင်းပွဲတွေကပူနေသေးလို့ မြန်မြန်စားလိုက်ကြတာပေါ့။ နောက်တစ်ခေါက်ကျမှ ကျွန်တော် ကောင်းကောင်းလေးချက်ပေးမယ်ဗျာ။"
လင်းဖန်းလျန်သည် ငါးပြုတ်ကိုစတင်စားသောက်နေပြီဖြစ်ရာ အရသာရှိမှန်းသိသွားလေပြီ။ သူက အရသာပြင်းပြင်းရှိတဲ့စားစရာတွေကို နှစ်သက်သည်မို့ အနှီငါးဟာ ဒီလောက်အနံ့အရသာပြည့်စုံလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပေ။ "ကောင်းတာပေါ့! ငါဒီဟာထပ်စားလို့ရနိုင်မလား။"
ဝေ့လောင်အာ့က ရယ်မောလျက် "မင်း၊ လူငယ်လေးရေ၊ ငါ့လိုပဲ အရသာပြင်းပြင်းတွေကြိုက်တယ်ပေါ့လေ! ဒါက အရသာရှိတယ်ကွာ! ငါပြန်ရောက်တဲ့အခါ ငါ့ဇနီးလောင်းကို စမ်းချက်ခိုင်းကြည့်ရမယ်။ ဒါဆို နောင်မှာ အသားဟင်းပွဲအတွက် ငါတို့ ပိုက်ဆံချွေတာနိုင်ပြီပေါ့!"
"ဒါဆို ဘယ်လိုချက်ရလဲဆိုတာ ကျွန်တော်ခင်ဗျားကို သင်ပေးလိုက်မယ်လေ။ ကျွန်တော်ပြောတဲ့အတိုင်းလုပ်ရင် လွယ်လွယ်လေးပဲ။" ရွှီချင်းကတော့ ငါးဟင်းချက်နည်းကို ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်လေသည်။ ရွှီချင်းသည် သူ့ရဲ့အနာဂတ်စီးပွားရေးအတွက် ရွာထဲမှာ အဆက်အသွယ်များများ တည်ဆောက်ထားချင်ခဲ့၏။ သည့်အပြင် ဤငါးဟင်းက သာမန်ငါးပြုတ်နည်းလေးပါပဲ။ သို့ပေမယ့် အိမ်တိုင်းက ဒီလိုအရသာမျိုးရဖို့ ငရုတ်ကောင်းသုံးရမယ်ဆိုတာ မသိကြဘူးလေ။
ရွှီချင်းက ငါးပြုတ်နည်းအဆင့်ဆင့်ကို ရှင်းပြနေစဥ် လီချန်ဖုန်းက လင်းဖန်းလျန်ခုံပေါ်တင်ထားတဲ့ အထုပ်ကြီးကို အာရုံမစိုက်မိဘဲ မနေနိုင်ချေ။ သူ့မျက်လုံးတွေကို အနည်းငယ်မှေးစင်းလိုက်ကာ ဒီကလေးက ဒီမှာအကြာကြီးလာနေဖို့စီစဥ်ထားပုံရတယ်လို့ အာရုံရနေလေသည်။ ထိုအတွေးကြောင့် လီချန်ဖုန်းမှာ စိတ်မသက်မသာဖြစ်သွားရ၏။ အထူးသဖြင့် နောက်နှစ်ရက်လောက် ညရေးညတာ"ကိစ္စ"တွေမှ တားမြစ်ခံထားရသည့်အချိန်မှာပေါ့။ အစတုန်းက လင်းဖန်းလျန်ကို သူဘာလို့များလာနေဖို့ ဖိတ်ခေါ်လိုက်မိတာပါလိမ့်ကွာ။
လင်းဖန်းလျန်မှာ ငါးချက်ပြုတ်နည်းအကြောင်း ရွှီချင်းရှင်းပြနေသည်ကို နားထောင်နေစဥ် သူ့ဆီ လီချန်ဖုန်းရဲ့ မှုန်မှိုင်းတဲ့အကြည့်ရောက်လာတာကို ခံစားလိုက်ရသဖြင့် မြန်မြန်လှည့်ကြည့်လိုက်ကာ ဘာဖြစ်လို့လဲလို့ အကြည့်ဖြင့် မေးလိုက်လေသည်။ လီချန်ဖုန်းနှင့် ပြောဆိုဆက်ဆံရသည်မှာ ခက်ခဲလှ၏ - ဒီလူရဲ့နှလုံးသားက မည်းနက်နေပြီး ကျိတ်ကြံတတ်လေသည်။
သူ့ရဲ့ညရေးညတာကိစ္စတွေနှင့်သာ ပျော်မွေ့နေတဲ့ လီချန်ဖုန်းကတော့ လင်းဖန်းလျန်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေခဲ့သည်။ သူ့သူငယ်ချင်းမှာ ထုတ်ပြောလို့အဆင်မပြေတဲ့ မက်ဆေ့ချ်ကို နားလည်နိုင်မယ်လို့ မျှော်လင့်နေခဲ့၏။
သို့ရာတွင် လီချန်ဖုန်းရဲ့အကြည့်နောက်ကွယ်မှ အဓိပ္ပါယ်ကို လင်းဖန်းလျန်မှာ သတိမမူမိသေးပေ။ ရွှီချင်းနှင့် ဝေ့လောင်အာ့တို့ ဆွေးနွေးပြီးသွားတဲ့အခါ သူတို့လည်း လီချန်ဖုန်းနှင့် လင်းဖန်းလျန်တို့ ရင်းရင်းနှီးနှီးအကြည့်ချင်းဖလှယ်နေပုံရတာကို သတိထားမိသွားကြ၏။
"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ?" ရိုးသားတဲ့ဝေ့လောင်အာက တည့်တိုးမေးလိုက်လေသည်။ ရွှီချင်းမှာ တိတ်ဆိတ်နေပေမယ့် လီချန်ဖုန်းဆီကြည့်တဲ့ သူ့ရဲ့အကြည့်တွေက မဖော်ရွေတော့သည်မှာ သက်သေပင်။ အဲ့ဒါက အကြည့်လေးတစ်ချက်ဆိုရင်တောင်မှ လီချန်ဖုန်းရဲ့နှလုံးသားထဲမှာ အဆင်မပြေသလို ခံစားလိုက်ရသည်။
လင်းဖန်းလျန်နှင့် လီချန်ဖုန်းတို့က သူတို့ရဲ့မျက်လုံးတွေကို အမြန်အကြည့်ရွှေ့လိုက်ကြ၏။ လီချန်ဖုန်းက ဝေ့လောင်အာ့ရဲ့စပ်စုလိုစိတ်ကို သတိထားမိလိုက်ပြီး သူ့မျက်လုံးတွေက အနည်းငယ်တောက်ပလာလျက်။
"ဒီလိုကွာ။ ရက်နည်းနည်းလောက် မင်းအိမ်မှာ သူနေချင်တဲ့အကြောင်းကို ဖန်းလျန်နဲ့ငါက ဆွေးနွေးနေကြတာလေ။ အဲ့ဒါ မင်းဆန္ဒရှိမရှိ ငါလည်းမသိလို့။" ဝေ့လောင်အာ့ရဲ့မိသားစုတွင် အစ်ကိုကြီး၊ အဒေါ်ဝေ့နှင့် ဦးလေးဝေ့တို့သာရှိလေသည်။ ထို့ကြောင့် သူတို့နဲ့သာနေရင် ပိုအဆင်ပြေလိမ့်မယ်၊ ပြီးတော့ အတင်းအဖျင်းပြောစရာတွေလည်းမဖြစ်တော့ဘူးပေါ့။
လင်းဖန်းလျန်မှာ ငြင်းဆိုဖို့ကြိုးစားချင်လေသည်။ ဘာလို့လဲဆိုတော့ ဒီနေရာကို သူလမ်းမေးကြည့်ခဲ့တုန်းက ရွှီမိသားစုအိမ်က ရှဲ့ကောအာတို့အိမ်နဲ့ အရမ်းနီးတယ်လို့ သူကြားထားတာကို သတိရမိသွား၍ပင်။ ဝေ့လောင်အာ့အိမ်က ဘယ်နားမှာရှိသလဲဆိုတာတော့ သူတကယ်မသိချေ။ ရှဲ့ကောအာနှင့် ဝေးကွာသွားတော့မည်ကိုတွေးရင်း ဝမ်းနည်းလာလေ၏။
"ရတာပေါ့ကွာ၊ ကြိုဆိုပြီးသားပဲ! နေဖို့လည်းအဆင်သင့်ပါပဲကွ။ ဖန်းလျန်ရေ ငါ့အိမ်ကိုသွားကြတာပေါ့!" နွေးထွေးတဲ့နှလုံးသားရှိတဲ့ ဝေ့လောင်အာ့ကတော့ သူ့ရဲ့ညီအစ်ကိုကောင်းက သူနဲ့လာနေမယ်ဆိုလို့ စိတ်အားထက်သန်နေလျက်။
"ငါ...!" လင်းဖန်းလျန်သည် ဝေ့လောင်အာ့ရဲ့စိတ်အားထက်သန်ခြင်းနှင့် ဆန့်ကျင်စွာပင် ငြင်းပယ်ချင်ခဲ့၏။ သို့ရာတွင် သူက လီချန်ဖုန်းရဲ့ ခြိမ်းခြောက်သည့်အကြည့်ကို တွေ့လိုက်ရကာ လင်းဖန်းလျန်လည်း ထိတ်လန့်သွားရပြီး ဗလာအမူအရာဖြင့် သူ့ဘေးမှာရပ်နေတဲ့ ရွှီချင်းကို သတိထားမိသွားခဲ့သည်။
သူသည် သမားတော်ကြီးလင်းရဲ့ စကားတွေကို ပြန်သတိရသွားကာ ငြင်းဆန်ချင်နေတာကို ပြန်မျိုချလိုက်ရ၏။ လီချန်ဖုန်းနှင့် ရွှီချင်းတို့ကို နှုတ်ဆက်ပြီးနောက် ဝေ့လောင်အာ့ရဲ့အိမ်ကို လိုက်သွားတော့သည်။
"မင်းနားလိုက်ဦး၊ ကိုယ်ရှင်းလိုက်မယ်!" လီချန်ဖုန်းက ပန်းကန်တွေကိုဆေးကြောတော့မယ့် ရွှီချင်းကို ရပ်ခိုင်းလိုက်ပြီး ထမင်းစားပွဲကို အမြန်ရှင်းလင်းလိုက်လေသည်။ ရွှီချင်းက ငြင်းဆန်မနေပါဘူး။ သူက ဟင်းချက်ရတာကြိုက်ပေမယ့်လည်း ပန်းကန်တွေဆေးရတာမကြိုက်ပါဘူးနော်။ "ခင်ဗျားတို့နှစ်ယောက် ဘာတွေကြံစည်နေကြတာလဲ?" ရွှီချင်းက သူတို့နှစ်ယောက်ကြားမှာ အကြည့်တွေဖလှယ်နေတာကို သတိပြုမိလိုက်သဖြင့် မေးလိုက်လေ၏။ တစ်ခုခုလွဲနေတယ်ဆိုတာကို ခန့်မှန်းနေဖို့တောင်မလိုပါဘူး။
"ညဘက်ဆို အိမ်မှာ ကိုယ်တို့နှစ်ယောက်ပဲရှိတာကို ကြိုက်တယ်လေ။ တခြားလူတစ်ယောက်ရှိရင်စိတ်အနှောင့်အယှက်ဖြစ်လို့ မကြိုက်ဘူး။ ပြီးတော့ သူက ရှဲ့ကောအာကို လာရှာတာဆိုတော့ သူ့အတွက် ရွာထဲက ဝေ့လောင်အာ့ရဲ့အိမ်ဆို ပိုပြီးအဆင်ပြေတာပေါ့!! လီချန်ဖုန်းက ရွှီချင်းအား သူ့အတွေးတွေကို ဖုံးကွယ်မထားပေ။ ရွှီချင်းရဲ့အရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားအမြဲရှိလေသည်။
ရွှီချင်းသည် မီးဖိုချောင်ထဲသို့ လီချန်ဖုန်းနောက်လိုက်သွားကာ ပန်းကန်ဆေးနေတဲ့ အသေးစိတ်စီစဥ်တတ်တဲ့ အရပ်ရှည်ရှည်အမျိုးသားကို ကြည့်လိုက်၏။ လီချန်ဖုန်းမရှိဘဲ သူတကယ်ဘာမှမလုပ်နိုင်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။ "ခင်ဗျားဒီလို တွေးလို့တော့မရဘူးလေ။ အနာဂတ်မှာ တတိယလူကတော့ အမြဲရှိနေမှာပဲ။"
ဒါကိုကြားတော့ လီချန်ဖုန်းက သူ့ကိုပြုံးပြနေတဲ့ရွှီချင်းကို ကြည့်လိုက်လေ၏။ ခဏကြာတော့မှ သူ့မျက်နှာမှာ အပြုံးကြီးကြီးပေါ်လာပေသည်။ "ဟုတ်ပါပြီ!"
လင်းဖန်းလျန်သည် ဝေ့လောင်အာ့နှင့်အတူ မြည်းလှည်းပေါ်တွင်ထိုင်လျက် ရွာအစွန်ပိုင်းရှိ အိမ်များကို ငေးကြည့်နေရင်း "ဝေ့အာ့ကောရေ ငါမေးစရာရှိလို့။" ဝေ့လောင်အာ့က မြည်းလှည်းကို မြဲမြဲကိုင်ထားရင်း ပြောလိုက်၏။ "ပြောလေ။ မင်းဘာသိချင်လို့လဲ။"
"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရှင်းဖူရွာက ရှဲ့မျိုးရိုးနာမည်ရှိတဲ့ ဦးလေးတစ်ယောက်နဲ့ ငါဆုံခဲ့ပြီးတော့ ဆက်ဆံရေးကောင်းရှိခဲ့ကြတာလေ။ ဒါပေမယ့် သူ့မိသားစုဘယ်မှာနေလဲဆိုတာ ငါမသိလို့။"
လင်းဖန်းလျန်သည် ရွှီချင်းအိမ်မှထွက်လာခဲ့ရသည်မို့ ရှဲ့ကောအာရဲ့အိမ်က ဘယ်အိမ်မှန်း သူမသိလိုက်ရသဖြင့် သူ ခဏလောက် အိမ်တွေကိုစိုက်ကြည့်နေခဲ့တာဖြစ်၏။ ဦးလေးလီကတော့ ရွာအဆုံးက ပထမဆုံးအိမ်လို့ ပြောပြထားပေမယ့်လည်း အိမ်တော်တော်များများက ဘေးချင်းကပ်နေကြ၍ သူမသိတော့ချေ။
"အိုး၊ အဲ့ဒါက ချင်းကောအာရဲ့အိမ်ဆီကနေ လမ်းခွဲနောက်တစ်ခုမှာလေ။"
လင်းဖန်းလျန်မှာ အော်ဟစ်လုနီးပါးပင်။ "ဒါဆို ငါတို့ အဲ့ဒီလမ်းကို မသွားဘူးလား!" ဝေ့လောင်အာ့မှာ ဘာကိုမှသတိမထားမိဘဲ "ဟုတ်တယ်၊ ဒီလမ်းက ငါ့အိမ်နဲ့ပိုနီးလို့၊ ဘာဖြစ်လို့လဲ? မင်း ဦးလေးရှဲ့ကို သွားတွေ့ချင်လို့လား။ ငါတို့မှာ အချိန်ရှိသေးတယ်ကွာ။ ငါ့နေရာကို အရင်သွားကြတာပေါ့!"
"အဲ့ဒါက သူ့ဆီသွားလည်တာ၊ မင်းအိမ်အရင်သွားတာ၊ အကြောင်းမဟုတ်ပါဘူး..." လင်းဖန်းလျန်မှာ မချင့်မရဲဖြစ်နေခဲ့ရသည်။
သူက ရှဲ့ကောအာရဲ့ခြံဝင်းထဲ ချောင်းကြည့်ချင်သေးတာကို။ သူကံကောင်းပြီး သူနဲ့များတွေ့နိုင်မလားလို့လေ။ ရှဲ့ကောအာရဲ့အသံလေးကြားရုံနဲ့တင် သူ့ကို အလွန့်အလွန့်ပျော်ရွှင်စေမှာပဲ!
***
မီးဖိုချောင်ကိုသန့်ရှင်းပြီးနောက် အပြင်ဘက်မှာ မိုးစဲသွားသဖြင့် လီချန်ဖုန်းသည် ဗီရိုပြုလုပ်ဖို့ အလုပ်စလေပြီ။ ရွှီချင်းက ခြံထဲမှ ထင်းရှူးသစ်သားတွေကိုကြည့်ရင်း မထိကိုင်ကြည့်ဘဲမနေနိုင်တော့။ "ပရိဘောဂလုပ်ဖို့အတွက် တခြားသစ်အမျိုးအစားတွေသုံးဖို့ ဘယ်သူမှ မတွေးကြတာ တကယ်ပဲလား?"
မင်းကြည့်စမ်းပါဦး၊ ထင်းရှူးသားပရိဘောဂတွေက နေရောင်ခြည်ဒဏ်ကို ခံနိုင်ရည်မရှိသည့်အပြင် နေရောင်အောက်တွင် အရောင်ပြောင်းသွားဖို့လည်း လွယ်ကူပေသည်။ သည့်အပြင် ထင်းရှူးရဲ့သဘောသဘာဝကြောင့် အစိုဓာတ်ပါဝင်မှုမြင့်မားပြီး ချောမွတ်တဲ့မျက်နှာပြင်ရှိကာ တခြားသစ်သားမာမာတွေလို ခိုင်ခံ့ခြင်းမရှိသည့်အပြင် ပုံပျက်လွယ်၊ အက်ကွဲလွယ်လေ၏။
ထင်းရှူးသားသည် သဘာဝနှင့်နီးစပ်၍ ရိုးရိုးရှင်းရှင်းတောက်ပပြီး လတ်ဆတ်တဲ့လက္ခဏာရှိသော်လည်း သူတို့ရဲ့ကိုယ်ပိုင်အားနည်းချက်လည်းရှိပေသည်။ ထင်းရှူးသားပရိဘောဂတွေက စိုစွတ်မှုဒဏ်မခံနိုင်ဘဲ အစိုဓာတ်ကြောင့် အရောင်ပြောင်းရန် လွယ်ကူလေသည်။
လီချန်ဖုန်းသည် သစ်သားတွေနှင့် အလုပ်ရှုပ်နေသော်လည်း ရွှီချင်းရဲ့မေးခွန်းကိုကြားတော့ သူက စိတ်ရှည်ရှည်နဲ့ ပြန်ဖြေလာသည်။ "တကယ်တော့ အဲ့ဒါကအမှန်မဟုတ်ဘူး။ ပရိဘောဂတွေအတွက် ထင်းရှူးသစ်သားတွေသုံးဖို့အကြံက ဟိုရှေးရှေးတုန်းက လူတစ်ယောက်ကြောင့် ပေါ်လာတာတဲ့။ အဲ့ဒီလူတွေက ဝါး ဒါမှမဟုတ် ကျောက်တုံးတွေလည်း သုံးကြတယ်လို့ ကိုယ်ကြားဖူးတယ်။"
ရွှီချင်းမှာ နားထောင်လေလေ ပိုပျော်လေလေပင်။ "ဒါဆို အပြင်ကလူတွေက ဘယ်လိုသစ်အမျိုးအစားသုံးကြလဲဆိုတာ ခင်ဗျားသိလား? ကျွန်တော်တို့က မြို့တော်နဲ့ဝေးတယ်ဆိုတော့ ကမ္ဘာကြီးအပြင်ဘက်က ကျယ်ပြောတယ်လေ။ တခြားသူတွေက ပရိဘောဂတွေအတွက် မတူတဲ့သစ်အမျိုးအစားတွေ သုံးတာလည်း ဖြစ်နိုင်မှာနော်။"
လီချန်ဖုန်းက ခေါင်းခါလိုက်ပြီး "ကိုယ်မသိဘူး။ ဘာလို့ မင်းက တခြားသစ်သားကို သုံးချင်တာလဲ? ကိုယ်မစမ်းကြည့်ဖူးပေမယ့် မင်းလိုချင်တယ်ဆို ကိုယ်လုပ်ပေးမှာပေါ့။"
"ထင်းရှူးသားရဲ့ အရောင်က ပရိဘောဂတွေအတွက် မသင့်လျော်ဘူးလို့ ကျွန်တော်ခံစားရလို့၊ တခြားသစ်အမျိုးအစားတွေနဲ့ စမ်းကြည့်ချင်တာ။ ကျွန်တော်တို့အောင်မြင်ရင် တခြားလက်သမားတွေကြားထဲမှာ ပေါ်လွင်ထင်ရှားနေမယ်မဟုတ်လား?"
"ကောင်းပါပြီကွာ။ မင်းရဲ့အကြံကို နားထောင်မယ်လေ။ စမ်းကြည့်ကြတာပေါ့။" လီချန်ဖုန်းသည် ရွှီချင်းရဲ့တောင်းဆိုချက်ကို ဘယ်သောအခါမှ မငြင်းပယ်ချေ။ *'Happy Wife, Happy Life'ဆိုတဲ့ ဆိုရိုးကို လီချန်ဖုန်းက ယုံကြည်ပေ၏။ ရွှီချင်းရဲ့အကြံအတိုင်းနားထောင်တာက မှန်ကန်လှတဲ့လုပ်ဆောင်ချက်ပင်။
(*Happy Wife, Happy Lifeဆိုတဲ့ အဓိပ္ပါယ်လေးကတော့ -
ကောင်းမွန်တဲ့ဘဝကိုရဖို့ ဇနီးကောင်းတစ်ယောက်ရှိဖို့လိုပါတယ်တဲ့။ မိသားစုမှာ ဇနီးက ပျော်ရွှင်တဲ့အခါ သူ့ခင်ပွန်းသည်ကို ကျေနပ်အောင်လည်း ကူညီပေးနိုင်ပါတယ်တဲ့။
Source from Internet)
ရွှီချင်းက သူ့နှုတ်ခမ်းတွေကို စုဝိုင်းလိုက်ကာ "ခင်ဗျားက ကျွန်တော့်စကားကို အမြဲတမ်းနားထောင်တယ်နော်။ ကျွန်တော် မှားပြောမှာကို မကြောက်ဘူးလား?" လီချန်ဖုန်းသည် ဥာဏ်နီဥာဏ်နက်များတဲ့ လူတစ်ယောက်ဆိုတာ သိသာထင်ရှားသော်လည်း ရွှီချင်းတောင်းဆိုသမျှကိုတော့ အမြဲတမ်းလိုက်လျောပေးလေသည်။ လီချန်ဖုန်းသည် သူ့အပေါ်မှာ အရမ်းအလေးထားတယ်လို့ ရွှီချင်းက စတင်ခံစားလာရပြီ။
လီချန်ဖုန်းက သူ့အလုပ်တွေကို ကူကယ်ရာမဲ့စွာဖြင့် ရပ်တန့်လိုက်ပြီး "ဟုတ်ပါပြီဗျာ၊ ကိုယ်ဆုံးဖြတ်ချတဲ့အခါ မင်းလည်းသဘောတူတာပဲမဟုတ်လား?"
ဤစကားကိုကြားလိုက်တော့ ရွှီချင်းမှာ ချက်ချင်းနားလည်မှုလွှဲနေတယ်လို့ ခံစားလိုက်ရ၏။ "ခင်ဗျားက ဘာကိုဆုံးဖြတ်ချလိုက်တာလဲ? ကျွန်တော်က ဘယ်တုန်းက သဘောတူလိုက်တာလဲ?"
လီချန်ဖုန်းက ရွှီချင်းအနားကပ်လာပြီး သူ့နားရွက်လေးကို ဖွဖွလေးကိုက်လျက် "ဒီမနက်ပဲလေ၊ ကိုယ်ပြောခဲ့တာက..." လီချန်ဖုန်းရဲ့စကားတွေကြောင့် ရွှီချင်းရဲ့မျက်နှာလေးမှာ နီရဲသထက် နီရဲလာလေသည်။ "နောက်ဆုံးတော့ မင်းသဘောတူလိုက်တာပဲလေ မဟုတ်ဘူးလားကွာ"
ရွှီချင်းက လီချန်ဖုန်းကို တွန်းထုတ်လိုက်ပြီး လှည့်ကာ ထွက်သွားတော့သည်။ "ကျွန်တော် ဝက်စာမြက်ဖြတ်ဖို့ သွားတော့မယ်။ ခင်ဗျားအလုပ်ကိုသာ အာရုံစိုက်လုပ်!" သူဆက်နေဖို့တောင် ရှက်လွန်းနေရပါပြီ!
မနက်စောစောကြီးမှာ ကိစ္စတွေက ဒီလိုလမ်းကြောင်းပြောင်းလဲသွားမယ်လို့ သူထင်မထားခဲ့မိဘူး။ လီချန်ဖုန်းသည် သူ့မှာ စမ်းကြည့်ချင်သေးတဲ့ တခြားပုံစံတွေရှိတယ်လို့ပြောလာပေသည်။ အစကတော့ သူလည်းစပ်စုလိုက်မိ၏။ သို့ရာတွင် နားထောင်ပြီးတဲ့နောက်မှာတော့ သူမနေနိုင်တော့ဘဲ လီချန်ဖုန်းရဲ့ခေါင်းကို ရိုက်နှက်ပစ်ချင်တော့သည်။
လီချန်ဖုန်းလည်း ရွှီချင်းရဲ့စိတ်တိုနေတဲ့မျက်နှာထားလေးကို မြင်လိုက်တော့မှ သူတို့ရဲ့ရင်းရင်းနှီးနှီးချစ်ကြည်နူးကြတဲ့ကာလပြီးနောက် ဖြစ်လာသလိုမျိုး သူ့မျက်နှာလည်း နီမြန်းလာကာ မျက်လုံးတွေက အစိုဓာတ်နှင့် ရွှန်းစိုလာခဲ့သည်။ ဒီညတော့ သူ အသားစားရဖို့ အခွင့်အရေးရမလားဆိုတာ သိချင်နေပါပြီ။
T/N: ကဲ အသားစားလို့ရမရတော့ နောက်တစ်ပိုင်းမျှော်ပါနော့် ဟီး 😆