ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၄၀)
လီချန်ဖုန်းက ထိုနေ့တွင် သူလိုချင်တပ်မက်ရတဲ့အသားကို မစားလိုက်ရပေ။ ထိုနေ့သာမက နောက်ထပ်သုံးရက်၊ လေးရက်လောက်ထိ ရွှီချင်းကိုစားဖို့ အခွင့်အရေးမရခဲ့။ ပထမဆုံးနေ့ကတော့ လီချန်ဖုန်းက သူ့သဘောတူညီမှုမရှိဘဲ ဆုံးဖြတ်ချက်ချလိုက်တာကြောင့် ရွှီချင်းက သူ့ကို ဒေါသထွက်သွားခဲ့၍၊ နောက်ရက်တွေကတော့ နွေဉီးကောက်စိုက်ခြင်းဖြင့် အလုပ်ရှုပ်နေ၍သာ!
နောက်တစ်နေ့နံနက်တွင် နေစောစောထွက်လာရာ တစ်ရွာလုံး၊ တစ်မြေလုံးကို နေရောင်ဖြင့်ဖြန်းပက်ထားသည့်နှယ်။ မြက်ပင်တွေနှင့် သစ်ပင်ပန်းမန်တို့လည်း မိုးနှစ်ရက်ရွာသွန်းထားသည်မို့ စိမ်းလန်းစိုပြေနေကြပြီး လေတိုက် ယိမ်းနွဲ့နေကြလျက် လယ်ကွင်းထဲမှာ အလုပ်စလုပ်နေကြပြီဖြစ်တဲ့လူတွေကို နှုတ်ဆက်နေသယောင်။
လီချန်ဖုန်းလည်း ဒီနေ့မနက် စောစောထွက်လာခဲ့၏။ မြေအကျယ်ကြီးနှင့် သူတို့နှစ်ယောက်သာရှိ၍ အလုပ်တွေကို တစ်ယောက်တည်းမပြီးစီးနိုင်ရာ။ ကံကောင်းထောက်မစွာဖြင့် ဦးလေးရှဲ့က စောစောစီးစီးပင် လယ်ကွင်းထဲမှာ လီချန်ဖုန်းကို ကူညီပေးခဲ့ပြီး ရွှီချင်းလည်း မနက်စာပြင်ဆင်တော့သည်။
"ချင်းကောအာရှိလားဗျို့။ ဒီနေ့ မင်းတို့ ထယ်ထိုးကြမှာလား? ဖန်းလျန်နဲ့ ငါနဲ့လာကူကြတာ။ ဒီတော့ မင်းတို့နှစ်ယောက် ပိုပြီးသက်သာအောင်လို့လေ!" ဝေ့လောင်အာ့က လင်းဖန်းလျန်ကို ရွှီချင်းအိမ်ဆီ ခေါ်လာကာ ရွှီချင်း ဟင်းသီးဟင်းရွက်တွေ ရေဆေးနေတာကို တွေ့လိုက်ရ၏။
"ဝေ့အာ့ကော၊ ဖန်းလျန်၊ ဒါဆို ကျွန်တော် ခင်ဗျားတို့ကို ယဥ်ကျေးမနေတော့ပါဘူးဗျာ။ ချန်ဖုန်းနဲ့ တခြားသူတွေက ဟိုမှာရှိနေကြတာ၊ ကြည့်လိုက်၊ ဟိုနားလေးမှာပဲ!" ရွှီချင်းလည်း ယဥ်ကျေးမနေတော့သည်မှာ ဧကန်ပင်။ နွေဦးထွန်ယက်တာက လူပိုများများလုပ်ရင် အလုပ်လည်းမြန်မြန်တွင်ပြီးတော့ စိုက်ပျိုးဖို့အတွက် အချိန်ကွတ်တိကျနေမှာပေါ့။
"အခြားသူတွေ? ဒီလောက်အစောကြီး ဘယ်သူလာသေးတာလဲ?"
လင်းဖန်လျန်ကတော့ ရွှီချင်းရဲ့စကားလုံးတွေထဲမှ "သူတို့"ဆိုတာကို ချက်ချင်းဖမ်းမိသွားကာ ရွှီချင်းပြောနေတဲ့လူဆိုတာ ဦးလေးရှဲ့ပဲဖြစ်ရမယ်လို့ သူခံစားနေမိ၏။
"ဦးလေးရှဲ့ပေါ့။ သူက မနက်အစောကြီးလာပြီး ကျွန်တော်တို့ကို အရင်ကူညီပေးမယ်ပြောလို့၊ ပြီးတော့မှ သူ့ကိုယ်ပိုင်လယ်မြေကို လုပ်မယ်တဲ့" ထိုစကားကိုကြားပြီးနောက် လင်းဖန်းလျန်က ဝေ့လောင်အာ့ကိုဆွဲလျက် လယ်ကွင်းဆီပြေးလုမတတ်။ ဦးလေးရှဲ့ဆိုတာက သူ့ရဲ့အနာဂတ်ယောက္ခမလေ! သူအမြင်ကောင်းရအောင်လုပ်ရမယ်!
"ဒီလူငယ်ကတော့ တကယ်ပါပဲ…"
ရွှီချင်းသည် ယခင်က လင်းဖန်းလျန်ရဲ့ ဒီလိုအပြုအမူမျိုးကို တစ်ခါမျှမမြင်ဖူး၍ နည်းနည်းရယ်စရာကောင်းနေသလိုပင်။ လင်းဖန်းလျန်က အစ်ကိုရှဲ့နှလုံးသားကို ဖမ်းစားနိုင်မလားဆိုတာကို သူသိချင်နေပါပြီနော်။
***
"လူငယ်လေး! မင်းက အလုပ်လုပ်တာ တကယ်တက်ကြွတာပဲကွာ! ငါငယ်ငယ်တုန်းကလိုပဲ!" ရွှီချင်းက မနက်စာကို စားပွဲပေါ် တင်လိုက်ရင်း ဦးလေးရှဲ့၏ စိတ်ထဲကလာတဲ့အသံကို ကြားလိုက်ရသည်။
"မဟုတ်ပါဘူးဗျာ၊ အဲ့ဒါက ဘာလို့လဲဆိုတော့ ဦးလေးရှဲ့စိတ်အခြေအနေကောင်းနေတာ ကျွန်တော်မြင်လို့လေ! အလုပ်လုပ်ဖို့ အားတက်သွားတာပေါ့!" ဤအသံမှာ လင်းဖန်းလျန်ရဲ့အသံဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ ကြည့်ရတာ သူတို့တော်တော်လေးအဆင်ပြေနေကြပုံပဲ။
"လာကြဗျို့၊ လက်တွေဆေးပြီး လာစားကြတော့!" ရွှီချင်းက လူတိုင်းကို ခေါ်လိုက်ပြီးနောက် လီချန်ဖုန်းအနားကပ်သွားခဲ့သည်။ '"အခြေအနေဘယ်လိုလဲ?"
လီချန်ဖုန်း သူ့လက်ကို သေချာဆေးကြောနေရင်း "လူပိုများတော့ အလုပ်လည်း မြန်မြန်ပြီးတယ်လေ။ ပြီးတော့ ကိုယ်စောစောစီးစီးပြင်ဆင်ထားတော့ စိုက်ပျိုးတာ နောက်၂ရက်လောက်ဆိုပြီးမယ်လို့ ခန့်မှန်းထားတယ်!" ရွှီချင်းက စိတ်ထဲမှာ သူ့မျက်လုံးတွေကို လှိမ့်လိုက်တော့၏။
"ကျွန်တော်က သူတို့အကြောင်းကို ပြောနေတာလေ!" လီချန်ဖုန်းက ရွှီချင်းရဲ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ လင်းဖန်းလျန်နှင့် ဦးလေးရှဲ့တို့နှစ်ယောက် စကားပြောရင်း အတူတူလက်ဆေးနေကြတာကို တွေ့လိုက်ရလေသည်။
"အဲ့ဒီကလေးက အရမ်းပါးနပ်တာ! ဦးလေးရှဲ့က ကိုယ်တို့အလုပ်တွေ အရင်ပြီးအောင်လုပ်ပြီးမှ သူ့နေရာမှာ သွားကူဖို့ သူ့ကိုခွင့်တောင်ပြုပြီးပြီ"
ထိုစကားကိုကြားပြီးနောက် ရွှီချင်းမှာ လင်းဖန်းလျန်ကို သူ့စိတ်ထဲမှ လက်မ,မထောင်ဘဲမနေနိုင်တော့ပေ။ တကယ်တော့ သူ့မိသားစုက စီးပွားရေးလုပ်တာဆိုတော့ ဆေးခန်းဖြစ်ပေမယ့်လည်း သူက အတော်လေးလျင်တာပဲဟ!
"စားရအောင်လေ၊ နွေဦးကောက်စိုက်ကာလက တကယ်မလွယ်ဘူးပဲ"
လူများသောကြောင့် ရွှီမိသားစုရဲ့ လယ်ကွင်းများကို နှစ်ရက်အတွင်း ထွန်ယက်ပြီးခဲ့ချေပြီ။ သုံးရက်မြောက်နေ့နံနက်တွင် လူတိုင်းက ရွှီချင်းရဲ့အိမ်နောက်ဖေးဆီမှ ပျိုးပင်အားလုံးကို လယ်ကွင်းဆီ နေရာပြောင်းစိုက်ပျိုးရန် ကူညီပေးခဲ့ကြသည်။
ထိုအချိန်တွင် လီချန်ဖုန်းက စျေးသို့သွားကာ ဟင်းသီးဟင်းရွက်မျိုးစေ့များကို သွားဝယ်ခဲ့ပြီး သူတို့လယ်မြေကိုကောင်းကောင်းအသုံးချမည်ဖြစ်သည်။ ရွှီချင်းမှာ ပဲပိစပ်တွေကို တွေ့လိုက်ရတော့ တော်တော်လေးအံ့သြသွားရသည်။
သို့ရာတွင် လူတိုင်းက ဝက်များကိုကျွေးဖို့အတွက်သာ စိုက်ပျိုးကြတာဖြစ်နေ၍ ရွှီချင်းရဲ့ဆုံးဖြတ်ချက်အတိုင်း ဟင်းသီးဟင်းရွက်များဘေး၌ ပဲပိစပ်တော်တော်များများ စိုက်ပျိုးခဲ့လေသည်။
"ချန်ဖုန်းရေ၊ ငါဒီဝတ်စုံနဲ့ ကြည့်ကောင်းတယ်လို့ မင်းထင်လား?"
ရွှီအိမ်တွင် နေ့လည်စာစားပြီးနောက် လင်းဖန်းလျန်သည် အဝတ်အစားလဲရန် ဝေ့လောင်အာ့အိမ်သို့ အမြန်ပြန်ပြေးသွားခဲ့သည်။ ထို့နောက်မှ သူ့အဝတ်အစားနှင့်ပတ်သက်ပြီး အမြင်ကိုမေးမြန်းရန်အလို့ငှာ ရွှီချင်းအိမ်သို့ပြန်လာကာ လီချန်ဖုန်းမသွားရသေးတာကိုတွေ့လိုက်ရလေသည်။ ဝေ့လောင့်အာမိသားစုသည်လည်း နွေဦးစိုက်ပျိုးထွန်ယက်ရင်း အလုပ်များနေသောကြောင့် နေ့ခင်းပိုင်းတွင် သူလိုက်မလာခဲ့တော့။
လင်းဖန်းလျန်က နေ့လည်ခင်းမှာ လယ်လုပ်ရမည်ကိုသိ၍ သူ့ကို တက်ကြွပြီး ချောမောစေပုံပေါက်အောင်လို့ ဘောင်းဘီတိုကို တမင်တကာ ရွေးချယ်ခဲ့တာဖြစ်သည်။ "ကောင်းပါ့ဗျာ! အမိုက်စားပဲဗျ!" ရွှီချင်းက လင်းဖန်းလျန်နှင့် ရှဲ့ကောအာတို့က လိုက်ဖက်ညီတယ်လို့ ပို၍ခံစားလာရ၏။
လီချန်ဖုန်းသည် သူ့ဇနီးလေးက "အမိုက်စားပဲ"လို့ပြောလိုက်တာကို နားမလည်သေးတဲ့ လင်းဖန်းလျန်အရှေ့မှာ ချက်ချင်းဝင်ရပ်လိုက်ပြီး ရွှီချင်းရဲ့အမြင်ကို ပိတ်ဆို့ပစ်လိုက်လေသည်။ "မင်းဘာလို့ရပ်နေတာလဲ? သွားကြမယ်!"
(T/N: ရွှီချင်းပြောလိုက်တဲ့ "အမိုက်စား"ဆိုတဲ့စကားက အခုခေတ်စကားဖြစ်လို့ LFLက နားမလည်လိုက်တာပါ။)
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ရှဲ့ကောအာရဲ့ကျန်းမာရေးက တဖြည်းဖြည်းပြန်ကောင်းလာခဲ့ပြီး ယခုဆို ဦးလေးရှဲ့ကိုတောင် နည်းနည်းပါးပါးကူညီနိုင်နေခဲ့ပြီ။
"ဒီနေ့ သမားတော်လေးလင်းက ငါတို့အိမ်ကိုကူညီပေးဖို့ လာမယ်တဲ့။ မင်းအဖေကို ဝက်သားဝယ်လာဖို့ သေချာမှာလိုက်တယ်။ အမေကတော့ ငါးနည်းနည်းသွားဖမ်းလိုက်ဦးမယ်နော်။ သူက အဲ့ဒီအချိန်တုန်းကလည်း မင်းအဖေရဲ့ခြေထောက်ကို ကုပေးခဲ့တာ၊ အခုလည်း မင်းကိုကယ်ထားတာဆိုတော့ ငါတို့ကသေချာကျွေးမွေးဧည့်ခံရမယ်လေ။ သူ့ကို လစ်လျူရှုလို့မဖြစ်ဘူး!"
အဒေါ်ရှဲ့က မြို့ကလာတဲ့ အနှီလူငယ်သမားတော်လေးဟာ သူတို့လယ်ကွင်းကို ဘာလို့များ လာကူညီပေးရလဲဆိုတာ နားမလည်သော်လည်း သူတို့မိသားစုက လင်းဖန်းလျန်ရဲ့ကြင်နာမှုအပေါ် အကြွေးတင်ခဲ့သည့်အတွေးတွေသာ သူ့စိတ်ထဲမှာ စိုးမိုးနေကာ သူ့ကို ပြန်ပေးဆပ်ရမလဲဆိုတာ စဥ်းစားနေခဲ့တာဖြစ်လေသည်။
ရှဲ့ကောအာက ဘေးမှာထိုင်လျက် အဒေါ်ရှဲ့ရဲ့စကားတွေကို တိတ်တဆိတ်နားထောင်နေရင်း ဖိနပ်ချုပ်နေခဲ့လျက် "အမှန်ပဲ။ ကျွန်တော်တို့က လယ်သမားမိသားစုဖြစ်တာမို့ ပေးစရာသိပ်မရှိဘူးလေ"
ထိုအချိန်တွင် သူတို့က ခြံတံခါးဝမှ အသံတွေကို ကြားလိုက်ရ၏။ အဒေါ်ရှဲ့က ရွှီချင်းနှင့် တခြားသူတွေရောက်လာပြီမှန်း သိလိုက်ကာ "သူတို့ရောက်လာကြပြီ! သူတို့ရောက်လာကြပြီ!"
"ဟယ်လို အဒေါ်ရှဲ့ရေ" သူတံခါးဖွင့်လိုက်သည်နှင့် ရွှီချင်း အဒေါ်ရှဲ့ကို နှုတ်ဆက်လိုက်ပြီး လီချန်ဖုန်းလည်း နှုတ်ဆက်လာခဲ့၏။
ရှဲ့အိမ်ရဲ့ ခြံတံခါးဝရောက်လာသည့်အခါ လင်းဖန်းလျန်တစ်ယောက်တည်းသာ စိတ်လှုပ်ရှားနေသည်မှာ ထင်ရှားနေလျက်။ အဆုံးမှာတော့ သူချစ်မြတ်နိုးရတဲ့ ရှဲ့ကောအာနှင့် နံရံတစ်ချပ်သာ ဝေးတော့သည်ပဲ!
"မင်္ဂလာပါ အဒေါ်ရှဲ့!" လင်းဖန်းလျန်ရဲ့ အနည်းငယ်စိတ်လှုပ်ရှားနေတဲ့ အသံမှာ ရှဲ့ကောအာရဲ့နားထဲရောက်သွားလေသည်။ ဒီလူက အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ။
"မင်္ဂလာပါ သမားတော်လင်း! ဝင်လာပါ၊ ဝင်လာပါ!"လင်းဖန်းလျန်က ဦးလေးရှဲ့ပြောထားသကဲ့သို့ပင် စိတ်ရင်းကောင်းပြီး ဟန်ဆောင်မှုမရှိသည်မှာ အမှန်ဖြစ်ကြောင်း အဒေါ်ရှဲ့မြင်လိုက်ရ၏။ သူ့စိတ်ကို လျှော့ချလိုက်ပြီး ရွှီချင်းတို့အဖွဲ့ကို အထဲသို့ကြိုဆိုလိုက်လေသည်။ "ကျွန်တော့်ကို ဖန်းလျန်လို့ အဒေါ်ခေါ်လို့ရပါတယ်ဗျာ။ ဒါက ကျွန်တော်ဝယ်လာတဲ့သရေစာနည်းနည်းလေးပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါဦး"
အဒေါ်ရှဲ့သည် လင်းဖန်းလျန်က သူတို့ရဲ့လယ်ကွင်းမှာလည်း လာကူညီပေးသည့်အပြင် လက်ဆောင်တွေပါယူလာမယ်လို့ မမျှော်လင့်ထားခဲ့ချေ။ ဒါက နည်းနည်းတော့စိတ်အားထက်သန်လွန်းနေတယ်မဟုတ်လား!
အဒေါ်ရှဲ့က လင်းဖန်းလျန်ကို သံသယအကြည့်ဖြင့်ကြည့်လိုက်သည့်အခါ ဒီကလေးရဲ့မျက်လုံးတွေက ရှဲ့ကောအာရှိတဲ့နေရာကို ကြည့်နေမှန်း သတိထားမိသွားလေသည်။
အခြေအနေကိုသဘောပေါက်သွားတဲ့ အဒေါ်ရှဲ့က အနည်းငယ်ထိတ်လန့်သွားပေ၏။ ဒီသမားတော်လင်းက သူတို့ရဲ့သားအပေါ်မှာ ခံစားချက်ရှိနေတာများလား...?
ရွှီချင်းသည် အဒေါ်ရှဲ့အမူအရာက ပုံမှန်မဟုတ်သည်ကို သတိထားမိလိုက်သည့်အခါ သူ ချက်ချင်းပင် ရှေ့တိုးပြီး အဒေါ်ရှဲ့အား လင်းဖန်းလျန်ပေးနေတဲ့ပစ္စည်းတွေကို ကမ်းယူပေးလိုက်၏။ "အဒေါ်ရေ ဦးလေးရှဲ့ဘယ်မှာလဲဟင်? သူလယ်ထဲဆင်းသွားပြီလား?"
အဒေါ်ရှဲ့လည်း သူ့လက်ထဲမှပစ္စည်းတွေကို ကြည့်လိုက်ပြီးနောက် ရွှီချင်းကို တစ်ချက်ကြည့်လိုက်ကာ ရှင်းရှင်းလင်းလင်းသဘောပေါက်သွားသလိုပင်။ "သူလယ်ထဲသွားနှင့်ပြီလေ၊ သူက စိတ်မရှည်တတ်တဲ့လူဆိုတော့ မစောင့်နိုင်ဘူးလေ။ မင်းရဲ့အိမ်မှာစားပြီး ပြန်ရောက်လာတာနဲ့ ထွက်သွားတာပဲ"
လီချန်ဖုန်းက နေရာအတိအကျကို အလျင်စလိုမေးလိုက်ပြီးနောက် ပေါက်ပြားကိုင်ကာ အနည်းငယ်အာရုံထွေပြားနေသေးတဲ့ လင်းဖန်းလျန်ကို အတူဆွဲခေါ်သွားတော့သည်။ အကယ်၍ သူသာ သူ့ရဲ့အချစ်ရေးကို အောင်မြင်လိုပါက သူ့ရဲ့ချစ်လှစွာသောအဖေရဲ့ သဘောတူညီမှုကို ယူနိုင်ရမှာပေါ့!
အဒေါ်ရှဲ့က သူတို့နောက်လိုက်သွားတော့မည့် ရွှီချင်းကို တားလိုက်လေသည်။ "မင်းသွားစရာမလိုပါဘူး။ မင်းက ဟင်းချက်ကောင်းတော့ ဒီနေ့ နေ့လည်စာကို မင်းဆီလွှဲထားလိုက်ပြီနော်။ ရှောင်ယွီက ပင်မခန်းထဲမှာရှိနေတာ၊ သူ့ကိုအဖော်ပြုပြီး စကားပြောကြပေါ့။ အဒေါ်က ငါးနည်းနည်းသွားဖမ်းလိုက်ဦးမယ်"
ရွှီချင်းလည်း ရွေးချယ်စရာမရှိသောကြောင့် သဘောတူလိုက်ရ၏။ သူက လယ်ကွင်းမှာ အလုပ်မလုပ်နိုင်တာမျိုးမဟုတ်ဘဲ၊ လီချန်ဖုန်းတို့နှင့်ယှဉ်ရင်တော့ သူက လိပ်တစ်ကောင်လိုပဲ နှေးလွန်းနေသည်ကိုး။
"အာ မင်းရောက်လာပြီလား? မင်းရဲ့ နွေဦးကောက်စိုက်တာကို လာမကူညီလိုက်နိုင်ဘူး။ တကယ်တောင်းပန်ပါတယ်ကွာ" ရှဲ့ကောအာက ရွှီချင်းထိုင်ဖို့ ခုံတစ်လုံးကို ဆွဲထုတ်ပေးလိုက်ပြီး မိုးရာသီကဲ့သို့ လန်းဆန်းလှတဲ့အပြုံးလေးနှင့်အတူ သူ့ရဲ့ပါးပြင်လေးတွေက အနည်းငယ်နှင်းဆီသွေးရောင်သန်းနေလျက်။
"မစိုးရိမ်ပါနဲ့ဗျာ။ ဦးလေးးရှဲ့ပြောတာ အစ်ကို နေပြန်ကောင်းလာပြီဆို" ရွှီချင်းက ရှဲ့ကောအာဆီမှ သပ်သပ်ရပ်ရပ်ပြင်ထားတဲ့ကောက်ရိုးဖိနပ်ကို ယူလိုက်ကာ သေချာကြည့်ရှုလိုက်ရင်း သူ့ကျန်းမာရေးအတွက် စိုးရိမ်စွာမေးမြန်းနေခဲ့သည်။
ရှဲ့ကောအာ ခေါင်းညိတ်လျက် ဖိနပ်ကို စိတ်ဝင်စားနေတဲ့ရွှီချင်းကို တွေ့လိုက်သဖြင့် မေးလိုက်လေ၏။ "လီချန်ဖုန်းအတွက် မင်းတစ်ရံလောက်စမ်းလုပ်ကြည့်ချင်လား?" တကယ်တော့ ရွှီချင်းက ပန်းထိုးတာနဲ့ တခြားလက်မှုပညာတွေလည်း မကျွမ်းကျင်ဘူးလို့ အဒေါ်ရှဲ့ပြောဖူးလေသည်။
ရွှီချင်းလည်း အနည်းငယ်အံ့သြသွားကာ "ကျွန်တော်လည်း လုပ်လို့ရလား?" သူ့ခင်ပွန်းအတွက် ဖိနပ်တစ်ရံလုပ်ပေးတာက အကြံကောင်းတစ်ခုပဲ။
"ဒါပေါ့၊ လုပ်ရတာ တအားလွယ်တာ။ ငါမင်းကိုသင်ပေးမယ်" ရှဲ့ယွီ စနောက်တဲ့အပြုံးလေးနှင့်ပြောလိုက်ပြီး ပထမဆုံးအကြိမ်အတွက် ဖိနပ်ဘယ်လိုလုပ်ရသလဲဆိုတာကို ရွှီချင်းအား စတင်သင်ကြားပေးရာ ရွှီချင်းလည်း စိတ်လှုပ်ရှားနေလျက်။
ကောက်ရိုးဖိနပ်တွေက ပေါ့ပါးနူးညံ့ကာ တွက်ချေကိုက်ပြီး လက်တွေ့မှာအသုံးဝင်ပေသည်။ လယ်သမားတွေက တောင်ပေါ်မှာထင်းသွားခုတ်ကြတဲ့အခါ၊ သို့မဟုတ် လယ်ကွင်းထဲဆင်းရတဲ့အခါမှာ သူတို့ခြေထောက်တွေမထိခိုက်စေရန်အလို့ငှာ ဝတ်ဆင်ကြ၏။
၄င်းတို့မှာ အလေးချိန်ပေါ့ပါး၍ ဝတ်ရတာလည်းသက်တောင့်သက်သာရှိပြီး အကုန်အကျလည်းသက်သာလေသည်။ လက်မှုပညာတတ်တဲ့မိသားစုဆိုရင် ၄င်းတို့ကို ကိုယ်တိုင်လုပ်ကြပေမယ့်လည်း လုပ်ပုံလုပ်နည်းကွာခြားသလို ကြာရှည်ခံမှုလည်း ကွဲပြားလေသည်။ လူတွေက ကောက်ရိုးဖိနပ်တွေကို လှုပ်ရှားမှုအဖုံဖုံမှာ ဝတ်ဆင်ကြ၏ - (လှေမှာ)ဝါးတိုင်ထိုးခြင်းနှင့် လှေလှော်ခြင်းတို့မှာပေါ့။
သို့ပေတည့် ကောက်ရိုးဖိနပ်ရဲ့ ရိုးရှင်းတဲ့ပုံစံလေးပဲဆိုပြီး မကြည့်ပါနဲ့ဦး - ၄င်းတို့မှာ ရှုပ်ထွေးကာ အနုစိတ်ကျကျလုပ်ရပေသည်။ ရွှီချင်းသည် မူလကတော့ မျက်စိတစ်မှိတ်အတွင်း ကောက်ရိုးဖိနပ်ကို ပြုလုပ်နိုင်မယ်လို့ ထင်ထားခဲ့သော်လည်း အချိန်တစ်နာရီခွဲခန့်ကြာသွားပြီး တစ်ဖက်တောင်မပြီးသေးချေ။ ထိုအချိန်တွင် အဒေါ်ရှဲ့သည် ငါးဖမ်းပြီးလို့ ဘေးမှာထားလိုက်ကာ အသီးအရွက်ရှာဖို့ ထွက်သွားလေပြီ။
"သတိထားဦးနော်၊ အရမ်းလျော့တိလျော့ရဲမလုပ်ရဘူး။ အဲ့လိုလုပ်လိုက်ရင် မခိုင်ခံ့တော့ဘဲ ကြာရှည်လည်းမခံတော့ဘူး" ရွှီချင်းလည်း ရှဲ့ယွီရဲ့ညွှန်ကြားသင်ပြမှုကို နားထောင်လိုက်ကာ သူ့ရဲ့လက်မှုပညာကတော့ ရှဲ့ယွီပြုလုပ်ထားတဲ့ဖိနပ်နှင့်ယှဥ်ရင် မိုင်ထောင်ချီကွာဝေးသလို သူ့လက်ထဲက ကောက်ရိုးဖိနပ်တွေမှာ အဆင်မချောလျက်။
"ဒီလိုမျိုးလား?" ရွှီချင်းက ရှဲ့ယွီပြောသလိုလုပ်ထားတဲ့ ဖိနပ်လေးကို စစ်ဆေးဖို့အတွက် ပြလိုက်လေသည်။ သူ့ရဲ့မျက်လုံးတွေမှာ ကျေနပ်မှုအပြည့်ရှိလျက်။ ဒါတွေကို သူကိုယ်တိုင် နည်းနည်းချင်းလုပ်ထားခဲ့တာဖြစ်၍ ဘယ်လောက်ပဲရုပ်ဆိုးနေပါစေ၊ အလှဆုံးလို့ သူထင်လေ၏။
ရှဲ့ယွီကတော့ ရွှီချင်းလုပ်ထားတဲ့ ကောက်ရိုးဖိနပ်လေးကိုကြည့်ပြီး ရယ်သံကိုမထိန်းနိုင်တော့ချေ။ ဖိနပ်ရဲ့ပုံစံကိုကြည့်ပြီးမှ မျက်နှာပေါ်မှာ ကျေနပ်တဲ့အမူအရာရှိနေတဲ့ ရွှီချင်းကိုကြည့်လျက် သူတကယ်ပဲ အကဲဖြတ်မပေးနိုင်တော့ပေ။
ရှဲ့မိသားစုလယ်ကွင်း၌ အဒေါ်ရှဲ့က အလုပ်ကြိုးစားနေတဲ့ လင်းဖန်းလျန်ကို မကြာမကြာကြည့်နေခဲ့သည်။ အတွေ့အကြုံရှိတဲ့လူတစ်ယောက်အနေဖြင့် လင်းဖန်းလျန်ရဲ့အကြည့်နောက်ကွယ်က အဓိပ္ပါယ်ကို သူနားလည်သည်မှာ သဘာဝပင်။
သို့ရာတွင် လင်းဖန်းလျန်ရဲ့ မိသားစုအကြောင်းနှင့် ရှဲ့ကောအာဖြစ်ပျက်ခဲ့သမျှတွေကို သူတွေးကြည့်လိုက်သည့်အခါ အဒေါ်ရှဲ့ဟာ သူတို့နှစ်ယောက် လိုက်ဖက်ညီလား၊ မညီလားဆိုတာကို မဆွေးနွေးချင်တော့ပေ။ သူ့သားကို သူနဲ့ဝေးရာမှာ အိမ်ထောင်မပြုစေချင်တော့ဘူးလေ။
ထို့အပြင် လင်းဖန်းလျန်ရဲ့မိသားစုက မြို့မှာရှိပြီး မာမိသားစုကလည်း မြို့မှာပဲလေ။ အကယ်၍များ သူတို့နှစ်ယောက်သား လမ်းမှာဆုံခဲ့ရင် တခြားသူတွေ အတင်းအဖျင်းဘယ်လိုပြောကြမလဲဆိုတာ ဘယ်သူသိမှာလဲ?!
"ဟေး အဒေါ်ရှဲ့က ငါ့ကိုကြည့်နေတာလား?" လင်းဖန်းလျန်မှာ အဒေါ်ရှဲ့အကြည့်တွေက သူနှင့်လီချန်ဖုန်းဆီ ရံဖန်ရံခါရောက်လာတတ်တာကို ခံစားရလေသည်။ ပို၍တိတိကျကျဆိုရရင်တော့ အဒေါ်ရှဲ့က သူ့ကိုကြည့်နေပုံပေါ်တယ်!
လီချန်ဖုန်းက သဘာဝကျကျပင် အဒေါ်ရှဲ့ရဲ့အကြည့်တွေကို ခံစားမိလေသည်။ "ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ မင်းကောင်းကောင်းမလုပ်ရင်တော့ အခွင့်ကောင်းကြီးကိုတစ်ခုကို လွဲသွားမယ်နော်! ငါမင်းကို အခွင့်အရေးပေးတဲ့အနေနဲ့ ဒီလယ်ကွက်ကို မင်းလက်ထဲအပ်လိုက်မယ်။ ငါအောက်ဘက်ကတစ်ခုဆီ သွားလိုက်မယ်ကွာ"
"လီချန်ဖုန်း!" လင်းဖန်းလျန်မှာ ပေါက်ပြားကိုင်လျက်ထွက်သွားတဲ့ လီချန်ဖုန်းရဲ့ပုံရိပ်ကို ကြည့်လိုက်ပြီး စိတ်ထဲကသာ အော်ဟစ်နိုင်တော့သည်။
အနှီလယ်ကွက်မှာ ရှဲ့မိသားစုရှိ အကြီးဆုံးနဲ့ အရှည်ဆုံးလယ်မြေဖြစ်ပြီး လီချန်ဖုန်းသွားလိုက်တဲ့ လယ်ကွက်ထက် နှစ်ဆနီးပါး ပိုကြီးတာကို! ဒီနှလုံးသားမဲ့တဲ့အကောင်ကတော့! သူက အမြင်ကောင်းလိုချင်ပေမယ့်လည်း တစ်စုံတစ်ယောက် အနိုင်ကျင့်တာကိုတော့ မခံချင်ပါဘူးကွာ!
လီချန်ဖုန်းက လယ်ကွင်းတွင် အားတက်တရော ထွန်ယက်နေလျက်။ ဒီရက်အနည်းငယ်အတွင်း သူက ရွှီချင်းကို ထိတွေ့ဖို့အခွင့်အရေးမရှိခဲ့ပေ။ သူခံနိုင်ရည်ရှိပေမယ့်လည်း အဲ့ဒီကောင် လင်းဖန်းလျန်က ဟိတ်ဟန်ထုတ်ကာ ဝတ်စားလာတော့ သူ့ဇနီးလေးက "အမိုက်စား!"လို့ပြောလိုက်သေး၏။
ရွှီချင်းက "အမိုက်စား"ဆိုတဲ့အဓိပ္ပါယ်ကို သူ့ကိုရှင်းပြထားပြီးသားဆိုပေမယ့် သူ့ကို အဲ့လိုမျိုး တစ်ခါမှမပြောဖူးဘူးလေ။ ဒီနေ့ လင်းဖန်းလျန် ကံကောင်းသွားတာပဲကွာ! သူဆိုတဲ့ လီချန်ဖုန်းက သဘောထားကြီးတဲ့သူမဟုတ်ဘူးကွ!
ဟီး ဟီး အူပုတ်လေးချန်ဖုန်းပါသတဲ့ရှင် 😆😆