Ch 3&4
Viewers 2k

Ch 3


ဝိန်ရှောင်ရှောင်က ပြုံးလိုက်ပြီး သူမမျက်လုံးထဲတွင် ကြည်နူးမှုတွေ ပြည့်နှက်နေသည်။ သူမရဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဘဏ်အကောင့် လက်ကျန်ကို စစ်ကြည့်လိုက်တော့ ယွမ် သန်း 80 ရှိနေသည်။ သူမ မိ‌ဘတွေ ထားခဲ့တာ အပြင် သန်း 80 က နက္ခတ္တဗေဒဆိုင်ရာ ပမာဏ မဟုတ်သော်လည်း များပြားနေဆဲ ဖြစ်သည်။

(T/N အရင်အပိုင်းတုန်းက မျက်စိရှန်သွားတယ် wen ကို Wan လို့ ဖတ်ပြီး ပြန်စစ်ကြည့်လိုက်မှ လွဲနေမှန်း သိတယ်။ အမှန်က ဝိန်ရှောင်ရှောင်ပါ)


ထို့ကြောင့် ဝိန်ရှောင်ရှောင်က သူမဖုန်းဖြင့် ဈေးဝယ်ထွက်လိုက်သည်။ အဝတ်အစား၊ ဖိနပ်၊ စောင်၊ ခြေအိတ်နဲ့ တခြားအရာများ...... သူမက ရာသီတိုင်းအတွက် ဝယ်ခဲ့သည်။ မျိုးစေ့တွေလည်း များများ ဝယ်လိုက်သည်။ အဆာပြေမုန့်တွေကိုလည်း အများအပြား ဝယ်လိုက်သည်။ ဝိန်ရှောင်ရှောင်က အရူးအမူး ဈေးဝယ်ထွက်ခဲ့သည်။


ယွမ် တစ်သိန်းနီးပါး ကုန်ကျခဲ့ပြီး ဒီထက် ပိုသုံးနိုင်သေးတယ်ဟု သူမ ခံစားမိသည်။ အချိန်ကို သတိပြုမိပြီး အိပ်ရန် ဆုံးဖြတ်လိုက်သည်။


နောက်နေ့ မနက်စောစောတွင် ဝိန်ရှောင်ရှောင် နိုးလာပြီး သူတို့အတွက် မနက်စာ ပြင်ဆင်သည်။ မုန်းပေါင်း၊ ယာဂုနဲ့ ကြက်ဥကြော်တို့ ဖြစ်သည်။


အိပ်ခန်းထဲ သွားပြီး သူမ အချစ်ကလေး ငါးယောက်ကို နိုးလိုက်သည်။ သူတို့ကို ချစ်ခင်ကြင်နာစွာဖြင့် ကြည့်ပြီး "ချစ်လေးတို့ ထဖို့ အချိန်ရောက်ပြီ။" လို့ ပြောလိုက်သည်။


ဝိန်ဖိန်က သူမ မျက်လုံးကို ပွတ်သပ်ပြီး "မင်္ဂလာ နံနက်ခင်းပါ မေမေ" လို့ တိုးတိုးလေး ပြောလိုက်သည်။


"မင်္ဂလာ နံနက်ခင်းပါ ချစ်လေးတို့" ဟု ဝိန်ရှောင်ရှောင်က နွေးထွေးစွာ ပြန်ဖြေသည်။


ထို့နောက် ဝိန်မို၊ ဝိန်ဟိန်၊ ဝိန်ရန်နဲ့ ဝိန်ရှောင်တို့ နိုးလာသည်။


ချစ်စရာ ကောင်းတဲ့ ဖက်ထုပ်လေး ငါးခုကို ကြည့်ပြီး ဝိန်ရှောင်ရှောင်က နူးညံ့သိမ်မွေ့ သွားသည်။ သူတို့က ရိုးရိုးရှင်းရှင်းဖြင့် မပြောပြတတ်အောင် ချစ်စရာ ကောင်းနေသည်။


သူတို့က အမွှာတွေ ဖြစ်သော်လည်း အလွန်ဆင်တူခြင်း မရှိပေ။ ဝိန်ရှောင်၊ ဝိန်မို၊ ဝိန်ဟိန်နဲ့ ဝိန်ရန်တို့က ထူးထူးခြားခြား တူညီတဲ့ အသွင်အပြင်ရှိပြီး သူမ မမြင်ဖူးတဲ့ ကလေး‌တွေအဖေရဲ့ မျက်နှာနဲ့ ဆင်တူသည်။


ဝိန်ရှောင်ရှောင်က သူတို့ကို ကြည့်ပြီး "ချစ်လေးတို့ ထပြီး ရေဆေးလိုက်အုံး။ မေမေက အပြင်မှာ လုပ်စရာ ရှိလို့ သွားရအုံးမှာ။ ချစ်လေးတို့က အိမ်မှာ နေခဲ့လို့ အဆင်ပြေလား။"


ဝိန်မိုက လွဲပြီး ကျန်တဲ့လေးယောက်က နှုတ်ခမ်းစူပြီး "မေမေ ပေါင်ပေါင်တို့လည်း လိုက်ချင်တယ်။"


ဝိန်မိုက စကားမပြောသော်လည်း သူ့မျက်လုံးထဲတွင် ဆန္ဒကို ဖော်ပြနေသည်။


ဝိန်ရှောင်ရှောင်က သူတို့ရဲ့ တောင်းဆိုမှုများကို ငြင်းပယ်ရန် ခက်ခဲခဲ့သည်။ ကမ္ဘာပျက်ကပ် ရောက်ဖို့ သုံးလ သို့မဟုတ် လေးလသာ ကျန်ရှိပြီး သူတို့က နောက်တစ်ကြိမ် အပြင်ထွက်ရန် အခွင့်မသာတော့ကြောင်းကို သူမ သိသည်။


"မေမေ~" လေးယောက်လုံးက စိတ်ပျက်လက်ပျက် အော်လိုက်ကြသည်။


နောက်ဆုံးတွင် ဝိန်ရှောင်ရှောင်က "ကောင်းပြီ မေမေ ချစ်လေးတို့ကို ခေါ်သွားမယ်။ ဒါပေမဲ့ မေမေ ပြောတာကို နားထောင်ရမှာနော် နားလည်လား။"


ကလေးငါးယောက်က ဝမ်းသာအားရဖြင့် တပြိုင်နက်တည်း သဘောတူကြသည်။


မနက်စာ စားပြီးတာနဲ့ ဝိန်ရှောင်ရှောင်က သူတို့ကို ကားနဲ့ ခေါ်သွားသည်။ ကလေးငါးယောက်က ပြတင်းပေါက်ကနေ အပြင်ဘက်ကို စူးစမ်းနေကြသည်။ ဝိန်ဖိန်က သူမအမေကို ကြည့်ပြီး "မေမေ သမီးတို့ ဘယ်သွားနေတာလဲ။" ဟု မေးသည်။


"ချစ်လေးတို့ ဘယ်သွားချင်လဲ။ မေမေ ချစ်လေးတို့ကို အဲဒီကို ခေါ်သွားပေးမယ်။" လို့ ဝိန်ရှောင်ရှောင်က ပြုံးပြီး ပြောသည်။


အစက သူမက ရိက္ခာစုဆောင်းရန် ရည်ရွယ်ထားသော်လည်း ကလေးငါးယောက်ပါ ပါသဖြင့် အဆင်မပြေပေ။ ထိုအစား သူတို့နဲ့ လည်ဖို့ လုပ်လိုက်သည်။


ကမ္ဘာပျက်ကပ်မှာ ပုံမှန်ကားဖြင့် ခရီးသွားခြင်းက မဖြစ်နိုင်ပေ။ သက်တောင့်သက်သာနဲ့ အကြမ်းခံတဲ့ ကားတစ်စီး လိုအပ်သည်။ ဝိန်ရှောင်ရှောင်က RV ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။


RV က လိုအပ်ချက်တွေ တပ်ဆင်ထားတဲ့ မိုဘိုင်းလ်အိမ်နဲ့ တူသည်။ ၎င်းက ကမ္ဘာပျက်ကပ်အတွက် လုံလောက်တဲ့ တာရှည်ခံနိုင်မှု မရှိသော်လည်း သူမက ၎င်းကို ခံတပ်အဖြစ် ပြုပြင်ပြောင်းလဲ မွမ်းမံနိုင်သည်။ သူမအတွက် မခက်ခဲပေ။ 


သူမ့ ကလေးငါးယောက်ရဲ့ လုံခြုံရေးအတွက် RV က အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ အဆင်ပြေရုံသာမက ကျယ်ဝန်းသည်။


ဝိန်ရှောင်ရှောင်က သူမအတွေးထဲ နှစ်မြောသွားသည်။ ဝိန်ဟိန်က "မေမေ သွားချင်တဲ့ နေရာကို သွားမယ်လေ။"


ဝိန်ရှောင်ရှောင်က သူမအတွေးထဲက ရုန်းထွက်ပြီး နောက်ထိုင်ခုံမှာ ထိုင်နေတဲ့ နာခံမှု ရှိတဲ့ ချစ်စဖွယ် ကလေးငါးယောက်ကို ကြည့်လိုက်သည်။


"ချစ်လေးတို့ အပန်းဖြေဥယျာဉ် သွားချင်လား။"


ဝိန်ဖိန်ရဲ့ မျက်လုံးများက တောက်ပလာပြီး "မေမေ တကယ်သွားလို့ရလား။" ဟု စိတ်လှုပ်ရှားစွာဖြင့် မေးသည်။


ကျန်တဲ့ လေးယောက်ကလည်း တောက်ပတဲ့ မျက်လုံးတွေဖြင့် ကြည့်နေသည်။ သူတို့ အရင်က အပန်းဖြေဥယျာဉ် မရောက်ဖူးပေ။


အရင်တုန်းက သူတို့အမေကို ပြောတိုင်း ငယ်ရွယ်သေးပြီး လူတော်တော်များများတာကြောင့် မလုံခြုံလို့ အမြဲငြင်းခဲ့သည်။


မခေါ်သွားချင်လို့ မဟုတ်ပေ။ သူတို့ ငါးယောက်ကို မထိန်းနိုင်ဘဲ ပျောက်သွားမှာ ကြောက်လို့ ဖြစ်သည်။


Ch 4


ဝိန်ရှောင်ရှောင်က တစ်နေ့လုံး ကစားပြီးနောက် ပင်ပန်းနွမ်း‌နယ်နေတဲ့ ကလေးငါးယောက်နဲ့အတူ အိမ်ပြန်လာခဲ့သည်။ ကလေးတွေက အလွန်ပျော်ရွှင်နေကြသည်က ထင်ရှားလှသည်။ အစက ရိက္ခာစုဆောင်းရန် စီစဉ်ထားသော်လည်း ကလေးများက အပြင်ထွက်ကစားရန် စိတ်အားထက်သန် နေတာကြောင့် သူမက သူတို့ကို အလိုလိုက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။ နောက်ဆုံး ပျက်ကပ် ရောက်လာတဲ့အခါ သူတို့မှာ ကစားဖို့ အခွင့်အရေးမရှိတော့သလို သူတို့ကို နောက်တရတာမျိုးလည်း မဖြစ်စေချင်ပေ။


သူမလို ဂရုမစိုက်တဲ့သူက ကလေးငါးယောက် မိခင်အဖြစ် ရုတ်တရက် ပြောင်းသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားပေ။ သူမက ကလေးငါးယောက်ကို ကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးတဲ့ ဝတ္တုထဲက ဝိန်ရှောင်ရှောင်ကို အနည်းငယ် အားကျမိသည်။


ဆန့်ကျင်ဘက်အနေဖြင့် တစ်ရက်ကြာပြီးနောက်မှာ ကုတင်ပေါ် လဲလျောင်းကာ ပင်ပန်းနွမ်းနယ်ပြီး ကလေးငါးယောက်ကို ကြည့်လိုက်တဲ့အခါ အိပ်ပျော်နေပြီ ဖြစ်သည်။ သူမက အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။


ည 7 နာရီကျော်သာ ရှိသေးသော်လည်း ကလေးများက စိတ်လှုပ်ရှားပြီး ပင်ပန်းမှုကြောင့် စောစော အိပ်သွားပြီ ဖြစ်သည်။ သူမက နည်းနည်း ပင်ပန်းပေမဲ့ မအိပ်ချင်သေးပေ။ ခဏလောက် အနားယူပြီးနောက် သူမက နေရာလွတ်ထဲ ဝင်သွားခဲ့သည်။


သူမက ငါးကန်ကို ဆက်တူးလိုက်သည်။ မနေ့ညက တူးထားတာ ဒီနေ့တွင် ပြီးသွားခဲ့သည်။ သစ်သားအင်တုံကို သုံးပြီး ရေတွင်းထဲက ရေကို ငါးကန်ထဲသို့ အကြိမ်မရေမတွက်နိုင်အောင် လောင်းထည့်ပြီး နောက်ဆုံးတွင် အနက် တစ်မီတာလောက်ထိ ရှိလာသည်။


ဝိန်ရှောင်ရှောင်က မြေပြင်ပေါ်တွင် ထိုင်ကြလိုက်ပြီး ကောင်းကင်ကို ကြည့်ကာ အမော ဖြေနေသည်။ ရုတ်တရက် သူမ ကျေနပ်သွားသည်။ အနည်းဆုံးတော့ သူမတစ်ယောက်တည်း မဟုတ်ပေ။ သူမှာ ရတနာ‌လေးငါးခု ရှိသေးသည်။


မသိစိတ်ဖြင့် ပြုံးလိုက်ပြီး သူမမျက်လုံးထဲတွင် ရွှင်လန်းမှုများ တောက်ပနေသည်။


ထိုနေရာမှ ထွက်လာပြီးနောက် ဝိန်ရှောင်ရှောင်က ရေချိုးကန်ထဲတွင် ရေချိုးလိုက်သည်။ နေရာလွတ်ထဲတွင် ငါးကန်တူးရင်း ချွေးများစွာ ထွက်လာသည်။


ကုတင်ပေါ်တွင် လဲလျောင်းရင်း ဝိန်ဖိန်ကို သူမလက်ဖြင့် ပွေ့ဖက်ရင်း သူမကိုယ်ပေါ်က နို့နံ့သင်းသင်းလေးကို ရှုရှိုက်ရင်း အလွန်စိတ်သက်သာရာရသွားသည်။ ထို့နောက် သူမက မကြာခင်ဖြစ်လာမည့် နိမိတ်လက္ခဏာကို တွေးတောရင်း ကြေကွဲလာသည်။ ထိုနေ့ ရောက်လာတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ သက်တောင့်သက်သာ ရှိတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီး စိတ်ဆင်းရဲစရာတွေ ဖြစ်လာမည် ဖြစ်သည်။


ကလေးငါးယောက် မပြောနဲ့ သူမတောင် အနည်းငယ် ကြောက်လန့်နေသည်။ သူတို့က ငယ်ရွယ်သေးသော်လည်း ကမ္ဘာပျက်ကပ်ကို ကြုံတွေ့ရမည် ဖြစ်သည်။


ဝိန်ရှောင်ရှောင်က သူတို့ငါးယောက်လုံးကို မကာကွယ်နိုင်တော့မှာကို စိုးရိမ်ပြီး အနည်းငယ် ကြောက်လန့်သွားခဲ့သည်။


သူမရဲ့ မျက်လုံးတွင် ပြတ်သားတဲ့ အကြည့်ဖြင့် 'ငါ သူတို့ကို သေချာကာကွယ်ပြီး ထွားကြိုင် ကျန်းမာလာအောင် ပြုစုပျိုးထောင်မယ်။' ဟု တွေးလိုက်သည်။


ဝိန်ရှောင်ရှောင်က အမှန်တကယ်တွင် စိတ်ပျော့ပျောင်းသူ ဖြစ်သော်လည်း သူမ သဘောမပေါက်ခဲ့ပေ။ သူမက ကလေးငါးယောက်ကို လေးလေးနက်နက် ဂရုစိုက်သည်။ သူမက မိဘမေတ္တာ မရှိဘဲ ကြီးပြင်းလာတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ စာအုပ်ထဲက ဝိန်ရှောင်ရှောင်က တစ်ယောက်တည်း နေထိုင်သည့် အလားတူ အတွေ့အကြုံ ရှိတာကြောင့် ဒီလို ခံစားရစေသည်။


အတွေးတွေ ပျောက်ပြီး အိပ်ပျော်သွားခဲ့သည်။


လူခြောက်ယောက်က ကုတင်ပေါ်မှာ လဲလျောင်းနေပြီး အခန်းက အလွန်နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှသည်။


........


"ဗိုလ်ချုပ် ကျွန်တော့်ကို စုံစမ်းခိုင်းတာတဲ့ လူကို တွေ့ပြီ။" ဟု အမျိုးသားတစ်ယောက်က ပြောသည်။


အမှောင်ထဲက လူက ဆန်းကြယ်တဲ့ အရှိန်အဝါ ဖြာ‌ထွက်နေပြီး မြင့်မြတ်တဲ့ ပုံစံဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သိမ်းငှက် သို့မဟုတ် ဝံပုလွေကဲ့သို့ သူ့မျက်လုံးများက အအေးဓာတ်ကို ထုတ်လွှတ်နေပြီး အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားသည်။ သူ့နှုတ်ခမ်းထောင့်က လှောင်ပြောင်ဟန်ဖြင့် ကွေးတက်သွားပြီး သူ့အသံမှာ အေးလွန်းနေတဲ့ တွင်းနက်ကြီးထဲကလို အေးစက်နေကာ "ထားခဲ့ပြီး ထွက်သွားလို့ရပြီ။"


ထို့ကြောင့် အဲဒီအမျိုးသားက အချက်အလက်တွေကို ထိုင်ခုံမှာ ထိုင်နေတဲ့ မြင့်မြတ်တဲ့သူကို ပေးလိုက်သည်။


ပေါင်ရီ့လန်က အချက်အလက်ကို လှန်ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးတွေက ရေခဲတွေလို အေးစက်သွားပြီး ပတ်ဝန်ကျင်းက အေးခဲသွားသည်။


သူ့လက်ထဲက အချက်အလက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး လက်က အပြာရောင် သွေးပြန်ကြောကိုတောင် မြင်နေရသည်။


သူ့ပါးစပ်က ရွဲ့တဲ့ဟန်ဖြင့် ကွေးတက်သွားသော်လည်း သူ့မျက်လုံးထဲက အေးစက်မှုက မပျောက်သေးပေ။


"ချင်ရဲ့" 


အပြင်က လူတစ်ယောက် ဝင်လာပြီး "ဗိုလ်ချုပ် အမိန့်ရှိပါ။"


"အိုက်မိသားစုနဲ့ လက်ထပ်စာချုပ် ဖျက်ပေးအုံး။ မစ္စအိုက်က အရှက်မဲ့ပြီး ယောင်္ကျားမျိုးစုံနဲ့ တစ်ညအတူ နေခဲ့တယ်။ သူမက မိသားစုရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေတယ်။ သူမက လက်ထပ်ဖို့ မထိုက်တန်ဘူး။" လို့ ပေါင်ရီ့လန်က အေးစက်စွာ ပြောသည်။


သူမက ဒီလိုလုပ်ရဲတယ်။ ကောင်းကင်နဲ့ မြေကြီးကြားက ကွာခြားမှုကို တကယ် မသိကြပေ။


သူက မျက်လုံးကို တစ်ဝက်လောက် မှိတ်လိုက်ပြီး ဆက်ပြောသည်။ "ဒါနဲ့ ငါနဲ့အတူ မှားခဲ့တဲ့ အမျိုးသမီးကို ဆက်စုံစမ်းလိုက်အုံး။"


"ဟုတ်ကဲ့ ဗိုလ်ချုပ် ချက်ချင်း လုပ်လိုက်ပါမယ်။" ဟု ထိုလူက လေးလေးစားစား ပြန်ဖြေသည်။


"ကောင်းပြီ သွားလိုရပြီ။"


ပေါင်ရီ့လန်ရဲ့ လေသံက အေးစက်တဲ့ လေသံဖြင့် မထူးခြားစွာ ပြောသည်။