အပိုင်း ၇၉
Viewers 35k

Chapter 79




စာဖတ်သူဖြစ်သည့် လင်းလော့ချင်းက ကျိလဲ့ယွီ၏အမြင်ဘက်မှ ရေးထားသည့် လူများနှင့်ကိစ္စများကိုသာ သိနိုင်သည်။ သဘာ၀ကျစွာဖြင့် စာအုပ်ထဲ မရေးထားလျှင် သူ ရှာတွေ့မည် မဟုတ်ပေ။


လင်းလော့ချင်း သက်ပြင်းချလိုက်ပြီး နှလုံးသားထဲတွင် ၀မ်းနည်းနေလေသည်။


လူကောင်းဖြစ်သည့် ကျိယွီလင်း၊ အချစ်ဆုံး လူများကို ဆုံးရှုံးခဲ့ရသည့် ကျိလဲ့ယွီ၊ ညီအစ်ကိုကောင်းနှင့် ဦးလေးကောင်းဖြစ်ခဲ့သည့် ကျိယွီရှောင်အတွက် ၀မ်းနည်းမိလေသည်။


ဘယ်သူက ကျိယွီရှောင်ကို သတ်တာလဲ...သူက ဘယ်လိုလုပ် သေသွားတာလဲ...


သူက ကောင်းမွန်တဲ့ဘ၀ ရှိသင့်တယ်...


နောက်ဆုံးတော့ သူက ရိုးသား၊ ကြင်နာတတ်ပြီး ဖြောင့်မတ်တဲ့သူ...သူက အကောင်းဆုံးအဆုံးသတ်နဲ့ ထိုက်တန်တယ်...


သူက ငယ်ငယ်ရွယ်ရွယ်နဲ့ မသေသင့်ဘူး...


လင်းလော့ချင်းက ခေါင်းငုံ့ကာ တိတ်တဆိတ် ထိုင်နေသည့်ကို ကျိယွီရှောင် မြင်သောအခါ အံ့ဩသွားသည်။


''ဘာဖြစ်သွားဝာာလဲ...မင်း ယုံတယ်ဆို...ဘာလို့ ဒီလိုဖြစ်ရတာလဲ...မင်းက တကယ် မနာလိုဖြစ်နေတာလား..."


"မင်း ဘာတွေတွေးနေတာလဲ..."


သူ လင်းလော့ချင်းကို မေးလိုက်သည်။


လင်းလော့ချင်းက သူ့ကို ပြုံးပြလိုက်ပြီး အချိန်အတ်ောကြာ စိုက်ကြည့်နေလိုက်သည်။


"ဘာမှမတွေးပါဘူး..."


သူ ပြန်ဖြေလိုက်သည်။


"ရက်နည်းနည်းကြာရင် ရုပ်ရှင်ရိုက်ဖို့ သွားရတော့မှာဆိုတော့ ငါ နည်းနည်း၀မ်းနည်းနေလို့လေ..."


ကျိယွီရှောင်လည်း ယင်းကို ကြားသောအခါ ၀မ်းနည်းသွားလေသည်။


လင်းလော့ချင်း ထွက်သွားတဲ့အခါ သူ့ရဲ့အိပ်မ‌ပျော်တဲ့ရောဂါပြန်စလာတော့မှာပေါ့...


"အွန်း...မင်း အဲ့လိုပြောတော့ ငါလည်း ၀မ်းနည်းသွားပြီ..."


"ဒါဆို ငါ ထွက်သွားရင် မင်း ငါ့ အကြောင်းကို ပိုတွေးနေရမယ်နော်..."


လင်းလော့ချင်း နူးညံ့စွာ ပြောလိုက်သည်။ 


ကျိယွီရှောင် ရယ်မောလိုက်သည်။


"အိုကေ..."


"တကယ်‌တော့ ငါလည်း မင်းကို လွမ်းနေမှာ..."


"တကယ်လား..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


သူ တောက်ပစွာ ပြုံးလိုက်ပြီး သူ့မျက်လုံးများက ကြည်လင်နေလေသည်။


"မင်းအကြောင်းတွေးနေရင် ငါ့အိမ်ဘယ်မှာလဲ သိတာပေါ့...အဲ့ဒါကြောင့် မင်းလည်း ငါ့အကြောင်းတွေးနေပြီး မင်းမှာ အိမ်ရှိသေးတာကို မမေ့နဲ့..."


ကျိယွီရှောင် တစ်ခဏခန့် ကြက်သေသေသွားလေသည်။ ထိုစကားက နက်ရှိုင်းသောအဓိပ္ပာယ် ရှိနေသယောင်ဖြစ်နေသော်လည်း ထိုနက်ရှိုင်းသောအဓိပ္ပာယ်ကို သူ မဖော်ထုတ်နိုင်ချေ။


"ကောင်းပြီ..."


သူ သဘောတူလိုက်သည်။


လင်းလော့ချင်း သူ့ကို ပြုံးကာ ကြည့်လိုက်ပြီး လက်ကို ဆုပ်ကိုင်လိုက်သည်။


ကျိယွီရှောင်က တရားခံအစစ်ကို ရှာဖွေရာတွင် သူ မကူညီနိုင်ပေ။ ထို့အပြင် ကျိယွီရှောင်ကလည်း သူ့အကူအညီကို လိုအပ်ပုံ မပေါ်ပေ။ ကျိယွီရှောင်က ထိုအကြောင်းကိုပင် သူ့ကို သိစေချင်ပုံ‌ မပေါ်ပေ။


ထို့ကြောင့် သူ ထိုကိစ္စတွင် ၀င်ရောက်စွက်ဖက်ရန် အကြံအစည် မရှိပေ။ စာအုပ်ထဲတွင် ကျိယွီရှောင်က လူသတ်သမားကို တစ်နှစ်အတွင်း ရှာနိုင်ခဲ့ပြီး ဤတစ်ကြိမ်တွင်လည်း ထိုသို့ရှာနိုင်လိမ့်မည်ဟု ယုံကြည်လေသည်။


လင်းလော့ချင်းက ကျိယွီရှောင် လိုက်ရှာရာတွင် ဘေးကင်းရန်နှင့် သူတို့ပိုမိုနီးစပ်လာရန် မျှော်လင့်လေသည်။ ဤသို့ဖြင့် နောက်ဆုံးတွင်ကျိယွီရှောင်က ထွက်သွားရန် တုံ့ဆိုင်းနေမည်ဖြစ်သည်။


သူတို့က ကမ္ဘာပေါ်တွင် အရင်းနှီးဆုံးလူများဖြစ်သော်လည်း မတူညီသည့်လမ်းကြောင်းများရှိသည့် လွတ်လပ်သောလူများ ဖြစ်လေသည်။ လင်းလော့ချင်းက ကျိယွီရှောင်ဘေးတွင် ရပ်တည်ချင်ပြီး သူ့ဘေးတွင် အတူလမ်းလျှောက်ချင်လေသည်။ သူက ကျိယွီရှောင်ကို ‌ပံ့ပိုးပေးရန် ဆန္ဒရှိပြီး ကျိယွီရှောင် တစ်ယောက်တည်း တိုက်ပွဲ၀င်လျှင်လည်း ဘေးမှ ထောက်ပံ့ပေးမည်ဖြစ်သည်။


သူက ကျိယွီရှောင်၏အကောင်းဆုံး ပါတနာနှင့် အားကိုးရသော ‌ထောက်ခံအားပေးသူဖြစ်လေသည်။


သူတို့ အိမ်ပြန်ရောက်သောအခါ ၅နာရီထိုးလုနီးပါးရှိပြီဖြစ်သည်။ အန်တီကျန်းက သူတို့ကို ညစာဘာစားချင်သလဲ မေးပြီးနောက် မီးဖိုချောင်တွင် အလောတကြီး ချက်ပြုတ်နေလေသည်။


ကျိလဲ့ယွီက တံခါးဖွင့်သံကြား၍ လှည့်ကြည့်လိုက်သောအခါ အပေါက်၀တွင် ရပ်နေသော လင်းလော့ချင်းနှင့် ကျိယွီရှောင်ကို တွေ့လိုက်ရလေသည်။ 


သူ စာအုပ်ကို ချက်ချင်း ချလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်သည်။


"ပြန်လာပြီလား..."


ကျိလဲ့ယွီ ပျော်ရွှင်စွာ ပြောလိုက်သည်။


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး ကျိလဲ့ယွီ ခေါင်းကို ထိကာ မေးလိုက်သည်။


"သားအစ်ကိုစကားကို နားထောင်ရဲ့လား..."


ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး ရွှင်မြူးစွာ ပြောလိုက်သည်။


"သား စာအုပ်တစ်၀က်လောက် ဖတ်ပြီးပြီ..."


ကျိယွီရှောင် အံ့ဩသွားသည်။


"တကယ်လား..."


"တကယ်ပေါ့...သားက အရမ်းလိမ္မာတယ်လေ..."


သူ ခေါင်းမော့လိုက်ပြီး ကျိယွီရှောင်ကို ချစ်စရာကောင်းစွာ ကြည့်လိုက်သည်။


ကျိယွီရှောင် ပြုံးလိုက်ပြီး ကျိလဲ့ယွီမျက်နှာကို ညှစ်လိုက်သည်။


"ဒီလိုဆို ဒယ်ဒီ မင်းကို ဆုချရမှာပေါ့..."


ကျိလဲ့ယွီ ပြုံးလိုက်ပြီး မျက်လုံးများက ကွေးညွှတ်သွားလေသည်။


သို့သော် နောက်တစ်စက္ကန့်တွင် ကျိယွီရှောင် ပြောသည်ကို ကြားလိုက်ရသည်။


"ပြဒါးနဲ့နီးတဲ့လူက နီပြီး မှင်နဲ့နီးတဲ့လူက မည်းတယ်ဆိုတဲ့ စကားက ကြည့်ရ‌တာ မှန်ပုံပဲ...နောက်ကျရင် ဒယ်ဒီက ဖေးဖေးရဲ့စားပွဲဘေးမှာ စားပွဲသေးသေးတစ်လုံး လုပ်ပေးမယ်...မင်းအစ်ကိုနဲ့အတူ စာအုပ်ဖတ်လို့ရတာပေါ့..."


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီမျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားလေသည်။


လင်းလော့ချင်းက ကျိလဲ့ယွီ၏မျက်နှာအပြောင်းအလဲကို မြင်လိုက်ရပြီး ပေါက်ကွဲလုမတတ် ရယ်မောလိုက်သည်။ 


စာအုပ်ထဲက မကောင်းဆိုးဝါးကြီးက စာဖတ်ရတာ မကြိုက်တဲ့ သာမာန်ကလေးပဲဆိုတာ ဘယ်သူက တွေးမိမှာလဲ...


ထို့နောက် သူ ကျိယွီရှောင်ကို ကြည့်လိုက်ပြီး ဖြောင်းဖြလိုက်သည် 


"သူ့ကို မနောက်နဲ့‌တော့...ရှောင်ယွီက ငယ်သေးတယ်...နောက်နှစ်နှစ်လောက် အေးဆေးကစားလို့ ရတယ်...ဒါ့အပြင် သူ့အဆင့်တွေကလည်းကောင်းတာပဲ...နေ့တိုင်း စာဖတ်နေဖို့ မလိုပါဘူး..."


ကျိလဲ့ယွီက လင်းလော့ချင်း၏စကားများက ဟုတ်မှန်ကြောင်း ခံစားရပြီး ‌အလျင်စလို ခေါင်းငြိမ့်လိုက်သည်။


သူက စာမဖတ်ဘဲနဲ့တောင် စာမေးပွဲမှာ အမှတ်၁၀၀ရတယ်...နေ့တိုင်း စာဖတ်နေစရာ မလိုဘူး...စာအုပ်က ဘာကောင်းလို့လဲ...ဂိမ်းကစားတာကမှ ပျော်ဖို့ကောင်းတာ...


ကျိယွီရှောင်က ကျိလဲ့ယွီကို နောက်ပြောင်ပြီးနောက် ကျေနပ်သွားကာ အတင်းအကြပ် မတိုက်တွန်းတော့ပေ။


"ကောင်းပြီ...‌ငါ မင်းအတွက် စားပွဲခုံလေး မလုပ်ပေးတော့ဘူး...ဟုတ်ပြီလား..."


ကျိလဲ့ယွီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ချိုသာစွာ ပြောလိုက်သည်။


"ဒယ်ဒီက အရမ်းကောင်းတာပဲ..."


ကျိယွီရှောင်က ကျိလဲ့ယွီ တကယ်ချစ်စရာကောင်းကြောင်း တွေးလိုက်ပြီး ကျိလဲ့ယွီခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။


သူက ကလေးနှစ်ယောက်နှင့် တစ်ခဏလောက် စကားစမြည်ပြောပြီးနောက် အခြားကိစ္စများကိုင်တွယ်ရန် သွားလိုက်သည်။


လင်းလော့ချင်းက ဘာမှလုပ်စရာမရှိသည့်အတွက် လင်းဖေးအခန်းထဲတွင် ကလေးနှစ်ယောက်နှင့် ဆက်နေနေလိုက်သည်။


ကျိလဲ့ယွီက လင်းလော့ချင်း၏ခရီးစဉ် ရည်ရွယ်ချက်ကို တွေးနေပြီး လင်းဖေးရေချိုးခန်းသို့သွားချိန်ကို အခွင့်ကောင်းယူကာ မေးလိုက်သည်။


"ပါးပါး ကိုကို့ပစ္စည်းတွေ ပြန်ယူလာပြီလား..."


"မယူရသေးဘူး..."


လင်းလော့ချင်း ပြန်ဖြေလိုက်သည်။


"ငါတို့ ခဏလောက် ထပ်စောင့်ရဦးမယ်...ပိုက်ဆံ‌တောင်းရတာက အမြဲတမ်း ခက်ခဲတဲ့လုပ်ငန်းစဉ်ပဲ..."


ကျိလဲ့ယွီ အနည်းငယ် ၀မ်းနည်းသွားသော်လည်း ခေါင်းငြိမ့်လိုက်လေသည်။


"ဟုတ်ကဲ့..."


လင်းလော့ချင်းက ကျိလဲ့ယွီ၏အဖေ လူလုပ်မတော်တဆနှင့် သေဆုံးသွားကြောင်း ပြန်သတိရသွားပြီး နှလုံးသားထဲတွင် စိတ်ထိခိုက်သွားလေသည်။


သူ ကျိလဲ့ယွီ၏ခေါင်းကို ပွတ်သပ်လိုက်ပြီးသူ့ကို နမ်းလိုက်သည်။ 


ကျိလဲ့ယွီက အနည်းငယ်စိတ်ရှုပ်ထွေးသွားကာ မျက်တောင်ခတ်လိုက်သည်။


‘သူက အခုထိ ဘာမှမသိသေးဘူးပဲ...'


လင်းလော့ချင်း တွေးလိုက်သည်။


'သူက ကံလည်းဆိုးတယ်...ကံလည်း ကောင်းတယ်...သူက လောကကြီးရဲ့ရက်စက်မှုတွေကို တွေ့ကြုံခဲ့ရပေမဲ့ ကံကောင်းစွာနဲ့ ကျိယွီရှောင်က သူ့ကမ္ဘာကြီးကို ဖြူစင်ပြီး အားနည်းချက်မရှိအောင်လုပ်ပေးခဲ့တယ်...'


ဒါပေမဲ့ ကျိယွီရှောင် သေသွားပြီးနောက်ပိုင်း သူ့ကမ္ဘာကြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီးအစစ်အမှန်လောကကြီး ထိတွေ့ခဲ့ရတယ်...


ပြီးတော့ သူ့ကိုယ်သူ ကာကွယ်ဖို့‌ ချောက်ထဲ တစ်လှမ်းချင်း တိုး၀င်ခဲ့ရတယ်...ကျိလဲ့ယွီက ဘယ်‌လိုလုပ် ရက်စက်ပြီး အကြင်နာတရား ကင်းတဲ့လူဖြစ်ချင်မှာလဲ...သူက စာဖတ်ရတာ၊ အိမ်စာလုပ်ရတာကို မကြိုက်တဲ့ သာမာန်ကလေးတစ်ယောက်ပဲ...ဒါပေမဲ့ သူ့အရွယ်‌ရောက်လာမှုက သာမာန်ကလေးတွေထက် ပိုခက်ခဲပြီး ပိုနက်နဲတယ်...


လင်းလော့ချင်း ကျိလဲ့ယွီကို ပြုံးကာ ကြည့်လိုက်သည်။


"ရှောင်ယွီ သားလိုချင်တာ ရှိလား..."


ကျိလဲ့ယွီ ခေါင်းစောင်းလိုက်ပြီး ခဏလောက် တွေးပြီးနောက် လက်ခုပ်တီးလိုက်ပြီး နူးညံ့ချိုမြိန် စေးကပ်စွာ ပြောလိုက်သည်။


"သား ပါးပါးကို သားနဲ့ထာ၀ရအတူတူ ရှိနေစေချင်တယ်..."


"သား သားတို့မိသားစုကို ထာ၀ရအတူတူ ရှိနေစေချင်တယ်..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


" ကောင်းပြီ..."


ကျိလဲ့ယွီ ပြုံးကာ မေးလိုက်သည်။


"ပါးပါးရော ဘာလိုချင်လဲ..."


လင်းလော့ချင်း မေးစေ့ကို ကိုင်ကာ ပြောလိုက်သည်။


"ပါးပါးက သားနဲ့သားကိုကိုကို ကျန်းမာပျော်ရွှင်စေချင်တယ်...သားဒယ်ဒီကို ‌ကျန်းမာဘေးကင်းစေချင်တယ်..."


"ပါးပါးကရော...သားတို့အားလုံး ကျန်းမာပြီး ပါးပါးကရော..."


"ပါးပါးလည်း ကျန်းမာဘေးကင်းချင်တာပေါ့...အဲ့ဒါမှ သားနဲ့သားအစ်ကို ကြီးပြင်းလာတာကို ကြည့်နိုင်မှာလေ..."


လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။


ကျိလဲ့ယွီ ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်...ဟုတ်တယ်..."


လင်းဖေး ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူတို့နှစ်ယောက်ပြောနေသော အကြောင်းအရာကိုကြားလိုက်ရလေသည်။


လင်းလော့ချင်း သူ့ကို မေးလိုက်သည်။


"ဖေးဖေးရော ဘာလိုချင်လဲ..."


လင်းဖေး တိတ်ဆိတ်နေလေသည်။


ကျိလဲ့ယွီ တိုက်တွန်းလိုက်သည်။


"ကိုကို ဘာလိုချင်လဲ ပြောပြလေ...''


လင်းဖေးက သူ့ကိုယ်သူ ကာကွယ်နိုင်ရန်၊ လုံခြုံစွာ ကြီးပြင်းလာရန်၊ ပိုက်ဆံအများကြီး ရှာနိုင်ရန် ဆန္ဒရှိလေသည်။


သို့သော် ထိုအကြောင်းကို လင်းလော့ချင်းရှေ့တွင် ပြောပြရန် ရှက်ရွံ့လေသည်။


"ကျွန်တော် ဘာမှမလိုချင်ဘူး..."


သူ့တွင် လိုအင်ဆန္ဒများ မရှိ‌ဟု ထင်ရသောကြောင့် ထိုအဖြေက သင့်တော်လေသည်။


လင်းလော့ချင်း ယင်းကို မယုံကြည်သော်လည်း ကျိလဲ့ယွီက အခန်းထဲတွင် ရှိနေပြီး လင်းဖေး ရှက်ရွံ့မည်ကို စိုးရိမ်သောကြောင့် ဆက်မမေး‌တော့ချေ။ သူတို့နှစ်ယောက်တည်းရှိမှ ထပ်မေးရန် တွေးလိုက်သည်။


သို့သော် ကျိလဲ့ယွီက ငယ်သေးသောကြောင့် လင်းဖေးက တကယ်ဘာမှမလိုချင်ဘူးဟု ထင်နေလေသည်။


ထို့ကြောင့် သူ သဘောထားကြီးစွာ ပြောလိုက်သည်။


"ဒီလိုဆို သားလိုချင်တာကို မျှပေးမယ်လေ..."


"မင်းက ဘာလိုချင်တာလဲ..."


လင်းဖေး မေးလိုက်သည်။


"သားက ပါးပါးကို သားတို့နဲ့ထာ၀ရအတူ ရှိနေစေချင်တယ်...သားတို့မိသားစု အမြဲအတူ ရှိနေစေချင်တယ်..."


သူက လင်းလော့ချင်းကို 'ပါးပါးကို သားနဲ့ ထာ၀ရအတူရှိနေစေချင်တယ်'ဟု ပြောခဲ့သော်လည်း လင်းဖေးကို ပြောသောအခါ'သားတို့'ဟု ပြောင်းသွားလေသည်။


လင်းဖေး နားထောင်ပြီးနောက် ထိုအတိုင်း တကယ်ဖြစ်လျှင် ကောင်းမည်ဟု တွေးလိုက်သည်။


ထို့နောက် သူ ထိုဆန္ဒကို သဘောတူလိုက်သည်။


 ကျိလဲ့ယွီက ခေါင်းလေးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။


"ဒါဆို သားတို့ဆန္ဒတွေက အတူတူပဲနော်..."


လင်းဖေး မငြင်းဆန်ပေ။


"ဟုတ်တယ်..."


ကျိလဲ့ယွီ ပျော်ရွှင်နေလေသည်။ လင်းဖေးက သူနှင့်ဆန္ဒတစ်ခုတည်းဖြစ်ကြောင်း သိလိုက်ရသောအခါ အဘယ်ကြောင့် သူ ပျော်ရွှင်မိနေလဲ မသိချေ။


လင်းလော့ချင်းက ကျိလဲ့ယွီ၏ချိုမြိန်နူးညံ့သော အပြုံးကို မြင်လိုက်ရလေသည်။


အခြားကလေးများက ကစားစရာများ၊ အရုပ်များ၊ ကားများ လိုချင်ကြသော်လည်း ကျိလဲ့ယွီနှင့်လင်းဖေးကမူ ကလေးများ၏ဖြူစင်မှုများကို စွန့်လွှတ်ခဲ့ရပြီဖြစ်သည်။ သူတို့က ခွဲခွာခြင်းဝေဒနာကို ခံစားခဲ့ရပြီး အားတင်းကာ ကြီးပြင်းခဲ့ရလေသည်။ ထို့ကြောင့် သူတို့၏လိုအင်ဆန္ဒများက ပြောင်းလဲသွားခဲ့ပြီး စစ်မှန်သော မိသားစုတစ်စုကိုသာ မျှော်လင့်ကြလေသည်။


လင်းလော့ချင်း ခါးကိုင်းကာ သူတို့ကို ပွေ့ဖက်လိုက်ပြီး သူ့နှလုံးသားက ခါးသီးနေလေသည်။


"အဲ့လို ဖြစ်လာလိမ့်မယ်..."


သူ ပြောလိုက်သည်။


"မင်းတို့က အရမ်းလိမ္မာကြတော့ မင်းတို့ လိုချင်သမျှ ရလာမှာပဲ..."


ကျိလဲ့ယွီ ရုတ်တရက် အနည်းငယ် အပြစ်ရှိစိတ် ခံစားလိုက်ရသည်။ 


သူက လိမ်မှ မလိမ္မာတာ....သူလိုချင်တာ ရပါ့မလား...


သို့သော် ထိုအတွေးကို ချက်ချင်း စွန့်လွှတ်လိုက်သည်။ 


လင်းဖေးက သူနဲ့ လိုချင်တာ အတူတူပဲ...လင်းဖေးက အရမ်းလိမ္မာတဲ့သူ...လင်းဖေး လိုချင်တာရရင်သူလည်း ရလိမ့်မယ်...


ကျိလဲ့ယွီ သူ့ကိုယ်သူ အလွန်ဉာဏ်ကောင်းသည်ဟု တွေးလိုက်ပြီး ရယ်မောလိုက်လေသည်။


.....


အဖေလင်းသည် လင်းလော့ကျင်း၏ပြသာနာကိုဖြေရှင်းပြီးနောက် ကျိယွီရှောင်ကို လင်းလော့ကျင်း၏အဓိပ္ပာယ် မရှိသောစကားများကို မယုံကြည်ရန် ဖြောင်းဖြရန်အတွက် လင်းလော့ချင်းကိုစိုးရိမ်တကြီး ဆက်သွယ်လိုက်သည်။


လင်းလော့ချင်း ၀မ်းနည်းဟန်‌ဆောင်လိုက်ကာ မေးခွန်းထုတ်လိုက်သည်။


"လင်းလော့ကျင်း ပြောတာ တကယ်မဟုတ်ဘူးလား…"


အဖေလင်း အလောတကြီး ပြောလိုက်သည်။


"ဘယ်ဟုတ်ပါ့မလဲ…လော့ချင်း မင်း အဖေရဲ့စိတ်ကို နားမလည်ဘူးလား…အဖေ မင်းကိုချစ်တယ်…မင်းကို ခေါ်ထုတ်သွားတာက မင်းအစ်မလေ…အဖေ မင်းကို ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ဘူး…"


'ဟီးဟီး…ငါ နားလည်တာပေါ့…’


လင်းလော့ချင်း ‌ဆက်ပြောလိုက်သည်။


"ကျွန်တော် စိတ်ငြိမ်ဖို့ အချိန်လိုတယ်…"


ထို့နောက် အမြန် ဖုန်းချပစ်လိုက်သည်။


အဖေလင်း အလွန်ဒေါသထွက်နေပြီး စိတ်ထဲတွင် လင်းလော့ကျင်းကို ရက်စက်စွာ ထပ်မံကြိမ်းမောင်းပြန်လေသည်။


ချန်ဖုန်း သူ့ကို အချိန်အတော်ကြာ နှစ်သိမ့်ပေးခဲ့ပြီး သူ အနားယူသွားမှ သူ့သားကို နှစ်သိမ့်ရန် အချိန် ရလာလေသည်။ 


လင်းလော့ကျင်းက အခန်းထဲတွင် ဒေါသတကြီး ဝုန်းဒိုင်းကြဲနေလေသည်။ သူ သူ့အမေကို မြင်သောအခါ မျက်ရည်များ အဆက်မပြတ်ကျလာလေသည်။


"အဖေက ဘာလို့ ဒီလိုလုပ်ရတာလဲ…သူက ဘာဖြစ်လို့ ကျွန်တော့်အစား လင်းလော့ချင်းကို ကူညီပေးရတာလဲ…"


ချန်ဖုန်း သက်ပြင်းချလိုက်သည်။


"သူက လင်းလော့ချင်းကို ကူညီပေးတာ မဟုတ်ဘူး…ကျိယွီရှောင်ကို အသုံးချဖို့အတွက် သူ့ကို သုံးဖို့လိုတာကို သားသိရဲ့သားနဲ့ ဘာလို့ သူ့ကို ရန်စရတာလဲ…"


လင်းလော့ကျင်း စဉ်းစားမရ ဖြစ်သွားလေသည်။


"ကျိယွီရှောင်က ကျိမိသားစုထဲက ထွက်လာပြီ မဟုတ်ဘူးလား…"


"အဲ့ဒါ ဘာပြောတာလဲ…ကျိကျန်းဟုန်မှာ သားနှစ်ယောက်ပဲရှိတာ…ကျိယွီလင်းက သေသွားပြီ…သူက သူ့အမွေတွေကို ကျိယွီရှောင်အစား တခြားလူတွေကို တကယ်ပေးမှာတဲ့လား…ကျိယွီရှောင် မသေသေးသရွေ့ ကျိမိသားစုက သူ့အိတ်ကပ်ထဲမှာ ‌အနှေးနဲ့အမြန် အဆုံးသတ်သွားမှာပဲ…အဲ့ဒါကြောင့်လင်းလော့ချင်းကို ရန်မစနဲ့တော့…"


ထိုစကားကို ကြားသောအခါ လင်းလော့ကျင်း ပိုမိုဒေါသထွက်လာလေသည်။


“ကျွန်‌တော်က သူ့ကို ကျိယွီရှောင်နဲ့ လက်ထပ်ခိုင်းခဲ့တဲ့သူ…"


"အမေ သိတယ်…"


ချန်ဖုန်း ပြောလိုက်သည်။


"ဒါပေမဲ့ သားအဖေနဲ့အမေက ကျိယွီရှောင်နဲ့ ဆက်သွယ်နိုင်ဖို့ သန်း၅၀သုံးထားတာ…အမေတို့ သန်း၅၀ကို အလဟဿအဖြစ်ခံလို့မရဘူးလေ…‌အဲ့ဒါကြောင့် အရင်ဆုံး သည်းခံပြီး လျစ်လျူရှုထားလိုက်…သားအဖေပိုက်ဆံရရင် အဲ့ပိုက်ဆံတွေက သားလက်ထဲရောက်လာမှာပဲမလား…"


ထိုစကားများကို ကြားလိုက်ရသော်လည်း လင်းလော့ကျင်း မပျော်ရွှင်နိုင်ပေ။ သူ့စိတ်ထဲ၌ မကျေနပ်မှုများ အပြည့်ဖြစ်နေလေသည်။


လင်းလော့ချင်း ပြုတ်ကျရန် တွင်းတစ်တွင်းတူးခဲ့သော်လည်း သူကသာ ထိုတွင်းပေါက်ထဲသို့ ခလုတ်တိုက်ကာ ပြုတ်ကျသွားလေသည်။


လင်းလော့ချင်း. ကျိယွီရှောင်နှင့် လက်မထပ်မီက အိမ်ထဲသို့ မ၀င်နိုင်ခဲ့ပေ။ ယခု သူက အိမ်၏အထူးဧည့်သည်ဖြစ်လာရုံသာမက သူကလည်း လင်းလော့ချင်းကို သည်းခံနေရလေသည်။ ယင်းက သူ မလိုချင်သော အိမ်ထောင်ရေးကို လင်းလော့ချင်း ကောက်ယူခဲ့ခြင်းကြောင့်ဖြစ်လေသည်။


"ဒီလိုဖြစ်မယ်မှန်းသာ သိခဲ့ရင် ကျွန်တော် သူ့ကို ကျိယွီရှောင်နဲ့ လက်မထပ်ခိုင်းခဲ့ဘူး…"


"ဒါပေမဲ့ သား ကျိယွီရှောင်ကို လက်မထပ်ချင်ဘူးမလား…"


ချန်ဖုန်း နှစ်သိမ့်ပေးလိုက်သည်။


"ဒါ့အပြင် ‌သူက ခြေကျိုးနေတဲ့သူ…၀န်ထုပ်၀န်ပိုးကလေးတစ်ယောက်လည်း ရှိသေး…အဲ့လိုလူနဲ့ လက်ထပ်ရတာ ဘာကောင်းလို့လဲ…လင်းလော့ချင်းက အခု လှပတဲ့ဘ၀ရှိနေတဲ့ပုံ ပေါ်ပေမဲ့ အိမ်မှာဆို ဒုက္ခရောက်နေတာပဲ…သူ့မှာ ကလေးနှစ်ယောက်ရှိလို့ အပြင်တွေ ဘာတွေ သွားလို့ မရဘူး…သားနဲ့ကွာတယ်…သားက အချိန်မရွေး အပြင်ထွက်ကစားလို့ ရတယ်လေ…"


လင်းလော့ကျင်း၏ခံစားချက် ပိုမိုကောင်းမွန်လာလေသည်။


အမေ့စကား မှန်တယ်…ကျိယွီရှောင်မှာ ၀န်ထုပ်၀န်ပိုး ကလေးတစ်ယောက်ရှိပြီးလင်းဖေးကိုပါ ထည့်တွက်လိုက်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးနှစ်ယောက်ကို ‌စောင့်ရှောက်နေရတာပဲ…လင်းလော့ချင်းက တကယ်ပျော်နေတယ်ဆိုတာကို သူ မယုံဘူး…


လင်းဖေးအပေါ် လင်းလော့ချင်း၏ဆက်ဆံပုံကို သူမြင်ဖူးပြီး လင်းလော့ချင်းက လင်းဖေးကို မုန်းတီးလေသည်။ ယခု အခြားကလေးတစ်ယောက်ပါ ထပ်ရှိလာပြီး လင်းလော့ချင်း အလွန်ဒုက္ခရောက်နေလောက်ပြီဖြစ်သည်။


လင်းလော့ကျင်း၏အတွေးထဲမှ ၀န်ထုပ်၀န်ပိုးကလေးနှစ်ယောက်ဖြစ်သည့် လင်းဖေးနှင့်ကျိလဲ့ယွီက ရေချိုးကန်ထဲတွင် ရေချိုးနေကြလေသည်။ မကြာမီတွင် သူတို့က လင်းလော့ချင်း၊ ကျိယွီရှောင်တို့နှင့် အတူသွားအိပ်တော့မည်ဖြစ်သည်။


ကျိလဲ့ယွီက ရေချိုးကန်ထဲမှ ပူဖောင်းတစ်ခုကို ယူလိုက်ပြီး လင်းဖေးဆီ မှုတ်လိုက်သည်။


အဖြူရောင်ရေပူ‌ဖောင်းလေးက လင်းဖေးမေးစေ့တွင် ကပ်နေလေသည်။


ကျိလဲ့ယွီ ရယ်လိုက်ပြီး ပူဖောင်းကို လက်တစ်ဆုပ်စာ ယူလိုက်ကာ ထပ်

မှုတ်လိုက်သည်။


အခြားတစ်ယောက်နှင့် ရေချိုးကန်ထဲတွင် ရေအတူချိုးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ ရှင်းမပြနိုင်စွာ ပျော်ရွှင်နေကာ ကူရာမဲ့စွာ ကစားနေလေသည်။


လင်းဖေးသည် ကျိလဲ့ယွီ၏အပြုအမှုကို မြင်သောအခါ မျက်လုံးထဲတွင် ကူရာမဲ့မှု ၃၀%၊ ပြောစရာ စကားကင်းမဲ့မှု ၃၀%၊ ဤကိစ္စကို ကိုင်တွယ်ရန် ပျင်းရိမှု၄၀%တို့ဖြင့် ပြည့်နှက်နေလေသည်။


'ကလေးဆန်လိုက်တဲ့ ကစားနည်း…'