Chapter 80
လင်းဖေး ထိုသို့တွေးလိုက်သော်လည်း ကျိလဲ့ယွီကို မတားခဲ့ပေ။
ကျိလဲ့ယွီက ပူဖောင်းများကို ဆက်လက်မှုတ်ထုတ်နေပြီး ခေါင်းမော့ကြည့်လိုက်သောအခါ အထင်သေးနေသော မျက်၀န်းတစ်စုံကို မြင်လိုက်ရလေသည်။
ကျိလဲ့ယွီ :"..."
ကျိလဲ့ယွီ နှာမှုတ်လိုက်သည်။ ထို့နောက် လက်မြှောက်လိုက်ပြီး လက်ထဲမှ အမြှုပ်များကို ခနွာကိုယ်ပေါ် သုတ်လိုက်သည်။
ငါ့ကို မကြိုက်ပြန်ဘူးလား…
ငါ့ကို မကြိုက်တာတွေ များလွန်းတယ်…
ဟွန့်…
လင်းဖေး သူ့ခန္ဓာကိုယ်နှင့်မေးစေ့ပေါ်ရှိအမြှုပ်များကို ရေဖြင့် ဆေးလိုက်သည်။ ထို့နောက် shower gelကို တစ်ကိုယ်လုံးလိမ်းလိုက်သည်။
လင်းလော့ချင်း..ကျိလဲ့ယွီကို shower gelလိမ်းပေးပြီးနောက် လင်းဖေးကို လှည့်ကြည့်လိုက်သောအခါ လင်းဖေးက ပြီးလုနီးပါးဖြစ်နေပြီဖြစ်သည်။
"မင်း ကိုယ့်ဖာသာ လိမ်းတတ်တယ်…"
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော် ကိုယ့်ဖာသာ ဘယ်လိုရေချိူးရမလဲလည်း သိတယ်…"
"သားလည်း သိတယ်…"
ကျိလဲ့ယွီ အားကျမခံ ပြောလိုက်သည်။
"အိုး…"
'ဘာလို့ ၀တ်ကျေတမ်းကျေ ဖြေလိုက်တယ်လို့ ခံစားနေရတာလဲ…'
ကျိလဲ့ယွီ တွေးလိုက်သည်။
“သားကို မယုံဘူလား…”
“ငါ မင်းကို ယုံတယ်...”
လင်းဖေး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက ငတုံးမဟုတ်သရွေ့ ဒါက မခက်ဘူး…”
ကျိလဲ့ယွီ :“...”
ကျိလဲ့ယွီ လင်းဖေးနှင့် စကားမပြောချင်ခဲ့ပေ။
လင်းလော့ချင်း အမြန်ဆေးကြောပေးလိုက်ပြီး ရေများ သုတ်ပေးလိုက်သည်။ ထို့နောက် ကျိလဲ့ယွီကို ချီကာ ထုတ်ပေးလိုက်ပြီး လင်းဖေးကို ရေသုတ်ရာ၌ ကူညီပေးလိုက်သည်။ ထို့နောက် လင်းဖေးကို ချီလိုက်ပြီး အခန်းထဲရှိ အိပ်ရာပေါ် ချပေးလိုက်သည်။ ကျိလဲ့ယွီက ညအိပ်၀တ်စုံလဲပြီးဖြစ်လေသည်။
လင်းဖေးရောက်လာသည်ကို မြင်သောအခါ သူ စိတ်ကောက်လိုက်သည်။
"ဖေးဖေး ညအိပ်၀တ်စုံ အရင်လဲထား…မင်းရှုရှုနဲ့စကားသွားပြောလိုက်ဦးမယ်…ပြီးရင် ညကျရင် ငါတို့အတူအိပ်ကြမယ်…"
လင်းလော့ချင်း လင်းဖေးခေါင်းကို ထိကာ ပြောလိုက်သည်။
ကျိယွီရှောင်က ကလေးများရှေ့တွင် ဝှီးချဲလ်အတက်အဆင်း မလုပ်ချင်ပေ။ ကလေးများက သူ့ခြေထောက် အသုံးမပြုနိုင်တော့သည်ကို မြင်သွားမည်ကို ကြောက်ရွံ့လေသည်။ ထို့ကြောင့် အချိန်တိုင်း ကားပေါ်မှ ၊ အိပ်ရာပေါ်မှ စောင့်ကြိုနေလေ့ရှိသည်။
ထို့အတွက်ကြောင့် လင်းလော့ချင်းက ကျိယွီရှောင်ကို ဦးစွာ သွားပြောပြရမည်ဖြစ်သည်။ ထို့မှသာ ကျိယွီရှောင်က အိပ်ရာပေါ် ကြိုစောင့်နေနိုင်ပြီး သူ ထိန်းသိမ်းလိုသော အခြေအနေကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး လင်းလော့ချင်းထွက်သွားသောအခါ ညအိပ်၀တ်စုံ လဲလိုက်သည်။
ဘေးတွင် ထိုင်နေသည့် ကျိလဲ့ယွီက ခြေထောက်ဖြူဖြူနုနုလေးများဖြင့် လင်းဖေးခြေထောက်ကို ကန်လိုက်ပြီး မေးလိုက်သည်။
"ဘာလို့ ငါ့ကို မကြိုက်ရပြန်တာလဲ…"
ကျိလဲ့ယွီ၏ခြေကန်ချက်က မပြင်းထန်သောကြောင့် လင်းဖေး လွှတ်ထားလိုက်သည်။
"ပြောလေ…"
ကျိလဲ့ယွီ ဆက်ကန်လိုက်သည်။
လင်းဖေးက ညအိပ်၀တ်စုံအပေါ်ပိုင်းကို၀တ်ပြီးနောက် ဘောင်းဘီကို မတ်တပ်ရပ် ၀တ်လိုက်သည်။ ထို့နောက် ကျိလဲ့ယွီကို လှည့်ကြည့်လိုက်ပြီး တိုးတိုး ပြောလိုက်သည်။
"ကလေးဆန်လို့…"
ကျိလဲ့ယွီ :"..."
"ငါက ကလေးမဆန်ဘူး…"
ကျိလဲ့ယွီ ဆက်ကန်ချင်သော်လည်း လေကိုသာ ကန်လိုက်မိလေသည်။
ကျိလဲ့ယွီ :"..."
လင်းဖေး ထိုင်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
"ငတုံးလေး…"
ကျိလဲ့ယွီ : “!!!”
ကျိလဲ့ယွီ အလွန်ဒေါသထွက်လာပြီး ထပ်ကန်ရန် လုပ်လိုက်သော်လည်း လင်းဖေးက သူ့ခြေချင်း၀တ်ကို ဆုပ်ကိုင်လိုက်လေသည်။
ကျိလဲ့ယွီက ချက်ချင်းဆိုသလို အခြားခြေထောက်တစ်ဖက်ဖြင့် ကန်လိုက်သော်လည်း လင်းဖေးက ကျန်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြန်သည်။
ကျိလဲ့ယွီ မကျေမနပ်ဖြစ်နေပြီး ဒေါသကြောင့် မျက်နှာက ဆူပုတ်နေလေသည်။
လင်းဖေးက ခြေချင်း၀တ်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကျိလဲ့ယွီ၏ဒေါသထွက်နေသော မျက်နှာကို မြင်သောအခါ ပြောလိုက်သည်။
"မင်း ငါ့ကို ကန်ဦးမှာလား…"
"ငါ မင်းကို သေအောင်ကန်ပစ်မယ်…"
ကျိလဲ့ယွီ ဒေါသတကြီး အော်လိုက်သည်။ ပြောပြီးနောက် ခြေထောက်များကို ပြန်ဆွဲယူလိုက်သော်လည်း လင်းဖေးက မလွှတ်ပေးခဲ့ပေ။
“လွှတ်ပေး…”
ကျိလဲ့ယွီ ခြေထောက်များကို လှုပ်ကာ ညုတုတုပြောလိုက်သည်။
"ကန်ဦးမှာလား…"
"မကန်တော့ဘူး…မကန်တော့ဘူး…"
ကျိလဲ့ယွီ ကူရာမဲ့စွာ ပြောလိုက်သည်။ နောက်တစ်ခါ သူ လင်းဖေးကို တကယ်ကန်မည်ဖြစ်သည်။
လင်းဖေး လွှတ်ပေးလိုက်သည်။
လင်းဖေး သူ့ခြေထောက်ကို လွှတ်ပေးလိုက်သည်ကို မြင်သောအခါ ထပ်မံဆွဲယူရန် စိတ်မ၀င်စားတော့သည့်အတွက် ခြေထောက်ကို လင်းဖေး၏ပေါင်ပေါ် တင်ထားလိုက်လေသည်။ ထို့နောက် အလိုလိုက်ခံထားရသောအမူအရာနှင့် ပြောလိုက်သည်။
"မင်း ကိုင်ထားတာ နီရဲသွားပြီ…"
လင်းဖေး ငုံ့ကြည့်လိုက်သည်။ နီရဲနေခြင်းက မသိသာပေ။ သူက ကျိလဲ့ယွီ၏ခြေချင်း၀တ်ကို ဆုပ်ကိုင်ရာတွင် ခွန်အားမသုံးခဲ့ပေ။
"ဘယ်နား နီနေလို့လဲ…"
သူ မေးလိုက်သည်။
ကျိလဲ့ယွီ ခြေချင်း၀တ်ကို လှုပ်ပြလိုက်သည်။
"ဒီမှာ နီနေတယ်လေ…မင်း ငါ့ကို မကြိုက်ဘူး…ပြီးတော့ ငါ့ကို နာအောင်လုပ်တယ်…မင်းက အစ်ကိုကောင်း မဟုတ်ဘူး…"
"အိုး…"
"ဒါပေမဲ့ မင်း ငါ့ကို ချော့ရင် ဒါတွေကို လျစ်လျူရှုထားပေးမယ်…"
ကျိလဲ့ယွီ ညှာတာစွာ ပြောလိုက်သည်။
လင်းဖေး ပြုံးလိုက်ပြီး ဘာမှ မပြောပေ။
"ဘာလို့ ပြုံးနေတာလဲ…"
ကျိလဲ့ယွီ မကျေနပ်သဖြင့် လင်းဖေးခြေသလုံးကို ဖိလိုက်သည်။
"မင်း ငါ့ကို ချော့သင့်တယ်…"
လင်းဖေး ကူရာမဲ့စွာ လက်မြှောက်လိုက်ပြီး သူ့ပေါ်မှ ကျိလဲ့ယွီခြေထောက်များကို မလိုက်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။
ကျိလဲ့ယွီ ခေါင်းရှုပ်သွားသည်။
"မင်း ဘယ်သွားမလို့လဲ…"
"လက်သွားဆေးမလို့…"
"မင်း ရေထပ်ချိုးမှာတော့ မဟုတ်ဘူးမလား…"
လင်းဖေး :"..."
"ခြေထောက်ကို ကိုင်ထားတဲ့လက်နဲ့ မင်းခေါင်းကို မထိစေချင်ဘူးမလား…"
ကျိလဲ့ယွီ :"..."
ကျိလဲ့ယွီ လက်ပြလိုက်သည်။
"လက်သန့်ဆေးသုံးဖို့ သတိရနော်…"
"ကိုယ့်ခြေထောက်ကိုယ် မကြိုက်ဘူးလား…"
ကျိလဲ့ယွီ သဘာ၀ကျစွာ ပြောလိုက်သည်။
"ဒယ်ဒီကပြောတယ်…လက်ဆေးရင် လက်သန့်ဆေးသုံးရမယ်တဲ့…"
လင်းဖေး ကျိလဲ့ယွီကို ကြည့်လိုက်ပြီး မျက်၀န်းထဲမှ အပြုံးဖျော့ဖျော့ ဖြစ်တည်လာလေသည်။
အချိန်အများစုတွင် သူက ကျိလဲ့ယွီက အလွန်ချစ်စရာကောင်းကြောင်း တွေးမိလေသည်။ ကျိလဲ့ယွီက ရိုးအ၊ ကလေးဆန်၊ ညုတုတုဆန်၊ တွယ်ကပ်လွန်း ၊ လှည့်စားတတ်၊ ကြောင်သူတော်ဆန်၊ ဉာဏ်နီဉာဏ်နက်များ၊ မျက်တောင်မခတ် လိမ်တတ်၊ မကောင်းသည့်အရာများကို ပြုလုပ်ပြီး အပြစ်ရှိစိတ်မခံစားရ၊ အခြားလူများထံမှ လက်ဆောင်များကို တန်ဖိုးမထား၊ စာဖတ်ရခြင်းအားမကြိုက်…
ခဏနေဦး…
လင်းဖေး ရုတ်တရက် ရပ်တန့်လိုက်သည်။
ဒီလိုဆို သူ့ရဲ့ဘယ်နေရာက ချစ်စရာကောင်းနေတာလဲ…
အားလုံးက သူ မကြိုက်တဲ့အရာကြီးပဲ…
သူက သံသယဖြစ်စွာ မျက်တောင်ခတ်နေပြီး ခေါင်းကို ခါယမ်းနေသည့် ကျိလဲ့ယွီကို ပြန်ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ…”
ကျိလဲ့ယွီ မေးလိုက်သည်။
"မင်းက ချစ်စရာကောင်းတယ်လို့ထင်လား…"
လင်းဖေး မေးလိုက်သည်။
ကျိလဲ့ယွီ ဂုဏ်ယူစွာ ခေါင်းမော့ပြောလိုက်သည်။
"မဟားတရားကို ချစ်စရာကောင်းတာ…"
လင်းဖေးက တစ်ဖက်လူမျက်လုံးထဲမှ ရိုးသားပွင့်လင်းမှုကို မြင်သောအခါ ခေါင်းငြိမ့်လိုက်သည်။
ဟုတ်တယ်…သူလည်း ကျိလဲ့ယွီက အရမ်းချစ်စရာကောင်းတယ်လို့ထင်တယ်…
ထို့နောက် ရေချိုးခန်းဆီ လျှောက်သွားလိုက်ပြီး လက်ဆေးလိုက်သည်။ ပြီးနောက် အိပ်ရာပေါ်တွင် ထပ်မံ ထိုင်လိုက်ပြီး ကျိလဲ့ယွီခေါင်းကို ထိလိုက်ကာ ကျိလဲ့ယွီကို ဖက်လိုက်သည်။
"မင်းက အရမ်းတော်တယ်…"
.......
လင်းလော့ချင်း အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ကျိယွီရှောင်ကို ပြောလိုက်သည်။
"ရှောင်ယွီနဲ့ဖေးဖေးက ငါတို့နဲ့ လာအိပ်ချင်လို့တဲ့…"
"ကောင်းပြီ…"
ကျိယွီရှောင်တွင် ကန့်ကွက်စရာ မရှိပေ။
"ဒါဆို ငါ သူတို့ကို သွားခေါ်လိုက်တော့မယ်…"
“ကောင်းပြီ…”
လင်းလော့ချင်း ထွက်သွားပြီးနောက် ကျိယွီရှောင် ဖုန်းကို ချလိုက်ပြီး ကုတင်ပေါ် တက်လိုက်သည်။
မိသားစုလေးယောက်အတွက် ပျော်ရွှင်စရာ ညတစ်ညဖြစ်ခဲ့လေသည်။ လင်းလော့ချင်းက မပြီးပြတ်သေးသည့် ဘူးသီးညီနောင် ပုံပြင်ကို ဆက်လက် ပြောပြခဲ့သည်။
လင်းဖေးနှင့် ကျိလဲ့ယွီတို့က ဘူးသီးညီနောင်များနှင့်အတူ အိပ်ပျော်သွားပြီး လင်းလော့ချင်းလည်း ကျိယွီရှောင်၏လက်မောင်းထဲတွင်အိပ်ပျော်သွားလေသည်။
မြင့်မားသော တောင်တန်းများနှင့် ကျယ်ပြောသော ရေပြင်ဖြင့် အေးချမ်းသော အိမ်မက်ဖြစ်လေသည်။ ကျိယွီရှောင်က မလှမ်းမကမ်းတွင် ရပ်နေပြီး သူ့ကို ပြုံးကာ ကြည့်နေခဲ့သည်။
နေ့ရက်များကို ငြိမ်းချမ်းစွာ ဖြတ်သန်းပြီးနောက် ရက်အနည်းငယ်အကြာတွင် ရိုက်ကူးရေးအဖွဲ့နှင့် ပူးပေါင်းရန် အချိန်ကျလာခဲ့လေသည်။
ဝူရှင်းယွမ်က လင်းလော့ချင်းထံ ဟိုတယ်လိပ်စာနှင့်အချိန်ဇယားကို ပို့ပေးခဲ့ပြီး အချိန်ကျလျှင် လာခေါ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"အိုကေ…"
"မင်း ဇာတ်ညွှန်းဖတ်ပြီးသွားပြီလား…"
"ဖတ်ပြီးပြီ…"
“ကောင်းတယ်…အချိန်ကျလာရင် ငါတို့ ကျန်တဲ့ဒုတိယတစ်၀က်ကို ရလိမ့်မယ်…မင်း အရင်ဇာတ်ညွှန်းအကြောင်းအရာတွေနဲ့ ရင်းနှီးအောင် လုပ်ထား…စာကြောင်းအားလုံးကို အလွတ်ကျက်လိုက်ရင် အကောင်းဆုံးပဲ…"
"ကျွန်တော် ကျက်ပြီးပြီ…"
လင်းလော့ချင်း ပြောလိုက်သည်။
ဝူရှင်းယွမ် :"!!!"
အစ်ကိုလီပြောခဲ့တာနဲ့ တကယ်ကွာခြားတာပဲ…
"ဒီလိုဆို မင်း အရမ်းတော်တာပဲ…"
"ကျွန်တော် မူရင်း၀တ္ထုကိုလည်း ဖတ်ထားတယ်…"
လင်းလော့ချင်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့…ကျွန်တော် ကိုယ့်ဖာသာ ပြင်ဆင်ထားတယ်…"
ဝူရှင်းယွမ် :"..."
'ဒီလူက ထင်ထားဝာာထက် ပိုကောင်းတာပဲ…မဟုတ်ဘူး…စောင့်ရှောက်ပေးရတာ အရမ်းလွယ်တယ်လို့ ပြောသင့်တယ်…'
"အိုကေ…ကောင်းကောင်းအနားယူ…သန်ဘက်ခါ တွေ့ကြမယ်…"
"ဟုတ်ကဲ့…"
လင်းလော့ချင်း ဖုန်းချလိုက်သည်။
ဒီနှစ်ရက်အတွင်း ကျိယွီရှောင်ဆီက အကြွေးကို ပြန်ယူရမယ်…
ထိုသို့တွေးပြီးနောက် ညဘက် သူ ရေချိုးခန်းထဲမှ ထွက်လာသောအခါ ဆံပင်ကို ခြောက်အောင် မသုတ်ခဲ့ပေ။ ကျိယွီရှောင်အား ဆံပင်ကူသုတ်ပေးရန် အကူအညီတောင်းလိုက်သည်။
ကျိယွီရှောင်က မငြင်းမဆန် စိတ်ရှည်လက်ရှည် သေချာသုတ်ပေးနေလေသည်။
လင်းလော့ချင်း နောက်လှည့်ကြည့်လိုက်ပြီး ချိုမြိန်စွာ ပြုံးပြလိုက်သည်။
ကျိယွီရှောင် တစ်ဖက်လူကို စိုက်ကြည့်နေပြီး တစ်ဖက်လူ မျက်လုံးများထဲတွင် မကောင်းသည့်ရည်ရွယ်ချက်များ ရှိကြောင်း ခံစားမိနေလေသည်။
"မင်း ဘာကြည့်တာလား…"
"အကြွေးတောင်းမလို့လေ…"
ကျိယွီရှောင် ခေါင်းရှုပ်သွားသည်။
"ငါ မင်းဆီ ဘယ်တုန်းက အကြွေးတင်သွားတာလဲ…"
"ကိုယ့်ကိုကိုယ် ပြန်မေးကြည့်…"
သူ ကျိယွီရှောင်ကို မျက်စိမှိတ်ပြလိုက်သည်။
"မင်း ငါ့ဆီ ပေးစရာအကြွေးတွေက တစ်ခုမကဘူး…မင်း ငါ့ကို ပြန်မဆပ်သင့်ဘူးလား…"
ကျိယွီရှောင် :"..."
နောက်ဆုံးတွင် ကျိယွီရှောင် ထိုအကြွေးကို သဘောပေါက်သွားလေသည်။
သူ ချောင်းဟန့်လိုက်ပြီး လင်းလော့ချင်းကို ဖြောင်းဖြလိုက်သည်။
"ညဉ့်နက်နေပြီ…ပြဿနာမရှာနဲ့တော့…"
"ညဘက်က ပြဿနာရှာဖို့ အချိန်ကောင်းမလား…"
လင်းလော့ချင်း ယုတ္တိရှိစွာ ပြောလိုက်သည်။
ကျိယွီရှောင် ကူရာမဲ့နေလေသည်။
"နောက်တစ်ခါ ငါ မင်းကို သေချာပေါက် အကြွေးပြန်ဆပ်ပါ့မယ်.."
"နောက်တစ်ခါက ဘယ်တော့လဲ…"
"ငါ မပြောနိုင်ဘူး…အချိန်တန်ရင်ပေါ့…"
"အချိန်က ဘယ်တော့တန်မှာလဲ…"
ကျိယွီရှောင် :"..."
လင်းလော့ချင်း လက်ကို ခေါက်ကာ ကျိယွီရှောင်၏ပေါင်ပေါ် ထိုင်လိုက်သည်။ သူ့မျက်တောင်များက ကျိယွီရှောင်၏ခုန်ပေါက်နေသော နှလုံးသားကို ထိန်းချုပ်ရန် ချိတ်လေးများနှင့်တူလေသည်။
"ငါ မကြည့်ဘူးလေ…မင်း ငါ့ကို ကူညီသလိုမျိုး ငါ မင်းကို ပြန်ကူညီမယ်…အဲ့လိုလုပ်လို့ရတယ်လား…မင်းရဲ့ဗီဇကို လွှတ်ပေးဖို့ မလိုဘူးလား…"
ခွဲခွာခြင်း
ကျိယွီရှောင်, “……”
လင်းလော့ချင်း စကားပြောနေရင်း အိပ်ရာပေါ်တက်လာ၏။ သူသည် လက်ထောက်လိုက်ပြီး ကျိယွီရှောင်နှင့် မျက်နှာချင်း ထိလုမတတ်ပင်။
ကျိယွီရှောင် အလျင်စလို ခေါင်းလှည့်၍ ကိုယ့်ကိုယ်ကို ချုပ်တည်းလိုက်သည်။ "နောက်တစ်ကြိမ်ကျမှပေါ့"
လူသားတွေရဲ့ အလိုဆန္ဒတွေက အဆုံးမရှိဘူး။ သူတို့ ဒီအချိန်မှာ တကယ်အစပြုလိုက်ရင် သူ့ရဲ့ချုပ်တည်းထားမှုကနေ လွတ်ထွက်သွားမှာကို ကျိယွီရှောင် စိုးရိမ်မိသည်။
သူက လင်းလော့ချင်းကို မလိုချင်တာထက် ဒီလိုအချိန်၌ လင်းလော့ချင်းအား မတောင်းဆိုနိုင်ရုံသာ ဖြစ်သည်။
ကျိယွီရှောင် လက်မြှောက်၍ မီးပိတ်လိုက်သည်။ အိပ်ခန်းကား ချက်ချင်းပင် မှောင်မိုက်သွားလေ၏။
သူသည် မနေနိုင်ဘဲ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
လင်းလော့ချင်း၏ မျက်နှာ၊ မျက်၀န်းတို့ကို မမြင်နိုင်သရွေ့ သူသည် တစ်ဖက်လူထံသို့ အလွယ်တကူ ယိမ်းယိုင်သွားမည် မဟုတ်ပေ။
လင်းလော့ချင်းလည်း ထိုသူက ထွက်ပြေးပုန်းရှောင်သလို မီးပိတ်လိုက်သည်ကို ကြည့်ပြီး ရယ်ရမလို ငိုရမလိုပင်။
ငါတကယ် ကြောက်စရာကောင်းနေလို့လား...
ငါက ဒီလောက်အန္တရာယ်များတဲ့ သားရဲကြီးတစ်ကောင် မဟုတ်ပါဘူး။
ဘာလို့ မီးက ပိတ်လိုက်သေးတာလဲ..
"သေချာ စဥ်းစားနော်။ ငါက နှစ်ရက်အတွင်း သွားရတော့မှာ။ အဲ့အခါကျမှ မင်းငါ့ကို ကူညီစေချင်ရင်တောင် နောက်ကျသွားလိမ့်မယ်"
ကျိယွီရှောင် လက်ဆန့်၍ တစ်ဖက်လူ၏ခါးကို ဖက်ကာ ညင်ညင်သာသာပြောလိုက်သည် "ငါမင်းကို လာတွေ့မှာပါ"
"တကယ်လား..." လင်းလော့ချင်းကား အလွန်ပျော်ရွှင်နေ၏။
"အင်း" သူနူးညံ့စွာ ပြန်ဖြေလိုက်၏။ "မင်းသဘောကျတာကိုသာ လုပ်ပြီး ပျော်ပျော်နေပါ။ ကျန်တာ စိတ်မပူနဲ့"
သူထိုသို့ပြောလိုက်လျှင် လင်းလော့ချင်း၏ နှလုံးသားက ထပ်မံပျော့ပြောင်းလာ၏။
သူနှင့် ကျိယွီရှောင်တို့သည် အလွန်နီးကပ်နေကြ၏။ နီးကပ်လွန်း၍ ထိုသူ၏ ၀င်လေထွက်လေကိုတောင် ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။ ကျိယွီရှောင်လက်မှာ သူ၏ခါးပေါ်တွင် ရှိနေဆဲပင်။ သူသည် အနှီသူအား ငေးကြည့်၍ အမှောင်ထဲ၌ နှုတ်ခမ်းများကို ဖြည်းညင်းစွာ ဖိကပ်နမ်းရှိုက်လိုက်သည်။
ကျိယွီရှောင်က တွန့်ဆုတ်မနေဘဲ ပြန်လည်တုံ့ပြန်လိုက်၏။ သူသည် ထိုနှုတ်ခမ်းလွှာများကို ညင်သာသိမ်မွေ့စွာ ပွတ်သပ်ပြီး ထိုသူအား အရူးအမူး နမ်းလိုက်သည်။
အစပိုင်း၌ လင်းလော့ချင်းသည် စည်းချက်နှင့်အမှီ လိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ မထိန်းနိုင်တော့ဘဲ ကျိယွီရှောင်အား ဦးဆောင်ခွင့်ပေးလိုက်ရ၏။ ကျိယွီရှောင်က သူ၏ပါးစပ်ထဲတွင် စည်းမဲ့စွာ ရွေ့လျားနေသည်ကိုပင် ခံစားမိ၏။
လင်းလော့ချင်းက ကျိယွီရှောင်၏လက်မောင်းကို တုန်ယင်စွာ တွန်းလိုက်သည့်တိုင် အနှီသူကား သူ့အား မက်မက်မောမော နမ်းရှိုက်နေဆဲပင်။
"ငါမင်းကို လွမ်းနေမှာပါ" လင်းလော့ချင်းသည် ကျိယွီရှောင်အနားတိုးကပ်၍ ထိုသူ့ပုခုံးပေါ် လက်တင်လိုက်သည်။
"ငါရောပါပဲ"
"ဒါ
ဆို မင်းငါ့ကို စောစောလာတွေ့ရမယ်နော်"
"အင်း" ကျိယွီရှောင် သူ့နဖူးကိုနမ်းလိုက်ပြီး သူ့အားဖက်ကာ နဖူးပွတ်ပေးလိုက်၏။
လင်းလော့ချင်းက ထိုသူအား ရှက်မနေတော့ပေ။ သူသည် ကျိယွီရှောင်၏ လက်မောင်းထဲ၌ အိပ်ပျော်သွား၏။
နောက်တစ်ကြိမ်မှပေါ့။ နောက်တစ်ကြိမ်မှ ကျိယွီရှောင်က လိုလားသည်ဆိုလျှင် သူသည် ကျိယွီရှောင်အား ထပ်မံကူညီပေးဦးမည်ပင်။
တကယ်တမ်းကျတော့ သူတို့မှာ အချိန်ရှိပါသေးတယ်လေ။