Chapter 81
နောက်တစ်နေ့မနက်တွင် လင်းလော့ချင်းသည် ထုံးစံအတိုင်း လင်းဖေးနှင့် ကျိလဲ့ယွီတို့အား ကျောင်းပို့ပေးနေဆဲပင်။
"မနက်ဖြန်ကစပြီးတော့ သားတို့နှစ်ယောက်ကို ကျောင်းပို့ပေးနိုင်တော့မှာ မဟုတ်ဘူး" သူက ကားထဲထိုင်နေပြီး ကလေးနှစ်ယောက်အား လက်ကိုင်ထားရင်းဖြင့် ပြောလိုက်သည်။
ကျိလဲ့ယွီက နားမလည်လိုက်ပေ "ဘာလို့လဲ..."
"ဘာလို့လဲဆိုတော့ ပါးပါးက အလုပ်သွားလုပ်ရတော့မှာလေ" လင်းလော့ချင်း သူ့အားရှင်းပြလိုက်သည်။
ကျိလဲ့ယွီကား သဘောမပေါက်သေးပေ။ "သားကို ကျောင်းပို့ပြီးမှ အလုပ်သွားလို့ မရဘူးလားဟင်..."
"မရဘူးပေါ့။ ပါးပါးအလုပ် တအားနောက်ကျသွားမှာလေ"
သူပြောတာကိုကြားလျှင် ကျိလဲ့ယွီက ခေါင်းညိတ်လိုက်၏။ လူကြီးတွေအတွက် တကယ့်ကို အလုပ်က ပိုအရေးကြီးတာပဲလေ။
"ဒါဆိုလည်း ပါးပါးက အလုပ်သွားလုပ်လိုက်ပါ။ သားက ကျောင်းကို ကိုယ့်ဘာသာသွားလိုက်မယ်"
"လိမ္မာလိုက်တာနော်" လင်းလော့ချင်း သူ့ခေါင်းလေးကို ပွတ်လိုက်၏။
သူသည် အလုပ်သွားရတော့မှာဖြစ်ပြီး လင်းဖေးနှင့် ကျိလဲ့ယွီတို့ ကျောင်းက လမ်းမတူကြပေ။ သဘာ၀ကျစွာပင် သူတို့သည် ကားတစ်စီးစီ စီး၍ ကျောင်းသို့သီးခြား သွားနိုင်ကြပေမည်။ ထိုသို့ဆိုလျှင် လင်းဖေးလည်း မနက်တိုင်း စောစောအိပ်ရာထရန် လိုအပ်တော့မည် မဟုတ်ပေ။
လင်းလော့ချင်း ဤအကြောင်းကို လင်းဖေးအားပြောပြလိုက်၏။ လင်းဖေးသည် မည်သည့်အတွေးမျှ မရှိပေ။ ဒီအတိုင်းလေးပင် ..
"ရှောင်ယွီ သဘောတူလားလို့ ရှုရှု မေးပြီးပြီလား"
"သူကျိန်းသေပေါက် သဘောတူမှာပေါ့" လင်းလော့ချင်း ပြောလိုက်သည်။ "ဒီမနက်ကပဲ သူကျောင်းကို ကိုယ့်ဘာသာသွားမယ်လို့ ပြောခဲ့တယ်လေ"
"သိပ်မသေချာလောက်ဘူး" လင်းဖေး ထိုသူအားကြည့်လိုက်၏။ အဆုံးသတ်ကျတော့လည်း ကျိလဲ့ယွီကား လူအရမ်းကပ်လေ၏။
လင်းလော့ချင်း ထိုစကားကိုကြားလျှင် ခဏမျှတွေးလိုက်၏။ ထို့နောက် ကျိလဲ့ယွီ၏အခန်းသို့ သွား၍ လင်းဖေးနှင့် ကျောင်းကို ခွဲသွားချင်လားဟု မေးလိုက်၏။
"သားတို့ကျောင်းတွေက လမ်းမတူကြဘူးလေ။ သားတို့ ခွဲသွားမယ်ဆိုရင် သားရဲ့ကိုကိုလည်း ကြာကြာအိပ်လို့ရတာပေါ့"
ကျိလဲ့ယွီ, “……”
ကျိလဲ့ယွီ တိတ်တိတ်လေး နှုတ်ခမ်းစူလိုက်သည်။
"သူကားထဲမှာ အိပ်လို့ရတယ်လေ"
ထိုစကား၏ အဓိပ္ပာယ်ကား သိသာနေပေ၏။
"သား ခွဲမသွားချင်လို့လား..."
ကျိလဲ့ယွီသည် လင်းလော့ချင်း၏ရှေ့တွင် လင်းဖေးရှေ့၌ကဲ့သို့ တည့်တိုးမပြုမူလိုပေ။ သူ၏နာခံတတ်သော ပုံရိပ်လေးကို ထိန်းထားချင်သေးရာ ရိုးသားဖြူစင်ပြီး သနားစရာပုံစံလေးဖြင့် မျက်တောင်ခတ်လိုက်၏
"သားက သားရဲ့ကိုကိုနဲ့ တူတူသွားချင်တာရယ်"
လင်းလော့ချင်းလည်း ထိုသနားစဖွယ် အမူအရာလေးကိုမြင်၍ စိတ်ထဲ၌ သူက ကလေးပဲရှိသေးတာဟု တွေးလိုက်၏။ တစ်ယောက်ယောက်အား သူနှင့်အတူ သွားစေချင်သည်မှာ ပုံမှန်ပင်ဖြစ်၏။ လင်းလော့ချင်းမှ သူ့အား ကိုယ်တိုင် အဖော်မပြုပေးနိုင်ခြင်းမှာ စိတ်မကောင်းစရာပင်။
"ဒါဆိုလည်း သားရဲ့ကိုကိုကို မေးပေးမယ်နော်"
"ဟုတ်" ကျိလဲ့ယွီ ခေါင်းညိတ်လိုက်သည်။
လင်းဖေးကား အတိအကျကို ဆန္ဒရှိပေ၏။ သူဆန္ဒရှိမှလည်း ရမည်ပင်။ သို့မဟုတ်ပါက ကျိလဲ့ယွီသည် လိုက်လံရှာဖွေ၍ သူ့အား လက်ခံလာအောင် အတင်းအကြပ်ပြုလာလိမ့်မည်!
"သား ပါးပါးနဲ့ လိုက်မယ်လေ" ကျိလဲ့ယွီ သေသေချာချာ ပြောလိုက်သည်။
လင်းလော့ချင်းလည်း သူ့အား ထိုင်ခုံပေါ်ဖိချလိုက်ပြီး "ပါးပါးပဲ သွားလိုက်မယ်။ သားအိမ်စာကိုသာ ကောင်းကောင်းလုပ်ပြီး လိမ်လိမ်မာမာ နေရမယ်နော်"
ကျိလဲ့ယွီ၌ ရွေးချယ်စရာ မရှိတော့ပေ။ သူသည် လင်းလော့ချင်းမှ သူလိုချင်သောအဖြေကို ပြန်လည်ပြောပြရန် စောင့်နေရင်း တံခါးအား သနားစဖွယ် ငေးကြည့်ရုံသာ တတ်နိုင်ပေသည်။
"သားပြောတာ မှန်တယ်။ သူကစိတ်မပါဘဲ သားနဲ့တူတူ သွားချင်နေတာ" လင်းလော့ချင်းသည် သူ့ရှေ့မှ တည်ငြိမ်နေပုံရသော လင်းဖေးအားကြည့်၍ လင်းဖေးက ကျိလဲ့ယွီကို တော်တော် နားလည်တာပဲဟု တွေးလိုက်သည်။
"ဒါပေမဲ့ သားမသွားချင်ဘူးဆိုရင် ရှုရှုသူ့ကို ထပ်ပြောပြီး နားချပေးမယ်နော်။ သားတို့ နှစ်ယောက်လုံးက ကလေးငယ်ငယ်လေးပဲ ရှိသေးတာ။ သား သူ့အတွက်နဲ့ အခက်တွေ့နေစရာ မလိုဘူးလေ"
လင်းဖေးက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည် "အဆင်ပြေပါတယ်"
မိနစ်၂၀လောက် ပိုစောပြီး အိပ်ရာထရရုံလေးပါပဲ။ ဒါလေးက ဘာမှ မဟုတ်ပါဘူး။
"ဒါဆို မနက်ဖြန်ကစပြီး သူနဲ့ ကျောင်းတူတူ သွားတော့မှာလား..."
လင်းဖေးခေါင်းညိတ်လိုက်သည်။
လင်းလော့ချင်းလည်း ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်၏။
"မင်းကတော့လေ သူ့အပေါ် တော်တော်ကောင်းတာပဲ"
လင်းဖေးက ထိုစကားကြောင့် ခဏမျှ ကြက်သေသေသွား၏။ သူသည် ကျိလဲ့ယွီအပေါ် အမှန်တကယ် ကောင်းခဲ့သည့်ပုံပင်။
သူနဲ့တူတူ အိပ်ပေးတယ်၊ သူ့ကိုချော့ပေးတယ်၊ ဖက်ပေးတယ်၊ ကျောင်းလည်း အတူတူသွားပေးတယ်။
သူက တကယ့်ကို တာ၀န်ကျေပွန်တဲ့ အစ်ကိုကောင်း တစ်ယောက်ပဲ။
သူ နှုတ်ခမ်းကို စု၀ိုင်းလိုက်ပြီး နောက်ဆုံး၌ ပြောလာခဲ့၏ "သူကအခုဆို ရှုရှုရဲ့ကလေးဖြစ်ပြီး မိသားစု၀င်လည်း ဟုတ်တယ်လေ"
သူ့စကားကိုကြားလျှင် လင်းလော့ချင်းက မနေနိုင်ဘဲ အံ့သြသွား၏။
သူ့အား ကျိလဲ့ယွီက 'ပါးပါး'ဟု ခေါ်ပြီး လင်းဖေးကမူ 'ရှုရှု'ဟူ၍သာ ခေါ်စဥ်ကပင် လင်းဖေးမှ သူကိုယ်တိုင်နှင့် သူတို့ကြားတွင် ကွာဟချက်များရှိနေကြောင်း ခံစားနေရမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
ယခုတွင်မူ သူတို့က မိသားစု၀င်များဖြစ်ကြောင်း သူ့ဘက်မှ လင်းလော့ချင်းအား ပြောလာပေပြီ။
လင်းလော့ချင်းအား 'ပါးပါး'ဟု ဘယ်တုန်းကမှ မခေါ်ခဲ့သော်လည်း သူ့ကိုယ်သူ ဤမိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားပြီး ၎င်းသည်သူ၏အိမ်ဖြစ်ကြောင်း တွေးထားလေပြီ။
"ကောင်းပြီလေ" လင်းလော့ချင်း သူ့ခေါင်းလေးကို ပုတ်လိုက်သည်။
"သားသွားချင်တယ်ဆိုလည်း ပြီးတာပဲ။ သားဆန္ဒရှိနေသရွေ့ ရှုရှုလည်း ဆန္ဒရှိပါတယ်"
လင်းဖေးကား သူ့ဆီမှ ဤကဲ့သို့ နူးနူးညံ့ညံ့ အကြည့်ခံနေရပေရာ အတော်လေး ရှက်လာပြီး ခေါင်းငုံ့၍ စာအုပ်ကိုသာ ကြည့်နေလိုက်၏။
လင်းလော့ချင်းက သူ၏မေးစေ့လေးကို ပင့်မ၍ ပြောလိုက်သည်
"ရှုရှုကို ကြည့်ပါဦး။ မနက်ဖြန်ဆိုရင် ရှုရှုက အလုပ်သွားရတော့မှာ။ သားရှုရှုကို တွေ့ရတော့မှာ မဟုတ်ဘူးဆိုတော့ ဒီည ရှုရှုကို အ၀ကြည့်ထားနော်"
လင်းဖေး, “……”
လင်းဖေးကတော့ ထိုသူသည် လူကပ်ချင်သော အကျင့်ပေါ်နေပြန်ပြီဟုသာ ထင်လိုက်သည်။
သူတို့အချင်းချင်း နေ့ဘက်မှာ တွေ့လို့မရရုံလေးပဲလေ။
ညကျရင် တွေ့ရဦးမှာပဲ မဟုတ်လား...
လင်းလော့ချင်း အလုပ်မလုပ်တဲ့ အချိန်တုန်းကလည်း လင်းဖေးက အများစုမှာ နေ့ဘက်ဆို ကျောင်းသွားရပြီး တစ်ယောက်နှင့်တစ်ယောက်လည်း မတွေ့ခဲ့ရပေ။ ဒါက အတူတူပဲမလား...
မည်သို့ပင်ဖြစ်စေကာမူ သူသည် လင်းလော့ချင်းနှင့် ထိုကိစ္စများကို ကပ်တွက်နေမည်မဟုတ်ပေ။ သူသည် လင်းလော့ချင်းအား တိတ်တိတ်လေးကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ "Oh"
"ရှုရှုကို လွမ်းနေရမယ်နော်"
"အင်း"
"ရှုရှုကို တွေ့ချင်လာရင် video call ခေါ်လိုက်နော်။ သားမှာ မားမားရဲ့ဖုန်း ရှိတယ်မဟုတ်လား? WeChat လေးဖွင့်ပြီး ခေါ်လိုက်ရုံပဲ"
သူသည် ပြောနေရင်းမှ ဖုန်းထုတ်လိုက်ပြီး လင်းဖေးအား လက်တွေ့ပြသချင်နေ၏။
လင်းဖေးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် "သားသိပါတယ်"
ထိုအခါမှပင် လင်းလော့ချင်းက ဖုန်းသိမ်းလိုက်သည်။ "ဒါဆိုလည်း ရှုရှုကို ဖုန်းခေါ်ဖို့ သတိရဦးနော်"
လင်းဖေး, “……”
လင်းလော့ချင်းက အလုပ်သွားရမှာလေးပဲလေ။ နှစ်လလောက် အားလပ်ရက်ခရီး သွားတော့မဲ့ ကျောင်းသားလေးမှ မဟုတ်တာ။ သူ့ဘက်က တကယ်ကြီး video call ခေါ်ဖို့ လိုလို့လား...
လင်းဖေးက ထိုသူသည် ကျိလဲ့ယွီထက်ပင် ပိုပြီးလူကပ်တတ်ကြောင်း တွေးနေလိုက်သည်။
"အလုပ်သာကောင်းကောင်းလုပ်ပါ" သူသည် လင်းလော့ချင်းအား ပြောလိုက်သည်။
လင်းလော့ချင်းက သူ့စကားကို သဘောတွေ့သွား၏။ "ဒါဆို ရှုရှုအလုပ်က မကောင်းရင်ရော..."
လင်းဖေး, “……”
ဘယ်လိုတောင် ပြောရဲရတာလဲ...
ကိုယ့်ကိုယ်ကို ကျိလဲ့ယွီနဲ့ တူတယ်ထင်နေလား...
ဤအချိန်တွင် လင်းဖေးသည် လင်းလော့ချင်းက ကျိလဲ့ယွီ၏ အဖေအရင်းနှင့် ပိုတူတယ်ဟုသာ တွေးမိ၏။ တစ်ယောက်က အလုပ်မကြိုးစားချင်သလို တစ်ယောက်ကလည်း စာကောင်းကောင်း မဖတ်ချင်ပေ။
"ရှုရှု အလုပ်မကြိုးစားရင်ရော သားက ထောက်ပံ့ပေးဦးမှာလား..."
လင်းဖေး, “……”
လင်းဖေးက လက်တွေ့ကျကျ ပြန်ဖြေလိုက်သည် "အခု သားမှာ ၀င်ငွေမရှိသေးဘူး"
"ဟုတ်တာပေါ့" လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။ "ဒီလိုဆိုမှတော့လည်း သားပိုက်ဆံရှာနိုင်တဲ့အထိ ရှုရှုက အလုပ်ကြိုးစားနေရုံပဲပေါ့။ အဲ့ဒီအချိန်မှပဲ ရှုရှုက အလုပ်အရမ်း မကြိုးစားလည်း ရမှာပေါ့နော်"
လင်းဖေး, “……”
လင်းဖေးလည်း ခေါင်းလေးကိုငဲ့စောင်း၍ စိတ်ထဲ၌ တွေးလိုက်၏ 'အလုပ်လုပ်ရတာက တော်တော်လေး စိတ်ရှုပ်စရာ ကောင်းနေတာလား...
လင်းလော့ချင်းက ၎င်းအား သိပ်မကြိုက်သလိုပင်။
"ရှုရှုအလုပ်က မကောင်းလို့လား..."
"ဒါက ရပါတယ်" လင်းလော့ချင်းပြောလိုက်သည်။ "ဘာပြဿနာမှ မရှိပါဘူး"
"ဒါဆို ဘာလို့ အလုပ်မကြိုးစားချင်ရတာလဲ..."
လင်းလော့ချင်းက သူ့အား နဂိုကတည်းက စနောက်ချင်နေရာ တမင်တကာ ပြောလိုက်သည်
"သား နားမလည်ပါဘူး။ လူကြီးတွေအားလုံး အလုပ်မလုပ်ချင်ကြဘူးလေ။ ရှုရှုဆို အလုပ်လုပ်ရမဲ့ အချိန်မှာ ကစားချင်တယ်၊ TV ကြည့်ချင်တယ်၊ ခရီးသွားချင်ပြီးတော့ ရှုရှုကြိုက်တာတွေဘဲ လုပ်ချင်တာ။ ဘယ်သူက အလုပ်လုပ်ချင်မှာလဲ။ အားလုံးက ပိုက်ဆံရှာရမှာ မလို့ပေါ့"
လင်းဖေးက ဤသည်ကို တကယ်နားမလည်ပေမယ့် အလုပ်လည်း တစ်ခါမှ မလုပ်ဖူးပေ။ ထို့ကြောင့် လင်းလော့ချင်း ထွက်သွားလျှင် သူ၏ မုန့်ဖိုးကိုထုတ်၍ ဂရုတစိုက် ရေတွက်နေ၏။
သူ့မုန့်ဖိုးအကုန်လုံး လင်းလော့ချင်းကို ပေးလိုက်ရင် လင်းလော့ချင်းက အလုပ်လုပ်စရာ မလိုတော့ဘူးလား...
ဒါပေမယ့် သူ့ပိုက်ဆံတွေက များရောများရဲ့လား...
ထိုသို့မဖြစ်လောက်ပေ။ ထို့အပြင် ၎င်းပိုက်ဆံများသည် လင်းလော့ချင်းမှ သူ့အားပေးလာခဲ့ခြင်းပင်။
ပထမဆုံးအကြိမ်အဖြစ် လင်းဖေးသည် အလုပ်အကြောင်း သိချင်လာ၏။ ဘယ်အချိန်မှ သူအလုပ်စလုပ်နိုင်မှာလဲ..
လင်းလော့ချင်းက အလုပ်မလုပ်ချင်ပေမယ့် သူကတော့ အလုပ်လုပ်ရတာ ကြိုက်လောက်ပေ၏။ ထို့မှသာ လင်းလော့ချင်းလည်း အလုပ်မလုပ်ရဘဲ သူကြိုက်တာ မှန်သမျှ လုပ်နိုင်ပေလိမ့်မည်။
သူ ပိုက်ဆံရှာနိုင်လောက်၏။ သူသာ ပိုက်ဆံရှာနိုင်လျှင် လင်းလော့ချင်းအား မုန့်ဖိုးပေးမည်ပင်။
လင်းလော့ချင်းက သူ့ဘက်မှ စောင့်ရှောက်ပေးရန် စောင့်မျှော်နေသော်လည်း သူသည် အလွန်ငယ်ပြီး အရွယ်မရောက်သေးပေ။ လင်းလော့ချင်းအား စောင့်ရှောက်ပေးနိုင်ရန် အချိန်တော်တော်ကြာဦးမည်ပင်။
လင်းဖေး သက်ပြင်းချလိုက်မိပြီး အရွယ်ရောက်ခြင်းက အလွန့်အလွန် နှေးကွေးလှသော ဖြစ်စဥ်တစ်ခုဟူ၍ တွေးလိုက်၏။
နောက်တစ်နေ့မနက် အစောပိုင်းတွင် လင်းလော့ချင်းက ကလေးနှစ်ယောက်အား ကျောင်းပို့ပေးရန် ဆေးကြောပြင်ဆင်ပြီးချိန်၌ပင် ၀ူရှင်းယွမ်မှ သူ့အား လာကြိုရန် ရောက်လာ၏။
သူ၏ခရီးဆောင်အိတ်ကို ထုတ်ပိုးပြီးဖြစ်ရာ ကျိယွီရှောင်အား နှုတ်ဆက်လိုက်ပြီး အိတ်ကိုဆွဲ၍ nannyဗန်ကားလေးထဲသို့ ၀င်လိုက်၏။
ကျိယွီရှောင်လည်း အိမ်၀င်းအပြင်အထိ လိုက်ပို့ပေးသည်။ သူက ၀ူရှင်းယွမ်၏ကား ထွက်သွားသည်ကို ကြည့်နေခဲ့ပြီးနောက် ၀န်လေးစွာဖြင့် လှည့်ပြန်လာခဲ့သည်။
သူ၏ခြေထောက်သာ ဒဏ်ရာမရခဲ့လျှင် သူသည်လည်း ဗန်ကားထဲ၌ထိုင်၍ လင်းလော့ချင်းအား ရိုက်ကွင်းသို့ ပို့ပေးနိုင်ပေလိမ့်မည်။
သို့သော်လည်း သူသည် လင်းလော့ချင်းအား မပို့ပေးနိုင်ခဲ့ချေ။
ကျိယွီရှောင်က ဗလာဖြစ်ကာ တိတ်ဆိတ်နေသော ဧည့်ခန်းကို ကြည့်လိုက်ပြီး သူ၏အိမ်က အထီးကျန်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လင်းလော့ချင်းသည် ယခုအချိန်၌ ကျိယွီရှောင်၏ ပြင်းထန်သော လွမ်းဆွတ်တမ်းတမှုကို မသိသေးပေ။ သူက ထူးချွန်ပြောင်မြောက်သော သရုပ်ဆောင်ကြယ်ပွင့်တစ်လက် ဖြစ်လာနိုင်မည့် လမ်းကြောင်းကိုပင် အပြည့်အ၀ အာရုံစိုက်၍ စောင့်ဆိုင်းနေပေသည်။
၀ူရှင်းယွမ်လည်း သူစိတ်လှုပ်ရှားနေတာကို မြင်လျှင် ရိုက်ကူးရေးအဖွဲ့သို့ မရောက်သေးမီ အချိန်ကိုအသုံးချ၍ အတူရိုက်ကူးရမည့် အဓိကအမျိုးသား အမျိုးသမီးဇာတ်ဆောင်တွေအကြောင်း အကျဥ်းချုပ် ပြောပြလိုက်၏။
"အမျိုးသားဇာတ်လိုက် စွန်းကျန်းနေရာကို လီဟန်ဟိုင်က သရုပ်ဆောင်လိမ့်မယ်။ အခုလက်ရှိမှာ သူ့ကျော်ကြားမှုက မြင့်နေပြီး အကျင့်စရိုက်ကတော့ နည်းနည်း စိတ်ရှုပ်စရာကောင်းလိမ့်မယ်။ သူနဲ့ပြဿနာမတက်မိအောင် ကြိုးစားနေပါ။
အမျိုးသမီးဇာတ်လိုက်က ဒုတိယအဆင့် ကြယ်ပွင့်သရုပ်ဆောင် ယောင်မော့မော့ပဲ။ သူမကတော့ စရိုက်တော်တော်ကောင်းတယ်။
အာ-ဟုတ်သားပဲ၊ ဒီတစ်ခေါက် စွန်းကျန်းအဖေနေရာမှာ သရုပ်ဆောင်မဲ့သူက မာပေါ်ကျုံးလောင်ရှီးလေ။ သူ့ကိုရိုရိုသေသေ ဆက်ဆံဖို့ သတိရဦးနော်။
မာလောင်ရှီးက ၀ါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး မင်းက ဂျူနီယာကျတယ်လေ။ သူနဲ့တွေ့ရင် လေးစားသမှု ရှိပေးရမယ်နော်"
"ကောင်းပါပြီ" လင်းလော့ချင်းပြန်ဖြေလိုက်သည်။
တကယ်တမ်း၌ သူသည် ၎င်းတို့အားလုံးကို သိနားလည်ထားပြီးဖြစ်သည်။ သို့ပါသော်ငြား သူသိသည်မှာ ကိစ္စတစ်ခုဖြစ်ပြီး ၀ူရှင်းယွမ်မှ သူ့အားသတိပေးရန် လက်ဦးမှုရယူခြင်းမှာ အခြားကိစ္စ သက်သက်ပင် ဖြစ်သည်။ လင်းလော့ချင်းကား အေးဂျင့်ဖြစ်သူ၏ သတိပေးလုပ်ကိုင်ပုံကို အတော်လေး စိတ်ကျေနပ်နေ၏။
နှစ်နာရီမျှကြာအောင် ကားမောင်းပြီးနောက် နောက်ဆုံးတွင် ရိုက်ကူးရေးအဖွဲ့မှ ကြိုတင်စာရင်းပေးထားသော ဟိုတယ်သို့ ရောက်လာခဲ့ပေပြီ။
လင်းလော့ချင်း၊ ၀ူရှင်းယွမ်နှင့် လက်ထောက်ရှောင်၀မ်တို့လည်း ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလိုက်ကြသည်။ ရှောင်၀မ်က အရှေ့ကောင်တာဆီသွား၍ အခန်းကတ်များယူကာ လင်းလော့ချင်းနှင့် ဓာတ်လှေကားထဲသို့ ၀င်လိုက်သည်။
သူတို့ရောက်တာ မနောက်ကျသေးပေ။ သူတို့လည်း အထုပ်အပိုးများဖြည်၍ တစ်ခုခုသွားစားရန် ပြင်ဆင်လိုက်သည်။
မနက်ဖြန်တွင် ရိုက်ကူးရေးစတော့မည်ပင်။ ဒါရိုက်တာက ယနေ့ည၌ သရုပ်ဆောင်အားလုံးကို စု၀ေး၍ အချင်းချင်းမိတ်ဆက်ရန်၊ ဇာတ်ညွှန်းအတူတူဖတ်ရန် စီစဥ်ထားသည်။ ဤနည်းအားဖြင့် မနက်ဖြန် စတင်ရိုက်ကူးချိန်တွင် ပိုမိုကောင်းမွန်စွာ သရုပ်ဆောင်နိုင်ပေမည်။
ထို့ကြောင့် လင်းလော့ချင်းက စားပြီးသည်နှင့် ဇာတ်ညွှန်းဖတ်ရန် အခန်းသို့ ပြန်သွားလိုက်သည်။
လင်းလော့ချင်းက မှတ်ဉာဏ်ကောင်းပြီး ဇာတ်ညွှန်း၏ ရှေ့တစ်၀က်လောက်အား မှတ်မိနေပြီပင်။ ယခုအချိန်၌ သူ့တွင် မည်သည့်ဖိအားမျှမရှိဘဲ ညနေပိုင်း၌ အခြားသရုပ်ဆောင်များနှင့် တွေ့ရန်စောင့်နေရုံပင်။
တစ်နေ့တာ ကျောင်းဆင်းပြီးနောက် လင်းဖေးသည် ကျိလဲ့ယွီနှင့်အတူ လော့ကျားကား၌ထိုင်၍ အိမ်ပြန်လာခဲ့သည်။
အိမ်တံခါးမှ ၀င်ပြီးနောက် ပုံမှန်အတိုင်းပင် အိမ်စာလုပ်ရန် သူ့အခန်းသို့ ပြန်သွား၏။ မကြာမီ၌ပင် ဆရာမပေးထားသော အိမ်စာများအား ပြီးသွားပြီဖြစ်သည်။
ကျိလဲ့ယွီက တံခါးခေါက်လိုက်ပြီး wheelchair တွင်ထိုင်နေသော ကျိယွီရှောင်နှင့်အတူ အခန်းပေါက်၀၌ ရှိနေပေသည်။
"ထမင်းစားချိန်ရောက်ပြီ" ကျိယွီရှောင် သူ့အား ပြုံးပြလိုက်သည်။
လင်းဖေးလည်း စာအုပ်ပိတ်၍ အခန်းထဲမှ ထွက်လာခဲ့သည်။
လင်းလော့ချင်းက ဤနေရာ၌ မရှိပေရာ ကျိယွီရှောင်က wheelchairအား သူကိုယ်တိုင်သာ လှိမ့်လိုက်၏။ လင်းဖေးသည် ထိုသူ၏ လှုပ်ရှားမှုကိုကြည့်၍ တွေးလိုက်သည်
'ဒီအချိန်အထိ လင်းလော့ချင်းက ပြန်မလာသေးဘူးလား...
သူ လမ်းလျှောက်သွားပြီး လက်ဆန့်၍ လက်ကိုင်များအား ဆုပ်ကိုင်လိုက်၏။ သူသည် လင်းလော့ချင်းကဲ့သို့ ကျိယွီရှောင်အား ရှေ့ရောက်အောင် တွန်းပေးချင်ပေသည်။ ထိုသို့မဟုတ်လျှင် ကျိယွီရှောင်သည် မြေကြီးတွင်လှိမ့်နေသော ဘီးများကို ထိနေရပြီး လက်ကလည်း ညစ်ပတ်သွားလိမ့်မည်။
ကျိယွီရှောင်က အနောက်ဖက်မှ အားတစ်ခုကို မမျှော်လင့်ဘဲ ခံစားမိလိုက်သည်။ သူသည် wheelchair တစ်ခုလုံးအား ပြန်လည်ထိန်းချုပ်လိုက်ပြီး ရပ်တန့်လိုက်၏။
လင်းဖေးကား သဘောမပေါက်သေးပေ။ ဒါက ဘာလို့ ထပ်မရွေ့တော့တာလဲ...
ကျိယွီရှောင်က သူ့အားလှည့်ကြည့်လိုက်ရာ လင်းဖေး၏ နက်မှောင်သော ဆံပင်
ထိပ်ပိုင်းလေးကိုသာ တွေ့ရလေသည်။ လင်းဖေးကား အရမ်းငယ်သေး၏။ သူသည် wheelchair တွင် ထိုင်နေသော ကျိယွီရှောင်လောက်ပင် အရပ်မရှည်သေးပေ။
"သားက ရှုရှုကို ကူညီပေးချင်လို့လား?" ကျိယွီရှောင် ညင်သာစွာ မေးလိုက်သည်။
လင်းဖေး ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။