Chapter 82
ကျိယွီရှောင်သည် ကလေးအားလာရန် လက်ဆန့်ခေါ်လိုက်သည်။ လင်းဖေးက လျှောက်လာ၏။ သူက လင်းဖေး၏ခေါင်းအား ညင်သာစွာထိ၍ နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။
"ရှုရှု ကိုယ့်ဘာသာကိုယ် လုပ်နိုင်ပါတယ်။ သားက အရမ်းငယ်သေးတယ်။ ရှုရှုကို တွန်းပေးဖို့ဆို အားအများကြီးသုံးရမှာ။ သားကိုယ်တိုင်တောင် ထိခိုက်ဒဏ်ရာ ရနိုင်တယ်။ ဒါကြောင့် သားကြီးလာမှဘဲ ရှုရှုကို ကူညီပေးပေါ့၊ ဟုတ်ပြီလား..."
ထိုသို့ကြားလျှင် ကျိလဲ့ယွီရောက်လာပြီး လင်းဖေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဒါက အဆင်ပြေတယ်၊ ပါးပါးက ကိုယ်တိုင်လုပ်နိုင်ပါတယ်"
ယခင်က သူလည်း ကျိယွီရှောင်အား တွန်းပေးရန် ကြိုးစားခဲ့ဖူးသော်လည်း ငြင်းပယ်ခံခဲ့ရခြင်းကြောင့် နားလည်ပေသည်။
"သားတို့က အရပ်တအားပုပြီး အရှေ့က လမ်းလည်း မမြင်ရဘူးလေ။ ဒီလိုဆို သားတို့က တခြားပစ္စည်းတွေကို ၀င်တိုက်မိပြီး ဒဏ်ရာရတတ်တယ်လေ"
လင်းဖေးက ထိုသို့ကြားလျှင် ထပ်မံတိုက်တွန်းခြင်း မပြုတော့ဘဲ သဘောတူကြောင်း အသံပြုလိုက်သည်။
ကျိလဲ့ယွီမှ သူအား တောက်လျှောက် ဆွဲခေါ်သွားပြီး ကျိယွီရှောင်နှင့်အတူ ဓာတ်လှေကားထဲသို့ ပျော်ပျော်ရွှင်ရွှင် ၀င်သွားလေ၏။
သူတို့သုံးယောက်လည်း ထမင်းစားခန်းထဲသို့ ၀င်လာကြသည်။ အန်တီကျန်းက ပန်းကန်များ ခင်းကျင်းပြင်ဆင်ပေးပြီးဖြစ်ပြီး သူတို့ ထိုင်နေကျနေရာ၌ ပန်းကန်လုံးများချထားကာ ထမင်းခူးထည့်ထား၏။
"စားရအောင်" ကျိယွီရှောင်က လင်းဖေးပန်းကန်ထဲသို့ ၀က်ချိုချဥ်တစ်ပိုင်း ထည့်ပေးလိုက်သည်။
လင်းဖေးက သူ၏ပန်းကန်ထဲမှ စားစရာကို ကြည့်လိုက်သည်။ ထို့နောက် လင်းလော့ချင်း ပုံမှန်ထိုင်နေကျ နေရာအားကြည့်၍ စိတ်ရှုပ်ထွေးစွာ မေးလိုက်၏
"ရှုရှုက အိမ်ပြန်မလာသေးဘူးလေ။ ကျွန်တော်တို့ သူ့ကို မစောင့်တော့ဘူးလား..."
ကျိယွီရှောင်သည် သူ့ဘက်မှ ထိုသို့မေးလာမည်ဟု မထင်ထားဘဲ တူကိုင်နေသောလက်မှာ ရပ်တန့်သွား၏။
သူသည် လင်းဖေးအား လှည့်ကြည့်လိုက်ပြီး ကလေးငယ်၏ မျက်လုံးများမှာ ကြည်လင်တောက်ပနေပေသည်။
သူက ပန်းကန်လေးထဲမှ ထမင်းဟင်းများကိုလည်း မထိထားပေ။ သူသည် လင်းလော့ချင်း ပြန်လာသည်ကို စောင့်၍ ညစာတူတူစားချင်နေပုံပင်။
"သူဒီည ပြန်လာမှာမဟုတ်ဘူး" ကျိယွီရှောင် ညင်သာစွာ ပြောလိုက်သည်။
"သားရှုရှုက အလုပ်သွားလုပ်နေတယ်လေ။ သားမသိသေးဘူးလား..."
လင်းဖေး သိ၏။ သေသေချာချာလေးကို သိပါ၏။ လင်းလော့ချင်းက သူ့ကို ပြောထားခဲ့သည်လေ။
ဒါပေမဲ့ အလုပ်သွားရတာက ကျောင်းတက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား.... အချိန်တန်ရင် အိမ်ပြန်ရမှာပဲလေ။
သူ့မေမေဆို တစ်ခါတစ်လေ အိမ်ပြန်နောက်ကျပေမယ့် ပြန်လာသေးတာပဲလေ။
"ရှုရှုက အရမ်းနောက်ကျမှ ပြန်လာမှာလား..." လင်းဖေးခန့်မှန်းလိုက်သည်။
"အဲ့ဒီလိုမျိုးပါပဲ" ကျိယွီရှောင် သူ့အားကြည့်၍ ရှင်းပြလိုက်သည်။ "တော်တော် နောက်ကျဦးမှာ။ ၁၀ရက်ကနေ လ၀က်လောက်လည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ သူဒီနေ့ညတော့ ပြန်လာမှာမဟုတ်ဘူး။ အခုတော့ ရှုရှုတို့သုံးယောက်ပဲ အတူတူစားရမှာလေ"
လင်းဖေး သူ့အား တအံ့တသြ ကြည့်လိုက်၏။ သူ၏ အမြဲလိုလို တည်ငြိမ်နေသော မျက်၀န်းများမှာ ထိတ်လန့်အံ့သြမှုတို့ လျှပ်တပြက် ပေါ်ပေါက်လာ၏။
သူ အိမ်ပြန်မလာဘူးပေါ့...
ဘာလို့လဲ...
အလုပ်က မနက်စောစောသွားပြီး ညနေအိမ်ပြန်ရတာ မဟုတ်ဘူးလား...
လင်းဖေးကား နားမလည်နိုင်ခဲ့ပေ။ သူသည် ကျိယွီရှောင်အား ငေးကြည့်နေခဲ့ပြီး မျက်၀န်းထဲမှ အံ့အားသင့်မှုမှာလည်း တဖြည်းဖြည်း မှိန်ဖျော့လာကာ ရှုပ်ထွေးမှုများသာ အစား၀င်ရောက်၍ ဂယက်လှိုင်းထလျက်ရှိ၏။
သူ့ရှုရှုက ဘာလို့ပြန်မလာနိုင်ရတာလဲ...
လင်းဖေးက ထိုကိစ္စအပေါ် သံသယရှိနေလိမ့်ကို ကျိယွီရှောင် မမျှော်လင့်ထားခဲ့ပေ။
"သားရှုရှု မထွက်သွားခင် သားကို မပြောခဲ့ဘူးလား..."
မဟုတ်ဘူး...လင်းလော့ချင်းက အရမ်း ဂရုစိုက်တတ်တဲ့သူ...သူက လင်းဖေးကို ဘယ်လိုလုပ်မပြောဘဲ ထွက်သွားမှာလဲ...
ထိုအချိန်တွင် လင်းဖေးက လင်းလော့ချင်း သူ့ကို သူ အိမ်မှအကြာကြီး ထွက်သွားမည့်အကြောင်းနှင့်သူတို့ အကြာကြီး မတွေ့ရမည့်အကြောင်း ပြောခဲ့ကြောင်း သတိရသွားလေသည်။ သူက 'အကြာကြီး'ဟုသော စကားလုံးကို သူတို့ကျောင်းချိန်ကဲ့သို့ မနက်မှညနေ ထင်သောကြောင့် ဂရုမစိုက်ခဲ့ခြင်းသာ ဖြစ်လေသည်။
သူက အလုပ်မည်သို့ သွားကြသည်ကို သိလေသည်။ သူ့အမေလည်း ထိုသို့ အလုပ်သွားခဲ့ခြင်းဖြစ်သည်။
လင်းလော့ချင်းမှ ဘယ်လိုလုပ် ကွာခြားသွားရတာလဲ...
"လ၀က်ကြာရင် ရှုရှု ပြန်လာမှာလား..."
လင်းဖေး ကျိယွီရှောင်ကို မေးလိုက်သည်။
"ဒါက မြန်ရင်ပေါ့..."
ကျိယွီရှောင် တွေးဆကာ ပြောလိုက်သည်။
"မမြန်ရင်ရော..."
ကျိယွီရှောင် :"..."
ကျိယွီရှောင် လင်းဖေး၏သိချင်စိတ်အပြည့်နှင့် မျက်လုံးများကို ကြည့်လိုက်ပြီး ရိုးသားစွာပြောလိုက်သည်။
"သုံးလလောက်ပေါ့..."
လင်းဖေး :"!!!"
သူ မယုံနိုင်ပေ။
သုံးလဟုတ်လား...နွေရာသီ အားလပ်ရက်ထက်တောင် ပိုကြာသေးတယ်...လင်းလော့ချင်းက အဲ့လောက်ကြာအောင် အလုပ်သွားရမှာလား...
သူ အလုပ်မသွားချင်တာ မအံ့ဩတော့ပါဘူး...
လင်းဖေးကဲ့သို့ပင် အံ့အားသင့်သွားသူက လင်းဖေးဘေးတွင် ထိုင်ကာ စားရန် ပြင်ဆင်နေသည့် ကျိလဲ့ယွီ ဖြစ်လေသည်။
"သုံးလ..."
ကျိလဲ့ယွီ၏လက်က တုန်ရီသွားပြီး သူ ယူနေသည့် ခရမ်းသီးကလည်း ပန်းကန်ထဲ ပြန်ပြုတ်ကျသွားလေသည်။
"ဘာလို့ အဲ့လောက်တောင် ကြာရတာလဲ...မားမားဖျော်ဖြေဖို့ ထွက်သွားရင် တစ်လအများဆုံးပဲလေ..."
လင်းလော့ချင်း ထွက်သွားသည့်အကြောင်း ပြောစဉ်က ကျိလဲ့ယွီက လင်းဖေးထက် တည်ငြိမ်ရသည့်အကြောင်းရင်းမှာ အကသမားဖြစ်သူချန်ဝေ့က နိုင်ငံခြားသို့ တစ်ခါတစ်ရံ သွားဖျော်ဖြေလေ့ရှိပြီး သူ့ကို လ၀က်ခန့် ထားသွားတတ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူက ကျိယွီရှောင် 'လ၀က်လောက်'ဟုပြောသောအခါ သူ့တွင် အတွေ့အကြုံ ရှိနေသောကြောင့် တည်ငြိမ်နေခြင်းဖြစ်သည်။ ယခု ကျိယွီရှောင်က 'သုံးလလောက်'ဟု ပြောသောအခါ ကျိလဲ့ယွီ စိုးရိမ်လာလေသည်။
သုံးလ...
သူ့ရှုရှုက သုံးလလောက် တစ်ယောက်တည်းဖြစ်နေမှာပေါ့...
သူ့အမေ လ၀က်ခန့် ထွက်ထွက်သွားခဲ့စဉ် သူ့အဖေက သူ့အမေကို လွမ်းဆွတ်ကာ သူ့လက်ကို ကိုင်၍ သူ့အမေ ဘယ်အချိန် ပြန်လာမှာလဲဟု တမ်းတညည်းညူလေ့ ရှိလေသည်။
အခု လင်းလော့ချင်းက သုံးလလောက် ထွက်သွားပြီ...သူ့ရှုရှု တောင့်ခံနိုင်ပါ့မလား...
“ဘာလို့ ပါးပါးက သုံးလလောက် သွားရမှာလဲ..."
ကျိလဲ့ယွီ စိတ်ရှုပ်ထွေးသွားသည်။
"သုံးရက်လောက်ပဲ သွားလို့ မရဘူးလား..."
ကျိယွီရှောင် :"..."
ကျိယွီရှောင် တွေးလိုက်ပြီး ကျိလဲ့ယွီကို ရှင်းပြလိုက်သည်။
"သားပါးပါးက သရုပ်ဆောင်လေ...သရုပ်ဆောင်ဆိုတာ မင်း TVမှာကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်တဲ့သူပဲ...သားပါးပါးနဲ့ တခြားလူတွေက အဲ့မှာ သရုပ်ဆောင်ကြတဲ့သူတွေ...တီဗီဇာတ်လမ်းတွဲတွေက ရှည်ကြတယ်မလား....အပိုင်းတစ်ခုကို သုံးရက်လောက် ရိုက်ကြရင် အပိုင်းသုံးဆယ်စာဆိုရင် ရက်ကိုးဆယ်လောက် ကြာလိမ့်မယ်..."
“TVမှာ ဆက်တိုက်ပြနေနိုင်ဖို့ သရုပ်ဆောင်တွေကလည်း ဆက်တိုက် သရုပ်ဆောင်ရမှာ...သူတို့ကတစ်ရက်နှစ်ရက်လောက်တောင် သရုပ်မဆောင်ဘဲ နေလို့ မရဘူး...အဲ့ဒါကြောင့် သူတို့က ဘယ်လိုလုပ် အိမ်ပြန်အနားယူလို့ ရမှာလဲ..."
သူ့ရှင်းပြချက်က အဓိပ္ပာယ်မရှိသော်ငြားလည်း ကလေးများက ငယ်ရွယ်သေးသည့်အတွက် ထိုသို့ ရှင်းပြရုံသာ တတ်နိုင်လေသည်။ အဖွဲ့ထဲတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိပြီး ထိုမှရရှိသော ရန်ပုံငွေများဖြင့် နေရာငှားရမ်းခြင်း၊ အ၀တ်အစား ငှားရမ်းခြင်းများ ပြုလုပ်ရလေသည်။ သရုပ်ဆောင်များက တစ်ကြိမ်တည်းနှင့် ရိုက်ကူးပြီးရန်လိုပြီး ကြန့်ကြာနေလျှင် အခြားသရုပ်ဆောင်များ၏အချိန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ငွေများကို ဖြုန်းတီးရာ ရောက်လေသည်။
ထို့အတွက်ကြောင့် လင်းဖေးနှင့် ကျိလဲ့ယွီ နားလည်နိုင်သော စကားလုံးများကို ပြောင်းပြောခဲ့ရခြင်းဖြစ်သည်။ ထို့မှသာ လင်းလော့ချင်းအကြာကြီး အိမ်ပြန်မလာနိုင်သည့်အကြောင်းကို နားလည်နိုင်မည်ဖြစ်လေသည်။
လင်းဖေးနှင့် ကျိလဲ့ယွီ နားလည်သွားကြလေသည်။ ကျိလဲ့ယွီက ခေါင်းမော့လိုက်ပြီး မေးလိုက်သည်။
"ဒါဆို သားတို့ အခု ပါးပါးကို TVမှာ ကြည့်လို့ရလား..."
“မရဘူး..."
ကျိယွီရှောင် သဘောကျစွာ ရယ်မောလိုက်သည်။
"သူတို့က ရုပ်ရှင်ရိုက်လို့ မပြီးသေးလို့ TVမှာပြလို့ မရသေးဘူး..."
"ဒါဆို သား ပါးပါးကို လွမ်းရင် ဘာလုပ်ရမှာလဲ...ဒယ်ဒီရော မလွမ်းဘူးလား...ဒီသုံးလ၊ နွေရာသီအားလပ်ရက်အတွင်း ...ပါးပါးက တခြားကလေးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ..."
ကျိယွီရှောင် :"..."
သူ့တူလေးရဲ့ဘေးကျပ်နံကျပ်ကာလအပေါ် ခံစားမှုက အတော် ပြင်းထန်တာပဲ...
"သား... သားပါးပါးကို ယုံကြည်ရမယ်...သားက သူအကြိုက်ဆုံးကလေးဆိုတာကို ယုံကြည်ရမယ်..."
"ဒါဆို ဒယ်ဒီက ပါးပါးရဲ့အကြိုက်ဆုံး သူငယ်ချင်းကြီးလား..."
ကျိလဲ့ယွီ၏ အမေးစကားကြောင့် ကျိယွီရှောင် ရယ်လိုက်သည်။
"ဖြစ်နိုင်တယ်..."
ကျိလဲ့ယွီ ပြုံးလိုက်၏။
"ဒါဆို သားလည်း အဲ့လိုဖြစ်သင့်တယ်..."
လင်းဖေး :"..."
သူ ကျိလဲ့ယွီကို အမှန်တရားအား မပြောပြရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူ ကျိလဲ့ယွီကို ထပ်ချော့နေရမည်ဖြစ်သည်။
သရုပ်ဆောင်အလုပ်က အခြားအလုပ်များနှင့်မတူညီကြောင်းနှင့် လင်းလော့ချင်းက အကြာကြီးအလုပ်သွားရန် လိုကြောင်းတို့ကို နားလည်သွားပြီးနောက် လင်းဖေး ဆက်မမေးတော့ပေ။ သူ ထမင်းစစားလိုက်သည်။
လင်းဖေးက လင်းလော့ချင်းမရှိလျှင် သူ့ဘေးတွင် အိပ်ရသည်ကို သက်တောင့်သက်သာမရှိ ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ကျိယွီရှောင် မေးလိုက်သည်။
"ဖေးဖေး ရှုရှုနဲ့ဒီည အတူတူအိပ်ဖို့ အဆင်ပြေလား..."
လင်းဖေး အနည်းငယ် အံ့ဩသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
ကျိလဲ့ယွီ ချက်ချင်း လက်မြှောက်လိုက်သည်။
"သား အိပ်ချင်တယ်...သားတို့ သုံးယောက် အတူတူ အိပ်ချင်တယ်..."
ကျိယွီရှောင် ပြုံးလိုက်သည်။
"မင်းအစ်ကို ဆန္ဒရှိရင် ရတာပေါ့..."
"ကိုကိုက ဘာလို့ဆန္ဒမရှိရမှာလဲ..."
ကျိလဲ့ယွီက အကြောင်းရင်းကို မတွေးနိုင်သောကြောင့် လင်းဖေးဘက် လှည့်ကာ ပြောလိုက်သည်။
"သားတို့သုံးယောက် အတူတူအိပ်ကြရင် ဘယ်လောက်ကောင်းလိုက်လဲ..."
လင်းဖေး မဝံ့မရဲဖြစ်နေလေသည်။
သူ အဲ့ဒါကို မလိုချင်တာ မဟုတ်ပေမဲ့ အိပ်လည်းမအိပ်ချင်ဘူး...
သူက အခြားလူများနှင့်နီးကပ်စွာ ဆက်ဆံရခြင်းအား သဘောကျသူ မဟုတ်ချေ။ လင်းလော့ချင်းနှင့် ကျိလဲ့ယွီက ခြွင်းချက်များဖြစ်လေသည်။
သူတို့နှစ်ယောက်က အလွန်တွယ်ကပ်လွန်းကြသည်။ တစ်ယောက်က နမ်းပြီးပွေ့ဖက်ရသည်ကိုသဘောကျပြီး တစ်ယောက်က ဆိုးသွမ်းပြီး အချော့ခံရသည်ကို သဘောကျလေသည်။ သူ ထိုသို့ ဆက်ဆံခံရသည်ကို ကျင့်သားရလာပြီဖြစ်သည်။
သို့သော် ကျိယွီရှောင်က မတူညီပေ။ သူက လင်းဖေးကို မြင်မြင်ချင်းပင် လင်းဖေး၏ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်မှုများကို ခံစားမိခဲ့လေသည်။ ထို့အပြင် လင်းဖေးက သူ့ဆွေမျိုး မဟုတ်ပေ။ ထို့ကြောင့် သူက လင်းဖေးအပေါ် ချစ်ခင်မှုများကို ထိန်းသိမ်းကာ ဆက်ဆံခဲ့ပြီးလေးစားစွာ ဆက်ဆံခဲ့လေသည်။
ထိုသို့ ဆက်ဆံမှုက လင်းဖေးကို အလွန်သက်တောင့်သက်သာ ရှိစေခဲ့သည်။ ထို့ကြောင့် သူ ကျိယွီရှောင်ကို အလွန်သဘောကျခဲ့သည်။ သို့သော်လည်း သူတို့နှစ်ယောက်ကြားတွင် ရုပ်ပိုင်းဆိုင်ရာ နီးကပ်မှုများ နည်းပါလေသည်။
လင်းလော့ချင်းက သူတို့နှစ်ယောက်ကြားမှ တံတားတစ်စင်းဖြစ်သောကြောင့် လင်းဖေး ဘာမှ မခံစားခဲ့ရပေ။
ယခု လင်းလော့ချင်း ထွက်သွားပြီး ကျိယွီရှောင်နှင့် တစ်ယောက်တည်း မျက်နှာချင်းဆိုင်ရသည့်အခါ ဖော်မပြနိုင်သည့် ထူးဆန်းသောခံစားချက်ကို ခံစားရလေသည်။
သူ ကျိယွီရှောင်ကို ကောင်းကောင်း မသိသလို ကျိယွီရှောင်နှင့်ဆက်ဆံရာတွင်လည်း ကျင့်သားမရခဲ့ပေ။
သို့သော် လင်းလော့ချင်း ယခင်ကပြောခဲ့သည့် စကားကို သူ မှတ်မိလေသည်။ ကျိယွီရှောင်က သူ့ကို သဘောကျသည့်အတွက် သူ ကျိယွီရှောင်ကို မငြင်းဆန်ခဲ့ပေ။ သူ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
ကျိယွီရှောင် လင်းဖေး၏သဘောတူမှုကို မြင်သောအခါ ပြုံးလိုက်သည်။ ထို့နောက် ရယ်လိုက်ပြီး လင်းဖေး၏ခေါင်းကို ထိလိုက်ကာ ဟင်းချိုကို ကူဖြည့်ပေးလိုက်သည်။
လင်းလော့ချင်း မရှိသည့်အတွက် လင်းဖေးနှင့်ကျိလဲ့ယွီက သူတို့ဖာသာသူတို့ ရေချိုးကြလေသည်။
သူတို့ ရေချိုးကန်ထဲ ပြန်မကျသွားစေရန် ဘေးတွင် စောင့်ကြည့်နေသည့် အန်တီကျန်းက ချီးကျူးလိုက်သည်။
"သားက အံ့ဩစရာပဲ...သွားကြရအောင်...အန်တီကျန်း သားကို မစ္စတာကျိဆီ ခေါ်သွားပေးမယ်..."
လင်းဖေးက အန်တီကျန်းနောက် လိုက်သွားလေသည်။
အန်တီကျန်းက ကျိလဲ့ယွီ၏အခန်းတံခါးကို ခေါက်လိုက်ပြီး ကျိလဲ့ယွီကို ခေါ်လိုက်သည်။ ထို့နောက်ကလေးနှစ်ယောက်ကို ကျိယွီရှောင်အခန်းဆီသို့ ခေါ်သွားလိုက်သည်။
ကျိယွီရှောင်က အိပ်ရာအလယ်တွင် ထိုင်နေပြီး သူ့ဘေးနှစ်ဖက်ကို ပုတ်ပြလိုက်ကာ ကလေးများကို လာရန် ခေါ်လိုက်သည်။
ကျိလဲ့ယွီက ချက်ချင်းပြေးသွားလိုက်ပြီး လင်းဖေးလည်း အိပ်ရာဆီသို့ လျှောက်သွားလိုက်လေသည်။
“သားရှုရှု ဘာလုပ်နေလဲ ကြည့်ကြရအောင်..."
သူ လင်းဖေးကို ပြောလိုက်သည်။
လင်းဖေးက လင်းလော့ချင်းကို တွေ့နိုင်လိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် ထူးဆန်းသလို ခံစားနေရလေသည်။ သို့သော် မကြာမီ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
လင်းလော့ချင်း ထွက်မသွားခင်က ပြောခဲ့တဲ့ဗီဒိယိုကောလ်နဲဲ့တူတယ်...
သူ လေမှုတ်ထုတ်လိုက်ပြီိး သူ့အသံက ပေါ့ပါးနေလေသည်။
ကျိယွီရှောင် တိတ်ဆိတ်စွာ တွေးလိုက်သည်။
ဒီလို မဖြစ်သင့်ဘူးလေ...ညစာစားတုန်းက လင်းဖေးက လင်းလော့ချင်းထွက်သွားတာကို လက်မခံနိုင်ဖြစ်နေတာ မဟုတ်ဘူးလား...
ဘာလို့ အခု တည်ငြိမ်နေရတာလဲ...
သူ့လက်ခံနိုင်စွမ်းက ဒီလောက် မြန်တာလား...
လင်းဖေးက တကယ့်ကို ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း အားကောင်းတာပဲ...
ကျိယွီရှောင် ဗီဒီယိုကောလ် ခေါ်လိုက်သည်။ ကျိလဲ့ယွီက ချက်ချင်းပင် ကျိယွီရှောင်လက်မောင်းနား ကပ်လာပြီး လင်းဖေးလည်း ကူရာမဲ့စွာ ကပ်လာလေသည်။
သူက သူ့ခံစားချက်အတိုင်း ပြုမူလိုက်ပြီး ထိုအချက်ကို လက်ခံလိုက်သည်။
သူ့၏မသိစိတ်ထဲတွင် လင်းလော့ချင်းကို တွေ့ချင်နေပြီး သူ့မျက်နှာက ပုံမှန်အတိုင်း ဖြစ်နေသော်လည်း သူ့ခန္ဓာကိုယ်က ကျိယွီရှောင်ကိုင်ထားသည့်ဖုန်းနား သဘာ၀ကျစွာ ကပ်လာလေသည်။
လင်းလော့ချင်း ဇာတ်ညွှန်းဖတ်နေစဉ် ရုတ်တရက်ကျိယွီရှောင်ထံမှ ဗီဒီယိုကောလ်တစ်ခုကိုလက်ခံရရှိလိုက်လေသည်။ သူ့တွင် မိနစ်အနည်းငယ် အချိန်ရှိနေသေးသောကြောင့် ဗီဒီယိုကောလ်ကို လျင်မြန်စွာ ကိုင်လိုက်သည်။
အချင်းချင်း ဗီဒီယို ချိတ်ဆက်မိသောအခါ ရင်းနှီးနေသည့် မျက်နှာနှစ်ခုနှင့် မျက်နှာတစ်ခြမ်းကို တွေ့လိုက်ရလေသည်။ လင်းဖေး၏မျက်နှာတစ်ခြမ်းသာ ကင်မရာထဲ ပေါ်နေလေသည်။
ကျိယွီရှောင် လက်ဆန့်လိုက်ပြီး လင်းဖေးကို ပွေ့ဖက်လိုက်သည်။ ထို့မှသာ မျက်နှာတစ်ခုလုံး ကင်မရာထဲ ၀င်လာလေသည်။ သူ လင်းလော့ချင်းကို ပြောလိုက်သည် ။
"အဖွဲ့ထဲ ၀င်တဲ့ပထမဆုံးနေ့ပဲ...မင်း အလုပ်ရှုပ်နေလား..."
"မရှုပ်ပါဘူး...ငါ ဇာတ်ညွှန်းသွားဖတ်ဖို့တော့ရှိတယ်..ဒါပေမဲ့ ငါ တစ်နေ့လည်လုံး ဇာတ်ညွှန်းဖတ်နေတာ သိလား..."
"မင်း စာသားတွေကို မမှတ်မိလို့လား..."
"မဟုတ်ပါဘူး...ဒီအတိုင်း ဖတ်နေတာ...ဒါနဲ့ မင်း ဘာလို့ ငါ့ဆီ ရုတ်တရက် ဗီဒီယိုကောလ်ခေါ်လာတာလဲ...ငါ့ကို လွမ်းလို့လား..."
“ကလေးနှစ်ယောက်က မင်းကို လွမ်းနေလို့ ခေါ်လိုက်တာ..."
ကျိယွီရှောင် ပြောလိုက်သည်။
ကျိလဲ့ယွီ အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။
"ပါးပါးက သုံးလလောက် အပြင်သွားရမှာလား..."
"အဲ့လောက် မလိုပါဘူး...ပါးပါးက သားတို့နဲ့နီးနီးလေးမှာ ရှိနေတာ...အလုပ်မများရင် ပါးပါး အိမ်ပြန်လာပြီး သားတို့ကိုတွေ့လို့ရတယ်..."
"ဘယ်အချိန် အလုပ်မများမှာလဲ..."
"မသိသေးဘူး..."
"ဒါဆို ဒီသုံးလမှာ တခြားကလေးတွေနဲ့ အတူတူရှိနေမှာလား..."
လင်းလော့ချင်း ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့...ဒီအဖွဲ့ထဲမှာ ကလေးမရှိဘူး...ဒါ့အပြင် ပါးပါးနှလုံးသားထဲမှာ သားနဲ့သားကိုကို နှစ်ယောက်ပဲ ရှိတာ..."
“သူငယ်ချင်းကြီးရော မရှိဘူးလား..."
ကျိလဲ့ယွီ သံပူနေစဉ် ထုလိုက်သည်။
"ဟမ်...ဘယ်က သူငယ်ချင်းကြီးလဲ..."
ကျိလဲ့ယွီ ပြုံးလိုက်ပြီး မျက်ခုံးပင့်လိုက်ကာ ကျိယွီရှောင်ကို ကြည့်လိုက်လေသည်။ သူ ဆိုလိုချင်သည့်အဓိပ္ပာယ်က သိသာလှသည်။
လင်းလော့ချင်း ကျိလဲ့ယွီ၏ပုံစံကို သဘောကျသွားပြီး ကျိယွီရှောင်ကို ကြည့်ကာ မေးလိုက်သည်။
"သူငယ်ချင်းကြီးက မင်းလား..."
"ငါ မဟုတ်ဘူး...ငါ သူ့ကို ဒီလိုပြောဖို့ မပြောထားဘူး...ဒါက သူ့ရဲ့စိုးရိမ်ပူပင်မှုပဲ..."
"ဒါဆို အဖြေကို မင်း သိချင်လား..."
"ငါ သိဖို့ မလိုပါဘူး..."
"သေချာလား..."
"ဟုတ်တယ်...ပြီးတော့ မင်းကြိုက်တဲ့ကလေးတွေက ငါ့လက်ထဲမှာ ရှိတယ်..."
ပြောပြီးနောက် ကျိလဲ့ယွီနှင့် လင်းဖေးကို ထပ်မံပွေ့ဖက်လိုက်ရာ ကျိလဲ့ယွီက တခစ်ခစ် ရယ်နေလေသည်။
ယင်းကို မြင်သောအခါ လင်းလော့ချင်း ကူရာမဲ့စွာ ပြုံးလိုက်သည်။
ထို့နောက် သူ တိတ်ဆိတ်နေသည့် လင်းဖေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"စကားမပြောတဲ့ကလေးတစ်ယောက် ဘာလို့ရှိနေတာလဲ...မင်း ငါ့ကို ဘာမှမပြောချင်ဘူးလား..."
လင်းဖေး တစ်ဖက်လူကို ကြည့်လိုက်သည်။ သူ တစ်ခုခု ပြောချင်သော်လည်း ဘာပြောရမည်မှန်းမသိချေ။
သူ လင်းလော့ချင်းကို မေးချင်နေလေသည်။
'ဘာလို့ သုံးလလောက် ထွက်သွားမှာကို သူ့ကို မပြောခဲ့တာလဲ...'
သူ့ကိုယ်သူ ဒေါသလည်း ထွက်မိလေသည်။ လင်းလော့ချင်းက အကြာကြီး ထွက်သွားရမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း သူ ယင်းကို အလေးအနက် မထားခဲ့ပေ။
သူ့ကိုယ်သူ ဒေါသထွက်ခြင်းက အလွန်ရှားလေသည်။ သူ လင်းလော့ချင်းကို ဘာပြောရမည်မှန်း မသိသောကြောင့် သူ့ကိုယ်သူ အပြစ်တင်နေလေသည်။
လင်းလော့ချင်းက လင်းဖေး စကားပြောရန် ပျင်းနေသည်ဟုသာ ထင်ခဲ့သည်။ နောက်ဆုံးတွင် လင်းဖေးက သီးသန့်နေတတ်သည့်ကလေးတစ်ယောက်ဖြစ်ပြီး စကားပြောရသည်ကို မကြိုက်ပေ။ သူက စကားပြောခြင်းထက် အခြားလူများကို ကိန်းဂဏန်းဇယားမျက်လုံးဖြင့်သာကြည့်တတ်လေသည်။ ထို့ကြောင့် လင်းလော့ချင်းက ယင်းကို လျစ်လျူရှုလိုက်ပြီး သတိပေးလိုက်သည်။
"မင်း တစ်ခုခု လိုချင်လာရင် ဒါမှမဟုတ် ပြဿနာတစ်ခုခု ရှိလာရင် ရှုရှုကျိကို ပြော...ငါ အချိန်ရရင်ပြန်လာခဲ့မယ်...ဟုတ်ပြီလား..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်ကဲ့..."
"ငါ့ကို လွမ်းဖို့ သတိရနော်..."
"အို..."
လင်းလော့ချင်း စကားဆက်ပြောချင်သော်လည်း တစ်ယောက်ယောက်က တံခါးလာခေါက်လေသည်။ အစည်းအဝေးခန်းထဲ သွား၍ အခြားဖန်တီးသူများနှင့်တွေ့ရန် အချိန်ရောက်ပြီဖြစ်သည်။
"ငါ ဇာတ်ညွှန်းသွားဖတ်
ရတော့မယ်...စောစောအိပ်ကြ... Goodnight...."
"Goodnight..."
ကျိယွီရှောင် နူးညံ့စွာ ပြောလိုက်သည်။
"Goodnight ပါးပါး..."
ကျိလဲ့ယွီ တာ့တာပြကာ ပြောလိုက်သည်။
လင်းဖေးလည်း နူးညံ့စွာ ပြောလိုက်၏။
"Goodnight..."
လင်းလော့ချင်း ဖုန်းချလိုက်ပြီး တံခါးကို ဖွင့်ကာ တံခါးအပြင်ဘက်တွင် ရပ်နေသည့်ဝူရှင်းယွမ်နှင့်အတူ အစည်းအဝေးခန်းသို့ သွားလိုက်လေသည်။