Chapter 83
လင်းလော့ချင်း၏မျက်နှာ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ လင်းဖေး နှုတ်ခမ်းကို ဖိလိုက်ပြီး သူ့ကိုယ်သူ ပိုဒေါသထွက်လာလေသည်။
သူ ဘာမှ မပြောလိုက်ဘူး...
တကယ်ဆို သူ တစ်ခုခု ပြောလိုက်သင့်တယ်...
အစပိုင်းက သူက အလုပ်နှစ်ခုကြား ခြားနားမှုကို နားမလည်နိုင်ခဲ့ပေ။ သူ ညနေရောက်လျှင် ပြန်တွေ့ရမည်ဟု ထင်ခဲ့သည့်အတွက် မနေ့ည၊ ဒီနေ့မနက် ဘာမှမပြောခဲ့ပေ။
ယခု သူ နားလည်ခဲ့သော်လည်း ဘာမှမပြောလိုက်ရပေ။
ကျိလဲ့ယွီက စကားအများကြီး ပြောခဲ့သော်လည်း သူ မပြောခဲ့ပေ။
လင်းဖေး၏နှလုံးသားက ရှားရှားပါးပါး အဆင်မပြေဖြစ်နေလေသည်။ သူက သူ့ကိုယ်သူ ယှဉ်ပြိုင်နေရလေသည်။
သူ လင်းလော့ချင်း အကြာကြီး ထွက်သွားမှာကို သိနေတော့ သူ လုပ်သင့်တယ်...
သူ လုပ်သင့်တယ်...
သူ ဘာလုပ်သင့်တာလဲ...
သူ လင်းလော့ချင်း တွယ်ကပ်နေတာကို ခံစားရတော့မှာ မဟုတ်ဘူး...
သုံးလလောက် ခွဲရမှာဖြစ်လို့ လင်းလော့ချင်း တုံ့ဆိုင်းနေတာက ပုံမှန်ပဲ...
လင်းလော့ချင်းက သူနဲ့ခွဲဖို့ကို တွန့်ဆုတ်နေပေမဲ့ သူက လင်းလော့ချင်း တွယ်ကပ်လွန်းတယ်လို့ ထင်ခဲ့တာလား...
သူက တအား တုံးအလွန်းတယ်...
သူက မရင့်ကျက်ဘူး...
သူက မကောင်းဘူး...
သူ လင်းလော့ချင်းနှင့် ခွဲနေရသည့်အတွက် အနည်းငယ် ခံစားနေရလေသည်။
သူ ကျိယွီရှောင်ကို မှီကာ ထိုင်နေစဉ် ကျိလဲ့ယွီ စကားကို နားထောင်နေလေသည်။
"မစိုးရိမ်ပါနဲ့ ဒယ်ဒီ...ပါးပါးမှာ တခြားသူငယ်ချင်းကြီးတွေ မရှိလောက်ဘူး...ပါးပါး စောစောပြန်လာလောက်တယ်..."
ကျိယွီရှောင် ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ချေ။
"ကျေးဇူးတင်ပါတယ်..."
"ရပါတယ်...."
ကျိလဲ့ယွီ ဂုဏ်ယူစွာ ပြောလိုက်သည်။
ဒီနေ့ သူက အဖေနှစ်ယောက်ရဲ့အချစ်ကို ကာကွယ်ဖို့ အလုပ်ကြိုးစားခဲ့တယ်...
ဟုတ်ပြီ...
လင်းဖေး ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။ သူ လင်းလော့ချင်းကို လက်ဆောင် မပေးရသေးပေ။ သူ လင်းလော့ချင်းကို လက်ဆောင်ပေးနိုင်လေသည်။
ဤနည်းဖြင့် လင်းလော့ချင်းက ပြန်လာလျှင် လက်ဆောင်ရရှိမည်ဖြစ်ပြီး သူနှင့်ခွဲနေရသည့်အတွက် ၀မ်းနည်းတော့မည်မဟုတ်ချေ
လင်းလော့ချင်းက သူနှင့်ခွဲရန် တွန့်ဆုတ်နေလေသည်။ သူနှင့် သုံးလလောက် ခွဲနေရမည်အတွက် ခံစားချက်က အဆင်ပြေမည်မဟုတ်ပေ။ နောက်ဆုံးတွင် လင်းလော့ချင်းက တကယ် တွယ်ကပ်လွန်းပြီး သူက ယင်းကို မကြိုက်ပေ။
လင်းဖေး သူ့ကိုယ်သူ ဒေါသမထွက်တော့ပေ။
သူ လင်းလော့ချင်းကို ကုစားရန် အဖြေကို ရှာတွေ့သွားပြီး နှလုံးသားက တစ်ဖန်တည်ငြိမ်လာလေသည်။
.......
ထိုအချိန်တွင် လင်းလော့ချင်းက ဒါရိုက်တာနှင့်အခြားသရုပ်ဆောင်များကို နှုတ်ဆက်လိုက်ပြီး ထိုင်ခုံတွင် ၀င်ထိုင်လိုက်လေသည်။
အစည်းအဝေးခန်းက အလွန်ကျယ်၀န်းလေသည်။ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် ဇာတ်ညွှန်းရေးဆရာအပြင် သရုပ်ဆောင်များ၏အေးဂျင့်များနှင့် လက်ထောက်များပါ တက်ရောက်နိုင်လေသည်။
ဝူရှင်းယွမ် နေရာတစ်ခုကို ရှာလိုက်ပြီး ထိုင်လိုက်ကာ သူ့ရှေ့မှ လူများကို ကြည့်လိုက်သည်။ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒုတိယအမျိုးသားဇာတ်ဆောင်၊ ဒုတိယအမျိုးသမီးဇာတ်ဆောင်၊ တတိယအမျိုးသမီးဇာတ်ဆောင်အားလုံးရှိလေသည်။
လီဟန်ဟိုင်းနှင့်ယောင်မော့မော့တို့က အဓိကဇာတ်ဆောာင်များဖြစ်ပြီး အချိန်ဇယားများကြောင့် ယခုထိ မရောက်သေးကြပေ။ အစည်းအဝေးခန်းထဲတွင် အားလုံး စောင့်နေကြပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြကာ ယဉ်ကျေးစွာ တောင်းပန်လာကြလေသည်။
“ရပါတယ်...”
ဒါရိုက်တာ ပြုံးကာ ပြောလိုက်သည်။
“ထိုင်ကြ...စားပြီးကြပြီလား...မစားရသေးရင် အရင်စားကြလေ..."
လီဟန်ဟိုင်း အလောတကြီး ပြောလိုက်သည်။
"ကျွန်တော် လေယာဉ်ပေါ်မှာ စားပြီးပါပြီ..."
ယောင်မော့မော့ ပြုံးလိုက်သည်။
"ကျွန်မက ဝိတ်ချနေလို့ ညစာမစားဘူးရှင့်...ဒါမှ ကင်မရာရှေ့မှာ ပိုကြည့်ကောင်းမှာလေ..."
ဒါရိုက်တာအား သဘာ၀ကျကျ ယဉ်ကျေးစွာ ပြောလိုက်ရသည်။
လင်းလော့ချင်း ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ မာပေါ်ကျုံးက မလာပေ။ မာပေါ်ကျုံးက ဝါရင့်သရုပ်ဆောင်ဖြစ်ပြီး သရုပ်ဆောင်ကောင်းမွန်လေသည်။ သူက သူတို့နှင့်ဇာတ်ညွှန်းလာဖတ်မည့်အစား အိပ်နေနိုင်ပေသည်။
“အားလုံးရောက်ပြီဆိုတော့ စကြရအောင်...”
ဒါရိုက်တာက ဇာတ်ညွှန်းစာအုပ်ကို လှန်လိုက်သည်။
"အခန်း၅နဲ့စကြတာပေါ့...ဒီဇာတ်၀င်ခန်းက ပဋိပက္ခတွေများပြီး ဇာတ်ကွက်နဲ့ဇာတ်ဆောင်တွေထဲ စိတ်နှစ်ဖို့လိုတယ်...ဟန်ဟိုင်း မင်းအရင်စလိုက်..."
လီဟန်ဟိုင်းက အခန်း၁မှစမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သူက ဒါရိုက်တာထံမှ အမြင်ကောင်းရရန် အခန်း၄အထိ သေချာကျက်ခဲ့သော်လည်း အခန်း၅မှ စနေလေသည်။
လီဟန်ဟိုင်း ဇာတ်ညွှန်းစာအုပ်ကို ဖွင့်လိုက်ပြီး ထိုဇာတ်၀င်ခန်းမှ စာသားများကို ဖတ်လိုက်သည်။
သူက ရုပ်ရည်ကောင်းမွန်ပြီး လူကြိုက်များသော်လည်း သူ့၏စာဖတ်စွမ်းရည်က အနည်းငယ်ကြောက်စရာကောင်းနေလေသည်။
သူက ဇာတ်ကောင်၏ခံစားချက်ကို ရှာမတွေ့ပုံပေါ်လေသည်။ ဖိရမည့်နေရာတွင် မဖိရုံသာမက ဒေါသထွက်ရမည့်နေရာတွင်လည်း ဒေါသမထွက်ပေ။ ခံစားချက်မရှိသော စာဖတ်ခြင်းလောက် မဆိုးရွားသော်လည်း ဆိုးဝါးသော စာဖတ်စက်ကြီးဖြစ်နေဆဲပင်။
ဒါရိုက်တာက စားပွဲကို ပုတ်လိုက်ပြီး သတိပေးလိုက်သည်။
"ဟန်ဟိုင်း...မင်းရဲ့စာသားတွေကို အာရုံစိုက်...စိတ်ကို မထိန်းထားနဲ့...လွှတ်ထား..."
လီဟန်ဟိုင်း ခေါင်းငြိမ့်လိုက်သည်။ သူ့အသံက ပိုမိုကျယ်လောင်လာသော်လည်း ခံစားချက်ကနောက်မှ လိုက်မလာပေ။
ဒါရိုက်တာ ထပ်မံသတိပေးလိုက်သည်။ သို့သော် လီဟန်ဟိုင်း၏စိတ်မရှည်သော အမူအရာကို မြင်သောအခါ သတိပေးခြင်းကို ရပ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေကာမူ နောက်ခံအသံထည့်သွင်း၍ ရခြင်းကြောင့် သရုပ်ဆောင်များက ဇာတ်ညွှန်းဖတ်ရာတွင် အလေးအနက် မထားကြပေ။
သူတို့ မငိုနိုင်လျှင် မျက်စဉ်းကို သုံးနိုင်လေသည်။ ထို့အပြင် နောက်ခံစကားပြောရန်ပရော်ဖက်ရှင်နယ်အသံသရုပ်ဆောင်များစွာ ရှိသောကြောင့် ငယ်ရွယ်သောသရုပ်ဆောင်အချို့က သူတို့၏လိုင်းများအပေါ် ကြိုးစားရန် ဆန္ဒမရှိကြတော့ပေ။
ဒါရိုက်တာက များစွာ တွေ့ဖူးကြုံဖူးလေသည်။ ထို့အပြင် အစည်းအဝေးခန်းထဲတွင် သရုပ်ဆောင်များစွာရှိပြီး သူသာ လီဟန်ဟိုင်းကို ဆက်လက်အာရုံစိုက်နေလျှင် ဒါရိုက်တာက မျက်နှာလိုက်သည်ဟုသော ထင်မြင်ချက်များ ရှိလာမည်ဖြစ်သည်။
ဒါရိုက်တာက ရိုက်ကူးရေးမစမီ သရုပ်ဆောင်များနှင့် ပဋိပက္ခမဖြစ်ချင်သောကြောင့် လီဟန်ဟိုင်းကို ဆက်မပြောတော့ပေ။ လီဟန်ဟိုင်းအလှည့်ပြီးနောက် ယောင်မော့မော့ အလှည့်ရောက်လာလေသည်။
ယောင်မော့မော့၏အသံက ချိုသာနူးညံ့ပြီး တောင်ပိုင်းအမျိုးသမီးတစ်ယောက်၏စေးကပ်မှုအချို့ ရှိနေလေသည်။ သူ့၏စကားသံများက မပြည့်စုံသောကြောင့် ဒါရိုက်တာက သူ့၏စကားသံနှင့်အသံထွက်အတွက် သတိပေးလိုက်သည်။ ယောင်မော့မော့ နာခံစွာ ခေါင်းမော့လိုက်ပြီး ဇာတ်ညွှန်းစာအုပ်ထဲတွင် ရေးမှတ်လိုက်လေသည်။
လင်းလော့ချင်း ဒါရိုက်တာ၏မှတ်ချက်များကို နားထောင်လိုက်ပြီး ဇာတ်ညွှန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့လိုင်းက ယခုထိ မလာသေးပေ။
သူ တစ်ခဏတာစောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် မန်ဟွား၏အလှည့်သို့ ရောက်လာလေသည်။
"ကျေးဇူးပြုပြီး... ကျွန်တော့် အစ်မကို လာကြိုတာပါ..."
စာကြောင်းက တစ်ကြောင်းသာရှိသော်လည်း အသံထဲတွင် သံလိုက်ဓာတ်နှင့်အပြုံးအချို့ပါ၀င်နေလေသည်။ ထိုအချက်ကို သူ့၏ရှင်းလင်းသော အသံသြဇာနှင့်ပေါင်းစပ်လိုက်သောအခါ လူများကို ဆယ်ကျော်သက်တစ်ယောက်အား မြင်ယောင်လာစေသည်။
ဒါရိုက်တာ ခေါင်းမော့ကြည့်လိုက်သောအခါ လင်းလော့ချင်းက ထိုင်ခုံပေါ်တွင် အေးအေးလူလူ တည်တည်ငြိမ်ငြိမ်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
ယောင်မော့မော့ အံ့အားသင့်စွာ ပြောလိုက်သည်။
"ရှောင်ဟွား နင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ..."
"အစ်မမှ အိမ်ပြန်မလာသေးတာ...အစ်မ တစ်ခုခုဖြစ်မှာ စိတ်ပူလို့ လာကြိုလိုက်တာ...အစ်မ ဒီလိုကြုံနေရမယ်လို့ မထင်ထားခဲ့ဘူး..."
လင်းလော့ချင်း၏မျက်လုံးထဲတွင် နက်ရှိုင်းသော အပြုံးတစ်ပွင့် ရှိနေလေသည်။ သူက သူ့ရှေ့မှ လူများကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။
"မဟုတ်ဘူး...ငါ အခု..."
"မင်း ဒီမှာ ဘာလုပ်နေတာလဲ..."
လီဟန်ဟိုင်း ကြားဖြတ်ပြောလိုက်သည်။
"မင်း စုယင်ရဲ့ပစ္စည်းယူထားတာကို သူ့ကို မြန်မြန် ပြန်မပေးသေးဘူးလား..."
"ငါ မယူဘူး..."
ယောင်မော့မော့ ကူရာမဲ့စွာ ပြောလိုက်သည်။
ထိုသို့ ဘေးကျပ်နံကျပ် အခြေအနေတွင် မန်ဟွား ၀င်ပြောလိုက်လေသည်။
"ဘာဖြစ်တာလဲ...ကျွန်တော့်ကို ပြောပြ..."
"ကီးချိန်းလေ...အဲ့ဒါက ဘယ်လောက်မှမတန်ပေမဲ့ အမေ ကျွန်မအတွက် ချန်ထားတဲ့ဟာ..."
ဒုတိယအမျိုးသမီးဇာတ်ဆောင် စုယင်ပြောလိုက်သည်။
"တကယ်လား...ဘယ်လောက်မှမတန်ဘူးဆိုပြီး ဘာလို့အစ်မယူတယ် ထင်ရတာလဲ..."
"အဲ့ဒါ မင်းအစ်မကို မေးလိုက်လေ...မန်ထောင် မင်း စုယင်ပစ္စည်း ဘာလို့ယူလဲ ရှင်းပြ..."
ယောင်မော့မော့ ဒေါသထွက်လာပြီး စိတ်အနှောင့်အယှက်ဖြစ်လာသော်လည်း မငြင်းခုံနိုင်ဖြစ်နေလေသည်။
မန်ဟွားက ယင်းကို မြင်ပြီး စွန်းကျန်းအဖြစ် သရုပ်ဆောင်သည့် လီဟန်ဟိုင်းကို ရင်ဆိုင်ရန် အစပြုလိုက်သည်။
လူနှစ်ယောက်ကြား ရင်ဆိုင်မှုက ကွာခြားမှုကို သိသာစေလေသည်။
လီဟန်ဟိုင်းက ဇာတ်ညွှန်းစာအုပ်ထဲမှ လိုင်းများကို ဖတ်နေရပြီး ယင်းက စာကြောင်းအနည်းငယ်လောက်ဆိုလျှင် အဆင်ပြေသော်လည်း စာကြောင်းများစွာ ဖြစ်လာသောအခါ ခံစားချက်များကို မပေါင်းစည်းနိုင်ရုံသာမက ယင်းတို့ကို ချောမွေ့စွာပင် မဖတ်နိုင်တော့ပေ။
လင်းလော့ချင်းက လုံး၀ကွာခြားလေသည်။ သူက ဇာတ်ညွှန်းစာအုပ်ကို ဖတ်နေစရာ မလိုပေ။ သူ့မျက်နှာအမူအရာက စာသားများအလိုက် ပြောင်းလဲသွားပြီး လိုင်းများက သွက်လက်ပြီး ခံစားချက်အပြည့်ဖြစ်နေလေသည်။
သူက ထပ်မံဖြည့်စွက်ရန်လိုသည့် လီဟန်ဟိုင်းနှင့် ယှဉ်ကြည့်လျှင် လူများကို ပိုမိုဆွဲဆောင်နိုင်ပြီး နှစ်ယောက်ကြား ကွာဟချက်ကို သိသိသာသာခွဲခြားလုနီးပါးဖြစ်စေလေသည်။
နောက်ဆုံးတွင် လင်းလော့ချင်း ထေ့ငေါ့ပြောလိုက်သည်။
"မင်းက ငါ့အစ်မကို တခြားလူရဲ့စကားအပေါ်မူတည်ပြီး စွပ်စွဲနေတာပဲ...ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ...ငါ ရောက်လာတုန်းက ကြားလိုက်တာ...မင်း ရန်ဖြစ်တဲ့အထဲ ပါပြီး ရဲစခန်းရောက်သွားတယ်ဆို...မင်း ဘာလို့ ဒီမှာရှိနေတာလဲ...တခြားလူစကားကို ဒီလောက်ယုံကြည်နေမှတော့ မင်း ရဲစခန်းမှာပဲ နေနေသင့်တယ်..."
ထို့နောက် သူ ယောင်မော့မော့ဘက် လှည့်လိုက်သည်။
"သွားရအောင်..."
လီဟန်ဟိုင်းက အလွန်ဒေါသထွက်သွားပြီး သူ့ကို တားချင်လေသည်။ သူတို့နှစ်ယောက် ရန်ဖြစ်ပြီးနောက် ဤဇာတ်၀င်ခန်းက ပြီးဆုံးသွားခဲ့သည်။
ဒါရိုက်တာက လင်းလော့ချင်းကို အံ့အားသင့်စွာ ကြည့်နေလေသည်။ သူ မန်ဟွားဇာတ်ကောင်အတွက်ရွေးသည့် လူရွေးပွဲကို မသွားခဲ့ပေ။ သူက လင်းလော့ချင်း၏ဓာတ်ပုံကို ကြည့်ပြီး သူ့၏ပုံစံအရ ဤသရုပ်ဆောင်က မဆိုးလောက်ဟု ဆုံးဖြတ်ကာ တိတ်ဆိတ်စွာ လက်ခံခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး၌ ဒရမ်မာတစ်ခုတွင် အရေးအကြီးဆုံးမှာ အမျိုးသား၊ အမျိုးသမီးဇာတ်ဆောင်များသာဖြစ်လေသည်။ ဇာတ်ပို့များက ကိတ်မုန့်ပေါ်မှ သကြားမှုန်များနှင့်သာတူလေသည်။
ယခု လင်းလော့ချင်းကို ကြည့်ကြည့်လျှင် ထိုပုဂ္ဂိုလ်က သကြားမှုန် မဟုတ်၊ အံ့ဖွယ်ပန်းလေးသာဖြစ်ကြောင်း ခံစားမိ၏။
သူ့၏သွင်ပြင်ကလည်း အလွန်ကောင်းလေသည်။ နာမည်ကြီးကြယ်ပွင့် လီဟန်ဟိုင်းနှင့်အတူထိုင်နေသော်လည်း လီဟန်ဟိုင်းထက် မနိမ့်ကျပေ။ သူက လီဟန်ဟိုင်းထက် ပိုနူးညံ့ပြီး ပိုဆွဲဆောင်နိုင်လေသည်။
သူ့တွင် လီဟန်ဟိုင်း၌မရှိသော တောက်ပသန့်ရှင်းသော သွင်ပြင်ရှိပြီး လှပထင်ရှားသော မျက်ခုံးလည်း ရှိလေသည်။ သူက ငယ်ရွယ်တောက်ပနေသည်။
ထို့အပြင် သူ့၏စကားပြောစွမ်းရည်ကလည်း လီဟန်ဟိုင်းထက် ပိုကောင်းပြီး သူ့၏ရှင်းလင်းပြတ်သားသောအသံကလည်း သွက်လက်တက်ကြွလေသည်။
ဒီလိုသရုပ်ဆောင်က ဖျော်ဖြေရေးစက်ဝိုင်းမှာနာမည်မရှိတဲ့ သရုပ်ဆောင်လား...
ဒါက မဖြစ်သင့်ဘူး...
ဒါရိုက်တာ အံ့ဩသွားသော်လည်း များစွာ အံ့ဩသွားခြင်းမဟုတ်ပေ။ လင်းလော့ချင်း၏ရုပ်ရည်အရ သူ့၏သရုပ်ဆောင်စွမ်းရည်က မဆိုးလျှင် မကြာမီ နာမည်ရလာနိုင်လေသည်။
သရုပ်ဆောင်လေးကောင်းသရွေ့ အဆင်ပြေတယ်...
ပထမအကျော့ဖတ်ပြီးနောက် ဒုတိယအကျော့မစမီ ဒါရိုက်တာက လူများကို အနားယူခိုင်းလိုက်လေသည်။
ဤတစ်ကြိမ်တွင် အခန်း၁၈ကို ရွေးချယ်ထားပြီး အုပ်စုဇာတ်ကွက်ဖြစ်ကာ သရုပ်ဆောင်များစွာ ပါ၀င်လေသည်။
လင်းလော့ချင်း၏လိုင်းများက အလယ်နှင့် နောက်ပိုင်းအပိုင်းတွင် ရှိသောကြောင့် သူ အလျင်စလို မဖြစ်ပေ။ သူက အခြားလူများ၏လိုင်းများကို တိတ်ဆိတ်စွာ နားထောင်နေပြီး သူ့အလှည့်ရောက်သောအခါ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက ငါ့အစ်မကို အရမ်းဂရုစိုက်လွန်းတယ်...မင်း ငါ့အစ်မကို ကြိုက်နေတာလား..."
"မင်း ဘာတွေပြောနေတာလဲ...ငါက ဘာလို့ မင်းအစ်မကို ကြိုက်ရမှာလဲ..."
"အဲ့လိုဆို အကောင်းဆုံးပဲ...ဒီလိုဆို မင်း ငါ့အစ်မ. အစ်ကိုရွှီနဲ့တွေ့တာကို မတားသင့်ဘူးမလား..."
သူ စကားလုံးအနည်းငယ်ဖြင့် လေထုကို မြှင့်တင်လိုက်လေသည်။
ဝူရှင်းယွမ်က ယင်းကို ကြည့်ကာ အံ့အားသင့်နေလေသည်။ လင်းလော့ချင်း၏စကားပြောစွမ်းရည်က အပြစ်ပြောစရာမရှိပေ။ ဤဇာတ်ကွက်တွင် လူများစွာ ရှိသော်လည်း သူတို့၏စွမ်းရည်က လင်းလော့ချင်းလောက် မကောင်းပေ။
သူ ယင်းကို မမျှော်လင့်ထားခဲ့ပေ။ သူ လင်းလော့ချင်း၏ယခင်အွန်လိုင်း ဒရမ်မာများကို ကြည့်ဖူးသောကြောင့်ဖြစ်ပြီး ယခုလိုအသံဆိုလျှင် ဒရမ်မာထဲတွင် မူရင်းအသံသုံးကာ သရုပ်ဆောင်နိုင်ပြီးဒရမ်မာ ထုတ်လွှင့်လာချိန်တွင် ယင်းကို ဈေးကွက်ရှာဖွေရေးအတွက် အသုံးပြုနိုင်ပေသည်။
ဒါရိုက်တာလည်း အံ့ဩသွားခဲ့သော်လည်း ဝူရှင်းယွမ်၏အံ့ဩမှုနှင့် ကွာခြားလေသည်။ ဒါရိုက်တာက ယခင်က လင်းလော့ချင်း၏စာဖတ်စွမ်းရည်ကို အံ့အားသင့်ခဲ့သော်လည်း ယခုအခါ လင်းလော့ချင်းက ဤဇာတ်ကွက်အတွက် ဇာတ်ညွှန်းစာအုပ်အား လုံး၀ကြည့်စရာမလိုသည်ကို အံ့အားသင့်သွားခြင်းဖြစ်လေသည်။
သူက ဇာတ်ညွှန်းစာအုပ်ထဲက စာသားအားလုံးကို အလွတ်ကျက်ပြီးပြီလား...
အချိန်တိုင်း အခြားလူများက စာအုပ်ကို ငုံ့ကြည့်ကြသော်လည်း သူက လုံး၀မကြည့်ခဲ့ပေ။ ထို့အပြင် စာသားများ ပြောရာတွင်လည်း ခံစားချက်ပါလေသည်။
သူက အလုပ်အပေါ် အရမ်းလေးနက်တာပဲ...
ဒါရိုက်တာက နှလုံးသားထဲတွင် ကူရာမဲ့စွာ ခေါင်းငြိမ့်လိုက်ပြီး လင်းလော့ချင်းအပေါ် အမြင်များကတစ်ဟုန်ထိုး ထိုးတက်လာလေသည်။
နှစ်နာရီကြာပြီးနောက် ဇာတ်ညွှန်းဖတ်ခြင်း ပထမအသုတ် ပြီးပြီဖြစ်သည်။
ဒါရိုက်တာက လူတိုင်းကို ထင်မြင်ချက်အချို့ပေးလိုက်ပြီး လင်းလော့ချင်းအလှည့်ရောက်သောအခါ ရှားရှားပါးပါး ချီးကျူးလိုက်လေသည်။
"လော့ချင်း ဇာတ်ညွှန်းဖတ်တာ အရမ်းကောင်းတယ်....ကြည့်ရတာ သူတို့အားလုံးကို မှတ်မိပုံပဲ... မဆိုးဘူး...မင်းရဲ့ကြိုတင်ပြင်ဆင်မှုက အရမ်းကို ကောင်းတယ်..."
လင်းလော့ချင်း လျင်မြန်စွာ ပြန်တုံ့ပြန်လိုက်သည်။
"ဒါက တိုက်ဆိုင်ဆာပါ....ကျွန်တော့်မှာ ဘာမှလုပ်စရာမရှိတော့ အနားယူချိန်တိုင်း ဒါပဲ ဖတ်နေတာမို့လို့ပါ..."
သူက နှိမ့်ချလိုခြင်း မဟုတ်သော်လည်း အဓိကဇာတ်ဆောင်နှစ်ယောက်ရှေ့တွင် ဒါရိုက်တာကသူ့ကို ချီးကျူးလာလျှင်"ကျွန်တော် သေချာလုပ်ခဲ့လို့ပါ"ဟု ပြော၍မရပေ။
ဘာလို့ အမုန်းခံရမှာလဲ...
ထို့ကြောင့် သူ ယဉ်ယဉ်ကျေးကျေးနှင့် တော်သင့်ရုံ ငြင်းဆန်ခြင်းဖြစ်လေသည်။
ဒါရိုက်တာကလည်း ယင်းကို သဘောပေါက်ပြီး အလွန်အကျူးချီးကျူးနေခြင်းအား ရပ်လိုက်သည်။
သူ လင်းလော့ချင်းကို ပြောပြီးနောက်အခြားတစ်ယောက်ကို ဆက်ပြောလိုက်လေသည်။
ဒါရိုက်တာက အားလုံးကို မှတ်ချက်ပေးပြီးနောက် ဇာတ်ညွှန်းဖတ်ပွဲပြီးဆုံးသွားကာ လူစုခွဲလိုက်ကြသည်။
ယောင်မော့မော့က အနောက်တွင် နေခဲ့ပြီး လင်းလော့ချင်းကို ပြုံးပြလိုက်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
"နင့်ဇာတ်ညွှန်းဖတ်တာ အရမ်းကောင်းတာပဲ..."
"သူတို့က ကောင်းပြီးသားမို့လို့ပါ...ချီးမွမ်းပေးတာ ကျေးဇူးတင်ပါတယ်..."
လင်းလော့ချင်း ယဉ်ကျေးစွာ ပြောလိုက်သည်။
"ရုပ်ရှင်ရိုက်ရင် ငါ နင်နဲ့အတူတူ ဇာတ်ညွှန်းလေ့ကျင့်လို့ရလား..."
ယောင်မော့မော့တွင် ထိုသို့သော အကြံရှိမည်ကို လင်းလော့ချင်း မမျှော်လင့်ထားခဲ့သော်လည်း
မတုံ့မဆိုင်း သဘောတူလိုက်သည်။
"ရတာပေါ့..."
"ကျေးဇူးတင်ပါတယ်..."
ယောင်မော့မော့ ပြုံးကာ ပြောလိုက်သည်။
သူက လင်းလော့ချင်း၏Wechatကို ပေါင်းထည့်လိုက်ပြီး စကားအနည်းငယ် ထပ်ပြောပြီးနောက်ဓာတ်လှေကားအ၀တွင် လင်းလော့ချင်းကို နှုတ်ဆက်လိုက်လေသည်။
ဝူရှင်းယွမ် လင်းလော့ချင်းကို ကြည့်ကာ သဘောကျသွားသည်။
အစ်ကိုလီက သူ့ကို သတိပေးချက်ကြောင့်လင်းလော့ချင်းအပေါ် သူ့မျှော်လင့်ချက်များ အလွန်နည်းပါးလေသည်။ လင်းလော့ချင်းက သူ့ကို ထပ်ခါတလဲလဲ အံ့ဩစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လင်းလော့ချင်းက သူ့သူဋ္ဌေးပြောသလို တကယ်အရည်အချင်းရှိတဲ့သူလား...
အစ်ကိုလီက လင်းလော့ချင်းအတွက် အချိန်အကြာကြီး မြှုပ်နှံခဲ့ပြီး လင်းလော့ချင်းကိုတောင်အပြစ်တင်သေးတယ်...အရှက်မရှိလိုက်တာ...
ဝူရှင်းယွမ်တွင် လင်းလော့ချင်းအပေါ် သံသယများ မရှိတော့ပဲ အစ်ကိုလီအပေါ် တွင်သာ အလွန်သံသယဖြစ်နေလေသည်။
သံသယဖြစ်စရာ ကောင်းလွန်းတယ်...
ထိုအချိန်တွင် အစ်ကိုလီက သူ့၏အနုပညာရှင်လေး auditionပြီးပြီးချင်း ရုတ်တရက် နှာချေလိုက်လေသည်။ အနုပညာရှင်လေးက သူ့ကို ဂရုတစိုက် မေးလိုက်သည်။
"အစ်ကိုလီ ဘာဖြစ်လို့လဲ...အအေးမိနေတာလား...ကျွန်တော်လည်း အအေးမိနေတာ...ဒီနေ့လေတိုက်တာ အရမ်းကြမ်းတယ်လေ..."
အစ်ကိုလီ ခေါင်းငြိမ့်လိုက်သည်။ သူ အနည်းငယ်အေးနေသော်လည်း တစ်စုံတစ်ယောက်က သူ့ကိုကျိန်ဆဲနေသည်ဟု ခံစားရလေသည်။
ဘယ်သူက သူ့ကို ကျိန်ဆဲနေတာလဲ...
ဝူရှင်းယွမ်ဖြစ်ရမယ်...သူက အသုံးမကျတဲ့လင်းလော့ချင်းကို ဂရုစိုက်နေရတော့ သေလောက်အောင် ဒေါသထွက်နေလောက်ရောပေါ့...
လင်းလော့ချင်းကို တွေ့ပြီးရင် ဘယ်သူက တခြားလူကို မကျိန်ဆဲဘဲ နေနိုင်မှာလဲ...
သူက လူကောင်းဆိုပေမဲ့ လင်းလော့ချင်းက သူ့ကို ဒေါသထွက်အောင် လုပ်လွန်းတယ်...
သူ လင်းလော့ချင်းရဲ့ခေါင်းကို ဖောက်ပြီး အထဲမှာ ဦးနှောက်ရှိမရှိကြည့်ချင်လောက်အောင်ပဲ...
ထို့အတွက်ကြောင့် အစ်ကိုလီ ဝူရှင်းယွမ်ကို ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်သည်။
အစ်ကို ကျားယို့...မင်း အလုပ်ကြိုးစားသရွေ့ မျှော်လင့်ချက်ရှိသေးတယ်...ဖြစ်နိုင်ချေက တော်တော်လေး နည်းပေမဲ့ပေါ့...
လင်းလော့ချင်း ဟိုတယ်အခန်းသို့ပြန်ရောက်သောအခါ ၁၁နာရီထိုးလုနီးပြီဖြစ်ရာ လင်းဖေးနှင့်ကျိလဲ့ယွီလည်း အိပ်ပျော်နေလောက်ပေပြီ။