အပိုင်း ၈၄
Viewers 34k

Chapter 84




လင်းလော့ချင်း ဟိုတယ်အခန်းသို့ပြန်ရောက်သောအခါ ၁၁နာရီထိုးလုနီးပြီဖြစ်ရာ လင်းဖေးနှင့်ကျိလဲ့ယွီလည်း အိပ်ပျော်နေလောက်ပေပြီ။


ကျိယွီရှောင်လည်း ကလေးတွေနဲ့အတူအိပ်တော့ ဒီအချိန်လောက်ဆို အိပ်ပျော်နေလောက်ရောပေါ့...


ထို့ကြောင့် သူ သူတို့သုံးယောက်ကို မနှောင့်ယှက်တော့ပေ။ ဖုန်းကို ချလိုက်ပြီး ရေချိုးခန်းထဲ၀င်လိုက်ပြီး ရေချိုးလိုက်ကာ အိပ်ရန်ပြင်လိုက်သည်။


သို့သော်လည်း တစ်ဖက်တွင် ကျိယွီရှောင်၏အခြေအနေက သူ မျှော်လင့်ထားသည်နှင့် လုံး၀ကွာပြားနေလေသည်။ ကျိယွီရှောင်က မျက်လုံးများကို မှိတ်ထားသော်လည်း အိပ်မပျော်နိုင်ပေ။ သိသာစွာပင် သူ လင်းလော့ချင်း မရှိလျှင် အိပ်မ‌ပျော်နိုင်ပေ။


ကျိလဲ့ယွီက သူ့ပခုံးတစ်ဖက်ကို မှီကာ အိပ်နေပြီး လင်းဖေးက သူ့ဘေးတွင် ပုံမှန်အတိုင်း အိပ်ပျော်နေလေသည်။ ကလေးနှစ်ယောက်က အေးချမ်းစွာ အိပ်ပျော်နေသော်လည်း သူက မျက်လုံးမှိတ်ထားလျှင်ပင် အိပ်မပျော်နိုင်ပေ။


ကျိယွီရှောင် သက်ပြင်းချလိုက်သည်။ 


သူ ဒီည အိပ်ပျော်မယ် မထင်ဘူး...

...


နောက်နေ့မနက် alarmမြည်လာသောအခါ ကျိယွီရှောင်က လင်းဖေးနှင့် ကျိလဲ့ယွီကို နိုးလိုက်ပြီး ကျောင်းလိုက်ပို့ရန် ပြင်ဆင်လိုက်သည်။


သူက ပုံမှန်ဆိုလျှင် သူ့ခြေထောက်များက ပြဿနာရှိသည့်အတွက် ထိုသို့မလုပ်ချင်သော်လည်း လင်းလော့ချင်း ထွက်သွားသောအခါ လင်းဖေးက သူ့၏တစ်ဦးတည်းသောဆွေမျိုး မရှိတော့ခြင်းကြောင့် အိမ်တွင် စိတ်မသက်မသာခံစားနေရမည်ကို ကြောက်ရွံ့မိလေသည်။ ထို့ကြောင့် သူ လင်းဖေးနှင့်နီးကပ်လာရန် လင်းလော့ချင်း လုပ်သကဲ့သို့ လိုက်လုပ်ခြင်းဖြစ်၏။


ကျိလဲ့ယွီက ကျိယွီရှောင် သူတို့ကို ကျောင်းလိုက်ပို့မည်ကို မြင်သောအခါ အမြန်ပြောလိုက်သည်။


"သား ကိုယ့်ဖာသာ သွားနိုင်ပါတယ်...ဒယ်ဒီ ပြန်ပြီးအနားယူလိုက်လေ...သားတို့ကို လိုက်ပို့စရာ မလိုပါဘူး..."


လင်းဖေး သဘောတူလိုက်သည်။


"ဟုတ်ပါတယ်..."


သို့သော် ကျိယွီရှောင်က သူတို့စကားကို နားမထောင်ပေ။ သူ့ဘေးရှိ နေရာလွတ်ကို ပုတ်ပြလိုက်ပြီး သူတို့ကို တိုက်တွန်းလိုက်သည်။


"မြန်မြန်လာ...ကျောင်းနောက်ကျသွားလိမ့်မယ်..."


လင်းဖေးနှင့် ကျိလဲ့ယွီ ကားထဲ၀င်လိုက်ပြီး ကျိယွီရှောင်ဘေးတွင် ထိုင်လိုက်သည်။


ကျိလဲ့ယွီက ကျိယွီရှောင်ကို မှီလိုက်ပြီး နူးညံ့စွာ မေးလိုက်သည်။


"ဒယ်ဒီ ဘာလို့ သားတို့ကို ရုတ်တရက်ကြီး ကျောင်းလိုက်ပို့တာလဲ..."


"သားကို လိုက်မပို့ရတာ ကြာပြီလေ...ဒီနေ့ ဒယ်ဒီလည်း လုပ်စရာမရှိဘူးဆိုတော့ သားနဲ့ဖေးဖေးကိုလိုက်ပို့လိုက်တာ..."


ကျိလဲ့ယွီ ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ကျိယွီရှောင်လက်မောင်းကို ပွေ့ဖက်လိုက်ကာ သူ့ကို မှီလိုက်သည်။


ကျိယွီရှောင် ကျိလဲ့ယွီခေါင်းကို ထိလိုက်ပြီး လင်းဖေးကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်သည်။


လင်းဖေး :"..."


အိုကေ...ဒီလူကလည်း ပွေ့ဖက်ရတာကို သဘောကျပုံပဲ...လင်းလော့ချင်းနဲ့ ကျိလဲ့ယွီတို့သလောကျတဲ့သူဖြစ်တာ မဆန်းတော့ဘူး...သူတို့မှာ တူညီတဲ့ဝါသနာတွေ ရှိကြတာပဲ...


လင်းဖေး သက်ပြင်းချလိုက်ပြီး ကျိယွီရှောင်ကို မှီလိုက်ကာ လင်းလော့ချင်းအကြောင်း တွေးနေလိုက်သည်။


လော့ကျားက ကားကို မောင်းနှင်လာပြီး မကြာမီ ကျိလဲ့ယွီ၏ကျောင်းသို့ ရောက်လာလေသည်။


သူ ကျိယွီရှောင်ကို ကြည့်လိုက်ပြီး ကားပေါ်မှ မဆင်းချင်ဆင်းချင်နှင့် ဆင်းလိုက်သည်။


ထို့နောက် ဦးတည်ချက်ပြောင်းကာ လင်းဖေး ကျောင်းသို့ မောင်းလိုက်သည်။


လင်းဖေးက သူ့ကျောင်းသို့ ‌ရောက်ခါနီးအထိ တိတ်ဆိတ်နေပြီး ကျိယွီရှောင်ကို တွန့်ဆုတ်စွာ မေးလိုက်သည်။


"စနေနေ့ကျရင် ရှုရှုမှာ လုပ်စရာတွေ ရှိလား..."


"မရှိဘူး..."


ကျိယွီရှောင် ပြန်ဖြေလိုက်သည်။


တကယ်လို့ လုပ်စရာရှိနေရင်တောင် မရှိဘူးပဲ...


လင်းဖေးက သူ့ကို ‌တစ်ခုခုတောင်းဆိုခြင်းက ကြုံတောင့်ကြုံခဲဖြစ်လေသည်။ ထို့ကြောင့် ကျိယွီရှောင် ချက်ချင်း သဘောတူလိုက်ခြင်းဖြစ်သည်။


အဆင်ပြေတယ်...


ကျိယွီရှောင်၏အဖြေကို ကြားသောအခါ လင်းဖေး ဆက်ပြောလိုက်သည်။


"ဒါဆို ကျွန်တော့်ကို တစ်နေရာရာ လိုက်ပို့ပေးလို့ရလား..."


"ဘယ်နေရာလဲ..."


"ပန်းဆိုင်..."


လင်းဖေး ခေါင်းကို ငဲ့စောင်းကြည့်ကာ ပြောလိုက်သည်။


"သားက ပန်း၀ယ်ချင်လို့လား..."


ကျိယွီရှောင်၏အသံက နွေးထွေးနေလေသည်။


"ကောင်းပြီ...ရှုရှု မင်းကို လိုက်ပို့ပေးမယ်..."


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


"ကျေးဇူးတင်စရာ မလိုပါဘူး..."


ကျိယွီရှောင် လင်းဖေးခေါင်းကို ထိလိုက်သည်။


"ရှုရှုက သားရှုရှုလေ...သားလိုချင်တာရှိရင် သားရှုရှုကို ပြောသလိုမျိုး ရှုရှုကို ပြောပြလို့ရတယ်..."


လင်းဖေး တစ်ဖက်လူကို မှင်သက်စွာ ကြည့်နေလေသည်။


သူ့နှလုံးသားထဲတွင် ကျိယွီရှောင်ကို မငြင်းဆန်ခဲ့ပေ။ အမှန်တွင် သူက ကျိယွီရှောင်ကဲ့သို့အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ကို လေးစားလေသည်။ သို့သော် သူတို့နှစ်ယောက်က အချိန်များစွာ အတူ မကုန်ဆုံးရသေးသည့်အတွက် လင်းလော့ချင်းကဲ့သို့ မဆက်ဆံနိုင်‌သေးသည့်အပြင် သူက ကျိယွီရှောင်အပေါ် အနည်းငယ်ကိုးရိုးကားယားဖြစ်နေလေသည်။


သူ ကျိယွီရှောင်၏စကားအတွက် အဖြေကို စဉ်းစားနေစဉ် လော့ကျားပြောလာသည်ကို ကြားလိုက်ရလေသည်။


"ရောက်ပြီ..."


လင်းဖေးက ကျောပိုးအိတ်ကို လွယ်လိုက်ပြီး ပြောလိုက်သည်။


"ကျွန်တော် အရင် သွားနှင့်တော့မယ်...တာ့တာ..."


"တာ့တာ..."


ကျိယွီရှောင် လက်ပြနှုတ်ဆက်လိုက်သည်။


လင်းဖေး ခြေနှစ်လှမ်းခန့် လျှောက်ပြီးနောက် ကျိယွီရှောင်ကို အဖြေပြန်မပေးရသေးသည်ကို သတိရသွားပြီး နောက်ပြန်လှည့်လိုက်ပြီး ကားတံခါးဆွဲဖွင့်လိုက်သည်။


ကျိယွီရှောင် ပ‌ဟေဋိဖြစ်သွားလေသည်။


"တစ်ခုခု ကျကျန်ခဲ့လို့လား..."


လင်းဖေး ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


ကျိယွီရှောင်ပြောသကဲ့သို့ ဆက်ဆံနိုင်သည်ဖြစ်စေ မဆက်ဆံနိုင်သည်ဖြစ်စေ ကျိယွီရှောင်က သူ့ကိုစိတ်ပူနေသည့်အတွက် ကျိယွီရှောင်ကို ဦးစွာ ကျေးဇူးတင်သင့်လေသည်။


လင်းဖေးက တစ်ဖက်လူနှင့် စတွေ့ကတည်းက တစ်ဖက်လူ သူ့ကိုပေးသည့် ကြင်နာမှုများကို ခံစားမိလေသည်။


သူတို့က သွေး‌သား‌မတော်စပ်ကြပေ။ ထို့အပြင် ယခင်ကလည်း တစ်ယောက်နှင့်တစ်ယောက် မသိကျွမ်းဖူးပေ။ သို့သော် ကျိယွီရှောင်က သူ့ကို အမြဲ လေးနက်စွာ ဆက်ဆံခဲ့လေသည်။


သူက ကျိယွီရှောင်ကို လင်းလော့ချင်းအပေါ်ဆက်ဆံသကဲ့သို့ ဆက်ဆံလာနိုင်သည်ဖြစ်စေ၊ မဆက်ဆံနိုင်သည်ဖြစ်စေ သူက ကျိယွီရှောင်ကို အမြဲကျေးဇူးတင်နေမည်ဖြစ်လေသည်။


သူက ငယ်ရွယ်သေးသောကြောင့် ဘာမှမသိဟု လူတိုင်း ထင်ကြ‌သောကြောင့် သူ့အပေါ် ကောင်းကောင်းဆက်ဆံသူများရှိသလို ဆိုးဆိုးဝါးဝါး ဆက်ဆံသူများလည်း ရှိလေသည်။ 


သူက အဲ့ဒါကို ဘာလို့ နားမလည်ရမှာလဲ...


သူက ထုတ်ပြောဖို့ ပျင်းနေရုံပဲ...


ကျိယွီရှောင်ကို ကျေးဇူးတင်ပြီးနောက် သူ ကားတံခါးကို ပိတ်ကာ နောက်ပြန်လှည့်လိုက်ပြီး ကျောင်းဂိတ်၀သို့ လျင်မြန်စွာလျှောက်သွားလိုက်သည်။


ကျိယွီရှောင်က ကျောပိုးအိတ်ကြိုးက ဝဲပျံနေသည့်အထိ လျင်မြန်စွာ လျှောက်သွားသော လင်းဖေးကို ကြည့်နေပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖြစ်တည်လာလေသည်။


လင်းဖေးက တကယ် နူးညံ့သိမ်မွေ့တဲ့ကလေးတစ်ယောက်ပဲ...


လော့ကျားက ကျိယွီရှောင်ကို နောက်ကြည့်မှန်မှ တစ်ဆင့်ကြည့်လိုက်သည်။


"မင်းက ဒီကလေးအ‌ပေါ် တော်တော်ကြင်နာတာပဲ..."


"သူ့ဦးလေးက ရုပ်ရှင်ရိုက်ဖို့ သွားနေတယ်လေ...ငါနဲ့တစ်ယောက်တည်းနေတာ ပထမဆုံးပဲ...ငါ သူတို့ ဂရုစိုက်ရမှာပေါ့..."


"ကလေးအပေါ် ဂရုစိုက်တာလား...ကလေးရဲ့ဦးလေးအပေါ် ဂရုစိုက်တာလား..."


ကျိယွီရှောင် ‌နောက်ကို မှီလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။


"နှစ်ယောက်လုံးကို ဂရုစိုက်လို့ မရဘူးလား..."


လော့ကျား ရယ်မောလိုက်ပြီး ကားကို အိမ်သို့ ပြန်မောင်းလိုက်သည်။


တစ်ခြားဘက်တွင်....

 လင်းလော့ချင်း အိပ်ရာထလာပြီး အ၀တ်အစားလဲကာ ဖွင့်ပွဲသို့သွားလိုက်သည်။ 


ရုပ်ရှင်ပိုစတာများ ရိုက်ရန် ရှုတင်ကို မစမီ ဒါရိုက်တာ၊ လီဟန်ဟိုင်းတို့နှင့်အတူ အမွှေးနံ့သာပူဇော်လိုက်လေသည်။


လင်းလော့ချင်းက မန်ဟွား၏ပုံရိပ်နှင့် အင်တာနက်သုံးစွဲသူများရှေ့တွင် ပထမဆုံးပေါ်လာခြင်းဖြစ်သည့်အတွက် ဝူရှင်းယွမ်က ဤကိစ္စအပေါ် အထူးအာရုံစိုက်ထားလေသည်။ မိတ်ကပ်ဆရာက ကောင်းကောင်း မလုပ်နိုင်လျှင် ၊ ဓာတ်ပုံဆရာက ကောင်းကောင်းမရိုက်နိုင်လျှင် လင်းလော့ချင်းအပေါ် ပထမဆုံးအမြင်က ဆိုးရွားသွားမည်ဖြစ်သည်။


လင်းလော့ချင်း၏သရုပ်ဆောင်စွမ်းရည်ကို သူမသိရသေးသောကြောင့် ရုပ်ရည်က အလွန်အရေးကြီးနေလေသည်။


သူက လင်းလော့ချင်းဘေးတွင် ရပ်နေပြီး မိတ်ကပ်ဆရာက လင်းလော့ချင်းအား မျက်ခုံးမွှေးနှင့် အိုင်းလိုင်းနာများ ဆွဲပေးသည်ကို ကြည့်နေလေသည်။ ထို့နောက် သူ အမျိုးသားဇာတ်ဆောင်ကို ကြည့်လိုက်သည်။ အမျိုးသားဇာတ်ဆောင်တွင် အမြဲတမ်း အထူးသီးသန့်မိတ်ကပ်ဆရာရှိလေသည်။


အမှန်တွင် လီဟန်ဟိုင်းအတွက် အဖွဲ့က မိတ်ကပ်ဆရာတစ်ဦး စီစဉ်ပေးထားသော်လည်း လီဟန်ဟိုင်းက ကိုယ်ပိုင်မိတ်ကပ်ဆရာခေါ်လာသည့်အတွက် စီစဉ်ပေးထားသည့် မိတ်ကပ်ဆရာက လင်းလော့ချင်းလက်ထဲ ရောက်လာလေသည်။ 


ဝူရှင်းယွမ်က မိတ်ကပ်ဆရာ လင်းလော့ချင်းအပေါ် လေးလေးနက်နက်မရှိမည်ကို စိုးရိမ်သောကြောင့် ဘေးမှ လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည်။


'မှန်တယ်...'


ဝူရှင်းယွမ် တိတ်တဆိတ် မှတ်ချက်ပေးလိုက်သည်။ မျက်ခုံးမွှေး၊ eyelinerနှင့် မျက်တောင်များက လိုက်ဖက်ညီပြီး လင်းလော့ချင်းက အမျိုးသားဇာတ်ဆောင်ထက် မနှိမ့်ကျသလို ‌တစ်ဖက်လူထက် ‌တောက်ပြောင်နေခြင်းလည်း မရှိပေ။


မိတ်ကပ်ဆရာက အလွန်တာ၀န်ကျေလေသည်။


ဝူရှင်းယွမ် ကျေနပ်နေသော်လည်း လင်းလော့ချင်းက မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ပြင်ထားသည်ကို သဘောမကျပေ။


သူက နက်မှောင်နေသည့် မျက်လုံးများကို ကြည့်ကာ မျက်တောင်ခတ်လိုက်ပြီး မိတ်ကပ်ဆရာကို အကြံပြုလိုက်သည်။


"မျက်လုံးပြင်ထားတာတွေကို ဖျက်လိုက်လို့ရမလားဗျ..."


"ဖျက်ချင်လို့လား..."


မိတ်ကပ်ဆရာ သတိပေးလိုက်သည်။


"အခုက အရမ်းသိသာနေပေမဲ့ ကင်မရာက မိတ်ကပ်စားတယ်...ကင်မရာထဲမှာဆို မသိသာတော့ဘူး...ငါ ပြင်ပေးခဲ့တဲ့ သရုပ်ဆောင်တွေ အားလုံးက သူတို့ကိုယ်သူတို့ နုပျိုသွားအောင် မျက်လုံးကို ဒီလိုလုပ်ကြတယ်လေ..."


“မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ဒီလိုပြင်တာ ကောင်းမယ်မထင်ဘူး..."


လင်းလော့ချင်း တည်ငြိမ်စွာ ပြောလိုက်သည်။


"မန်ဟွားက ‌အသက် ၁၇/၁၈မဟုတ်ဘဲ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားလေ...ဒီမျက်လုံးလုပ်ထားတာက တက္ကသိုလ်ကျောင်းသားဇာတ်ရုပ်နဲ့ မလိုက်ဖက်ဘူး..."


"ဘာလို့ ဒီလောက်ရိုးသားရတာလဲ..."


မိတ်ကပ်ဆရာပြောလိုက်ပြီး မိတ်ကပ်ကို ဖျက်ရန် ပြင်ဆင်လိုက်သည်။


"သရုပ်ဆောင်အသစ်မလား...ငါ နင့်ကို အရင်က မတွေ့ဖူးဘူး...လက်ရှိသရုပ်ဆောင်တွေက သူတို့မျက်နှာနဲ့ ဖန်တွေကို ဆွဲဆောင်ကြတာလေ...ဒါကြောင့် သရုပ်ဆောင်ရင်လည်း လှအောင် ပြင်ကြတယ်...တချို့ဆို မိန်းကလေးတွေထက်တောင် ပိုနုနယ်ကြသေးတယ်...နင်က သရုပ်ဆောင်အသစ်ဖြစ်ပြီး သရုပ်ဆောင်လမ်းကြောင်းကို အခုမှ စလျှောက်ပေမဲ့ ဇာတ်ကောင်နဲ့ ကိုက်ညီမကိုက်ညီတွေးနေပြီလား..."


လင်းလော့ချင်း မိတ်ကပ်ဆရာ၏စကားများကို နား‌‌ထောင်ပြီးနောက် ရယ်မောလိုက်သည်။


သူက လူသစ်မဟုတ်သောကြောင်း တစ်ဖက်လူစကားများက မှန်ကြောင်း သိလေသည်။ လက်ရှိသရုပ်ဆောင်များက ရုပ်ရှင်ရိုက်ကူးကြရာတွင် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာရန်တွေးနေကြခြင်း မဟုတ်ပေ။ ကြယ်ပွင့်ဖြစ်လာရန် တွေးနေကြခြင်းဖြစ်လေသည်။


ထို့ကြောင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်လာရန် ဒရမ်မာများထဲတွင် ချောမောလှပနေကြရလေသည်။


အဲ့လိုမှမဟုတ်ရင် ဖန်တွေကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ...


ထို့အတွက်ကြောင့် ဇာတ်‌ကောင်နှင့် လိုက်ဖက်ညီမညီက သူတို့အတွက် အရေးမကြီးကြပေ။


သို့သော် လင်းလော့ချင်းက သရုပ်ဆောင်ကောင်းဖြစ်ရန် မျှော်လင့်လေသည်။


သူက သရုပ်ဆောင်ခြင်းကို ချစ်ပြီး ဤကမ္ဘာကို ကူးပြောင်းမလာမီ လူရွေးပွဲများကို အလွန်အကျူးသွားခဲ့လေသည်။ သူက မတူညီသောအဖွဲ့များထဲတွင် မတူညီသော ဇာတ်ပို့ဇာတ်ကောင်များကိုသရုပ်ဆောင်ခဲ့သည်။


ဇာတ်ကောင်တစ်ကောင်နှင့် ကြုံတွေ့ရခြင်းက သူငယ်ချင်းတစ်ယောက်နှင့် တွေ့ရခြင်းနှင့်တူလေသည်။


ဇာတ်ကောင်တိုင်းက သူဖြစ်လာတာ ဘယ်လောက် ပျော်စရာကောင်းလိုက်လဲ...


“ဖျက်မှာ သေချာတယ်နော်..."


မိတ်ကပ်ဆရာက ထပ်မံမေးလိုက်သည်။ 


"သေချာတယ်ဆိုရင် ငါ ဖျက်လိုက်တော့မယ်...သေချာစဉ်းစား..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"ဖျက်လိုက်ပါ..."


မိတ်ကပ်ဆရာက ဂွမ်းစကို ယူကာ မျက်လုံးကို သုတ်ပေးလိုက်သည်။


မကြာမီ မျက်လုံးတွင် ခြယ်ထားသော မိတ်ကပ်အားလုံး ပြောင်သွားပြီဖြစ်သည်။ လင်းလော့ချင်းမျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့၏သန့်ရှင်းနေသော မျက်လုံးကို မြင်ပြီး ကျေနပ်သွားလေသည်။


"ကျေးဇူးတင်ပါတယ်..."


သူ မိတ်ကပ်ဆရာကို ပြောလိုက်သည်။


"ရပါတယ်....ငါ့အတွက် ပိုတောင် အဆင်ပြေသေးတယ်...အ၀တ်အစားသွားလဲလိုက်...တခြား ထပ်ဖြည့်စရာ လိုမလိုကြည့်ရအောင်..."


“အို‌ကေ..."


လင်းလော့ချင်း မတ်တပ်ရပ်လိုက်ပြီး ဘေးခန်းရှိ အ၀တ်လဲခန်းသို့ သွားလိုက်သည်။


မန်ဟွားက မန်ထောင်၏မောင်လေးဖြစ်ပြီး တက္ကသိုလ်စတက်ခါစ ကျောင်းသားဖြစ်လေသည်။ ထို့ကြောင့် ဒီဇိုင်းနာများက အဖြူ ရောင်နှင့် အပြာရောင်၀တ်စုံများကို အဓိကထားစီစဉ်ပေးထားသည်။


လင်းလော့ချင်း အ၀တ်လဲခန်းထဲသို့ ရောက်သွားသောအခါ ဆရာလျှို၏လက်ထောက်က အဖြူရောင်ဆွယ်တာ၊ အပြာရောင်ဂျင်းဘောင်းဘီနှင့်အဖြူရောင် အားကစားဖိနပ်များကို သူ့ထံပေးလာလေသည်။


လင်းလော့ချင်း အ၀တ်အစားလဲပြီးသောအခါ လက်‌ထောက်က သပ်ရပ်အောင် ကူညီပေးလာသည်။ ထို့နောက် သူ မိတ်ကပ်ဆရာဆီသို့ ပြန်သွားလိုက်သည်။


မိတ်ကပ်ဆရာက အံ့အားသင့်နေသော မျက်လုံးများနှင့် သူ့ကို စိုက်ကြည့်နေလေသည်။


လင်းလော့ချင်းစကားများက မှန်သည်ဟု သူ ခံစားမိလေသည်။ ငယ်ရွယ်ချောမောသောတက္ကသိုလ်ကျောင်းသားဖြစ်သည့် မန်ဟွားကအခြားမိတ်ကပ်များ မလိုအပ်ပေ။ တက်ကြွမှုက သူ့၏အဓိကလက်နက်ဖြစ်လေသည်။ သူက သန့်ရှင်းတက်ကြွစွာ ရပ်နေရုံသာလိုပြီး ယင်းကပင် သူ့ကို မဖူးပွင့်ရသေးသည့် ရေနတ်သမီးပန်းလေးနှင့် တူစေလေသည်။


"ဒီကိုလာ..."


မိတ်ကပ်ဆရာက သူ့လက်ထောက်ကို ဆံပင်လိပ်စက် ဖွင့်ခိုင်းလိုက်သည်။


လင်းလော့ချင်း နားမလည်သောကြောင့် မိတ်ကပ်ဆရာက နူးညံ့စွာ ပြောလိုက်သည်။


"ငါ နင့်ကို ဆံပင်စတိုင်လုပ်ပေးမယ်...စိတ်မပူပါနဲ့...လေးလံတဲ့စတိုင် မဟုတ်ဘူး...နင့်ဇာတ်‌ကောင်ကပိုတောက်ပသန့်ရှင်းသင့်တယ်...နင်က ယဉ်ကျေးလွန်းတော့ ငါလည်း တက်ကြွမှုတွေ ထပ်ဖြည့်ပေးရမှာပေါ့..."


လင်းလော့ချင်း ကောင်းစွာ နားမလည်သေးသော်လည်း ပူးပေါင်းလိုက်ကာ ထိုင်လိုက်သည်။


"ဟုတ်ကဲ့..."


မိတ်ကပ်ဆရာက ခတ္တစောင့်ဆိုင်းပြီး‌နောက် ဆံပင်လိပ်စက်က ပူလာပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ စတိုင်စထုတ်လိုက်လေသည်။


မိတ်ကပ်ဆရာက အလွန်စိတ်ရှည်စွာ အနုစိတ်လုပ်ပေးခဲ့သည်။ လင်းလော့ချင်းက လူကြိုက်များခြင်း မရှိသည့်အချက်ကို ဂရုမစိုက်ခဲ့ပေ။


ဆံပင်ပုံသွင်းပြီးသောအခါ သူက ပျော်ရွှင်စွာ ဆံပင်စပရင် ဖြန်းပေးလိုက်ပြီး ကျေနပ်စွာ ပြောလိုက်သည်။


"ပြီးသွားပြီ..."


လင်းလော့ချင်း မှန်ထဲမှ သူ့ဆံပင်စတိုင်ကို ကြည့်လိုက်သည်။ သူက အခြားလူများက သူ့ထံမှ ငွေရှာနိုင်သည်ဟု ခံစားရလေသည်။


ဥပမာ သူ့၏လက်ရှိဆံပင်စတိုင်က လူလုပ်ထား ခြင်းဖြစ်ကြောင်း‌ မပြောနိုင်ပေ။ ဆံပင်က အလွန်သဘာ၀ဆန်လွန်းပြီး အမြဲ ထိုသို့ဖြစ်နေသကဲ့သို့ပင် ထင်ရလေသည်။


မိတ်ကပ်ဆရာက မည်သို့လုပ်လိုက်မှန်း သူမသိချေ။ သူ့ဆံပင်များက အချို့နေရာများတွင် ကြွရွနေသော်လည်း ကောက်နေခြင်းတော့ မဟုတ်ပေ။ ယင်းက သူ့၏ငယ်ရွယ်တက်ကြွသောစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေလေသည်။


အခြားနေရာများက သဘာ၀အတိုင်း ဖြစ်နေ‌သော်လည်း အမှန်တွင် ယင်းနေရာများကို သေချာဂရုစိုက်ထားကာ ဆံခြည်မျှင်များကို ထပ်ထားခြင်းဖြစ်လေသည်။ ယင်းက သူ့၏သန့်ရှင်းလှပသော မျက်ခုံးနှင့်မျက်လုံးကို ပိုမိုအသက်၀င်လာစေလေသည်။


လင်းလော့ချင်းက မိတ်ကပ်ဆရာအား လက်မထောင်ကာ ချီးကျူးလိုက်သည်။


"အံ့ဩစရာပဲ...ဆရာမ မင်းရဲ့လက်တွေက တကယ့်အစစ်အမှန်လက်တွေပဲ...မင်းလက်တွေနဲ့စာရင်ကျွန်တော့်လက်တွေက လက်အတုတွေလိုပဲ..."


ဝူရှင်းယွမ်ပင် ကူရာမဲ့စွာ ခေါင်းငြိမ့်လိုက်လေသည်။ လင်းလော့ချင်း၏သွင်ပြင်က ယခင်ကထက် ပိုကောင်းမွန်လာလေသည်။ ပို၍ အရေးကြီးသည်က လင်းလော့ချင်း၏စိတ်နေ

စိတ်ထားကပါ လုံး၀ပြောင်းလဲသွားခြင်းဖြစ်လေသည်။ ယခင် အ၀တ်လဲပြီး ထွက်လာသည့် လင်းလော့ချင်းက နူးညံ့တည်ငြိမ်သည့် လူငယ်တစ်ယောက်ဖြစ်သော်လည်း ယခုလင်းလော့ချင်းက တောက်ပ‌၀င့်ကြွားသည့် ကျောင်းသားတစ်ယောက်ဖြစ်လာလေသည်။


မိတ်ကပ်ဆရာက သူ့၏ချီးကျူးစကားကို နားထောင်ပြီးနောက် အနည်းငယ် ဂုဏ်ယူပျော်ရွှင်နေလေသည်။