Chapter 85
"ငါ့ကို ဆရာမလို့ မခေါ်ပါနဲ့...အားမီလို့ပဲခေါ်...နင်က အရမ်းချောပြီး ဇာတ်ကောင်နဲ့လိုက်ဖက်မှုရှိလို့ ဒီလိုဖြစ်လာတာ..."
ပြောပြီးနောက် သူ လင်းလော့ချင်းကို ပြုံးပြလိုက်သည်။ သူ အလွန်ပျော်ရွှင်နေကြောင်းသိသာလေသည်။
သူက နာမည်ကြီးမိတ်ကပ်ဆရာ မဟုတ်သောကြောင့် သူ့တွင် စကားပြောခွင့်လည်း မရှိပေ။ သူက သရုပ်ဆောင်များ၏မျက်နှာပုံစံ၊ ဇာတ်ကောင်တို့နှင့် ကိုက်ညီသော မိတ်ကပ်စတိုင်ကို အမြဲ ကြိုတွေးထားသော်လည်း ကံမကောင်းစွာနှင့် သူ့စိတ်ကူးများက အမြဲငြင်းပယ်ခံရလေသည်။
အဖွဲ့ထဲမှ လီဟန်ဟိုင်းသည်လည်း အတူတူပင်ဖြစ်သည်။ သူက လူကြိုက်များသောကြောင့် ကိုယ်ပိုင်မိတ်ကပ်ပုံစံနှင့် ကိုယ်ပိုင်မိတ်ကပ်ဆရာရှိပြီး သူက မိတ်ကပ်နှင့်ဆံပင်ကို ကောင်းမွန်စွာ လုပ်နိုင်လိမ့်မည်ဟု လီဟန်ဟိုင်း မတွေးခဲ့ပေ။
အားမီ လီဟန်ဟိုင်း၏ငြင်းပယ်မှုကို နားလည်သောကြောင့် လင်းလော့ချင်းကို ပြင်ပေးရခြင်းနှင့် ပတ်သတ်၍ အတွန့်မတက်ခဲ့ပေ။ သူက သူ့အလုပ်ကို ကောင်းကောင်းလုပ်ချင်ပေသည်။
သူက လင်းလော့ချင်းကိုိုလက်ရှိကာလတွင် လူတိုင်းသဘောကျသည့်၊ သူ ပြင်ဆင်ပေးဖူးသည့် သရုပ်ဆောင်များ သဘောကျသည့်မိတ်ကပ်စတိုင်ကို ပြင်ပေးခဲ့သည်။ ယင်းက စင်ပေါ်တွင် ဖျော်ဖြေနေသည့် မိတ်ကပ်အပြည့်နှင့် အိုင်ဒေါလ်များနှင့် တူညီလေသည်။ သူ ထိုသို့ပြင်ပေးခဲ့သော်လည်း လင်းလော့ချင်းက ယင်းကို ငြင်းဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက ထိုမိတ်ကပ်စတိုင်နှင့် ကြည့်ကောင်းသော်လည်း ဇာတ်ကောင်နှင့် မကိုက်ညီသည့်အတွက် မကြိုက်ခဲ့ပေ။
အားမီ အံ့အားသင့်ခဲ့ပြီး လင်းလော့ချင်းက ရိုးသားသည်ဟု တွေးခဲ့လေသည်။
လင်းလော့ချင်း၏ရိုးသားမှုကြောင့် အားမီက တစ်ဖက်လူအပေါ် ခံစားချက်ကောင်းလေသည်။
ထို့ကြောင့် သူ့စွမ်းရည်များကို လင်းလော့ချင်းအတွက် အသုံးချချင်ခဲ့သည်။
သူက မန်ဟွား၏ငယ်ရွယ်တက်ကြွသည့် ဇာတ်ကောင်စရိုက်နှင့် ကိုက်ညီသည့် ဆံပင်စတိုင်ကို အလျင်အမြန် စဉ်းစားခဲ့သည်။
သူ ထင်ထားသလိုပင် ထိုဆံပင်စတိုင်ကို လင်းလော့ချင်း ကျေနပ်သွားလေသည်။
အားမီက ပိုစတာထဲတွင် တွေ့ရမည့် လင်းလော့ချင်းပုံစံကို တကယ် မျှော်လင့်မိလေသည်။
ထိုအခါ အင်တာနက်သုံးစွဲသူများက တက်သစ်စသရုပ်ဆောင်တစ်ယောက်၏ ချောမောမှုကို အံ့ဩသွားကြမည်ဖြစ်သည်။ အထူးသဖြင့် လင်းလော့ချင်းက ကောလိပ်၀င်ခွင့်စာမေးပွဲပြီးစ ကျောင်းသားတစ်ယောက်ကဲ့သို့ အလွန်ငယ်ရွယ်နုပျိုလေသည်။ လူတိုင်းက သူ့ကို ၁၇/၁၈လောက်ဟုသာ တွေးမိကြမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် အားမီက တရား၀င်ဝေ့ပေါ်ပို့စ်မှ မှတ်ချက်များကို မြင်နိုင်မည်ဖြစ်သည်။
သူ အဲ့အချိန်ကို တကယ် မျှော်လင့်နေပြီ...
လင်းလော့ချင်းက အချိန်မဆွဲတော့ပေ။ သူ မိတ်ကပ်လိမ်းပြီးသည်နှင့် အားမီကို နှုတ်ဆက်လိုက်ပြီးစတူဒီယိုသို့ သွားလိုက်သည်။
ဤအချိန်တွင် အဓိကဇာတ်ဆောင်များက ပြင်ဆင်၍ မပြီးကြသေးချေ။ ဒုတိယအမျိုးသားဇာတ်ဆောင် ကျန်းချွမ်တစ်ယောက်တည်းကသာရုပ်ရှင်ပိုစတာ ရိုက်ကူးနေလေသည်။
လင်းလော့ချင်းက ခဏလောက် စောင့်နေပြီး ကျန်းချွမ်ရိုက်ကူးပြီးသောအခါ သူ့အလှည့်ရောက်လာလေသည်။
ဓာတ်ပုံဆရာက အခုလေးတင် ရိုက်ထားသည့်ကျန်းချွမ်၏ဓာတ်ပုံများကို ပြန်ကြည့်နေလေသည်။
သူ့၏စွမ်းရည်က အလွန်ကောင်းမွန်သော်လည်း ကျန်းချွမ်က အမူအရာနှင့်သွင်ပြင်က သာမာန်ဖြစ်နေသောကြောင့် သူက ဓာတ်ပုံများအပေါ် စိတ်မကျေနပ်ပေ။ ကံကောင်းစွာနှင့် တရား၀င်ကြော်ငြာချက် ပိုစတာအတွက် ဓာတ်ပုံအနည်းငယ်သာ လိုအပ်လေသည်။
ဓာတ်ပုံအနည်းငယ်သာဆိုလျှင် သူ လုပ်နိုင်လေသည်။
ထိုသို့ တွေးပြီးနောက် ခေါင်းမော့ကြည့်လိုက်သောအခါ အလင်းရောင်အောက်တွင် ရပ်နေသော လင်းလော့ချင်းကို မြင်လိုက်ရလေသည်။
လင်းလော့ချင်းက အ၀တ်အများဆုံးစတိုင်ဖြစ်သည့် ဆွယ်တာနှင့်ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားလေသည်။ သူ့၏အသားအရောင်က အလွန်ဖြူလေသည်။ သူက ကြွေကဲ့သို့ ဖြူဖွေးနေခြင်းမဟုတ်သော်လည်း ကြွေသဖွယ် နူးညံ့နုနယ်ဖြူစင်လေသည်။
အလင်းရောင်အောက်တွင် ရပ်နေသောအခါ သူ့ဆံပင်များက အညိုရောင်တောက်နေလေသည်။ သူ့မျက်လုံးများက ဖန်သဖွယ် ကြည်လင်နေပြီး ဖုန်မှုန့်များ မစွန်းထင်းသေးသော လူငယ်တစ်ယောက်နှင့်တူ၏။
လင်းလော့ချင်းက ဓာတ်ပုံဆရာ၏အကြည့်ကို သတိပြုမိပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
ထိုအခါ သူ့မျက်လုံးများက ရုတ်တရက် အသက်၀င်လာပြီး သူ့အတွင်းမှ ထွက်လာသော ဆယ်ကျော်သက်တစ်ယောက်၏တောက်ပမှုနှင့်တက်ကြွမှုကို ခံစားနိုင်လေသည်။ ထိုအခိုက်အတန့်တွင် လင်းလော့ချင်းက နွေဦးသဖွယ်ဖြစ်နေလေသည်။
ဓာတ်ပုံဆရာက တစ်ဖက်လူကို အံ့အားသင့်စွာကြည့်နေပြီး 'ဒါရိုက်တာက အရမ်းတော်တယ်'ဟု စိတ်ထဲတွင် လျှို့ဝှက်စွာ တွေးလိုက်လေသည်။ ဇာတ်ညွှန်းထဲမှ တတိယအမျိုးသားဇာတ်ဆောင်က အသက်၁၈နှစ်သာ ရှိသေးပြီး ဒါရိုက်တာက ထိုဇာတ်ကောင်အတွက် အသက်၁၈နှစ်အရွယ်ကျောင်းသားကို အမှန်တကယ် ရှာတွေ့ခဲ့လေသည်။
ဒီကျောင်းသားက အရမ်းငယ်ပုံပေါက်တယ်...သူက ရုပ်ရှင်အကယ်ဒမီတစ်ခုက လူသစ်တစ်ယောက်ဖြစ်နိုင်တယ်...
ထိုသို့ တွေးမိပြီးနောက် တစ်ဖက်လူကို ကြောက်ရွံ့မသွားစေချင်သောကြောင့် သဘောထားကြီးစွာပြုမူနေလေသည်။
"မစ္စတာလင်း ဒီကို နည်းနည်းတိုး...ဟုတ်တယ် နည်းနည်းထပ်တိုး..."
ဓာတ်ပုံဆရာ၏လက်ထောက်ဖြစ်သူ ရှောင်ကျုံးက တစ်ဖက်လူကို သတိပေးလိုက်သည်။
လင်းလော့ချင်း ပူးပေါင်းလိုက်ပြီး ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။
"ဟုတ်တယ်...အဲ့နေရာ..."
ဓာတ်ပုံဆရာ ပြောလိုက်သည်။
သူ ကင်မရာကို မြှောက်လိုက်ပြီး လင်းလော့ချင်းကို မျက်နှာမူလိုက်ကာ ကင်မရာဘောင်ကို ချိန်ညှိလိုက်သည်။
လင်းလော့ချင်းက မျက်နှာမထူပေ။ သူ့သွင်ပြင်က သိမ်မွေ့ကျော့ရှင်းလေသည်။ သူက လူများကိုသိမ်မွေ့သောခံစားချက် ပေးစွမ်းနိုင်သည်။
လင်းလော့ချင်းက အလွန်ဓာတ်ပုံစားလေသည်။
ကင်မရာထဲရှိ သူ့သွင်ပြင်က နူးညံ့ပြီး သူ့၏သိမ်မွေ့သောသဘောထားက ထည်ဝါလေသည်။ ထိုအချက်က သူ့၏နှစ်လိုဖွယ်ကောင်းမှုကို လျော့ချသွားမည့်အစား ကျောက်စိမ်းသဖွယ် နွေးထွေးလာစေလေသည်။
ဓာတ်ပုံဆရာက ပိုမိုအံ့အားသင့်သွားပြီး ဓာတ်ပုံရိုက်လိုက်သည်။
လင်းလော့ချင်းက ဓာတ်ပုံဆရာ၏ ဓာတ်ပုံရိုက်သံအောက်တွင် မလှုပ်ရှားရဲဖြစ်နေလေသည်။
သူ စာအုပ်ထဲ မကူးပြောင်းမီက သေးငယ်သောဇာတ်ပို့ဇာတ်ကောင်များကိုသာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထို့အတွက် ရုပ်ရှင်ပိုစတာများ မရိုက်ခဲ့ရပေ။ ထို့ကြောင့် လင်းလော့ချင်းက ဤကမ္ဘာရောက်မှသာ တရား၀င်ရုပ်ရှင်ပိုစတာ ရိုက်ကူးရခြင်းဖြစ်လေသည်။
ဓာတ်ပုံဆရာက ဓာတ်ပုံအနည်းငယ် အနည်းငယ်ရိုက်ကူးပြီးနောက် လင်းလော့ချင်းကို ကိုယ်နေဟန်ထား ပြောင်းခိုင်းလိုက်သည်။
လင်းလော့ချင်းက ဤနယ်ပယ်တွင် အတွေ့အကြုံမရှိသော်လည်း ကံကောင်းစွာနှင့် သူက ကင်မရာရှေ့တွင် တည်ငြိမ်လေသည်။ သူက ဓာတ်ပုံဆရာ ဘာလုပ်ခိုင်းခိုင်း... ၀င့်ကြွားခိုင်းသည်ဖြစ်စေ၊ ရယ်မောခိုင်းသည်ဖြစ်စေ အားလုံးကို သေချာလိုက်လုပ်လေသည်။ သူက ဓာတ်ပုံရိုက်ခြင်းသည် ရုပ်ရှင်ရိုက်ကူးရသကဲ့သို့ အခက်အခဲ မရှိပေ။
ဓာတ်ပုံဆရာက ကင်မရာထဲမှ လင်းလော့ချင်းကို ကြည့်ပြီး တစ်ဖက်လူက ဘယ်လိုဓာတ်ပုံရိုက်ရိုက်ကောင်းကောင်း ရိုက်နိုင်မည်ဟု ခံစားရလေသည်။
လင်းလော့ချင်း၏စွမ်းဆောင်ရည်က အလွန်ကောင်းမွန်ပြီး ဖျော်ဖြေရေးလောကမှ လူသစ် တစ်ယောက်နှင့် မတူပေ။
“ ကောင်းတယ်..."
သူ မှတ်ချက်ပေးလိုက်သည်။
သူက စိတ်ထဲတွင် ကျေနပ်နေပြီး ဓာတ်ပုံများစွာ ရိုက်မိသွားလေသည်။ လီဟန်ဟိုင်းရောက်လာသည်အထိ လင်းလော့ချင်းအား ဓာတ်ပုံရိုက်နေဆဲဖြစ်သည်။
လီဟန်ဟိုင်း စတူဒီယိုထဲသို့ ရောက်လာသောအခါ လင်းလော့ချင်းက ကြမ်းပြင်ပေါ်တွင် ခေါင်းစောင်းထိုင်နေပြီး ပါးစပ်ထဲတွင် ဆွဲကြိုးကိုက်ထားလေသည်။ သူ့၏မျက်ခုံးများက အနည်းငယ်ကွေးညွှတ်နေပြီး သူ့သွင်ပြင်က ငယ်ရွယ်နုပျိူနေ၏။
လီဟန်ဟိုင်း သေချာကြည့်နေလေသည်။ သူ ဖွင့်ပွဲတွင် လင်းလော့ချင်းကို တွေ့ခဲ့စဉ်က လင်းလော့ချင်းက ဤပုံစံမဟုတ်ကြောင်း သိလေသည်။ ထိုအချိန်က တစ်ဖက်လူဆံပင်များက ညွှတ်ကိုင်းနေပြီး မျက်လုံးများက နူးညံ့နေလေသည်။ သူက နာခံတတ်ပြီး တည်ငြိမ်သည့်ပုံပေါ်၏။
ယခုအခါ စာအုပ်ထဲမှ မန်ဟွားကဲ့သို့ တက်ကြွ၀င့်ကြွားနေလေသည်။
လီဟန်ဟိုင်း တစ်ဖက်လူကို စူးစိုက်ကြည့်လိုက်သောအခါ လင်းလော့ချင်း၏မိတ်ကပ်က ပေါ့ပေါ့ပါးပါးဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူက မျက်ခုံးမွှေးကိုသာ ဆွဲထားပြီး သူ့ဆံပင်စတိုင်က အလွန်လှပလေသည်။ သာမာန်လူများက ထူးခြားချက်ကို မမြင်နိုင်သော်လည်း ဤနယ်ပယ်အတွင်းမှ လူများကမူ အကြည့်နှင့်ပင် ထိုဆံပင်စတိုင်က ဂရုတစိုက် ပုံဖော်ထားကြောင်းသိလေသည်။ ဆံပင်စတိုင်က အလွန်သဘာ၀ကျပြီး လင်းလော့ချင်းနှင့်လည်း လိုက်ဖက်လေသည်။
"သူ့ရဲ့စတိုင်လစ်က ဘယ်သူလဲ..."
လီဟန်ဟိုင်းက သူ့အေ့ဂျင်ကို မေးလိုက်သည်။
"ဒီအဖွဲ့ထဲက စတိုင်လစ်က နာမည်မကြီးဘူးမလား..."
မဟုတ်လျှင် သူက ကိုယ်ပိုင်မိတ်ကပ်ဆရာကို ခေါ်လာမည်မဟုတ်ပေ။
"အားမီဖြစ်လောက်တယ်...မင်း သူ့ကို ငြင်းခဲ့တယ်လေ...သူ လင်းလော့ချင်းဆီ ရောက်နေတာကို ငါ တွေ့လိုက်တယ်..."
လီဟန်ဟိုင်းက အမှန်တကယ် အံ့ဩသွားလေသည်။
အဲ့လူမှာ ကျွမ်းကျင်မှုအချို့ ရှိနေတာလား...
ဓာတ်ပုံဆရာက လီဟန်ဟိုင်း ရောက်လာသည်ကို မြင်သောအခါ လင်းလော့ချင်းကို နားခိုင်းလိုက်ပြီး လီဟန်ဟိုင်းကို အလှည့်ပေးလိုက်သည်။
ထိုအခါ လင်းလော့ချင်းက ထိုင်ခုံပေါ်တွင် နွမ်းနယ်စွာ ထိုင်လိုက်ပြီး ဝူရှင်းယွမ်ကို မေးလိုက်သည်။
"ကျွန်တော် ဓာတ်ပုံရိုက်လို့ ပြီးသွားပြီလား..."
သူ့ကို အပြစ်မတင်နဲ့...သူက အရင်ကမှ ဒီလိုမရိုက်ဖူးတာ...လုံး၀ပြီးသွားတာလား၊ ခဏနားလိုက်တာလားကို ဘယ်လိုလုပ် သိမှာလဲ...
သို့သော် သူ ဒုတိယအမျိုးသားဇာတ်ဆောင် မထွက်သွားသေးသည်ကို မြင်လိုက်ပြီး မှန်းဆလိုက်သည်။
"ထပ်ရိုက်ရဦးမလား..."
"ဟုတ်တယ်..."
ဝူရှင်းယွမ် ခေါင်းငြိမ့်လိုက်သည်။
"မင်း ဓာတ်ပုံနည်းနည်း ထပ်ရိုက်ရဦးမှာ...အခုတော့ အရင် အနားယူလိုက်ဦး..."
ထို့နောက် လင်းလော့ချင်းထံ ရေဘူးကမ်းပေးလိုက်ပြီး ရေသောက်ချင်လား မေးလိုက်သည်။
လင်းလော့ချင်းက အားမီကို နှုတ်ခမ်းနီမဆိုး ခိုင်းခဲ့ပေ။ သူ နှုတ်ခမ်းနီအဆီကိုသာ ဆိုးထားသောကြောင့် နှုတ်ခမ်းကို ထိန်းသိမ်းနေစရာ မလိုပေ။ သူ ရေဘူးကို ယူလိုက်ပြီး တိုက်ရိုက်သောက်လိုက်သည်။
မကြာမီ ဒုတိယအမျိုးသမီးဇာတ်ဆောင်၊ တတိယအမျိုးသမီးဇာတ်ဆောင်များကလည်း မိတ်ကပ်လိမ်းပြီးနောက် စတူဒီယိုထဲသို့ ရောက်လာကြလေသည်။
အားမီက လုပ်ဖော်ကိုင်ဖက်သရုပ်ဆောင်များကို ကူညီပြီးနောက် မိတ်ကပ်သေတ္တာနှင့်အတူ လင်းလော့ချင်းဆီသို့ သွားလိုက်သည်။
သူက လင်းလော့ချင်းကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သောအခါ တစ်ဖက်လူ၏မျက်နှာနှင့်ဆံပင်က ယခင်အတိုင်း ပြီးပြည့်စုံနေဆဲဖြစ်လေသည်။ ထို့ကြောင့် သူက အမျိုးသမီးသရုပ်ဆောင်ကို ယုံကြည်ချက်ရှိရှိ မိတ်ကပ်ပြင်ပေးရန် သွားလိုက်သည်။
"နင့်မှာ ပြဿနာတစ်ခုခုရှိရင် ငါ့ဆီလာခဲ့..."
အားမီ လင်းလော့ချင်းကို ပြောလိုက်၏။
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
"ရပါတယ်..."
ထို့နောက် သူ ထွက်သွားလိုက်၏။
အမျိုးသမီးဇာတ်ဆောင်ဖြစ်သည့် ယောင်မော့မော့က နောက်ဆုံးတစ်ယောက်ဖြစ်လေသည်။ လီဟန်ဟိုင်းပြီးနောက် တစ်ဦးတည်း ပိုစတာကို ရိုက်ကူးလိုက်ပြီး လီဟန်ဟိုင်းနှင့် နှစ်ယောက်တွဲဓာတ်ပုံကိုလည်း ရိုက်ကူးလိုက်သည်။ လီဟန်ဟိုင်း ထွက်သွားသောအခါ ဓာတ်ပုံဆရာက လင်းလော့ချင်းကို လက်ယပ်ခေါ်လိုက်ပြီး ယောင်မော့မော့နှင့်နှစ်ယောက်တွဲဓာတ်ပုံကို ရိုက်ကူးလိုက်၏။
လင်းလော့ချင်းနှင့် ယောင်မော့မော့က မောင်နှမများဖြစ်သောကြောင့် သူတို့ကြားတွင် အရှုပ်အထွေးများ မရှိချေ။ များသောအားဖြင့် နွေးထွေးမှုနှင့် ငြင်းခုံစကားများမှုအပေါ် အခြေခံထားလေသည်။
တတိယအမျိုးသမီးဇာတ်ဆောင် ဝူကျားလည်း လင်းလော့ချင်းနှင့်အတူ ရင်းနှီးနေသောပုံစံ ဓာတ်ပုံရိုက်ရလေသည်။
သူတို့နှစ်ယောက်က အဓိကဇာတ်ဆောင်အတွဲပြီးလျှင် နောက်ထပ်စုံတွဲဖြစ်သည်။ သူတို့က ပျော်ရွှင်နေကြသော်လည်း ရံဖန်ရံခါ ငြင်းခုံစကားများကြလေသည်။ သို့သော် မန်ဟွားက သူ့ကို မကြိုက်ကြောင်း မပြောခဲ့ပေ။
ဝူရှင်းယွမ်သည် လင်းလော့ချင်းက ဝူကျားအား ချီထားသည်ကို ကြည့်နေလေသည်။ ထို့အပြင်ဝူကျားက လင်းလော့ချင်းအား အနောက်မှ ပွေ့ဖက်နေလေသည်။ ယင်းမြင်ကွင်းက သူ့နှလုံးသားကို နူးညံ့စေ၏။
ကံကောင်းစွာနှင့်သူတို့သူဋ္ဌေး ဤနေရာတွင် မရှိချေ။ မဟုတ်လျှင် ရှက်စရာမြင်ကွင်း ဖြစ်နေပေလိမ့်မည်။
ဒါပေမဲ့ မိသားစု၀င်က သရုပ်ဆောင်တစ်ယောက်ဆိုမှတော့ ကိုယ့်ခင်ပွန်းက တခြားလူတွေနဲ့ ပွေ့ဖက်တာကို လက်ခံနိုင်ရမှာပေါ့...
ဝူရှင်းယွမ် စိတ်ပူပန်လာပြီး စတူဒီယို အပြင်ဘက် ထွက်ကာ ဖုန်းခေါ်လိုက်သည်။
သူ့သူဋ္ဌေး၏အောက်ခြေလိုင်းကို ရှာဖွေရမည်ဖြစ်သည်။ အကယ်၍ သူဋ္ဌေးတွင် ထင်မြင်ချက်ရှိနေလျှင် သူဋ္ဌေးကတော်က အဆင်ပြေနိုင်သော်လည်း သူ့အတွက်မူ အဆင်ပြေမည်မဟုတ်ချေ။
ထို့ကြောင့် ဝူရှင်းယွမ်က ဖုန်းနံပါတ်တစ်ခုကို စိုးရိမ်တကြီးခေါ်လိုက်ပြီး ကျိယွီရှောင်ကို မေးလိုက်သည်။
"ဘော့စ်ကျိ...ကျွန်တော် မေးစရာလေးရှိလို့ပါ..."
"မေး..."
ကျိယွီရှောင် လိုရင်းတိုရှင်း ပြောလိုက်သည်။
"လင်းလော့ချင်းက သရုပ်ဆောင်တစ်ယောက်ဆိုတာကို သိတယ်မလား..."
"ပြောချင်တာက..."
"ဒါဆို သရုပ်ဆောင်အလုပ်က ထူးခြားတယ်ဆိုတာလည်း သိမှာပေါ့...သရုပ်ဆောင် အချင်းချင်းပွေ့ဖက်ကြတာတို့၊ အထူးသဖြင့် ပြင်းထန်တဲ့ဇာတ်၀င်ခန်းတွေမှာ အနုပညာဆန်တဲ့ ကုတင်ပေါ်ကအခန်းတို့ကို ရိုက်ဖို့ လိုတယ်လေ...အဲ့ဒါကိုလည်း သိတယ်မလား..."
ကျိယွီရှောင် :"..."
မသိဘူး...သူ အရင်က အဲ့ဒါကို မတွေးဖူးဘူး...
သူ အဲ့ဒါကို နားလည်ပေးရမှာလား...
သူ့ခင်ပွန်းနဲ့ အခုမှ လက်ထပ်ပြီးတာကို...
"ပွေ့ဖက်တာလောက်ကတော့ ရတယ်...ကုတင်ပေါ်က အခန်းတွေကတော့ အစမ်းရိုက်တာတောင် မရဘူး...အဖွဲ့ထဲမှာ အဲ့အခန်းတွေရှိရင် ဖျက်လိုက်ဖို့ အကြံပေးတယ်...အဲ့ဒါကပဲ အားလုံးအတွက် ကောင်းလိမ့်မယ်..."
ဝူရှင်းယွမ် :"..."
သူ အဲ့ဒါကို ဂရုစိုက်တယ်ဆိုတာ သိသားပဲ...
"ဟုတ်ကဲ့..."
ဝူရှင်းယွမ် သဘောတူလိုက်သည်။
"ကျွန်တော် စောင့်ကြည့်နေပြီး အဲ့ဒါကို သင့်တော်သလို ဖျက်လိုက်ပါမယ်..."
ကျိယွီရှောင် စိတ်သက်သာရာရသွားသည်။
"အဲ့မှာ သူ ဘာလုပ်နေလဲ...ရိုက်ကူးရေးအဆင်ပြေလား...သူက နာမည်မကြီးဘူးဆိုပြီး တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်တာတွေ ရှိလား..."
"မရှိပါဘူး...အဖွဲ့သားတွေက သင့်မြတ်ကြပါတယ်..."
ထို့အပြင် လင်းလော့ချင်းက ထင်ထားသည်ထက် နာခံတတ်သူဖြစ်သောကြောင့် ရိုက်ကူးရေးက သူမျှော်မှန်းထားသည်က ပိုမိုချောမွေ့နေလေသည်။
"ကောင်းတယ်...သူက ရုပ်ရှင်ရိုက်ရတာကို အရမ်းအလေးအနက်ထားတယ်...သူ့ကိုသာ ပိုဂရုစိုက်... သူ ကောင်းကောင်း သရုပ်ဆောင်နိုင်ပါစေ...ကျန်တာတွေအတွက်တော့ စိတ်မပူနဲ့..."
“ဟုတ်ကဲ့..."
ကျိယွီရှောင် ဝူရှင်းယွမ်ကို အနည်းငယ်
ထပ်မှာ လိုက်ပြီး ဖုန်းချလိုက်သည်။
သူက ကွန်ပျူတာထဲများမှ ဖိုင်များကို ကြည့်နေစဉ် ပြတင်းပေါက်အပြင်ကို ကြည့်လိုက်ပြီး လင်းလော့ချင်း အစစအရာရာ အဆင်ပြေရန် ဆုတောင်းလိုက်သည်။
ဒီလိုဆိုရင် သူ့အချစ်(love)က အသုံးမ၀င်မဖြစ်တော့ဘူးပေါ့...