အပိုင်း ၈၆
Viewers 35k

Chapter 86




လင်းလော့ချင်းက ပိုစတာရိုက်ကူးပြီးနောက် နေ့လည်စာစားချိန် ရောက်နေပြီဖြစ်သည်။ အဖွဲ့က အစားအသောက်များကို ကြိုတင်မှာယူထားပြီး ဖြစ်သောကြောင့် ရှောင်၀မ်က ထမင်းဘူးသုံးဘူး ယူလာပြီး သုံးယောက်အတူ စားလိုက်သည်။


ညတွင်လည်း ရိုက်ကူးရေးရှိသေးသောကြောင့် လင်းလော့ချင်းက ဟိုတယ်ကို မပြန်တော့ဘဲ အဖွဲ့နားနေခန်းတွင်သာ တစ်ရေးအိပ်လိုက်သည်။


ဇာတ်ညွှန်းဖတ်ပွဲပြီးနောက် ဒါရိုက်တာက လင်းလော့ချင်းကို တကယ် စိတ်၀င်စားနေလေသည်။ ထို့ကြောင့် ပထမဆုံးရိုက်ကူးသည့်ဇာတ်၀င်ခန်းကို လင်းလော့ချင်း၏ဇာတ်၀င်ခန်း ရိုက်ကူးခဲ့သည်။ လင်းလော့ချင်းက ဇာတ်ညွှန်းဖတ်စွမ်းရည်ဖြင့် သူ့ကို အံ့အားသင့်စေခဲ့ခြင်းကြောင့် သူ့သရုပ်ဆောင်စွမ်းရည်ကိုလည်း သိချင်နေလေသည်။ လင်းလော့ချင်း၏သရုပ်ဆောင်စွမ်းရည်က ယခင်အတိုင်း‌‌ဆိုလျှင် သူ စိတ်ပျက်မိမည်ဖြစ်သော်လည်း ကောင်းမွန်နေလျှင် အခြားသရုပ်ဆောင်များ စိတ်အားထက်သန်လာစေရန် လင်းလော့ချင်း၏ဇာတ်၀င်ခန်းများကို သင့်တော်သလို စီစဉ်ပေးမည်ဖြစ်သည်။ ယင်းက သူ့အတွက် အာမခံအစီအစဉ်လည်း ဖြစ်လေသည်။


ဒါရိုက်တာက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးထားနေကြောင်းကို လင်းလော့ချင်း မသိခဲ့ချေ။ သူ့နာမည်ခေါ်ခံရသောအခါ ဒါရိုက်တာစကားကို တိတ်ဆိတ်စွာ နားထောင်လိုက်ပြီး နာခံစွာ မှတ်သားလိုက်သည်။


သူ့ဇာတ်၀င်ခန်းက လီဟန်ဟိုင်းနှင့်အတူ ရိုက်ကူးရမည်ဖြစ်သည်။ အဓိကဇာတ်ဆောင်များက အဖွဲ့ထဲတွင် နာမည်အကြီးဆုံးလူများ ဖြစ်လေသည်။ ထို့ကြောင့် သူတို့၏အချိန်က အဖွဲ့ထဲတွင် အကျပ်တည်းဆုံးဖြစ်သည်။ ထို့ကြောင့် အခြားသရုပ်ဆောင်များ၏ဇာတ်၀င်ခန်းများက နည်းပါးစေကာမူ အဓိကဇာတ်ဆောင်များ၏အခန်းက မရှားပါးနိုင်ပေ။


အဆုံး၌ သုံးလကြာပြီးနောက် အခြားသရုပ်ဆောင်များက ဆက်လက်ရိုက်ကူးရန်၊ ပြန်လည်ရိုက်ကူးရန် အချိန်ရသော်လည်း လီဟန်ဟိုင်းက အလုပ်ရှိနေခြင်းကြောင့် ထိုသို့ရိုက်ကူးရန် အဆင်မပြေပေ။


ထို့အတွက်ကြောင့် အဓိကဇာတ်ဆောင်များ၏ဇာတ်၀င်ခန်းများကို ဦးစွာ ရိုက်ကူးရလေသည်။


ဒါရိုက်တာ၏ညွှန်ကြားချက်ကို နားထောင်ပြီးနောက် လီဟန်ဟိုင်းနှင့်အတူ ဒါရိုက်တာလိုချင်သည့် နေရာအနေအထားအတွက် လေ့ကျင့်ရလေသည်။ သူတို့က သူတို့၏လိုင်းများကို ပြန်ကြည့်လိုက်ကြပြီး စတင်ရိုက်ကူး‌လိုက်ကြသည်။


လီဟန်ဟိုင်းနှင့်မန်ဟွားတို့ ဒုတိယအကြိမ် တွေ့ဆုံမှုကို ရိုက်ကူးနေကြခြင်းဖြစ်သည်။ လီဟန်ဟိုင်းကမန်ထောင်အကြောင်း မေးချင်သော်လည်း မန်ဟွားက မန်ထောင်၏ယခင်အဖြစ်အပျက်ကို ထေ့ငေါ့ပြောနေသောကြောင့် သူတို့နှစ်ယောက် ရန်ဖြစ်လုနီးပါးဖြစ်နေပြီဖြစ်သည်။


လင်းလော့ချင်းက ထိုဇာတ်၀င်ခန်းအတွက် စာသားများကို အလွတ်ကျက်ပြီးဖြစ်ပြီး လီဟန်ဟိုင်းသည်လည်း အလွတ်ရလုနီးပါးဖြစ်နေပြီဖြစ်သည်။


ယမန်နေ့ညက ဇာတ်ညွှန်းဖတ်ပွဲတွင် လင်းလော့ချင်းက လိုင်းများအားလုံး အလွတ်ကျက်ပြီးသည်ကို တွေ့ရှိခဲ့ရသည့်အတွက် လီဟန်ဟိုင်းက လင်းလော့ချင်းနှင့် ယနေ့ ရိုက်ရမည့် ဇာတ်၀င်ခန်းအတွက် လိုင်းများကို ကြိုတင်ကျက်မှတ်ခဲ့လေသည်။


အချိန်က ကျပ်တည်းနေသောကြောင့် နေ့လည်စာစားပြီးနောက် ပိုစတာရိုက်ကူးရေးပြီးသွားသည့်အခါ ရိုက်ကူးရေးကို ချက်ချင်းစတင်ခဲ့လေသည်။


ထို့ကြောင့် လီဟန်ဟိုင်းက ဇာတ်ညွှန်းအား ပြန်ကြည့်နေရခြင်းဖြစ်သည်။


ဒါရိုက်တာက ဇာတ်၀င်ခန်းမန်နေဂျာ ဇာတ်၀င်ပစ္စည်းများ ပြင်ဆင်ပြီးသည့်အထိ စောင့်ပြီးနောက် လင်းလော့ချင်းနှင့်လီဟန်ဟိုင်းတို့၏အခြေအနေကို ကြည့်လိုက်ပြီး သူတို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ အခြားအဖွဲ့သားများကို ရိုက်ကူးရေးစရန် အချက်ပေးလိုက်သည်။


"အက်ရှင်..."


သူ အော်လိုက်၏။


လင်းလော့ချင်းက ချက်ချင်းဆိုသလို ဇာတ်ကောင်ထဲသို့ နစ်၀င်သွားလေသည်။


လီဟန်ဟိုင်း ယင်းကို မြင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


သူ အဖွဲ့ထဲသို့ မလာမီ သူ့အေ့ဂျင်က အဖွဲ့ထဲရှိ အခြားသရုပ်ဆောင်များအခြေအနေကို အကြမ်းဖျင်းသုံးသပ်ချက်ပေးခဲ့လေသည်။


သရုပ်ဆောင်အများစုက အိုင်ဒေါလ်ဒရမ်မာများမှ လာကြခြင်းဖြစ်ပြီး သရုပ်ဆောင်စွမ်းရည်များက သာမာန်ဖြစ်လေသည်။ အချို့က လီဟန်ဟိုင်းထက်ပင် ဆိုးရွားသောကြောင့် သူ ယင်းကို အာရုံမစိုက်ခဲ့ချေ။


သူ ဂရုစိုက်သည့် တစ်ဦးတည်းသော သရုပ်ဆောင်က ဝါရင့်သရုပ်ဆောင်မာပေါ်ကျုံးဖြစ်လေသည်။


သူက သရုပ်ဆောင်စွမ်းရည် ကောင်းမွန်လွန်းသောကြောင့် သူက မာပေါ်ကျုံးသရုပ်ဆောင်သည့်နောက် မလိုက်နိုင်မည်ကို စိုးရိမ်မိလေသည်။ သို့သော် သူ ပြန်တွေးကြည့်သောအခါ သူပင် မလိုက်နိုင်လျှင် အခြားလူများလည်း လိုက်နိုင်မည်မဟုတ်ချေ။ သူက အဆိုးဆုံးမဖြစ်ရန်သာ လိုလေသည်။


ဖျော်ဖြေရေးစက်ဝိုင်းထဲရှိ လူတိုင်းတွင် ကိုယ်ပိုင်စည်းမျဉ်းများရှိကြလေသည်။


လီဟန်ဟိုင်း၏စည်းမျဉ်းက အဆိုးဆုံးမဖြစ်ရန်ဖြစ်၏။


အကယ်၍ သူသာ အဆိုးဝါးဆုံးဖြစ်နေလျှင် ထုတ်ပယ်ခံရမည်ဖြစ်ပြီး သူသာ သာမာန်ထက် သာလွန်နေသရွေ့ သူ့ကျော်ကြားမှုက လွယ်လွယ်မကျသွားနိုင်ချေ။ 


သို့သော် သူ တစ်ခါမှ မကြားဖူးခဲ့သည့် လင်းလော့ချင်းက သူတို့စတွေ့သည့် ပထမရက်တွင်ပင် သူ့ကို ဖိအားများပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


သူက ငတုံးမဟုတ်ပေ။ ဇာတ်ညွှန်းဖတ်စဉ်က လင်းလော့ချင်း၏စွမ်းရည်ကို တွေ့ခဲ့ရပြီး ဒါရိုက်တာကလည်း လိုင်းများအကုန်ကျက်ပြီးသည့် လင်းလော့ချင်းအပေါ် စိတ်ကျေနပ်နေလေသည်။ 


တရားမျှမျှတတစဉ်းစားလျှင် လင်းလော့ချင်းက ဇာတ်ညွှန်းကို ကျက်ပြီးဖြစ်သောကြောင့် ဒါရိုက်တာကျန်း၏ချီးကျူးမှုနှင့် ထိုက်တန်လေသည်။


သို့သော် သူက အမျိုးသားဇာတ်‌ဆောင်ဖြစ်ပြီး အဖွဲ့ထဲတွင် နာမည်အကြီးဆုံးသရုပ်‌ဆောင်ဖြစ်သောကြောင့်။ လင်းလော့ချင်းဖိနှိပ်မှုကို မခံချင်ပေ။ ထို့ကြောင့် သူက လိုင်းများကို ကတိုက်ကရိုက် ကျက်ခဲ့ရလေသည်။


သူ့၏ကြိုးစားမှုက အရာထင်ခဲ့သည်။


ဒါရိုက်တာကျန်းက လီဟန်ဟိုင်း ဇာတ်ညွှန်းစာအုပ်ကို ပိတ်၍ လိုင်းများအား သွက်လက်စွာ ပြောနေသည်ကိုကြည့်လိုက်ပြီး ‌ခေါင်းငြိမ့်လိုက်သည်။


လီဟန်ဟိုင်း အလွန်ကျေနပ်နေလေသည်။ သို့သော် စွန်းကျန်းနှင့်မန်ဟွား ငြင်းခုံစကားများသည့်နားရောက်သောအခါ လိုင်းများက ပိုရှည်လာပြီး ဝါကျတစ်၀က်ပြီးသွားသည်နှင့် ကျန်တစ်၀က်ကို မေ့သွားလေသည်။


လီဟန်ဟိုင်း အကျပ်ရိုက်နေလေသည်။


"တောင်းပန်ပါတယ်...ဒီအပိုင်းအတွက် လိုင်းတွေကို မမှတ်မိတော့ဘူး..."


သူ ဒါရိုက်တာအား နွံ့ကျိုးစွာ ပြောလိုက်သည်။


ရုပ်ရှင်ရိုက်ကူးရာတွင် လိုင်းများမေ့ကြသည်က အဖြစ်များသည့်အတွက် ဒါရိုက်တာက လီဟန်ဟိုင်းထံ ဇာတ်ညွှန်းစာအုပ်ပေးခိုင်းလိုက်သည်။


လီဟန်ဟိုင်း၏လက်ထောက်က ဇာတ်ညွှန်းစာအုပ် လှမ်းပေးလိုက်လေသည်။


လီဟန်ဟိုင်းက ဇာတ်ညွှန်းကို တစ်ချက်ကြည့်လိုက်ပြီး လက်ထောက်ဆီ ပြန်ပေးလိုက်ကာ ရိုက်ကူးရေးပြန်စလိုက်သည်။


လင်းလော့ချင်းက ဇာတ်ကောင်ထဲ ပြန်၀င်ရောက်သွားလေသည်။ သူက လီဟန်ဟိုင်းထံသို့ တည်ငြိမ်စွာ လျှောက်လာပြီး ‌လီဟန်ဟိုင်းကို မော့ကြည့်လိုက်ကာ မန်ဟွား၏မထီမဲ့မြင်အပြုံး ပြုံးပြလိုက်သည်။


သူက အနည်းငယ် မာနကြီးပုံပေါ်ပြီး တစ်ဖက်လူကို မြင်သောအခါ တစ်ချက်ကြည့်လိုက်ပြီးအိတ်ကပ်ထဲ လက်ထည့်ကာ တစ်ဖက်လူကို မမြင်သလို ဆက်လျှောက်သွားလိုက်သည်။


လီဟန်ဟိုင်းက ကူရာမဲ့စွာ ပြောလိုက်သည်။


"ရပ်လိုက်...*


သို့သော် လင်းလော့ချင်းက ဆက်လျှောက်သွားလိုက်သည်။


ထိုအခါ လီဟန်ဟိုင်းက တစ်ဖက်လူလက်မောင်းကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။


"ရပ်လိုက်လို့ပြောနေတယ်လေ..."


လင်းလော့ချင်းက အံ့အားသင့်သွားဟန်ဆောင်လိုက်သည်။


"ဟမ်...ငါ့ကို ပြောနေတာလား..."


လီဟန်ဟိုင်း ပြောစရာစကား ကင်းမဲ့သွားလေသည်။


"ဒီနေရာမှာ တခြားဘယ်သူရှိသေးလို့လဲ..."


"ဒါပေမဲ့ မင်းက ငါ့နာမည်လှမ်းခေါ်တာ မဟုတ်ဘူးလေ...မင်းက တစ်ယောက်တည်းပြောနေတယ်လို့ ထင်‌ခဲ့တာ...ပြီးတော့ မင်းကြည့်ရတာ ဦးနှောက်ကောင်းပုံလည်း မပေါ်ဘူးလေ..."


လီဟန်ဟိုင်း ချက်ချင်းဆိုသလို ဒေါသထွက်လာလေသည်။


"မင်း အရိုက်ခံချင်နေတာလား..."


လင်းလော့ချင်း ရိုးသားစွာ ပြောလိုက်သည်။


"သေချာတာကတော့ အရိုက်ခံရမဲ့လူက မင်းပဲ..."


နှစ်ယေက်သား လက်မလျှော့တမ်း ထိပ်တိုက်ကြည့်နေကြပြီး အချိန်အတော်ကြာပြီးနောက် လီဟန်ဟိုင်း ပြောလိုက်သည်။


"မင်းအစ်မဘာလုပ်နေလဲ မေးချင်လို့..."


"မင်းက တကယ်အရှက်မရှိတာပဲ..."


လင်းလော့ချင်း ကရုဏာမဲ့စွာ ပြောလိုက်သည်။


"အစ်မက တစ်ညလုံး ငိုပဲငိုနေတာ...သူက ပြတင်းပေါက်ပေါ်ကနေ ခုန်ချမလို့ လုပ်သေးတယ်...ကဲ အဖြေကို သိပြီးဆိုတော့ ကျေနပ်ပြီလား..."


လီဟန်ဟိုင်းက ‌တစ်ခဏခန့် ကြောင်အသွားပြီးနောက် ပြောလိုက်သည်။


"မန်ထောင်က အဲ့လိုဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...ငါထင်ဝာာ သူက..."


"တောင်းပန်ပါတယ်..."


လီဟန်ဟိုင်း တောင်းပန်လိုက်သည်။


"ငါ မှားသွားတယ်..."


သူက ဇာတ်ညွန်းကို ထပ်မံကြည့်လိုက်ပြီး ထိုဇာတ်၀င်ခန်းကို လင်းလော့ချင်းနှင့် တစ်ကြိမ် ထက်မက ရိုက်ကူးခဲ့လေသည်။


နောက်ဆုံး သူ့လိုင်းများအားလုံး ချောချောမွေ့မွေ့ပြီးသွားသော်လည်း ဒါရိုက်တာက အော်လာလေသည်။


"ကဒ်...."


“ဟန်ဟိုင်း မင်းက စွန်းကျန်းရဲ့ သူ အဲ့ဒါကို ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပေမဲ့ အဲ့လိုဖြစ်သွားတဲ့အတွက် ဖြစ်လာတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နောင်တရစိတ်တွေကို ပြရမယ်...ခံစားချက်ပိုထည့်...စိတ်ကူးကြည့်...မင်းရဲ့သံသယတွေကြောင့် မိန်းကလေးတစ်ယောက်က သတ်သေချင်တယ်လို့ ကြားလိုက်ရရင် ဘယ်လိုဖြစ်မလဲ...ပိုနူးညံ့ရမယ်...ဟုတ်ပြီလား...ပိုနူးညံ့ရမယ်..."


လီဟန်ဟိုင်း ခေါင်းငြိမ့်လိုက်ပြီး သရုပ်ဆောင်ချက်ကို ပိုနူးညံ့သွားအောင် ကြိုးစားလိုက်သည်။


သို့သော် ဒါရိုက်တာက လီဟန်ဟိုင်း နူးညံ့စွာ သရုပ်ဆောင်ရမည့်အပိုင်းနှင့်ပတ်သတ်၍ စိုးရိမ်နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် သူ့ သရုပ်ဆောင်ချက်က နူးညံ့သိမ်မွေ့လာသော်လည်း ဟန်ဆောင်နေသကဲ့သို့ဖြစ်နေ၏။ သူ့မျက်နှာပေါ်တွင် 'အခု ငါ့အမူအရာက နူးညံ့သိမ်မွေ့နေပြီ'ဟု ရေးထားသည့်ပုံပေါက်နေလေသည်။


ဒါရိုက်တာကျန်း :"..."


ဒါရိုက်တာကျန်း လင်းလော့ချင်းကို ကြည့်လိုက်သောအခါ လင်းလော့ချင်းက အိတ်ကပ်ထဲ လက်ထည့်၍ ခေါင်းစောင်းကြည့်ကာ ထိုစကားများကို နားထောင်နေပြီး မျက်လုံးထဲတွင် အပြုံးတစ်ပွင့်ရှိနေလေသည်။ ယင်းကို အနီးကပ်ကြည့်ကြည့်လျှင် သူ့မျက်လုံးထဲတွင် မကောင်းသည့်ရည်ရွယ်ချက်အချို့ ရှိနေလေသည်။ စွန်းကျန်းက နောင်တစိတ်ဖြင့် ခေါင်းငုံ့သွားလေလေ သူ့မျက်လုံးထဲရှိ အပြုံးက ပိုမိုကြီးမားလာလေလေဖြစ်သည်။ သူက ယင်းကို ကောင်းကောင်းဝှက်ထားခဲ့ပြီး မတော်တဆပေါ်လာသကဲ့သို့ လစ်ခနဲသာ မြင်လိုက်ရလေသည်။ သူက မန်ဟွား၏ခံစားချက်နှင့် အလွန်ကိုက်ညီလေသည်။


စွန်းကျန်းအပြစ်ရှိစိတ်ခံစားရ‌စေရန် သူ တမင်သက်သက် ထိုသို့ပြောခဲ့ခြင်းဖြစ်လေသည်။ ယခု သူ့ဆန္ဒအတိုင်းဖြစ်လာသောအခါ ပြုံးလိုက်သည်။ အစကတည်းက သူ့၌ ဆိုးရွားလွန်းသည့်ရည်ရွယ်ချက် မရှိသော်လည်း စွန်းကျန်းအား လှည့်စားနေဆဲဖြစ်လေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် လူများက သူ ဒေါသထွက်နေကြောင်းသိနိုင်ပေသည်။


သူ့၏အပြောစွမ်းရည်နှင့် သရုပ်ဆောင်စွမ်းရည်က ထူးချွန်ပြောင်မြောက်လေသည်။ ယင်းတို့အားမျက်နှာနှင့်ပေါင်းစပ်လိုက်သောအခါ သိပ္ပံနည်းမကျသည့်လူ ဖြစ်လာလေသည်။


ဒါရိုက်တာကျန်းက လင်းလော့ချင်း ကံမကောင်းကြောင်း တွေးလိုက်သည်။ သို့သော် ကံကောင်းစွာနှင့် ဤဒရမ်မာပြီးလျှင် လင်းလော့ချင်းက နာမည်ရလာလိမ့်မည်ဟု ယုံကြည်လေသည်။


နောက်ဆုံးတွင် သူ့၏စွမ်းရည်နှင့်သွင်ပြင်က အလွန်ကောင်းမွန်ပေသည်။


ဒါရိုက်တာကျန်း လီဟန်ဟိုင်းကို 'ကဒ်'ဟု ထပ်မံအော်လိုက်သည်။


လီဟန်ဟိုင်းက ဤဇာတ်၀င်ခန်းကို ငါးကြိမ်တိတိသရုပ်ဆောင်ခဲ့ရပြီး ခြောက်ကြိမ်မြောက်မှသာအောင်မြင်ခြင်းဖြစ်သည်။


ဒါရိုက်တာကျန်း 'ကဒ်'ဟုအော်တိုင်း လီဟန်ဟိုင်းရှက်ရွံ့နေသော်လည်း ယခုပြီးသွားသောအခါစိတ်သက်သာရာရသွားလေသည်။


လင်းလော့ချင်း တစ်ဖက်လူကို နှုတ်ဆက်လိုက်ပြီး အနားယူရန် ပြန်သွားလိုက်သည်။


လီဟန်ဟိုင်းက လက်ထောက်ကို ပြောလိုက်သည်။


"သူ ပါ၀င်ထားတဲ့လက်ရာတွေကို ရှာကြည့်လိုက်..."


“ဘယ်သူ‌လဲ...” 


လက်ထောက်လေး မေးလိုက်သည်။


 “လင်းလော့ချင်းလား...”


"ဟုတ်တယ်..."


သူ့လက်ရာတွေကို ဘာလို့ရှာရလဲ...သူက နာမည်ကြီးမှ မဟုတ်တာ...ဘာလို့ သူ့ကို ဂရုစိုက်နေတာလဲ...


သို့သော် လီဟန်ဟိုင်းအမိန့်ဖြစ်သောကြောင့် မငြင်းဆန်ရဲခဲ့ပေ။


"အိုကေ...ကျွန်တော် သွားရှာလိုက်ဦးမယ်..."


လီဟန်ဟိုင်း ခေါင်းငြိမ့်လိုက်ပြီး မသိစိတ်အရ လင်းလော့ချင်းကို ပြန်ကြည့်လိုက်သည်။ သူ့သရုပ်ဆောင်စွမ်းရည်က မျိုးဆက်တူလူငယ်သရုပ်ဆောင်များထဲတွင် အဆိုးဆုံးမဟုတ်ပေ။ 


ထို့အပြင် လင်းလော့ချင်း၏သရုပ်ဆောင်စွမ်းရည်က လူသစ်တစ်ယောက်နှင့်လုံး၀မတူပေ။


သူက ဒါရိုက်တာကြီးတွေရဲ့ လက်ရာတွေထဲမှာ ပါဖူးတာလား...ဒါမှမဟုတ် ပါရမီပါလာတဲ့ သရုပ်ဆောင်လား...


မည်သို့ပင်ဖြစ်စေကာမူ လီဟန်ဟိုင်း ယင်းကို သိချင်လေသည်။


လင်းလော့ချင်းသည် သူ့၏ နားနေခန်းသို့ စိတ်အေးသက်သာစွာ ပြန်လာသောအခါ ဝူရှင်းယွမ်၏ အထိတ်တလန့်ဖြစ်နေသော ပုံစံကို တွေ့လိုက်ရလေတော့သည်။


လင်းလော့ချင်း :"....." 


သူ ဘာဖြစ်သွားတာလဲ...


"တစ်ခုခု ဖြစ်လာတာလား..."


လင်းလော့ချင်းသည် မေးလိုက်၏။


ဝူရှင်းယွမ်က လင်းလော့ချင်းကို စိုက်ကြည့်လိုက်၏။ သူ၏ အမူအရာမှာ လုံးဝဥဿုံ အံ့ဩထိတ်လန့်နေသည့် မျက်နှာမျိုးဖြစ်ကာ စိတ်အတွင်းတွင်လည်း ရှုပ်ထွေးမှုကို ခံစားနေရခြင်း ဖြစ်၏။


အခုတော့ လီကောက သူ့ကို လိမ်သွားတယ်လို့ ခံစားလိုက်ရတယ်...


သူ့ကိုမှ လိမ်သွားတာလေ...


လီကောက သူ လင်းလော့ချင်းအပေါ် မလိုမုန်းထားမှုတွေ တိုးလာဖို့ သူ့ကို လှည့်စားပြီးတော့အေးဂျင့်နှင့် အနုပညာရှင်ကြား ဆက်ဆံရေးကို လှုံ့ဆော်ခဲ့တာပဲ...


တော်လိုက်တဲ့ သရုပ်ဆောင်...


ကောင်းလိုက်တဲ့ သရုပ်ဆောင်ချက်တွေ...


ဒိုင်ယာလော့တွေကို ပြောသွားတာကလည်း ပီပြင်လိုက်တာ...


လင်းလော့ချင်းကို ဘာမှ ဖြစ်မြောက်မှာ မဟုတ်တဲ့သူလို့ လီကောမို့လို့ ပြောရဲတယ်...


တကယ်တမ်း ဘာမှမဖြစ်မြောက်‌နေတာက သူလေ...


နေပါဦး...


ဝူရှင်းယွမ်သည် ၎င်းကို အမှတ်ရသွားတော့သည်။ လင်းလော့ချင်းကို သူ၏ သရုပ်ဆောင်အဖြစ် တာဝန်မယူခင်က လင်းလော့ချင်း ပါဝင်သရုပ်ဆောင်ထားသည့် အွန်လိုင်းဒရမ်မာနှစ်ခုအား ကြည့်ခဲ့ဖူးလေသည်။ သူ့၏ သရုပ်ဆောင်စွမ်းအင်က ဇာတ်လမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသော်ငြား သူသည် Introvert အမူအကျင့်ရှိသော ဇာတ်ကောင်၊ Extrovert အမူအကျင့်ရှိသော ဇာတ်ကောင်တို့နှင့် မလိုက်ဖက်ပေ။ သူ့အတွက် ဤလောကမှ အနားယူလိုက်ခြင်းကသာ အသင့်တော်ဆုံးဖြစ်ပေသည်။ ထိုသို့ဆိုသော်ငြား ယခုတွင်မူ သူသည်...


ဝူရှင်းယွမ်မှာ စိတ်ရှုပ်သွားရလေတော့သည်။


"မင်း အဖွဲ့ကို မဝင်ခင်တုန်းကများ တိတ်တိတ်ကလေး လေ့ကျင့်ထားတာလား..."


ထပ်ပေါင်းပြောရလျှင် အပြောင်းအလဲသည် လုံးဝကို ကြီးမားလွန်းလှသည်။ သူသည် ရုတ်တရက် ပညာဉာဏ်အလင်းတို့ ရရှိလာကာ လူ့အမှိုက်အဖြစ်မှ ထိပ်တန်းကျောင်းသားအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။


ထိုအချိန်မှပင် လင်းလော့ချင်းက တစ်ဖက်လူ ဘာကြောင့် အံ့ဩသွားသည်ဆိုသည်ကို နားလည်သွားတော့သည်။


ယင်းကြောင့်ပင် ဤသို့ပြောင်းလဲဖြစ်ပေါ်လာခြင်း ဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်။


ဝူရှင်းယွမ်က မူလပိုင်ရှင်၏ သရုပ်ဆောင်ချက်တို့ကို ကြည့်ရှုပြီး ဖြစ်သည်။ ထို့ကြောင့်ပင် လင်းလော့ချင်း၏ သရုပ်ဆောင်ချက်တို့ကို မြင်သောအခါ အံ့ဩထိတ်လန့်သွားခြင်းမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်၏။


အရိုးသားဆုံးပြောရပါလျှင် မူလပိုင်ရှင်၏ သရုပ်ဆောင်ချက်တို့မှာ တကယ်ပင် အမှိုက်သာသာ ဖြစ်သည်။ အကယ်၍ သူသာ ဤလောကမှ အနားမယူပါက အင်တာနက်သုံးစွဲသူများနှင့် လူထုပရိသတ်တို့မှာ ၎င်းတို့၏ ပိုက်ဆံများကို ပြန်လည် ပေးအပ်ရန် တောင်းဆိုလာနိုင်သည်။


လင်းလော့ချင်း ခေါင်းညိတ်ကာ မြည်းကို တောင်ပေါ်မှ ဆင်းနိုင်ရန် ကူညီပေးဖို့ ဆုံးဖြတ်လိုက်၏။


"ဟုတ်ကဲ့..."


ဝူရှင်းယွမ် ထိုအဖြေကို ကြားသောအခါ လင်းလော့ချင်းသည် တကယ်ပင် တည်ငြိမ်ကာ နာခံမှုရှိသည်ဟု ခံစားလိုက်ရ၏။ ယင်းမှာ သူ့တွင် စိုးရိမ်မှုတစ်စုံတစ်ရာ မရှိသကဲ့သို့ပင်ဖြစ်သည်။


ဒီဟာကြောင့်လေးနဲ့ လီကောက သူ့ကို ထိန်းကျောင်းပေးရတာ မလွယ်ဘူးလို့ ပြောခဲ့တာလား...


လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်တို့သည် ဆိုးဝါးလွန်းခဲ့သည်ဆိုသော်ငြား သူက သင်ယူရန် ဆန္ဒရှိကာ အခြားသော သင်ယူချင်သူများကိုလည်း ပြန်လည် သင်ကြားပေးနိုင်လေသည်။ 


အခု ဒီဟာကိုပဲ ကြည့်...သူက လင်းလော့ချင်းအတွက် ဆရာ မငှားရသေးဘူးဆိုပေမဲ့ လင်းလော့ချင်းက သူ့ဖာသာသူ သင်ယူလေ့ကျင့်ပြီးပြီ...


အခု သူတို့နောက်ဆုံးရိုက်ခဲ့သည့် သရုပ်ဆောင်ချက်ကိုပဲ ကြည့်...ဒါရိုက်တာမှာ အပြစ်ရှာစရာစကားလုံးတောင် မရှိဘူးမလား...


ဒါရိုက်တာက လီဟန်ဟိုင်းကိုဆိုလျှင် အမြဲ ဤသို့သာ ပြောလေ့ရှိသည်။


"Cut..." 


"ဟန်ဟိုင်း မင်း ဒီလို သရုပ်ဆောင်လို့မရဘူးလေ... ဒါက ဒီလိုဖြစ်ရမှာ..."


သို့သော် လင်းလော့ချင်းကိုမူ "လော့ချင်း မင်း သရုပ်ဆောင်သွားတာ တကယ်ကောင်းတယ်... ဒီအတိုင်းပဲ ဆက်ထိန်းသိမ်းသွားနော်..."ဟု ပြောလေသည်။


ဤသည်ကို ကြည့်ခြင်းအားဖြင့် လင်းလော့ချင်းကသရုပ်ဆောင်ခြင်းတွင် တကယ်ပင် အရည်အချင်းရှိကြောင်း သိမြင်နိုင်သည်။ သူသည် ယခင်က ကင်မရာများကို ရင်မဆိုင်နိုင်၍သာ သရုပ်ဆောင်ချက်တို့မှာ ဆိုးဝါးခဲ့ရခြင်း ဖြစ်၏။


ဝူရှင်းယွမ် တကယ်ပင် အံ့ဩသွားခဲ့ကာ ကျေလည်း ကျေနပ်သွားတော့၏။ သူ့၏ သူဌေးပြောခဲ့သည်တို့မှာ တကယ်ပင် မှန်ကန်နေသည်ကို ခံစားလိုက်ရသည်။ သူဌေး၏ အမျိုးသား (သူဌေးကတော်) မှာ ရုပ်ရည် ချောမောသည်သာမက သရုပ်ဆောင်ချက်တို့မှာ တကယ့်ကိုပင် စံနမူနာယူထိုက်သည့်

အပြင် အကျင့်စာရိတ္တနှင့် စိတ်သဘောထားတို့မှာလည်း တကယ်ပင် ကောင်းမွန်လှသည်။ ဝမ်းနည်းစရာမှာ သူ့၏ ယခင်အေးဂျင့်နှင့် ကုမ္ပဏီတို့မှာ ကောင်းသင့်သလောက် မကောင်းခြင်းကြောင့် ပုလဲလုံးလေးမှာ ဖုန်မှုန့်များကြားတွင် နှစ်များစွာကြာအောင် ချောင်ထိုးခံထားရသကဲ့သို့ ဖြစ်ခဲရလေသည်။