Chapter 87
အကုန်လုံးသည် စီးပွားရေးအား သေချာမလုပ်နိုင်သော လီကော၏အပြစ်ပင်ဖြစ်သည်။ ကံကောင်းစွာဖြင့် သူဌေး၏ အမျိုးသားလေးမှာ ယခုတွင် သူ့ဆီသို့ ရောက်လာပြီဖြစ်သည်!
ထပ်ပေါင်းပြောရလျှင် ဤသည်မှာ လုံးဝကိုပင် သူ့၏ အရည်အချင်းတို့ကို ဖြုန်းတီးရာရောက်လေသည်။
တစ်ဖက်တွင် လီကောက စားသောက်နေချိန်တွင် ရုတ်တရက် နှာထချေတော့သည်။ ဒူးလည်းရုတ်တရက် နာကျင်သွားလေသည်။
သူ့အနားတွင် ရှိသည့် အနုပညာရှင်လေးမှာ စိတ်ပူသွားလေတော့သည်။
"လီကော ဘယ်လိုဖြစ်တာလဲဗျ...ကြည့်ရတာ တစ်ယောက်ယောက်က အစ်ကို့ကို ဆုတောင်းပေးနေပုံပဲ..."
သို့သော် လီကောက ထိုသို့ မတွေးချေ။ ဤသည်မှာ သေချာပေါက် တစ်ယောက်ယောက်သည် သူ့အား ကျိန်ဆဲနေခြင်းပင်ဖြစ်သည်။ ထို့ပြင် အဘယ့်ကြောင့် သူ့၏ ဒူးကို မြားတစ်စင်းမှ ဖောက်ထွက်သွားသည်ဟု ခံစားနေရပါသနည်း။
ယင်းသည် ဝူရှင်းယွမ်ဖြစ်နိုင်၏။ သူ့၏ လက်ရှိ သရုပ်ဆောင်လေးမှာမူ ယဉ်ကျေးကာ ရိုကျိုးသဖြင့် လင်းလော့ချင်းနှင့် ကွာခြားလှပေသည်။ ယင်းကြောင့်ပင် ဝူရှင်းယွမ်မှာ စိတ်ဆိုးနေကာ လင်းလော့ချင်းကိုလည်း သူ့ဆီသို့ ပြန်လွှဲအပ်၍ မရနိုင်ဖြစ်သဖြင့် သူ့အား ကျိန်ဆဲနေခြင်း ဖြစ်ပေမည်။
လီကောက ပျော်ရွှင်စွာပင် ခေါက်ဆွဲကို ကုန်အောင်စားလိုက်ကာ သူ၏ ခေါက်ဆွဲတစ်ပန်းကန်ကမှပင် ပို၍ မွှေးကြိုင်လှသည်ဟု ခံစားလိုက်ရ၏။
* သူစားနေသည့် ခေါက်ဆွဲမှာ လော့စစ်ဖန်း (螺螄粉) ဟူသည့် ဒေသထွက်အစားအစာတစ်မျိုးဖြစ်သည်။ ၎င်းသည် အရသာရှိသည်မှာ မှန်သော်ငြား အနံ့မှာ မကောင်းလှသဖြင့် အစ်ကိုလီမှ ယင်းသည် ပို၍ပင် မွှေးကြိုင်လှသည်ဟု ပြောလာသောအခါ ဟာသတစ်ပုဒ်ကဲ့သို့ပင် ဖြစ်တော့သည်။ *
လင်းလော့ချင်း ခဏအနားယူလိုက်ကာ လီဟန်ဟိုင်းနှင့် ယောင်မော့မော့တို့နှစ်ယောက် ရိုက်ကူးနေကြသည့် ဇာတ်ကွက်များအား ကြည့်နေလိုက်သည်။ လီဟန်ဟိုင်း၏ အလှည့်ပြီးသောအခါ လင်းလော့ချင်း နှင့် ယောင်မော့မော့တို့ အတူပါဝင်သည့် ဇာတ်ကွက်ကို ရိုက်ကူးရန် အလှည့်ကျရောက်လာ၏။
ထို့နောက် သူက နေရာမှ ထသွားသောအခါ ယောင်မော့မော့ နှင့်ယှဉ်လျှင် လီဟန်ဟိုင်းသည် ကောင်းကောင်း ပြင်ဆင်ခဲ့ပြီးဖြစ်သည်ကို သဘောပေါက်လိုက်တော့သည်။ ယောင်မော့မော့ကသာ ဒိုင်ယာလော့များကို မမှတ်မိနေခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ်..."
ယောင်မော့မော့ တောင်းပန်လိုက်၏။
"အချိန်နည်းနည်းလောက် ထပ်ပေးလို့ ရနိုင်မလား။ ပြီးတော့မှာပါ..."
"ရပါတယ်..."
လင်းလော့ချင်း ညင်သာစွာပင် ပြန်ဖြေလိုက်၏။
ဤသို့ ဖြစ်ရပ်များနှင့် ကြုံတွေ့ရခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သဖြင့် လင်းလော့ချင်းအတွက် ၎င်းနှင့် ပတ်သက်ပြီး အနှောင့်အယှက် သိပ်မဖြစ်တော့ချေ။
ယောင်မော့မော့ကမူ ကွာခြား၏။ သူက ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားနေရလေသည်။ သူ အဖွဲ့ကို ဝင်စဉ်က ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။
အိုင်ဒေါဒရမ်မာများကို ရိုက်ကူးလေ့ရှိသည့် ငယ်ရွယ်လှပသော သရုပ်ဆောင်တစ်ယောက်အနေဖြင့် သူက အဖွဲ့ကို မဝင်မီက သူ့၏ ဒိုင်ယာလော့များကို အလွတ်ကျက်လေ့ရှိသော်ငြား သူ့၏ မှတ်သားနိုင်စွမ်းက ဤအဖွဲ့၏ဒိုင်ယာလော့များကို ပြောင်းလဲပြင်ဆင်နိုင်သော အရှိန်ကို လိုက်၍ မမှီနိုင်ဖြစ်နေသည်ကို သဘောပေါက်သွားရတော့သည်။
ထပ်ပေါင်းပြောရသော် မကြာသေးမီက သူ ပါဝင်ခဲ့ဖူးသည့် ဒရမ်မာများတွင်မူ လူတိုင်းသည် သူတို့၏ ဒိုင်ယာလော့များကို သူတို့၏ ဇာတ်ကွက်များ မရိုက်ကူးခင် တစ်ရက်အလို (သို့မဟုတ်) ရိုက်ကူးခါနီးခါမှသာ မှတ်သားကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ဤသို့ဖြစ်ရခြင်းကို မည်သို့မျှပင် မတတ်နိုင်သကဲ့သို့ ယခင်ကထက် အားထုတ်မှု လျော့နည်းသွားကာ အခြားသူများကဲ့သို့ပင် ရိုက်ကူးခါနီးမှ ဒိုင်ယာလော့များကို မှတ်သားခြင်းသည် ပြဿနာရှိလိမ့်မည် မဟုတ်ဟု ခံစားမိလာတော့၏။
ယမန်နေ့ည ဇာတ်ညွှန်းဖတ်သောအခါတွင် လင်းလော့ချင်းက သူ့၏ ဒိုင်ယာလော့များကို မှတ်သားနိုင်လွယ်သည်ကို အံ့ဩစရာကောင်းစွာ တွေ့လိုက်ရ၏။ ထို့ကြောင့်ပင် သူသည်လည်း သူ့ဒိုင်ယာလော့များကို လျင်မြန်စွာ မှတ်သားသော်ငြား ကံဆိုးစွာပင် သူက စောစီးစွာ အိပ်စက်ခဲ့မိသဖြင့် အများအပြား ဖြစ်ပျက်သွားရကာ ရိုက်ကူးရေးမစမီတွင် သူ့ဒိုင်ယာလော့များကို ပြီးစီးစွာ မမှတ်သားနိုင်ဖြစ်ရတော့သည်။
ဤသည်မှာ ပြဿနာမဟုတ်သော်ငြား ယောင်မော့မော့သည် လီဟန်ဟိုင်းနှင့်အတူ ဇာတ်ကွက်အချို့ကို တွဲသရုပ်ဆောင်ရသည့်အခါ ယမန်နေ့ညတွင် လီဟန်ဟိုင်းမှာ သူကဲ့သို့ပင် ဒိုင်ယာလော့များနှင့် စိမ်းသက်နေသော်ငြား ယနေ့ရိုက်ကူးချိန်တွင်မူ ချောမွေ့နေသည်ကို သိသိသာသာပင် မြင်တွေ့လိုက်ရ၏။ ယောင်မော့မော့ကသာ သူ့အား ခေတ္တစောင့်ဆိုင်းပေးရန် ရှက်ရွံ့စွာ ပြောဆိုရသူ ဖြစ်နေလေ၏။ ပို၍ ရှက်ဖွယ်ကောင်းသည်မှာ သူ လီဟန်ဟိုင်းကိုသာမက လင်းလော့ချင်းကိုပါ စောင့်ဆိုင်းခိုင်းမိခြင်း ဖြစ်၏။
ဒီလူနှစ်ယောက်က အရမ်း ကြိုးစားလွန်းလိုက်တာ...
ယောင်မော့မော့ အပြစ်ရှိစိတ်ကို ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် သူ ယနေ့ည ပြန်ရောက်လျှင် မနက်ဖြန်အတွက် ဒိုင်ယာလော့များကို အလွတ်မှတ်မိသည်ထိ မှတ်သားတော့မည်ဟု ဆုံးဖြတ်လိုက်၏။
ပြောရလျှင် သူက အမျိုးသမီးဇာတ်လိုက်လေ...
ဒီလိုဖြစ်နေတော့ သူက အပျင်းကြီးသည့်ပုံ ပေါက်နေတယ်မလား...
ယောင်မော့မော့မှာ အချိန်အနည်းငယ်ယူရဦးမည်ကို မြင်သည်နှင့် လင်းလော့ချင်းသည် ကျိယွီရှောင်နှင့် စကားပြောရန် WeChat ကို ဖွင့်လိုက်တော့သည်။ သူ App ကို ဖွင့်လျှင်ဖွင့်ချင်း ကျိယွီရှောင်မှ မက်ဆေ့ခ်ျတစ်စောင် ပို့ထားသည်အား တွေ့လိုက်ရ၏။
[ အလုပ် ပြီးသွားပြီလား... ]
လင်းလော့ချင်း : [ ဟင့်အင်း...နောက်ဆုံးတစ်ခန်း ရိုက်ဖို့ ကျန်သေးတယ်... ]
ကျိယွီရှောင် ပြတင်းပေါက်အပြင်ဘက်ရှိ ညကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်၏။
ညရောက်နေတာတောင် သူတို့က ရိုက်ကူးရေး မပြီးသေးဘူးတဲ့လား...
ကျိယွီရှောင် : [ ဘယ်လိုနေလဲ... အဖွဲ့ကလူတွေကရော မင်းအပေါ် ကောင်းကြရဲ့လား...]
လင်းလော့ချင်းက အစစအရာရာ အဆင်ပြေသည်ဟု ခံစားရသဖြင့် စာပြန်လိုက်၏။
[ အင်း...အကုန်အဆင်ပြေတယ်...]
ကျိယွီရှောင် စိတ်သက်သာရာ ရသွား၏။
[ ကောင်းတာပေါ့... ]
လင်းလော့ချင်း : [ ကောရော ဘယ်လိုနေလဲ...ဒီနေ့ ရှောင်ယွီ၊ ဖေးဖေးတို့နဲ့ အတူအိပ်တာလား... ]
ကျိယွီရှောင် : [ အင်း...သူတို့ဖာသာ သူတို့ မအိပ်တတ်ခင် နှစ်ရက်လောက် အတူအိပ်ပေးမလားလို့လေ... ]
လင်းလော့ချင်း၏မျက်နှာထက်၌ အပြုံးလေးတစ်ပွင့် ပေါ်ပေါက်လာတော့သည်။
[ အခုတော့ ကောတို့ သားအဖသုံးယောက် အရင်ကထက် ပိုရင်းနှီးလာကြပြီပေါ့... ]
ကျိယွီရှောင် : [ မစိုးရိမ်ပါနဲ့၊ မင်းလောက်တော့ မရင်းနှီးသေးပါဘူး... ]
လင်းလော့ချင်း : [ တကယ်... အမှန်ဆို ငါတို့နှစ်ယောက်က အဲလောက်ထိ မရင်းနှီးပါဘူးနော်...]
ကျိယွီရှောင် :"..."
ဘယ်လောက်ထိ ထပ်ရင်းနှီးချင်သေးလို့လဲ...
သို့သော် သူက ဤမေးခွန်းကို ဘယ်တော့မှ မေးမည်မဟုတ်ပေ။ အဖြေမှာ တကယ်ပင် ရိုးရှင်းလှကာ ယင်းမှာ လင်းလော့ချင်းသည် သူနှင့်အတူ အိပ်ရာပေါ်တွင် အချို့သော အနုပညာစုတ်ချက်များကို ရေးဆွဲချင်ခြင်း ဖြစ်ကြောင်း သိသာလွန်းလှ၏။
ကျိယွီရှောင် : [ မင်း အလုပ်မှာ ဒီထက်ပိုပြီး ကြိုးစားသင့်တယ်နော်...]
လင်းလော့ချင်းမှာ အနည်းငယ် ပြုံးမိသွားတော့သည်။
ကျိယွီရှောင် : [ အလုပ်က အလုပ်ပဲဆိုပေမဲ့လည်း ကန့်သတ်ချက်တွေကိုတော့ လိုက်နာဦး...အခြားသူတွေနဲ့ နေ့တိုင်း ပွေ့ဖက်တာတွေ၊ အတူထိုင်တာတွေ မလုပ်ရဘူး... အိပ်ရာပေါ်က အခန်းတွေဆို ပိုတောင် မလုပ်သင့်ဘူး... ]
လင်းလော့ချင်း : "......."
လင်းလော့ချင်းက ဝူရှင်းယွမ်ကို လှည့်ကြည့်လိုက်၏။
တကယ့်ကို တာဝန်သိစိတ်ရှိတဲ့အပြင် သစ္စာရှိပြီး တော်လိုက်တဲ့ အေးဂျင့်လေးပါလား...
သူက ရှေ့မှာ ရိုက်ကူးရေးစတာနဲ့ သူ့အေးဂျင့်လေးက သူဌေးဖြစ်သူကို သူ့နောက်ကွယ်မှာ တိုင်တန်းဖို့ကို မစောင့်နိုင်ရှာတော့ဘူးပဲ...
လင်းလော့ချင်း : [ ရှာလကာရည်နံ့တွေများ မွှန်ထူနေတာပဲနော်...ကြည့်ရတာ ကလေးကြီးက မထိန်းသိမ်းနိုင်ရှာတော့ဘူးပဲ... ]
ကလေးကြီး ကျိယွီရှောင် : "......."
[ အချိန်ကျလာရင်သာ မင်းရဲ့ ကလေးလေးက ငိုနေမှာကို ကော စိုးရိမ်မိတယ်နော်...]
လင်းလော့ချင်းသည် ကျိယွီရှောင်၏ "မင်းရဲ့ကလေးလေး" ဟူသော အသုံးအနှုန်းကို နားမလည်ချေ။
ကျိလဲ့ယွီနဲ့ လင်းဖေးမှာ ဘယ်သူက ငိုမှာလဲ...
ထို့နောက် သူသည် ကလေးနှစ်ယောက်၏ နီရဲကာ အရည်လဲ့နေသော မျက်လုံးလေးများကို မြင်ယောင်မိသွား၏။
ဟေး...အဲ့တာက တကယ်ချစ်စရာကောင်းလိုက်တာ...
သို့သော် သူသည် သည်းခံလိုက်သည်။
[ နားလည်ပါပြီ...]
လင်းလော့ချင်းသည် စာပြန်လိုက်၏။
[ ရှာလကာရည် ဗိုလ်ချုပ်ကြီး ကျိ... ]
ကျိယွီရှောင် : "???"
ဘာကို ဆိုလိုချင်တာလဲ...
လင်းလော့ချင်းက ကျိယွီရှောင်အနေဖြင့် နားမလည်လိမ့်မည်ကို တွေးမိကာ ချက်ချင်းပင် ရှင်းပြလိုက်၏။
[ ရှာလကာရည် ဗိုလ်ချုပ်ကြီးဆိုတာ ရှာလကာရည် စက်ရုံရဲ့ အကြီးအကဲကို ပြောတာလေ...]
ကျိယွီရှောင် : "......."
လင်းလော့ချင်းက ကျိယွီရှောင်နှင့် စကား ဆက်ပြောရန်ပြင်နေစဉ်တွင် ယောင်မော့မော့၏ အသံကို ကြားလိုက်ရ၏။
" အဆင်သင့် ဖြစ်ပါပြီရှင့်... "
ထို့ကြောင့် သူ ကျိယွီရှောင်ကို ပြောလိုက်၏။
[ ရိုက်ကူးရေး ပြန်စတော့မှာမလို့ သွားရတော့မယ်...စောစောအိပ်နော်...အားတာနဲ့ ဗွီဒီယိုကောလ် တန်းခေါ်လိုက်မယ်... မွ~~~ ]
ကျိယွီရှောင် : [ မင်းလည်း စောစောအနားယူဦး... နောက်ကျနေပြီ... အအေးမမိစေနဲ့နော်... ]
လင်းလော့ချင်းက စာကို ခပ်မြန်မြန်ပင် ဖတ်လိုက်ကာ "အင်း" ဟု ပြန်လိုက်၏။ ထို့နောက် ယောင်မော့မော့နှင့် အတူ ရိုက်ကူးရန် ပြင်ဆင်တော့သည်။
ဒါရိုက်တာကျန်းက သူတို့ကို ညွှန်ကြားချက်အချို့ ပေးလေ၏။ ထို့နောက် လင်းလော့ချင်းက လေ့ကျင့်ခဲ့သည့်ပုံစံအတိုင်း ယောင်မော့မော့နှင့် စတင် ရိုက်ကူးလိုက်သည်။
ယောင်မော့မော့၏ပုံစံမှာ ချိုမြိန်ကာ တကယ်ပင် အမျိုးသမီးဇာတ်လိုက်၏ ပုံစံနှင့်လည်း သင့်တော်လှသည်။ သို့သော် သူ့၏ သရုပ်ဆောင်စွမ်းရည်မှာ သာမန်ပင်ဖြစ်ရာ အမူအရာတို့မှာ အသက်ဝင်မှု မရှိ၊ ထိုင်းမှိုင်းနေကာ ဆွဲဆောင်နိုင်စွမ်းမရှိ ဖြစ်နေလေသည်။
သူ အံ့ဩသည့်အခါတွင် ပါးစပ်ကို ဖွင့်လိုက်၏။ ပျော်ရွှင်သည့်အခါတွင်လည်း သူ့၏ ပါးစပ်ကိုသာ အပြုံးတစ်ပွင့်အဖြစ်သို့ ပြန့်ကားစေ၏။ ခံစားချက်အလုံးစုံအား ပါးစပ်မှ သယ်ဆောင်ထားသကဲ့သို့ ဖြစ်နေတော့သည်။
ဒါရိုက်တာကျန်းသည် အခြေအနေကိုကြည့်ကာ "Cut..." ဟု ကြိမ်ဖန်များစွာ ပြောလာရသောအခါတွင်မူ သူ့အား အထူး သင်ပြပေးရန်အတွက် ခေါ်လိုက်ရတော့သည်။
ယောင်မော့မော့သည် သူ့၏ သင်ပြချက်ကို နားထောင်ကာ ရိုကျိုးစွာပင် ခေါင်းညိတ်လိုက်သော်ငြား သူ့၏ သင်ပြချက်အားလုံးအား လိုက်မလုပ်နိုင် ဖြစ်နေလေ၏။
အဆုံးတွင် သူ့၏ သရုပ်ဆောင်ချက်တို့မှာ ယခင်အတိုင်းသာ ဖြစ်သည်။ သူ့ကိုယ်သူ တိုးတက်လာရန် အပြင်းအထန် ကြိုးစားသော်ငြား ရလဒ်မှာမူ နေ့ချင်းညချင်း ပြောင်းလဲ၍ မရနိုင်ဖြစ်နေလေ၏။ အဆုံးတွင် ၎င်းအခြေအနေအား ကျော်ဖြတ်နိုင်သည်ဆိုရုံမျှသာ ကျော်ဖြတ်နိုင်ခဲ့လေတော့သည်။
ဒါရိုက်တာကျန်းမှာ နေ့တစ်ဝက်တည်းနှင့်ပင် အဖွဲ့မှ သရုပ်ဆောင်အားလုံး၏ စွမ်းရည်တို့ကို အကုန်မဟုတ်လျှင်ပင် အကြမ်းဖျင်းတော့ နားလည်သွားပြီဖြစ်၏။
သူသည် လက်ထောက်ဒါရိုက်တာကို ယခုအပတ်အတွက် Schedule ကို မေးလိုက်၏။ ယင်းနောက် လင်းလော့ချင်း၏ အခန်းအချို့ကို အနည်းငယ်မျှပြင်ဆင်ချိန်ညှိလိုက်ကာ ပြောလိုက်၏။
"ဒါတွေကို ကော်ပီယူထားပေးဦး..."
လက်ထောက်ဒါရိုက်တာလေးမှာ ၎င်းကို ယူကြည့်လိုက်ရာ လင်းလော့ချင်း၏ အခန်းအချို့မှာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။ အခြားသူများ၏ အခန်းများမှာ အချိန်ရွှေ့ဆိုင်းခံလိုက်ရကာသူ့၏ အခန်းများမှာမူ ပိုမိုဆန်းသစ်များပြားလာလေသည်။
ပိုမိုဆန်းသစ် များပြားလာသည်မှာ နေ့ခင်း ဇာတ်ကွက်များဖြစ်ကာ အချိန်ရွှေ့ဆိုင်းခံလိုက်ရသည်မှာမူ ညနေခင်း ဇာတ်ကွက်များ ဖြစ်၏။ သူသည် ဒါရိုက်တာကျန်း၏ အမူအကျင့်ကို လျင်မြန်စွာပင် နားလည်သွားတော့သည်။
မနက်ခင်းတွင် သူ သဘောအကျဆုံး သရုပ်ဆောင်ကို ရိုက်ကူးရသဖြင့် သူ့၏ စိတ်အခြေအနေမှာ ကောင်းမွန်လှသည်။ ညနေခင်း နောက်ဆုံးဇာတ်ကွက် မတိုင်ခင်တွင်လည်း သူ သဘောအကျဆုံး သရုပ်ဆောင်ကို ရိုက်ကူးခြင်းဖြင့် သူ၏ တစ်နေ့တာလုံး ခံစားခဲ့ရသမျှ စိတ်ဖိစီးမှုတို့ကို လျှော့ချနိုင်သည့်အပြင် ညပိုင်းဇာတ်ကွက်များကိုလည်း အချိန်ကြာမြင့်စွာ ရိုက်ကူးနေစရာ မလိုတော့ချေ။
ကြည့်ရသည်မှာ ဒါရိုက်တာကျန်းသည် လင်းလော့ချင်းကို တကယ်ပင် သဘောကျနှစ်သက်ခြင်း ဖြစ်မည်။
လက်ထောက်ဒါရိုက်တာလေးမှာ ချက်ချင်းပင် ချီးကျူးမှုကို တောင်းခံတော့၏။
" ကျွန်တော်ရွေးလိုက်တဲ့ သရုပ်ဆောင်က မဆိုးဘူးမလားဗျ..."
ဒါရိုက်တာကျန်း ခေါင်းညိတ်ပြ၏။
" အင်း မဆိုးဘူး... ဒီဇာတ်ကောင်နဲ့ ကိုက်ညီမဲ့ သရုပ်ဆောင်ကို မင်း ကောင်းကောင်း ရွေးနိုင်ခဲ့သားပဲ... "
လက်ထောက်ဒါရိုက်တာလေးမှာ ၎င်းကို ကြားသော် လင်းလော့ချင်းအား လှည့်ကြည့်လိုက်၏။ သူ လင်းလော့ချင်းကို ရွေးခဲ့ရသည့် အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ သူ၏ ရုပ်ရည်ကြောင့်ပင်။ ထို့အပြင် ဝူရှင်းယွမ်နှင့်လည်း လူမှုရေးအရ သိကျွမ်းဖူးသဖြင့် သူ့အား အခွင့်အရေးပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မထင်မှတ်ထားမိသော ပျော်ရွှင်မှုတို့ကို ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။
လက်ထောက်ဒါရိုက်တာလေးမှာ သူ့၏ လက်ထောက်အား ပျော်ရွှင်စွာပင် Schedule ကို ပေးလိုက်ကာ ယင်းအား ကော်ပီအနည်းငယ် ကူးယူခိုင်းလိုက်၏။
လင်းလော့ချင်းက ယောင်မော့မော့နှင့် အတူရိုက်ကူးပြီးသွားသောအခါ သူ့တွင် ယနေ့အတွက် ထပ်မံရိုက်ကူးစရာ မရှိတော့ပေ။ နောက်ဆုံးတွင် သူ့ပစ္စည်းများကို သိမ်းဆည်းကာ အနားယူရန် ဟိုတယ်သို့ ပြန်နိုင်ပြီဖြစ်သည်။
သူသည် အချိန်ကို တစ်ချက်ကြည့်လိုက်ကာ ကျိယွီရှောင်မှာ အိပ်ပျော်နေလောက်ပြီဟု ခန့်မှန်းမိသဖြင့် သူ့အား မနှောင့်ယှက်တော့ပေပေ။
သို့သော် ထိုအချိန်တွင် ကျိယွီရှောင်မှာမူ နိုးကြားနေဆဲဖြစ်ကာ တစ်ယောက်တည်း အိပ်ပျော်နိုင်ရန် ခက်ခဲနေလေ၏။
သူသည် မျက်နှာကျက်ကို မော့ကြည့်လိုက်ကာ အကယ်၍များ မနက်ဖြန် (သို့မဟုတ်) သဘက်ခါတွင် လင်းလော့ချင်း၏ ရိုက်ကွင်းသို့ သူ လိုက်သွားပါက လင်းလော့ချင်းအနေဖြင့် ပျော်ရွှင်သွားမလား၊ အံ့ဩသွားလေမလားကို နက်နဲစွာပင် တွေးတောတော့သည်။
သို့သော် လိုက်မသွားပါကလည်း သူသည် အိပ်ပျော်ရန်အတွက် အိပ်ဆေးများကိုသာ မှီဝဲရတော့မည် ဖြစ်၏။
သူသည် လင်းလော့ချင်း၏ ဘေးထွက်ဆိုးကျိုးမရှိသော အိပ်ဆေးများကိုသာ နေသားကျကာ နှစ်သက်နေပြီဖြစ်ရာ သူ့ကိုယ်သူ ဇီဇာကြောင်လာသည်ဟု ခံစားမိလာတော့သည်။ အခြားသော သာမန်အိပ်ဆေးများသည် သူ့အတွက် မည်သို့မျှ မစွမ်းဆောင်နိုင်ပါတော့ချေ။
လင်းလော့ချင်းမှာ သေချာပေါက်ပင် ကျိယွီရှောင်က သူ့ရိုက်ကွင်းသို့ လာလည်ရန် စိတ်ကူးနေသည်ကို မသိခဲ့ချေ။ သို့မဟုတ်ပါက သူသည် ပျော်လွန်း၍ ထခုန်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
မကြာမီတွင် ကျိယွီရှောင်မှာ လိုက်မလာသေးပါသော်ငြား သူ့အတွက် ထခုန်နိုင်လောက်သည့် သတင်းတစ်ခုအား ကြားလိုက်ရပါတော့သည်။ အကြောင်းမှာ အဖွဲ့သည် တရားဝင် ပိုစတာများမှာ တင်လိုက်သဖြင့် သူ၏ တရားဝင်ကြော်ငြာချက် ပိုစတာအောက်တွင် မြောက်များစွာသော မှတ်ချက်များအား လျင်မြန်စွာ လက်ခံရရှိလိုက်ရခြင်းကြောင့်ပင်။
မကြာမီ အချိန်အတွင်းမှာပင် လီဟန်ဟိုင်း၏ ဖန်များနှင့် အင်တာနက်သုံးစွဲသူတို့မှာ ငြင်းခုံပွဲများ ဖြစ်ကြတော့သည်။ အင်တာနက်သုံးစွဲသူများမှာလည်း အလျော့မပေးနိုင်ကြလေရာ နှစ်ဖက်စလုံးမှာ အငြင်းပွားမှုများ မရပ်တန့်နိုင်ကြချေ။ လီဟန်ဟိုင်း၏ Anti-Fan များမှာလည်း အခြေအနေအား လောင်စာဖြည့်ရန် ဝင်ရောက်လာကြတော့၏။ ခဏအတွင်းမှာပင် ဖိုရမ်တစ်ခုလုံးသည် လီဟန်ဟိုင်း၏ ပုံစံအား ဝေဖန်ထားသော ပို့စ်တို့နှင့် အပြည့်ဖြစ်သွားရတော့သည်။
" ငါ မေးချင်လို့ပါ...ဒါက ဒီတိုင်း သူ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲပဲမလား...အရင်က သူ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲနှစ်ခုနဲ့ ပုံစံ အတူတူပဲတော့ မဟုတ်ပါဘူးနော်...သေချာမသိတဲ့သူသာဆို သူက သုံးမြွှာပူးသရုပ်ဆောင်နေတယ်လို့ ပြောကြတော့မယ်..."
" ဖန်လေးတွေရေ ဒီကို လာကြည့်ကြပါဦး... ငါ့ကိုလည်း ဒရမ်မာသုံးခုရဲ့ အမျိုးသားဇာတ်လိုက်က ပုံစံအတူတူပဲ ဖြစ်နေရတာလေးကို ပြောပြစမ်းပါဦး...ပြောမရဘူးလေ... လီဟန်ဟိုင်းက သူ့ကိုယ်သူ ပြန်သရုပ်ဆောင်နေတာဆို ဘယ်လိုလုပ်မလဲ... "
လင်းလော့ချင်းသည်လည်း ကြည့်လိုက်ကာ ပြင်ဆင်ထားသည်တို့မှာ တကယ်ပင် တူညီနေကြသည်အား အံ့ဩဖွယ်ရာ တွေ့လိုက်ရတော့သည်။ လီဟန်ဟိုင်းအား ပြင်ဆင်ပေးသည်မှာ သူ၏ အားသာချက်များကိုသာ မီးမောင်းထိုးပြကာ အားနည်းချက်များကိုမူ ဖုံးကွယ်ပေးသည့် သူ့၏ ကိုယ်ပိုင် မိတ်ကပ်ဆရာဖြစ်ကြောင်း သိသာလှသည်။ ထို့အပြင် အကုန်လုံးမှာ ခေတ်မီ ဒရမ်မာများသာ ဖြစ်ကြရာ လီဟန်ဟိုင်း သရုပ်ဆောင်သည့် ဇာတ်ကောင်များနှင့် မတူဘဲ သူ၊ လီဟန်ဟိုင်းကိုယ်တိုင်အဖြစ်သာ ခံစားရတော့ခြင်း ဖြစ်သည်။
" ဒီလိုပုံစံဖြစ်နေတာတောင်မှ အစ်ကိုကြီးက သရုပ်ဆောင်ရဲသေးတယ်နော်...မန်ဟွားအဖြစ် သရုပ်ဆောင်တဲ့ လင်းလော့ချင်းကမှ လုံးဝကို လိုက်ဖက်တာ...သူ (လီဟန်ဟိုင်း) ကသာ ဒီလိုကြီး ဆက်သွားနေမယ်ဆိုရင် ဒရမ်မာ ထွက်လာလို့ အခြားသူတွေဆီက အပြစ်တင်ဝေဖန်ခံရတဲ့အခါကျရင် လာမပြောနဲ့နော်..."
လင်းလော့ချင်း :"... "
ငါ့ကိုပါ အဲဒီရွှံ့ရည်တွေထဲ ဆွဲမချကြပါနဲ့ဟ...
ကံကောင်းထောက်မစွာဖြင့် လီဟန်ဟိုင်း၏ ဖန်များမှာ သူတို့ မသိကြသည့် မျက်နှာသစ် သရုပ်ဆောင်အား အဖက်လုပ်ရန် စိတ်မဝင်စားကြသဖြင့် အင်တာနက်သုံးစွဲသူများနှင့် ဆက်လက် ငြင်းခုံကြကာ သူ့အား တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။
လင်းလော့ချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကာ လီဟန်ဟိုင်းအနေဖြင့် ၎င်းကွန်မန့်များကို မြင်ပြီးနောက်တွင် သူ့အား စိတ်မဆိုးစေရန်သာ ဆုတောင်းမိတော့သည်။
သို့သော်ငြား သူစိုးရိမ်နေသည့်အရာမှာ ဖြစ်ပျက်ပြီးဖြစ်လေသည်။ လီဟန်ဟိုင်းသည် ထိုအချိန်တွင် ဖိုရမ်ရှိ ပို့စ်များကို ဖတ်နေလေ၏။
ဝေ့ပေါ်တွင် သူ၏ ဖန်များသာရှိသည်ဖြစ်သဖြင့် ပွေ့ဖက်ခြင်း၊ အနမ်း၊ ချီးမွမ်းထောပနာပြုမှုတို့ဖြင့်သာ ပြည့်နှက်နေလေရာ သူ့အနေဖြင့် စစ်မှန်သည့် အကဲဖြတ်ချက်များကို ကြည့်ရှုလိုပါက တစ်ခါတစ်ရံတွင် သူ့၏ ဖန်များရှိရာအား စွန့်ခွာရမည်ဖြစ်သည်။
လီဟန်ဟိုင်းက စာအုပ်ဖန်များ၏ သူ့အပေါ်အမြင်ကိုလည်း သိချင်မိလေ၏။ ရလဒ်အနေဖြင့် သူ ဖိုရမ်ကို ဖွင့်လျှင်ဖွင့်ချင်းမှာပင် အငြင်းပွားမှုအား တွေ့လိုက်ရသည့်အပြင် အချို့သော အင်တာနက်သုံးစွဲသူတို့မှာ သူနှင့် လင်းလော့ချင်းအား နှိုင်းယှဉ်ထားသည်ကိုလည်း မြင်လိုက်ရ၏။
"သရုပ်ဆောင် လင်းလော့ချင်းက မန်ဟွားဇာတ်ကောင်အတွက် တကယ် သင့်တော်တယ်... ပထမအကြည့်တစ်ချက်နဲ့တင်ကို သူက လုံးဝ မန်ဟွားပဲ... လီဟန်ဟိုင်းလို မဟုတ်ဘူး... ဘယ်သူကမှ သူ့ဆီမှာ စွန်းကျန်းလို့ မြင်နိုင်မဲ့ အချက်တစ်ချက်တောင် မရှာနိုင်ကြဘူး..."
"လင်းလော့ချင်းက တကယ် အံ့ဩဖို့ကောင်းတယ်...သူ့ကို မြင်လိုက်တာနဲ့ လူတိုင်းရဲ့ မျက်လုံးတွေက ချက်ချင်းကို တောက်ပသွားကြတာ...မန်ဟွားရဲ့ ဖန်တွေကတော့ တကယ်ကို ဝမ်းသာနေကြမှာပဲ..."
"မန်ဟွားနဲ့ မန်ယောင်သာ မောင်နှမတွေ ဖြစ်မနေဘူးဆိုရင် ငါ သူတို့နှစ်ယောက်ကို Ship မိမှာ... သူတို့က တကယ်ကို လိုက်ဖက်တယ်... လင်းလော့ချင်းနဲ့ ယောင်မော့မော့ နှစ်ယောက်လုံးရဲ့ ပိုစတာတွေက ချိုမြန်လိုက်တာဆိုတာလေ..."
"လင်းလော့ချင်းက အရင်က ဇာတ်လမ်းတစ်ခုခုကိုများ ရိုက်ကူးဖူးသေးလား... ဘာလို့ သူ့နာမည်ကိုတောင် ငါ မကြားဖူးရတာလဲ...ဒီတိုင်း သူ့အသွင်အပြင်ကြောင့်နဲ့ပဲ ရွေးလိုက်တာမျိုးတော့ မဖြစ်သင့်ဘူးလေနော်..."
လီဟန်ဟိုင်း ကွန်မန့်များကို ဖတ်ပြီးသောအခါ လင်းလော့ချင်း၏ ပိုစတာကို သေချာစွာ ကြည့်ရှုရန် ထပ်မံဖွင့်ကြည့်လိုက်၏။ ယင်းနောက် သူသည် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်လေတော့သည်။
"ဒါက လင်းလော့ချင်း အရင်က ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဇာတ်လမ်းတွဲတွေပါ..."
သူ့၏လက်ထောက်မှာ မူလပိုင်ရှင်၏အွန်လိုင်းဒရမ်မာနှစ်ခုကို ရှာဖွေတွေ့ရှိသွားပြီးTabletအား လီဟန်ဟိုင်းဆီသို့ လက်လွှဲပေးလိုက်၏။
လီဟန်ဟိုင်းက ၎င်းကို နှိပ်လိုက်ကာ လေးမိနစ်လောက် ကြည့်ရှုတော့သည်။ သူ့၏ စိတ်အခြေအနေမှာ ချက်ချင်းပင် သိမ်မွေ့သွားတော့၏။
သူ နောက်ထပ် လေးမိနစ်ခန့် ထပ်မံကြည့်ရှုလိုက်ကာ သူ၏ နှလုံးသားထဲရှိ သိမ်မွေ့မှုမှာ ဆက်လက် မသိမ်မွေ့နိုင်တော့ချေ။
"သူ့မှာ ဒါတွေပဲ ရှိတာလား..."
လီဟန်ဟိုင်း ရှုပ်ထွေးသွားတော့သည်။
"နောက်တစ်ခု ထပ်ရှိပါသေးတယ်..."
လက်ထောက် ဖြေလိုက်၏။