Chapter 88
"ဒါက သူ ပထမဆုံး ရိုက်ကူးဖူးတဲ့ဟာလား..."
လီဟန်ဟိုင်း၏ မေးမြန်းမှုကို လက်ထောက်လေးခေါင်းညိတ်ပြလိုက်သည်။
လီဟန်ဟိုင်းသည် ချက်ချင်းပင် နားလည်သွားတော့၏။ ၎င်းသည် လင်းလော့ချင်း၏ ပထမဆုံးအကြိမ်ဖြစ်လေရာ သူ့အနေဖြင့် ကင်မရာများအား မျက်နှာချင်းမဆိုင်နိုင်ခြင်းကြောင့် သူကိုယ့်သူ မထိန်းချုပ်နိုင်ဖြစ်ကာ သူ၏ အမူအရာတို့မှာလည်း ထိန်းချုပ်မရဖြစ်ရခြင်း ဖြစ်သည်။ သူ့၏ နောက်ဇာတ်လမ်းတွဲမှာမူ အလွန်ပင် ကောင်းလိမ့်မည်ဟု လီဟန်ဟိုင်းသည် ယုံကြည်ထား၏။
"သူ ရိုက်ထားထားတဲ့ နောက်တစ်ခုက ရုပ်ရှင်လား..."
ယေဘုယျအားဖြင့် ခွဲခြားသိမြင်နိုင်သော ဒါရိုက်တာများသည် ရုပ်ရှင်များကိုသာ ဦးစားပေးရိုက်ကူးလေ့ရှိကြသည်။
"ဟင့်အင်း..."
လီဟန်ဟိုင်း : "..."
"ဒါဆို ရုပ်ရှင် မဟုတ်ဘူးလား..."
လက်ထောက်လေးမှာ ရှုပ်ထွေးသွားတော့သည်။
သေချာပေါက် မဟုတ်ဘူးပေါ့...ဘယ်လိုလုပ် အဲလိုဖြစ်နိုင်မှာလဲ...
လင်းလော့ချင်းက တကယ်ကို ဆိုးဝါးလွန်းတယ်...
"သေချာပေါက် မဟုတ်ဘူးပေါ့ ကောရယ်..."
လီဟန်ဟိုင်း : "......."
လီဟန်ဟိုင်းသည် ထပ်မံကြိုးစားကာ မေးလိုက်ပြန်၏။
"လူသိပ်မသိပေမဲ့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့ရှိတဲ့ ဒရမ်မာမျိုးလား..."
လက်ထောက်လေးမှာ အံ့ဩသွားတော့သည်။
"အဲ့တာက ဘာရင်းနှီးမြှပ်နှံမှုမှ မရှိတဲ့ အွန်လိုင်းဒရမ်မာကား တစ်ကားတဲ့..."
လီဟန်ဟိုင်း : "......."
မကြာခင်မှာ သူ သဘောပေါက်သွားတော့သည်။ ဤသည်မှာ စိတ်အားထက်သန်ကာ တာဝန်ယူမှုအပြည့်ရှိသည့် ဒါရိုက်တာအသစ်ဖြစ်နိုင်သည်။ သူသည် ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် အလွန်အမင်း ကြိုးစားသော်ငြား ဘတ်ဂျက်နည်းသည့် အွန်လိုင်းဒရမ်မာလေးကိုသာ ရိုက်နိုင်ခြင်းကြောင့် သူသည် သရုပ်ဆောင်များအား ဂရုတစိုက်လေ့ကျင့်ပေးခဲ့ပေမည်။ ထို့ကြောင့်ပင် လင်းလော့ချင်းမှာ အမှိုက်သာသာ သရုပ်ဆောင်အဖြစ်မှ ယခုကဲ့သို့ အရည်အချင်းရှိသည့် သရုပ်ဆောင်အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်လိမ့်မည်။
"ဒါဆို သူက အဲ့မှာ အမျိုးသားဇာတ်လိုက်မလား..."
လက်ထောက် : "......."
လက်ထောက်မှာ သူ့မိသားစုဝင် လီကောက အတွေးလွန်နေပြီဟု ခံစားလိုက်ရတော့သည်။
"သူက အမျိုးသားဇာတ်ပို့နေရာကပါ... ကော ကိုယ်တိုင် ကြည့် ကြည့်လိုက်..."
သူသည် အခြား Tablet တစ်ခုကို ပေးလိုက်၏။
လီဟန်ဟိုင်း လျင်မြန်စွာပင် လက်လွှဲယူလိုက်ကာ ၎င်းအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုတော့သည်။ သူ့၏ နှလုံးသားမှာ လင်းလော့ချင်း၏ အရည်အသွေးပြည့်မှီသော ပြောင်းလဲမှုကြီးအား မြင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
သို့သော်ငြား သူ တိတ်ဆိတ်သွားခဲ့သည်။
ဒီ AI စက်ရုပ်ကြီးက ဘယ်သူလဲ...
သူ လေဖြတ်သွားတာများလား...
သူ ဘာကို သရုပ်ဆောင်နေတာလဲ...
အားကုန်တော့မဲ့ စက်ရုပ်ဇာတ်ကောင်ကိုလား...
လီဟန်ဟိုင်းမှာ မည်သည်ကိုမျှ နားမလည်နိုင်ဖြစ်သွားကာ ရှော့ခ် ရသွားရတော့သည်။
"သူ့မှာ နောက်ထပ် အခြားတစ်ခုများ ရှိသေးလား..."
သူ နာကျင်စွာပင် မေးမြန်းလိုက်၏။
"ဟင့်အင်း... ဒီလိုဖြစ်နေမှတော့ ဘယ်သူက သူ့ကို ခေါ်တော့မှာလဲ..."
လီဟန်ဟိုင်း : "......."
"သူ ဒီနှစ်ခုတည်းပဲ ရိုက်ကူးခဲ့တာလား..."
သူ မယုံနိုင်မှုတို့ဖြင့် မေးတော့သည်။ သူက ယင်းကို တကယ် မယုံနိုင်ပေ။
"ဟုတ်တယ်..."
လက်ထောက်လေးက အတည်ပြုပေးလိုက်၏။
လီဟန်ဟိုင်း : "......."
လီဟန်ဟိုင်းမှာ ကြက်သေ သေသွားသည်ဟုပင် ခံစားလိုက်ရတော့သည်။ သူ လင်းလော့ချင်းကို တကယ်ပင် နားမလည်နိုင်တော့ချေ!
" သူ ဒါကို ရိုက်ကူးထားတာ ဘယ်လောက်ကြာပြီလဲ...ဆယ်နှစ်လား... ဒါမှမဟုတ် ရှစ်နှစ်နဲ့ ငါးနှစ် တစ်ခုခုလား..."
လက်ထောက် : "......."
"ကော ဒါက မနှစ်ကမှ ရိုက်ကူးထားတာတွေပါ... တစ်ခုက နှစ်စလောက်မှာ ထုတ်လွှင့်ခဲ့ပြီး နောက်တစ်ခုက နှစ်ဝက် မေ-ဂျွန် လောက်မှာ ထုတ်လွှင့်ခဲ့တာ..."
လီဟန်ဟိုင်း : "......."
" မင်း အံ့ဖွယ်ဖြစ်ရပ်တွေကို ယုံကြည်လား..."
လီဟန်ဟိုင်း လက်ထောက်လေးအား မေးလိုက်၏။
လက်ထောက် : "ဗျာ..."
"လင်းလော့ချင်းမှာ အမွှာညီအစ်ကိုရှိနေတယ်လို့ မင်းထင်လား..."
တစ်ယောက်က သရုပ်ဆောင်ရာမှာ တကယ်ကို အရည်အချင်းရှိနေတာမျိုးပေါ့!
လက်ထောက် :"..."
ဟင့်အင်း....ကောက ဘာလို့ အခြားသူရဲ့ အမွှာညီအစ်ကို ရှိခြင်း၊ မရှိခြင်းကို ဂရုစိုက်နေရတာလဲ... ကော သူတို့ကို သိလို့လား...
လက်ထောက်လေးမှာ ရှုပ်ထွေးသွားကာ ဆိုလိုရင်းကို နားမလည်နိုင်ဖြစ်သွားတော့သည်။
သူ့ရဲ့ကောက ဒီနေ့မှ ဘာဖြစ်နေတာပါလိမ့်... ထူးဆန်းလိုက်တာ... သူ လင်းလော့ချင်းရဲ့ အမွှာညီအစ်ကို ကို စိတ်ဝင်စားနေတာတော့ မဟုတ်လောက်ပါဘူးနော်...
လီဟန်ဟိုင်းက စခရင်ပေါ်မှ အမူအရာကင်းမဲ့သည့် လင်းလော့ချင်းကို အချိန်အတော်ကြာစိုက်ကြည့်လိုက်ပြီးနောက် တရား၀င်ကြော်ငြာချက်ပိုစတာပေါ်မှ ပြုံးနေသော လင်းလော့ချင်းကို ကြည့်လိုက်သည်။
တစ်ယောက် ခံစားချက်မဲ့တဲ့စက်ရုပ်ဖြစ်ပေမဲ့ နောက်တစ်ယောက်က အသက်၀င်နေတဲ့ ဇာတ်ကောင်ပဲ...
လူတစ်ယောက်ရဲ့သရုပ်ဆောင်စွမ်းရည်က တစ်နှစ်အတွင်း ဘယ်လိုလုပ် ခုန်ပေါက်တက်လာတာလဲ...
မယုံနိင်စရာပဲ...
သူက ဒရမ်မာနှစ်ခုမှ သရုပ်ဆောင်ပြီးတော့ သူ့အားနည်းချက်များကို သိလိုက်ရပြီး တစ်နှစ်အနားယူလိုက်တာလား...
တစ်နှစ်ကြာပြီးတော့ 'ဘုရင် ပြန်မွေးဖွားလာတာလား...'
လီဟန်ဟိုင်းက သူ့လက်ထောက်ဘက် လှည့်ပြီးပြောလိုက်သည်။
"ဒီတစ်နှစ်အတွင်း သူက ရုပ်ရှင်မရိုက်ဘူးလား...ပွဲတွေ တက်ပြီး ကြော်ငြာတွေ၊ ရသစုံရှိုးတွေ ရိုက်နေတာလား.."
လက်ထောက် : “……”
အစ်ကို...၁၈လိုင်း နာမည်မရှိတဲ့ သရုပ်ဆောင်ဆိုတာ ဘာလဲ...
ဘယ်သူက အဲ့လိုလူကို ပွဲတွေတက်ဖို့၊ ကြော်ငြာတွေ ရသစုံရှိုးတွေရိုက်ဖို့ ခေါ်မှာလဲ...ဆင်းရဲနွမ်းပါးမှု လျှော့ချမလို့လား...
သူတို့က လင်းလော့ချင်းရုပ်ရည်အတွက် ပိုက်ဆံပေးခေါ်ကြတာလား...
"အဲ့လို မရှိပါဘူး..."
သို့သော် လီဟန်ဟိုင်းက ပွဲဦးစထွက်စဉ်ကတည်းက ရေပန်းစားခဲ့ပြီး ၁၈လိုင်း သရုပ်ဆောင်များကမည်သို့ဆက်ဆံခံရသည်ကို မသိချေ။ သူက လင်းလော့ချင်းက တစ်နှစ်လုံးလုံး သရုပ်ဆောင်လေ့ကျင့်ရာ၌ နစ်မြှုပ်ထားပြီး ယခု ပြန်လာသော ဆိုးရွားသောအတိတ်ကို လက်ရှိသရုပ်ဆောင်စွမ်းရည်နှင့် ဆေးကြောချင်သည်ဟု ထင်နေလေသည်။
ဒါက အရမ်းအရမ်းကို မိုက်တယ်...
ဆင်းရဲဒုက္ခအများကြီး ကြုံတွေ့ခဲ့ရပြီး ကြိုးစားရုန်းကန်ပြီးမှ ပြန်လည်ဦးမော့လာသည့် ငှက်ကလေး...
သူက ကြိုးစားလွန်းတယ်...သူ့ရဲ့ စွမ်းရည်က လင်းလော့ချင်းလောက် မကောင်းတာ မအံ့ဩတော့ဘူး...
လီဟန်ဟိုင်းက လင်းလော့ချင်းကို အနည်းငယ် လေးစားလာလေသည်။ တစ်နှစ်လောက် သူ့သရုပ်ဆောင်စွမ်းရည်လေ့ကျင့်ရာတွင် နစ်မြှုပ်ထားပြီး စီးပွားရေးကို လျစ်လျူရှုထားလေသည်။
ဘယ်သရုပ်ဆောင်မှ သူ့လို မလုပ်နိုင်ဘူး...သူ့ကိုယ်သူ ပြန်မေးကြည့်လိုက်တော့ သူလည်း မလုပ်နိုင်ဘူး...
ထိုသို့တွေးပြီးနောက် လီဟန်ဟိုင်းက လင်းလော့ချင်း၏ဓာတ်ပုံအောက်မှ မှတ်ချက်များကို ကြည့်လိုက်ပြီး အင်တာနက်သုံးစွဲသူများက သူ့ကို ပြောနေသည့် မှတ်ချက်များကိုလည်း ကြည့်လိုက်သည်။
သူက အင်တာနက်သုံးစွဲသူများ သူ့ကို ပြောနေကြသည့် သူသရုပ်ဆောင်ခဲ့သော ဒရမ်မာသုံးကား၏ဓာတ်ပုံများကို ကြည့်လိုက်သည်။ အမှန်ပင် ကွာခြားမှု သိပ်မရှိပေ။
သူက အိုင်ဒေါလ်တစ်ယောက်အဖြစ်ပွဲဦးထွက်ခဲ့ပြီး စင်ပေါ်တွင် ပရိသတ်များက သူ့ကို မဲပေးကြရန် သူ့စွမ်းရည်များကို ထုတ်ပြခဲ့သည်။
ထို့နောက် Cအဆင့်နှင့် အောင်မြင်စွာ ပွဲဦးထွက်နိုင်ခဲ့ပြီး မိတ်ကပ်ပြင်ရာ၌ သူ့အားနည်းချက်များကို ဖုံးဖိ၍ အားသာချက်များကိုသာ ချပြခဲ့သည်။ ထို့မှသာ ပရိသတ်များရှေ့တွင် အကောင်းဆုံးဖြစ်နေမည်ဖြစ်သည်။
သူ ပထမဆုံးရိုက်ကူးသည့် ဒရမ်မာက မော်ဒန်ဒရမ်မာဖြစ်ပြီး လူမည်းပရိသတ်များနှင့် သူ့ပြိုင်ဘက်များက သူ့ကို ဆွဲချရန် စောင့်ကြည့်ခဲ့ကြသည်။
သူ စင်ပေါ်မှ ထွက်ခွာလာပြီးနောက် အင်တာနက်သုံးစွဲသူများကလည်း သူ့ကို စောင့်ကြည့်နေကြလေသည်။
လီဟန်ဟိုင်းက အရင်လို ချောနေသေးလား...ရုပ်ရည်ကျသွားပြီးလား...
လီဟန်ဟိုင်းက ကိုယ့်ကိုကိုယ် သိသူဖြစ်သည်။ သူက ပရော်ဖက်ရှင်နယ်သရုပ်ဆောင် မဖြစ်နိုင်ကြောင်းနှင့် သရုပ်ဆောင်ပိုင်းတွင်လည်း အောင်မြင်မှုကြီးကြီးမားမား မရနိုင်ကြောင်း သိလေသည်။ သူ့၏အကြီးမားဆုံးအားသာချက်မှာ ရုပ်ရည်နှင့်ကျော်ကြားမှုဖြစ်သည်။
ထို့ကြောင့် သူက သူ့၏သွင်ပြင်အပေါ် အာရုံစိုက်ခဲ့ပြီး အဖွဲ့မိတ်ကပ်ဆရာ၏ မိတ်ကပ်က သူ ကျေနပ်လောက်သည့်အထိ မဟုတ်သောကြောင့် အမျိုးသားဇာတ်ဆောင်ဟူသော ရာထူးကိုသုံးကာ သူ့ကိုယ်ပိုင်မိတ်ကပ်ဆရာကို အဖွဲ့ထဲ ခေါ်ခဲ့သည်။
သူ့တွင် ထိုသို့လုပ်ပိုင်ခွင့်ရှိလေသည်။ ပထမဆုံးဒရမ်မာပြီးနောက် သူ့၏အိုင်ဒေါလ်နောက်ခံကို သိသည့် ဖန်များနှင့် အင်တာနက်သုံးစွဲသူများက သူ့သရုပ်ဆောင်စွမ်းရည်အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မထားကြပေ။ ထို့ပြင် သူက ဒရမ်မာထဲတွင် မိမိုက်ချောမောနေပြီး ဇာတ်ကောင်နှင့်လည်း ကိုက်ညီနေသောကြောင့် ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့လေသည်။ ယင်းက အိုင်ဒေါလ်ဒရမ်မာများ၏ဒါရိုက်တာကိုလည်း သူ့ကို သတိထားမိစေခဲ့သည်။
ထို့အတွက်ကြောင့် လီဟန်ဟိုင်းက နောက်ပိုင်း မော်ဒန်ဒရမ်မာများတွင် အဖွဲ့ထဲသို့ ကိုယ်ပိုင် မိတ်ကပ်ဆရာခေါ်ခေါ်သွားလေသည်။
သို့သော် အင်တာနက်သုံးစွဲသူများက ယင်းကို ဂရုမစိုက်ကြတော့ချေ။
ထိုသို့တွေးပြီးနောက် လီဟန်ဟိုင်း လင်းလော့ချင်း၏မိတ်ကပ်ဆရာကို ကြည့်လိုက်သည်။
"အားမီကို ဆက်သွယ်လိုက်ပြီး သူ့ပစ္စည်းတွေ၊ သူ့လက်ထောက်နဲ့အတူ ဒီကို လာခိုင်းလိုက်..."
လက်ထောက်လေးက ရှုပ်ထွေးသွားသော်လည်း ညွှန်ကြားသည့်အတိုင်း လိုက်လုပ်လိုက်လေသည်။
နောက်တစ်နေ့မနက် လင်းလော့ချင်း မိတ်ကပ်လိမ်းခန်းသို့ ရောက်ရှိပြီးနောက် အားမီအစား အခြားမိတ်ကပ်ဆရာကို တွေ့လိုက်ရလေသည်။
"ကျွန်မနာမည်က လင်းဒါပါ...ကျွန်မက အခုက စပြီး ရှင့်ကို မိတ်ကပ်ပြင်ပေးမှာပါ..."
သူ ပြောလိုက်သည်။
လင်းလော့ချင်း :"..."
"ကျွန်တော့်စတိုင်လစ် အားမီကရော..."
"သူက အစ်ကိုဟန်ကို ပြင်ပေးနေရပြီ...အဖွဲ့ခေါင်းဆောင်က ကျွန်မကို သူ့အစား လွှတ်လိုက်တာပါ..."
လင်းဒါ ရှင်းပြလိုက်သည်။
လင်းလော့ချင်း စိတ်ရှုပ်သွားသည်။
"ဟမ်..."
လင်းလော့ချင်း စိတ်ရှုပ်ထွေးနေစဉ် ဝူရှင်းယွမ်က မနေ့ညက တရား၀င်ဝေ့ပေါ်အောက်မှ ချီးကျူးစာများကို သတိရသွားပြီး ငြင်းဆန်လိုက်သည်။
"ဘာလို့ ငါတို့ ဒီအကြောင်းကို မသိရတာလဲ...ရုတ်တရက် လူစားလဲချင်ရင် ငါတို့ကို ပြောသင့်တာပေါ့...ငါတို့ကို ဘာလို့ကြိုမပြောတာလဲ..."
ဟာသပဲ...အရင်ကတော့ ကိုယ်ပိုင်မိတ်ကပ်ပညာရှင်နဲ့ဖြစ်နေပြီး မနေ့က လင်းလော့ချင်းဖန်တွေ တိုးလာတာမြင်တော့မှ လင်းလော့ချင်းက ချောတယ်လို့ထင်မှ ပြောင်းလိုက်တာ မဟုတ်ဘူးလား...
အားမီ ဖန်တီးထားတဲ့စတိုင်ကို လူတိုင်းကြိုက်ကြတဲ့ဟာ...လင်းဒါက အဲ့လိုမလုပ်နိုင်ရင် ဒရမ်မာထဲက လင်းလော့ချင်းသွင်ပြင်က နိမ့်ကျသွားမှာပေါ့...ပြီးတော့ လူတိုင်းက တရား၀င်ကြော်ငြာချက်ပိုစတာနဲ့ နှိုင်းယှဉ်ပြီး လင်းလော့ချင်းက သူတို့ကို လှည့်စားတယ်လို့ ပြောကြလိမ့်မယ်...
ဝူရှင်းယွမ် သဘောမတူနိုင်ပေ။
ဝူရှင်းယွမ်စကားကို ကြားသောအခါ လင်းဒါပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်က ရှင်တို့ကို ခေါ်မပြောထားဘူးလား..."
ဝူရှင်းယွမ် ပြတ်သားစွာ ပြောလိုက်သည်။
"မပြောဘူး..."
ဝူရှင်းယွမ် စကားပြောပြီးသောအခါ အားမီ ပြေးလာလေသည်။
သူက လူသုံးယောက်ကို ကြည့်လိုက်ပြီး လင်းဒါကို ဘေးသို့ ဆွဲလိုက်ကာ စကားအနည်းငယ်ပြောကာ တောင်းပန်ပြီးနောက် လင်းဒါကို အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဆီ လွှတ်လိုက်သည်။
ထို့နောက် သူ လင်းလော့ချင်းကို တိုးတိုးပြောလိုက်သည်။
"ဘယ်လိုဖြစ်သွားလဲ ငါမသိလိုက်ဘူး...အစ်ကိုဟိုင်းက မနေ့ညက ငါ့ကို ရုတ်တရက် ခေါ်ပြီး စတိုင်တစ်ခုကို စမ်းပြင်ခိုင်းတယ်...လုပ်လည်းလုပ်ပြီး သွားတော့ အဖွဲ့ခေါင်းဆောင်က ငါ့ကို ဒီမနက်ခေါ်ပြောတယ်လေ...အစ်ကိုဟိုင်းက ငါ့ကို သူ့မိတ်ကပ်ဆရာလုပ်စေချင်တယ်တဲ့...ငါ သူ့ကို လုပ်ပေးပြီးရင် နင့်ကို လာပြင်ပေးမယ်...ငါ အချိန်ဇယားကြည့်ပြီးသွားပြီ...နင့်ရဲ့ဇာတ်၀င်ခန်းက သူ့နောက်မှ ရိုက်ရမှာ...အဲ့တော့ အဆင်ပြေတယ်..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"အင်း..."
ဝူရှင်းယွမ် စိတ်တိုနေလေသည်။
"ဘာလို့ ရုတ်တရက် ထပြောင်းရတာလဲ...သူက မင်းကို အရင်က ငြင်းခဲ့တယ်မလား...အခုတော့ ပြန်ခေါ်ပြန်ပြီ...ပြီးတော့ လင်းလော့ချင်းကို ပြင်ပေးဖို့ သဘောတူမှာတဲ့လား..."
အဓိကဇာတ်ဆောင်တွေက သူတို့ရဲ့ မိတ်ကပ်ဆရာကို ဘယ်လိုလုပ် တခြားလူနဲ့မျှဝေမှာလဲ...
အမှန်တွင် အားမီလည်း သူ့စကားအပေါ် ၁၀၀%အပြည့် ယုံကြည်ချက်မရှိပေ။ မနေ့ည လီဟန်ဟိုင်း သူ့ကို ခေါ်ကတည်းက စိတ်လေးနေ ခြင်းဖြစ်လေသည်။
လီဟန်ဟိုင်းက သူ့ကို မေးခဲ့သည်။
"ငါ့အတွက် ဘယ်လိုစတိုင်မျိုး စီစဉ်ထားလဲ..."
လီဟန်ဟိုင်းက ထိုမေးခွန်းကို စိတ်ကူးပေါက်၍ မေးခြင်းမဖြစ်နိုင်ပေ။ ဖိုရမ်အောက်မှ အင်တာနက်သုံးစွဲသူများက သူ့၏ဒရမ်မာသုံးကားလုံးတွင် တူညီသောမိတ်ကပ်စတိုင်ဖြစ်နေခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးနေကြသည်ကို သိခြင်းကြောင့်ဖြစ်နိုင်သည်။
အားမီက အခွင့်အရေးရလာကြောင်း သိလေသည်။
လီဟန်ဟိုင်း၏ကျော်ကြားမှုက လင်းလော့ချင်းထက် ပိုမြင့်မားသောကြောင့် သူ့၏ယခင်ဒရမ်မာများနှင့်ကွာပြားသော မိတ်ကပ်စတိုင်ကိုမြင်သောအခါ မိတ်ကပ်ဆရာကို မေးမြန်းကြမည်ဖြစ်သည်။
ဤစက်ဝိုင်းတွင် မကျော်ကြားချင်သည့်လူမရှိပေ။ အားမီလည်း ပြောရေးဆိုခွင့်ရှိသောနာမည်ကြီးမိတ်ကပ်ဆရာဖြစ်ချင်လေသည်။
ထို့ကြောင့် သူ့အရည်အချင်းများကို အစွမ်းကုန်ပြသခဲ့သည်။
သို့သော် လီဟန်ဟိုင်းက သူ ပြန်သွားသည်အထိ စကားမပြောသောကြောင့် သူ စိုးရိမ်တကြီး မေးလိုက်သည်။
"ဒီပုံစံက အဆင်ပြေလား..."
သို့သော် လီဟန်ဟိုင်းက လက်ထောက်လေးကိုသာ သူ့ကို လိုက်ပို့ခိုင်းလိုက်လေသည်။
အားမီက လီဟန်ဟိုင်းမကြိုက်ဟု တွေးကာ သူ့ အခန်းဆီ စိတ်ပျက်လက်ပျက်ပြန်သွားခဲ့သည်။သူက အခွင့်အရေးကို လက်လွှတ်လိုက်ရသောကြောင့် ငိုကြွေးလုမတတ်ဖြစ်ခဲ့ရလေသည်။
သို့သော် ဤမနက်တွင် အဖွဲ့ခေါင်းဆောင်က သူ့ကို လီဟန်ဟိုင်းအား ပြန်တာ၀န်ယူရမည်ဖြစ်ကြောင်းပြောလာလေသည်။ သူ့စွမ်းရည်များကို အနာဂတ်တွင် ပြသခွင့်ရတော့မည်ဖြစ်သောကြောင့် အလွန်၀မ်းသာနေခဲ့သည်။
သို့သော် သူ့ပျော်ရွှင်မှုက လင်းလော့ချင်းကိုတွေးမိသွားသောအခါ ပျောက်ဆုံးသွားလေသည်။
သူသာ လီဟန်ဟိုင်းကို တာ၀န်ယူရရင် လင်းလော့ချင်းကို ဘယ်လိုလုပ်မလဲ...
သူ အဖွဲ့ခေါင်းဆောင်ကို ဖုန်းပြန်ခေါ်လိုက်ပြီး ထိုအကြောင်းမေးလိုက်သည်။
"အဲ့အတွက် လင်းဒါကို စီစဉ်ပေးထားတယ်..."
လင်းဒါက အမျိုးသမီးသရုပ်ဆောင်တွေကိုပြင်ဆင်ပေးတာ ကောင်းပေမဲ့ အမျိုးသားဇာတ်ဆောင်တွေကိုမှ မပြင်ပေးဖူးတာ...
အားမီ အဖွဲ့ခေါင်းဆောင်၏စကားကို ကြားသောအခါ အပြစ်ရှိစိတ် ခံစားလိုက်ရလေသည်။
သူက လင်းလော့ချင်းအပေါ် အမြင်ကောင်းရှိလေသည်။ လင်းလော့ချင်းက အလွန်ရိုးသားသည်ဟုသူ ခံစားရသည်။
သူ ရိုးသားသည့်လူကို အနိုင်ကျင့်မိနေသလို ခံစားရလေသည်။
ထို့အပြင် လင်းလော့ချင်းက သူ့ထံ ထိုအခွင့်အရေးကို ယူဆောင်ပေးခဲ့ခြင်းဖြစ်သည်။
သူ လီဟန်ဟိုင်းအပေါ် သူ့စွမ်းရည်ပြသခွင့်ရခြင်းက လင်းလော့ချင်းကြောင့်ဖြစ်လေသည်။
လင်းလော့ချင်း၏မိတ်ကပ်စတိုင်တောင်းဆိုမှုကြောင့်သာမဟုတ်လျှင် သာမာန်မိတ်ကပ်စတိုင်ဖြစ်နေမည်ဖြစ်ပြီး လီဟန်ဟိုင်းကလည်း သူ့ကို အခွင့်အရေးပေးလာမည်မဟုတ်ပေ။
ဒီလိုသာ ထွက်သွားရင် သူက ကျေးဇူးကန်းတဲ့လူလိုပဲ...
အားမီက ထိုကိစ္စနှင့် ပတ်သတ်ပြီး အဖွဲ့ခေါင်းဆောင်နှင့် အချိန်အတော်ကြာ ငြင်းခုံခဲ့လေသည်။ သူက လူနှစ်ယောက်လုံးကို တာ၀န်ယူနိုင်ကြောင်း ပြောသောအခါ အဖွဲ့ခေါင်းဆောင်က သူ ခွင့်ပြုလျှင်ပင် လီဟန်ဟိုင်းက ခွင့်ပြုမည် မဟုတ်ကြောင်းပြောလေသည်။
"ကြိုးစားကြည့်တာပေါ့...မဟုတ်ရင် လင်းလော့ချင်းအတွက် မတရားဘူး..."
အဖွဲ့ခေါင်းဆောင်က အားမီကို နုံအသည့်လူဟု တွေးကာ လက်တွေ့ကို သဘောပေါက်ရန် လွှတ်ပေးလိုက်သည်။
"ဒါဆိုလည်း သွားပြောကြည့်ပေါ့..."
ထို့ကြောင် အားမီက ဖြားယောင်းရန် အလောတကြီး ပြေးသွားလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါ သူ့ကို ပြောကြည့်လိုက်မယ်...သူသဘောမတူရင်လည်း ရလဒ်ကို လာပြောပြမယ်..."
သူ နှုတ်ခမ်းကို ကိုက်ကာ ဝူရှင်းယွမ်ကို ပြောလိုက်သည်။
ဝူရှင်းယွမ် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပူသွားလေသည်။
လင်းလော့ချင်း ယင်းကိုကြားသောအခါ အားမီက အလုပ်ကြိုးစားသည်ဟု တွေးလိုက်သည်။
သူက အဖွဲ့ခေါင်းဆောင်မဟုတ်သောကြောင့် ပြောရေးဆိုခွင့်မရှိသော်လည်း သူ့ကို ကာကွယ်ရန်ကြိုးစားခဲ့လေသည်။
"သွားတော့..."
လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
"အရင်ဆုံး သူ့ကို ပြင်ပေးပြီးမှ ပြောပေါ့...သူ့ကို တွန်းအားမပေးနဲ့...အဲ့ဒါ မင်းအလုပ်ပဲလေ...ဖိအားသွားပေးရင် မင်လည်း အဆင်မပြေဖြစ်သွားလိမ့်မယ်..."
အားမီက လင်းလော့ချင်းကို ကြည့်လိုက်ကာ လင်းလော့ချင်းက တကယ်ရိုးသားကြောင်း တွေးလိုက်သည်။
ဖျော်ဖြေရေးစက်ဝိုင်းမှာ ဘာလို့ဒီလိုရိုးသားတဲ့သူရှိနေတာလဲ...
သူ ထွက်သွားရင် သူက ရိုးသားတဲ့သူကို အနိုင်ကျင့်လိုက်သလိုပဲ...
"ငါ သေချာလုပ်ခဲ့မယ်..."
သူက လီဟန်ဟိုင်း၏လက်ထောက်ရောက်လာပြီး လီဟန်ဟိုင်းရောက်လာပြီဖြစ်ကြောင်း လာမပြောမီအထိ လင်းလော့ချင်းနှင့် စကားပြောခဲ့သည်။
လက်ထောက်စကားကို ကြားသောအခါ အားမီက လင်းလော့ချင်းကို စကားအနည်းငယ် ထပ်ပြော လိုက်ပြီး ထွက်သွားလိုက်သည်။
အစပိုင်းတွင် လီဟန်ဟိုင်း၏မိတ်ကပ်လိမ်းခန်းက ပြဿနာရှိသောကြောင့် လင်းလော့ချင်း၊ ကျန်းချွမ်တို့နှင့် မျှဝေထားသော်လည်း ယခု ကိုယ်ပိုင်သီးသန့်အခန်းရှိနေပြီဖြစ်သည်။
ဝူရှင်းယွမ်က အားမီထွက်သွာူပြီးနောက် သက်ပြင်းချလိုက်သည်။
"လီဟန်ဟိုင်း သဘောတူဖို့ မဖြစ်နိုင်ဘူး...စတိုင်လစ်ကို ပြောင်းရဖို့များတယ်...ငါ မိတ်ကပ်အဖွဲ့ကို သွားကြည့်လိုက်ဦးမယ်...အားမီအဆင့်လောက် မရှိကြရင်တော့ ငါတို့ ကိုယ်ပိုင်မိတ်ကပ်ဆရာ ခန့်ကြတာပေါ့..."
“အင်း..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
သူက ထိုင်ခုံတွင် ထိုင်ကာ အားမီကို စောင့်နေရင်း ဖုန်းသုံးနေလေသည်။
ထိုစဉ် သူ့ဘေးမှ အမျိုးသမီးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
"ဟဲလို မစ္စဝာာလင်း...ရှင် အလုပ်မများရင် ကျွန်မနဲ့ဇာတ်ညွှန်းအတူ လေ့ကျင့်ကြမလား..."
လင်းလော့ချင်း မော့ကြည့်လိုက်ာအခါ သူနှင့်စုံတွဲအဖြစ် သရုပ်ဆောင်သည့် မင်းသမီးဝူကျားဖြစ်နေလေသည်။
ဝူကျားက သူ့ကို ပြုံးပြလိုက်သည်။ သူ့၏မိတ်ကပ်နှင့်ဆံပင်ကို မပြင်ရသေးကြောင်း သိသာလေသည်။
"အစ်မယောင်နဲ့အစ်မယွီပြင်နေကြတာ...ငါ အလှည့်မရောက်သေးဘူးလေ...အဲ့ဒါ အားနေလို့ အတူလေ့ကျင့်ကြမလားလို့..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"အိုကေ..."
ထို့နောက် သူက ကျန်းချွမ်ကို အနှောင့်အယှက် မပေးချင်သောကြောင့် ဝူကျားနှင့်အတူ အပြင် ထွက်သွားလိုက်သည်။
ဝူကျားက ယခုထိ တစ်ခန်းမှ မရိုက်ရသေးသော်လည်း နေ့တိုင်း ဒါရိုက်တာ၏ညွှန်ကြားချက်များကို လာနားထောင်ပြီး အခြားလူများကို ကြည့်ကာ သရုပ်ဆောင်ပုံကို လေ့လာလေသည်။
သူ ဒါရိုက်တာက လင်းလော့ချင်း၏သရုပ်ဆောင်စွမ်းရည်ကို အလွန်သဘောကျကြောင်း မြင်သော အခါ သူက လင်းလော့ချင်းနှင့်စကားပြောရန် အခွင့်အရေးရှာခဲ့သည်။
"မစ္စတာလင်း ငါ သရုပ်ဆောင်တာ မကောင်းရင် တိုက်ရိုက်ပြောနော်...ငါက အများကြီးသရုပ်မဆောင်ဖူးသလို သရုပ်ဆောင်စွမ်းရည်ကလည်း မကောင်းဘူး...ဒါပေမဲ့ ငါ ကြိုးကြိုးစားစားသင်ယူမှာပါ..."
“အိုကေ...ဒါပေမဲ့ ငါပြောသမျှက မှန်မှာ မဟုတ်ဘူး...မင်းမှာ တခြားမတူတဲ့အမြင်ရှိရင် ပြောပြပေါ့..."
လင်းလော့ချင်း ပြုံးကာပြောလိုက်သည်။
"အင်း..."
ဝူကျား ခေါင်းငြိမ့်လိုက်သည်။
နှစ်ယောက်သား ပြောဆိုပြီးနောက် ဤမနက်ရိုက်မည့်ဇာတ်ကွက်ကို စတင်လေ့ကျင့်လိုက်လေသည်။
ယောင်မော့မော့ ပြင်ဆင်ပြီး၍ အခန်းထဲမှ ထွက်လာသောအခါ ကော်ရစ်တာပေါ်တွင် လေ့ကျင့်နေကြသော လင်းလော့ချင်းနှင့်ဝူကျားကို
တွေ့လိုက်ရလေသည်။
ယောင်မော့မော့ :"!!!"
မနက်ပဲရှိသေးတယ်...
အခုမှ နိုးလာခါစရှိသေး...
နင်တို့က ဇာတ်တိုက်နေကြပြီလား...
ဝူကျား နင်က မိတ်ကပ်တောင် မပြင်ရသေးဘူးလေ...
လေ့ကျင့်နေပြီတဲ့လား...
အနိုင်ရလိုစိတ် ပြင်းထန်လွန်းတယ်...
ယောင်မော့မော့ ဤအဖွဲ့က ကြောက်စရာကောင်းသည်ဟု တွေးလိုက်သည်။
ယောကျာ်းလေးတွေတင် ပြိုင်နေကြတာမဟုတ်ဘူး...မိန်းကလေးတွေပါ ပြိုင်နေကြပြီလား...