Chapter 89
လင်းလော့ချင်းနှင့် လီဟန်ဟိုင်းက သူ့ထက် ပိုကောင်းလျှင် ကျားမကွာခြားသောကြောင့် ပြဿနာမရှိသော်လည်း ဝူကျားက သူ့ထက် ပိုကောင်းနေလျှင် ဝူကျားက ခေါင်းစဉ်အချို့ကို ဝယ်ပြီး သူ့ကို နင်းသွားနိုင်လေသည်။
ထိုသို့တွေးပြီးနောက် ယောင်မော့မော့ စိတ်မအေးနိုင်တော့ပေ။
"နင် ဒီနေ့စောစော ပြင်ပြီးသွားတာ...ဘာလို့ ကားထဲမှာ သွားမနားနေတာလဲ..."
ယောင်မော့မော့ လက်ထောက်က ပြောလိုက်သည်။
သူက ဘယ်လိုလုပ် နားနိုင်မှာလဲ...
ထို့နောက် သူ လင်းလော့ချင်းထံသို့ လျှောက်သွားလိုက်သည်။ လင်းလော့ချင်းနှင့်ဝူကျား စကားပြောပြီးသွားသောအခါ သူ ပြောလိုက်သည်။
"မစ္စတာလင်း ရှင် အလုပ်မများရင် ကျားကျားနဲ့လေ့ကျင့်ပြီးရင် ငါနဲ့လေ့ကျင့်ပေးလို့ရလား...မစ္စတာလင်း သိတဲ့အတိုင်းပဲ...ငါ့စွမ်းရည်က သိပ်မကောင်းဘူးလေ...ငါ အမှားမရှိအောင် ရှင်နဲ့ ကြိုတင်လေ့ကျင့်ချင်တယ်..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"အိုကေ..."
မိတ်ကပ်ပြင်ပြီးသွား၍ အားမီနှင့်အတူ ထွက်လာသည့်လီဟန်ဟိုင်းက ယင်းကို ကြားလိုက်လေသည်။
'ငါ ခြေတစ်လှမ်းနောက်ကျသွားပြီပဲ...'
ငါ့အဖွဲ့ထဲက မင်းသမီးတွေက ဘာဖြစ်သွားတာလဲ....
အရမ်းအလုပ်ကြိုးစားကြတာပဲ...
တခြားအဖွဲ့က မင်းသမီးတွေဆို အတင်းအဖျင်းပြောကြပေမဲ့ ငါ့အဖွဲ့ထဲက မင်းသမီးတွေကတော့သရုပ်ဆောင်တဲ့အပေါ် အာရုံစိုက်ထားကြတာလား...
အရမ်းကွာခြားလွန်းတယ်...
ယောင်မော့မော့က လင်းလော့ချင်းနှင့် အချိန်းအချက်လုပ်ပြီးနောက် ထွက်သွားလိုက်သည်။
စုယင်နှင့်ဝူကျားကို တာ၀န်ယူသည့် မိတ်ကပ်ပညာရှင်က စုယင်မိတ်ကပ်လိမ်းပြီးသွားသောအခါ ဝူကျားကို ပြန်လာရန် ခေါ်လိုက်သည်။
ဝူကျား ဖုန်းချလိုက်ပြီး အားမီက လင်းလော့ချင်းထံ လျှောက်လာသည်ကို မြင်သောအခါ လင်းလော့ချင်းလည်း မိတ်ကပ်လိမ်းရတော့မည်ဟု တွေးလိုက်ပြီး အချိန်တစ်ချိန်ကို ချိန်းလိုက်ကာ မိတ်ကပ်လိမ်းရန် ပြန်သွားလိုက်သည်။
လီဟန်ဟိုင်း :"..."
မြတ်စွာဘုရား...ဒါက ဘာလဲ...လင်းလော့ချင်းနဲ့လေ့ကျင့်ဖို့ ကြိုတင်အချိန်းအချက်ယူထားရမှာလား...
သူ့လို အမျိုးသားဇာတ်ဆောင်အပေါ်ကိုတောင် ဒီလိုဆက်ဆံပုံမျိုးမရှိဘူး...
ယောင်မော့မော့နဲ့ဝူကျားက ချိန်းထားပြီးသားဆိုတော့ အခုချိန်းရင် သူက တတိ ယမြောက်လား...
သူက အမျိုးသားဇာတ်ဆောင်လေ...
ဒီလိုဆက်ဆံခံရဖို့ သင့်တော်လား...
ဒါက ကျိုးကြောင်းဆီလျော်လား...
ထိုသို့တွေးနေစဉ် ကျန်းချွမ်ထွက်လာကာ လင်းလော့ချင်းကို တွေ့သောအခါ နှုတ်ဆက်လိုက်ပြီး မေးလိုက်သည်။
"အခု ဝူကျားနဲ့လေ့ကျင့်နေတာလား..."
"ဟုတ်တယ်..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
ကျန်းချွမ် နူးညံ့စွာ ပြောလိုက်သည်။
"ဒါဆို ငါနဲ့ နောက်ကြရင် အတူ လေ့ကျင့်ကြရအောင်...နောက်နှစ်ရက်ကျရင် ငါတို့ အားပြိုင်တဲ့ဇာတ်ကွက်ရှိတယ်မလား..."
လီဟန်ဟိုင်း :"..."
ဒါက ကြားဖြတ်တာ မဟုတ်ဘူးလား...
သူက တတိယမြောက်လေ...
"ဟုတ်ပြီ..."
လင်းလော့ချင်းတွင် ထင်မြင်ချက်မရှိပေ။
လီဟန်ဟိုင်း '..."
မင်း အဲ့ဒါကို အဆင်ပြေတယ်...
ဟုတ်လား...
လင်းလော့ချင်းက အဝေးမှ လီဟန်ဟိုင်းကို သတိမပြုမိခဲ့ပေ။ သူ့နှလုံးသားထဲတွင် အားကောင်းသောတက်ကြွမှုများ ရှိနေလေသည်။
သရုပ်ဆောင်တစ်ယောက်နှင့် ရိုက်ကူးရေးမစမီ အခြားသရုပ်ဆောင်များနှင့် ကြိုတင်လေ့ကျင့်ခြင်းက လူတိုင်းအတွက် ကောင်းလေသည်။ ယင်းအတွက် သူ ၀န်ထုပ်၀န်ပိုး မဖြစ်ပေ။
"ဒါဆို အချိန်ကျလာရင် ငါ မင်းကို wechat မတ်ဆေ့ခ်ျပို့လိုက်မယ်..."
"ဟုတ်ပြီ..."
ကျန်းချွမ်က သူ ကြားဖြတ်လိုက်မိသည်ကို မသိလိုက်ပေ။ သူက လင်းလော့ချင်း ပြင်ဆင်ပြီးသည့်အချိန်ကိုစောင့်နေရုံသာဖြစ်လေသည်။
လီဟန်ဟိုင်း :"..."
သူ ကြားဖြတ်ခံလိုက်ရတာလား...
သူက လေးယောက်မြောက်ဖြစ်သွားတာလား...
သူ လင်းလော့ချင်းဆီသို့ အမြန်လျှောက်သွားလိုက်ပြီး အားမီသည်လည်း သူ့နောက်က လိုက်လာလေသည်။ ထို့နောက် သူတို့ လင်းလော့ချင်းနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်သည်။
ထိုအခါမှ လင်းလော့ချင်းက လီဟန်ဟိုင်းနှင့်အားမီကို သတိပြုမိလေသည်။ လီဟန်ဟိုင်းက မိတ်ကပ်စတိုင်ပြောင်းလဲထားခဲ့သည်။ မျက်၀န်းအောက် အိုင်းလိုင်းနာကို ဖယ်ရှားထားပြီး မျက်လုံးသဏ္ဍာန်က ပိုမိုစူးရှလာလေသည်။
ဆံပင်အဖျားများကိုလည်း ရိုးရှင်းသော ပြုပြင်မှုအချို့ပြုလုပ်ထားလေသည်။ ယင်းတို့က မပြင်ထားပုံပေါ်သော်လည်း သေချာဂရုစိုက်ထားခြင်းဖြစ်လေသည်။ သူ့ဆံမြိတ်တစ်ခြမ်းက နဖူးတစ်၀က်ကို အုပ်ထားပြီး သူရဲကောင်းဆန်သောမျက်ခုံးကို ပေါ်လွင်စေလေသည်။ စူးရှသောမျက်လုံးများက အရိုင်းဆန်သော စိတ်နေစိတ်ထားကို ပေါ်လွင်စေပြီး လူများကို သီးသန့်ဆန်သည့်ပုန်ကန်လိုစိတ်ကို ခံစားရစေသည်။
၀တ္ထုထဲမှ စွန်းကျန်းဇာတ်ကောင်၏ခံစားချက်ကို အနည်းငယ် ပေးစွမ်းနိုင်လေသည်။
"မင်္ဂလာပါ အစ်ကိုဟိုင်း..."
လင်းလော့ချင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
လီဟန်ဟိုင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
အားမီက အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ငါ အစ်ကိုဟိုင်းနဲ့ဆွေးနွေးပြီးပြီ...သူက ငါ နင့်ကို မိတ်ကပ်ပြင်ပေးဖို့ သဘောတူတယ်..."
ဝူရှင်းယွမ်က လီဟန်ဟိုင်းနှင့်အားမီ အတူလာသည်ကို မြင်သောအခါ လင်းလော့ချင်းအား ဖိအားပေးရန်လာခြင်းဟု တွေးခဲ့သည်။
လီဟန်ဟိုင်းက ယဉ်ကျေးသည့်တောင်းပန်စကားအချို့ပြောပြီး အားမီကို ခေါ်သွားမည်ဟု ထင်ခဲ့သောကြောင့် သူ့စိတ်ထဲတွင် ပြောရန် စကားများကိုပင် ပြင်ဆင်ထားခဲ့သည်။
ဒါပေမဲ့ လီဟန်ဟိုင်းက သဘောတူလိုက်တာလား...
သူက အဲ့လောက် သဘောကောင်းလား...
မဖြစ်နိုင်တာ...
လင်းလော့ချင်းလည်း ယင်းကို မမျှော်လင့်ထားခဲ့ပေ။ အားမီထွက်သွားသောအခါ အားမီက ပြန်လာနိုင်တော့မည်မဟုတ်ဟု ထင်ခဲ့သည်။ သူ ဖြေရှင်းပေးမည်ပြောသော်လည်း ယင်းက အားမီဘက်ကသာဖြစ်ပြီး အမျိုးသားဇာတ်ဆောင်လီဟန်ဟိုင်းအနေနှင့် သဘောတူရန် မဖြစ်နိုင်ပေ။
သူက အဖွဲ့ထဲတွင် ဇာတ်ပို့သရုပ်ဆောင်များ၊ မထင်မရှားဇာတ်ရုပ်များနှင့်သာ ရောနှောလေ့ရှိပြီး အဖွဲ့ထဲရှိ အဓိကဇာတ်ဆောင်များ၏ ပြိုင်ဘက်ကင်းအဆင့်အတန်းအကြောင်း သူ ကောင်းကောင်းသိပေသည်။
ယောင်မော့မော့ပင်လျှင် သူက နူးညံ့ကြင်နာတတ်ပြီး လူများအပေါ် ယဉ်ကျေးစွာ ဆက်ဆံလျှင်ပင် ယောင်မော့မော့၏မိတ်ကပ်ဆရာက သူ့တစ်ယောက်တည်းကိုပင် တာ၀န်ယူပေးမည်ဖြစ်သည်။
စုယင်နှင့်ဝူကျားက မိတ်ကပ်ဆရာကို မျှဝေထားကြလေသည်။ ယောင်မော့မော့မိတ်ကပ်ဆရာ၏ လက်ထောက်က မအားလျှင် စုယင်နှင့်ဝူကျား၏မိတ်ကပ်ဆရာကို ငှားနိုင်ပေသည်။ ယောင်မော့မော့က သူ့မိတ်ကပ်ဆရာကို ငှားရမ်းရန် မဖြစ်နိုင်ပေ။
ယင်းက ဇာတ်ဆောင်၏အခွင့်အရေးဖြစ်လေသည်။
ဇာတ်ဆောင်မိတ်ကပ်ဆရာ၏ အချိန်များက အဖိုးတန်လေသည်။ သူက ဇာတ်ဆောင်ကိုလုပ်ငန်းစဉ်တစ်လျှောက်လုံး ပံ့ပိုးပေးရမည်ဖြစ်ကာ ဇာတ်ဆောင်များနှင့်မသက်ဆိုင်လျှင် အခြားသရုပ်ဆောင်များ၏စတိုင်ကို ဂရုစိုက်မည် မဟုတ်ပေ။
ထို့ကြောင့် လီဟန်ဟိုင်းက မိတ်ကပ်ဆရာကို မျှဝေရန် ဆန္ဒမရှိသင့်ပေ။
သို့သော် မမျှော်လင့်စွာနှင့် လီဟန်ဟိုင်း သဘောတူခဲ့လေသည်။
လင်းလော့ချင်း အံ့ဩသွားပြီး ရှက်ရွံ့သွားလေသည်။ ဗီလိန်တစ်ယောက်၏ပုံစံအောက်တွင်လူကြီးလူကောင်းဆန်သည့်နှလုံးသားရှိနေလေသည်။
သူ တစ်ဖက်လူကို အဲ့လိုမတွေးခဲ့သင့်ဘူး...
"ကျေးဇူးတင်ပါတယ်..."
သူ ရိုးသားစွာ ပြောလိုက်သည်။
"ရပါတယ်..."
လီဟန်ဟိုင်း ပြုံးကာ ပြောလိုက်သည်။
"ဒီပြဿနာက ငါ့ကြောင့်ဖြစ်လာတာပါ...ငါသာ အားမီကို ငြင်းတုန်းကငြင်းပြီး သူ့ကို ပြန်မခေါ်ခဲ့ရင် မင်းတို့နှစ်ယောက်က ဒီလိုဖြစ်မှာ မဟုတ်ဘူး...နောက်ကျရင် အချိန်ဇယားအတိုင်း လုပ်ကြတာပေါ့...ငါ့အခန်းက အရင်လာရင် ငါအရင်ပြင်မယ်...မင်းအရင်လာရင် မင်းပြင်ပေါ့...အဲ့လိုလုပ်လို့အဆင်ပြေတယ်မလား..."
"အဆင်ပြေပါတယ်...”
လင်းလော့ချင်း ပြောလိုက်သည်။
"ဒါဆို မင်းပြင်ဆင်လိုက်တော့..."
ထို့နောက် လီဟန်ဟိုင်း ဂရုမစိုက်ဟန်ဆောင်ကာ ပြောလိုက်သည်။
"ပြီးရင် ငါတို့အတူတူ လေ့ကျင့်ကြတာပေါ့..."
လင်းလော့ချင်း သဘောတူတော့မည်ဖြစ်သော်လည်း ယောင်မော့မော့နှင့် ချိန်းထားသည်ကို သတိရသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
"ဒါက...အစ်ကိုဟိုင်း အစ်မယောင်က ကျွန်တော် မိတ်ကပ်ပြင်ပြီးရင် သူနဲ့အတူလေ့ကျင့်ဖို့ ခေါ်ထားတယ်..."
လီဟန်ဟိုင်း : “……”
လင်းလော့ချင်း လီဟန်ဟိုင်းဘာမှပြန်မပြောသည်ကို မြင်သောအခါ ပိုမိုအပြစ်ရှိစိတ် ခံစားလာရလေသည်။
"ဒါမှမဟုတ် အစ်မယောင်နဲ့လေ့ကျင့်ပြီးရင် အစ်ကိုဟိုင်းဆီ လာခဲ့မယ်လေ..."
ယောင်မော့မော့နှင့်သူက မနက်ပိုင်းတွင် ရိုက်ရမည်ဖြစ်ပြီး လီဟန်ဟိုင်းနှင့်မူ မွန်းလွဲပိုင်းမှ ရိုက်ရမည်ဖြစ်သောကြောင့် ကြားထဲတွင် အချိန်ရှိလေသည်။
"ကျွန်တော်နဲ့sceneက နေ့လည်မှ ရိုက်ရမှာဆိုတော့ အချိန်ရှိတယ်လေ..."
"အိုကေ..."
လီဟန်ဟိုင်း ၀န်လေးစွာ ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲတွင် သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
'ရေး...နောက်ဆုံးတော့ ချိန်းပြီးပြီကွ...'
လီဟန်ဟိုင်းက လင်းလော့ချင်းနှင့် အောင်မြင်စွာ ချိန်းဆိုပြီးနောက် သူ့နေရာသူ ပြန်သွားလိုက်သည်။ သူက လင်းလော့ချင်းနှင့်ယောင်မော့မော့တို့ ရိုက်ကူးရေးပြီးချိန်ကို စောင့်နေရုံသာ လိုလေသည်။
လင်းလော့ချင်းသည်လည်း သက်ပြင်းချလိုက်သည်။
ကံကောင်းလို့ လီဟန်ဟိုင်းနဲ့စကားပြောရတာလွယ်တယ်...သူ့မှာ နာမည်ကြီးတစ်ယောက်ရဲ့မောက်မာမှုမရှိဘူး...
ကိစ္စပြီးသွားသောအခါ အားမီက လင်းလော့ချင်းကို မိတ်ကပ်လိမ်းခန်းထဲ တွန်းလိုက်ပြီး မိတ်ကပ် စပြင်ပေးလိုက်သည်။
လင်းလော့ချင်း မိတ်ကပ်လိမ်းပြီးသောအခါ ယောင်မော့မော့သည်လည်း သူ့လိုင်းများကို မှတ်သားပြီးဖြစ်၏။
သူက လင်းလော့ချင်းရောက်လာသည်ကို မြင်သောအခါ ပြုံးကာ နှုတ်ဆက်လိုက်သည်။
"မစ္စတာလင်း ပြင်ဆင်လို့ပြီးသွားပြီလား..."
"ပြီးပြီ..."
"ငါလည်း လိုင်းတွေကို မှတ်ပြီးပြီ...ရိုက်ကူးရေး မစခင်တိုင်း လေ့ကျင့်ကြရအောင်...အဲ့လိုဆို ရိုက်ကူးရေးမြန်မြန် ပြီးနိုင်တယ်..."
သူနှင့်လီဟန်ဟိုင်း၏ဇာတ်၀င်ခန်းအတွက် မစိုးရိမ်ပေ။ သူတို့နှစ်ယောက်၏သရုပ်ဆောင် စွမ်းရည်က တူညီသောကြောင့် ဒါရိုက်တာက'ကဒ်'ဟုအော်လည်း ပြဿနာမရှိပေ။ သို့သော် လင်းလော့ချင်း၏စွမ်းရည်က ကောင်းမွန်သောကြောင့် ဒါရိုက်တာက သူ့ကြောင့်သာ 'ကဒ်'အော်နေရခြင်းဖြစ်ပြီး ယင်းက သူ လင်းလော့ချင်းကို ဆွဲချနေသကဲ့သို့ဖြစ်နေလေသည်။
ဒါက အရမ်းရှက်စရာကောင်းပြီး အဆင်မပြေဘူး...
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် သူတို့စတင်လေ့ကျင့်ကြလေသည်။
ကျန်းချွမ်က အကြာကြီးစောင့်နေခဲ့သော်လည်း လင်းလော့ချင်းက သူ့ထံ မတ်ဆေ့ခ်ျပို့မလာပေ။
ထို့ကြောင့် သူ လင်းလော့ချင်းကို မတ်ဆေ့ခ်ျပို့လိုက်သည်။
[ရှောင်လင်း မိတ်ကပ်ပြင်လို့ပြီးပြီလား...]
သို့သော် လင်းလော့ချင်းက အကြောင်းပြန်မလာပေ။
သူ အလုပ်ရှုပ်နေလို့လား...
သို့သော် သူ မလှမ်းမကမ်းမှ ယောင်မော့မော့နှင့်စကားပြောနေသည့် လင်းလော့ချင်းကို တွေ့လိုက်ရလေသည်။
ထို့ကြောင့် သူ လင်းလော့ချင်းထံ လျှောက်သွားလိုက်သည်။
ယောင်မော့မော့၏အသံများက အလွန်နူးညံ့လွန်းပြီး အမူအရာက ကွဲကွဲပြားပြားမရှိပေ။ လင်းလော့ချင်းက သူ့ကို အချိန်တိုင်း အမှားပြင်ပေးနေရပြီး ယောင်မော့မော့သည်လည်း ပြောသမျှကို ဇာတ်ညွှန်းစာအုပ်တွင် ချရေးလေသည်။ ယင်းက စာမေးပွဲအတွက် အဓိကအချက်များကို မှတ်သားနေသည့် ကျောင်းသားနှင့်တူ၏။
ကျန်းချွမ် အလွန်စိတ်၀င်စားသွားပြီး ဘေးတွင် ရပ်နေသည့် ဝူရှင်းယွမ်ကို မေးလိုက်သည်။
"ရှောင်လင်းနဲ့အစ်မယောင်က ဘယ်လောက်ကြာဦးမှာလဲ...အစ်မယောင်ပြီးသွားရင် ငါ့အလှည့် မလား..."
ဝူရှင်းယွမ် :"..."
ဘယ်လိုပြောပြရမလဲ...
ကျန်းချွမ်အလှည့်ဖြစ်ပုံမပေါ်ဘူး...
"အစ်မယောင်နဲ့ပြီးသွားရင် အစ်ကိုလီရှိသေးတယ်...သူတို့က နေ့လည်ကျရင် သရုပ်ဆောင်ရမဲ့ဇာတ်ကွက်ရှိလို့ အစ်မယောင်နဲ့လေ့ကျင့်ပြီးရင် သူ့ဆီလာဖို့ ခေါ်ထားတယ်..."
ကျန်းချွမ် ခေါင်းငြိမ့်လိုက်သည်။
"အိုကေ..."
လီဟန်ဟိုင်းက ဇာတ်ဆောင်ဖြစ်တော့ အခွင့်ထူးခံပုဂ္ဂိုလ်ပဲ..
"ဒါဆို အစ်ကိုလီပြီးရင် ငါ့အလှည့်ရောက်ပြီလား..."
ဝူရှင်းယွမ် ကူရာမဲ့စွာ ပြောလိုက်သည်။
"မင်း ထပ်စောင့်ရဦးမယ်...အစ်ကိုလီပြီးရင် အစ်မဝူအလှည့်လေ...သူတို့က မင်း မိတ်ကပ်လိမ်းနေတုန်းက အတူလေ့ကျင့်နေကြတာ...မိတ်ကပ်လိမ်းပြီးရင် ဆက်လေ့ကျင့်ဖို့ ပြောပြီးသား..."
ကျန်းချွမ် :"..."
ရှောင်လင်းကို လူတိုင်း ရှာနေကြတာလား...
ကျန်းချွမ် ယောင်မော့မော့ကို စိတ်ရှည်လက်ရှည်သင်ပေးနေသည့် လင်းလော့ချင်းကို ကြည့်လိုက်သည်။ သူက လက်ချင်းထပ် သင်ပေးလုနီးပါးဖြစ်လေသည်။ သူက တစ်ကြောင်းပြောပြီး ယောင်မော့မော့ကို ထိုစာကြောင်းကို လိုက်ပြောရလေသည်။ ထို့အပြင် မူလတန်းဆရာကဲ့သို့ရံဖန်ရံခါ အားပေးစကားလည်းပြောလေသည်။
စိတ်ရှည်တယ်...နူးညံ့တယ်...လေးနက်တယ်...ပိုက်ဆံပေးစရာ မလိုဘူး...သူ့ကို လူကြိုက်များတာ အံ့ဩစရာ မဟုတ်ဘူး...
ကျန်းချွမ်က ဒါရိုက်တာကျန်း လင်းလော့ချင်းကို ချီးမွမ်းမှုကို သတိရသွားပြီး မတုံ့မဆိုင်း ပြော
လိုက်သည်။
"ဒါဆို ဝူကျားပြီးရင် ငါ ပြန်လာခဲ့မယ်..."
ကြားမဖြတ်နိုင်မှတော့ စာရင်းသွင်းထားရမှာပေါ့...
သို့သော် သူ လင်းလော့ချင်း၏အတန်းငယ် သင်ကြားမှုကို သဘောမကျပေ။ သူက ယောင်မော့မော့ထက် သရုပ်ဆောင်ပိုကောင်းသောကြောင့် အနည်းဆုံးအလယ်တန်းသင်ရိုး ဖြစ်သင့်ပေသည်။
ကျန်းချွမ်က ယုံကြည်ချက်အပြည့်နှင့် ချိန်းဆိုပြီးနောက် ထွက်သွားလိုက်သည်။
..........
တစ်ချိန်တည်းမှာပင် တစ်ခြားတစ်ဖက်၌
လင်းဖေးက ကျိယွီရှောင်အခန်းတံခါးကို တွန့်ဆုတ်စွာ ခေါက်လိုက်လေသည်။
ကျိယွီရှောင် ဖုန်းပြောနေစဉ် တံခါးခေါက်သံကို ကြားလိုက်ရပြီး သူ တစ်ဖက်လူကို ၀င်လာခိုင်းလိုက်သည်။ ထိုအခါ လင်းဖေး၏ခေါင်းသေးသေးလေးက တံခါးကြားမှ ၀င်သွားပြီး ကျိယွီရှောင် အလုပ်မများကြောင်း မြင်သောအခါ အခန်းထဲ ဝင်သွားလိုက်သည်။
ကျိယွီရှောင် တစ်ဖက်လူကို အမြန်ပြောလိုက်သည်။
"ငါ အရင် ဖုန်းချလိုက်တော့မယ်..."
ထို့နောက် လင်းဖေးကို နူးညံ့စွာ မေးလိုက်၏။
"ဘာလိုလို့လဲ..."
"ကျွန်တော် ရှုရှုကို နှောင့်ယှက်မိသွားတာလား..."
လင်းဖေး တည်ငြိမ်စွာ မေးလိုက်သည်။
ကျိယွီရှောင် ရယ်မောလိုက်သည်။ ထို့နောက် ဝှီးချဲလ်ကို လင်းဖေးဆီသို့ တွန်းသွားလိုက်သည်။
"မဟုတ်ပါဘူး...ဖုန်းပြောလို့ ပြီးနေပြီ...သား ရှုရှုဆီလာတယ်ဆိုတာ အရေးကြီးကိစ္စရှိနေလို့လား..."
မဟုတ်လျှင် လင်းဖေးက သူ့ထံလာမည် မဟုတ်ချေ။
လင်းဖေး တစ်ခဏခန့် တုံ့ဆိုင်းသွားပြီး တစ်ဖက်လူကို သတိပေးလိုက်သည်။
"ဒီနေ့ ပန်းသွား၀ယ်ရမယ်လေ..."
ကျိယွီရှောင် ထိုအကြောင်းကို သတိရသော်လည်း လင်းဖေးက ဤမျှ တက်ကြွနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ကလေးနှစ်ယောက် နေ့လည်တစ်ရေးတစ်မော အိပ်ပြီးမှ သွားရန်စီစဉ်ထားပြီး ဤနည်းဖြင့် သူတို့ညစာကို အပြင်တွင် စားနိုင်လေသည်။
သို့သော် လင်းဖေးက အစောကြီးရောက်လာခဲ့သည်။
"ရှုရှူ သိပါတယ်...နေ့လည်စာစားပြီးရင် သွားကြတာပေါ့..."
လင်းဖေး နာခံစွာ ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
"ဘာလို့ ယဉ်ကျေးနေတာလဲ..."
ကျိယွီရှောင် နောက်ပြောင်လိုက်သည်။
"သားရှုရှုအပေါ်ရော အဲ့လိုယဉ်ကျေးလား..."
လင်းဖေး : “……”
သူ ယဉ်ကျေးချင်ပေမဲ့ လင်းလော့ချင်းက ခွင့်မပြုဘူး...
"အဲ့လိုမဟုတ်ဘူးမလား..."
ကျိယွီရှောင် လင်းဖေးခေါင်းကို ပုတ်လိုက်သည်။
"ဒီလိုဆို ရှုရှုအပေါ် အရမ်းယဉ်ကျေးနေစရာမလိုဘူး..."
လင်းဖေး ကျိယွီရှောင်ကို ကြည့်လိုက်သည်။
သူ သဘောမတူရင် ကျိယွီရှောင်က သူ သူ့ကို သဘောမကျဘူးထင်ပြီး မနာလိုဖြစ်နေဦးမယ်...
"ဟုတ်ကဲ့..."
“ဒီလိုဆို နေ့လည်စာစားပြီးရင် ပန်းသွားဝယ်ကြတာပေါ့..."
"ဟုတ်ကဲ့..."
ကျိယွီရှောင် လက်ပတ်နာရီကို ကြည့်လိုက်သောအခါ နေ့လည်စာစားချိန်ရောက်လုနီးပြီဖြစ်သောကြောင့် လင်းဖေးနှင့်အတူ စာဖတ်ခန်းထဲမှ ထွက်သွားလိုက်ပြီး ကျိလဲ့ယွီအခန်းသို့ သွားကာ သူ့ကို ခေါ်လိုက်သည်။
ကျိလဲ့ယွီက အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး Tablet ကြည့်နေသည်ကို မြင်သောအခါ ကျိယွီရှောင်.. ကျိလဲ့ယွီမျက်လုံးအတွက် စိုးရိမ်သွားပြီး သတိပေးလိုက်သည်။
"နောက်တစ်ခါ မင်းကို အိပ်ရာပေါ်မှာ Tabletသုံးခွင့်မပေးဘူး..."
"ဟုတ်ကဲ့..."
ကျိလဲ့ယွီ သဘောတူလိုက်ပြီး စောင်ကို လှမ်းကာ အိပ်ရာပေါ်မှ ထလိုက်သည်။ ထို့နောက် ကျိယွီရှောင်နှင့်လင်းဖေးကို ကြည့်လိုက်၏။
"ဘာလို့ နှစ်ယောက်အတူ လာကြတာလဲ..."
"ဖေးဖေးက စာဖတ်ခန်းလာပြီး ငါ့ကို လာရှာတာလေ...ငါတို့က နေ့လည်စာစားတော့မှာမို့လို့ မင်းကို လာခေါ်လိုက်တာ..."
ကျိလဲ့ယွီ ခေါင်းရှုပ်သွားသည်။
"ကိုကိုက ဘာလို့ ဒယ်ဒီကို လာရှာတာလဲ..."
သူတို့နှစ်ယောက်က သူ့နောက်ကွယ်မှာ လျှို့ဝှက်ချက်ရှိနေတာလား...
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
"ဖေးဖေးက ပန်းသွား၀ယ်ချင်လို့လေ...မင်းရော
လိုက်ခဲ့မလား..."
“ပန်းဝယ်မယ်...ခြံထဲမှာ ပန်းတွေ မရှိလို့လား...ကိုကိုက ဘာပန်း၀ယ်ချင်တာလဲ..."
"ငါ ဘယ်သိပါ့မလဲ..."
ကျိလဲ့ယွီ လင်းဖေးကို ကြည့်လိုက်သည်။
လင်းဖေး ဘာမှမပြောပေ။
"ဒါဆို သားလည်း လိုက်မယ်..."
ကျိလဲ့ယွီ ပြောလိုက်သည်။
သူ လင်းဖေး ဘာပန်း၀ယ်မလဲ သိချင်တယ်...
ရှားစောင်းပင်ပဲလား...
ဒီတစ်ခါ ဘယ်သူကို ပေးဖို့ ၀ယ်တာလဲ...
ကျိလဲ့ယွီ စကားဆက်မပြောတော့ပေ။