Chapter 90
လင်းဖေးက သူ့နောက်ကွယ်မှာ တခြားလူကို ပန်းပေးချင်နေတယ်ပေါ့...
သူနဲ့တူတဲ့ ရှားစောင်းပင်ကို ပေးမှာလား...
ဘာလို့ပေးမှာလဲ...
သူ လင်းဖေးကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
လင်းဖေး :"..."
ကလေးဆန်ပြန်ပြီ...
ကျိယွီရှောင်က ကျိလဲ့ယွီ၏ဆူပုတ်နေသည့်ပုံစံကို မြင်သောအခါ ပြုံးလိုက်သည်။
ထို့နောက် လက်မြှောက်ကာ ကျိလဲ့ယွီ၏ဖောင်းကားနေသော ပါးကို ထိလိုက်သည်။
"အခု မင်းက ငါးသေးသေးလေးနဲ့ ပိုတူလာပြီ..."
ကျိလဲ့ယွီ :"..."
"ပါးဖောင်းဖောင်းနဲ့ ပူဖောင်းတွေ မှုတ်ထုတ်နေတဲ့ ငါးသေးသေးလေး..."
ကျိလဲ့ယွီ :"..."
လင်းဖေး ပြုံးလိုက်သည်။
သူလည်း တူတယ်ထင်တယ်...
ကံကောင်းလို့ ကျိလဲ့ယွီက ပူဖောင်းတွေ မှုတ်မထုတ်တတ်တာ...မလုပ်ရင် တစ်ခန်းလုံး ပူဖောင်းတွေ ပြည့်နေပြီ...
ပူဖောင်းတွေနဲ့ပြည့်နေတဲ့အခန်းက စိတ်၀င်စားစရာ ကောင်းမှာပဲ...
သို့သော် ကျိလဲ့ယွီတွင် လင်းဖေးက မည်သူ့ကို ပန်း၀ယ်ပေးချင်သနည်းဟူသော အတွေးပဲရှိလေသည်။
သူက ထမင်းမစားမီလက်ဆေးရန်ဆိုပြီး လင်းဖေးကို ရေချိုးခန်းထဲ ခေါ်သွားလိုက်သည်။
ကျိယွီရှောင်က ကျိလဲ့ယွီအတွေးကို မသိသောကြောင့် ကလေးများ လက်တွဲကာ အတူတူသွားကြခြင်းက ချစ်စရာကောင်းသည်ဟု တွေးနေလေသည်။
သူ့၏ချစ်စဖွယ်တူလေးက ဘေစင်ရှေ့တွင် လင်းဖေးအား မေးခွန်းထုတ်နေမှန်း သူမသိပေ။
"မင်းက ဘယ်သူကို ပန်း၀ယ်ပေးမလို့လဲ..."
လင်းဖေးက ပိုက်ခေါင်းကို လှည့်ကု တည်ငြိမ်စွာ လက်ဆေးနေလေသည်။
ကျိလဲ့ယွီ မကျေနပ်ပေ။
"ငါ့ကို ဘာလို့မပြောတာလဲ...မင်း ငါ့နောက်ကွယ်မှာ ဘာတွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ...'
လင်းဖေး :"..."
"ငါ ခိုးကြောင်ခိုးဝှက် မလုပ်ဘူး..."
သူက ကျိယွီရှောင်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပဲ...
"ဒါပေမဲ့ မင်း ငါ့ကို မပြောပြဘူးလေ...မင်း တခြားလူတွေကို ပန်းပေးလို့မရဘူး...မင်း တခြားလူတွေကို ရှားစောင်းပင်ပေးလို့ မရဘူး..."
လင်းဖေး :"..."
လင်းဖေး လက်သန့်ဆေးရည်ကို ညှစ်လိုက်သည်။
"မင်း လက်ဆေးသင့်တယ်..."
"မင်း ငါ့ကို အရင်ကတိပေး..."
လင်းဖေး ကျိလဲ့ယွီဘက် လှည့်ကာ ပြောလိုက်သည်။
"မပေးဘူး..."
ကျိလဲ့ယွီ အလွန်ဒေါသထွက်လာပြီး ပါးများကဖောင်းကားလာပြန်လေသည်။
လင်းဖေးက လက်ကို သေချာဆေးကြောလိုက်ပြီး ကျိယွီရှောင်ကဲ့သို့ပင် ကျိလဲ့ယွီပါးကို ထိလိုက်သည်။ ပါးက အလွန်နူးညံ့နုနယ်လေသည်။
ကျိလဲ့ယွီက လင်းဖေးလက်ကို ရှောင်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းကို ခွင့်မပြုဘူး...ရှားစောင်းပင်ကို ငါ့ကိုပဲ ပေးရမယ်...တခြားလူကို ပေးလို့မရဘူး..."
ဗိုလ်ကျလွန်းတယ်...
"ငါ ရှားစောင်းပင်၀ယ်မယ်...အဲ့ဒါက မင်းအတွက် မဟုတ်ဘူး..."
"မင်း တကယ် တခြားလူကို ပေးမယ်ပေါ့..."
ကျိလဲ့ယွီ မျက်မှောင်ကြုတ်လိုက်သည်။
"မရဘူး..."
"မင်း ပေးချင်တဲ့လူက ဘယ်သူလဲပြော..."
အရမ်းကောင်းတယ်...ကြောင်သူတော်ဆန်၊ ကောက်ကျစ်၊ လှည့်စား၊ ရက်စက်၊ ခိုးနားထောင်တတ်တဲ့အပြင် အခု ဗိုလ်ပါကျနေပါလား...
သူ မသိသေးတဲ့ ချို့ယွင်းချက်တွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ...
လင်းဖေးက အံ့ဩမှု ၃၀%၊ စူးစမ်းမှု ၃၀%၊ ကူရာမဲ့မှု ၄၀%ပါသော မျက်လုံးဖြင့် ကျိလဲ့ယွီကို ကြည့်လိုက်သည်။
"ငါ့ရှုရှုကို ပေးမှာ..."
ကျိလဲ့ယွီ စိတ်ရှုပ်သွားသည်။
"ဟမ်..."
"မင်းရှုရှုကို လက်ဆောင်မပေးရသေးဘူးလား..."
"ဟုတ်တယ်..."
ကျိလဲ့ယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။
"ကျစ်...ငါက ငါ့ရှုရှုကို လက်ဆောင်တွေ အများကြီး ပေးပြီးသွားပြီ...ငါ့ရှုရှုက ငါပေးတဲ့လက်ဆော်တွေကို အရမ်းကြိုက်တာ..."
လင်းဖေး :"..."
လင်းဖေးက ကျိလဲ့ယွီအထင်သေးသည်ကို မခံချင်သောကြောင့် ထွက်သွားလိုက်သည်။
ကျိလဲ့ယွီက သူ့နောက်လိုက်ကာ ပြောလိုက်သည်။
"မင်းရှုရှူကို ဘာပေးရမလဲသိလား...ကြည့်ရတာ မင်းစာအုပ်တွေ အများကြီးဖတ်ထားပုံ မပေါ်ဘူး...မင်း ပိုနားလည်လာအောင် စာများများ ဖတ်သင့်တယ်..."
လင်းဖေး :"..."
ကျိလဲ့ယွီက ဘယ်လိုမျက်နှာနဲ့များ သူ့ကို အဲ့လို ပြောရဲတာလဲ...
စာပိုဖတ်ဖို့ လိုတဲ့လူက ကျိလဲ့ယွီဆိုတာ သိသာတဲ့ဟာ...
လင်းဖေးက နောက်လှည့်ကြည့်လိုက်ပြီး ကျိလဲ့ယွီ၏နူးညံ့ဖြူဖွေးသောပါးကို ညှစ်လိုက်သည်။
"ပါးစပ်ပိတ်ထား..."
ကျိလဲ့ယွီ စိတ်မဆိုးပေ။ သူက ပျားရည်သုတ်ထားသည့် သစ်သီးသကြားလုံးသဖွယ် လတ်ဆတ်တောက်ပစွာ ပြုံးနေလေသည်။
လင်းဖေးက ကျေနပ်အောင် ညှစ်ပြီးနောက် လွှတ်ပေးလိုက်သည်။
ကျိလဲ့ယွီ၏မျက်နှာက ချက်ချင်းပန်းရောင်သန်းသွားပြီး မနက်ခင်းအလင်းရောင်အောက်မှ နှင်းဆီပန်းသဖွယ် လှပနေလေသည်။
ကျိလဲ့ယွီ တိတ်ဆိတ်သွားသောအခါ ထမင်းစားခန်းသွားရန် လုပ်လိုက်သော်လည်း ကျိလဲ့ယွီက သူ့ကို တားလာလေသည်။
ကျိလဲ့ယွီက လင်းဖေးလက်မောင်းကို ဆွဲလိုက်ပြီး မျှော်လင့်ချက်များကြောင့် တောက်ပနေသောမျက်လုံးဖြင့် မေးလိုက်သည်။
"ဒါဆို သားက ကိုကို ပထမဆုံးလက်ဆောင်ပေးခဲ့တဲ့သူလား..."
“မဟုတ်ဘူး...”
လင်းဖေး ရိုးသားစွာ ပြောလိုက်သည်။
ကျိလဲ့ယွီ :"!!!"
သူ မဟုတ်ဘူးလား...
သူ မပျော်တော့ဘူး...
"ဘယ်သူလဲ..."
ကျိလဲ့ယွီ ဒေါသတကြီး မေးလိုက်သည်။
လင်းဖေး :"..."
ကျိလဲ့ယွီက ဒေါသထွက်ရတာကို ကြိုက်ပုံပဲ...
"ငါ့အမေ..."
သူ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျိလဲ့ယွီ : “....”
အမေလား...
အို...ဒါက ရတယ်...
ထို့နောက် ကျိလဲ့ယွီက ဒေါသမထွက်ခဲ့သလို ပြုံးလိုက်၏။
"ဒါဆို သားက ကိုကိုပန်းပေးတဲ့ ပထမဆုံးလူလား..."
သူ ခေါင်းကို ငဲ့စောင်းကာ မေးလိုက်သည်။
လင်းဖေး ခေါင်းခါလိုက်၏။
ကျိလဲ့ယွီ :"..."
"ကိုကို့အမေက ပထမဆုံးလား..."
"ဟုတ်တယ်..."
"ဒါဆို ကိုကို့အမေပြီးရင် သားက ပထမဆုံးပေါ့..."
"ဟုတ်တယ်..."
ကျိလဲ့ယွီက လင်းဖေးလက်ကို ပျော်ရွှင်စွာ တွဲလိုက်ပြီး ထမင်းစားခန်းသို့ သွားရန် လုပ်လိုက်သည်။
သို့သော် လင်းဖေးက မလှုပ်မရပ်ဖြစ်နေလေသည်။
"မင်း လက်မဆေးရသေးဘူး..."
ကျိလဲ့ယွီ :'သူ မေ့သွားတယ်...'
ထို့နောက် သူ လင်းဖေးကို ဘေစင်ဆီ ပြန်ဆွဲခေါ်လိုက်ကာ လက်များအား သေချာဆေးကြောလိုက်ပြီး လင်းဖေးကို ဖြန့်ပြလိုက်သည်။
"သား ဆေးလို့ပြီးပြီ..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး ထမင်းစားခန်းသို့ အတူသွားလိုက်သည်။
နေ့လည်စာစားပြီးနောက် ကျိယွီရှောင်က ကလေးနှစ်ယောက်ကို ပန်းဈေးသို့ ခေါ်သွားလိုက်သည်။
လင်းဖေးရည်ရွယ်ချက်က ရှင်းလင်းသောကြောင့် ဆိုင်ထဲ၀င်လိုက်သည်နှင့် ရှားစောင်းပင်တန်းကိုဦးတည်သွားလိုက်သည်။
သို့သော် ကျိလဲ့ယွီကမူ ယင်းသို့ မဟုတ်ပေ။ သူက မေးကို ပင့်ကာ အလှဆုံးပန်းအိုးကို ရှာဖွေနေလေသည်။
ကျိယွီရှောင်က ပန်းမ၀ယ်ပေ။ ကလေးနှစ်ယောက်ကိုသာ စောင့်ကြည့်နေ၏။
သူ လင်းလော့ချင်းကို ပန်းပေးလျှင် ပန်းအိုးထဲမှ ရိုးရှင်းသော ပန်းတစ်ပွင့်ကိုပဲ ပေးမည် မဟုတ်ပေ။ ထောင်ပေါင်းများစွာသော ပန်းများ ပါ၀င်သည့်ပန်းစည်းကို ပေးမည်ဖြစ်သည်။
လင်းဖေးက တစ်ခဏလောက် သေချာကြည့်ပြီးနောက် ပိုကြီးသယောင် ထင်ရသည့်မြစိမ်းရောင် ရှားစောင်းပင်ကို ရွေးလိုက်သည်။
သူ ပန်းအိုးကို ယူ၍ ဆိုင်ရှင်ထံ ငွေပေးချေတော့အချိန် သူသာ လင်းလော့ချင်းကို ရှားစောင်းပင်ပေးခဲ့လျှင် ကျိယွီရှောင်က အိမ်တွင် ရှားစောင်းပင်မရှိသည့် တစ်ဦးတည်းသောလူဖြစ်ကြောင်း သတိရသွားလေသည်။
သူ ကျိယွီရှောင်ကို ပြန်လှည့်ကြည့်လိုက်သောအခါ ကျိယွီရှောင်က ဝှီးချဲလ်ပေါ်ထိုင်နေပြီး နူးညံ့သော မျက်လုံးများဖြင့် ကျိလဲ့ယွီကို လိုက်ကြည့်နေလေသည်။
လင်းဖေး မျက်တောင်ခတ်လိုက်သည်။
ကျိယွီရှောင်လည်း ရှားစောင်းပင်လိုတယ်...
သူ ကျိယွီရှောင်က ရှားစောင်းပင်ကဲ့သို့ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် မျှော်လင့်လေသည်။
ထို့ကြောင့် သူက ရှားစောင်းတန်းဘက်သို့ ပြန်သွားလိုက်ပြီး သူ လက်ထဲက အိုးထက် ပိုကြီးသည့် ပန်းအိုးကို ရွေးလိုက်သည်။
ထို့နောက် ဆိုင်ရှင်ကို ခေါ်ကာ ကြမ်းပြင်ပေါ်မှ အိုးကို ညွှန်ပြလိုက်ပြီး ဈေးမေးလိုက်သည်။
ဆိုင်ရှင်က နံပါတ်တစ်ခု ရွတ်ပြလာလေသည်။
လင်းဖေးက ခေါင်းငုံ့လိုက်ပြီး သူ့အိတ်ကပ်ထဲမှ ယွမ်၁၀၀ကို ထုတ်လိုက်ကာ ဆိုင်ရှင်အား ပေးရန်အသင့်ဖြစ်နေပြီဖြစ်သော်လည်း ကျိယွီရှောင်အသံကို ကြားလိုက်ရသည်။
"ရှုရှု ပေးလိုက်မယ်..."
"ကျွန်တော် ပေးလိုက်မယ်..."
လင်းဖေး ကျိယွီရှောင်ကို ကြည့်လိုက်သည်။
"ကျွန်တော့်မှာ ပိုက်ဆံရှိတယ်..."
ကျိယွီရှောင်ကို ဝှီးချဲလ်ကို တွန်းသွားလိုက်သည်။
"သားအိမ်မှာတုန်းက ရှုရှုအပေါ် မယဉ်ကျေးတော့ဘူးလို့ ကတိမပေးထားဘူးလား..."
ကျိယွီရှောင် နူးညံ့စွာ မေးလိုက်သည်။
"ဒါပေမဲ့..."
လင်းဖေး ကျိယွီရှောင်ကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေလေသည်။
ကျိယွီရှောင် လင်းဖေးခေါင်းကို ထိကာ ပြောလိုက်သည်။
"လူကြီးတွေက ကလေးတွေအစား ပေးရမှာ သဘာ၀ပဲ..."
ဒါပေမဲ့...
လင်းဖေးက ခါးကိုင်းကာ အကြီးဆုံးရှားစောင်းအိုးကို ကောက်ယူလိုက်ပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။
ကျိယွီရှောင်က သံသယရှိစွာ လှမ်းယူလိုက်လေသည်။ သူ လက်ကို ပြန်မချမီ လင်းဖေး၏စကားကို ကြားလိုက်ရသည်။
"ရှုရှုပေးရင် ရှုရှု၀ယ်တာ ဖြစ်သွားတာပေါ့...ကျွန်တော် ပေးတာ ဘယ်ဟုတ်တော့မလဲ..."
နောက်ဆုံးတွင် ကျိယွီရှောင် နားလည်သွားလေသည်။
သူက ရင်ခွင်ထဲမှ ရှားစောင်းပင်ကို ကြည့်လိုက်ပြီး လင်းဖေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ရှုရှုကို ပေးဖို့၀ယ်တာလား..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
ကျိယွီရှောင် ပြုံးလိုက်၏။
သူ့ရင်ခွင်ထဲမှ ရှားစောင်းပင်ကို ကြည့်ပြီး ထပ်မတိုက်တွန်းတော့ပေ။
"ဒါဆို သားပေးလိုက်နော်..."
"ဟုတ်ကဲ့..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး လက်ထဲမှ ယွမ်၁၀၀ကို ဆိုင်ရှင်အား ပေးလိုက်သည်။
ဆိုင်ရှင်က ငွေလက်ခံလိုက်ပြီး လင်းဖေးကို ချီးကျူးလိုက်သည်။
"သားက အရမ်းတော်တာပဲ..."
ထို့နောက် သူ ကျိယွီရှောင်ကဲ့သို့ လင်းဖေးခေါင်းကို ထိရန် လုပ်လိုက်သော်လည်း လင်းဖေးက ခြေတစ်လှမ်းဆုတ်ကာ ရှောင်ရှားလိုက်သည်။
ဆိုင်ရှင်က ရှက်ရွံ့မသွားပေ။ ယင်းကိုပင် ဆိုင်ရှင်ကချစ်စရာကောင်းသည်ဟု တွေးနေပြီး ပန်းများ ထပ်လာ၀ယ်ရန် ပြောလိုက်သည်။
ကျိလဲ့ယွီလည်း ပန်းအိုးကို ရွေးချယ်ပြီးဖြစ်လေသည်။
သူက အနီရောင်နှင်းဆီပင်ကို ရွေးချယ်ခဲ့လေသည်။ ပန်းများက ယခုထိ မပွင့်ကြသေးသော်လည်း အဖူးများက နူးညံ့လှပလေသည်။
သူ ပန်းအိုးကို ကိုင်ကာ ဆိုင်ရှင်ထံ လျှောက်သွားလိုက်ပြီး ဈေးမေးလိုက်သည်။
ဆိုင်ရှင်က လက်မြှောက်ကာ နံပါတ်တစ်ခု ပြောလိုက်၏။
ဈေးသိပြီးနောက် ကျိလဲ့ယွီက အိတ်ကပ်ထဲမှ ငွေကို ထုတ်လိုက်ပြီး ဆိုင်ရှင်ထံ ပေးလိုက်သည်။
ကလေးများက ပန်းများ၀ယ်ပြီးသည်ကို မြင်သောအခါ ကျိယွီရှောင်က အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
လင်းဖေးနှင့်ကျိလဲ့ယွီ၏ပန်းအိုးများကို ရှောင်လီအား ကူသယ်ခိုင်းလိုက်ပြီး သူက ကားထဲ ဦးစွာ၀င်ထိုင်လိုက်ကာ ကလေးများကို ကားပေါ်တက်ခိုင်းလိုက်သည်။
လင်းဖေးနှင့် ကျိလဲ့ယွီက သူ့ဘေးနှစ်ဖက်တွင် ထိုင်နေလေသည်။
ကျိယွီရှောင်က ပျော်ရွှင်မှုထဲတွင် နစ်မြှုပ်နေဆဲဖြစ်လေသည်။ သူက လင်းဖေးပန်းအိုး၀ယ်ချင်နေကြောင်း သိသော်လည်း သူ့အတွက် ဖြစ်မည်ဟု မထင်ထားခဲ့ပေ။
သူ လင်းဖေးကို ကြည့်လိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။
"ဖေးဖေး ဘာလို့ရှားစောင်းပင် ပေးရတာလဲ..."
ကျိလဲ့ယွီက အဖြေကို သိသောကြောင့် လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
"ဘာလို့ဆို ကိုကိုက ရှားစောင်းပင်ကြိုက်လို့လေ..."
ကျိယွီရှောင်က လင်းဖေး ရှားစောင်းပင် ကြိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကလေးအများစုက လှပသောပန်းများကို နှစ်သက်ကြလေသည်။ ယင်းက နှင်းဆီပန်းအိုးကို နှစ်သက်သည့် ကျိလဲ့ယွီနှင့်တူပေသည်။
သို့သော် သူ ပြန်စဉ်းစားကြည့်လျှင် လင်းဖေး၏ စိတ်နေစိတ်ထားအရ ရှားစောင်းပင်ကို သဘောကျခြင်းက မထူးဆန်းတော့ပေ။
လင်းဖေးက လှပသောအရာများ၏ ဆွဲဆောင်မှုကို ခံရမည့်ပုံ မပေါ်ချေ။
"ရှုရှု သိပြီ...ရှုရှု အရမ်းကြိုက်တယ်...ကျေးဇူးနော် ဖေးဖေး..."
လင်းဖေး ခေါင်းခါလိုက်သည်။
"ရပါတယ်..."
ဒါပေမဲ့...
"ကျေးဇူးပြုပြီး ကျွန်တော့်ရှုရှုကို ပြန်မပြောပြလို့ ရမလား..."
သူ ကျိယွီရှောင်ကို တောင်းဆိုလိုက်သည်။
သူက လင်းလော့ချင်းအိမ်ပြန်ရောက်လျှင် ရှားစောင်းပင်ကို ပေးချင်ပြီး လင်းလော့ချင်းက အခြားလူများထံမှ ထိုအကြောင်းကို ကြိုသိနေခြင်းအား မလိုချင်ပေ။
ကျိယွီရှောင်က ရှားစောင်းအိုးနှစ်အိုးတွင် အိုးကြီးက သူ့အတွက်ဖြစ်ပြီး အိုးသေးက လင်းလော့ချင်းအတွက်ဖြစ်ကြောင်း မှန်းဆမိလေသည်။
ယခု သူ့မှန်းဆချက်က မှန်ကြောင်း သိလိုက်ရသည့်အခါ သူ နူးညံ့စွာ ပြောလိုက်သည်။
"ကောင်းပြီ..."
"ကျေးဇူးတင်ပါတယ်..."
လင်းဖေး ပြောလိုက်သည်။
"သား ထပ်ယဉ်ကျေးနေပြန်ပြီ..."
ကျိယွီရှောင် လင်းဖေးမျက်နှာကို ညှစ်လိုက်၏။
လင်းဖေး :"..."
"ဒါပေမဲ့ ရှုရှုလည်း ကျွန်တော့်ကို ကျေးဇူးတင်ခဲ့တာပဲ..."
ကျိယွီရှောင်:"..."
ရှက်စရာကောင်းလိုက်တာ...
သူ လင်းဖေး၏မျက်လုံးကို စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် မနှစ်သက်သည့်ခံစားချက်ရှိနေကြောင်း ခံစားမိလိုက်သည်။
မဖြစ်နိုင်တာ...လင်းဖေးက ဒီလောက်တည်ငြိမ်တဲ့ဟာ...ဘယ်လိုလုပ် အဲ့လိုခံစားချက်ပြမှာလဲ...
သူ အထင်မှားနေတာဖြစ်မယ်...
ကျိယွီရှောင် ကိုးရိုးကားယားနိုင်စွာ ပြုံးလိုက်ပြီး အကြောင်းအရာကို ပြောင်းကာ ကျိလဲ့ယွီနှင့်စကားပြောလိုက်သည်။
သူတို့ အိမ်ကို ချောမွေ့စွာ ပြန်လာကြလေသည်။
သူတို့ ပြန်လာသည့်အချိန်က ညစာစားချိန်မရောက်သေးသောကြောင့် အပြင်တွင် ညစာမစားခဲ့ပေ။
ကျိယွီရှောင်က ရှောင်လီက လင်းဖေး သူ့ကို ပေးသည့်ရှားစောင်းပင်ကို အိပ်ခန်းထဲ ထည့်ခိုင်းလိုက်သည်။ သူက လေသာဆောင်တွင် ချထားလိုက်သည်။
"ကြည့်ကောင်းလား..."
သူ ရှောင်လီကို မေးလိုက်သည်။
ရှောင်လီ ခေါင်းငြိမ့်လိုက်သည်။
"တော်တော် ကြည့်ကောင်းတယ်..."
"ဟုတ်တယ်မလား..."
ကျိယွီရှောင် ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဖေးဖေးက ငါ့ကို ပေးတာလေ...သူက တော်တော် ကြင်နာတတ်တယ်..."
ရှောင်လီက ကျိမိသားစုထဲမှ ကလေးနှစ်ယောက်က ထက်မြက်ကြောင်း ခံစားမိသောကြောင့် ရိုးသားစွာ ပြောလိုက်သည်။
"သခင်လေးတွေက အရမ်းထက်မြက်တယ်...သူတို့ တခြားမိသားစုက ရိုင်းစိုင်းတဲ့ကလေးတွေနဲ့ မတူဘူး..."
ကျိယွီရှောင်က ထိုကလေးနှစ်ယောက်၏အတွေးများကို မသိခဲ့ပေ။
ကျိလဲ့ယွီက နှင်းဆီပန်းအိုးကို ပိုက်ကာ ဓာတ်လှေကားမှ တက်လာပြီး လင်းဖေးအခန်းထဲသို့ ၀င်သွားလိုက်သည်။
လင်းဖေးက တစ်ဖက်လူကို လျစ်လျူရှုလိုက်ပြီး လင်းလော့ချင်း၏ရှားစောင်းပင်ကို သူ့ရှားစောင်းပင်ဘေး ချထားလိုက်သည်။
သူ ချပြီးနောက် နေရာရွှေ့လိုက်စဉ် ကျိလဲ့ယွီက သူ့လက်ထဲမှ ပန်းအိုးကို ရှားစောင်းပင်ကြီးဘေးချထားလိုက်လေသည်။
လင်းဖေး :"..."
သူ ကျိလဲ့ယွီဘက် လှည့်ကာ မေးလိုက်သည်။
"ဘာလို့ ဒီမှာလာထားတာလဲ..."
"ဒါ ကိုကို့ကို ပေးတာ...ကိုကိုက သားကို ပန်းအိုးတစ်အိုးပေးတယ်...သားလည်း ကို့ကိုကို ပန်းအိုးတစ်အိုး ပေးမယ်...ကိုကို သားကို ပေးတဲ့ပန်းအိုးက ကိုကို ကြိုက်တဲ့ဟာကို ရွေးထားတာမလား... သားလည်း သားကြိုက်တဲ့ပန်းအိုးကိုကိုကို့ကို ပေးမယ်..."
ကြည့်ရတာ ယုတ္တိဆန်သလိုပဲ...
လင်းဖေးက ပြတင်းပေါက်ဘေးမှ မပွင့်သေးသည့် နှင်းဆီပန်းအိုးကို ကြည့်လိုက်သည်။ ကျိလဲ့ယွီကနှင်းဆီပန်းကြိုက်ကြောင်း ပြောဖူးသည်ကို သူ သတိရသွားလေသည်။
"မလှဘူးလား...သားပတ်ကြည့်တာ ဒီအိုးက အလှဆုံးပဲ..."
ကျိလဲ့ယွီ ချိုမြိန်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
လင်းဖေး ပြန်ဖြေလိုက်သည်။
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
"ရပါတယ်...ဒါပေမဲ့ ဒါကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးရမယ်နော်...တခြားလူကို ပေးခွင့်မရှိသလို သေတဲ့အထိ ပြုစုပျိုးထောင်ပေးရမယ်...သားနေ့တိုင်း လာစစ်မှာနော်..."
လင်းဖေး :"..."
"မင်း ဘယ်လိုပျိုးထောင်ရလဲသိလို့လား..."
ကျိလဲ့ယွီ :"..."
ဓာတ်ပြားဟောင်း ပြန်ဖွင့်ပြန်ပြီ...
ကျိလဲ့ယွီ နှုတ်ခမ်းဆူကာ မပိမရိ ပြောလိုက်သည်။
"သား အခု အဲ့ဒါကို ကောင်းကောင်းဂရုစိုက်ပေးနေပါတယ်နော်..."
လင်းဖေးက ကျိလဲ့ယွီနှင့် မငြင်းခုံတော့ပေ။
သူ ပြတင်းပေါက်ဘောင်တွင် ထိုင်လိုက်ကာ ရှားစောင်းပင်ကြီးနှင့် ကျိလဲ့ယွီပန်းအိုးအပေါ် ရေဖြန်းပေးလိုက်သည်။
နှင်းဆီပင်က မကြီးပေ။ သူက အပင်ငယ်လေးဖြစ်ပြီး ရေစိုစွတ်နေသော နှင်းဆီဖူးက ကျိလဲ့ယွီကဲ့သို့ လှပနေလေသည်။
လင်းဖေးက ပြတင်းပေါက်ဘောင်ပေါ်တွင် စီတန်းနေသော ပန်းအိုးသုံးအိုးကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။
သူ၊လင်းလော့ချင်းနှင့် ကျိလဲ့ယွီတို့ တန်းစီနေသကဲ့သို့ဖြစ်
၏။
လင်းလော့ချင်းအကြောင်း တွေးသောအခါ သူ့လှုပ်ရှားမှုများက နူးညံ့သွားလေသည်။ လင်းလော့ချင်း ဘယ်အချိန် အိမ်ပြန်လာမလဲ သူမသိပေ။ လင်းလော့ချင်းက အပြင်တွင် တစ်ယောက်တည်းနေနေရသောကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် မျှော်လင့်လေသည်။
လင်းလော့ချင်းက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပါ့မလား...
လင်းဖေး အမြဲစိုးရိမ်နေရလေသည်။
လင်းလော့ချင်းက သူ မမြင်ရသည့်နေရာတွင် ရှိနေသောကြောင့် လင်းလော့ချင်းက ရှားစောင်းပင်သဖွယ် သူ့ကိုယ်သူ ကာကွယ်နိုင်သည်ကို သူ လိုချင်လေသည်။