Chapter 91
လင်းဖေး လက်ဆန့်လိုက်ပြီး ရှားစောင်းဆူးကို ထိလိုက်သည်။ သူတို့က ခက်ခက်ခဲခဲ ဖောက်ထွက်လာကြခြင်းဖြစ်ပြီး လင်းလော့ချင်းတွင်လည်း ဆူးများရှိရန် သူ မျှော်လင့်လေသည်။
ထိုအချိန်တွင်လင်းဖေး သတိရနေသည့် လင်းလော့ချင်းက လီဟန်ဟိုင်းနှင့် လေ့ကျင့်နေလေသည်။
လီဟန်ဟိုင်းက မိတ်ကပ်စတိုင် ပြောင်းပြီးသွားသောအခါ သူ့အေးဂျင့်ကို ဓာတ်ပုံအနည်းငယ် ရိုက်ခိုင်းလိုက်ပြီး အင်တာနက်သုံးစွဲသူများ သိရှိရန် ဝေ့ပေါ်ပေါ်တွင် တင်ခိုင်းလိုက်သည်။
သေချာသည်မှာ သူ့ပရိသတ်များက ပို့စ်အောက်တွင် အော်ဟစ်နေကြလေသည်။
[အားးးဒါက လီဟန်ဟိုင်းရဲ့ပုံစံသစ်လား...အရမ်းချောတာပဲ...]
သူ့ကို လှောင်ပြောင်ခဲ့ကြသည့် အင်တာနက်သုံးစွဲသူများကလည်း ထပ်မံလှောင်ပြောင်ရန် ဓာတ်ပုံကို ကြည့်လိုက်သောအခါ ယခင်ပုံစံနှင့် လုံး၀ မတူသည့်ပုံစံအသစ်ကို တွေ့လိုက်ရလေသည်။
သူက တကယ်ချောတာပဲ...
"သူ့ပုံစံ ပြောင်းသွားပြီလား..."
"အိုးမိုင်ဂေါ့...လီဟန်ဟိုင်းမှာ အရမ်းမိုက်တဲ့နဖူးရှိတယ်ဟ..."
"အားးးငါ အရင်က သူ့ကို မကြိုက်ပေမဲ့ ဒီဓာတ်ပုံတွေကို ကြည့်လိုက်တော့ သူ့မျက်နှာနဲ့တင် ပွဲဦးထွက်နိုင်နေပြီ..."
"ဒရမ်မာမထွက်ခင် မလှောင်ကြဖို့ မပြောထားဘူးလား...သူ့မှာ တခြားပုံစံရှိမရှိ နင်တို့က ဘယ်လိုလုပ် ကြိုသိမှာလဲ..."
"လုံး၀ စွန်းကျန်းပဲ...ငါ အဖွဲ့သားတွေကို ဒီပုံစံပဲသုံးပေးဖို့ ဒူးထောက်တောင်းဆိုပါတယ်..."
"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအဖွဲ့က အရမ်းကောင်းတယ်...ယောကျာ်းလေးတွေလည်း ချောတယ်...မိန်းကလေးတွေလည်း လှတယ်...လုံး၀အိုင်ဒေါလ်ဒရမ်မာပဲ..."
"ဘယ်မိတ်ကပ်ပညာရှင်က အစ်ကိုလီကို ဒီလို ဖြစ်လာအောင် ပြင်ပေးလိုက်တာလဲ..."
"ဟားဟား...ဟုတ်တယ်...ဒါက မိတ်ကပ်ပညာရှင်ကြောင့်ပဲ..."
"ငါ စစ်ဆေးကြည့်တော့ သူက အားမီလို့ခေါ်တဲ့ မိတ်ကပ်ဆရာပဲ...သူက လင်းလော့ချင်းနဲ့ လီဟန်ဟိုင်းပုံကို ဝေ့ပေါ်ပေါ် တင်ထားတယ်..."
“လင်းလော့ချင်းရဲ့စတိုင်လစ်ကလည်း သူပဲလား...မိုက်ချက်..."
"လင်းလော့ချင်းက လီဟန်ဟိုင်းနဲ့ မိတ်ကပ်ဆရာမျှဝေဖို့ အရည်အချင်းမှီလို့လား...လီဟန်ဟိုင်းကအဲ့လောက်လွယ်လား..."
"ငါတို့အစ်ကိုက အရမ်းသဘောကောင်းလို့လေ...ပြိုင်ပွဲမှာ သူ့အဖွဲ့ကို ဂရုစိုက်ပေးတာကို မမြင်ဖူးဘူးလား..."
လီဟန်ဟိုင်း၏ဖန်များက လီဟန်ဟိုင်းကို အလွန်ကြော်ညာပေးနေကြသောကြောင့် လီဟန်ဟိုင်းကတစ်ဖန် နာမည်ကြီးလာလေသည်။
လီဟန်ဟိုင်းက ဝေ့ပေါ်ကို ကြည့်ကာ သူ့ဆုံးဖြတ်ချက်မှန်ကြောင်း သိလိုက်သည်။
သူက လင်းလော့ချင်းနှင့် လေ့ကျင့်ရာတွင်လည်း အလေးအနက်ထားပြီး သူ သရုပ်ဆောင်မကောင်းသည့်အခါ လင်းလော့ချင်းကို တိုက်ရိုက်ညွှန်ကြားခိုင်းခဲ့လေသည်။
လင်းလော့ချင်းက ကိစ္စက ဤသို့ဖြစ်လာသည့်အတွက် အံ့ဩနေ၏။
သူတို့က အခုမှ တွေ့ကြတာမဟုတ်ဘူးလား...
ဘယ်အချိန် စတင်ခဲ့မှန်း မသိသော်လည်း ဝူကျားမှစ၍ ယောင်မော့မော့၊ လီဟန်ဟိုင်း၊ကျန်းချွမ်တို့က သူ့အားလပ်ချိန်တိုင်း သူ့ထံ တစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး သရုပ်ဆောင်အတူ လေ့ကျင့်ကြလေသည်။ အစပိုင်းတွင် ရံဖန်ရံခါသာ လာကြသော်လည်း ယခုအခါ အချိန်ဇယားတစ်ခုလို ဖြစ်လာလေသည်။ တစ်ယောက်ပြီးလျှင် တစ်ယောက်ရောက်လာကြလေ၏။
သူတို့က ကျိုးနွံစွာ ရောက်လာကြခြင်းဖြစ်ပြီး သူက ဇာတ်ပို့ဆောင် မဟုတ်၊ သူတို့၏ကျူရှင်ဆရာဖြစ်နေလေသည်။
လင်းလော့ချင်း အံ့ဩနေပြီး ထူးဆန်းနေလေသည်။
သူတို့ဘာတွေ တွေးနေကြတာလဲ...
သူတို့က ဒီလောက်ဆက်ဆံရလွယ်လား...
အဖွဲ့ထဲ မောက်မာတဲ့လေထုမရှိတာ အရမ်းကောင်းတယ်...
ဘာပဲပြောပြော သူက လူမသိတဲ့ တတိယအမျိုးသားဇာတ်ဆောင်ပဲလေ...
လင်းလော့ချင်းက ၀မ်းသာမိလေသည်။ အဖွဲ့ထဲမှ သရုပ်ဆောင်များက နှိမ့်ချတတ်ပြီး ဖော်ရွေကြလေသည်။
သူတို့က အရမ်းကောင်းတဲ့ သရုပ်ဆောင်တွေပဲ...
“ဒါနဲ့ လော့ချင်း..."
လီဟန်ဟိုင်းက လင်းလော့ချင်းကို တုံ့ဆိုင်းစွာ မေးလိုက်သည်။
"ငါ မင်းရဲ့အရင်လက်ရာအချို့ကို ကြည့်ကြည့်တာ...အဲ့အချိန်တုန်းက မင်းရဲ့သရုပ်ဆောင်စွမ်းရည်က သိပ်မကျွမ်းကျင်ဘူးနော်...မင်း ဘယ်လို တိုးတက်အောင် လုပ်လိုက်တာလဲ..."
သိပ်မကျွမ်းကျင်တာလား...
ကြောက်စရာကောင်းလွန်းတဲ့ သရုပ်ဆောင်ချက်မှန်း သိသာတယ်...
မူလပိုင်ရှင်ရဲ့သရုပ်ဆောင်စွမ်းရည်က ကြည့်ရှုသူတိုင်းကို မျက်ရည်ကျလာစေတယ်...
(ဆိုးရွားလွန်း၍)
"ငါ ထပ်ခါထပ်ခါ လေ့ကျင့်သင်ယူခဲ့တာလေ..."
လင်းလော့ချင်း ပြန်ဖြေလိုက်သည်။
"မင်းက တခြားဒရမ်မာတွေ မရိုက်ဘဲ အိမ်မှာ တစ်ယောက်တည်းလေ့ကျင့်ခဲ့တာလား..."
"ဟုတ်တယ်..."
"ဒိုင်ယာလော့နဲ့ သရုပ်ဆောင်ချက် နှစ်ခုလုံးလား..."
"အင်း..."
"ဒါဆို မင်း တိုးတက်လာမလာ ဘယ်လို အကဲဖြတ်လဲ..."
“မင်း အဲ့ဒါကို ဗီဒီယိုရိုက်ထားပြီး ကိုယ့်ဖာသာ နှိုင်းယှဉ်ကြည့်လို့ရတယ်လေ...တခြားလူတွေသရုပ်ဆောင်ထားတဲ့ ဇာတ်၀င်ခန်းကို ရွေး...ပြီးတော့ အဲ့ဒါကို သရုပ်ဆောင်ပြီး တစ်ဖက်လူသရုပ်ဆောင်ထားတာနဲ့ ဘယ်လောက်ကွာခြားလဲ ယှဉ်ကြည့်ပေါ့...တစ်ဖက်လူရဲ့ထူးချွန်တဲ့နေရာတွေကို သင်ယူ...ပြီးတော့ အဲ့ဖြစ်စဉ်မှာ မင်းရဲ့ကိုယ်ပိုင်အားနည်းချက်တွေနဲ့ ကြုံတွေ့ရတဲ့အခက်အခဲကို ပေါင်းစည်း...အဲ့လိုနဲ့ မင်းအားနည်းချက်တွေကို ကျော်လွှားနိုင်လိမ့်မယ်..."
လင်းလော့ချင်းက သရုပ်ဆောင်ပိုင်းတွင် အရည်အချင်းရှိသောကြောင့် အခက်အခဲများစွာ မကြုံတွေ့ခဲ့သော်လည်း သူ သရုပ်မဆောင်နိုင်ခဲ့သည့်အချိန်များလည်း ရှိလေသည်။ ထိုအခါ သူက သရုပ်ဆောင်များ၏ဂန္တ၀င်ဇာတ်၀င်ခန်းများကို ကြည့်ပြီး ထပ်ခါထပ်ခါ လေ့ကျင့်ကာ သင်ယူလေ့လာလေသည်။ ဤသို့ဖြင့် သူ့၏အားနည်းချက်များကို ရှာတွေ့လာပြီး ဂန္တ၀င်ဇာတ်၀င်ခန်းအသစ်များကို ဖန်တီးနိုင်ခဲ့လေသည်။
"ဒါပေမဲ့ ဒါက မိုက်မဲတဲ့နည်းလမ်းပဲ..."
လင်းလော့ချင်း ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုဟိုင်း ဆရာတစ်ယောက်ငှားပြီး အစ်ကိုဟိုင်းရဲ့အားနည်းချက်တွေကို ထောက်ပြခိုင်းတာက ပိုအဆင်ပြေတယ်..."
လီဟန်ဟိုင်းသည် လင်းလော့ချင်းက သူလေ့ကျင့်ခဲ့သည့်နည်းလမ်းကို အားလုံးပြောပြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တစ်နှစ်ကြာပြီးတော့ အရမ်းသရုပ်ဆောင်ကောင်းလာတာ မအံ့ဩတော့ဘူး...လင်းလော့ချင်း လေ့ကျင့်ခဲ့တဲ့နည်းလမ်းက ပျင်းစရာကောင်းလွန်းပြီး တစ်နှစ်လုံးလုံး လုပ်နိုင်ခဲ့သည်က သူက စိတ်ပိုင်းဖြတ်နိုင်ပြီး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်လို့ပဲ...
"ငါသိပြီ...ကျေးဇူးတင်ပါတယ်..."
လီဟန်ဟိုင်း နွေးထွေးစွာ ပြောလိုက်သည်။
လင်းလော့ချင်း ခေါင်းခါလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး..."
"ဒါဆို ငါ မင်းနဲ့နောက်ကျရင် အတူလေ့ကျင့်လို့ရမလား..."
"ရတာပေါ့..."
လင်းလော့ချင်း သဘောတူလိုက်သည်။
“ဒါဆို ငါ့အတွက် အချိန်ဖယ်ထားပေးနော်..."
လီဟန်ဟိုင်း အလောတကြီး ပြောလိုက်သည်။
"ယောင်မော့မော့၊ ကျန်းချွမ်နဲ့ ဝူကျားတို့ကို ကြားဖြတ်ခွင့်မပေးနဲ့...."
လင်းလော့ချင်း :"..."
တိုက်ပွဲ၀င်စိတ်ဓာတ်က ပြန်ရောက်လာပြန်ပြီ...
သူက လူမသိတဲ့ တတိယအမျိုးသားဇာတ်ဆောင်ပါလို့...
လင်းလော့ချင်း လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။
"အိုကေ..."
'ကောင်းတယ်...ရာသီပတ်ကေ့ခ်ျကို အောင်အောင်မြင်မြင် ဝယ်လိုက်နိုင်ပြီး ငါ့မှာ လက်မှတ်ရှိလာပြီ...'
လီဟန်ဟိုင်း တွေးလိုက်သည်။
ထိုအချိန်တွင် ကျိယွီရှောင်က နောက်ဆုံးတွင် အိမ်မှ ထွက်လာပြီး လင်းလော့ချင်းထံ သွားရောက်ရန်ပြင်ဆင်လိုက်သည်။
သူ သည်းမခံနိုင်တော့ဘူး...ဘေးထွက်ဆိုးကျိုးမရှိတဲ့ လင်းလော့ချင်းအမှတ်တံဆိပ်အိပ်ဆေးကို သောက်ပြီးတော့ ဘေးထွက်ဆိုးကျိုးရှိတဲ့ တခြားအိပ်ဆေးတွေကို မသောက်ချင်တော့ဘူး...
သူ့မိန်းမက ပိုကောင်းပြီး ပိုစိတ်ချရတဲ့အတွက် အဲ့ဆေးကိုပဲ သွားသောက်တော့မယ်...
ဝူရှင်းယွမ် ကျိယွီရှောင်ထံမှ ရိုက်ကွင်းသို့ ရောက်နေဖြစ်ကြောင်းဆက်ပြောသည့် ဖုန်းကောလ်ကို လက်ခံရရှိသောအခါ အံ့ဩသွားလေသည်။
"ဘာလို့ ဒီကို ရောက်လာတာလဲ..."
'အဲ့ဒါ ငါ ပြောသင့်တာလေ...'
ကျိယွီရှောင် တွေးလိုက်သည်။
"ငါက ဘာလို့ မလာရမှာလဲ...ဘာလို့လဲ...မင်း ငါ့နောက်ကွယ်မှာ တစ်ခုခုလုပ်နေတာလား..."
'အဲ့လို မဟုတ်ပေမဲ့ ဘော့စ်က ရုတ်တရက်ရောက်လာတော့ အချိန်က အဆင်မပြေဘူးလေ...'
ဝူရှင်းယွမ် တွေးလိုက်သည်။
"ဒါဆို ကျွန်တော် လာကြိုမယ်..."
ဝူရှင်းယွမ် ပြောလိုက်သည်။
"ကောင်းပြီ..."
ကျိယွီရှောင် သဘောတူလိုက်သည်။
ဝူရှင်းယွမ်က လက်ထောက်၀မ်ကို စကားအနည်းငယ်ပြောလိုက်ပြီး တစ်ခုခုဖြစ်လာလျှင် သူ့ကို ဆက်သွယ်ရန် မှာလိုက်သည်။
ကျိယွီရှောင်က ဝူရှင်းယွမ်ကို ကားထဲတွင် ထိုင်စောင့်နေပြီး တစ်ဖက်လူရောက်လာသောအခါ ကားပေါ်မှ ဆင်းလိုက်သည်။
လင်းလော့ချင်းက ဤနေရာတွင် မရှိသည့်အတွက် ရှောင်လီက ဝှီးချဲလ်ကို တွန်းရန် တာ၀န်ကို ယူရလေသည်။
ကျိယွီရှောင်က ဝူရှင်းယွမ် သူ့ထံ ချဉ်းကပ်လာသည်ကို မြင်သောအခါ မေးလိုက်သည်။
"ဘယ်လိုနေလဲ..."
"အရမ်းကောင်းတယ်..."
"သူ့ကို တစ်ယောက်ယောက် အနိုင်ကျင့်သေးလား..."
မည်သူဖြစ်ကြောင်း မပြောသော်လည်း ကျိယွီရှောင်ဆိုလိုချင်သည့်လူကို သိသည့်အခါ ခေါင်းခါလိုက်သည်။
'အနိုင်ကျင့်ခံရမယ်ဟုတ်လား...သူတို့က နေ့တိုင်း လင်းလော့ချင်းဆီရောက်လာပြီး 'မစ္စတာလင်း ဒီဟာ ဘယ်လိုလုပ်ရလဲ၊ ကျေးဇူးတင်ပါတယ်'ဖြစ်နေကြတာ...'
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
ကောင်းလိုက်တာ...
အဆုံးတွင် ယင်းက လင်းလော့ချင်း၏ပထမဆုံးအလုပ်ဟုဆိုနိုင်ပြီး သူက မကျော်ကြားသေးပေ။ ထို့ကြောင့် ကျိယွီရှောင် အလွန်စိုးရိမ်နေခဲ့သည်။ မဟုတ်လျှင် သူ တစ်ပတ်အတွင်းလာလည်ရန် စိတ်လောနေမည်မဟုတ်ပေ။
အိပ်စက်ရန်က တစ်ကဏ္ဍဖြစ်ပြီး စိုးရိမ်နေခြင်းက တစ်ကဏ္ဍဖြစ်လေသည်။
ဤတစ်ကြိမ်တွင် သူက လင်းဖေးနှင့် ကျိလဲ့ယွီကျောင်းသွားနေစဉ် ရောက်လာခြင်းဖြစ်ပြီး ကလေးများ အိပ်ရာမ၀င်မီ ပြန်သွားနိုင်လေသည်။
ထို့ကြောင့် ကျိယွီရှောင်က လိုရင်းကို တည့်ပြောလိုက်သည်။
"သူနဲ့တွေ့ဖို့ ခေါ်သွားပေး..."
ထို့နောက် တစ်ခုခုကို တွေးမိသွားပြီး ဆက်ပြောလိုက်သည်။
"သူ အလုပ်များနေရင် ဒါမှမဟုတ် အဆင်မပြေရင် နားနေခန်းဆီ ခေါ်သွားလို့ရတယ်...သူ အဆင်ပြေမှ ငါ သူ့ဆီသွားလိုက်မယ်..."
ဝူရှင်းယွမ် :"..."
'သူ အဆင်ပြေမပြေထက် အဲ့ဒါက...'
"မင်းအမူအရာက ဘာလဲ..."
ဝူရှင်းယွမ်၏တစ်ခုခု ပြောချင်သော်လည်း ရပ်တန့်လိုက်သည့် အမူအရာကို ကျိယွီရှောင် မြင်သောအခါ ပြောလိုက်သည်။
"မင်း သွားကိုက်နေတာလား..."
“မစ္စတာကျိ ဟိုတယ်မှာ အရင်သွားနားသင့်တယ်...နားနေခန်းက ဟိုတယ်ထက် သက်တောင့်သက်သာ မရှိဘူးလေ..."
ဝူရှင်းယွမ် ရိုးသားစွာ အကြံပြုလိုက်သည်။
ကျိယွီရှောင် :"???"
“မင်း ဘာပြောချင်တာလဲ...သူက အရမ်းအလုပ်များနေလို့လား..."
ဒီနေ့ အချိန်ဇယားကျပ်နေလို့လား...
ကျိယွီရှောင်က ဝူရှင်းယွမ်၏ညှိုးငယ်နေသောအမူအရာကို မြင်သောအခါ စိတ်ရှုပ်သွားလေသည်။
"သူက ဘာလို့ ဒီလောက် အလုပ်များရတာလဲ...သူက ဇာတ်ပို့လေ...အဓိကဇာတ်ဆောင်မဟုတ်ဘူး...ဒီလောက် အလုပ်မများသင့်ဘူး..."
လင်းလော့ချင်းက ဘော့စ် စိတ်မကူးနိုင်တဲ့အထိ အလုပ်များနေတာ...
"သူက ရိုက်ကူးရေး လုပ်နေလို့ အလုပ်များနေရုံတင်မကဘူး...ရိုက်ကူးရေးမလုပ်ရလည်း အလုပ်များနေတာ..."
ကျိယွီရှောင် : “....”
"ဘာတွေ အလုပ်များနေတာလဲ..."
ဝူရှင်းယွမ် သက်ပြင်းချလိုက်သည်။
"လူတွေကို သင်ကြားညွှန်ပြနေရလို့..."
ဘာပြောလိုက်တယ်...
သင်ပေးနေရတယ်တဲ့လား...
ငါ့မိန်းမက လူတို့ကို သင်ကြားပေးရတာနဲ့ ဘာဆိုင်လို့လဲ...
သူက ငါနဲ့ပဲ အဲ့လိုဆက်ဆံရေးရှိတာ မဟုတ်ဘူးလား...
"အဲ့စကား အဓိပ္ပာယ်ကို ရှင်းပြ..."
ကျိယွီရှောင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဝူရှင်းယွမ် ကူရာမဲ့စွာ ပြောလိုက်သည်။
"အရင်က ဘော့စ်ပြောတာကို မယုံခဲ့ပေမဲ့ အခု ယုံလိုက်ပြီ...ဘော့စ်ကျိ ပြောတာမှန်တယ်...လော့ချင်းက ရုပ်ချောရုံတင်မကဘူး...ထူးကဲတဲ့သရုပ်ဆောင်စွမ်းရည်၊ ကောင်းမွန်တဲ့စိတ်နေသဘောထားရှိတယ်...သူက လုံး၀ပြီးပြည့်စုံတယ်...သူက ဘော့စ်သဘောကျတဲ့သူဖြစ်ထိုက်တယ်...လော့ချင်းက အရမ်းအစွမ်းထက်လွန်းတယ်..."
ကျိယွီရှောင် :"..."
"အဲ့တော့..."
သုံးမိနစ် ကြာပြီးနောက် အဖွဲ့ထဲတွင် တစ်ပတ်အတွင်း ဖြစ်ခဲ့သည့်အပြောင်းအလဲများကို နားလည်သွားလေသည်။
မည်သူက စလိုက်မှန်း မသိသည့် ပြိုင်ဆိုင်မှုအလယ်တွင် လင်းလော့ချင်းက မုန်တိုင်းဗဟိုဖြစ်နေလေသည်။ ဘေးထွက်နေသည့် ဒုတိယအမျိုးသမီးဇာတ်ဆောင် စုယင်နှင့် လင်းလော့ချင်းကလွဲ၍ ကျန်အဖွဲ့သားများက အချင်းချင်းပြိုင်ဆိုင်နေကြ၏။
"အခု ကျွန်တော် ဆိုလိုချင်တာကို ဘော့စ်သိလောက်ရောပေါ့...ဘော့စ်က အကြောင်းမကြားဘဲ ရောက်လာတာလေ...လင်းလော့ချင်းရဲ့အချိန်တွေက ပြည့်နေတာ...ကြားဖြတ်လိုက်ရင် ရှက်စရာကြီး..."
အခု ဝူရှင်းယွမ်က သူ့ကို အကြောင်းမကြားဘဲ ရောက်လာလို့ အပြစ်တင်နေတာလား...
သူ့မိန်းမနဲ့တွေ့ဖို့ ကြိုချိန်းထားရမှာလား...
သူက ဘာလို့ ကြိုချိန်းထားရမှာလဲ...
တစ်ဖက်လူက သူ့မိန်းမလေ...
မဆီလျော်လိုက်တာ...
"ငါ သိပြီ..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"အဆင်ပြေတယ်...ငါ လော့ချင်း သရုပ်ဆောင်သင်ပေးနေတာကို ကြည့်နေမယ်...ဘာပဲပြောပြော ငါလည်း သူ့ကျောင်းသားတွေရဲ့ဆရာပဲလေ...သူ့ကျောင်းသားက ငါ့ကျောင်းသားပဲပေါ့...ငါ့ရဲ့အံ့ဩစရာ ကျောင်းသားတွေကို သွားကြည့်မယ်..."
အဲ့ဖြစ်စဉ်မှာ သူ ဆေးသောက်လို့ရတာပဲ...
ဝူရှင်းယွမ်က ကျိယွီရှောင် ယင်းကို စိတ်ထဲ မထားသည်ကို တွေ့လိုက်ရသောအခါ ရိုက်ကူးရေးသို့ ခေါ်သွားလိုက်သည်။
လင်းလော့ချင်းက ယောင်မော့မော့နှင့် သရုပ်ဆောင်နေလေသည်။ ဒရမ်မာထဲတွင် သူတို့နှစ်ယောက်က မောင်နှမများဖြစ်သောကြောင့် သူ့ဇာတ်၀င်ခန်းတစ်၀က်လောက်က ယောင်မော့မော့နှင့်ဖြစ်လေသည်။
ယင်းက ယောင်မော့မော့ကို နာကျင်စေသည်။ လင်းလော့ချင်း၏သရုပ်ဆောင်ချက်နှင့် နှိုင်းယှဉ်လျှင် သူ့စွမ်းရည်က သာမာန်သာဖြစ်ပြီး အမြဲတစေ မသေမသပ်ဖြစ်နေလေသည်။ ထို့ကြောင့် သူက အလွန် အလုပ်ကြိုးစားခဲ့ပြီး သူ့စွမ်းရည်သူ သိသောကြောင့် နေ့တိုင်း လင်းလော့ချင်းထံ ပြေးသွားကာ သင်ယူလေ့လာသောကြောင့် သူ့အေးဂျင့်ပင် ပဟေဋိဖြစ်လာလေသည်။
"နင် လင်းလော့ချင်းကို ကြိုက်နေတာလား...သူက ရုပ်ချောတာပဲရှိတယ်...နာမည်မရှိဘူး...သူနဲ့အတူရှိရင် နင့်ဖန်တွေက သေချာပေါက် ပြဿနာရှာလိမ့်မယ်..."
ယောင်မော့မော့ :"..."
ဖြူစင်တဲ့ဆရာ-တပည့်ဆက်ဆံရေးကို အဲ့လို ပေါ့ပြက်တဲ့အချစ်နဲ့ သိက္ခာမချနဲ့...
"ငါ နင့်ကို ဒီအချိန်မှာ မချစ်ဖို့ အကြံပေးတယ်...နင် တစ်ယောက်ယောက်နဲ့ ဆက်ဆံရေးရှိချင်တယ်ဆိုရင် လီဟန်ဟိုင်းက သူ့ထက် ပိုကောင်းတယ်..."
ယောင်မော့မော့ :"..."
နင် ကြောင်သွားတာလား...အဲ့လိုလုပ်ရင် လီဟန်ဟိုင်းရဲ့ချစ်သူဖန်တွေက ငါ့ကို ဝါးမျိုလိမ့်မယ်...
"ငါက လင်းလော့ချင်းနဲ့အတူ လေ့ကျင့်ရုံပဲ..."
"အဲ့ဒါဆို လီဟန်ဟိုင်းကို ရှာလေ...သူက အမျိုးသားဇာတ်ဆောင်ပဲဟာ..."
"၅၀နဲ့၅၅ကြား ဘယ်လောက်မှ မကွာခြားဘူး...ငါတို့က အတူတူနီးပါးဖြစ်နေတော့ အဆင်ပြေတယ်...ဒါပေမဲ့ ၅၀နဲ့၈၅ဆိုရင်ရော...ငါတို့နှစ်ယောက် သရုပ်ဆောင်ရင် ငါပဲ 'ကဒ် ကဒ်'အအော်ခံနေရတာ...လင်းလော့ချင်းကို အော်တာ ကြားဖူးလား...နင်သာဆိုရင် အဲ့ဒါကို သည်းခံနိုင်မလား..."
အေ့ဂျင် :"..."
သည်းမခံနိုင်လောက်ဘူး...
"ဒါ့ကြောင့် ငါတို့က တစ်ယောက်ကို တစ်ယောက်အပြန်အလှန် ကူညီပေးကြတဲ့ ဖြူစင်တဲ့လုပ်ဖော်ကိုင်ဖက်တွေပဲ...တင်စားပြောရရင် ကျောင်းကောင်စီ၀င်က စာညံ့တဲ့ကျောင်းသားကို စာသင်ပေးနေတာနဲ့တူတယ်...အဲ့ဒါကို အထင်မမှားနဲ့...ပြီးတော့ လက်ဆောင်ပြင်ဆင်ထားပေးဦး...ငါ သူ့ကို ကျေးဇူးတင်လက်ဆောင်ပေးမလို့..."
"အိုကေ..."
အေးဂျင့် ပြန်ဖြေလိုက်သည်။
ထို့နောက် ယောင်မော့မော့က ဇာတ်ညွှန်းစာအုပ်ကို ကိုင်ကာ လင်းလော့ချင်းကို ရှာဖွေလိုက်သည်။
ယနေ့ရိုက်ရမည့်ဇာတ်၀င်ခန်းက မန်ဟွားနှင့်မန်ထောင်၏နေ့စဉ်ဘ၀ဖြစ်လေသည်။ ဤဇာတ်၀င်ခန်းတွင် မန်ထောင်က စွန်းကျန်းကို သဘောကျနေကြောင်း မန်ဟွား သဘောပေါက်သွားသော်လည်း မန်ထောင်က အသည်းအသန် ငြင်းဆန်ခဲ့လေသည်။ စွန်းကျန်းက ယခင်လို စိတ်အနှောင့်အယှက်မပေးတော့ကြောင်း တွေးမိရုံသာဟု မန်ထောင်က ဆိုလေသည်။
ထိုဇာတ်၀င်ခန်း၏အဓိကလူက ယောင်မော့မော့ဖြစ်လေသည်။ သူက မန်ထောင်၏ပထမဆုံးအချစ်၏ရှက်ကြောက်မှုကို ပြသရန်လိုပြီး မောင်ဖြစ်သူက မေးလာသောအခါ အလိုအလျောက်ငြင်းဆန်မှု၏ကိုးရိုးကားယားနိုင်မှုကိုလည်း ပြသရန်လိုလေသည်။
ယောင်မော့မော့က ထို့အတွက် လေ့ကျင့်ထားပြီးဖြစ်ကာ သူ့အမှားများကို ပြင်ပေးရန် လင်းလော့ချင်းထံ သွားလိုက်သည်။
လင်းလော့ချင်းက ယင်းကို ကျင့်သုံးခဲ့ပြီး သဘာ၀မကျသည့်၊ အဆင်မပြေသည့် သရုပ်ဆောင်ချက်များ ရှိလာလျှင် ယောင်မော့မော့ကို ရပ်ခိုင်းပြီး သတိပေးမည်ဖြစ်သည်။
"ခဏ..."
လင်းလော့ချင်း ကြားဖြတ်ပြောလိုက်သည်
"ဒီနေရာမှာ အဲ့လောက် တမင်လုပ်ပြနေစရာ မလိုဘူး...မန်ထောင်က စွန်းကျန်းကို သဘောကျနေမိမှန်း မသိဘူး...မင်း အဲ့လိုပြောတဲ့အခါ မင်းရဲ့မသိစိတ်က အဲ့ဒါကို ဖော်ပြမိတာဆိုတော့ ပိုသဘာ၀ကျသင့်တယ်..."
ယောင်မော့မော့ နားမလည်နိုင်ပေ။
"ဘယ်လို ပိုသဘာ၀ကျသင့်တာလဲ...နင် အရင်လုပ်ပြလို့ရလား...ပြီးရင် ငါ အဲ့အတိုင်း လိုက်လုပ်လိုက်မယ်..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"အိုကေ..."
လင်းလော့ချင်း၏အမူအရာက ချက်ချင်းပြေ
ာင်းသွားလေသည်။ သူက အနည်းငယ် ရှက်ရွံ့နေပြီး ခေါင်းကို ငုံ့ကာ တစ်ခုခုကို တွေးနေလေသည်။ သူက လိုင်းများကို ပြောစဉ် သူ့မျက်လုံးများက ကြယ်သဖွယ်တောက်ပလာပြီး သူ့အတွေးများက မျက်လုံးထဲမှ လျှံကျလုမတတ်ဖြစ်နေလေသည်။
ယင်းကို မြင်သောအခါ ယောင်မော့မော့ အနည်းငယ် နားလည်သွားလေသည်။
ထို့နောက် သူက လင်းလော့ချင်း၏သရုပ်ဆောင်ချက်ကိုတုပကာ လိုက်လံသရုပ်ဆောင်လိုက်သည်။