Chapter 92
ကျိယွီရှောင် တစ်ပတ်ခန့် မတွေ့ရသေးသည့် သူ့ဇနီးကို တွေ့လိုက်ရသည့်အခါ လင်းလော့ချင်းက မိန်းမလှလေး တစ်ယောက်ဘေးတွင် တောက်ပစွာ ပြုံးနေလေသည်။
ကျိယွီရှောင် :"..."
"မင်း ငါ့ကို ရှင်းပြတဲ့အခါ ဘာမှမကျန်ခဲ့တာ သေချာလား..."
ကျိယွီရှောင် ဝူရှင်းယွမ်ကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ကျိယွီရှောင်က ယောင်မော့မော့ကို မေးပင့်ပြလိုက်သည်။
"သူက ဘယ်သူလဲ..."
"အာ...သူက ယောင်မော့မော့ပါ...ဒရမ်မာက အမျိုးသမီးဇာတ်ဆောင်လေ...သူက ဇာတ်လမ်းထဲမှာ လော့ချင်းရဲ့အစ်မနေရာက သရုပ်ဆောင်တာ..."
"အဲ့ဒါပဲလား..."
"မဟုတ်ရင်..."
ဝူရှင်းယွမ် စိတ်ရှုပ်သွားသည်။
'ဘော့စ် ဘာကြားချင်လို့လဲ..."
ကျိယွီရှောင် :"..."
"လော့ချင်းက ငါ့ကို လွမ်းနေလား..."
'လင်းလော့ချင်း လွမ်းနေ မလွမ်းနေ ငါ ဘယ်လိုလုပ်သိမှာလဲ...ဘာလို့ ငါ့ကို လာမေးနေတာလဲ..."
"သူ ဘော့စ်ကို လွမ်းနေတယ်..."
ဝူရှင်းယွမ် ပြုံးကာ ပြောလိုက်သည်။
"လော့ချင်းက ဘော့စ်ကို တကယ် လွမ်းနေတာ..."
"အဲ့ဒါဆို ဘာလို့ လော့ချင်းဘေးမှာ ဝိုင်းနေတဲ့ ယောကျာ်းမိန်းမ အပြုံလိုက်ကြီးကို ဘာလို့ မတားတာလဲ..."
'အရမ်း ချဉ်တာပဲ...ဘော့စ်က မနာလိုဖြစ်လွယ်တာလား..."
ဝူရှင်းယွမ် ယင်းကို မသိခဲ့ပေ။
"ဒါက သင်ပေးနေရုံပါပဲ...ဆရာ-တပည့်ဆက်ဆံရေးပဲ...ဖြူစင်တဲ့ဆရာ-တပည့်ဆက်ဆံရေး..."
"ယန်ကော်နှင့် ရှောင်လုံနွီက ဘယ်လိုတွဲသွားကြလဲ သိလား..."
ကျိယွီရှောင် မျက်လုံးမှေးကာ ကြည့်လိုက်သည်။
ဝူရှင်းယွမ် :"..."
"ဆရာ-တပည့်ဆက်ဆံရေးတဲ့လား...ကျစ်ကျစ်..."
ကျိယွီရှောင် ခေါင်းခါလိုက်သည်။
"ဒါက အရမ်းအန္တရာယ်များပြီး ဆွဲဆောင်မှုရှိတဲ့ မမှန်းဆနိုင်တဲ့ဆက်ဆံရေးပဲ..."
ဝူရှင်းယွမ် :"..."
'မဟုတ်ဘူး...တကယ် အဲ့လိုမဟုတ်ဘူး...'
သူ အဲ့ဒါကို ရက်အတော်ကြာ စောင့်ကြည့်နေခဲ့တာ...တကယ် ဖြူစင်တဲ့ဆရာ-တပည့်ဆက်ဆံရေးပဲ...ရေထက်တောင် ပိုသန့်စင်သေးတယ်...
"ဘာလို့ အနားယူမနေတာလဲ...ကျွန်တော် လော့ချင်းကို သွားခေါ်လာလိမ့်မယ်..."
ဝူရှင်းယွမ် အလောတကြီး ပြောလိုက်သည်။
"မလိုဘူး..."
ကျိယွီရှောင် ငြင်းဆန်လိုက်သည်။
"သူပြီးတာကို အရင်စောင့်..."
အလုပ်က အရေးကြီးတယ်...ပြီးတော့ သူ့မှာ အချိန်ရှိသေးတယ်...လောစရာ မလိုဘူး...
ဝူရှင်းယွမ်က ထိုစကားကို ကြားသည့်အခါ ကျိယွီရှောင်အား လင်းလော့ချင်းအနားယူသည့်နေရာသို့ ခေါ်သွားလိုက်သည်။
ကျိယွီရှောင်က ဝှီးချဲလ်ပေါ်တွင် ထိုင်ကာ မလှမ်းမကမ်းမှ လင်းလော့ချင်း၏လှပသော ဘေးတိုက်မျက်နှာကို လေးနက်တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
လင်းလော့ချင်းက သရုပ်ပြပြီးနောက် ယောင်မော့မော့နှင့် အသစ်တစ်ခုကို ထပ်မံလေ့ကျင့်လိုက်၏။
သူက အလွန်လေးနက်စွာ သရုပ်ဆောင်နေပြီး ယောင်မော့မော့သည်လည်း အတူတူပင်ဖြစ်လေသည်။
ကျိယွီရှောင်က စောင့်ကြည့်နေရင်း လင်းလော့ချင်း၏သွင်ပြင်ကိုသာ မြင်နေရတော့သည်။ သူ့ကမ္ဘာက တိတ်ဆိတ်သွားပြီး လရောင်အောက်မှ သိမ်မွေ့သော သစ်တောသဖွယ် ဖြစ်နေလေသည်။
ထို့နောက် အချိန်အတော်ကြာ ပျောက်ကွယ်သွားသော ရင်းနှီးကျွမ်း၀င်နေသည့် အိပ်စက်ခြင်းက ပြန်ရောက်လာ၏။
ကျိယွီရှောင်က တိုးတိုးပြောလိုက်သည်။
"ငါ ခဏလောက် အနားယူလိုက်ဦးမယ်..."
ပြောပြီးနောက် သူက လင်းလော့ချင်းကို ကြည့်လိုက် ပြီး တစ်ဖက်လူ၏အပြုံးနှင့် ခန္ဓာကိုယ်ပေါ်၌ပြည့်နှက်နေသော နေရောင်ခြည်များကြားတွင် မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
လင်းလော့ချင်းက ဤဘက်ခြမ်းကို သတိပြုမိသွားပြီး အံ့အားသင့်သွားသည်ကို ဝူရှင်းယွမ် မြင်လိုက်ရသည်။ သူက ခေါင်းငုံ့ကာ ကျိယွီရှောင်ကို သတိပေးလိုက်သော်လည်း ကျိယွီရှောင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုသာ အံ့ဩစွာ တွေ့လိုက်ရလေသည်။
ဝူရှင်းယွမ် :"..."
သူက ရှောင်လီကို ကြည့်လိုက်သည်။
"သူ အရမ်း ပင်ပန်းနေတာလား..."
ရှောင်လီလည်း အိပ်ပျော်နေသည့် ကျိယွီရှောင်ကို သတိထားမိပြီးသားဖြစ်ကာ သူ့သခင်အတွက်စဉ်းစားကာ ခေါင်းငြိမ့်လိုက်သည်။
"သူက အရမ်းပင်ပန်းနေပေမဲ့ ဒီကို လာလည်နေတုန်းပဲ...ဒါက အချစ်စစ်ပဲ...အချစ်စစ်ဆိုတာဒီလိုပဲလေ...တစ်ရက်လောက် ဝေးရတာက ဆောင်းဦးရာသီ သုံးခုလောက်နဲ့တူနေတာ...."
"ငါ သိပြီ..."
အစပိုင်းတွင် ဝူရှင်းယွမ်က ကျိယွီရှောင်၏အိမ်ထောင်ရေးအကြောင်း သိသောအခါ ထိုလူက စိတ်ရှုပ်ထွေးပြီး ဘ၀ကို စွန့်လွှတ်လိုက်သည်ဟု ထင်ကာ တစ်ဖက်လူအတွက် ခံစားချက်မရှိဟုလည်း ထင်ခဲ့လေသည်။ သို့သော် ယခုကြည့်ရသည်မှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပုံပေါ်၏။
လှပချိုမြိန်လိုက်တာ...
ယောင်မော့မော့က လင်းလော့ချင်း ရုတ်တရက် အေးခဲသွားသည်ကို မြင်လိုက်ရသည်။ တစ်ဖက်လူက လိုင်းများ ပြောခြင်းနှင့် သရုပ်ဆောင်ချက်များ ရပ်တန့်သွားကာ တစ်နေရာကို စိုက်ကြည့်နေလေသည်။ ထို့ကြောင့် သူ သံသယ၀င်စွာ မေးလိုက်၏။
"ဘာဖြစ်တာလဲ..."
သူက လင်းလော့ချင်းအကြည့်နောက် လိုက်ကြည့်လိုက်သောအခါ လင်းလော့ချင်းအနားယူလေ့ ရှိသည့်နေရာတွင် သူ တစ်ခါမှမမြင်ဖူးသေးသော လူနှစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။ သူတို့ထဲက တစ်ယောက်က ထူးခြားပြီး ဝှီးချဲလ်ပေါ်တွင် ထိုင်ကာ ခေါင်းငုံ့နေသော်လည်းခန့်ညားနေဆဲဖြစ်လေသည်။
"သူက ဘယ်သူလဲ...."
သူ စူးစမ်းစွာ မေးလိုက်သည်။
"သူက ဒီကို လာလည်တာလား...."
လင်းလော့ချင်း ကူရာမဲ့စွာ ပြုံးလိုက်သည်။
'ကျိယွီရှောင်က ဘာလို့ ဘာမှမပြောဘဲ ရုတ်တရက်ရောက်လာတာလဲ...လာမယ်ဆိုတာ သူတောင် မသိလိုက်ဘူး...'
"ငါ့ သူငယ်ချင်း..."
သူ ပြန်ဖြေလိုက်သည်။
ယောင်မော့မော့က လင်းလော့ချင်း၏ နွေဦးသဖွယ် တောက်ပနေသည့်မျက်နှာကို ကြည့်လိုက်ပြီး ဝှီးချဲလ်ပေါ်မှ ပုဂ္ဂိုလ်ကို ထပ်ကြည့်လိုက်ကာ တိုးတိုးပြောလိုက်သည်။
"နင် သူ့ကို ကြိုက်နေတာလား..."
လင်းလော့ချင်း :"!!!"
လင်းလော့ချင်းက ချက်ချင်း မျက်နှာပေါ်မှ ထိန်းမရသိမ်းမရသည့်အပြုံးကို ပြန်သိမ်းလိုက်သည်။
"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ..."
"ဒါဆို နင်က ဘာလို့ အရမ်းပျော်လာရတာလဲ...နင် ဒီလိုတောက်တောက်ပပပြုံးနေတာမျိုးကိုငါ တစ်ခါမှ မမြင်ဖူးဘူး...ဘယ်လိုပြောရမလဲ...နင့်မျက်လုံးထဲမှာ နွေဦးကို မြင်လိုက်ရသလိုပဲ..."
လင်းလော့ချင်း :"..."
'မင်းက သရုပ်မဆောင်တတ်ပေမဲ့ မင်းမျက်လုံးတွေက အရမ်းစူးရှလွန်းတယ်...'
"အများကြီးမတွေးနဲ့..."
လင်းလော့ချင်း ဖုံးကွယ်ကာ ပြောလိုက်သည်။
"ငါက သူရောက်လာမယ်လို့ဆိုတာ မသိလို့ အံ့ဩနေရုံပဲ..."
"ဝိုးးးသူက နင့်ကို ကြိုမပြောဘဲ လာတာလား...သူက နင့်ကို အံ့ဩသွားအောင် လုပ်ချင်တာဖြစ်မယ်...သူ နင့်ကို ကြိုက်နေလောက်တယ်..."
'အိုးမိုင်ဂေါ့ မင်း ဘယ်လိုလုပ် ပြောနိုင်ရတာလဲ...'
"ငါတို့က သူငယ်ချင်းတွေပဲ...အစစ်အမှန်သူငယ်ချင်းတွေ၊ ညီအစ်ကိုကောင်းတွေ..."
ယောင်မော့မော့ ခေါင်းငြိမ့်လိုက်သည်။
"အင်း~~~အစစ်အမှန်သူငယ်ချင်းတွေ၊ ညီအစ်ကိုကောင်းပေါ့..."
“ဘာလို့ မင်းအသံက ထူးဆန်းနေတာလဲ..."
"ဘာလဲ..."
ယောင်မော့မော့ အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်သည်။
"နင့်ရဲ့သူငယ်ချင်းကောင်းက ဒီရောက်လာပြီလေ...ဘာလို့ ငါတို့ မနားကြတာလဲ...နင် သူ့ကို သွားစကားပြောလေ...နောက်ဆုံးတော့ သူက ဒီရောက်လာပြီ...နင် သူနဲ့စကားပြောဖို့ မစောင့်နိုင်တော့ဘူးမလား...''
လင်းလော့ချင်း :"..."
'မင်းက အရမ်းနားလည်နေသလိုပဲ...တစ်ခုခုမှားနေသလို ခံစားနေရတယ်...'
မည်သို့ပင်ဖြစ်စေကာမူ သူ ကျိယွီရှောင်နှင့်စကားပြောချင်လေသည်။ နောက်ဆုံးတွင် သူတို့ မတွေ့ရသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။
သူ ကျိယွီရှောင် လွမ်းနေခဲ့သည်။ ယခု သူ့ကို တွေ့လိုက်ရသောအခါ အကြောင်းတစ်ခုခုကြောင့် ပိုလွမ်းလာမိလေသည်။
"ဒါဆို မင်းလည်း နားတော့လေ..."
သူ ယောင်မော့မော့ကို ပြောလိုက်သည်။
ယောင်မော့မော့က လင်းလော့ချင်း၏နှုတ်ခမ်းထောင့်များ မသိစိတ်အရ အလိုအလျောက် မြှင့်တက်လာသည်ကို မြင်လိုက်ရလေသည်။
'မန်ထောင်ရဲ့ရှက်ရွံ့မှုကို ဘယ်လိုသရုပ်ဆောင်ရမလဲ သိသွားပြီ...ဒါက ပြည့်စုံတဲ့ တိုက်ရိုက်သင်ကြားမှုပဲ...'
သူ ခေါင်းငြိမ့်လိုက်ကာ လင်းလော့ချင်းနောက်လိုက်သွားလေသည်။
"မင်း ဘာလို့ ငါ့နောက် လိုက်လာတာလဲ..."
လင်းလော့ချင်း ရှုပ်ထွေးသွားသည်။
"နင့်သူငယ်ချင်းက ငါတို့နှစ်ယောက် အတူတူသရုပ်ဆောင်နေတာကို မြင်တယ်မလား...အဲ့တော့ ငါ သူ့ကို ယဉ်ကျေးမှုအရ သွားနှုတ်ဆက်ချင်တယ်..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"အိုကေ..."
"သူက မချောဘူးလား..."
ယောင်မော့မော့ ကျိယွီရှောင်ကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်...သူက အရမ်းချောတယ်..."
လင်းလော့ချင်း ပြုံးကာ ပြန်ဖြေလိုက်သည်။
ဒါပေမဲ့...
ကျိယွီရှောင်က ဘာလို့ခေါင်းစိုက်နေတာလဲ...
ဒီပုံစံနဲ့ ရင်းနှီးနေသလိုပဲ...
မဟုတ်လောက်ပါဘူး...
လင်းလော့ချင်းက ရုတ်တရက် ကျိယွီရှောင်၏ထပ်တလဲလဲ သရုပ်ဆောင်ခိုင်းမှုများကို သတိရသွားသည်။
'မင်း သရုပ်ဆောင်တာ မြင်တာနဲ့ အိပ်ပျော်သွားတယ်...'
မဟုတ်ဘူး...မဟုတ်ဘူး...အဲ့လို မဖြစ်နိုင်ဘူး...
သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ဒါရိုက်တာကျန်းက အတည်ပြုပြီးပြီ...ပြီးတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ကို ချီးကျူးကြတယ်...
ကျိယွီရှောင်က ဘယ်လိုလုပ်အိပ်ပျော်သွားမှာလဲ...
မဟုတ်ဘူး...
သေချာတယ်...လုံး၀မဖြစ်နိုင်ဘူး...
လင်းလော့ချင်း၏နှလုံးသားက ရှုပ်ထွေးလာပြီး ခံစားချက်များကလည်း ရောမွှေလာလေသည်။
ယောင်မော့မော့က တစ်ဖက်လူနှင့် နီးကပ်လာသော်လည်း တစ်ဖက်လူက ခေါင်းမော့မကြည့်သေးပေ။ သူ အံ့ဩသွား၏။
"သူက ဘာလို့ ခေါင်းငုံ့ထားသေးတာလဲ...သူက အရေးကြီးတဲ့ကိစ္စတစ်ခုခုကို တွေးနေတာလား..."
သူ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည်။
သူနဲ့လင်းလော့ချင်း အတူသရုပ်ဆောင်နေတာကို မြင်ပြီး နားလည်မှုလွဲပြီး ဒေါသထွက်နေတာလား...
အဲ့လိုဆိုရင်တော့ သူ ဒီနားလည်မှုလွဲတာကို ပါးပါးနပ်နပ်ဖြေရှင်းဖို့ လိုတယ်...
ဥပမာ'နင်က အဝေးကြီးက လာတော့ နင်တို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပုံပဲပေါ့'အဲ့လိုဆို တစ်ဖက်လူက အပြုံးပန်းတွေ ပွင့်လာပြီး ငါ့ကို လျစ်လျူရှုထားလိုက်မှာ..."
ယောင်မော့မော့က စကားလုံးများကို စီပြီးနောက် မထိတ်လန့်တော့ပေ။
တစ်ဖက်တွင် လင်းလော့ချင်းက ကျိယွီရှောင်နှင့် ပိုမိုနီးကပ်လာလေလေ ရင်းနှီးနေသည့် ခံစားချက်ကို ပိုမိုခံစားလာရလေလေဖြစ်သည်။
သူ ရောက်လာပြီလေ...ကျိယွီရှောင်က ဘာလို့ မတုံ့ပြန်သေးတာလဲ...
သူက တကယ် ထပ်အိပ်ပျော်နေတာလား...
ခြေတစ်လှမ်း နီးလာလေလေ ပိုမို စိုးရိမ်ကြောင့်ကြလာလေလေဖြစ်၏။
ယောင်မော့မော့က သူ့ကိုယ်သူ မိတ်ဆက်နေပြီဖြစ်သည်။
"ဟဲလို ကျွန်မက ဒရမ်မာထဲမှာ မစ္စတာလင်းရဲ့အစ်မနေရာက သရုပ်ဆောင်တဲ့သူပါ...ယောင်မော့မော့လို့ ခေါ်ပါတယ်..."
ကျိယွီရှောင် :"..."
ယောင်မော့မော့က တစ်ဖက်လူ ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ့ကို လျစ်လျူရှုထားဆဲဖြစ်ကြောင်းကို တွေ့လိုက်ပြီး လင်းလော့ချင်းအား တိတ်တဆိတ် ကြည့်လိုက်သည်။
'အရမ်း စိတ်ဆိုးနေတာလား...ငါနဲ့ စကားတောင်မပြောချင်တော့ဘူးလား...'
ဒီလောက် မနာလိုဖြစ်ရလား...
ဆရာလင်းက ဒီလိုပုံစံကို တကယ်ကြိုက်တာလား...
သူ့ဘေးတွင် ရပ်နေသည့် လင်းလော့ချင်း :"..."
အရမ်းကောင်းတယ်...သူ ထင်ထားသလိုပဲ...
ကျိယွီရှောင် ထပ်အိပ်ပျော်သွားပြန်ပြီ...
ဒါဆို သူက ဒီကို အိပ်ဆေးသောက်ဖို့ ရောက်လာတာလား...
အဝေးကြီး လာသောက်ရတာမလား...
တော်တော် အလုပ်ကြိုးစားတာပဲ...
လင်းလော့ချင်းက ယောင်မော့မော့ကို လှည့်ကြည့်လိုက်သည်။
"နင် အရင်ဆုံးပြန်သွားသင့်တယ်..."
ယောင်မော့မော့က ခေါင်းညိတ်ပြကာ ကျိယွီရှောင်ကို တုန်တုန်ယင်ယင်ဖြင့် လှမ်းကြည့်လိုက်သည်။
သူက ဘာလို့ ဘာမှ ပြန်မပြောသေးတာလဲ... သူက တကယ်ကြီး ဒေါသထွက်နေတာလား...
ဒါက လင်းလော့ချင်းက သူ(မ)ထွက်သွားတာနဲ့ သူ့ကို ချော့ရတော့မယ်ဆိုပြီး ဆိုလိုတာ မဟုတ်ဘူးမလား...
ယောင်မော့မော့ အလျင်အမြန်ဆိုလိုက်သည်။
"အဲ့ဒါဆိုရင် ငါအရင်ပြန်တော့မယ်... ဆရာ ရှောင်လင်း လုပ်စရာရှိတာ အရင်လုပ်ပါ... အလုပ်တွေ ပြီးသွားမှ ငါ့ကို လာရှာလိုက်... ငါ မလောပါဘူး..."
အဲ့တော့ ချော့ဖို့ အချိန်ကောင်းကောင်းယူလိုက်နော်...
သူမက ထိုသို့ဆိုပြီးနောက် သူမ၏ လက်ထောက်ကိုခေါ်ကာ ထွက်သွားလေသည်။
သူမ ထွက်မသွားမီတွင် ကျိယွီရှောင်ကို တစ်ချက်ထပ်ကြည့်လိုက်သည်။
ပြောရင်းဆိုရင်းနဲ့ သူ ဒီလိုမျိုးနေနေတာက... အိပ်ပျော်သွားတာနဲ့ ဘာလို့တူနေရတာလဲ...
သို့သော် ယောင်မော့မော့က ထိုမှန်းဆချက်ကို ငြင်းဆန်လိုက်လေသည်။
ဘယ်သူက ဒီလောက်အဝေးကြီးလာပြီးတော့ လူတောင်မတွေ့ရသေးပဲ အိပ်သွားမှာလဲ...
သူ့မှာသာ အချိန်ရှိရင် အိမ်မှာအိပ်နေတာ ပိုမကောင်းဘူးလား...
ယောင်မော့မော့က သူအတွေးလွန်နေသည်ဟု ခံစားရပေသည်။ သူက လင်းလော့ချင်းအား တွန့်တိုနေ၍ သူမကို လျစ်လျူရှုနေသည်မှာ အသေအချာပင် ဖြစ်ပေသည်။ သို့မဟုတ် တခြားသော အကြောင်းပြချက် ရှိနေနိုင်ပေသည်။ မည်သို့ပင်ဆိုစေ သူက သေချာပေါက် အိပ်မနေနိုင်ပါချေ။
သူမက ခေါင်းညိတ်ပြကာ အလျင်အမြန် ထွက်သွားလိုက်သည်။
လင်းလော့ချင်းက ခါးကိုင်းကာ ခေါင်းစောင်းပြီး ချောင်းကြည့်လိုက်လေသည်။ သူက ကျိယွီရှောင်၏ ဇာမဏီ မျက်လုံးများက မှိတ်ထားပြီး မျက်တောင်ရှည်များဖြင့် လွှမ်းခြုံထားသည်ကို တွေ့လိုက်ပေသည်။ သူက အလွန် အိပ်မောကျနေပေသည်။
လင်းလော့ချင်း : ...
သူက တကယ်ကြီး အရမ်းသက်သောင့်သက်သာ အိပ်နေတာပဲ...
"သူဘယ်တုန်းက ရောက်တာလဲ..."
လင်းလော့ချင်းက ဝူရှင်းယွမ်ကို မေးလိုက်သည်။
"အခုလေးတင်ပဲ..."
ဝူရှင်းယွမ်က ဆိုလိုက်သည်။
အခုလေးတင်ရောက်တာကို အိပ်ပျော်နေပြီပေါ့...
သူက ဒီကို တကယ်ကြီး အိပ်ဆေးသောက်ဖို့ လာခဲ့တာပဲ...
အထူး အိပ်ဆေးလေ...
လင်းလော့ချင်းက နှုတ်ခမ်းဆူကာ ကျိယွီရှောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက စိုက်ကြည့်လေလေ ကူကယ်ရာမဲ့သည်ဟု ခံစားရလေလေဖြစ်ကာ ထပ်မံသက်ပြင်းချလိုက်သည်။
ထားလိုက်ပါတော့... ဒါက သူ့ယောက်ျားပဲကို... သူဘာလုပ်နိုင်မှာလဲ...
နောက်ဆုံးတော့ သူက သူ့ရဲ့ ကိုယ်ပိုင်အိပ်ဆေးဖြစ်ဖို့ အသားကျအောင် နေရမှာပဲ မဟုတ်လား...
သူအိပ်ပျော်သွားပါက သူ့ကို အိပ်ခွင့်ပေးလိုက်ရမည်ဖြစ်ပေသည်။ သူက ဤမျှပင်ပန်းနေရာ ကောင်းကောင်း အိပ်မပျော်ဖြစ်နေသည်မှာကြာပြီဟု လင်းလော့ချင်းက ခန့်မှန်းမိပေသည်။ ကျိယွီရှောင်က ၁၀ပုံတွင် ၉ပုံမှာ သူ့အစ်ကို၏ ကိစ္စတွင် စိတ်နှစ်ထားခဲ့လေသည်။ ၄င်းက အမှန်တကယ်ပင် ပင်ပန်းပေသည်။
"သူကောင်းကောင်းနားပါစေ..."
လင်းလော့ချင်းက အသံတိုးတိုးနှင့် ဆိုလိုက်သည်။
"သူ့ကို မနှိုးနဲ့... ငါအရင်ဆုံး လုပ်စရာရှိတာတွေ သွားလုပ်လိုက်ဦးမယ်... သူနိုးလာရင် ငါ့ကိုပြော..."
"ကောင်းပြီ..."
ဝူရှင်းယွမ်က ဆိုလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို ထပ်ကြည့်လိုက်သည်။ သူက ကျိယွီရှောင် အအေးမိမှာ စိုးရိမ်၍ စောင်တစ်ထည်ယူကာ သူ့ကို ခြုံပေးလိုက်ပြီး ဒါရိုက်တာကို ရှာရန် ထွက်လာခဲ့သည်။
သူက ကျိယွီရှောင် ဤနေရာတွင် မည်မျှရှိနေမည်ကို မသိပါပေ။ သူက ယခုတွင် အိပ်ပျော်နေသည်ဖြစ်ကာ ခဏနေလျှင် လင်းလော့ချင်းက ရုပ်ရှင်ရိုက်စရာရှိပေသည်။ သူတို့နှစ်ဦးအတူရှိသည့်အချိန်က ဤသို့ဖြင့် နည်းပါးသွားလေသည်။
လင်းလော့ချင်းက သူနှင့်အနည်းငယ် ထပ်နေလိုသေးသည်။ သို့ဖြစ်၍ သူက ဒါရိုက်တာနှင့်ဆွေးနွေးကာ ယနေ့သရုပ်ဆောင်ရန်အတွက် အချိန်ဇယား ပြန်ဆွဲနိုင်မလားဆိုသည်ကို ကြည့်ချင်ပေသည်။
ဤရက်ပိုင်းများတွင် သူ့အဖွဲ့အပေါ်တွင် ဒါရိုက်တာ၏ ထင်မြင်ချက်မှာ အလွန်ကောင်းပေသည်။ အထူးသဖြင့် လင်းလော့ချင်းအပေါ်တွင်ဖြစ်သည်။ လင်းလော့ချင်းက သရုပ်ဆောင်မနေသည့် အချိန်တိုင်းတွင် တခြားအနုပညာရှင်များနှင့် သရုပ်ဆောင်ရန် တွေးတောနေပေသည်။ အမှန်တကယ်တွင် ၄င်းမှာ သူတို့၏ ဇာတ်ညွှန်းများကို တွေးတောကာ အတူတကွ သရုပ်ဆောင်သည်ဟု ပြော၍ရသော်လည်း လင်းလော့ချင်းမှာ သူနှင့်အတူတကွ သရုပ်ဆောင်ရမည့် မင်းသား၊ မင်းသမီးများကို အမှန်တကယ်ကူညီလမ်းပြပေးနေပေသည်။
ဒါရိုက်တာကျန်းအတွက် အလွန်လိုက်လျောညီထွေဖြစ်ကာ သူတို့၏ သရုပ်ဆောင်ပိုင်းအား အလွန်အလေးအနက်ထ
ားသော အနုပညာရှင်များနှင့်ဆုံရခဲပေသည်။ သူတို့က သူတို့၏ ပါဝင်ချိန် ထပ်ထည့်ရန်အတွက်ရော သူတို့၏ ဇာတ်ညွှန်းများကို ပြောင်းရန်အတွက်ရော စွဲလမ်းမနေပါပေ။ ထို့အပြင် သူတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် တခြားအဖွဲ့ဝင်များအချင်းချင်း ပြဿနာမရှာသလို ဇာတ်လမ်းများလည်း မရှုပ်ကြပါပေ။ သူက ကျေနပ်အားရနေပေသည်။
သူတို့အကုန်လုံးက အရမ်းအလုပ်ကြိုးစားနေတာ ပြောစရာကို မလိုဘူး...