အပိုင်း ၉၃
Viewers 35k

Chapter 93




ရက်အနည်းငယ်အတွင်းမှာပင် ယောင်မော့မော့၊ လီဟန်ဟိုင်း၊ ကျန်းချွမ်နှင့် ဝူကျားတို့မှာ လင်းလော့ချင်း၏ သင်ပြမှုအောက်တွင် တိုးတက်လာပြီ ဖြစ်သည်။ သူတို့၏ ဇာတ်ညွှန်းများကို ပြောသည့်အခါ သူတို့၏ ခံစားချက်များနှင့် အမူအရာများက ထင်ရှားလာရုံသာမက သူတို့၏ သရုပ်ဆောင် စွမ်းရည်များက အနည်းနှင့်အများ တိုးတက်လာပေသည်။ သူတို့က စတင်သည့်အချိန်ကထက် အရာရာပိုကောင်းလာပေသည်။


နောက်ဆုံးတွင် ဒါရိုက်တာကျန်းပင် နောက်ခံအသံသွင်းခြင်းကို စွန့်လွတ်ကာ မင်းသား၊ မင်းသမီးများ၏ မူရင်းအသံနှင့် ဇာတ်ညွှန်းများကို အသုံးပြုလိုလာပေသည်။


ထိုသို့ဖြင့် သူက လင်းလော့ချင်း၏ တောင်းဆိုချက်ကိုကြားသည့်အခါ စဉ်းစားခြင်းမရှိပဲ သဘောတူလိုက်လေသည်။ 


သူ့၏ စံပြသရုပ်ဆောင်စွမ်းရည်နှင့် အများကို ကူညီတတ်သော အကျင့်စရိုက်နှင့်ဆိုပါက အဖွဲ့ကို အားတက်ရန် ကူညီထားပြီး ဖြစ်ေလသည်။ လင်းလော့ချင်းမှာ သူ့အား အပင်ပန်းသက်သာစေရန် များစွာ ကူညီထားသော သူဖြစ်လေသည်။ 

အဲ့ဒါက သူ့အချိန်ဇယားကို နည်းနည်း ရှေ့တိုးပေးဖို့ပဲ မဟုတ်လား... ဘာခက်လို့လဲ...


လင်းလော့ချင်းက နေ့တစ်ဝက်အနားယူလိုလျှင်ပင် သူက တုံ့ဆိုင်းခြင်းမရှိ သဘောတူမည်ဖြစ်ပေသည်။ သူက တစ်ရက်က လုံလောက်သည်လား ရက်အပိုထပ်ယူချင်သေးလားဟုပင် မေးမည်ဖြစ်သည်။ 


ဒါရိုက်တာများအားလုံးက စိတ်အားထက်သန်သော အနုပညာရှင်များကို ချစ်ကြပေသည်။ အထူးသဖြင့် အဖွဲ့ထဲတွင် ကောင်းမွန်သော လမ်းကြောင်းတစ်ခု ပြုလုပ်ပေးသူများ ဖြစ်ပေသည်။


အသေးအဖွဲကိစ္စများအတွက်မူ ဒါရိုက်တာကျန်းက စိတ်မရှိပါပေ။ 


လင်းလော့ချင်းက သူသဘောတူသည်ကိုမြင်ရာ ယောင်မော့မော့ကို ရှာပြီး ဤကိစ္စကိုပြောရန် အလျင်အမြန် ထွက်လာလိုက်သည်။ 


ယောင်မော့မော့က သူ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။

"အဲ့ဒါဆို ငါတို့ သရုပ်ဆောင်ဖို့ အချိန်သိပ်မကျန်တော့ဘူးပေါ့..."


"အင်း..."

လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ 

"ကျွန်တော်တောင်းပန်ပါတယ် အမယောင်... သူက ဒီကိုလာတာရှားတော့ ကျွန်တော့်က သူ့ကို စတူဒီယိုထဲမှာ စောင့်ခိုင်းထားရမှာ အားနာလို့..."


ယောင်မော့မော့က ခေါင်းညိတ်ပြလိုက်သည်။ သူမက နားလည်ပေသည်။ သူမက သူ၏ သရုပ်ဆောင်စွမ်းရည် စမ်းသပ်မှုက ရုတ်တရက်ကြီး ရောက်လာသည်ကို အံဩသွားသည်သာ ဖြစ်သည်။


သူမက မပြင်ဆင်ရသေးပေ။ 

ဒီစမ်းသပ်မှုက ဘယ်လိုလုပ်ပြီး အရမ်းမြန်ရတာလဲ...


အဲ့ဒါက တကယ်ကြီး သူမရဲ့ လုပ်နိုင်စွမ်းတွေကို စမ်းသပ်တာ မဟုတ်ဘူးလား...


"အဲ့ဒါဆိုရင် ငါတို့ သရုပ်မဆောင်ခင် ထပ်ပြီး လေ့ကျင့်လို့ရမလား..."

သူမက အကြံပြုလိုက်သည်။ 


"အင်း..."

လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ 


ယောင်မော့မော့က ဇာတ်ညွှန်းစာအုပ်ကို ကောက်ကာ အနားရှိ သူ့ဆီသို့ ဦးတည်လာလေသည်။ 


သူမ လမ်းလျှောက်လာစဉ်တွင် ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး မေးလိုက်သည်။ 

"နင့်သူငယ်ချင်းက စိတ်တိုနေတုန်းလား..."


"မတိုပါဘူး..."

လင်းလော့ချင်းက ဆိုလိုက်သည်။ 

"သူက အစကတည်းက စိတ်မဆိုးပါဘူး..."


"အဲ့ဒါဆို အဲ့တုန်းက သူ..."


လင်းလော့ချင်းက တိတ်ဆိတ်သွားကာ အမှန်တရားကိုပြောပြရန် အနည်းငယ် ရှက်ရွံ့နေလေသည်။ သို့သော် ယောင်မော့မော့က အမှန်တကယ်ပင် သိချင်သကဲ့သို့ သူ့ကို ဆက်တိုက်ကြည့်နေပေသည်။


သူက ကူကယ်ရာမဲ့စွာ ပြောပြရန်သာ တတ်နိုင်ပေသည်။ 

"သူက စိတ်မဆိုးပါဘူး... အိပ်ပျော်နေတာပါ..."


ယောင်မော့မော့ "..."


"ဟင်..."


အိပ်... ပျော်နေတာ...


"သူက အရမ်းပင်ပန်းနေတာ... သူ ဒီနေ့လာဖို့ တစ်ညလုံး အလုပ်လုပ်ထားရပြီးတော့ ကောင်းကောင်းလည်း မအိပ်ခဲ့ရဘူး... သူက စတူဒီယိုကိုလာပြီး စောင့်နေတုန်း ဒီအတိုင်း အိပ်ပျော်သွားတာပါ..."

လင်းလော့ချင်းက ကျိုးကြောင်းညီသော ဆင်ခြေတစ်ခုကို ခက်ခက်ခဲခဲရှာလိုက်ရလေသည်။ 


ယောင်မော့မော့ : ...အဲ့ဒါဆို သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်း ဆိုးရွားလို့ သူကကြည့်ရင်းနဲ့ အိပ်ပျော်သွားတာ မဟုတ်ဘူးမလား...


အဲ့ဒါက တကယ်တော့ လင်းလော့ချင်းရဲ့ ပြဿနာမဟုတ်ဘူးပေါ့... 


အဲ့ဒါဆို သူမရဲ့ ပြဿနာပေါ့...


ယောင်မော့မော့က အပြစ်ရှိသည်ဟု ခံစားရပေသည်။ 

"အဲ့တော့ အဲ့ဒါက အကြောင်းပြချက်ပေါ့..."


"အင်း..."

လင်းလော့ချင်းက ပြုံးကာ ဆိုလိုက်သည်။ 

"အဲ့ဒါကြောင့် အမစိတ်ပူစရာမလိုပါဘူး... သူနိုးလာရင် သူ့ကို အမနဲ့တွေ့ဖို့ ခေါ်လာခဲ့မယ်..."


"ဟုတ်ပြီ..."

ယောင်မော့မော့က သဘောတူလိုက်သည်။ 


"ဒါပေမဲ့ သူက နင့်ကိုတွေ့ဖို့ တစ်ညလုံးအလုပ်လုပ်လာတာဆိုတော့ ဆရာရှောင်လင်းကို တကယ်ဂရုစိုက်တာဖြစ်ရမယ်..."


အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေသော လင်းလော့ချင်း : ...


အကုန်လုံးကို ဇာတ်လမ်းဆင်လိုက်သည့် လင်းလော့ချင်း : ...


လင်းလော့ချင်းက ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။ 

"သွားစို့... ငါတို့ကျန်တဲ့ ဇာတ်ညွှန်းတွေ အပြီးပြောကြည့်သင့်တယ်..."


"အင်း..."

ယောင်မော့မော့က သဘောတူလိုက်သည်။ 


နောက်ဆုံးတွင် ကျိယွီရှောင် နိုးလာသောအခါ လင်းလော့ချင်းက ယောင်မော့မော့နှင့်အတူ ညနေခင်းအတွက် သူ့အခန်းများအားလုံးကို ရိုက်ပြီးသွားပြီ ဖြစ်သည်။


သူ့ကျေးဇူးကြောင့် သူမ၏ အချစ်ဦးကို နှစ်သက်နေသော်နေလည်း ရှက်ရွံ့ခြင်းနှင့် အနေခက်မှုကို ခံစားနေရကာ ဝန်ခံရန် ငြင်းဆိုနေသော ယောင်မော့မော့၏ ဇာတ်ရုပ်ကို ကောင်းမွန်စွာ သရုပ်ဖော်နိုင်ခဲ့ပေသည်။ ဒါရိုက်တာ ကျန်းပင် သူမကို ချီးကျူးနေပေသည်။


"အထင်ကြီးစရာပဲ..."

လင်းလော့ချင်းက စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။ 


ယောင်မော့မော့က ပြုံးကာ ဆိုလိုက်သည်။ 

"ငါ့ကို ကောင်းကောင်းသင်ပေးထားတာက နင်ပါ..."


သူမအား tsundere တစ်ယောက်ဖြစ်ရန်မှာ မည်သို့ဆိုလိုသည်နှင့် တစ်စုံတစ်ယောက်၏ ခံစားချက်အစစ်အမှန်ကို ဝန်မခံခြင်းဟူသော အကြောင်းအရာအပေါ်တွင် ပထမလူ၏ အမြင်နှင့် ရှင်းပြခဲ့သော လင်းလော့ချင်းကြောင့်သာမဟုတ်ပါက ထိုကဲ့သို့ အမူအရာနှင့် ထင်ဟပ်မှုကို သူမက မည်သို့ ဆုပ်ကိုင်နိုင်ပါမည်နည်း။


အနေခက်မှုက ခံစားချက်များကို ငြင်းပယ်ခြင်းမှ ဖြစ်လာခြင်းမဟုတ်ပါပေ။ ၄င်းက ခေါင်းမာခြင်းနှင့် ၄င်းကို လက်မခံလိုခြင်းမှ ဖြစ်လာပေသည်။ သူမက ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ သူမ၏ မျက်လုံးများထဲမှ အလင်းနှင့် စိတ်ဝိညာဉ်မှာ သူမ၏ ခံစားချက်အမှန်များကို ဖော်ပြသင့်ပေသည်။ ၄င်းမှာ အနေခက်မှု၏ အရင်းအမြစ် ဖြစ်ပေသည်။ 


"ဟုတ်ပြီ... ဆရာရှောင်လင်း... အခုဆို နင့်သူငယ်ချင်းက နိုးလာပြီထင်တယ်... မြန်မြန် သူနဲ့ အချိန်သွားဖြုန်းပေးလိုက်ဦး... သူက ဒီကို အဝေးကြီးကနေ လာရတာ ဟုတ်တယ်မလား..."


"အဲ့ဒါဆို ငါအရင်သွားတော့မယ်..."

လင်းလော့ချင်းသည်လည်း ပြုံးပြလိုက်သည်။ 


ယောင်မော့မော့က ခေါင်းညိတ်ပြကာ လက်ပြနှုတ်ဆက်လိုက်သည်။


လင်းလော့ချင်းက ခေါင်းလှည့်ကာ ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူ့ခြေလှမ်းများက အရှိန်မြန်ကာ သူ့ဆီသို့ ပျော်ရွှင်မှု၊ မျှော်မှန်းမှုတို့ဖြင့် အလျင်အမြန် လျှောက်သွားလိုက်သည်။


သူက ပို၍ မြန်မြန်လျှောက်လိုက်ပြီး ကျိယွီရှောင်ဆီသို့ ပြေးသွားခြင်းနှင့် အဆုံးသတ်သွားလေသည်။ သူ့မျက်နှာတွင် သူထိန်းချုပ်၍ မရသော အပြုံးတစ်ခု ထင်ဟပ်နေပေသည်။ 


"မင်းနိုးလာပြီ..."


ကျိယွီရှောင်က သူ့ကိုမြင်ကာ ချက်ချင်းပင် နေရောင်ခြည်ထဲသို့ ရောက်ရှိသွားသည်ဟု ခံစားလိုက်ရပေသည်။  


ဤသည်မှာ ဆောင်ဦးရာသီဖြစ်သည်မှာ ရှင်းလင်းလှသော်လည်း သူက နွေးထွေးကာ နေသာလာသည်ဟု ခံစားလိုက်ရပေသည်။ 


သူက "အင်း"ဟု ဆိုလိုက်ပြီး လင်းလော့ချင်း၏ မျက်လုံးများထဲရှိ ပျော်ရွှင်မှုထဲသို့ ကြည့်လိုက်လေသည်။ သူက ပြုံးကာဆိုလိုက်သည်။ 

"ဘာလို့ပြေးနေတာလဲ... ဘာတွေ အလျင်လိုနေတာလဲ... ငါဘယ်မှ မသွားပါဘူး..."


လင်းလော့ချင်းက တစ်ခွန်းမှ မဆိုပါပေ။ အမှန်တကယ်တွင် သူက ကျိယွီရှောင်ဆီသို့ မရောက်မီတွင် မည်သည့်အချိန်က စပြေးလိုက်မိသည်ကိုပင် မသိပါချေ။ 


ကျိယွီရှောင်က အစောကြီး ပြန်မသွားမည်နှင့် သူက အလျင်မလိုနေသည်ကို သူသိသော်လည်း ထိုအခိုက်အတန့်တွင် သူက သူ့အား မြန်နိုင်သမျှ မြန်မြန်တွေ့ချင်သည်ကို ထိန်းမရပါပေ။ 


အနည်းငယ် တုံးအသည်ဟု လင်းလော့ချင်းက တွေးမိသော်လည်း တစ်ချို့သော ရှင်းမပြတတ်သည့် အကြောင်းပြချက်ကြောင့် အလွန်စိတ်လှုပ်ရှားလာသည်ဟုလည်း ခံစားရပေသည်။ 


ဤသည်က သူထိန်းချုပ်မရသော ပျော်ရွှင်မှုတစ်ခုဖြစ်ပေသည်။ 


သူက ကျိယွီရှောင်ကို ပြုံးပြလိုက်ပြီး တစ်ခုခုပြောရန် ပြင်နေစဉ်တွင် ကျိယွီရှောင်က သူ့ခေါင်းကို အနည်းငယ်ငုံ့ကာ အသံတိုးတိုးနှင့် ဆိုသည်ကို တွေ့လိုက်ပေသည်။ 

"အဲ့ဒါဆို မင်းရဲ့ နတ်ဘုရားက မင်းရှေ့မှာ ထပ်ပေါ်လာပြန်တာဆိုတော့ မင်းစိတ်လှုပ်ရှားတာ သဘာဝပါပဲ... မင်းက ဘာကိုမှ နောက်မကျချင်တာဖြစ်မယ်... စက္ကန့်ပိုင်းလေးတောင်လေ..."


လင်းလော့ချင်း : ...


အရမ်းကောင်းတယ်... သူက ချက်ချင်းပဲ အရမ်းတည်ငြိမ်သွားသလို ခံစားလိုက်ရတယ်...


လင်းလော့ချင်းက နောက်လှည့်ကာ ယောင်မော့မော့ဆီသို့ လျှောက်သွားလိုက်သည်။ ကျိယွီရှောင်က သူ့ကို အလျင်အမြန် ဆွဲထားလိုက်သည်။ 

"မင်းဘာလုပ်နေတာလဲ... မင်းရဲ့ နတ်ဘုရားကိုတွေ့ပြီး အရမ်းကို စိတ်လှုပ်ရှားသွားလို့ ဦးတည်ချက်တွေကို အာရုံခံနိုင်စွမ်း ပျောက်သွားတာလား..."


လင်းလော့ချင်း : ...


"ရုတ်တရက်ကြီး အမယောင်နဲ့ငါ့မှာ အတူမရိုက်ရသေးတဲ့ အခန်းတွေ ကျန်သေးတာကို သတိရသွားလို့... ငါက ခဏလောက် အရမ်းအလုပ်ကြိုးစားဖို့ စီစဉ်နေတာ...."


ကျိယွီရှောင် : ...


ကျိယွီရှောင်က သူ့ရှေ့မှ အမျိုးသားကို ဆွဲလိုက်ပြီး အသံတိုးတိုးနှင့် ဆိုလိုက်သည်။

"မင်းယောက်ျားက ဒီရောက်နေတာကို မင်းက သူ့ရှေ့မှာ တခြားမိန်းမတစ်ယောက်နဲ့ ပရောပရည်လုပ်ချင်သေးတာလား..."


"လုပ်ပါ... ငါတို့ရဲ့ ဆက်ဆံရေးက ဘာစိတ်မှာ မရှိပါဘူး..."


"တကယ်လား..."

ကျိယွီရှောင်က သူ့ကို မျက်ခုံးပင့်ပြလိုက်သည်။ 


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ 

"သူကပြောနေတာ မင်းသာ ဆန္ဒရှိရင် လာပြီး နှုတ်ဆက်ချင်တယ်တဲ့..."


"ကောင်းပြီလေ..."

ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။


"အဲ့ဒါဆို ငါတို့ ဟိုတယ်ကို အရင်ပြန်ကြမယ်... သူ့မှာ အချိန်ရှိရင် သူ့ကို လာပြီး မိတ်ဆက်ခွင့်ပြုမယ်..."


"အင်း..."

ကျိယွီရှောင်က မည်သည့် ကန့်ကွက်မှုမှ မရှိပါပေ။


လင်းလော့ချင်းက သူ့နောက်မှ လျှောက်လာပြီး သူ့ဘီးတပ်ကုလားထိုင်ကို ရှေ့သို့ တွန်းပေးလိုက်သည်။ သူတို့က ယောင်မော့မော့ကို ကျော်သွားသောအခါ သူ ကတိပေးထားသည့်အတိုင်း သူမကို ရှာရန်သွားလိုက်သည်။ 


"နင် သူနဲ့ မိတ်ဆက်ချင်တယ်လို့ ပြောတယ်မလား..."


ယောင်မော့မော့က ကျိယွီရှောင်လှမ်းကြည့်ရန် ခေါင်းစောင်းလိုက်သည်။ ကျိယွီရှောင်က သူမ၏ အကြည့်ကို အာရုံခံမိပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ ထိုချောမောလှသော အလှတရား၏ နောက်တွင် ပျင်းရိမှုအချို့ ပုန်းကွယ်နေကာ ကောင်းကင်မှ လနှင့် ဆင်တူပေသည်။


သူက သာမန်လူတစ်ယောက်နဲ့ မတူဘူး... 

ယောင်မော့မော့က ငေးမောနေပေသည်။


ထို့နောက်သူမက လင်းလော့ချင်းကို ကြည့်ကာ အသံတိုးတိုးနှင့်ဆိုလိုက်သည်။

"သူက အရမ်းချောတာပဲ... နင့်ရဲ့ သူငယ်ချင်းတွေအကုန်လုံးက ရုပ်ရည်အတွက် စံနှုန်းတစ်ခုကို ကျော်လွန်ဖို့လိုတာလား..."


"စံနှုန်းက မနိမ့်ပေမဲ့ အားလုံးထဲမှာ သူက အချောဆုံးပဲ..."


ယောင်မော့မော့က ခေါင်းညိတ်ကာ ကျိယွီရှောင်ဆီသို့ လျှောက်သွားလိုက်ပြီး ညင်သာစွာဆိုလိုက်သည်။ 

"မင်္ဂလာပါ... ကျွန်မက ဒရမ်မာထဲမှာ လော့ချင်းရဲ့ အစ်မပါ... ယောင်မော့မော့လို့ခေါ်ပါတယ်..."


"ကျိယွီရှောင်ပါ..."


"ခုဏတုန်းက ကျွန်မရဲ့ သရုပ်ဆောင် စွမ်းရည်က... အဲ့ဒါက အရမ်းမဆိုးဘူး ဟုတ်တယ်မလား..."

ယောင်မော့မော့က တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် မေးလိုက်ဆဲဖြစ်သည်။ 


သူမတွင် ရွေးချယ်စရာမရှိပါပေ။ မင်းသမီးတစ်ဦးအနေဖြင့် သူတို့ သရုပ်ဆောင်သည်ကို ကြည့်ပြီး အိပ်ပျော်သွားသည့် တစ်စုံတစ်ယောက်ကို မည်သူကမှ ဂရုမစိုက်ပဲ မနေနိုင်ပါပေ။ 


လင်းလော့ချင်း : ...


လင်းလော့ချင်းက ကောင်းကင်ကို တိတ်တဆိတ် မော့ကြည့်လိုက်သည်။ 


ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးပြကာ ဆိုလိုက်သည်။

"လုံးဝပါပဲ..."


"အဲ့ဒါဆိုရင် ကောင်းလား..."

ယောင်မော့မော့က စိတ်အေးကာ သက်မချလိုက်သည်။ 

"ကျွန်မက ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းဆိုးတော့ ရှင်က ကြည့်ပြီး အိပ်ပျော်သွားတယ်လို့ထင်နေတာ... ရှင်ကတော့ သိမှာမဟုတ်ဘူး... ကျွန်မရဲ့ သရုပ်စွမ်းရည်က ကောင်းတယ်လို့ ပြောလို့မရလို့ ကျွန်မကို သင်ပြပေးဖို့ ဆရာရှောင်လင်းကို မကြာခဏ ရှာရတယ်... ဆရာရှောင်လင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အကောင်းဆုံးပဲ..."


ဟုတ်တယ်... အဲ့ဒါကြောင့် သူတစ်ခါသရုပ်ဆောင်ရင် ကျိယွီရှောင်က တစ်ခါ အိပ်ပျော်သွားတာ...


အဲ့ဒါက တကယ် အကောင်းဆုံးပဲ...


ကျိယွီရှောင်က ခေါင်းငုံ့လိုက်သည်။

"အင်း... သူ့သရုပ်ဆောင်စွမ်းရည်တွေက တကယ်ကို သိပ်မဆိုးပါဘူး..."


လင်းလော့ချင်း : ...ဒီတစ်လောကလုံးမှာ အဲ့စကားပြောဖို့ မင်းက အရည်အချင်း မမီဆုံးပဲ...


"ဒါပေမဲ့ ဆရာရှောင်လင်း သရုပ်ဆောင်တဲ့နေရာမှာ အာရုံနည်းနည်းပြန့်တာ ဒါပထမဆုံးမြင်ဖူးတာပဲ..."

ယောင်မော့မော့က ပြုံးကာ ဆိုလိုက်သည်။


"ပုံမှန်ဆိုရင် သူက အရမ်းတည်ငြိမ်ပေမဲ့ ရှင်ပေါ်လာတဲ့အချိန်မှာ သူက နေရာမှာတင် ကြောင်အနေပြီး သူ့ဇာတ်ညွှန်းတွေကိုတောင် ပြီးအောင်မပြောဘူး..."


လင်းလော့ချင်း : ... ခဏနေပါဦး... နင့်ကို ဘယ်သူက အဲ့ဒါကိုပြောခွင့်ပေးလို့လဲ...


နင်ပြောတော့ မိတ်ဆက်ရုံပဲဆို...


ဆရာမကြီးယောင်...


ကျိယွီရှောင်က ချက်ချင်းပင် အားတက်လာသည်ဟု ခံစားရပေသည်။ သူက စိတ်ဝင်တစားမေးလိုက်လေသည်။

"တကယ်လား... သူက ကျွန်တော့်ကိုတွေ့တော့ ကြောင်သွားတယ်ပေါ့..."


ကျိယွီရှောင်က ၄င်းကိုပြောသည့်အခါ လင်းလော့ချင်းကို လှမ်းကြည့်လိုက်သည်။ 

သူက တကယ်ကြီး သူ့ကိုတွေ့တော့ ကြောင်သွားတာပဲ...


ကျွတ်... သူအဲ့ဒါကို လွတ်သွားတယ်...


လင်းလော့ချင်း : ...


လင်းလော့ချင်းက ဘာမှမပြောနိုင်ချင်မှာပင် ယောင်မော့မော့က ထောက်ခံသော အဖြေတစ်ခုကို ပေးလိုက်ပြီး ဖြစ်လေသည်။

"အင်း... အဲ့ဒါက သူရှင့်ကိုတွေ့ရတာ အရမ်းပျော်သွားတယ်ဆိုတဲ့ သက်သေပဲ..."


အဲ့ဒါကြောင့် ရှင်စိတ်ဆိုးဆိုး မဆိုးဆိုး နောက်ဆို စိတ်မဆိုးနဲ့တော့...

ယောင်မော့မော့က စိတ်ထဲတွင် တွေးလိုက်သည်။


ကျိယွီရှောင်၏ အပြုံးက ပို၍ပင် တောက်ပလာလေသည်။ 

"အဲ့ဒါဆိုရင် ဒါက အရမ်းကို ကျေနပ်စရာကောင်းတဲ့ အံ့ဩစရာတစ်ခုလိုပဲ..."


လင်းလော့ချင်း : ...


လင်းလော့ချင်းက အလျင်အမြန် သူ့ဘေးသို့ သွားကာ ဘီးတပ်ကုလားထိုင်ကို အဝေးသို့ တွန်းသွားလိုက်သည်။ သူက ယောင်မော့မော့ကို ဆိုလိုက်သည်။

"ငါတို့ အရင်ပြန်နှင့်တော့မယ်..."


သွားမယ်... သွားမယ်... သွားမယ်... သူက သူ့မျက်နှာကို ထပ်ပြီး မလိုချင်တော့ဘူးလား...


သူမက ဆက်ပြောနေရင် သူက ကျိယွီရှောင်ကို ဘယ်လိုလုပ်ပြီး မျက်နှာချင်းဆိုင်နိုင်တော့မှာလဲ...


ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်ကို မှီလိုက်ပြီး နောက်လှည့်ကာ သူ့ကို လှမ်းကြည့်ပြီး ပြုံးနေပုံရပေသည်။


လင်းလော့ချင်းက သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီး ဆုပ်ကိုင်လိုက်သည်။ 

"ဘာကြည့်နေတာလဲ... နောက်ပြန်လှည့်..." 


ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"မင်းရှက်နေတာလား..."


"မင်းကမှ ရှက်နေတာ..."


"အခုတော့ မင်းက ဝန်မခံဘူးပေါ့..."


"ဝန်မခံတာက မင်း..."


ကျိယွီရှောင်က ခပ်ဖွဖွ ရယ်လိုက်သည်။

"မင်းက ဒီလိုလေးဆို တော်တော် ချစ်စရာကောင်းတယ်..."


"မင်းကမှ ဒီလိုဆိုတော်တော်ချစ်စရာကောင်းတာ..

."


"ဟုတ်တယ်..."

ကျိယွီရှောင်က မတုံ့ဆိုင်းပဲ ခေါင်းညိတ်ပြလိုက်သည်။

"ငါလည်း ငါက တော်တော်ချစ်စရာကောင်းတယ်လို့ထင်တယ်..."


လင်းလော့ချင်း : ...


လင်းလော့ချင်းက ဤတစ်ကြိမ်ကို ထပ်မံရှုံးသွားသည်ဟု ခံစားလိုက်ရသည်။


ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီး ဒီလောက် မျက်နှာထူတဲ့လူရှိနေရတာလဲ...