Chapter 129
ထို့နောက် ချီရှင်းချန် နှင့် လျန်ကျင်းကိုသူမြင်သွားသည်။သူက ပြုံးပြီး အားမရှိသောအသံဖြင့်ဆို၏။
"ပါမောက္ခလျန်နဲ့ ရှင်းရှင်းကော ရောက်နေတာပဲ...ကျွန်တော့်မှာ ပြောစရာရှိတယ်"
သူ့အား စွမ်းအင်အလွန်အကျွံမဖြုန်းတီးမိစေရန်အတွက် လျန်ကျင်း နှင့် ချီရှင်းချန်က သူ့ကုတင်ဘေးတွင် ရပ်လိုက်သည်။ထောင်ရွှမ်က ဘေးတစောင်း လှဲလျောင်းနေပြီး ဆေးပိုက်များပြည့်နေသော ဖြူဖပ်ဖြူရော်လက်များကို ဆန့်ထုတ်လိုက်သည်။တုန်တုန်ယင်ယင်ဖြင့် သူ့လက်တစ်ဖက်က လျန်ကျင်းကို ဆုပ်ကိုင်လိုက်ပြီး ကျန်တစ်ဖက်က ချီရှင်းချန်ကို ကိုင်လိုက်သည်။
"ပါမောက္ခလျန်က သူ့ကျောက်ကပ်ကို ကျွန်တော့်ဆီလှူချင်တယ်လို့ ကျားကျစ်ကပြောတယ်...ဒါပေမဲ့ ကျွန်တော် မလိုချင်ဘူး"
ထောင်ရွှမ်က ခက်ခက်ခဲခဲကြိုးစား၍ ချီရှင်းချန်ဘက်သို့ လှည့်လိုက်သည်။
"ရှင်းရှင်းကော...လျန်ကျင်းကောနဲ့ ကောရဲ့ဆက်ဆံရေးအကြောင်း ကျွန်တော်မေးတာကို မှတ်မိသေးလား... အဲဒီတုန်းက ကျားကျစ်က ကောတို့က ကျွန်တော်တို့လိုပဲ သူငယ်ချင်းကောင်းတွေလို့ ပြောခဲ့တယ်"
"ကျွန်တော် အဲဒါကို တခြားရှုထောင့်ကနေ တွေးခဲ့တယ်...(ကောအတွက်) လျန်ကျင်းကောက သူ့ကျောက်ကပ်ကို ကျွန်တော့်ကို ပေးတာက (ကျွန်တော့အတွက်) ကျားကျစ်က သူ့ကျောက်ကပ်ကို တခြားလူကို ပေးတာနဲ့ အတူတူပဲ...ကျွန်တော် အရမ်းအရမ်းဝမ်းနည်းရလိမ့်မယ်...ကျွန်တော် ကော ကို ဝမ်းမနည်းစေချင်ဘူး...ကောကြောင့်သာမဟုတ်ရင် ကျွန်တော် ကျားကျစ်နဲ့ သိခွင့်ရမှာမဟုတ်ဘူး"
"ပြီးတော့ ကျားကျစ်က ကောကိုလေးစားပြီး ချစ်တယ်...ကောဝမ်းနည်းနေရင် ကျားကျစ်လည်း ဝမ်းနည်းနေမှာပဲ... သေမှာကြောက်တာနဲ့ ယှဉ်ရင် ကော ကျွန်တော့်ကိုသဘောမကျတော့မှာကို ပိုကြောက်တယ်"
"ဒါကြောင့်…"
ထောင်ရွှမ်က တခါတည်း စကားအများကြီးပြောမိခဲ့သည်။ သူက ဆက်မပြောခင် နှစ်မိနစ်လောက် မောနေပြီးမှဆိုသည်။
"ဒါကြောင့် ပါမောက္ခလျန်...ကျွန်တော် ခင်ဗျားရဲ့ ကျောက်ကပ်ကို မလိုချင်ဘူး...ကျွန်တော် သတိမေ့နေချိန်မှာ အစားထိုးလိုက်တယ်ဆိုရင်တောင်မှ ကျွန်တော် နိုးလာတဲ့အခါ ကိုယ့်ဘာသာကိုယ် ဖယ်ထုတ်ဖို့ နည်းလမ်းရှာရလိမ့်မယ်"
"ကျေးဇူးပြုပြီး ကျွန်တော့်အတွက် သိပ်စိတ်မပူပါနဲ့...ကျွန်တော် အသက်ရှင်ဖို့အစွမ်းကုန် ကြိုးစားသွားမှာပါ...အနည်းဆုံး ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးတဲ့အထိပေါ့ ... ကောလိပ်ဝင်ခွင့် စာမေးပွဲကို အတူတူ ဖြေကြမယ်လို့ ကျားကျစ်ကို ကျွန်တော် ကတိပေးထားတယ်...ကျွန်တော် ကိုယ့်စကားကိုယ်တည်မှာပါ"
ထောင်ရွှမ်က စကားပြောပြီးသည်နှင့် အိပ်ပျော်သွားသည်။သတိရလာခါစဖြစ်သောကြောင့် အားနည်းနေသေးသည့်အတွက် ဖြစ်နိုင်သည်။
ချီကျားကျစ်မှလွဲ၍ လျန်ကျင်းက ထောင်ရွှမ် နှင့် အချိန်အကြာဆုံးအတူကုန်ဆုံးခဲ့သူဖြစ်ပြီး ဤကလေး၏စိတ်ကို သူသိသည်။ အကယ်၍ ထောင်ရွှမ်က ထိုသို့ ပြောနိုင်လျှင် သူ သေချာပေါက် ထိုသို့ လုပ်ပေလိမ့်မည်။ လျန်ကျင်း သူ၏ကြိုးစားအားထုတ်မှုကို အလဟသမဖြစ်စေရန်အတွက် ကျောက်ကပ်ကို လှူဒါန်းမည်မဟုတ်ပေ။
ထောင်ရွှမ်၏ အိပ်မောကျနေသော မျက်နှာကို ကြည့်ပြီး ချီရှင်းချန် စိတ်သက်သာရာရမှုနှင့် စိတ်ဆင်းရဲမှုတို့ရောထွေးနေလေသည်။ သူက လှည့်ထွက်လာပြီး ချီယွမ်ရှောင်ကို ဖုန်းခေါ်လိုက်၏။
"ကော...အရင်တစ်ခေါက် ကျွန်တော် မေးထားတဲ့ ကျောက်ကပ်အရင်းအမြစ်ကို ရှာတွေ့လား"
"နည်းနည်းတော့တွေ့တယ်"
ချီယွမ်ရှောင်က ဆိုသည်။
"ဒါပေမဲ့ ကိုက်ညီမှုစစ်ဆေးတာ မအောင်မြင်ခဲ့ဘူး"
"မြန်မြန်လုပ်လို့ရမလား ...လူနာရဲ့အခြေအနေက ပိုဆိုးလာတယ်...ကျွန်တော်တို့ မစောင့်နိုင်တော့ဘူး"
"ကောင်းပြီ ခဏစောင့်"
သူ့ညီ၏ အရေးတကြီးဖြစ်နေသည့်လေသံကိုကြားသောအခါ ချီယွမ်ရှောင် က ချက်ချင်းထပြီး မျက်နှာချင်းဆိုင်က အထွေထွေလက်ထောက်ရုံးခန်းဆီလျှောက်သွားသည်။
"အခုချက်ချင်း ဖုန်းခေါ်လိုက်လိုက်... ပြည်တွင်းပြည်ပမှာရှိတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ဆက်သွယ်ပြီး ကျောက်ကပ်အလှူရှင်ရှိမရှိ မေးပါ...ရှိရင် ရလဒ်ကိုက်ညီမှုရှိမရှိစောင့်စရာ မလိုဘူး... အဲဒီကိုသွားပြီး ကိုယ်တိုင်စစ်ဆေးပါ...တစ်ခုခုလွတ်သွားရင် နောက်လကျရင် နုတ်ထွက်စာတင်လိုက်"
အများအားဖြင့်၊ ချီယွမ်ရှောင်က သူ့လက်ထောက်ကို အတွင်းဖုန်းလိုင်းမှတစ်ဆင့် တိုက်ရိုက်ခေါ်တတ်သည်။ဤတစ်ခါ အထွေထွေလက်ထောက်ရုံးကို လူကိုယ်တိုင်ရောက်လာသည်။ အခန်းတွင်းရှိလူအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ခဏတိတ်ဆိတ်သွားပြီးနောက်၊ ဖုန်းတွေကို နှိပ်သည့် လှုပ်လှုပ်ရှားရှား အသံတွေ ထွက်ပေါ်လာသည်။ချီယွမ်ရှောင် ကျေနပ်စွာနှင့် အထွေထွေလက်ထောက်ရုံးခန်းကနေ ထွက်လာခဲ့သည်။
ဖုန်း၏တစ်ဖက်က အသံကို နားထောင်ရင်း ချီရှင်းချန် စိတ်သက်သာရာ ရသွား၏။ နောက်တစ်ဆင့်က သူ့အစ်ကိုဆီက သတင်းကို စောင့်ရမှာပင်။
အရည်အချင်းရှိသည့် ချီမိသားစုကပင် ကျောက်ကပ်ကို ရှာမတွေ့ခဲ့လျှင် ထောင်ရွှမ် ...
သို့သော် သူ့အား အလွန်ယုံကြည်မှုရှိစေသော အရာတစ်ခုရှိသည်။ "ည၏မက်မွန်" ၏ ဇာတ်ကြောင်းတွင့် သူကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်မှတပါး၊အခြားအရာအားလုံးသည် မူလလမ်းကြောင်းအတိုင်း ဆက်လက်သွားနေသည်။
မူလလက်ရာတွင် ထောင်ရွှမ် အသက်ရှင်နိုင်ခဲ့သည်။ယုတ္တိနည်းဖြင့် ပြောရလျှင် လျန်ကျင်း၏ လှူဒါန်းမှုမရှိဘဲ ထောင်ရွှမ် အသက်ရှင်ရန် ဖြစ်နိုင်ခြေ မြင့်မားသည်။
ချီယွမ်ရှောင် နှင့် ဖုန်းပြောပြီးနောက်၊ ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ လူနာဆောင်ထဲကိုပြန်သွားပြီး ထောင်ရွှမ် ယင်းက ဘယ်လောက်လေးနက်လဲ မေးချင်ခဲ့သည်။
သူ လှည့်လိုက်သောအခါ စင်္ကြံအဆုံးမှာ လျန်ကျင်း၏ နောက်ကျောကို တွေ့လိုက်ရသည်။
လျန်ကျင်းက လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလည်း ထိုသို့ဖြစ်ခဲ့သည်။ မူလပိုင်ရှင်က လျန်ကျင်းကို ဖွင့်ပြောပြီးနောက် နှစ်ဖက်စလုံးကို သေသေချာချာ စဉ်းစားရန် အချိန်ပေးပြီး မူလပိုင်ရှင်အား သူ့ကို မေ့ရန် အချိန်ပေးဖို့အတွက် လျန်ကျင်းက တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။
ယခု လျန်ကျင်းက သူ့တွင် ချစ်သူရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီး သူ သူ့ကို ငြင်းမည်မှန်း သေချာပေါက်သိသော်လည်း သူ့အချစ်ကို ဝန်ခံခဲ့ကာဖုန်းပြောနေချိန်တွင် ထွက်သွားပေးရန် ရွေးချယ်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ့မှာ ပြင်းပြင်းထန်ထန် ငြင်းဆန်ရန် နှလုံးသားမရှိမှာကို ကြောက်ပြီး သူအဆင်မပြေဖြစ်မှာကို ကြောက်၍ပါပင်။
လျန်ကျင်းက အခြားသူများကို အမြဲတွေးပေးခဲ့သည်။ထောင်ထောင်နှင့် တစ်ညတာမှောက်မှားခဲ့လျှင်ပင် သူ၏ ပထမဆုံး တုံ့ပြန်မှုက တာဝန်ကိုခေါင်းရှောင်မည့်အစား ထောင်ထောင်ကို လက်ထပ်ယူပြီး မိသားစုထဲခေါ်သွင်းရန်ပြင်ခြင်း ဖြစ်၏။
ခေတ်သစ်လူ့အဖွဲ့အစည်းမှာ အရက်သောက်ပြီး လိင်ဆက်ဆံသည်က အမျိုးသားရော အမျိုးသမီးအတွက်ပါ ဖြစ်ရိုးဖြစ်စဉ်ပင်။ အများအားဖြင့် ယောက်ျားတွေက ဖုတ်ဖတ်ခါ ထွက်သွားပြီး အမျိုးသမီးတွေအတွက်ကို ဘယ်သူကမှ ထည့်စဉ်းစားမှာ မဟုတ်ပေ။
၎င်းကိုကြည့်လျှင် လျန်ကျင်းကသာ Phosphor Luminous Bodyဖြစ်လေသည်။
(T/N–လျန်ကျင်း ချီရှင်းချန်ကိုဝယ်ပေးတဲ့ကြယ်ရဲ့နာမည်)
ချီရှင်းချန် သက်ပြင်းချလိုက်သည်။ ဤအဆင့်တွင် လျန်ကျင်းနှင့် အဆက်အသွယ်ဖြတ်ခြင်းမှာ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ထောင်ရွှမ်ကို ပြုစုရန် အခြားသူနာပြုတစ်ဦးကို သူရှာခဲ့သည်။ ထို့အပြင် ချီကျားကျစ်လည်း သူ့အား ဂရုစိုက်ရန် အခါအားလျော်စွာ လာတတ်သည်။ထို့ကြောင့် ဘာပြဿနာမှ မဖြစ်လောက်ပေ။
.
ဆေးရုံကထွက်လာပြီးနောက် သူအိမ်ပြန်မသွားပေ။ယင်းအစား အလွန်ဝေးလံသောထောင့်တွင် ကားကိုရပ်ရန် ယာဉ်မောင်းအား တောင်းဆိုခဲ့သည်။
နာရီဝက်လောက်ကြာသောအခါ ကားတံခါးကို လူတစ်ယောက်လာခေါက်ရာ ချီရှင်းချန် ယာဥ်မောင်းကို ဝင်ခွင့်ပြုရန် အချက်ပြခဲ့သည်။
အန်းရန်က သူ့ကို ကူငှားပေးခဲ့သည် ပုဂ္ဂလိက စုံထောက်ဖြစ်သည်။
"မင်္ဂလာပါ ဆရာ"
"မင်္ဂလာပါ"
ချီရှင်းချနိက သူ့နေကာမျက်မှန်ကို ချွတ်လိုက်ပြီးမေးသည်။
"လတ်တလော အခြေအနေအကြောင်း ပြောပြပါ"
မေးနေစဉ်၊ ချီရှင်းချန် ထိုလူ၏အမူအရာကို သတိပြုမိသည်။ချီရှင်းချန်၏ မျက်နှာအစစ်ကို မြင်သောအခါ အံ့အားသင့်သည့် ပုံစံမျိုး မပြခဲ့ပေ။
ဤအလုပ်ကလူတွေက ဖျော်ဖြေရေးနယ်ပယ်ကို အထူးသတိထားရမှာဖြစ်ပြီး အထူးသဖြင့် ရသစုံရှိုးပွဲတွေမှာ အကြီးအကျယ်ပါဝင်ခဲ့သည့် သူလို သရုပ်ဆောင်တွေပင်။ဤလူက သူ့ကို မသိခြင်း မဖြစ်နိုင်ပေ။
ယခုအချိန်မှာ သူက အလွန်တည်ငြိမ်နေသည့်အချက်က သူ၏ပရော်ဖက်ရှင်နယ်ကျမှုကိုပြသနေလေသည်။ချီရှင်းချန် မူလက သူ့ကို လူချင်းတွေ့သည်က လုံခြုံစိတ်ချရမှုမရှိမည်ကို ကြောက်ရွံ့ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဘာမဟုတ်သည့်အရာအတွက် စိုးရိမ်နေပုံရသည်။
"ဒီအတောအတွင်း လေ့လာကြည့်ပြီးတဲ့နောက် မစ္စတာလျန်ရဲ့ဘဝက အရမ်းရိုးရှင်းတာကို တွေ့ခဲ့ရတယ်... အများစုကတော့ အိမ်မှာနေတယ် ဆေးရုံသွားတယ်၊ ရံဖန်ရံခါမှာ နေ့စဉ်သုံးပစ္စည်းတွေဝယ်ဖို့ ကုန်စုံဆိုင်ကို သွားလေ့ရှိပါတယ်... ဒီဇင်ဘာ ၃ ရက်မှာ သူ ဘလာဘလာဝယ်ဖို့ 711 ကိုသွားခဲ့တယ်…"
စုံထောက်က လျန်ကျင်း၏လှုပ်ရှားမှုများကို စတင်သတင်းပို့သည်။ချီရှင်းချန် ဂရုတစိုက် နားထောင်ပြီး အသုံးဝင်သော အချက်အလက်များကို စစ်ထုတ်ခဲ့သည်။ စုံထောက်ပြောသည့်အတိုင်းပင် လျန်ကျင်း၏ဘဝက တကယ့်ကို ရိုးရှင်းသည်၏။ ငြီးငွေ့စရာကောင်းသည်ဟုပင် ပြော၍ရသည်။
အစီရင်ခံစာပြီးခါနီးတွင် ချီရှင်းချန် "ဆေးဆိုင်" ဟူသော စကားလုံးကို ကြားလိုက်ရသည်။
"ခဏလေး"
သူ အမြန်တားလိုက်သည်။
"အဲဒါကိုပြန်ပြော"
“ညနေခြောက်နာရီမှာ မစ္စတာလျန်က ဆေးဆိုင်ထဲဝင်သွားပြီး ခုနစ်မိနစ် ရှစ်မိနစ်လောက်ကြာတော့ ထွက်လာတယ်...သူထွက်လာတော့ လက်ဗလာနဲ့ ဘာမှမယူလာဘူး...အဲဒီနောက်မှာ သူ့အိမ်ထဲက အမှိုက်ပုံးထဲမှာ သက်ဆိုင်ရာ ပြေစာကို ရှာမတွေ့ခဲ့ပါဘူး... ညနေ ရှစ်နာရီမှာ မစ္စတာလျန်နှင့် အမျိုးသမီး သရုပ်ဆောင်ထောင်ထောင်တို့ လက်ဖက်ရည်ဆိုင်မှာ တွေ့ဆုံခဲ့ပါတယ်... ဆယ့်နှစ်မိနစ်နဲ့ သုံးဆယ့်တစ်စက္ကန့် နှစ်ယောက်တည်း ကုန်ဆုံးပြီးနောက်၊ ထောင်ထောင်က သူ့ရဲ့ ကိုယ်ပိုင်ကားနဲ့ ထွက်ခွာသွားခဲ့ပြီး မစ္စတာလျန်က အိမ်ကိုပြန်မောင်းသွားခဲ့ပါတယ်"
ဆေးဆိုင်ကိုသွားတယ်...
ချီရှင်းချန် မီးအလင်းရောင်ကင်းမဲ့နေသောစင်္ကြံမှာ ထောင်ထောင်ကို ဆီးစစ်တံဝယ်ပေးခဲ့သည်ဟု လျန်ကျင်း ပြောခဲ့သည်ကို သတိရသွားခဲ့၏။
ဤတစ်ကြိမ်ဖြစ်နိုင်သည်။
ချီရှင်းချန် ဤသည်က ပြဿနာကိုဖြေရှင်းရန် ကြိုးစဖြစ်မည်ဟုစိတ်ကထင်မိသည်။ စုံထောက်၏အစီရင်ခံစာကို နားထောင်ပြီးနောက် ကျန်အချက်အလက်များကို သူခဏစဉ်းစားပြီး ပြောလိုက်သည်။
"လျန်ကျင်းနောက်လိုက်နေတာကို ရပ်လိုက်ပါ...ဆေးဆိုင်မှဝယ်တဲ့ ဆေးစာရင်းကို ရှာဖွေပေးပါ... ကျွန်တော်မမှားရင် ဆီးစစ်တံတစ်ခု ဝယ်တာဖြစ်မယ်... စျေးသုံးဆထပ်ထည့်မယ်... ကျေးဇူးပြုပြီး အဲဒီဆီးစစ်တံကို မတွေ့တွေ့အောင်ရှာပေးပါ"
ခေတ္တနားပြီးနောက် သူက ထပ်ဖြည့်ပြောလိုက်၏။
"ဒါ့အပြင်၊ ကျွန်တော့်အတွက် ထောင်ထောင်ရဲ့ လတ်တလော ဆေးကုသမှုနဲ့ ဆေးမှတ်တမ်းတွေကို ရှာဖို့ ခင်ဗျားကို အနှောင့်အယှက်ပေးပါဦးမယ်... လုပ်ငန်းစဉ်မှာ အခက်အခဲတစ်စုံတစ်ခု ကြုံတွေ့ရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်...ကူညီပါ့မယ်"
အကယ်၍ ထောင်ထောင်သာ အမှန်တကယ် ကိုယ်ဝန်ရှိနေပါက ဆီးစစ်တံတွင် သိသာထင်ရှားသော လက္ခဏာများ ရှိလိမ့်မည်။ အကယ်၍ သူမ အမှန်တကယ် ကိုယ်ဝန်ပျက်ကျပါက သူမသည် ဆေးကုသမှုခံယူရန် ဆေးရုံတက်ရပြီး ဆေးမှတ်တမ်းများ ရှိမည်ဖြစ်သည်။
ရှာဖွေရန်ခက်ခဲသော်လည်း၊ ဤအရာများသည် တိုက်ရိုက်သက်သေများဖြစ်သည်။
ငွေက ကမ္ဘာကို လှည့်ပတ်စေသည်။ စုံထောက်က အဆင်သင့် သဘောတူလိုက်သည်။ချီရှင်းချန် မကြာသေးမီက စုဆောင်းထားသော ဓာတ်ပုံများကဲ့သို့သော အထောက်အထားများကို ယူကာ စတူဒီယိုသို့ ပြန်ပို့လိုက်သည်။ သူက ယာဉ်မောင်းကို ချီမိသားစုနေထိုင်ရာသို့ မောင်းခိုင်းသည်။
အိမ်ပြန်ရောက်သောအခါ သူ့မိသားစုက ညစာ ပြီးနေပြီဖြစ်၏။သူ ဆန်ပြုတ် သောက်ပြီး သူ့မိသားစုနှင့် ခဏလောက် စကားစမြည်ပြောခဲ့သည်။ သူ့အခန်းကို ပြန်ရောက်နောက် ကုတင်ကြီးပေါ် လှဲချလိုက်သည်။
တစ်နေ့တာလုံး တင်းမာနေခဲ့သော သူ၏ကြွက်သားများ နောက်ဆုံးတွင် ပြေလျော့သွားသည်။ နောက်ဆုံးမှာ သူအသက်ရှူရန် အခွင့်အရေးရပြီဖြစ်၏။
သူ့ဖုန်းကို ထုတ်လိုက်ပြီး မဖတ်ရသေးသည့် မက်ဆေ့ခ်ျတွေကို စစ်ကြည့်လိုက်သည်။
သူတို့အထဲမှာ ယန်လောနန်က လေယာဉ်ပေါ်ကနေ အန္တရာယ်ကင်းကင်း ဆင်းနိုင်လား မေးထားသည်။ ဒါရိုက်တာကျိုးက အကူအညီလိုပါကပြောရန်မေးထားသည်။ ထုံးစံအတိုင်း ပိုင်ရဲ့လည်း ပါသည်
08: 30. [🌕]: [မင်္ဂလာနံနက်ခင်းပါ]
13:00. [🌕]- [ဒီနေ့အချိန်ဇယား ပြီးသွားပြီ...ကိုယ်အခု အခု ထုတ်လုပ်သူတွေနဲ့ ညစာစားမလို့]
15:40. [🌕]- [J City ရဲ့ အပူချိန် ထပ်ပြီး ကျဆင်းသွားတာ ကိုယ်တွေ့တယ်...ဂျာကင်အင်္ကျီတချို့ဝယ်ပြီး ပို့ပေးလိုက်တယ်...ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်ခင်ဗျ]
20:00. [🌕]- [ဒီည ထမင်းကောင်းကောင်းစားရဲ့လား]
ချီရှင်းချန် ဤစာလေးစောင်ကို ကြည့်ပြီး ခဏတာ အံ့သြသွားသည်။
မာနကြီးသောပိုင်ရဲ့ပင်လျှင် တစ်ဖက်လူက စာမပြန်ပါက WeChat မက်ဆေ့ဂျ်များ ဆက်လက်ပေးပို့နေဦးမည်ဖြစ်သည်။
ပိုင်ရဲ့က တစ်ကြိမ်ပြန်မဖြေလျှင် သူ့ကို လျစ်လျူရှုလိမ့်မည်ဟု သူထင်ခဲ့မိသည်။
ယနေ့လုပ်စရာတွေများလွန်းသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူလည်း ပိုင်ရဲ့ကို လျစ်လျူမရှုမထားချင်ပါချေ။ သူ အမြန်ထပြီး မှန်ထဲမှာ သူ့ကိုယ်သူ ကြည့်လိုက်၏။အချိန်အတော်ကြာ စိုးရိမ်းသောကရောက်နေရသောကြောင့် သူ့မျက်နှာက တော်တော်လေး ဆိုးနေပြီဖြစ်သည်။
သေချာသည်က သူယခုလိုပုံစံနှင့် ဗီဒီယိုကောလ်ပြော၍ မရပေ။ပိုင်ရဲ့ကို ရုပ်ဆိုးသည့်ပုံစံသူပြမိမှာစိုးသည်။သူ လည်ချောင်းရှင်းပြီး ပိုင်ရဲ့ကိုဖုန်းခေါ်လိုက်သည်။
ပိုင်ရဲ့က အမြန် ဖုန်းကိုင်သည်။ "ရိုက်ကူးရေးပြီးပြီလား"
"မဟုတ်ဘူး"
ချီရှင်းချန်က ပြောသည်။
"ဒီနေ့မနက် အိမ်မှာ အရေးပေါ်ကိစ္စရှိလို့ အိမ်ပြန်ဖို့ ခွင့်တောင်းလိုက်တာ... အခုမှ ပြီးသွားတာ"
"ကိုယ့်အကူအညီလိုသေးလား...လက်မှတ်ဝယ်ပြီး မင်းကိုပြန်လာပြီးအဖော်ပြုပေးမယ်လေ"
"မလိုဘူး... မလိုဘူး"
ချီရှင်းချန်က ကမန်းကတမ်း ငြင်းလိုက်သည်။
"ဖြေရှင်းပြီးသွားပြီ...ကောရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
"တကယ်လား"
"လုံးဝကိုတကယ်"
ချီရှင်းချန် ဤပြဿနာကိုဆက်မပြောချင်ပေ။သူ လျှာသပ်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။
"ဒီမှာ အပူချိန်ကျသွားတာကို ဘယ်လိုသိတာလဲ... ဒီမနက် နှင်းတွေ ထူနေလို့ လမ်းကို မမြင်ရဘူး... မြင်နိုင်သမျှက အဖြူရောင်တွေချည်း...တော်တော်လေး လှတယ်"
ပိုင်ရဲ့က တည်တည်ငြိမ်ငြိမ်ပင်ဆိုသည်။
"ကိုယ် တည်နေရာကို J City ကိုပြောင်းထားလို့"
"... ဘာလို့ တည်နေရာကို ပြောင်းလိုက်တာလဲ"
ချီရှင်းချန် နှုတ်ခမ်းကို အသံမြည်အောင်စုပ်လိုက်သည်။
"မင်းက ဒီနေ့ဒီဆို နောက်နေ့ဟိုသွားနေရတာ... အရေးကြီးဆုံးက ဒေသရာသီဥတုကို သတိထားရမယ်... မဟုတ်ရင် အ၀တ်လုံလုံလောက်လောက် မဝတ်ရင် အအေးမိလိမ့်မယ်"
"ရပါတယ်"
ပိုင်ရဲ့က တိုးညှင်းသောလေသံဖြင့် ပြောသည်။
"ကိုယ့်ကိုယ်နဲ့ ယှဉ်ရင် မင်းအအေးမိမလားဆိုတာကို ကိုယ်ပိုစိတ်ဝင်စားတယ်"
ပိုင်ရဲ့က ယခုလိုမျိုး အချစ်စကားများကိုတိုက်ရိုက် ပြောခဲသည်။ သူ ယခုလိုပြောတိုင်း ချီရှင်းချန်၏ နှလုံးသား ခုန်ပေါက်နေလိမ့်မည်။
"မလိုပါဘူး… ကျွန်တော့်အတွက် အဝတ်အစားတွေ စီစဉ်ပေးဖို့ အစ်မအန်းရန်ရှိတယ်"ဟု သူတိုးတိုးလေးပြောလိုက်သည်။
ထို့နောက် သူ့မှာ အကြံကောင်းတစ်ခု ပေါ်လာသည်။
"ဒါဆို ကျွန်တော်လည်း ကောရှိတဲ့နေရာကို တည်နေရာပြောင်းလိုက်မယ်... အပူချိန် ကြီးကြီးမားမား အတက်အကျရှိတယ်ဆိုရင် ကျွန်တော်ပြောပြမယ်လေ"
ချီရှင်းချန် ခေါင်းအုံးပေါ်မှီရင်း တည်နေရာကို ပိုင်ရဲ့၏ လက်ရှိတည်နေရာသို့ ပြောင်းလိုက်သည်။ ဖုန်းထဲက စာရိုက်သံကြားသောအခါ ပိုင်ရဲ့က မနေနိုင်ဘဲ ခပ်သောသောရယ်သည်။
ချီရှင်းချန်၏ နား ပူပြီး ယားယံလာသလို ခံစားရသည်။
သူလက်ကိုဆန့်ပြီး နားရွက်ကို ပွတ်လိုက်သည်။ပိုင်ရဲ့က ယခုလို သူ့နားနားကပ်၍ နောက်ဆုံးစကားပြောခဲ့သည်က တစ်လနီးပါးရှိနေပြီဆိုသည်ကို သူ ရုတ်တရက် သတိရမိသွား၏။
တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ ကြာလေပြီ။ သူ... ပိုင်ရဲ့ကို လွမ်းသည်။
ဗီဒီယိုကောလ်များနှင့်မတူဘဲ ပိုင်ရဲ့က သူ၏အမူအရာကို မမြင်နိုင်သဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်ရုံသာတတ်နိုင်ခဲ့သည်။ "ဘာလို့ ဘာမှ မပြောတာလဲ"ဟု သူကမေးသည်။
ချီရှင်းချန် သူ့မျက်နှာကို ပျော့ပျောင်းသည့် ခေါင်းအုံးထဲမှာ မြှုပ်လိုက်ပြီးအသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ဤစကားက သည်ထက်ပိုပြီးအတုအယောင်ဆန်နိုင်သည့်အရာမရှိတော့။ပိုင်ရဲ့ ဒေါသထွက်ဟန်ဆောင်ပြီးပြောလိုက်သည်။
"တစ်ခုခုဆိုရင် ကိုယ့်ကိုပြောပြမယ်လို့ ကတိပေးထားတာကို မမေ့နဲ့"
ချီရှင်းချန်: "…"
ပိုင်ရဲ့: "ဟမ်"
"တကယ်တော့ ဘာမှမဟုတ်ပါဘူး"
ချီရှင်းချန် ခေါင်းအုံးထောင့်ကို ကိုက်လိုက်သည်။ပြောရ ခက်သည်၊ သို့သော် ပိုင်ရဲ့၏ "ရက်စက်ကြမ်းကြုတ်သောအာဏာ အလွဲသုံးစားမှု" အောက်တွင် တွန်းအားပေးခံရပြီး သူပြောလိုက်ရသည်။
"ကျွန်တော်...ကောကိုနည်းနည်းလွမ်းနေလို့"
စာအုပ်လှန်နေသော ပိုင်ရဲ့၏လက် ရပ်တန့်သွားသည်။ သူ့နှလုံးသားက နာကျင်၍နေ၏။
ချီရှင်းချန်ကို သူမလွမ်းဘဲ ဘယ်နေပါ့မလဲ...
ပိုင်ရဲ့ တိုးတိုးလေးနူးညံ့စွာပြောလိုက်သည်။
"ခဏလောက်စောင့်ဦး ကောင်လေးရာ"
"ကောင်းပြီ ...ကျွန်တော်စောင့်မယ်"
ပိုင်ရဲ့က "မီးခိုးရောင်လမ်း" ရိုက်ကူးရေးပြီးဆုံးအောင် စောင့်ခိုင်းသည်ဟု ချီရှင်းချန် ထင်သောကြောင့် ၎င်းအကြောင်းကို သိပ်ပြီးမစဉ်းစားခဲ့ပေ။ထို့နောက် နှစ်ယောက်သား စကားစမြည်ဆက်ပြောဖြစ်ကြသည်။ချီရှင်းချန် သမ်းဝေလာသောအခါ ပိုင်ရဲ့က သူ့ကို စောစောအိပ်ရန် ပြောလိုက်၏။
ဖုန်းချပြီးနောက် ချီရှင်းချန် ရေချိုးရန် အလွန်ပျင်းနေခဲ့သည်။ ရေအနည်းငယ်ချိုးပြီး အိပ်ယာပေါ် လှဲချလိုက်သည်။
သို့သော် နေ့ခင်းဘက်တွင် အလွန်အမ
င်း တွေးတောခဲ့သောကြောင့် သူ ပင်ပန်းသော်လည်း အိပ်မပျော်ပေ။ မျက်လုံးမှိတ်ပြီးနောက် သူ့အာရုံက လျန်ကျင်း ကျောက်ကပ်လှူဒါန်းသည့်မြင်ကွင်းနှင့် ပြည့်နှက်နေခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ့မှာ အကြောက်တရားတွေ ရှိနေတုန်းပင်။