အပိုင်း ၁၃၂
Viewers 29k

Chapter 132




ဒါရိုက်တာကျိုးမှာ ပိုင်ရဲ့နှင့်တစ်ခါဆုံခဲ့ဖူးသော်လည်း သူ့အနေဖြင့် လေထုဖန်တီးရာတွင် တော်သည့်သူတစ်ယောက်မဟုတ်နေသောကြောင့် ဒီအတိုင်းသာ ပြောလိုက်သည် " ရှောင်ချီ ဒီနေ့က မင်းရဲ့၂၂နှစ်ပြည့်မွေးနေ့ပဲ… ဂုဏ်ယူပါတယ်နော်…တစ်နှစ်ထက်တစ်နှစ် ပိုပိုရင့်ကျက်ပြီး ခန့်ညားလာတာပဲ…လာပါ ဆုတောင်းပြီးတော့ ဖယောင်းတိုင်မီးတွေမှုတ်ကြရအောင်…"


ထိုစကားနှင့်အတူ ပိုင်ရဲ့မှဦးဆောင်ကာ မွေးနေ့‌ဆုတောင်းသီချင်းဆိုလာခဲ့ပြီး ချီရှင်းချန် ကိတ်မုန့်အပေါ်မှ ၂၂ဟူသောဖယောင်းတိုင်ကိုကြည့်ကာ မျက်လုံးများကိုမှိတ်လိုက်သည်။


ဆယ်စက္ကန့်အကြာတွင် ချီရှင်းချန် မျက်လုံးကိုဖွင့်ကာ ဖယောင်းတိုင်မီးများကို မှုတ်လိုက်လေသည်။


" ရှင်းရှင်း ပျော်ရွှင်စရာမွေးနေ့ပါ…"


" ရှင်းရှင်း ငါတို့မင်းကိုချစ်တယ်နော်…"


" ရှောင်ချီ… ရှောင်ချီက ကမ္ဘာပေါ်မှနံပါတ်တစ်ပဲ…"


" အားအားး မြန်မြန်လေးကိတ်မုန့်လှီးပါတော့… ငါ‌တော့ထပ်မစောင့်နိုင်တော့ဘူး…"


ချီရှင်းချန်၏နားများမှာ ဆူညံသံများကြောင့် နာကျင်သွားရပြီး သူအလျင်အမြန် ပိုင်ရဲ့ထံမှဓားနှင့်ခက်ရင်းကိုယူကာ ကိတ်မုန့်ကိုခွဲလိုက်သည်။


သို့သော်လည်း ကိတ်ခွဲရင်းဖြင့် ပတ်ဝန်းကျင်အခြေအနေကို စူးစမ်းကြည့်လိုက်ရာ ဒါရိုက်တာကျိုးမှလွဲ၍ အခန်းထဲမှလူအများစုမှာ သရုပ်ဆောင်များဖြစ်ကြလေရာ ကိတ်မုန့်ကဲ့သို့သော သကြားဓာတ်ပါဝင်မှုမြင့်မားသည့်အစားအစာမျိုးကို ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း စားနိုင်ကြမည်မဟုတ်ချေ။ ယခု အားလုံးမှာသူ့ကိုကိတ်မုန့်ခွဲရန် လောဆော်နေကြရာ အများဆုံးဖြစ်နိုင်ခြေမှာ သူ၏မျက်နှာကို ကိတ်မုန့်ဖြင့်တို့ရန်ဖြစ်နိုင်ပေမည်။


အတိအကျပင် သူ ကိတ်မုန့်၏ပထမဆုံးအပိုင်းကို ပန်းကန်ပြားထဲတွင်ထည့်ကာ ဒါရိုက်ကျိုးအား ခွံ့‌ကျွေးရန်ပြင်လိုက်ချိန်တွင် ဒါရိုက်တာကျိုးမှ ပန်းကန်ကို‌အရှေ့သို့တွန်းကာ သူ၏မျက်နှာရှေ့သို့ ဦးတည်လာခဲ့သည်။


ချီရှင်းချန် ကြိုတင်ပြင်ဆင်ထားပြီးပြီဖြစ်သည့်အတွက် ခေါင်းကိုဘယ်ဘက်သို့စောင်းကာ ကိတ်မုန့်ကိုရှောင်လိုက်သည်။ ထိုအချိန်တွင် ပိုင်ရဲ့မှာလည်း ဒါရိုက်တာကျိုးလုပ်မည့်အရာကို မှန်းဆမိသွားသောကြောင့် ချီရှင်းချန်ကိုဆွဲခေါ်ကာ သူ၏အနောက်သို့ပို့၍ ဒါရိုက်တာကျိုးနှင့်မျက်နှာခြင်းဆိုင်ပိတ်ရပ်လိုက်ပြီး ကိတ်မုန့်ပန်းကန်ကို ပြန်တွန်းလိုက်သည်။


ညနက်သည်အထိအမြဲနေနေခဲ့သော ဒါရိုက်တာကျိုးမှာ တစ်နှစ်ပတ်လည်လုံးကခုန်နေသည့်ပိုင်ရဲ့နှင့် အားချင်းမယှဉ်နိုင်ခဲ့ပေ။ သုံးစက္ကန့်ကြာပြီးနောက် ဒါရိုက်တာကျိုး၏မျက်နှာတွင် ကိတ်မုန့်များပေပွသွားခဲ့သည်။


" ဟားဟားဟားဟား…" ချီရှင်းချန် မအောင့်နိုင်ဘဲ အော်ရယ်မိသွားသည်။


ထို့နောက် ကိတ်မုန့်ကိုဆက်ခြမ်း၍ပေးလိုက်သည်။ လူတိုင်းမှာမူ သူ့ကိုမယုံကြသေးဘဲ ကိတ်မုန့်ဖြင့်တို့ရန် အရှေ့သို့တိုးလာနေကြဆဲပင်။


ကံမကောင်းစွာဖြင့် ချီရှင်းချန်၏ပြောင်မြောက်သောရှောင်တိမ်းမှုများနှင့်အတူ ပိုင်ရဲ့၏အကူအညီဖြင့် မည်သူမှမအောင်မြင်ခဲ့ကြချေ။ ထိုအစား သူတို့အားလုံးသာအတို့ခံလိုက်ရသည်။


" ဟင့်ဟင့် ရှင်းရှင်း ပိုင်သာ့… မင်းတို့ကလူတောင်မဟုတ်ကြဘူးပဲ…"


လူတိုင်းမှာစတင်၍ငိုကြွေးကာ ကွန်ပလိန်းတက်လိုက်ကြသည်။ ထို့နောက် သူတို့၏မျက်နှာများကိုသုတ်လိုက်ကြပြီး စစ်မြေပြင်၏နှစ်ဖက်အခြေအနေမှာ အနိုင်ရရန်အလွန်ခက်ခဲနေသည်ကို သိလိုက်ကြသည့်အတွက် မျက်လုံးကိုသာလှိမ့်ကာ စားရန်ထွက်သွားလိုက်ကြသည်။


ကိတ်မုန့်တိုက်ပွဲပြီးဆုံးသွားပြီဖြစ်သောကြောင့် ချီရှင်းချန် ဂရုတစိုက်ဖြင့် အကြီးဆုံးကိတ်မုန့်အပိုင်းတစ်ခုကို လှီးယူကာ ပိုင်ရဲ့ထံပေးလိုက်သည် " ဒီနေ့ညဘာမှမစားရသေးဘူးမလား… လာ ကိတ်မုန့်နည်းနည်းစား…"


သူ၏စကားမဆုံးနိုင်လိုက်ခင်မှာပင် ချီရှင်းချန်၏မြင်ကွင်းမှာ မှောင်မဲသွားခဲ့သည်။


ပိုင်ရဲ့ ကိတ်မုန့်ပန်းကန်ဖြင့် သူ၏မျက်နှာကို တိုက်ရိုက်ပင်သုတ်ချလိုက်သည်။


ထိုအပိုင်းမှာ အခြားသူများ၏ဟာထက် ပို၍ကြီးမားပြီး ဧရိယာကျယ်ဝန်းသောကြောင့် ချီရှင်းချန်၏မျက်နှာမှာ ဖြူဖွေးသွားပြီး သူ၏နှာခေါင်းနှင့်ပါးစပ်တို့တွင် ချိုမြသောကိတ်မုန့်ခရင်အနံ့များဖြင့် ပြည့်သွားရသည်။


ချီရှင်းချန် သူ၏လူမှ ရုတ်တရက်ထ၍ သစ္စာဖောက်သည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ကိတ်မုန့်ခရင်များကို အနည်းငယ်သုတ်လိုက်ပြီး ပိုင်ရဲ့ကိုကြည့်ကာ မေးခွန်းထုတ်တော့မည့်ဆဲဆဲတွင်…


ပိုင်ရဲ့၏နှုတ်ခမ်းများမှာ ရယ်ချင်စိတ်ကိုထိန်းချုပ်ထားရခြင်းကြောင့် တောင့်တင်းနေပြီး သူ၏မျက်လုံးထဲတွင် အပြုံးများဖြင့်ပြည့်နေကာ မျက်လုံးထောင့်များကော့တက်နေလျက် မဖော်ပြနိုင်လောက်အောင် လှပနေသည်ကို မြင်လိုက်ရသည်။


"....." ချီရှင်းချန် တိတ်တဆိတ်သာ ခေါင်းငုံ့လိုက်သည်။


ထားလိုက်ပါတော့လေ… ပိုင်ရဲ့ပျော်နေသရွေ့ သူ့ကိုယ်သူကိတ်မုန့်နဲ့မြုပ်ပစ်ရလည်း အဆင်ပြေပါတယ်…


ထိုအချိန်၌ ကျန်လူများအားလုံးမှာလည်း သူတို့ကြားမှတိုက်ပွဲဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့လိုက်ကြရသဖြင့် လက်ခုပ်တီးကာ ရယ်မောရင်းဖြင့် ပြောလာကြသည် " ဟားဟားဟား ပိုင်ရဲ့ ကောင်းကောင်းလုပ်ခဲ့တယ်ဟေ့…"


ချီရှင်းချန်မှာမူ ဂရုစိုက်မနေချေ။ ငုံ့ကာ ကိတ်မုန့်နောက်တစ်ပိုင်းကိုယူ၍ ပိုင်ရဲ့ကိုသတိပေးလိုက်သည် " ဒီတစ်ခေါက်တော့ ထပ်မသုတ်နဲ့တော့နော်…အရင်စားလိုက်ဦး… ကျွန်တော်မျက်နှာသွားဆေးလိုက်ဦးမယ်…"


ပြောပြီးသည်နှင့် သူကိတ်မုန့်ပန်းကန်ကို ပိုင်ရဲ့၏လက်ထဲ ထည့်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ပိုင်ရဲ့မှာ သူ့ကိုနာနာခံခံဖြင့် ထုတ်မသုတ်လာခဲ့ပေ။ ပန်းကန်ကို သူ၏အနားမှစားပွဲလေးပေါ်သို့တင်ထားလိုက်ပြီး ပြောလာသည် " သွားစို့ ကိုယ်မင်းနဲ့အဖော်လိုက်ပေးမယ်…"


ချီရှင်းချန် ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့သန့်စင်ခန်းစီသို့ ထွက်လာလိုက်ကြသည်။


ကံမကောင်းစွာဖြင့် အခန်းထဲရောက်သည်နှင့် ချီရှင်းချန် ရေဘုံပိုင်ကိုမထိခင်မှာပင် ပိုင်ရဲ့မှ သူ၏ခါးကိုဆွဲဖက်ကာ သူ့ကိုအတွင်းဘက်‌ဆုံးအကန့်စီသို့ တိုက်ရိုက်တွန်းပို့လိုက်သည်။


" နောက်မှပြောကြမယ်လေ… ကျွန်တော့်ကိုမျက်နှာသစ်ခွင့်အရင်ပေးပါဦး…" ချီရှင်းချန် အသံတိုးတိုးဖြင့် ပြောလိုက်ရသည်။


ပိုင်ရဲ့မှ သူ၏နှုတ်ခမ်းများကို စိုက်ကြည့်ကာ ပြောလာသည် " မင်းမျက်နှာမသစ်လိုက်ခင် ကိုယ်ကိတ်မုန့်ကိုအရသာခံကြည့်ချင်လို့လေ…"


သူတို့ပထမဦးဆုံးအလေးအနက်နမ်းရှိုက်ခဲ့ကြစဉ်ကလည်း ပိုင်ရဲ့တူညီသောစကားကို ပြောခဲ့သည်ဖြစ်ရာ သဘာဝကျစွာပင် ချီရှင်းချန် ပိုင်ရဲ့မည်သည်ကို ဆိုလိုနေသည်အား သိလိုက်လေသည်။ ထို့ကြောင့် သူမနေနိုင်ဘဲ ရှက်သွေးဖြာသွားရပြီး ခပ်တိုးတိုးပြောလိုက်မိသည် " ဘယ်သူကကိတ်မုန့်မစားဖို့ ပြောခဲ့လို့လဲ…ကောကောပဲ ကျွန်တော့်ကိုလိုက်စနေတာလေ…မစားနိုင်တဲ့အချိန်ကြမှ ကျွန်တော့်ကိုအပြစ်လာမတင်နေနဲ့…"


" အင်းပါ မင်းကြောင့်မဟုတ်ပါဘူး … ကိုယ့်အမှားပါကွာ…." ပိုင်ရဲ့ ချီရှင်းချန်၏နဖူးကိုတောက်ကာ ပြောလာသည် " ဒါပေမယ့် ဒီမှာလည်းအတူတူပဲလေ…"


စကားပင်မဆုံးလိုက်ပေ။ ပိုင်ရဲ့ သူ၏နဖူးမှတစ်ဆင့် အောက်သို့တဖြည်းဖြည်းနမ်းလာလိုက်ပြီး မျက်တောင်ရှည်များ၊ ပါးပြင်မို့မို့နှင့် နှာခေါင်းထိပ်လေးအထိဆင်းလာကာ နောက်ဆုံးတွင် သူ၏နှုတ်ခမ်းများ၌ ရပ်တန့်သွားခဲ့သည်။


သူတို့နှစ်ဦးမဆုံရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် ပိုင်ရဲ့မနမ်းလာခင်ကပင် ချီရှင်းချန်၏ခြေထောက်များမှာ အနည်းငယ်အားနည်းနေခဲ့ပြီးဖြစ်သည်။ ချီရှင်းချန် မျက်လုံးများကို မှိတ်ချလိုက်ပြီး အသနားခံနေသကဲ့သို့သာ နေနေလိုက်သည်။


ပိုင်ရဲ့မှာမူ ချီရှင်းချန်၏အမူအယာကြောင့် မထိန်းထားနိုင်တော့ဘဲ ခါးကိုဆွဲဖက်ကာ နှုတ်ခမ်းပေါ်မှခရင်များကို စုပ်ယူလိုက်ပြီး နက်နက်ရှိုင်းရှိုင်းနမ်းရှိုက်လိုက်သည်။


သကြားနှင့်တိရစ္ဆာန်အဆီတို့၏အရသာများမှာ သူတို့၏နှုတ်ခမ်းနှင့်သွားများကြားတွင် ကူးလူးသွားလာနေကာ အလွန်ချိုမြိန်နေပြီး သူတို့၏နှလုံးသားများကို တုန်ယင်စေသည်။ ချီရှင်းချန် ကိတ်မုန့်တစ်ခုမှထိုမျှချိုမြိန်လှသည်ကို မသိခဲ့သည့်အတွက် တစ်ဖက်လူ၏လျှာပေါ်မှချိုမြိန်မှုကိုသာ အကောင်းဆုံးကြိုးစား၍ စုပ်ယူမိလိုက်သည်။


ပါးစပ်ထဲရှိအရသာများ တဖြည်းဖြည်းပျောက်ကွယ်လာမှသာ အဆုံး၌ ပိုင်ရဲ့နမ်းနေသည်ကို ရပ်တန့်လိုက်သည်။ ချီရှင်းချန် မျက်လုံးကိုဖွင့်လိုက်ချိန်တွင် ရုတ်တရက်ဆိုသလို ပိုင်ရဲ့၏မျက်နှာတွင်လည်း ခရင်များစွန်းပေနေသည်ကို မြင်လိုက်ရသည်။


ချီရှင်းချန် ချက်ချင်းဆိုသလို ဂုဏ်ယူမိသွားသောကြောင့် လက်ညှိုးကိုဆန့်ကာ ပိုင်ရဲ့၏မျက်နှာကို အသာခြစ်လိုက်သည်


 " ကျွန်တော်ကိတ်မုန့်တိုက်ပွဲကို မရှူံးခဲ့ဘူးနော်… အတိအကျဆိုရင် နိုင်တဲ့သူမရှိလိုက်ဘူး…"


အနှီကောင်လေးရဲ့ အနိုင်ယူချင်စိတ်မှာ ထိုမျှပြင်းပြသည်လော… ပိုင်ရဲ့ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားရသောကြောင့် ပြန်သာဖြေလိုက်ရသည် " အင်းပါ မင်းလေးပဲနိုင်ပါတယ်…ဒါနဲ့ မင်းအသံကဘာလို့ဒီလောက်အက်ရှနေရတာလဲ…"


အခန်းထဲတွင်သီချင်းသံမှာ လူအုပ်ကြီး၏ဆူညံသံများနှင့်အတူရောယှက်နေခြင်းကြောင့် ပိုင်ရဲ့ ချီရှင်းချန်၏အသံအခြေအနေကို မပြောနိုင်ခဲ့သော်လည်း ယခုသူတို့နှစ်ဦးတည်းသာရှိနေသည့်အချိန်တွင်မူ သူသိသွားခဲ့သည်။


ဘာလို့ငါ့အသံအက်နေတာလဲ… ချီရှင်းချန် တောင့်ခံသွားရသည်။


အိုးး မဖြစ်ရဘူး… သူအပျော်တွေလွန်ပြီး အအေးမိနေတာကို မေ့သွားတာပဲ…


ချီရှင်းချန် လက်ကိုဆန့်ကာ ပိုင်ရဲ့၏မျက်နှာပေါ်မှ ကိတ်မုန့်ခရင်ကိုသုတ်ပေးလိုက်ပြီး မသိစိတ်မှ လက်ချောင်းကို သူ၏ပါးစပ်ထဲသို့ ထည့်လိုက်မိသည်။ ခရင်ကို ပြောင်စင်အောင် စုပ်ပြီးသည့်နောက် အပူတပြင်းပြောလိုက်မိလေသည် 


" ကျွန်တော် အအေးမိနေတာကိုမေ့သွားတာ…ဘယ်လိုလုပ်ကြမလဲ… ကျွန်တော် ကောကော့စီကို ဖြန့်မိသွားပြီလား…"


" အအေးမိနေတာလား…" ပိုင်ရဲ့ မျက်ခုံးများတွန့်ချိုးသွားခဲ့သည် " ဘယ်တုန်းက ဖြစ်ခဲ့တာလဲ… ကိုယ်လည်းမသိလိုက်ရပါလား…"


" လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကပါ… ကျွန်တော်လည်း ရိုက်ကူးရေးနဲ့အလုပ်ရှုပ်နေရတာနဲ့ ပြောဖို့မေ့သွားတာ.. အခုဆိုပျောက်တောင်ပျောက်တော့မယ်… မဟုတ်သေးဘူး… အအေးမိတာတွေက ပျောက်ခါနီးအချိန်မှာ တခြားသူကို အကူးအလွယ်ဆုံးပဲတဲ့…" ချီရှင်းချန် ငိုချင်မိသော်လည်း မျက်ရည်ကျမလာခဲ့ပေ " ကျွန်တော်က ငတုံးပဲ… တကယ့်ကိုငတုံးပဲ…"


ပိုင်ရဲ့ ချီရှင်းချန်၏အတွေးများကို သိနေသည့်အတွက် နှစ်သိမ့်ပေးလိုက်ရသည် " ကူးလည်းကူးကူးပေါ့… မင်းနဲ့အတူတူ အအေးမိနေရတာက ပိုမကောင်းဘူးလား…"


ပြောပြီးသည်နှင့် ပိုင်ရဲ့၏အကြည့်များမှာ ချီရှင်းချန်၏လက်ချောင်းပေါ်သို့ ကျရောက်သွားခဲ့သည်။ ချီရှင်းချန်မှာမူ တုံးအမိသည့်အတွက် သူ့ကိုယ်သူသာ ဆက်လက်အပြစ်‌တင်နေကာ ပိုင်ရဲ့၏အကြည့်ကို သတိမထားမိဘဲ ရေရွတ်နေခဲ့သည် 


" ဒီလိုမမျှော်လင့်တဲ့ဒုက္ခကို ကျွန်တော်နဲ့အတူမခံစားချင်တာ မဟုတ်ဘူးလား.."


ပိုင်ရဲ့ ချီရှင်းချန်နှင့်အတူ အခြေအ‌တင်မပြောချင်သည့်အတွက် လက်ကိုဆွဲယူကာ ချီရှင်းချန်၏လက်ချောင်းထိပ်ကိုယက်လိုက်သည် " ဒီလိုဆိုမှတော့ ကိုယ်တို့ဘာလို့နည်းနည်းလောက် ထပ်မနမ်းရမှာလဲ…"


အဆုံး၌ ချီရှင်းချန်၏မွေးနေ့ဖြစ်နေသောကြောင့် မွေးနေ့ရှင်မှ နေရာမှာအချိန်ကြာစွာ ပျောက်နေ၍မရချေ။ ပိုင်ရဲ့ အချိန်ခဏမျှချီရှင်းချန်ကို အတင်းနမ်းရှုံ့လိုက်ပြီးနောက် အဆုံး၌ ထိုအကန့်ကျဉ်းလေးထဲမှ လွှတ်ပေးလိုက်ကာ သူတို့နှစ်ဦးအတူတူမျက်နှာသစ်လိုက်ကြသည်။


ကေတီဗီသို့ပြန်ရောက်ချိန်၌ သာ့ကျွမ်းမှ သူတို့နှစ်ဦးကိုကြည့်ကာ ရယ်လျက်ပြောလာသည်


 " ရှင်းရှင်းက မျက်နှာသွားသစ်တာမဟုတ်ဘူးလား… ရဲ့လောင်ရှီးကကော ဘယ်လိုဖြစ်ပြီး မျက်နှာတွေရေစိုလာရတာလဲ…"


" သူ ငါ့ကိုလက်စားချေခဲ့တာလေ…" ပိုင်ရဲ့ အမှန်တစ်ဝက် နောက်ပြောင်မှုတစ်ဝက်ဖြင့် ပြောလိုက်သည်


 " နောက်ဆုံးတိုက်ပွဲကို ငါရှုံးသွားရပြီ… ရှင်းရှင်းကမှ တကယ့်အနိုင်ရသူပဲ…"


" ဝိုးးး ရှင်းရှင်းက အံ့ဩဖို့ကောင်းလိုက်တာ…"


ချီရှင်းချန်၏ အနိုင်ရလိုသည့်စိတ်ဝိညာဉ်ကလေးမှာ အကာအကွယ်ပေးခံလိုက်ရပြီဖြစ်သောကြောင့် သူအလွန်ပျော်ရွှင်နေမိသည်။ လူတိုင်းမှာလည်း ပျော်ရွှင်စွာ သောက်စားနေကြပြီး ညနှစ်နာရီအထိ အေတီဗီတွင် သီချင်းဆိုခဲ့ကြသည်။


မပြန်ကြခင် ဒါရိုက်တာကျိုးမှ ကြမ်းပြင်ပေါ်တွင် လဲနေသည့်လူအုပ်ကြီးကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် " မင်းတို့ရဲ့အခြေအနေအရ မနက်ဖြန်တော့ တစ်ရက်နားလိုက်ကြပါတော့…သန်ဘက်ခါကြရင်တော့ ပျက်ထားတဲ့ရက်အတွက် ‌ကောင်းကောင်းအလုပ်ကြိုးစားပြီး ပြန်‌ဖြည့်ပေးကြနော်…"


" ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး…" လူတိုင်းမှာ အလုပ်တစ်ရက်နားရမည်ဖြစ်သောကြောင့် အပျော်လွန်သွားကြသည်။


မည်သို့ပင်ဆိုစေကာမူ အားလုံးမှာ အနုပညာနယ်ပယ်တွင် ကျင်လည်ကျက်စားနေသည်မှာ အချိန်ကြာမြင့်နေသည့် မြေခွေးအိုကြီးများဖြစ်သောကြောင့် ကေတီဗီမှထွက်သွားသည်နှင့် လူတိုင်းမှာအမူးပြေ‌ချင်ရန် ဆောင်သွားကြသည်။ ဟိုတယ်သို့ပြန်သည့်လမ်းတစ်လျောက်တွင် တိတ်ဆိတ်နေခဲ့ပြီး ရုတ်တရက် ဒါရိုက်တာကျိုးမှ သူ၏နဖူးကိုရိုက်ကာ ပြောလာသည် " အိုက်ယားး ငါ့မှတ်ဉာဏ်ကိုလည်းကြည့်ပါဦး… ရှောင်ပိုင်ရေ မင်းအတွက်အခန်းယူပေးဖို့မေ့သွားတာ… အခုသွားယူလိုက်မယ်နော်…"


" မလိုပါဘူး…" ပိုင်ရဲ့ ဒါရိုက်တာကျိုးကို တားမြစ်လိုက်ကာ ချီရှင်းချန်ကို မေးလိုက်သည် " မင်းအခန်းမှာ အခန်းဘယ်နှစ်ခန်းပါလဲ…"


ချီရှင်းချန်မှာ အတော်များများသောက်လာခဲ့သည့်အတွက် မူးဝေနေခဲ့သည် " နှစ်ခန်း…"


" ဒါဆိုလည်း တစ်ခန်းယူပေးဖို့မလိုတော့ပါဘူး ကျိုးကော…" ပိုင်ရဲ့ပြောလိုက်သည် " ကျွန်တော် ရှင်းရှင်းနဲ့နေလိုက်ပါ့မယ်…"


ချီရှင်းချန် ကဒ်ကိုဖြတ်ကာ အခန်းထဲသို့ ဝင်မလာခင်အထိ မည်သည့်အရာမှာ မှားယွင်းနေသည်ကို မသိနိုင်သေးချေ။


ထို့နောက်မှ သူ့ကိုယ်သူနှင့်ပိုင်ရဲ့ကို ညွှန်ပြကာ ပြောလိုက်မိသည် " ကောကောက ကျွန်တော်နဲ့ ဒီညအတူတူအိပ်မှာလား…"


ပိုင်ရဲ့မှ သူ့ကိုအမှန်ပြန်ပြင်ပေးလာသည် " ကိုယ်ကမင်းနဲ့အတူတူအိပ်မှာမဟုတ်ဘူး… မင်းရဲ့အခန်းကိုငှားသုံးရုံပဲရှိတာပါ… မကြောက်ပါနဲ့…"


အရေးကြီးဆုံးအချက်မှာ သူ၏ဖန်ကလေးသည်အနည်းငယ်မူးနေသည့်အတွက်ကြောင့် သူ့ကိုယ်သူဂရုမစိုက်နိုင်မည်ကို ပိုင်ရဲ့စိုးရိမ်မိသည်။


" ဘယ်သူကကြောက်နေလို့လဲ…" ချီရှင်းချန် ရင်ဘတ်ကိုပုတ်ကာပြောလိုက်သည် " မီးတွေပိတ်သွားရင် ကျွန်တော်က ကောကောကိုကာကွယ်ပေးမှာ…"


ပိုင်ရဲ့ သူ၏‌ဦးနှောက်ကို ဇွန်ဘီအစားခံလိုက်ရပြီလားဟုပင် တွေးမိသွားသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ ရေဖွင့်ရန်အတွက် ရေချိုးခန်းစီသို့ ထွက်သွားလိုက်သည်။ ရေအပူချိန်အနေတော်ဖြစ်မဖြစ်ကို မွှေနှောက်ကာစမ်းကြည့်ပြီးသည့်နောက် ပိုင်ရဲ့ ချီရှင်းချန်ကို လှမ်းခေါ်လိုက်လေသည် " လာ ရေအရင်ချိုးချည်…"


ချီရှင်းချန် အထဲသို့ဝင်လာခဲ့ပြီး ရေချိုးဇလုံဘေးတွင်ရပ်နေခဲ့သော်လည်း မလှုပ်ရှားလားပေ။


ပိုင်ရဲ့ ချီရှင်းချန်ကိုကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်မိသည် " ဘာလို့အဝတ်တွေမချွတ်တာလဲ…"


" ဟင့်အင်း…"


" ချိုးရေထဲတစ်ခုခုထပ်ထည့်ချင်သေးလား…"


" ဟင့်အင်း…"


" ဒါဆိုဘာလိုလည်းပြော…" ပိုင်ရဲ့ ထရပ်လိုက်ပြီး ပြောလိုက်သည် " ကိုယ်မင်းကိုကူပေးမယ်…"


ချီရှင်းချန်မှ ခေါင်းကိုယမ်းကာပြောလာသည် " ဘာမှမလိုချင်ဘူး… ကျွန်တော်ရှူရှုးပေါက်ချင်တာ…"


ယနေ့ညတွင် လူတိုင်းမှာ ဝိုင်နီနှင့်ဘီယာများမကျန်ရစ်ခဲ့သည်အထိ ပျော်ရွှင်စွာသောက်စားခဲ့ကြသည်။ အရက်အလွန်အကျွံသောက်ခဲ့ပြီးနောက် ချီရှင်းချန် ကေတီဗီထဲတွင် မည်သို့မျှမခံစားခဲ့ရသော်လည်း ကျောက်ခဲထူသည့်လမ်းကြမ်းကို ဖြတ်သန်းပြီးချိန်တွင်မူ သူ၏အစာအိမ်မှာ ပို၍ ပို၍ဖောင်းပွလာခဲ့သည်။


ပိုင်ရဲ့ ၎င်းကိုလုံးလုံးပင် ဂရုစိုက်မနေပေ " ကောင်းပြီ ပေါက်လေ…ပြီးရင်တော့ ရေချိုးရမယ်နော်.."


" ဟင့်အင်း ဟင့်အင်း…" ချီရှင်းချန် မျက်မှောင်ကြုတ်လျက် ပြောလာသည် " ကောကောက ဒီမှာရှိနေတာကို ကျွန်တော်ဘယ်လိုလုပ်ပြီး ရှူရှူးပေါက်ရမှာလဲလို့…"


အရက်မူးနေသည့်သူ၏ဖန်ကလေးမှာ အသိစိတ်မရှိသည့်အချိန်မှာပင် ရှက်နေဦးမည်ဟု ပိုင်ရဲ့မထင်ထားမိခဲ့ပေ။ သူတံခါးစီသို့လျှောက်သွားချိန်တွင် ရေချိုးခန်းထဲတွင် ကြွေပြားအပြည့်ခင်းထားပြီး ၎င်းတို့မှာ ရေဖြင့်ချောနေသည်ကို ရုတ်တရက်သတိရသွားသည်။


သူ့ဖန်ကလေးက လမ်းတောင်ဖြောင့်ဖြောင့်လျှောက်နိုင်နေတာမဟုတ်တော့… မတော်တဆချော်လဲသွားရင် ဘယ်လိုလုပ်မလဲ…


ထို့ကြောင့် ပိုင်ရဲ့ တံခါးရှေ့တွင်ရပ်ကာ ပြောလိုက်သည် " ကိုယ်ဒီမှာရပ်နေမယ်… မင်းကိုမကြည့်ဘူး…"


" ဟင့်အင်းးး ကောကော ထွက်သွားပေးလို့ .."


ပိုင်ရဲ့ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည် " ကိုယ်ကမင်းချော်လဲမှာစိုးလို့ပါ…"


" မလဲဘူးးးးး "


ချီရှင်းချန်မှာ သူ့အပေါ်အခြားသူများအထင်သေးမည်ကို ခွင့်မပြုနိုင်ဆုံးဖြစ်ပြီး အထူးသဖြင့် တစ်ဖက်လူမှာ သူ၏ချစ်သူ‌ဖြစ်နေလျှင် ပို၍ခွင့်ပြုနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် အိမ်သာ‌အရှေ့‌တွင်ရပ်ကာ ပြောလိုက်သည် " ကြည့် ကျွန်တော်ဒီမှာရှိတယ်…"


ချီရှင်းချန် အိမ်သာဘက်သို့လှည့်ကာ ထပ်ပြောလိုက်သည် " ကြည့်… ကျွန်တော့်ဘောင်းဘီတွေကိုတောင် ချွတ်နိုင်သေးတယ်…"


ပြောပြီးသည်နှင့် သူ၏ဘောင်းဘီမှကြယ်သီးကိုဆွဲဖြုတ်လိုက်သည်။ ပိုင်ရဲ့ ရှုးပေါက်ရုံဖြင့် ဘောင်းဘီအကုန်ချွတ်ရန်မလိုကြောင်းကို တွေးမိသွားသောကြောင့် သတိပေးတော့မည့်အချိန်၌….


ဖောက်ခနဲအသံနှင့်အတူ ဘောင်းဘီကြယ်သီးများမှာပြုတ်သွားပြီး သူ့ဖန်‌ကလေးမှ သူ၏ခန္ဓာကိုယ်အောက်ပိုင်းရှိအဝတ်အစားများအားလုံးကို လုံးလုံးချွတ်ချလိုက်ကာ ဖြောင့်တန်းနေသောခြေထောက်နှစ်ချောင်းနှင့် နူးညံ့သောတင်ပါးလုံးလုံးကလေးမှာ ပိုင်ရဲ့၏မြင်ကွင်းထဲသို့ ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့သည်။


ပိုင်ရဲ့ ဆွံ့အသွားရသည်။


ဒီကောင်လေး ခုဏကလိုမျိုး ရှက်နေဖို့ကို မေ့သွားတာများလား….


သို့သော်လည်း ပိုင်ရဲ့ ချီရှင်းချန်ကို ဤကဲ့သို့အခွင့်အရေးမယူချင်သောကြောင့် နောက်ကျောပေးကာ ပြောလိုက်သည် " ပြီးရင်ပြောဦး…"


ချီရှင်းချန်မှာမူ သူ၏စကားကို လုံးလုံးပင်မကြားခဲ့ဘဲ ရှူးဆက်ပေါက်နေခဲ့သည်။ ပြီးနောက် အရှေ့တွင်မည်သူမှမရှိသည်ကို မြင်လိုက်ရသည့်အတွက် အင်္ကျီများကိုဆွဲချွတ်ကာ ရေချိုးဇလုံထဲသို့ တိုက်ရိုက်ခုန်ဝင်သွားခဲ့သည်။


ရေကျသံမှာ ယခင်နှင့်မတူတော့သောကြောင့် ပိုင်ရဲ့ အလျင်အမြန်ပြန်လှည့်လိုက်ချိန်တွင် ချီရှင်းချန်မှာ ရေဇလုံထဲတွင် မျက်လုံးများမှိတ်၍ ပျော်ပျော်ကြီးရေစိမ်နေသည်ကို မြင်လိုက်ရသည်


ပိုင်ရဲ့ ကူကယ်ရာမဲ့သလိုခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ရယ်လိုက်ချင်မိသည်။ အချိန်တစ်ခုအထိ အန္တရာယ်မရှိနိုင်ကြောင်း စောင့်ကြည့်ပြီးမှသာ ချီရှင်းချန်အတွက် အင်္ကျီသွားရှာပေးရန် ထွက်လာလိုက်သည်။