Chapter 134
ပိုင်ရဲ့ ချီရှင်းချန်၏နဖူးနှင့်နှာခေါင်းကိုနမ်းကာ ကူညီ၍အဝတ်ပြန်ဝတ်ပေးလိုက်ပြီးနောက် လက်များကိုဆေးရန် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ချီရှင်းချန်မှာမူ ကုတင်စောင်းတွင်ထိုင်နေပြီး သူ၏မျက်လုံးများမှာ ဘဝအတွက်စိတ်ဆန္ဒများအားလုံး ကုန်ဆုံးသွားရသည့်အတိုင်း အသက်မရှိသလိုဖြစ်နေသည်။
ပိုင်ရဲ့ သူ့ကိုမကူညီပေးခင်က သူအချိန်ကိုကြည့်မိခဲ့သည်။
ထိုအချိန်ကတည်း မိနစ်နှစ်ဆယ်ခန့်ပင် ကုန်ဆုံးသွားခြင်းမရှိသေးချေ။
၎င်းတို့တွင် စကားပြောဆိုခြင်းနှင့်သူ့နောက်မှအရာများအားလုံးပါဝင်ခဲ့သည်။
ထို့ကြောင့် အတိအကျရေတွက်ရမည်ဆိုလျှင် သူ၏ခံနိုင်ရည်အားမှာ ဆယ်မိနစ်ခန့်သာရှိနိုင်ပေမည်။
ဘုရားရေ…
ပိုင်ရဲ့ သူ့ကိုဒီအတွက် တကယ်ကြီးမရယ်လောက်ဘူးမလား…
ချီရှင်းချန် ပို၍တွေးမိလေလေ ပို၍စိတ်ပျက်လာရလေလေဖြစ်သောကြောင့် ဘေးသို့လှည့်ကာ တရားခံဖြစ်သည့် ပဝါအလိပ်ကို ဒေါသတကြီးနှစ်ကြိမ်ခန့်ထိုးလိုက်သည်။
သို့သော်လည်း ရလဒ်အနေဖြင့် သူ၏ဒေါသများမပြေသွားရုံသာမက သူ၏လက်များပင်နီရဲသွားရသည်။ ချီရှင်းချန် စိတ်တိုတိုနှင့်ပဝါအလိပ်ကိုယူကာ ပစ်ထုတ်ရန် ကြံရွယ်လိုက်သည်။
ချီရှင်းချန် အမှိုက်ပုံးအနီးသို့ ရောက်လာချိန်၌ သူရပ်တန့်သွားကာ တုန့်ဆိုင်းနေမိသည်။
သူ၏အစ်မမှာ ထိုပစ္စည်းများကို သူ့အတွက်အထူးသီးသန့်ဝယ်ယူထားပေးခဲ့သည်ဖြစ်ရာ သူသာ ဤအတိုင်းလွှင့်ပစ်လိုက်ပါက သူမ၏စေတနာများကို ဖြုန်းတီးမိသလို ဖြစ်သွားပေမည်။
ထို့အတူ… သူ အနာဂတ်အချိန်များတွင်လည်း ၎င်းတို့ကိုသုံးရနိုင်ခြေရှိသေးသည်။
သူ၏လက်ကိုပြန်ရုတ်ကာ လှည့်ထွက်လာပြီး အံဆွဲထဲသို့သာ သူခိုးတစ်ယောက်ကဲ့သို့ ခိုးကြောင်ခိုးဝှက်ဖြင့် သိမ်းထားလိုက်သည်။
ထိုအချိန်၌ ပိုင်ရဲ့မှာ လက်ဆေးပြီးနောက် ပြန်ထွက်လာခဲ့ပြီး ချီရှင်းချန်၏ဟိုနားဒီနားတွင် ကုပ်ချောင်းကုပ်ချောင်းလုပ်နေခြင်းကြောင့် သိချင်စိတ်ဖြင့် မေးလိုက်မိသည် " ဘာတွေလုပ်နေတာလဲ…"
" ဘာမှမဟုတ်ပါဘူး…" ချီရှင်းချန် ကမန်းကတန်းအံဆွဲကို ပြန်ပိတ်ပြီး ပြောလိုက်ရသည် " တစ်ခုခုရှာနေတာပါ…"
ပိုင်ရဲ့ ကုတင်ပေါ်သို့ကြည့်လိုက်ချိန်တွင် မည်သည့်အရာမှမရှိတော့သည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလို နားလည်သွားသောကြောင့် စကားလမ်းကြောင်းပြောင်းလိုက်သည် " စောင်က တခြားအခန်းမှာမလား…"
" ဟုတ်တယ် ခဏလေးစောင့်နော်… ကျွန်တော် အစ်ကို့ဖို့သွားယူပေးမယ်…"
ချီရှင်းချန် ဧည့်သည်ခန်းအတွင်းသို့ပြေးဝင်သွားကာ ခေါင်းအုံးများမှသည် အိပ်ရာခင်းအထိ အားလုံးမှာသန့်ရှင်းနေသည်ကို သိလိုက်ရမှသာ ကျေနပ်သွားပြီး စောင်ကိုဖြန့်လိုက်သည်။
ပိုင်ရဲ့ ချီရှင်းချန်နှင့်တံဆိပ်တူသောညအိပ်ဝတ်စုံကို လဲလှယ်ထားပြီးဖြစ်သည်။ ယခုအချိန်တွင် ချီရှင်းချန် အလွန်နေရခက်နေလောက်မည်ဖြစ်သောကြောင့် မည်သည့်စကားမှထပ်မပြောခဲ့ဘဲ ကောင်းသောညပါဟုသာပြောကာ ဧည့်သည်အခန်းသို့သွားရောက် အိပ်စက်ခဲ့လေသည်။
တံခါးပိတ်သွားသည်ကို မြင်လိုက်ရမှသာ ချီရှင်းချန် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ သူ၏အခန်းသို့ပြန်လိုက်သည်။ အိပ်ရာပေါ်တွင် ဟိုလှိမ့်သည်လှိမ့်ဖြင့် သူ၏ရှက်ရွံ့မှုများအနည်းငယ်လျော့ပါးသွားသည်အထိ စောင်များကိုကန်ထုတ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ ပုံစံမျိုးစုံပြောင်းကာ ဟိုဟိုဒီဒီလျောက်လှိမ့်နေသည့်တိုင် ချီရှင်းချန် အိပ်ချင်လာသည်ဟုမခံစားရဘဲ သူ၏စိတ်ထဲတွင် အတွေးများဖြင့်သာပြည့်နှက်နေခဲ့သည်။
ပိုင်ရဲ့မှာ ဘေးချင်းကပ်ရက်အခန်းတွင်ရှိပြီး သူနှင့်နံရံတစ်ချပ်သာခြားနေပေရာ ထိုမျှနီးကပ်သောအကွာအဝေးတွင် သူမည်သို့အိပ်ပျော်နိုင်ပါမည်နည်း…
ချီရှင်းချန် တွေးလေလေ သူအမှားလုပ်မိခဲ့သည်ဟု ခံစားမိလေလေဖြစ်လာရသည်။ ယခုလေးတွင်ပင် ပိုင်ရဲ့မှာ သူ၏ပြသနာကို ကူညီဖြေရှင်းပေးခဲ့သော်လည်း သူ ပိုင်ရဲ့ကို နာကျင်စေမိခဲ့ရုံသာမက ဧည့်သည်အခန်းထဲသို့လည်း အလျင်အမြန်သွားခိုင်းမိသေးသည်။
များသွားပြီ.. ဒါကအရမ်းကိုများသွားတာ…
ချီရှင်းချန် ကပျာကယာထကာ တစ်ဖက်ခန်းမှအသံကိုကြားနိုင်ရန် သူ၏နားကိုနံရံပေါ်သို့ ကပ်ကြည့်လိုက်သည်။
ကံမကောင်းစွာဖြင့် ဟိုတယ်၏အသံလုံစနစ်မှာ အလွန်ကောင်းမွန်လှသဖြင့် မည်သည့်အသံကိုမှ မကြားနိုင်ခဲ့ပါ။ ထို့ကြောင့် ချီရှင်းချန် မျက်လုံးကိုလှိမ့်၍ နံရံပေါ်သို့ နှစ်ကြိမ်ခန့်ခေါက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်… ခဏအကြာ၌ နံရံတစ်ဖက်မှ တစ်စုံတစ်ယောက်၏ပြန်ခေါက်လာသံကို ကြားလိုက်ရသည်။
ကောင်းလိုက်တာ … ပိုင်ရဲ့မအိပ်သေးဘူးပဲ…
ချီရှင်းချန် ကြမ်းပြင်ပေါ်သို့ ခုန်ချလိုက်ပြီး အမှောင်ထဲတွင် လမ်းရှာနေစဉ် မျက်နှာခြင်းဆိုင်အခန်း၏တံခါးမှာ ပွင့်ဟလာကာ ပိုင်ရဲ့ တံခါးရှေ့တွင်ရပ်လျက် မေးလာသည် " အိပ်မပျော်ဘူးလား…"
" ဟုတ်တယ်…"
ပိုင်ရဲ့ သူ့ကိုခေါ်ရန် လျှောက်လာခဲ့သည် " ကိုယ်မင်းကို ချော့သိပ်ပေးမယ်…"
" ကျွန်တော်က ကလေးမှမဟုတ်တာကို…" ချီရှင်းချန် တီးတိုးရေရွတ်မိခဲ့သော်လည်း မနေနိုင်ဘဲ ပြုံးနေမိသည်။
သူတို့နှစ်ဦးလမ်းတစ်ဝက်တွင် ဆုံသွားကြပြီးနောက် ပိုင်ရဲ့မှ သူ၏လက်ကိုကိုင်ကာ ခေါ်လာခဲ့သည်။ ဧည့်သည်အခန်း၏ကုတင်မှာ နှစ်ယောက်အိပ်အခန်းလောက် မကျယ်သည့်အတွက် ပိုင်ရဲ့ ချီရှင်းချန်ကိုနံရံဘေးတွေအိပ်စေလိုက်ပြီး သူကိုယ်တိုင်မှာမူ အိပ်ရာအပြင်တွင်အိပ်လိုက်သည်။
" ဘာလို့မအိပ်သေးတာလဲ…" ချီရှင်းချန် မေးလိုက်မိသည်။
" မင်းဘက်ကနေ လှုပ်ရှားနေတဲ့အသံကြားလို့ ကိုယ်မင်းအိပ်ပျော်သွားတဲ့အထိ စောင့်ပေးချင်လို့လေ…"
လှုပ်ရှားသံ… သူစောင်များကို ကန်ထုတ်နေသည့်အသံ ဖြစ်နိုင်ပေမည်။ ချီရှင်းချန် အလျင်အမြန် တောင်းပန်လိုက်မိသည် " အားနာလိုက်တာ…ကျွန်တော် ကောကောအိပ်တာကို နှောင့်ယှက်မိသွားပြီ…"
" ဘာလို့ကိုယ့်ကိုတောင်းပန်ရတာကို ဒီလောက်ကြိုက်နေရတာတုန်း…" ပိုင်ရဲ့ သူ၏နှာခေါင်းကိုထိကာ ပြောလာသည် " ကိုယ်ကမင်းရဲ့ချစ်သူလေ… ဒါကကိုယ်လုပ်သင့်တဲ့အရာပဲကို… နောက်ကြရင် တောင်းပန်ပါတယ်တို့ အားနာလိုက်တာဆိုတဲ့စကားမျိုးတို့ကို ကိုယ်မကြားချင်ဘူးကွာ…နောက်ထပ်ပြီး မပြောရတော့ဘူး…"
ချီရှင်းချန် ခေါင်းကိုငြိမ့်၍ပြောလိုက်သည် " ဟုတ်ကဲ့ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်…"
ခဏမျှရပ်တန့်သွားပြီးနောက် ချီရှင်းချန် သူမည်သည့်အတွက်ကြောင့် ပိုင်ရဲ့ကိုလာရှာသည်အား ပြန်လည်သတိရသွားပြီးနောက် အရှေ့သို့မှီကာ ပြောလိုက်သည် " ခုဏတုန်းက ကူညီပေးလို့ ကျေးဇူးပါနော်… မနက်ဖြန်ကြရင် ကျွန်တော်အင်္ကျီပြန်လျှော်ပေးပါ့မယ်…"
" မလိုပါဘူးကွာ… မင်းလေးအတွက် နားရက်တစ်ရက်ရတယ်ဆိုတာ ရှားရှားပါးပါးပဲကို.. ပိုပြီးနားရမှာပေါ့…ကိုယ်အားလွင်ကို အင်္ကျီအသစ်တွေပို့ပေးဖို့ ပြောလိုက်ပ့ါမယ်…"
" မဟုတ်တာ… ကျွန်တော်ကိုယ့်ပစ္စည်းကို…. လျှော်ရမှာပေါ့…"
" ရပါတယ်… ဒါကကိုယ့်လက်ပေါ်မှာလောက် မများပါဘူးလေ…"
ထိုသို့ပြောလာမှပင် ချီရှင်းချန် အစောပိုင်းတွင် ဖြစ်ပျက်ခဲ့သည်ကို မနေနိုင်ဘဲ ပြန်တွေးမိသွားသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူများများစားစား ဆက်မတွေးရဲတော့ဘဲ စောင်အောက်သို့တိုးဝင်ကာ ပြောလိုက်လေသည် " ကောကော အိပ်ကြမယ်လေ…"
" အင်းး ကောင်းသောညပါ…"
ယခင်အချိန်များတွင် သူတို့နှစ်ယောက်အတူမအိပ်ဖူးကြခြင်းမျိုး မဟုတ်ပေ။ ထိုအချိန်တုန်းက သူတို့များစွာမရင်းနှီးကြသေးရုံသာဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ သူတို့အိပ်သွားချိန်တွင် နှစ်ဦးကြား၌ အကွာအဝေးအချို့ရှိနေခဲ့သော်လည်း နိုးလာချိန်တွင် ချီရှင်းချန်မှာ ပိုင်ရဲ့၏ရင်ခွင်ထဲသို့ရောက်နေခဲ့သည်။
ချီရှင်းချန် မျက်လုံးများကိုပွတ်လိုက်ပြီး အသိစိတ်ပြန်ဝင်လာချိန်တွင် ထူးဆန်းနေသလိုခံစားလိုက်ရသည်။ သူသည် အမြဲလိုကောင်းကောင်းအိပ်တတ်သူဖြစ်ကာ ယခင်တစ်ကြိမ် ဗီဒီယိုကောခေါ်စဉ်က သူ၏ချစ်သူကိုယ်တိုင် အတည်ပြုပေးခဲ့ဖူးသည်။
သူဘယ်လိုလုပ်ပြီး ဒီတစ်ကြိမ်ကြ ပိုင်ရဲ့ရဲ့ရင်ခွင်ထဲမှာ အဆုံးသတ်သွားရတာလဲ…
ချီရှင်းချန် မျက်လုံးများကိုမှိတ်ထားဆဲဖြစ်သည့် ပိုင်ရဲ့ကိုတစ်ချက်လှမ်းကြည့်မိလိုက်သည်။ သူအပြင်သို့ တိုးထွက်ချင်မိသော်လည်း အနည်းငယ်မျှလှုပ်ရှားလိုက်သည်နှင့်…
ပိုင်ရဲ့မှာ သူ၏လက်မောင်းများကို တင်းကြပ်လိုက်ပြီး မူလပုံစံအတိုင်းပြန်ထားကာ သူ၏အက်ရှရှအသံဖြင့် ပြောလာသည်
" အစောကြီးရှိသေးတယ်… မလှုပ်နဲ့လေ.. နည်းနည်းလောက် ထပ်အိပ်ရအောင်…"
သူမည်သည့်နည်းဖြင့် တစ်ဖက်လူ၏ရင်ခွင်ထဲတွင် အဆုံးသတ်သွားရသည်ကို ချီရှင်းချန် နားလည်သွားရပြီဖြစ်ကာ နာနာခံခံဖြင့် ထိုအတိုင်းနေ၍ ပြန်အိပ်လိုက်သည်။
သူ၏မျက်လုံးများပြန်လည်ပွင့်ဟလာချိန်တွင် မနက်ခင်းမှာ နောက်ကျနေပြီဖြစ်ပြီး ပိုင်ရဲ့မှာမူ အိပ်နေဆဲပင်။ ချီရှင်းချန် ပိုင်ရဲ့ကိုအချိန်ခဏမျှစိုက်ကြည့်လိုက်ပြီးနောက် သူ၏နဖူးပေါ်သို့ အလွန့်အလွန်ငြင်သာသည့်အနမ်းတစ်ပွင့်ပေးလိုက်သည်။
ဤတစ်ကြိမ်လွတ်မြောက်မှုမှာ အလွန်အောင်မြင်ခဲ့ပြီး ချီရှင်းချန် ခြေဖျားထောက်၍ လှေကားမှဆင်းလာလိုက်သည်။ ယမန်နေ့ညတွင် သီချင်းဆိုခြင်းနှင့်ညည်းညူခြင်းတို့မှဒဏ်ကို သက်သာနိုင်စေရန် ရေအနည်းငယ်သောက်လိုက်ပြီးနောက် သွားတိုက်ရန် ရေချိုးခန်းတွင်းသို့ ဖြည်းဖြည်းချင်းဝင်သွားလိုက်သည်။
သွားတိုက်ပြီးချိန် အမြုပ်များကိုငုံ့၍ ထွေးထုတ်မည်အပြုတွင် ရုတ်တရက်ဆိုသလို သတိလွတ်သွားကာ ခါးမှဖက်လာခြင်းကို ခံလိုက်ရသည်။
ချီရှင်းချန် အလွန်လန့်သွားရခြင်းကြောင့် လက်များပင်တုန်ယင်သွားကာ လျှပ်စစ်သွားပွတ်တံကို လွှတ်ချမိမတတ်ပင်ဖြစ်သွားရသည်။ သူကပျာကယာ ကိုယ်ကိုပြန်မတ်၍ မျက်တောင်ခတ်လိုက်ချိန်တွင် မှန်ထဲ၌ သူ၏နောက်တွင်လူတစ်ယောက်ရှိနေသည်ကို မြင်လိုက်ရသည်။
ထိုအခါမှသာ စိတ်သက်သာရာသွားပြီး ပါးစပ်ကိုဆက်ဆေးလိုက်ရင်းဖြင့် လှမ်းပြောလိုက်ခြင်းကြောင့် သူ၏စကားများမှာ မသဲမကွဲဖြစ်နေသည် " ကျွန်တော့်ကိုခြောက်နေတာပဲ…ကောကောကို နှိုးမိသွားတာလားဟင်…"
ပိုင်ရဲ့ သူ၏လည်ပင်းပေါ်တွင် ခေါင်းကိုမြုပ်ကာ နှစ်ကြိမ်မျှပွတ်လိုက်ပြီး ပြောလာသည် " မဟုတ်ပါဘူး…"
ချီရှင်းချန် ပိုင်ရဲ့၏ အိပ်ရာထဲတွင်အပျင်းတစ်နေခြင်း၊ အိပ်ချိန်တွင် တစ်ခုခုကိုဖက်အိပ်တတ်ခြင်းနှင့် နိုးထလာချိန်တွင် ကြောင်ပျင်းကြီးတစ်ကောင်ကဲ့သို့ တွယ်ကပ်တတ်ခြင်း စသည့်အလေ့အကျင့်လေးများကြောင့် အံ့ဩသွားရသည်။
အမျိုးသားဇာတ်လိုက်ရေ မင်းရဲ့ဇာတ်ကောင်က ပြိုကျသွားပြီဆိုတာကော သိသေးရဲ့လား…
သို့သော်လည်း ဤအမျိုးသားဇာတ်လိုက်မှာ အလွန်ချစ်ဖို့ကောင်းသည့်အတွက် ချီရှင်းချန် အပြင်ကမ္ဘာမှပိုင်ရဲ့ကိုပင် မေ့လျော့သွားရကာ ထိုပိုင်ရဲ့မှာ သူ၏ချစ်သူကောင်လေးလောက် မကောင်းနိုင်ဟုပင် တွေးမိသွားသည်။
ချီရှင်းချန် ပါးစပ်ကိုပျော်ရွှင်စွာဆေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည် " ဟေးးး ကျွန်တော်သွားတိုက်နေတုန်းလေ…"
ပိုင်ရဲ့ : " အင်းပါ…"
" ကောကောလည်း သွားတိုက်လေ…"
ပိုင်ရဲ့ : " ကိုယ်မလှုပ်ချင်ဘူး…"
" အခုက ဆယ့်နှစ်နာရီတောင်ထိုးတော့မယ်… မြန်မြန်ထပြီး ဆေးကြောတော့…ကိုယ်လက်သန့်စင်ပြီးရင် ကျွန်တော်တို့ မနက်စာစားကြမယ်လေ…"
" ဒါဆိုလည်း ကိုယ့်ကိုကူပြီး သွားတိုက်ပေး…" ပိုင်ရဲ့မှာမူ ပျင်းရိနေဆဲပင် " အနမ်းတစ်ပွင့်ခိုးပြီးတော့ ဒီအတိုင်းထွက်ပြေးသွားလို့မှမရတာ… ကိုယ်အတိုးပြန်ယူရမှာပေါ့…"
ကောင်းပါပြီလေ… ချီရှင်းချန် စိတ်ပျက်လက်ပျက်ဖြင့် ဗီရိုအသေးလေးကိုဖွင့်လိုက်ချိန်တွင် သွားပွတ်တိုက်အသစ်ကို ရှာတွေ့သွားသောကြောင့် ယူ၍ ပိုင်ရဲ့ကိုပြောလိုက်သည် " အာ…"
ပိုင်ရဲ့မှာ ပါးစပ်ကိုဖွင့်ပေးကာ ပူးပေါင်းလာသည် " အာ…"
ခဏအကြာတွင် သူတို့နှစ်ယောက်စလုံး အချင်းချင်းကလေးဆန်မှုကြောင့် ရယ်မိလိုက်ကြသည်။
ပိုင်ရဲ့ အမှန်တကယ်ချီရှင်းချန်ကို သူ့အတွက်သွားတိုက်မပေးစေချင်ပေ။ ထို့ကြောင့် သွားပွတ်တံကိုယူကာ ချီရှင်းချန် မျက်နှာသစ်နေချိန်အတွင်း သွားတိုက်လိုက်သည်။
ပိုင်ရဲ့ မျက်နှာသစ်ပြီးချိန် ရေစက်များကိုသုတ်နေရင်းဖြင့် စူးစမ်းလိုက်သည် " သွားတိုက်ဆေးကဘယ်လိုအရသာလဲ…"
" ချယ်ရီပန်းပွင့်လေ…" ချီရှင်းချန် ပြန်ဖြေလိုက်သည်။
" အိုးး " ပိုင်ရဲ့ သူ့ကိုထပ်မံဖက်လိုက်ပြန်သည်။
ထို့နောက် ချယ်ရီပန်းပွင့်အရသာနှင့်အတူ သူတို့နှစ်ဦးနမ်းရှိုက်လိုက်ကြသည်။
နောက်ဆုံး၌ ပိုင်ရဲ့ကျေနပ်သွားပြီး သူ၏ကြောင်ပျင်းကြီးမုဒ်ကို အဆုံးသတ်ကာ အားလွင်ကိုဖုန်းခေါ်၍ အဝတ်အစားနှင့် အစားအသောက်အချို့ယူလာပေးရန် မှာကြားလိုက်သည်။
အားလွင်မှာ အလွန်အားကိုးရသူဖြစ်သည်။ ချီရှင်းချန်နှင့်ပိုင်ရဲ့တို့ တီဗီကိုကြည့်ကာ မည်သည့်ချန်နယ်ကိုကြည့်ရမည်ဖြစ်ကြောင်း ဆွေးနွေးနေချိန်တွင် တံခါးမှဘဲလ်မြည်လာသည်။
" ကျွန်တော်သွားလိုက်မယ်…" ချီရှင်းချန်မှာ တံခါးနှင့်နီးသည့်အတွက် အမြန်ပြေးသွားလိုက်သည်။
တံခါးကိုဖွင့်လိုက်ချိန်တွင် တောင့်ခဲနေသည့်အမူအယာနှင့်အားလွင်ကို မြင်လိုက်ရသည်။ အားလွင်မှာမူ နှုတ်ဆက်ရမည်ကို သတိမရခင်အထိ အချိန်ခဏမျှကြောင်အနေပြီးမှ ပြောလိုက်ရသည် " ရှင်းရှင်း မတွေ့တာကြာပြီနော်… ဒါကဘော့စ်ရဲ့အဝတ်နဲ့ စားစရာတွေပါ.."
" မတွေ့တာကြာပြီ… မင်းကတော့ ဝိတ်တင်နေပုံပဲနော်…" ချီရှင်းချန် ပြန်နှုတ်ဆက်လိုက်သည် " စားပြီးပြီလား… လာလေ ကျွန်တော်တို့နဲ့အတူစားရအောင်…"
" မဟုတ်တာ မဝင်တော့ပါဘူး… ကျွန်တော်စားပြီးပါပြီ… မင်းတို့ပဲပျော်ကြပါ…"
စကားမဆုံးလိုက်ခင်မှာပင် အားလွင် အိတ်ကို ချီရှင်းချန်၏လက်ထဲသို့အတင်းထိုးထည့်ပေးသွားကာ ပြီးသည်နှင့် မြန်နိုင်သမျှမြန်မြန်ထွက်ပြေးသွားခဲ့သည်။
ချီရှင်းချန် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ သူကော်ဖီတင်စားပွဲစီသို့ ပြန်ရောက်လာချိန်တွင် အစားအစာများကိုထုတ်ရင်းမှ ပိုင်ရဲ့ကို မေးလိုက်သည် " အားလွင်ကိုကြည့်ရတာ ကျွန်တော့်ကိုကြောက်နေပုံပဲ…ကျွန်တော်နဲ့ပတ်သက်ပြီး သူတစ်ခုခုများကြားထားလို့လား…"
ပိုင်ရဲ့မှ ခေါင်းယမ်းပြလာသည်။
" ဒါဆို…"
စကားပင်မဆုံးလိုက်ပေ ရင်းနှီးနေသောမြင်ကွင်းမှာ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
အားလွင် ပိုင်ရဲ့ကိုပေးခဲ့သည့်အဝတ်အစားများအတွင်းမှ ဘူးများနှင့်ပုလင်းအချို့ထွက်ကြလာသည်။
ချီရှင်းချန် : "...."
ပိုင်ရဲ့ : "...."
သူသည်ဤကဲ့သို့ရုတ်တရက်တိတ်ဆိတ်သွားမှုကို အကြောက်ဆုံးဖြစ်သည်။
ခဏအကြာတွင် ချီရှင်းချန် ခက်ခက်ခဲခဲထုတ်ပြောလိုက်ရသည် " ဒါဆို… အားလွင်က ကျွန်တော်တို့ရဲ့ဆက်ဆံရေးအကြောင်းကို သိတယ်ပေါ့…"
" အင်း…" ပိုင်ရဲ့ ခေါင်းငြိမ့်ကာ ပြောလာသည် " သူဗီဒီယိုထဲမှာကြားလိုက်တာ…"
" ကျွန်တော့်အပြစ်ပါ… ကျွန်တော်ပေါ့ဆမိသွားတာ…" ချီရှင်းချန် ပြောလိုက်သည်။
" ဒါကမင်းနဲ့ဘာဆိုင်မှာမလို့မလဲကွာ…" ပိုင်ရဲ့ ငုံ့ကာ ကွန်ဒုံးနှင့်ဆီပုလင်းများကိုကောက်ယူလိုက်ပြီး သူ၏အနောက်သို့ပို့၍ ပြောလာသည်
" ဒါကနားကြပ်မတပ်မိတဲ့ကိုယ့်အပြစ်ပါပဲ… ပြီးတော့ သူကကိုယ်နဲ့နေ့နေ့ညညအတူလိုက်ပေးနေရတာ…အနှေးနဲ့အမြန်တော့သိသွားမှာပဲလေ…"
ချီရှင်းချန် ထိုအကြောင်းကို ဂရုတစိုက်စဉ်းစားကြည့်လိုက်သည်။ အနုပညာရှင်နှင့်လက်ထောက်တို့မှာ အမြဲလိုအတူရှိနေကြရလေရာ သူတို့ထာဝရဖုံးကွယ်မထားနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ချီရှင်းချန် စိတ်ပူမိနေဆဲပင် " အားလွင်က သတိရှိရဲ့လား… သူမတော်တဆတခြားလူတွေကို ပြောမိသွားတာမျိုးကော ဖြစ်နိုင်မလား…"
" ရပါတယ်… ကိုယ်လည်းဖုံးမထားချင်ပါဘူး…" ပိုင်ရဲ့မှာမူ ၎င်းကိုဂရုစိုက်မနေချေ " မင်းရဲ့မတည်ငြိမ်သေးတဲ့အခြေခံကြောင့်သာမဟုတ်ရင် ကိုယ်တို့ဖုံးထားဖို့တောင်မလိုဘူး…"
ယခုအချိန်တွင် ချီရှင်းချန်၌ ပရိသတ်များရရှိနေပြီဖြစ်ကာ အရူးအမူးနှစ်သက်သူ
အချို့ပင်ရှိလာလေပြီ။ သို့တိုင်အောင် သူနှင့်ပိုင်ရဲ့တို့၏ဆက်ဆံရေးအကြောင်းပေါ်သွားသည်နှင့် ညဉ့်ကောင်းကင်အုပ်စုလိုက်ကြီးမှာ ပိုင်ရဲ့သူတို့ကိုမည်မျှပင်ထိန်းထားပါစေ သူ့ကိုလာရောက်ကြိမ်းမောင်းကြမည်ဖြစ်သည်။