Chapter 136
ထိုအိမ်မက်များမှာ အလွန်စစ်မှန်လှပြီး စစ်လွန်းသောကြောင့် ယခင်အချိန်က ဖြစ်ပျက်ခဲ့ဖူးသလိုပင် ဖြစ်နေကာ ယခုအချိန်ထိပင် သူထံကြောက်ရွံ့နေမှုများ ရှိနေသေးသည်။
သူ၏ဘဝကိုလက်လျော့ရမည်ဆိုလျှင်ပင် ချီရှင်းချန် ထိုကဲ့သို့သောအရာမျိုးကို ဖြစ်ခွင့်ပေးနိုင်မည်မဟုတ်ပေ။
ရေလက်တစ်ခုပ်အပြည့်သောက်ချလိုက်ပြီး အေးမြသောရေများ သူ၏လည်ချောင်းအတွင်းသို့ ဖြတ်သန်းသွားချိန်မှသာ အဆုံး၌ သူအနည်းငယ်စိတ်လျော့နိုင်ခဲ့သည်။
ယခင်တစ်ခေါက်တုန်းက ရုံးခန်းသို့မလာမီ သူ့စီဖုန်းခေါ်ရန် လျန်ကျင်းပြောခဲ့သောကြောင့် ချီရှင်းချန် ဖုန်းကိုထုတ်ကာ ပိုင်ရဲ့ထံ မနက်ခင်းနှုတ်ဆက်သည့်စာတစ်စောင်ပို့လိုက်ပြီးနောက် လျန်ကျင်းကိုဖုန်းခေါ်လိုက်သည်။
လျန်ကျင်းမှာမူ သူ့အတွက်သီးသန့်ဖုန်းသံတစ်ခု ထားထားသည့်ပုံပင် ချက်ချင်းပင်ဖုန်းကိုင်လာသည် " ဟယ်လို.."
" ငါပါ…" ချီရှင်းချန် တည့်တည့်သာပြောလိုက်သည်
" အခုဆေးရုံကိုရောက်နေတာ… ပြောစရာလေးရှိလို့လေ မင်းရှိလား…"
" ငါအခုပဲရောက်တာ… မင်းမနက်စာစားပြီးပြီလား…"
" ဟင့်အင်း… ဗိုက်တော့မဆာပါဘူး…"
" ဒါဆို စမ်းသပ်ခန်းထဲသွားပြီး ခဏစောင့်ချည်… လျှို့ဝှက်နံပါတ်က ၁၂၂၈…" လျန်ကျင်းမှ ပြောလာသည် " ဒီမနက်က ငါတစ်ယောက်တည်းဆိုတော့ စိတ်မပူပါနဲ့… ခဏနေရင် ငါလာခဲ့မယ်…"
ချီရှင်းချန် ဖုန်းကိုချကာ အပေါ်ထပ်သို့တက်သွားလိုက်သည်။
လျို့ဝှက်နံပါတ်ကိုရိုက်ထည့်လိုက်စဉ် ၁၂၂၈ဆိုသည်မှာ သူ၏မွေးနေ့ဖြစ်ကြောင်းကို ချီရှင်းချန် ရုတ်တရက်သတိရသွားပြီး သူ၏နှလုံးသားထဲမှ အပြစ်ရှိစိတ်မှာ တိုးထွက်လာခဲ့သည်။ အကယ်၍သာ သူမူလချီရှင်းချန်၏ခန္ဓာကိုယ်ကို မယူမိခဲ့ဘူးဆိုလျှင် ဖြစ်နိုင်သည်မှာ မူလကိုယ်နှင့်လျန်ကျင်းတို့ကြားတွင် ပျော်ရွှင်ဖွယ်ရာအဆုံးသတ်တစ်ခု ရှိနေနိုင်သည်။
သို့သော်လည်း ကိစ္စမှာ ယခုအခြေအနေထိရောက်လာပြီဖြစ်သောကြောင့် သူနောက်ကြောင်းပြန်ဆုတ်နေ၍လည်း ရမည်မဟုတ်ပေ။ သူ့ထံတွင် ပိုင်ရဲ့ရှိနေပြီဖြစ်ရာ မူလကိုယ်ကဲ့သို့ လျန်ကျင်းအပေါ်လုံးလုံးလျားလျားသဘောကျသွားနိုင်မည်မဟုတ်ချေ။
သူ လျန်ကျင်းအပေါ် ပြန်လည်မတုန့်ပြန်နိုင်သည့်တိုင် အကောင်းဆုံးကြိုးစား၍ လျန်ကျင်းကို ချီမိသားစုအုတ်ဂူတွင် ပေါ်မလာစေရေးကိုမူ သူကတိပေးနိုင်သေးသည်။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် လျန်ကျင်း နေ့လည်စာဘူးများနှင့်ရောက်လာခဲ့သည်။ ၎င်းတို့ကို သူဆေးရုံကန်တင်းမှဝယ်လာခြင်းဖြစ်နိုင်ကာ ဆန်ပြုတ်သည်ပင် အငွေ့တထောင်းထောင်းထနေခဲ့သည်။
" အရင်ဆုံးတစ်ခုခုစားလိုက်ပါဦး…" လျန်ကျင်း ဘူးကိုဖွင့်ပေးလိုက်ပြီး ချီရှင်းချန်၏မျက်နှာခြင်းဆိုင်တွင်ထိုင်ကာ ပြောလိုက်သည် " ဘာလို့ရုတ်တရက်ကြီးပြန်လာရတာလဲ…"
ချီရှင်းချန် စားချင်စိတ်မရှိသော်လည်း လျန်ကျင်း၏စေတနာကို အလကားမဖြစ်စေချင်သည့်အတွက် ပေါက်စီတစ်လုံးကိုယူကာ ပြောလိုက်သည် " ပြစရာတစ်ခုရှိလို့…"
ပြောပြီးသည်နှင့် ချီရှင်းချန် ဖိုင်တွဲကိုထုတ်ကာပေးလိုက်ချိန်တွင် လျန်ကျင်းမှ၎င်းတို့ကို ကြောင်အမ်းအမ်းဖြင့် လှမ်းယူလိုက်ရသည်။
အထဲတွင်ပါဝင်သောအရာများကို မြင်လိုက်ရချိန်၌ လျန်ကျင်းမှာ ချီရှင်းချန်ထက်ပင် ပို၍အံ့အားသင့်သွားခဲ့သည်။
" အရင်တစ်ခါတုန်းက ထောင်ထောင်ကိုယ်ဝန်ရှိနေတယ်လို့ မင်းပြောခဲ့တာနဲ့ အလွတ်စုံထောက်တစ်ယောက်ရှာပြီး သူ့ရဲ့ဆေးမှတ်တမ်းနဲ့အမှိုက်အိတ်ကို စစ်ဆေးခိုင်းလိုက်တာ…ဒါက တွေ့လာတဲ့သက်သေတွေပဲ…ဆေးကျောင်းသားတစ်ယောက်အနေနဲ့ ဒါဘာတွေလဲဆိုတာ မင်းသိပြီးဖြစ်မှာပါ.."
" ဒီဟာ… ထောင်ထောင့်မှာကိုယ်ဝန်မရှိခဲ့ဘူးလို့ ဆိုလိုတာပေါ့…" လျန်ကျင်း ခဏမျှတုန့်ဆိုင်းနေပြီးနောက် မေးလိုက်မိသည်
" ဒါဆို သူဘာလို့ငါ့ကိုလိမ်ခဲ့တာလဲ…"
ယခင်တစ်ခေါက်တွင် ကျောက်ကပ်လှုပေးခြင်းကို တားမြစ်ရန်အတွက် ချီရှင်းချန် စိတ်လှုပ်ရှားပြီး ဇာတ်ကြောင်းကြိုသိထားကြောင်း ထုတ်ဖော်မိခဲ့သည်ဖြစ်ရာ ယခုတစ်ကြိမ်တွင်မူ သူလျှို့ဝှက်ထားနေရန် မလိုတော့ပေ။
ပထမဆုံးအနေဖြင့် လျန်ကျင်းမှာ သူမူလချီရှင်းချန်မဟုတ်သည်ကို မြင်ပြီးပြီဖြစ်ကာ ဒုတိယအနေဖြင့် သူ၏စွမ်းရည်မှာ အကန့်အသတ်ရှိသောကြောင့် ချီမိသားစုကိုကယ်တင်ရမည့်ဒုက္ခများကို တစ်ဦးတည်းရင်ဆိုင်ရန်မှာ ခက်ခဲလှသည်။
ချီရှင်းချန် အကူအညီလိုအပ်နေသည်။
သို့သော်လည်း သူ လျန်ကျင်းကို သူတို့အားလုံးမှာ စာအုပ်တစ်အုပ်ထဲမှစက္ကူရုပ်များဖြစ်သည့်အချက်ကိုမူ မပြောချင်ပေ။ ဤသည်မှာ ပုံမှန်အတိုင်းကြီးပြင်းလာသူတစ်ဦးအတွက် အလွန်ရက်စက်ရာကျသွားမည်ဖြစ်ပြီး နောင်အချိန်ကြမှ ဖြည်းဖြည်းချင်းရှင်းပြလျှင်လည်း များစွာနောက်ကျသွားမည်မဟုတ်ချေ။
ထို့ကြောင့် ချီရှင်းချန် တမင်တကာ စကားကိုပြောင်းလိုက်သည် " ဒါကနည်းနည်းတော့ ထူးဆန်းနေမယ်ဆိုပေမယ့်…ကျွန်တော်က နောက်ထပ်ကမ္ဘာတစ်ခုကလာခဲ့တာ…ဒီကမ္ဘာထဲမဝင်ခင်က တိကျတဲ့ချန်နယ်တွေကနေ နောက်ကြရင်ဖြစ်လာမဲ့ကိစ္စတွေအများကြီးကို ကြိုသိခဲ့ပြီးပြီ…အဲဒီအထဲမှာ မင်း ထောင်ထောင်ရဲ့မောင်လေးထောင်ရွှမ်ကို ဆေးကုပေးပြီး ကျောက်ကပ်လှုပေးမဲ့အကြောင်းလည်းပါတယ်…ဒါပေမယ့် ကျွန်တော့်ရဲ့ပါဝင်စွက်ဖက်မှုကြောင့် အချို့သောအရာတွေကတော့ ပြောင်းသွားတယ်ပေါ့…"
လျန်ကျင်းမှာ အိုင်ကျူမြင့်သောလူတစ်ယောက်ဖြစ်သည့်အတွက် ချီရှင်းချန်ပြောချင်သည့်အရာကို နားလည်သွားကာ ချက်ချင်းထပြောလာသည်
" ပြောရရင် ကိုယ်ဝန်ပျက်ကျတာအတွက်ကြောင့် ကျောက်ကပ်လှုပေးရမဲ့အစား ငါကထောင်ထောင်ကို သဘောကျမိသွားပြီး သူ့ကိုပျော်စေချင်တဲ့အတွက် လှုပေးမိသွားမှာပေါ့…"
" ဟုတ်တယ်.." ချီရှင်းချန် အခိုင်အမာခေါင်းငြိမ့်ကာ ပြောလိုက်သည် " သူကကိုယ်ဝန်ပျက်မကျခဲ့ရုံတင်မကဘူး မင်းနဲ့လည်းမအိပ်မိခဲ့ဘူး…မယုံရင် ဆေးမှတ်တမ်းတွေကိုကြည့်လို့ရတယ်…"
ဆေးမှတ်တမ်း၏သားဖွားမီးယပ်အပိုင်းတွင် ရှင်းရှင်းလင်းလင်းရေးသားထားသည်မှာ ဤလူမာတွင် လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သောကိစ္စမျိုးမရှိခဲ့သည့်အတွက် သားဖွားမီးယပ်ဆိုင်ရာစစ်ဆေးရမည်များ မလိုအပ်ကြောင်းဟုပင်။
" ဒါဆို…"
လျန်ကျင်း သူ၏မျက်နှာပေါ်မှာ မဖော်ပြနိုင်သောအမူအယာဖြင့် အနောက်သို့ လေးပင်စွာယိုင်ကျသွားခဲ့ကာ သူဒေါသထွက်နေသည်လော စိတ်သက်သာရာရသွားသည်လောကိုပင် အဖြေဖော်ရန် ခက်ခဲနေသည်
" ဒါဆိုရင် အရက်မူးပြီး မှောက်မှားခဲ့တယ်ဆိုတဲ့ကိစ္စက သူညွှန်ကြားပြီးကပြခဲ့တဲ့ရှိုးတစ်ခုပေါ့…ငါ သူအရူးလုပ်တာကိုခံလိုက်ရတာပေါ့…"
ချီရှင်းချန် ဆိတ်ဆိတ်သာနေ၍ သဘောတူလိုက်ပြီးနောက် လျန်ကျင်းကိုနှစ်သိမ့်လိုက်သည် " ဒါက မင်းအမှားမဟုတ်ပါဘူး… ဒီကမ္ဘာမှာက သူကအရေးအကြီးဆုံးလူလေ…ကျွန်တော်ကလွဲ၍ မင်းတို့အားလုံးသူ့စီကအနည်းနဲ့အများ လွှမ်းမိုးခံကြရမှာ…"
လျန်ကျင်း ချီရှင်းချန်ဆိုလိုသည်ကိုနားမလည်သည့်အတွက် မျက်မှောင်သာကြုတ်ထားမိသည်။
" အခုတော့အသေးစိတ်မပြောပြနိုင်သေးဘူး… ဒီကပ်ဘေးကြီးကိုဖြေရှင်းပြီးသွားရင်တော့ ကျွန်တော်အားလုံးကိုရှင်းပြပါ့မယ်… အဲဒီအချိန်ကြရင် ယုံကြည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်…"
လျန်ကျင်းချက်ချင်းထပြောလာသည် " ဒါပေါ့ ငါမင်းကိုယုံပြီးသားပဲဟာ…"
သူ၏အသံမှာ ပြတ်သားကာ မာန်ပါနေခဲ့ပြီး ချီရှင်းချန် လျန်ကျင်းထိုမျှမြန်မြန်ပြန်ဖြေလာမည်ဟု မထင်ထားမိခဲ့ပေ။
အဆုံး၌ သူတို့အချင်းချင်းသိကြသည်မှာ နှစ်ဝက်မျှသာရှိနေသေးပြီး နှစ်ဦးဆုံတွေ့သည်အချိန်မှာလည်း လွန်စွာမှနည်းပါးလှပေရာ ယုံကြည်သည်ဟူသောစကားကိုမဆိုထားနှင့် လျန်ကျင်း သူ့ကိုသဘောကျနေသည်ကိုပင် ချီရှင်းချန် အံ့ဩနေရပြီဖြစ်သည်။
အထူးသဖြင့် ယခုပြောခဲ့သည့်စကားများပင်။ ၎င်းတို့မှာ လျန်ကျင်းအတွက် အလွန်ထူးဆန်းနေမည်ဖြစ်သလို အလွန်အဓိပ္ပါယ်မရှိသောအရာများလည်းဖြစ်နေခဲ့သည်။
လျန်ကျင်း၏ယုံကြည်မှုမှာ မည်သည့်နေရာမှထွက်လာသည်ကို မသိသော်လည်း သူ၏ဘေးတွင်ရပ်တည်ပေးခဲ့သည်မှာ ချီရှင်းချန်အဖို့ အကောင်းဆုံးရလဒ်တစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ချီရှင်းချန် လေးလေးနက်နက်ပြောလိုက်မိသည် " ကျွန်တော့်ကိုယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်…လူရွေးမမှားကြောင်းကို ကျွန်တော့်ရဲ့အလုပ်တွေကနေတဆင့် သက်သေပြသွားမှာပါ…"
လျန်ကျင်း ထိုကိစ္စနှင့်ပတ်သက်၍ မဟလာဘဲ နေ့လည်စာဘူးကိုသာ ညွှန်ပြကာ ပြောလာသည် " မြန်မြန် ဆန်ပြုတ်သောက်လိုက်ဦး… ခဏနေကြရင် အေးသွားဦးမယ်…"
သူ၏ငယ်သူငယ်ချင်းကို အရိပ်ထဲမှဆွဲထုတ်နိုင်ခဲ့ခြင်းကြောင့် ချီရှင်းချန်၏စိတ်အခြေအနေမှာ ပို၍ကောင်းမွန်လာပြီး ဆန်ပြုတ်ပန်းကန်ကိုကိုင်ကာ ဟာရီကိန်းတိုက်သကဲ့သို့ အမြန်သောက်ချလိုက်သည်။
ချီရှင်းချန်၏ထမင်းစားပွဲအမူအကျင့်ကိုကြည့်ကာ လျန်ကျင်း မနေနိုင်ဘဲ သူ၏ရှင်းရှင်းလေးကို တွေးလိုက်မိသည်။ သူ၏ရှင်းရှင်းလေးမှာ ပုန်ကန်တတ်သော်လည်း ချမ်းသာသောမိသားစုတွင် မွေးဖွားလာရသည့်အတွက် မြင့်မြတ်သည့်ကျင့်ဝတ်ကင်းမဲ့ခြင်းမျိုးမရှိချေ။ သူ၏အရှေ့မှချီရှင်းချန်ကဲ့သို့ အစားကိုနောက်တစ်ကြိမ်ထပ်မစားနိုင်မည်ကို သိနေသည့်အတိုင်း ဝုန်းခနဲသွတ်သွင်းလိုက်ခြင်းမျိုးမှာ တစ်ခါမျှမဖြစ်ခဲ့ဖူးပေ။
ဆန်ပြုတ်တစ်ပန်းကန်မှာ လျှင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး ချီရှင်းချန် ကျေနပ်မှုအပြည့်နှင့် ပါးစပ်ကိုသုတ်လိုက်သည်။ ချီရှင်းချန် သူ့ထံအခြေအနေများကို ရှင်းလင်းရန်အတွက်လေးနှင့် လာမည်မဟုတ်ကြောင်း လျန်ကျင်းသိနေခဲ့ပြီး အခြားသောရည်ရွယ်ချက်ရှိနိုင်ခြင်းကြောင့် အသံကိုနိမ့်ကာမေးလိုက်သည် " ဒီအခြေအနေမှာ မင်းကိုကူညီပေးလို့ရတာကော ရှိနိုင်မလား… ပြောပါ ငါသေချာပေါက်လုပ်ပေးမယ်…"
ချီရှင်းချန် လျန်ကျင်း၏ပါးနပ်မှုကြောင့် သက်ပြင်းတစ်ချက်ချမိကာ ပြောလိုက်သည် " အမှန်အတိုင်းပြောရရင် တကယ့်ကိုမင်းဆီကအကူအညီလိုနေတာရှိတယ်…နောက်ကြရင် ချီမိသားစုကဒေဝါလီခံရမှာမလို့ ကျွန်တော့်ကိုကူပြီး ပိုက်ဆံအချို့ကို နိုင်ငံခြားကို ပို့ထားပေးစေချင်တယ်…"
ဒေဝါလီခံရခြင်းအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ အမှန်တရားကို သူ၏အဖေနှင့်အစ်ကိုထံထုတ်ပြောပြီး ဖြစ်လာနိုင်မည့်အရာများကို ကြိုတင်သတိထားနေခြင်းပင်။
သို့သော်လည်း ချီရှင်းချန် မစွန့်စားရဲချေ။ မျက်လုံးပါသည့်လူတိုင်း ချီမိသားစုမှာ ချီရှင်းချန်ကို မည်မျှချစ်ကြကြောင်း ပြောနိုင်ပေရာ အကယ်၍ ချီမိသားစုသာထိုအကြောင်းသိသွားပါက မူလကိုယ်၏ခန္ဓာကိုယ်ကို သိမ်းယူမိခဲ့ခြင်းကြောင့် သူ့အပေါ်မုန်းတီးကြမည်လား သို့မဟုတ် သူ့ကိုအပြင်လူအဖြစ်သတ်မှတ်ရန် ရွေးချယ်ကြမည်လား ဆိုသည်ကို သူသေချာမသိနေပါ။
သူတို့သူ့ကိုမုန်းသွားကြသည်နှင့် သူ့ထံတွင် ချီမိသားစုကိုကယ်တင်နိုင်မည့်အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် ချီရှင်းချန် ပြင်ဆင်မှုတစ်ခုလုပ်ထားခဲ့သည်။ တစ်ဖက်တွင် သူ၏မိသားစုကို ကုမ္ပဏီ၏အခြေအနေနှင့်အကြံသမားများအပေါ် မျက်စိဒေါက်ထောက်ကြည့်နေရန် အရိပ်အမြွတ်ပြမည်ဖြစ်ပြီး တစ်ဖက်တွင်မူ တတ်နိုင်သမျှ ပိုက်ဆံများကို နိုင်ငံရပ်ခြားသို့ တိတ်တဆိတ်လွှဲထားမည်ဖြစ်သည်။
ဤနည်းအားဖြင့် အကယ်၍ ထောင်ထောင်မှ ချီမိသားစုကို ဒေဝါလီခံရအောင် လုပ်လာခဲ့လျှင် ချီရှင်းချန် သူတို့ကိုအဝေးသို့ခေါ်သွားပြီး သူ၏ဘဝအဆုံးထိအငြင်းပွားမှုမရှိဘဲ နေထိုင်နိုင်ကြမည်ဖြစ်သည်။
သူတို့၏ဘဝမှာ ယခုအခြေအနေလောက် မချမ်းသာနိုင်သည့်တိုင် မိသားစုတစ်ပေါင်းတစ်စည်းတည်း နေနိုင်သေးသရွေ့ ၎င်းမှာ အရိုးရှင်းဆုံးနှင့်အကြီးမားဆုံးပျော်ရွှင်မှုပင်ဖြစ်နေသေးသည်။
လျန်မိသားစုတွင် နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများရှိသည့်အတွက် လျန်ကျင်း နိုင်ငံခြားဈေးကွက်အကြောင်းကို သိနေခြင်းကြောင့် သဘာဝကျစွာပင် သဘောတူလာခဲ့သည် " ကောင်းပြီ မင်းမှာပိုက်ဆံဘယ်လောက်ရှိလဲ…"
ချီရှင်းချန် နံပါတ်တစ်ခုကို ရွတ်ပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည် " နောက်ကြရင် ပိုက်ဆံပိုပြီးဝင်လာလိမ့်မယ်…"
ဥပမာအားဖြင့် တောင်အာဖရိကမှစိန်တွင်း၊ အဏ္ဏဝါပြတိုက်မှဝင်ငွေ၊ သူ၏ကိုယ်ပိုင်လစာ၊ ဘရန်းကြော်ငြာခများနှင့် အခြားသောအရာများစီမှ ဖြစ်သည်။
" ပမာဏကများလွန်းတော့ ငါ့ကိုယ်ပိုင်အကောင့်ထဲအလွယ်တကူလွှဲလိုက်ဖို့တော့ မဖြစ်နိုင်ဘူး…"
လျန်ကျင်း ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြောလာသည် " ဒီလိုဆိုရင်ကော ငါ့နာမည်နဲ့သုတေသနဓာတ်ခွဲခန်းအချို့ကို စာရင်းသွင်းထားလိုက်မယ်…ပရောဂျက်ကို တည်ထောင်ပြီးတာနဲ့ ရန်ပုံငွေဆိုပြီး မင်းစီကပိုက်ဆံကိုလွှဲလိုက်ပေါ့…"
" အင်း ကျေးဇူးအများကြီးတင်ပါတယ်နော်…"
" ရပါတယ်ကွာ… ဒါနဲ့…"
လျန်ကျင်း ခဏမျှတုန့်ဆိုင်းနေမိသည် " ငါမေးချင်တဲ့မေးခွန်းတစ်ခုရှိပေမယ့် မင်းဖြေဖို့အဆင်ပြေမပြေတော့ မသိဘူး…"
" ရပါတယ် မေးပါ…"
" မူလရှင်းရှင်းက.." လျန်ကျင်း၏အသံမှာ အက်ကွဲနေခဲ့သည် " အသက်ရှိသေးလား…"
သူအသက်ရှိသေးလား…
ချီရှင်းချန် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ သူမဖြေချင်သော်လည်း ဖြေရပေမည် " တောင်းပန်ပါတယ် သူမရှိတော့ပါဘူး…"
ခန့်မှန်းခြင်းမှာ တစ်ခုဖြစ်ပြီး အမှန်တရားမှာ အခြားတစ်ခုဖြစ်သည်။ လျန်ကျင်း အဖြေကိုလက်မခံနိုင်သည့်အတွက် သူ၏ကိုယ်မှာ ယိုင်ကျသွားပြီး ခေါင်းထဲတွင် အသံများမြည်ဟီးလာသည်။
လျန်ကျင်း တည်ငြိမ်နိုင်အောင်ကြိုးစားကာ ဆက်မေးလိုက်သည် " ဒါဆို.. သူဘယ်လိုဆုံးသွားတာလဲ… အဲဒီအချိန်တုန်းက နာနေခဲ့မလား…"
" သူတွန်းခံရပြီးတော့ ခေါင်းနောက်နဲ့ရိုက်မိခဲ့တာ… ကျွန်တော်ထင်တာတော့ အရမ်းမနာခဲ့လောက်ပါဘူး…"
"...." သူ၏အနောက်မှအမြဲအမြီးကလေးလို လိုက်နေတတ်သည့်ရှင်းရှင်းလေးမှာ သူပြန်မလာခင်မှာပင် ပျောက်ကွယ်သွားမည်ဟု လျန်ကျင်း စိတ်ကူးပင်မယဉ်ရဲခဲ့ပေ။
သူ၏ရှင်းရှင်းလေးလိုချင်သည့်အချစ်ကို ပြန်မပေးနိုင်ခဲ့သည့်တိုင် အတူကြီးပြင်းလာသောသူငယ်ချင်းသံယောဇဉ်မှာ သွေးရင်းများနှင့်မခြားနားပေ။ လျန်ကျင်း အဆုံး၌ဆက်ထိန်းမထားနိုင်တော့ဘဲ ခေါင်းကိုလက်ဖြင့်ကာကာ သည်းထန်စွာငိုချလိုက်မိသည်။
ချီရှင်းချန် ပါးစပ်ဟမိသော်လည်း လျန်ကျင်းကိုနှစ်သိမ့်ရန် မည်သည့်စကားကိုမှ မပြောနိုင်ခဲ့ပေ။ ဤသည်မှာ သူ၏ပထမဦးဆုံးအကြိမ်အဖြစ် စကားလုံးများ၏အင်အားကင်းမဲ့ပုံကို ကြုံတွေ့လိုက်ရခြင်းဖြစ်ကာ သူ လျန်ကျင်းကို တစ်ရှုးကမ်းပေးခြင်းနှင့် တိတ်တဆိတ်အဖော်ပြုပေးခြင်းတို့ကိုသာ လုပ်နိုင်ခဲ့သည်။
အချိန်အတော်ကြာ ငိုကြွေးလိုက်ပြီးနောက် လျန်ကျင်း လက်များကိုပြန်ချကာ သူ၏နီရဲဖောင်းကားနေသောမျက်လုံးများကိုသုတ်လိုက်သည်။ ထို့နောက် မျက်မှန်ပြန်တပ်ကာ နှာခေါင်းသံဖြင့်ပြောလိုက်မိလေသည်
" တောင်းပန်ပါတယ် ငါ့ကိုယ်ငါအရူးလိုလုပ်မိသွားတယ်…"
" ရပါတယ်…" ချီရှင်းချန် ခေါင်းကိုယမ်းကာပြောလိုက်သည် " တကယ်လို့အခွင့်အရေးရှိမယ်ဆိုရင် နောက်ကြရှင်းရှင်းရဲ့အကြောင်းတွေ ကျွန်တော့်ကိုပြောပြပေါ့…ကျွန်တော်လည်း သူ့ကိုသိချင်ပါတယ်…"
" ကောင်းပြီ နောက်တစ်ခေါက်ကြရင် ပြောပြဖို့မင်းကိုစောင့်နေမယ်…"
ချီရှင်းချန် ခေါင်းကိုငြိမ့်ကာ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် ပြောလိုက်သည် " ဒါဆို ကျွန်တော်ကြာကြာမနေတော့ဘူးနော်…ထောင်ထောင်ကို စောင့်ကြည့်ထားဖို့ သတိရဦး… ပြီးတော့ သူကိုလည်း ဘာမှသွားလုပ်ဖို့ မကြိုးစားနဲ့နော်…"
တစ်ကြိမ်တစ်ခါလှည့်ဖြားခံရပြီးနောက် လျန်ကျင်း ထောင်ထောင်အပေါ် သတိထားမိနေပြီဖြစ်ကာ သူမ၏လှည့်ကွက်များအတွင်းသို့ ထပ်မံကျဆင်းလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူခေါင်းငြိမ့်ပြလိုက်ပြီး ချီရှင်းချန်ကို ဓာတ်လှေကားသို့ လိုက်ပို့ပေးလိုက်သည်။
ဓာတ်လှေကားထဲသို့မဝင်ခင် လျန်ကျင်းမှ ထပ်မေးလာသည် " ဒါဆိုနောက်ကြရင် မင်းကိုဘယ်လိုခေါ်ရမလဲ…"
" ကျွန်တော့်နာမည်လည်း ချီရှင်းချန်ပါပဲ…" ချီရှင်းချန် ပြုံးလျက်ပြန်ဖြေလိုက်သည် " တကယ်လို့ မင်းရဲ့ရှင်းရှင်းလေးကို လွမ်းတယ်ဆိုရင် ကျွန်တော့်ကို ဘာလို့သူ့လိုမဆက်ဆံရမှာလဲ.."
လျန်ကျင်း သဘောမတူလာပေ " ဟင့်အင်း… မင်းကမင်း သူကသူပဲ… သူကအစားထိုးလို့မရသလို မင်းရောပဲ…ဒီလိုဆို နောက်ကြရင် ငါမင်းကိုရှင်းချန်လို့ခေါ်မယ်လေ ဘယ်လိုလဲ…"
ပိုင်ရဲ့မှလွဲ၍ သူ့ကိုမည်သူကမှ အစားထိုးမရနိုင်ဟူ၍ မ
ပြောလာဖူးသောကြောင့် ထိုစကားကိုကြားလိုက်ရချိန်၌ ချီရှင်းချန်၏ရင်ဘတ်ထဲတွင် တင်းကြပ်သွားရပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပြောလိုက်မိသည်
" ကောင်းပါပြီ လျန်ကျင်းကော…"